အခန်း (၃၃၇-၃၃၈)
Vol. 31 Ch. 337-338
အခန်း (၃၃၇)။
“ဒါဆို ဒီကလေးက ဟိန်ကျိုးပြည်နယ်၊ ဖန်းမိသားစုက ပါရမီရှင်ကလေးပဲပေါ့၊ ငါးနှစ်သား မှာ အခြေခံပညာရှင်အဆင့်ကို အောင်မြင်ပြီး၊ ခုနစ်နှစ်သားမှာ အထက်တန်းပညာရှင် တစ်ဦး ဖြစ်လာတယ်။ အခု ရှစ်နှစ်သားအရွယ်မှာ တော်ဝင်စာမေးပွဲကို ဝင်ဖြေနေတဲ့ ဖန်းယွမ်ပေါ့လေ။ သူက စာပေပညာတတ်ရုံသက်သက်၊ မိသားစုက ကောင်းကောင်း ပြုစု ပျိုးထောင်ပေးထားရုံသက်သက်ပဲလို့ ငါ ထင်ထားခဲ့တာ။ ဒါပေမဲ့ အခုကြည့်ရတာတော့ အဲဒီထက် အများကြီး ပိုနေပြီပဲ။”
လမ်းမကြီး၏ အဝင်ဝတွင် ဝေါယာဉ်ပေါ်မှ ဆင်းလာသည့် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကောင်လေးကို ကြည့်ပြီး ဟုန်ယွိသည် အံ့အားသင့်သွားမိသည်။
ဟိန်ကျိုးပြည်နယ်၊ ဖန်းမိသားစုမှ 'ပါရမီရှင်ကလေးငယ်' ဖန်းယွမ်၏ အမည်ကို ကြားဖူး သည်မှာ ကြာပြီဖြစ်သော်လည်း ဟုန်ယွိက ထိုကလေးကို အထင်ကြီးခြင်း မရှိခဲ့ပေ။
လူတစ်ယောက်သည် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုရှိရန် အတွေ့အကြုံများစွာ လိုအပ်သည်။ ပါရမီရှင်ကလေးငယ်သည် ထက်မြက် သည်မှာ မှန်သော်လည်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် အတွေ့အကြုံ မရှိနိုင်သေး သဖြင့် မရင့်ကျက်သေးဟုသာ သူ ထင်ခဲ့သည်။
လွန်ခဲ့သော တစ်နှစ်ခန့်က ဟုန်ယွိကိုယ်တိုင်လည်း ထက်မြက်သော်လည်း ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ကလေးဆန်သည့် အပိုင်းများ ရှိခဲ့သည်မှာ မလွဲသာပေ။ ထိုစဉ်က အထင်ကရ ပုဂ္ဂိုလ်ကြီးများနှင့် တွေ့လျှင် အသက်ပင် ဝဝမရူရဲ ဖြစ်ခဲ့ရပြီး ဟုန်ရွှန်ကျိနှင့် တွေ့လျှင်လည်း ကြောက်ရွံ့တုန်လှုပ်ခဲ့ရဖူးသည်။ သို့သော် တစ်နှစ်တာ အတွေ့အကြုံများ နှင့် သတ်ဖြတ်မှုများကြား ဖြတ်သန်းခဲ့ပြီးနောက်တွင်မူ ဟုန်ယွိသည် လုံးဝ ပြောင်းလဲသွား ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ဧကရာဇ်ကိုယ်တိုင် နဂါးပလ္လင်ပေါ်တွင် ထိုင်နေသည့်တိုင် သူသည် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ဘဲ မဟာလေဟာနယ်လက်ဝါးဖြင့် ရိုက်ချပစ်ရန်ပင် စဉ်းစားမိပေလိမ့်မည်။ သူသည် အမှန်တကယ်ပင် မည်သည့်ဥပဒေ စည်းမျဉ်းကိုမျှ ဂရုမစိုက်တော့သူ ဖြစ်နေခဲ့ပြီ။
သို့သော်လည်း အခု စာဖြေနန်းတော် အဝင်ဝသို့ ရောက်ရှိလာသည့် ဤ 'ပါရမီရှင် ကလေး ငယ်' ဖန်းယွမ်ကို ကြည့်ရသည်မှာ ဟုန်ယွိအတွက် အနည်းငယ်မျှ ကလေးဆန်သည့် အရိပ်အယောင်ကိုပင် မတွေ့ရပေ။
“မင်းတို့အားလုံး ဝေါယာဉ်ကို ပြန်သယ်သွားကြတော့။ ငါ့နားမှာ တစ်ယောက်ပဲ ချန်ထားခဲ့ မယ်။ ဖန်ထယ်… မင်းပဲ နေခဲ့။ ကျန်တဲ့သူတွေ ပြန်လို့ရပြီ။ ဒီနေ့က နိုင်ငံတော်ရဲ့ အခမ်းအနားပဲ၊ အားလုံးက တည်ငြိမ်လေးနက်နေရမယ်။ အစေခံတွေ အုပ်စုလိုက်ကြီး ဒီမှာ စုပြုံနေပြီး ပြဿနာ မရှာကြနဲ့။”
ရှစ်နှစ်သား ပါရမီရှင်ကလေး ဖန်းယွမ်သည် ဝေါယာဉ်ပေါ်မှ ဆင်းလာပြီးနောက် ဘေးရှိ အစေခံများကို ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
သူ၏အသံမှာ အလွန် ကြည်လင်ပြတ်သားလှပြီး စကားလုံးတစ်လုံးချင်းစီမှာ ကျောက်စိမ်း ပြားပေါ်သို့ ပုလဲလုံးများ ပြုတ်ကျသံကဲ့သို့ပင်။ သို့သော် ထိုအသံသည် အလွန်ပင် ခိုင်မာနေ ပြီး ဂုဏ်သိက္ခာရှိကာ ငြင်းဆန်၍မရသော အရှိန်အဝါ တစ်ခု ပါဝင်နေ၏။
“ဟုတ်ကဲ့ပါ။”
သိုင်းပညာ ကျွမ်းကျင်ကြသော အစေခံများ အုပ်စုသည် တစ်ညီတစ်ညွတ်တည်း ပြန်ပြော ပြီးနောက် ဝေါယာဉ်ကို အသာအယာ ပြန်လည် သယ်ဆောင်သွားကြသည်။
ထူးဆန်းသည်မှာ လူအုပ်ကြီး၊ ဆူညံနေကြသော အစေခံများနှင့် မောက်မာနေကြသော အထက်တန်း ပညာရှင်များသည်ပင် ထိုအသံကို ကြားလိုက်ရသည့်အခါ အလိုအလျောက် အရှိန်လျော့သွားကြ၏။ သူတို့၏ အသံများ တိုးသွားကြပြီး လမ်းမကြီးတစ်ခုလုံးမှာလည်း ပို၍ တိတ်ဆိတ်သွားတော့သည်။
ထိုအသံတွင် လူများကို မသိမသာ ချည်နှောင်ထားနိုင်သည့်အပြင် ဝိညာဉ်ကိုပင် လွှမ်းမိုး နိုင်သည့် မှော်စွမ်းအား တစ်ခုခု ရှိနေသကဲ့သို့ပင်။
“အံ့သြစရာပဲ။ စကားလုံးတွေက ပုလဲတွေ၊ ကျောက်စိမ်းတွေလိုဖြစ်ပြီး၊ စည်းမျဉ်းတွေ၊ ကျင့်ဝတ်တွေလိုပဲ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ချည်နှောင်ထားနိုင်တယ်။ ဒါက ဘယ်လို တာအိုပညာရပ်မျိုးလဲ။ ဒါပေမဲ့ သူက တကယ်ကို မောက်မာလွန်းတယ်။ ဒီနေ့၊ ဒီနေရာမှာ အထက်တန်းပညာရှင်တွေ အများကြီး ရှိနေသလို၊ သူတို့ထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေလည်း အများကြီးပဲ။ သူက ဘာလို့ ဒီလောက် မောက်မာနေရတာလဲ။ သူ့ ရည်ရွယ် ချက်က ဘာလဲ။”
ဟုန်ယွိ၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားခဲ့သည်။ သူသည် တစ်စုံတစ်ခုကို ရှင်းလင်းစွာ မြင်လိုက်ရပြီ ဖြစ်သည်။
ရှစ်နှစ်သား ပါရမီရှင်ကလေး ဖန်းယွမ် စကားပြောလိုက်သည့်အခါ သာမန်လူများ မခံစားနိုင်သည့် အရာတစ်ခုကို ဟုန်ယွိ ခံစားလိုက်ရသည်။ ဖန်းယွမ် ပြောလိုက်သည့် စကားလုံးများသည် ပုံသဏ္ဌာန် တစ်ခုအဖြစ် စုစည်းသွားကြပြီး၊ မီးလျှံများကဲ့သို့ ဝင်းလက် တောက်ကြွနေကာ ရုတ်တရက်ပင် အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွား ကာ ဘေးပတ်ဝန်းကျင်ရှိ လူများ၏ ဝိညာဉ်ထဲသို့ ဝင်ရောက်သွားကြသည်။ ထိုလူများသည်လည်း ထိုအသံ၏ လွှမ်းမိုးမှုကို မလွဲမသွေ ခံလိုက်ရခြင်း ဖြစ်သည်။
၎င်းသည် သိသိသာသာပင် အလွန်အဆင့်မြင့်သော တာအိုပညာရပ် တစ်ခု ဖြစ်သည်။ ထိုစကားလုံးများသည် အတွေးစများမှ စုစည်းထားခြင်း ဖြစ်သည်။ သာမန် ကျင့်ကြံသူများ ၏ အတွေးများသည် ယင်စွမ်းအင်ဖြင့် ပြည့်နှက်နေတတ်သော်လည်း မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးသူများ၏ အတွေးများတွင်မူ သန့်စင်သော ယန်၏ နွေးထွေးမှု ရှိသည်။ မိုးကြိုးကပ်ဘေး မကျော်ဖြတ်ရသေးသော တစ္ဆေအင်မော်တယ်များ၏ အတွေးများသည် သူတစ်ပါးကို အန္တရာယ်ပြုနိုင်သော်လည်း၊ မိုးကြိုးကပ်ဘေး ကျော်ဖြတ်ပြီးသူများမှာမူ သူတို့၏ အတွေးဖြင့် သူတစ်ပါးကို ကာကွယ်ပေးနိုင်သည်။
သို့သော် ရှစ်နှစ်သား ပါရမီရှင်ကလေး ဖန်းယွမ်၏ အတွေးစများမှာမူ ယင်စွမ်းအင်လည်း မဟုတ်၊ သန့်စင်သော ယန်လည်း မဟုတ်ပေဘဲ၊ မတူညီသော သဘာဝတစ်ခု ရှိနေပုံရပြီး၊ ပုံသဏ္ဌာန်မရှိ၊ ထိတွေ့၍မရသဖြင့် ဖမ်းဆုပ်ရန်ပင် မဖြစ်နိုင်ပေ။
ဟုန်ယွိသည် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ကျင့်ကြံမှု မြင့်မားသော မျိုးရိုးမြင့် မိသားစုကြီးများမှ တပည့်အချို့ပင်လျှင် ဖန်းယွမ်က တာအိုပညာကို အသုံးပြု လိုက်သည်ကို သတိမထားမိဘဲ ဇဝေဇဝါဖြင့်သာ ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“တကယ့်ကို အစွမ်းထက်တဲ့ 'အဆုံးမဲ့ ကောင်းကင်သံစဉ်'လား။ ဟုန်ယွိ… ဒီကလေးက မရိုးရှင်းဘူးနော်…”
နင်ဂျာဘုန်းတော်ကြီးက ဆိုလိုက်သည်။
“အဆုံးမဲ့ ကောင်းကင်သံစဉ်လား။” ချီဇီယန်က မေးလိုက်သည်။
“ဒါက ရှေးဟောင်း အသံလှိုင်းပညာရပ်တစ်ခုပဲ။ တာအိုပညာရပ်နဲ့ တူတယ်ဆိုပေမဲ့ မဟုတ်ပြန်ဘူး။ သိုင်းပညာရဲ့ လက်သီးဆန္ဒနဲ့ တာအိုပညာရပ်ရဲ့ နတ်ဘုရားအာရုံ ကြားထဲ မှာ ရှိနေတာ။ အဲဒီနှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ ပုံသဏ္ဌာန်မရှိ မျက်စိနဲ့မမြင်နိုင်ဘဲ အလွန် အစွမ်းထက်သွားတယ်။ နတ်လင်းယုန်ဘုရင် ကျင့်ကြံခဲ့တဲ့ ဗုဒ္ဓဝိညာဉ်ဂါထာဂိုဏ်းရဲ့ ပညာရပ်ကလည်း ဒီလိုမျိုး နည်းစနစ်တစ်ခုပဲ။ ဒါပေမဲ့ နတ်လင်းယုန်ဘုရင်ရဲ့ တာအိုပညာ ရပ်က နက်နဲပေမဲ့ သူ့ခန္ဓာကိုယ်ကျင့်ကြံမှုက လက်သီးဆန္ဒကို မစုစည်းနိုင်သေးတော့ အဲဒီပညာကို ကျွမ်းကျင်အောင် မတတ်မြောက်နိုင်ခဲ့ဘူး။ ချီပြည်နယ်ရဲ့ သံစဉ်သုံးပါးဂိုဏ်း ရဲ့ ထိပ်တန်းပညာရပ်ကလည်း ‘သံစဉ်သုံးပါး'ပညာရပ်ပဲ။ ဒါပေမဲ့ ဂါထာမန္တန် ရွတ်ဆိုတာပဲ ဖြစ်ဖြစ်၊ သုံးလှိုင်းနည်းစနစ်ပဲဖြစ်ဖြစ်၊ 'အဆုံးမဲ့ ကောင်းကင်သံစဉ်'နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရှေးခေတ် သူတော်စင် ဧကရာဇ် 'ကျိ' ကိုယ်တိုင် ကျင့်ကြံခဲ့တဲ့ တာအိုပညာရပ် ဖြစ်နေလို့ပဲ။ ဒီပညာနဲ့ ယှဉ်နိုင်တာဆိုလို့ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ဂိုဏ်းချုပ်ကြီး လျှို့ဝှက်ကျင့်ကြံတဲ့ 'ဘုံသုံးပါးမဟာ ဗျာဒိတ်တော်' ပဲ ရှိလိမ့်မယ်။”
ဟုန်ယွိသည် အေးဆေးတည်ငြိမ်သော အသံဖြင့် ထိုအကြောင်းကို ရှင်းပြနေသည်။
အသံလှိုင်းပညာရပ်သည် အံ့သြစရာအကောင်းဆုံး တာအိုပညာရပ်များထဲမှ တစ်ခု ဖြစ်သည်။ သိုင်းပညာရှင်များသည် အသံကို သူတို့၏ လက်သီးဆန္ဒနှင့် ပေါင်းစပ်ပြီး တာအို ပညာရပ် အားလုံးကို ဖျက်ဆီးပစ်နိုင်သည်။
အနှစ်သာရနတ်ဘုရားကျောင်း၏ အဆင့်မြင့်ကျမ်းစာဖြစ်သော 'အနှစ်သာရသွေးနှင့် ဝိညာဉ်စွမ်းအင် စုစည်းခြင်းကျမ်း'တွင် ဝိညာဉ်နှင့် ရုပ်ခန္ဓာကိုယ်ကြားက အနူးညံ့ဆုံး ဆက်နွယ်မှုအကြောင်း ဖော်ပြထားသည်။ ရုပ်ခန္ဓာကိုယ်၊ သွေး၊ သိုင်းတာအိုစွမ်းအင်နှင့် စိတ်ဝိညာဉ် တာအိုပညာရပ်တို့သည် အချင်းချင်း ပေါင်းစပ်ခြင်းဖြင့် အကြီးမားဆုံးသော စွမ်းအားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဟုန်ယွိသည် စကြာဝဠာအိတ်ထဲမှ စာအုပ်များစွာကို ဖတ်ရှုခဲ့သည်။ ဒိုင်ဇင်ဘုရားကျောင်းမှ စီနီယာဘုန်းတော်ကြီးများ ဘာသာပြန်ထားသော အနောက်ဘက်ဒေသ၏ ရှေးဟောင်း စာပေလက်ရာများကို သူ ဖတ်ခဲ့သည်။ အချို့သော စာပေလက်ရာများထဲတွင် အနှစ်သာရနတ်ဘုရားကျောင်း ဂိုဏ်းချုပ်၏ အမြင့်ဆုံး တာအို ပညာရပ်အကြောင်းကို လျှို့ဝှက်မှတ်တမ်းတင်ထားကြသည်။
သိုင်းပညာ လက်သီးဆန္ဒနှင့် တာအိုပညာရပ် ကျင့်ကြံမှုကို ပေါင်းစပ်ခြင်းဖြင့် အမြင့်ဆုံး နည်းစနစ်ဖြစ်သော 'ဘုံသုံးပါးမဟာ ဗျာဒိတ်တော်' ကို စုစည်းနိုင်သည်။
သို့သော် အနောက်ဘက်ဒေသ၏ မြင့်မြတ်နယ်မြေများတွင် ပြိုင်ဘက်ကင်း လျှို့ဝှက် ကျမ်းစာများ ရှိနေသကဲ့သို့၊ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံ၏ ရှေးဟောင်းကာလ တွင် ရှေးခေတ် သူတော်စင် ဧကရာဇ်သည် အဆုံးမဲ့ ကောင်းကင်သံစဉ်' ကို ကျင့်ကြံခဲ့ သည်။ ၎င်းသည် 'ဘုံသုံးပါးမဟာ ဗျာဒိတ်တော်'နှင့် အမည်တူ ကျော်ကြားသော တာအို ပညာရပ် တစ်ခု ဖြစ်သည်။
ဒဏ္ဍာရီများအရ ရှေးခေတ် သူတော်စင် ဧကရာဇ်ကျိသည် နန်းပလ္လင်ကို စွန့်လွှတ်ပြီး နောက်တွင် ဟစ်ကြွေးသံတစ်ချက်ဖြင့် အတိုင်းအဆမဲ့သော စကြာဝဠာကြီးကို ဖွင့်ဟလိုက် သည်။ ထို့နောက် သူသည် ကောင်းကင်ဘုံသို့ တိုက်ရိုက် တက်လှမ်းသွားပြီး ပျောက်ကွယ် သွားခဲ့သည်ဟု ဆိုသည်။
ဤဆန်းကြယ်သော ပညာရပ်ကို ကျင့်ကြံရန် ခက်ခဲလှပြီး၊ သတ်မှတ်ချက်များမှာ အလွန် တင်းကြပ်လှ၏။ လူတိုင်း ကျင့်ကြံနိုင်သည် မဟုတ်ပေ။ ပထမဦးစွာ မိမိ၏ ခန္ဓာကိုယ်သည် လက်သီးဆန္ဒကို စုစည်းနိုင်စွမ်း ရှိရမည်။ ထို့နောက် မိမိ၏ နတ်ဘုရား စိတ်ဝိညာဉ်သည် တစ္ဆေအင်မော်တယ် အဆင့်သို့ ရောက်ရှိရမည်။ ထိုမှတစ်ဆင့် စိတ်ဝိညာဉ်နှင့် လက်သီး ဆန္ဒကို လျှို့ဝှက်နည်းစနစ်တစ်ခုဖြင့် ပေါင်းစပ်ပြီး သန့်စင်ရသည်။ ထိုပေါင်းစပ်မှုသည် ကောင်းကင်ဂီတတစ်မျိုး ဖြစ်လာသည်။ ထိုအခါ ပြောဆိုလိုက်သော စကားလုံးတိုင်းသည် ကောင်းကင်ဘုံ၏ စည်းမျဉ်းဉပဒေကဲ့သို့ ဖြစ်သွားတော့သည်။
ဤပညာရပ်သည် အလွန်ပင် အစွမ်းထက်လှသည်။ တစ်နည်းအားဖြင့်ဆိုရသော် ဤရှစ်နှစ် သား ပါရမီရှင်ကလေး ဖန်းယွမ်သည် ရှေးဟောင်း တာအိုပညာရပ် 'အဆုံးမဲ့ ကောင်းကင် သံစဉ်'ကို ကျင့်ကြံထားခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် 'အတွေးမဲ့ ငြိမ်သက်ခြင်း' နယ်ပယ်သို့ ရောက်ရှိထားရမည်။ သူ၏ခန္ဓာကိုယ်သည်လည်း လက်သီးဆန္ဒကို စုစည်းနိုင် ပြီ ဖြစ်သလို၊ သူ၏ တာအိုပညာရပ်သည်လည်း တစ္ဆေအင်မော်တယ် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
“ကောင်းတယ်… ကောင်းတယ်။ ချန်ပီယံမြို့စားလိုမျိုး နောက်ထပ် တုနှိုင်းမဲ့ ပါရမီရှင် တစ်ယောက်ပဲ။ ချန်ပီယံမြို့စားနဲ့ ဟုန်ရွှန်ကျိတို့ဟာ အတွေးမဲ့ ငြိမ်သက်ခြင်း နယ်ပယ်ထဲ မှာ ရှိကြတယ်။ ငါလည်း အဲဒီနယ်ပယ်ထဲမှာ ရှိနေသလို၊ အခု ဖန်းယွမ်ကလည်း ဒီနယ်ပယ် ထဲမှာပဲ။ ဒီလို ပါရမီရှင်မျိုးဟာ တိုင်ရှန်တာအိုဂိုဏ်းက ဆုမူပြောခဲ့တဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်နိုင် တယ်။ မိုနိုဂိုတာရီတို့ မြေတောင်မြှောက်ပေးထားတဲ့ တခြား အထက်တန်းပညာရှင်တွေ ရော ရှိနေဦးမလား မသိဘူး။”
ဟုန်ယွိသည် ဖန်းယွမ်ကို တည်ငြိမ်စွာ ကြည့်နေသည်။ ဖန်းယွမ်သည် သူ၏ အစေခံများကို ပြန်ခိုင်းပြီးနောက် လူအုပ်ကြီး၏ ရှေ့ဆုံးသို့ လျှောက်သွားသည်။ သူသည် မည်သည့် အပို လှုပ်ရှားမှုကိုမျှ မပြုလုပ်ပေ။
ယနေ့ စာဖြေနန်းတော် လမ်းမကြီးပေါ်တွင် လူများ ပြည့်နှက်နေပြီး ဟုန်ယွိသည် ပညာရှင်များစွာကို တွေ့မြင်ခဲ့ရသည်။
သူတို့ထဲတွင် အထက်တန်းပညာရှင်အချို့သည် တည်ငြိမ်စွာ လျှောက်လှမ်းနေကြသည်။ သူတို့၏ ခန္ဓာကိုယ်နှင့် အရှိန်အဝါများမှာ သိပ်သည်းနေပြီး မျက်လုံးများမှာ ထက်မြက်လှ သည်။ သူတို့သည် မိမိတို့၏ စွမ်းအင်ကို အလွန်မြင့်မားသော အဆင့်အထိ ကျင့်ကြံထား သော စာပေပညာရှင်များ ဖြစ်နိုင်သလို၊ သိုင်းပညာတွင်လည်း အလွန်မြင့်မားသော အောင်မြင်မှုများ ရှိထားသူများ ဖြစ်နိုင်သည်။ သူတို့၏ အသက်အရွယ်မှာ ၅၀၊ ၆၀ မှစ၍ ၃၀၊ ၄၀ နှင့် ၁၇၊ ၁၈ သို့မဟုတ် ၂၀ အရွယ်များအထိ ပါဝင်သည်။
ဟုန်ယွိသည် ဤကဲ့သို့သော အခြေအနေမျိုးတွင် မိမိ၏ စွမ်းအားကို ထုတ်မပြဘဲ လူအများ ၏ ပစ်မှတ်ဖြစ်မည့်အရေးကို ရှောင်ရှားထားသည်။
သူသည် သိုင်းစာမေးပွဲတွင် အောင်မြင်ထားသဖြင့် အဖွဲ့အစည်းများစွာ၏ အာရုံစိုက်မှုကို ခံနေရမည်ကို သိသော်လည်း၊ ယနေ့သည် စာပေစာမေးပွဲ ဖြစ်ပြီး ၎င်း၏ လွှမ်းမိုးမှုမှာ သိုင်းစာမေးပွဲထက် အဆပေါင်း ရာချီ၍ ကြီးမားလှသည်။
“စာဖြေနန်းတော်က စစ်ဆေးမှုတွေ စတင်နေပြီ။ မင်းတို့အားလုံး ဝေါယာဉ်တွေကို ပြန်သယ်သွားကြတော့။”
ထိုအချိန်တွင် ရှေ့ဘက်မှ ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာသည်။ စစ်သည်များ ပိုမို စုရုံးလာကြပြီး လမ်းမကြီး၏ ဝဲယာတွင် စနစ်တကျ တန်းစီလိုက်ကြ၏။
ဟုန်ယွိသည် စာဖြေနန်းတော်၏ တံခါးများ ပွင့်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ အထက်တန်းပညာရှင် ၉,၀၀၀ လုံးကို စစ်ဆေးပြီး မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြု ကြရမည်။ မည်သူမျှ တားမြစ်ပစ္စည်းများ ခိုးယူခွင့်မရှိသလို၊ တစ်ဦးအစား အခြားတစ်ဦးက ဝင်ဖြေပေးခြင်းကိုလည်း ခွင့်မပြုပေ။
“အစ်ကိုကျူ… ဟိန်ကျိုး ဖန်းမိသားစုက ကောင်လေး ဖန်းယွမ် သုံးသွားတဲ့ တာအိုပညာရပ် ကို အစ်ကို တကယ်ပဲ မြင်လိုက်တာလား။”
တစ်ချိန်တည်းမှာပင် စာဖြေနန်းတော် လမ်းမကြီး၏ အခြားတစ်ဖက်တွင် ရှေးရိုးရာ ဂီတ တူရိယာများဖြင့် ဆင်ယင်ထားသော ဝေါယာဉ်အချို့ ဆင်းသက်လာသည်။ အသက် ၄၀ ဝန်းကျင်ရှိသော လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင် အချို့ ဝေါယာဉ်ပေါ်မှ ဆင်းလာကြ သည်။
ထိုဝေါယာဉ်များကို ကြည့်ရသည်မှာ ရွှေ၊ ငွေ သို့မဟုတ် ပုလဲများ စီခြယ်ထားခြင်း မရှိသော် လည်း၊ သိရှိသူများကမူ ထိုဝေါယာဉ်များသည် အလွန်လက်ရာမြောက်ကြောင်း သိနိုင်ကြ သည်။ ၎င်းတို့သည် ကြွားဝါထားခြင်း မရှိသော်လည်း အဆင့်အတန်း မြင့်မားလှသည်။
“ဒါဟာ အသံလှိုင်းပညာရပ်တစ်ခု ဖြစ်ရမယ်။ ငါ မမှားဘူးဆိုရင် ဒါဟာ ရှေးဟောင်း တာအို ပညာရပ်ဖြစ်တဲ့ 'အဆုံးမဲ့ ကောင်းကင်သံစဉ်' ပဲ။” 'အစ်ကိုကျူ' ဟု ခေါ်ဝေါ်ခြင်းခံရသော လူလတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ပညာရှင်က သူ၏လက်ထဲမှ ယပ်တောင်ကို ကိုင်ကာ အသာအယာ ယပ်ခပ်ရင်း ပြောလိုက်သည်။
“'အဆုံးမဲ့ ကောင်းကင်သံစဉ်'။ ဒီရှေးဟောင်း တာအိုပညာရပ်က ပျောက်ကွယ်သွားတာ ကြာပြီလေ၊ ကျင့်ကြံဖို့လည်း အရမ်းခက်တာ။ ပါရမီထူးကဲတဲ့သူတွေမှပဲ တတ်မြောက်နိုင် တာ မဟုတ်လား။ ဒီပညာရပ်က ကလေးတစ်ယောက်ဆီမှာ ဘယ်လိုလုပ်ပြီး ပေါ်လာနိုင် မှာလဲ။ မဖြစ်နိုင်တာ။ ဒါပေမဲ့ အစ်ကိုကျူက သူတော်စင်တစ်ဦးရဲ့ မျိုးဆက်ဆိုတော့ ဗဟုသု တ အရမ်းကြွယ်တာပဲ။”
အခြား ကွန်ဖြူးရှပ်ပညာရှင် တစ်ဦးမှာမူ လက်ဗလာ ဖြစ်သော်လည်း သူ၏ အတွေးများမှာ နက်နဲနေဟန် တူသည်။ သူ၏ အကြည့်မှာ စူးစိုက်နေပြီး သူ၏ မျက်လုံးများသည် ဝိညာဉ် ကို ထိုးဖောက်မြင်နိုင်သည့် စွမ်းအား ရှိနေသကဲ့သို့ပင်။
“ငါ့ကို ဗဟုသုတကြွယ်တယ်လို့ မပြောပါနဲ့ဦး။ ဒီတစ်ခါတော့ တကယ် ဗဟုသုတ ကြွယ်ဝသူက မဟာပညာရှင် ရှီဝမ်ယွမ်ပဲ…” အစ်ကိုကျူက ဆိုသည်။ “အစ်ကိုလု… မင်း ငါ့ကို မြှောက်မနေပါနဲ့။ တစ်ဖက်မှာလည်း မင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ က အထက်တန်း စာမေးပွဲကို အပျော်တမ်း ဝင်ဖြေခဲ့ပြီးကတည်းက အိမ်မှာပဲ စာဖတ်လိုက်၊ ဆေးဖော် စပ်လိုက်၊ သိုင်းလေ့ကျင့်လိုက်၊ သမိုင်းလေ့လာလိုက်နဲ့ ဟွာလျိုနဲ့ ယွန်မင်နိုင်ငံတွေရဲ့ စာပေတွေကို ဘာသာပြန်နေခဲ့တာလေ… အခု ဘာဖြစ်လို့ စာမေးပွဲ ပြန်လာဖြေတာလဲ။”
“ဟား…၊ ဟား…၊ ဟား… အစ်ကိုကျူ၊ မင်း တကယ်ပဲ မသိတာလား၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလား။ နန်းတွင်းက ငါတို့လို ဂုဏ်သရေရှိ မိသားစုတွေကို အကြီးအကျယ် ဖိနှိပ်ဖို့ လုပ်နေပြီလေ။ ရှီဝမ်ယွမ်တောင်မှ အပြင်ထွက်လာရပြီ။ ငါတို့သာ အပြင်မထွက်လာရင် အပိုင်းပိုင်း ခုတ်ထစ်ခံရဖို့ပဲ စောင့်နေရတော့မှာပေါ့။ အထက်တန်း ပညာရှင်စာမေးပွဲကို အောင်မြင်အောင် ဖြေဆိုတာကမှ နန်းတွင်းအပေါ် နာခံမှုရှိကြောင်း ပြသတာပဲ။ မဟာပညာရှင်တစ်ဦး ဖြစ်လာဖို့ဆိုတာကတော့ အောင်မြင်ရင်တောင် ဘယ်လောက် အကျိုးရှိမှာမို့လို့လဲ။ အစ်ကိုကျူကိုပဲ ကြည့်လေ၊ သူတော်စင်တစ်ပါးရဲ့ မျိုးဆက်ဖြစ်တော့ မင်းရဲ့ မိသားစုမှာ မြေဧက သောင်းချီရှိတယ်၊ အစေခံ ထောင်ချီတယ်၊ အိမ်ငှား သောင်းချီရှိတယ်၊ စံအိမ်တွေ ရာနဲ့ချီ ရှိတာပဲ။ ပြည်နယ်အုပ်ချုပ်ရေးမှူးတောင်မှ မင်းကို ရိုရိုသေသေ ဆက်ဆံရတာ။ နန်းတွင်းကပေးတဲ့ အရာရှိ လစာကို မင်း တကယ် လိုအပ်လို့လား။”
“အစ်ကိုလု… မင်းကလည်း စကားကို အရမ်း အလေးအနက် ပြောနေတာပဲ။ ငါ့မိသားစုမှာ ငါက ဆုံးဖြတ်ချက်ချရတဲ့သူ မဟုတ်ပါဘူး။ ငါ့အထက်မှာ ဘိုးဘေးတွေ၊ အကြီးကဲတွေ၊ မယ်တော်ကြီးတွေနဲ့ ငါ့အစ်ကိုတွေ ရှိသေးတယ်။ ဒီတစ်ခါ အခုလို တော်ဝင်စာမေးပွဲကို လာဖြေတာကလည်း မိသားစုအတွက် ခိုင်မာတဲ့ ဂုဏ်သိက္ခာ နောက်ခံတစ်ခု ရဖို့အတွက် ပါ။ … ဒါပေမဲ့ တစ်ခုတော့ ရှိတယ်၊ ဒီပါရမီရှင်ကလေးကို ကလေးငယ် တစ်ယောက်လို သဘောထားလို့ မရဘူး။ ဒီတစ်ခါ သူက ငါတို့ရဲ့ ပြိုင်ဘက်ပဲ။ မှတ်ထား… ငါတို့ သတိမလွတ်စေနဲ့။ နောက်နှစ်အနည်းငယ် အတွင်းမှာ ဒီကလေးက နောက်ထပ် ချန်ပီယံမြို့စား တစ်ယောက် ဖြစ်လာနိုင်တယ်။”
“နောက်ထပ် ချန်ပီယံမြို့စား တစ်ယောက် ဟုတ်လား။ မင်းကလည်း အပိုတွေ ပြောနေပြန် ပြီ။ ချန်ပီယံမြို့စားက အရမ်း ကျော်ကြားတာလေ။ ငါ့မိသားစုက အကြီးအကဲတစ်ယောက် က သူ့ကို တစ်ခါတွေ့ ဖူးတယ်၊ ပြန်လာတော့ သူ့အကြောင်းကို စကားလုံး လေးလုံးပဲ ပြောခဲ့တယ်။”
“အို… ဘယ်လို စကားလုံးတွေလဲ။”
“ဧကရာဇ်အရှိန်အဝါ။ မောက်မာရက်စက်မှု။”
“အဲဒီလိုဆိုရင်တော့…”
“အာ… စာဖြေနန်းတော် တံခါးတွေ ပွင့်ပြီ။ အစေခံတွေကို ပြန်လွှတ်ပြီး စာမေးပွဲဖြေဖို့ ဝင်ကြရအောင်။”
“ဝင်ခါနီးမှာ တစ်ကိုယ်လုံး စစ်ဆေးခံရဦးမယ်၊ တကယ် ကံဆိုးတာပဲ! တကယ့် အရှက်ကွဲ တာပဲ။ အတိတ်က ကွန်ဖြူးရှပ် မဟာပညာရှင် အများကြီးဟာ ဒီအဆင့်ကို မကျော်ဖြတ် ချင်ကြလို့၊ သူတို့ရဲ့ မာန်မာနကြောင့်ပဲ ဒီစာမေးပွဲ လာမဖြေကြတာ။”
“အခု နန်းတွင်းက အစွမ်းထက်နေတော့လည်း ဒီအရှက်ကွဲမှုကို ငါတို့ သည်းခံရမှာပေါ့။ သွားကြစို့။”
“ဒီတစ်ခါ စာဖြေနန်းတော်က ပြန်ပြီး အသစ်ပြင်ထားတာပဲ။” ဟုန်ယွိသည် လူအုပ်ကြီး နောက်မှ လိုက်ပါရင်း စာဖြေနန်းတော်ထဲသို့ ဝင်ရောက်ခဲ့သည်။ မူလက လွန်ခဲ့သောနှစ် ပြည်နယ် စာမေးပွဲတုန်းကလည်း သူ ဤနေရာတွင် စာမေးပွဲ ဖြေခဲ့ဖူးသည်။ သို့သော် အခု ဝင်လိုက်သည့်အခါတွင်မူ မတူညီသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ နေရာကို အကြီးအကျယ် ပြုပြင်ထားခြင်း ဖြစ်သည်။ ကြီးမားသော ရင်ပြင်တစ်ခု ရှိနေပြီး နေရာတိုင်းတွင် ပညာရှင်များ ရှိနေသည်။ ဟုန်ယွိသည် နန်းတွင်း၏ လျှို့ဝှက်တပ်ဖွဲ့ ဖြစ်သော "စကြာဝဠာ နဂါးအစောင့်တပ်" ကိုပင် တွေ့လိုက်ရသည်။
ထို့ပြင် နေရာတိုင်းတွင် ပုန်းကွယ်နေသော လျှို့ဝှက်ပညာရှင် အချို့လည်း ရှိနေသည်။ သူတို့က သူတို့၏ အငွေ့အသက်ကို ဖုံးကွယ်ထားရန် အစွမ်းကုန် ကြိုးစားနေကြသော် လည်း ဟုန်ယွိသည် သူတို့၏ ကြီးမားလှသော အသက်စွမ်းအားကို ခပ်ရေးရေး ခံစားနေရ သည်။
ခန်းမထဲသို့ ဝင်ရောက်သည့် လုပ်ငန်းစဉ်များ ပြီးဆုံးသွားသည့်အခါ၊ ဂုဏ်သရေရှိ မိသားစု များမှ အထက်တန်းပညာရှင်များနှင့် တပည့်အများစုမှာ စိတ်ထဲတွင် ကျိန်ဆဲနေကြသည် သို့မဟုတ် အုပ်စုလိုက် စကားပြောဆိုနေကြသည်။ သို့သော် သူတို့ထဲမှ ပိုမို ထက်မြက်သူ များကမူ တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရှင်းလင်းစွာ ခံစားမိသဖြင့် တိတ်ဆိတ်သွား ကြပြီး အသီးသီး အလေးအနက် စဉ်းစားနေကြတော့သည်။
သို့သော် ပါရမီရှင်ကလေး ဖန်းယွမ်မှာမူ တည်ငြိမ်သော မျက်နှာထား ရှိနေသည်။ သူသည် လူအုပ်ကြားတွင် ရပ်နေပြီး အရှက်ရစရာ စစ်ဆေးမှုများကိုလည်း ဂရုမစိုက်ဟန် တူသည်။
အဝေးမှနေ၍ ဟုန်ယွိသည် ရှီဝမ်ယွမ်ကို တွေ့လိုက်ရသည်။ သို့သော် ရှီဝမ်ယွမ်သည် တစ်ကိုယ်လုံး စစ်ဆေးခံရခြင်း မရှိပေ။ ထိုအစား သူသည် အရာရှိများ၏ ကူညီမှုဖြင့် ခန်းမထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ဤသည်မှာ ဧကရာဇ်ကိုယ်တိုင်က ပေးသနားထားသည့် အထူးအခွင့်အရေး ဖြစ်သည်။
အပြည့်အဝ လေးနာရီခန့် ကြာပြီးနောက် ကောင်းကင်မှာ လင်းထိန်လာခဲ့သည်။ စစ်ဆေးမှု များ ပြီးဆုံးပြီးနောက် အထက်တန်းပညာရှင် ၉,၀၀၀ သည် တစ်ယောက်ပြီးတစ်ယောက် ခန်းမထဲသို့ ဝင်ရောက်ခဲ့ကြသည်။
စာဖြေသူ တစ်ဦးချင်းစီကို အခန်းငယ်လေး တစ်ခုစီ ပေးထားသည်။
ထိုအခန်းငယ်လေးထဲတွင် ဆေးအမွှေးတိုင်တစ်ချောင်း ထွန်းညှိထားသည်။ ဤဆေး အမွှေးတိုင်ကို အဆိပ်အတောက်နှင့် ရောဂါပိုးမွှားများကို သတ်ဖြတ်ရန်၊ ထို့ပြင် အနံ့ဆိုးများကို ဖယ်ရှားရန်အတွက် အသုံးပြုခြင်း ဖြစ်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ဟုန်ယွိက ခေါင်းညိတ်လိုက်သည်။ ဤစာမေးပွဲ အတွက် နန်းတွင်းက အလွန်အမင်း အားထုတ်ထားကြောင်း သူ သိလိုက်သည်။
သို့သော် ဟုန်ယွိသည် ဤအသေးစိတ် အချက်လက်များကို ဂရုမစိုက်ပေ။ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ပြီးနောက် သူသည် မျက်လုံးများကို မှိတ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ သူ၏စိတ်ထဲမှ အာရုံနောက်စရာ အတွေးများကို ဖယ်ရှားလိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။
ဤစာမေးပွဲသည် ပြည်နယ်စာမေးပွဲနှင့် မတူပေ။ ပြည်နယ်စာမေးပွဲက တစ်ရက်သာ ကြာသော်လည်း၊ ဤအထွေထွေစာမေးပွဲမှာ သုံးရက် တိတိ ကြာမြင့်မည် ဖြစ်သည်။ စာမေးပွဲတစ်ခုတည်းတွင် စာစီစာကုံး ခုနစ်စောင် ရေးရမည်ဖြစ်ပြီး၊ ထို့နောက်တွင် မူဝါဒ ဆိုင်ရာ ဆွေးနွေးချက်နှင့် ကဗျာတစ်ပုဒ် စပ်ဆိုရခြင်းတို့ ပါဝင်သည်။
ဤကာလအတွင်း ခန်းမတစ်ခုလုံးကို ပိတ်ထားမည် ဖြစ်သည်။ ခန်းမအတွင်း၌ တစ်စုံတစ်ဦး သေဆုံးသွားလျှင်ပင် အတွင်း၌သာ ဆက်နေရမည် ဖြစ်သည်။
ခေတ္တအကြာတွင် စာမေးပွဲမေးခွန်းများကို အရာရှိအသီးသီးက လိုက်လံဝေငှကြသည်။ ဟုန်ယွိသည် တစ်ချက်ကြည့်လိုက်သည့်အခါ စကားလုံး နှစ်လုံးတည်းကိုသာ တွေ့လိုက်ရ သည် - “ကွန်ဖြူးရှပ်က ပြောသည်” ဟူ၏။
ဤသည်မှာ မေးခွန်းပင် ဖြစ်သည်။
“ဟင်…၊ ဒါက တော်တော်လေး ကျယ်ပြန့်တဲ့ မေးခွန်းပဲ။ စာသားတွေက လူတွေကို တုန်လှုပ် အံ့ဩစေလောက်ပြီး ခန့်ညားထည်ဝါဖို့ လိုလိမ့်မယ်။”
ဟုန်ယွိက ပြုံးလိုက်ပြီး သူ၏ စုတ်တံကို ကောက်ကိုင်လိုက်သည်။ စက္ကူပေါ်တွင် သူသည် စကားလုံး နှစ်လုံးကို ရေးလိုက်သည် - “သာမန်လူ။”
ထို့နောက် သူသည် သူ၏ စုတ်တံဦးတည်ချက်ကို ပြောင်းလဲလိုက်ပြီး - “သာမန်လူသည် မျိုးဆက်တစ်ရာ၏ ဆရာတစ်ဆူ ဖြစ်ပေသည်။ သူ၏ စကားလုံးများသည် ကမ္ဘာလောက၏ ဥပဒေပင် ဖြစ်သည်။”
သူ၏ အရေးအသားမှာ ခန့်ညားထည်ဝါလှပြီး စက္ကူပေါ်တွင် အသက်ဝင်နေသကဲ့သို့ပင်။ ရုတ်တရက်ပင် စကားလုံးတိုင်းသည် ဝင်းလက်တောက်ပသွားတော့သည်။
အခန်း (၃၃၈)။
“ဒီတစ်ကြိမ် တော်ဝင်စာမေးပွဲကတော့ ပုန်းနေတဲ့နဂါးတွေ ဝပ်နေတဲ့ကျားတွေနဲ့ ပြည့်နေ တာပဲ။ ဧကရာဇ်က ငါတို့ကို ဒီနေရာကို ကြီးကြပ်ဖို့ အမိန့်ပေးထားတာ။ ငါတို့ အမှားအယွင်းမရှိအောင် သတိထားရမယ်၊ မဟုတ်ရင် လှောင်ပြောင်စရာ ဖြစ်သွားလိမ့် မယ်။”
စာစစ်မှူးချုပ် ရုံးခန်းအတွင်း၌ တော်ဝင်ဝတ်စုံနှင့် အနက်ရောင်ဦးထုပ်များ ဆင်ယင်ထား သည့် အရာရှိများစွာ အတူတကွ ထိုင်နေကြသည်။ စာမေးပွဲစတင်ပြီးနောက် ခေတ္တမျှ တိတ်ဆိတ်သွားသော်လည်း၊ ပတ်ဝန်းကျင်လေထုမှာ အလွန်ပင် ဖိအားများနေသည်ဟု ခံစားရသဖြင့် တစ်ဦးနှင့်တစ်ဦး တိုးတိုးတိတ်တိတ် မပြောဘဲ မနေနိုင်ကြတော့ပေ။
ဤတော်ဝင်စာမေးပွဲအတွက် အထက်တန်းပညာရှင် ၉,၀၀၀ စုဝေးရောက်ရှိနေကြသည်။ သူတို့ထဲမှ အများစုမှာ သြဇာကြီးမားသော မိသားစုများမှ တပည့်များဖြစ်ကြသလို၊ ကျင့်ကြံသူများလည်း အများအပြား ပါဝင်နေသည်။ ၎င်းသည် အမှန်တကယ်ပင် နဂါးနှင့် မြွေတို့ ရောနှောနေသည့် အခြေအနေမျိုးပင်။ အခြေအနေမှာ အလွန်ရှုပ်ထွေးလှသဖြင့် ယခင်မင်းဆက်များတွင် ဤကဲ့သို့ မြင်ကွင်းမျိုးကို တွေ့ရခဲလှသည်။
အတိတ်ကာလတုန်းကမူ ဤစာစစ်မှူးချုပ်များသည် အဆင့်အတန်း မြင့်မားလှပြီး စိတ်ကြည်လင်စွာ ရှိနေတတ်ကြသည်။ အကြောင်းမှာ စာဖြေသူများ၏ ကံကြမ္မာကို သူတို့ က ထိန်းချုပ်ထားနိုင်သောကြောင့်ပင်။ သူတို့ အဘယ်ကြောင့် မပျော်ရွှင်ဘဲ နေပါမည် နည်း။
သို့သော် ယခုနှစ် တော်ဝင်စာမေးပွဲမှာမူ မတူတော့ပေ။ ယခုနှစ်တွင်မူ ဖြေဆိုသူများထဲ၌ အရေးကြီးပုဂ္ဂိုလ်များစွာ ပါဝင်နေသဖြင့် စာစစ်မှူးများသာမက တော်ဝင်ချန်မင်းဆက်၏ တော်ဝင်မိသားစုကပင် သတိထားနေကြရသည်။
ဂုဏ်သရေရှိ မိသားစုများ၊ အင်အားကြီး အရှင်သခင်များ၊ သူတော်စင် မျိုးနွယ်စုများပင်လျှင် သူတို့၏ ထူးချွန်ထက်မြက်သော တပည့်များကို စာမေးပွဲဆိုဖြေရန် စေလွှတ်ထားခြင်း ဖြစ်ရာ အချို့သော ပညာရှင်များသည် ဤနေရာရှိ စာစစ်မှူးများအားလုံး ပေါင်းထားသည် ထက်ပင် စာပေလောက၌ ဩဇာကြီးမားကြသည်။
ဤလူများနှင့် ရင်ဆိုင်ရသည့်အခါ စာစစ်မှူးများသည် သူတို့ကိုယ်သူတို့ သူတစ်ပါး ကံကြမ္မာကို ထိန်းချုပ်နိုင်သူများဟု မခံစားရတော့ပေ။ သူတို့သည် ကံကောင်းထောက်မပြီး မည်သည့်အမှားမျှ မလုပ်မိပါစေနှင့်ဟုသာ ဆုတောင်းနေကြရသည်။
ဤအချိန်တွင် လက်ထောက်စာစစ်မှူးချုပ် လီရှန်ကွမ်ပင်လျှင် စာစစ်မှူးများ တိုးတိုး တိတ်တိတ် စကားပြောနေကြသည်ကို မတားဆီးတော့ပေ။ အကြောင်းမှာ သူကိုယ်တိုင် လည်း ဖိအားတစ်ခုကို ခံစားနေရသောကြောင့် ဖြစ်သည်။
စာစစ်မှူးချုပ်သည် အထက်တွင် မြင့်မြတ်စွာ ထိုင်နေပြီး စကားတစ်ခွန်းမျှ မဆိုပေ။ ဤသူကား ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိပင် ဖြစ်တော့သည်။
ဤကဲ့သို့ ကြီးကျယ်ခမ်းနာစးသော စာမေးပွဲအတွက် အင်ပါယာတရားရုံးကို နှစ်ပေါင်း ၂၀ တိုင်တိုင် ထိန်းချုပ်ခဲ့ပြီး လူသားအင်မော်တယ်ဖြစ်သည့် နာမည်ကျော် ဝူဝမ်မြို့စား ဟုန်ရွှန်ကျိကဲ့သို့ ပုဂ္ဂိုလ်မျိုးကသာ ထိန်းညှိပေးနိုင်သည်။ ထိုဂုဏ်သရေရှိ မိသားစုကြီးများ ၏ သမိုင်းကြောင်းမှာ ဟုန်ရွှန်ကျိထက် အဆပေါင်းများစွာ ပို၍ ရှည်လျားနိုင်သော်လည်း ‘လူသားအင်မော်တယ်’ ဟူသော စကားလုံးတစ်လုံးတည်းနှင့်တင် မည်သည့်မိသားစု၏ အရှိန်အဝါကိုမဆို မှေးမှိန်သွားစေရန် လုံလောက်ပါသည်။
အကြွင်းမဲ့စွမ်းအား၏ ရှေ့မှောက်တွင် ရှည်လျားသော သမိုင်းကြောင်း သို့မဟုတ် ရှေးဟောင်း ဂုဏ်သတင်းများမှာ ထည့်ပြောနေစရာပင် မလိုတော့ပေ။
အချို့သော ဂုဏ်သရေရှိ မိသားစုကြီးများ သို့မဟုတ် တော်ဝင်မိသားစုဝင်များသည် မင်းသမီးများနှင့် လက်ဆက်ရန် ငြင်းဆန်ရဲကောင်း ငြင်းဆန်ရဲကြလိမ့်မည်။ သို့သော် ယနေ့ စာမေးပွဲတွင်မူ လူသားအင်မော်တယ် တစ်ဦး ကြီးကြပ်နေသည့် စာဖြေခန်းမအတွင်း ပြဿနာရှာရန် မည်သည့်မိသားစုဝင်မျှ အတင့်ရဲကြလိမ့်မည် မဟုတ်ပေ။
သို့သော်လည်း ယခုအချိန်တွင် ဟုန်ရွှန်ကျိသည် စာစစ်မှူးချုပ် ထိုင်ခုံပေါ်တွင် ရွှံ့ရုပ်ကြီး တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ထိုင်နေသည်။
တစ်ချိန်တည်းမှာပင် စာစစ်မှူးချုပ်အခန်းနှင့် တိုက်ရိုက် မျက်နှာချင်းဆိုင်တွင် အမွှေးနံ့သာ တိုင်များ ဝေနေသော ဘုရားကျောင်းတစ်ခု ရှိသည်။ ထိုကျောင်းအတွင်းတွင် ရှေးခေတ် သူတော်စင်များနှင့် ခေတ်အဆက်ဆက်မှ မဟာပညာရှင်များ၏ ရုပ်တုများ ရှိနေသည်။ ထိုရုပ်တုများသည် ဂုဏ်သိက္ခာ၊ မယိမ်းမယိုင်ဆန္ဒ၊ ရိုသေလေးစားစရာ အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် လူများသည် သူတို့၏ နက်ရှိုင်းသော ဝိညာဉ်ထဲမှ ရိုသေလေးစားမှုများ ပေါ်ပေါက်လာလိမ့်မည်။ ဤသူတော်စင်များသည် ‘ပညာရှင်’ ဟု အမည်တပ်နိုင်သူများ ဖြစ်ကြသည်။
“ဟင်” လီရှန်ကွမ်သည် ဟုန်ရွှန်ကျိကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ရှေးခေတ် သူတော်စင် ရုပ်တုများကို ကြည့်လိုက်သည်။ ထိုနှစ်ခုကြားတွင် မရေမရာ ဆက်နွယ်မှုတစ်ခု ရှိနေသည်ဟု သူ ခံစားလိုက်ရပြီး ရင်ထဲတွင် အေးစိမ့်သွားရသည်။
အဟမ်း..…
ချောင်းဟန့်သံကြောင့် အခန်းပေါင်း ၃၆ ခန်းမှ စာစစ်မှူးများအားလုံး လန့်သွားကြသည်။ သူတို့အားလုံး လီရှန်ကွမ်ကို ကြည့်လိုက်ကြပြီး စကားပြောခြင်းကို ရပ်လိုက်ကြသည်။ ပြည်နယ်စာမေးပွဲတုန်းက ဟုန်ရွှန်ကျိကို ဆန့်ကျင်ခဲ့ဖူးသော ဤယဉ်ကျေးမှုဝန်ကြီး၊ နန်းတွင်း အတွင်းဝန်ကြီးသည် မည်သည့်အရာ ပြုလုပ်ဦးမည်ကို သူတို့ မသိကြပေ။
“လုပ်ဖော်ကိုင်ဖက်တို့… ငါတို့ဟာ စာစစ်မှူးတွေအနေနဲ့ တိုင်းပြည်အတွက် အရည်အချင်း ရှိသူတွေကို ရှာဖွေပေးရမယ်၊ အထက်တန်းပညာရှင်တွေရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးရ မယ်။ အထူးသဖြင့် ဒီတစ်ခေါက်မှာ ဆောင်းပါးတွေရဲ့ အရည်အသွေးကို ဆုံးဖြတ်တဲ့ နေရာ မှာ လုံးဝ မပေါ့ဆသင့်ဘူး။ မင်းတို့အားလုံးဟာ ပညာတတ်တွေပဲ၊ သူများ မကြားနိုင်တာကို ကြားနိုင်ပြီး၊ သူများ မမြင်နိုင်တာကို မြင်နိုင်ကြတယ်။ အခု ငါတို့ အပြင်ထွက်ပြီး ဖြေဆိုသူတွေရဲ့ ဆောင်းပါးတွေကနေ ထွက်ပေါ်လာတဲ့ ဝိညာဉ် အငွေ့အသက်ကို သွားကြည့်ကြရအောင်။”
လီရှန်ကွမ်က ထရပ်ကာ လက်နှစ်ဖက်ယှက်ရင်း ပြောလိုက်သည်။
“အရာရှိလီ… ဆောင်းပါရဲ့ ဝိညာဉ်အငွေ့အသက်ကို ငါတို့ ဘယ်လိုကြည့်ရမှာလဲ။ ရှေးခေတ် သူတော်စင်တွေရဲ့ စကားလုံးတွေက ပုလဲတွေလိုပဲ၊ စုတ်တံက စက္ကူပေါ် ကျလိုက်တာနဲ့ ဆောင်းပါးက တောက်ပလာပြီး စကားလုံးတွေက လေထဲမှာ ပျံဝဲကာ ကောင်းကင်နဲ့ မြေကြီးကို လင်းထိန်စေတယ်ဆိုတာတော့ ငါတို့ သိပါတယ်။ ဒါပေမဲ့ ဒါကို တစ္ဆေတွေနဲ့ နတ်ဘုရားတွေပဲ မြင်နိုင်တာလေ။ ငါတို့က တစ္ဆေတွေ မဟုတ်သလို၊ နတ်ဘုရားတွေလည်း မဟုတ်ဘူး၊ ငါတို့ မျက်လုံးတွေက သာမန်လူသား မျက်လုံးတွေပဲ။ ငါတို့ ဘယ်လိုမြင်နိုင်မှာလဲ။” စာစစ်မှူးတစ်ဦးက ပြုံး၍ မေးလိုက်သည်။
“အဲဒီလို မဟုတ်ဘူး။ စကားလုံးတွေဆိုတာ သိုင်းပညာလိုပဲ။ သိုင်းပညာရဲ့ လှုပ်ရှားမှုတိုင်း မှာ ခန့်ညားတဲ့ အရှိန်အဝါဆိုတာ ရှိတယ်။ စကားလုံးတွေမှာလည်း အတူတူပဲ။ စာပေရဲ့ ဂုဏ်ကျေးဇူးက အနှစ်သာရ၊ စွမ်းအားနဲ့ စိတ်ဝိညာဉ်တို့ ပေါင်းစပ်ထားတာ။ ဒါက သိုင်းပညာထက် တစ်ဆင့်ပိုမြင့်တယ်။ တကယ်လို့, အဲဒါက သူတော်စင်တစ်ယောက်ရဲ့ ဆောင်းပါးဆိုရင် စွမ်းအားတွေက ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြည့်နှက်နေလိမ့်မယ်။ ငါတို့ ပညာရှင်တွေအနေနဲ့ အာရုံနောက်စရာ အတွေးတွေကို ဖယ်ရှားပြီးရင် ငါတို့ရဲ့ စိတ်အာရုံကို မျက်လုံးထဲမှာ စုစည်းနိုင်တယ်။ ငါတို့မျက်စိနဲ့ မမြင်ရရင်တောင် ခံစားလို့ရ တယ်။ မင်းတို့အားလုံးက ပညာတတ်တွေပဲဆိုတော့ အာရုံနောက်စရာ အတွေးတွေကို ဘယ်လို ဖယ်ရှားရမလဲ သိကြမှာပေါ့၊ ဟုတ်တယ်မလား။” လီရှန်ကွမ်က ပြုံးလိုက်သည်။
“အရာရှိလီ ပြောတာ မှန်ပါတယ်။ အပြင်ထွက်ပြီး ဆောင်းပါးရဲ့ ဝိညာဉ်စွမ်းအားကို ကြည့်ကြရအောင်။” ရောက်ရှိနေသော စာစစ်မှူးများသည် အူတူတူကြောင်တောင်တောင် လူများ မဟုတ်ကြပေ။ သူတို့သည် စာပေတိုက်ပွဲများစွာကို ဖြတ်သန်းလာခဲ့ပြီး ဆယ်စုနှစ် ပေါင်းများစွာ စာသင်ကြားခဲ့သည့် ထက်မြက်သူများ ဖြစ်ကြသည်။ သူတို့ထဲက မည်သူက ရော ကိုင်တွယ်ရ လွယ်ကူပါမည်နည်း။
ထို့အပြင် စွမ်းအားကို မွေးမြူရန် စာပေလေ့လာခြင်းအပြင် ကျန်းမာအသက်ရှည်ရန် တာအိုစာအုပ်များကိုလည်း ဖတ်ရှုကြသည်။ သူတို့တွင် တာအိုပညာရပ်များနှင့် မှော်ပစ္စည်း အချို့ကိုလည်း နားလည်ကြသည်။ နန်းတွင်းက တာအိုပညာရပ်များကို တားမြစ်ထား သဖြင့် ပေါ်ပေါ်ထင်ထင် မကျင့်ကြံနိုင်သော်လည်း၊ အာရုံနောက်စရာ အတွေးများကို ဖယ်ရှားခြင်း၊ စွမ်းအားကို စောင့်ကြည့်ခြင်းနှင့် တစ်စုံတစ်ခုကို အာရုံခံစားခြင်းတို့မှာ ဖြစ်နိုင်ပါသေးသည်။
အလွန်ထူးချွန်သော ကွန်ဖြူးရှပ်ပညာရှင်များသည် သစ်ရွက်တစ်ရွက် ကြွေကျသည်ကို မြင်ရုံနှင့် ဆောင်းဦးရောက်ပြီဟု သိနိုင်ကြသည်။ သူတို့သည် လူတစ်ယောက်၏ စွမ်းအား ကို ကြည့်ရုံနှင့် သေခြင်းရှင်ခြင်းကို တွက်ချက်နိုင်သည်။ ဤကမ္ဘာလောက၏ စည်းမျဉ်းများ အားလုံးသည် သူတို့၏ စိတ်ထဲတွင် ရှိနေကြသည်။
လီရှန်ကွမ်သည် စာဖြေခန်းမဆောင်ကြီးထဲသို့ ထွက်လာခဲ့သည်။ ကျန်သော စာစစ်မှူးများ မှာမူ ခန်းမထဲတွင် သူတော်စင်ရုပ်တုကဲ့သို့ ထိုင်နေသော ဟုန်ရွှန်ကျိကို ကြည့်လိုက်ကြ သည်။ သူသည် စကားတစ်ခွန်းမျှ မဆိုပေ။ သူတို့သည် စိတ်ထဲတွင် စဉ်းစားဆင်ခြင်ပြီး လီရှန်ကွမ်နောက်သို့ လိုက်ပါသွားကြသည်။
“ကြည့်စမ်း… ဟိုအခန်းထဲက စာဖြေသူက မဟာပညာရှင် ရှီဝမ်ယွမ် မဟုတ်လား။ သူ့ရဲ့ စာပေအရှိန်အဝါနဲ့ စိတ်ဝိညာဉ် စွမ်းအားတွေက ကောင်းကင်ပေါ် ထိုးတက်နေတာ၊ သိုင်းသူတော်စင် တစ်ယောက်ရဲ့ အနှစ်သာရ စွမ်းအားလိုပဲ။ ဒါပေမဲ့ သိုင်းသူတော်စင်ရဲ့ စွမ်းအားက မောက်မာပြင်းထန်ပေမဲ့၊ ရှီဝမ်ယွမ်ရဲ့ စွမ်းအားကတော့ ဖြောင့်မတ် တည်ကြည်ပြီး နူးညံ့ပေမဲ့ ခိုင်မာတယ်၊ နေနဲ့ လကိုတောင် ယှဉ်နိုင်တယ်။ ကျန်တဲ့သူတွေ ကတော့ လေထဲမှာ ပျံဝဲနေကြပေမဲ့ ပိုးစုန်းကြူးတွေလိုပဲ။”
လီရှန်ကွမ် အပြင်ထွက်လာသည်နှင့် သူ၏ မျက်လုံးများက လှုပ်ရှားသွားပါသည်။ သူသည် အနောက်ဘက်ရှိ စာဖြေခန်းတစ်ခန်း၏ အမိုးကို ကြည့်ကာ လက်ညှိုးထိုးပြလိုက်သည်။
ထိုအခန်း၏ အမိုးမှာ တောကန္တာရလိုပင် ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေသည်။
သို့သော် လီရှန်ကွမ်၏ မျက်လုံးထဲတွင်မူ ကောင်းကင်ပေါ်သို့ ထိုးတက်နေသော နူးညံ့ပြီး ခိုင်မာသည့် အဖြူရောင် အလင်းတန်းကြီးကို မြင်နေရသည်။ အလင်းတန်းသည် လူများကို ကျယ်ပြောပြီး ဖြောင့်မတ်သော ခံစားချက်ကို ပေးစွမ်းနေသည်။
အခြား စာဖြေခန်းများတွင်လည်း အလင်းများ ရှိသော်လည်း အချို့မှာ ၁၀ ပေခန့်၊ အချို့မှာ ၁ ပေခန့်သာရှိပြီး အချို့မှာ မီးအိမ်လေးများကဲ့သို့ပင် ဖြစ်နေသည်။
“လူတစ်ယောက်က ဆောင်းပါးရေးဖို့ အာရုံစိုက်လိုက်တဲ့အခါ အာရုံနောက်စရာ အတွေး တွေ အကုန်ပျောက်သွားပြီး အနှစ်သာရ၊ စိတ်ဝိညာဉ်နဲ့ စွမ်းအားတွေ ထွက်ပေါ်လာတတ် တယ်။ သိုင်းတာအိုမှာ လှုပ်ရှားမှုတိုင်းက အရေးကြီးသလို၊ ဆောင်းပါးရေးတဲ့အခါမှာလည်း အနှစ်သာရ၊ စိတ်ဝိညာဉ်နဲ့ စွမ်းအားတွေကို စကားလုံးတွေထဲ ပေါင်းထည့်ပေးရတယ်။ ဆောင်းပါးထဲက စကားလုံးတစ်လုံးစီဟာ သိုင်းပညာရဲ့ သိုင်းကွက်တစ်ခုစီနဲ့ တူညီတယ်။ လူတစ်ယောက်ဟာ အားအကောင်းဆုံး ကိုယ့်စိတ်ဝိညာဉ် စွမ်းအားကို စကားလုံးတွေထဲ စိမ့်ဝင်အောင် ထည့်သွင်းနိုင်မှပဲ စကားလုံးတွေကနေ အလင်းရောင် ထွက်လာပြီး တစ္ဆေ သရဲတွေ၊ နတ်ဘုရားတွေနဲ့ သာမန်ထက် ထူးခြားတဲ့လူတွေက မြင်နိုင်မှာ ဖြစ်တယ်။”
တစ်ချက်ကြည့်လိုက်ရုံနှင့် လီရှန်ကွမ်သည် ဤစာဖြေသူ ၉,၀၀၀ ၏ ဆောင်းပါး အရည်အသွေးကို အကြမ်းဖျင်း သိလိုက်ပြီ။
မည်သည့်အလင်းရောင်မျှ ထွက်ပေါ်မလာသော အခန်းခေါင်မိုးပိုင်ရှင် စာဖြေသူများသည် သူတို့၏ ဆောင်းပါးထဲတွင် စိတ်ဝိညာဉ် အနှစ်သာရ မပါရှိခြင်း သို့မဟုတ် သူတို့၏ အစွမ်းကို ဖုံးကွယ်ထားပြီး အာရုံစူးစိုက်မှု အပြည့်ဖြင့် မရေးသားခြင်းတို့ကြောင့် ဖြစ်သည်။
ဆောင်းပါးရေးသားခြင်းသည် သိုင်းပညာ လေ့ကျင့်ခြင်းနှင့် အတူတူပင်။ မိမိ၏ ကိုယ်ပိုင် စိတ်ဝိညာဉ် စွမ်းအားကို မထည့်သွင်းပါက ကောင်းမွန်သော ဆောင်ပါးတစ်ပုဒ်ကို ရေးနိုင် မည် မဟုတ်ပေ။
“မျှော်လင့်ထားသလိုပဲ၊ အစ်ကိုရှန်ကွမ်ရဲ့ ပညာရပ်ပိုင်း နှံ့စပ်မှုနဲ့ စိတ်ဓာတ် စင်ကြယ်မှုက တော့ ချီးကျူးစရာပဲ။ ကျွန်တော်တို့ကတော့ ဘာအနှစ်သာရမှ မမြင်ရဘူး၊ စာပေ အငွေ့အသက် ခပ်ရေးရေး စီးဆင်းနေတာကိုပဲ ခံစားမိတယ်။ မဟာပညာရှင် ရှီဝမ်ယွမ်ဟာ တကယ့် မဟာပညာရှင်ကြီးပါပဲ။ ဒီတစ်ခါ သူ စာမေးပွဲမဝင်ခင် ဧကရာဇ်က သူ့ကို စစ်ဆေး စရာ မလိုဘူးလို့ အမိန့်ထုတ်ပြန်ထားတယ်လေ။” ဘေးမှ စာစစ်မှူးများက သဘောတူညီ စွာ ခေါင်းညိတ်ကြသည်။
“ယုတ္တိဗေဒအရဆိုရင် သူတို့ရဲ့ စွမ်းအားကို ဖုံးကွယ်ထားရင်တောင် ဒီနေ့ တော်ဝင်စာမေးပွဲ မှာ အစွမ်းထက်သူတွေ ရှိနေသင့်တာပဲ။ ရှစ်နှစ်သား ဖန်းမိသားစု ပါရမီရှင်က ဘာလို့ အလင်းရောင် မထွက်တာလဲဆိုတာ ငါ သိချင်မိတယ်။ သူလည်း သူ့စွမ်းအားကို ဖုံးကွယ် တာလား။ ပြီးတော့ မနှစ်က ငါကိုယ်တိုင် ထိပ်တန်း ပညာရှင်အဖြစ် ရွေးချယ်ခဲ့တဲ့ ဟုန်ယွိ ရောပဲ။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သူစာ သိုင်းစာမေးပွဲမှာ ပထမရခဲ့တယ်လို့ ကြားထားတယ်။ ယုတ္တိဗေဒအရဆိုရင် သူလည်း သူ့စွမ်းအားကို ထုတ်ပြသင့်တာပေါ့။ သူက အာရုံမစိုက်ဘဲ ရေနေလို့များလား။”
လီရှန်ကွမ်သည် စာစစ်မှူးများ၏ ထောက်ခံမှုကို ဂရုမစိုက်ပေ။ ဘေးက စာစစ်မှူးများသည် သူ့ကို မယှဉ်နိုင်ကြပေ။ သူတို့သည် စိတ်ထဲမှ အာရုံနောက်စရာ အတွေးများကို မဖယ်ရှား နိုင်ကြသဖြင့် အာရုံစိုက် ရေးသားနေသူများ၏ စိတ်ဝိညာဉ် စွမ်းအားကို မမြင်နိုင်ကြခြင်း ဖြစ်သည်။
“ဟင်…” ထိုစဉ် လီရှန်ကွမ်သည် အရှေ့ဘက် စာဖြေခန်းတစ်ခုမှ အလင်းတန်းတစ်ခု ဝုန်းကနဲ ကောင်းကင်ပေါ်သို့ တိုက်ရိုက် ထိုးတက်သွားသည်ကို မြင်လိုက်ရ၏။ ၎င်းအလင်းတန်းသည် ကောင်းကင်ယံသို့ တိုက်ရိုက် ထိုးတက်သွားပြီး လှပသော ပိုးထည် တိမ်တိုက်တစ်ခုအဖြစ် ပုံဖော်သွားတော့သည်။
“ပိုးထည် ဆောင်းပါး… ဒါက ပိုးထည်ဆောင်းပါးပဲ… အရှေ့ဘက်ခြမ်းက အဲဒီစာဖြေခန်း၊ အဲဒီ အခန်းထဲမှာ ဘယ်သူရှိတာလဲ။” လီရှန်ကွမ်၏ မျက်နှာ ဖြူဖျော့သွားသည်။
လီရှန်ကွမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ဘေးက စာစစ်မှူးတစ်ဦးက အပြေးအလွှား ပြောလိုက်သည် “အရှေ့ဘက်ခြမ်း အဲဒီစာဖြေခန်းထဲကလူက ဖန်းမိသားစု ရဲ့ ရှစ်နှစ်သား ပါရမီရှင် ဖန်းယွမ်ပါ။ ဘာဖြစ်လို့လဲ ဆရာ။ ဆရာ ဘာမြင်လို့လဲ။”
“ငါ ပိုးထည် ဆောင်းပါး တစ်ပုဒ်ကို မြင်လိုက်ရတယ်…” လီရှန်ကွမ်သည် ကောင်းကင်ယံရှိ တောက်ပသော ပိုးထည်တိမ်တိုက်ကို ကြည့်ကာ မယုံနိုင်စွာ ရေရွတ်လိုက်သည် “တကယ့်ကို ပါရမီရှင်ကလေးပဲ။ သူ့ရဲ့ စာပေစိတ်ဝိညာဉ်နဲ့ ဂုဏ်ကျက်သရေတွေက ခန္ဓာကိုယ်ထဲကနေ မပျံ့မလွင့်ဘဲ စီးထွက်လာတာ... တကယ့်ကို ပိုးထည်အလားပဲ... ပိုးထည်ဆောင်းပါးပါပဲ...။”
“ရှီဝမ်ယွမ်က တကယ်ပဲ ထူးခြားပါတယ်…။ နောက်ပြီး ဒီလောက် ငယ်ရွယ်တဲ့ ဖန်းယွမ်က လဲ ဒီအသက်ရွယ်လေးနဲ့ သူ့ဆောင်းပါးက ရှီဝမ်ယွမ်ကို ယှဉ်နိုင်နေပြီ။ မိုနိုဂိုတာရီရဲ့ အကူညီနဲ့တောင်မှ သူ ဒီလို ဖြစ်လာမှာ မဟုတ်ဘူး။ သူက တကယ့် ပါရမီရှင်ပဲ။ ဟုန်ယွိ… မင်းက သားမိုက်တစ်ယောက်ပဲ။ မင်းရဲ့ စာပေအရည်အချင်းကို မင်း အမြဲ ဂုဏ်ယူနေခဲ့ တာ။ အခု ဒီလူနှစ်ယောက်ကို မြင်ရပြီဆိုတော့ မင်းလည်း ငြိမ်ကျသွားမှာ သေချာပါ တယ်။” ဟုန်ရွှန်ကျိသည် ကြည့်နေစရာပင် မလိုပေ။ သူ၏ စိတ်အာရုံခံစားမှုဖြင့် စာဖြေခန်း အတွင်းရှိ လူတိုင်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို သိရှိနေသည်။
“ဧကရာဇ်၊ အိမ်ရှေ့စံမင်းသား၊ ကျိချန်ယွဲ့နဲ့ တခြားသူတွေလည်း အခု ဖုန်းဟွာဆောင်က နေ ကြည့်နေကြလောက်ပြီ။”
နန်းမြို့တော်၊ ဖုန်းဟွာဆောင်။
တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၊ အိမ်ရှေ့စံမင်းသား ယန်ယွမ်၊ မင်းသားဟီ၊ မင်းသားယုနှင့် မြို့စားကြီးအချို့၊ ကျိချန်ယွဲ့တို့အားလုံးသည် နန်းမြို့တော်၏ အမြင့်ဆုံး အဆောက်အအုံ ပေါ်သို့ တက်ကာ ကြီးမားလှသော ကျောက်စိမ်းမြို့တော်ကြီးကို ကြည့်နေကြသည်။ အရုဏ်တက်ပြီးနောက် နေမင်း ထွက်ပေါ်လာကာ တိမ်တိုက်များမှာ ပါးလွှာနေပြီး နွေဦး လေညင်းက သူတို့၏ မျက်နှာကို ခပ်ဖွဖွ ပွတ်သပ်ကျီစယ်သွားသည်။
“ချန်ယွဲ့… ငါ ဒီနေ့ မင်းကို ခေါ်လိုက်တာက ငါ့ကိုယ်တော်ရဲ့ တော်ဝင်ချန်ရဲ့ စာပေ အရှိန်အဝါကို မင်းနဲ့အတူ ကြည့်ဖို့ပဲ။ စာပေယဉ်ကျေးမှုဆိုတာ မင်းဆက်တစ်ခုရဲ့ ထွန်းကားခြင်း၊ ကျဆုံးခြင်းနဲ့ ဆက်စပ်နေတယ်။ စာပေအရှိန်အဝါ ပိုကြီးမားလေ, မင်းဆက်က ပိုပြီး ကြီးပွားတိုးတက်လေပဲ။ ဒီနေ့က တော်ဝင်စာမေးပွဲနေ့လည်း ဖြစ်တယ်။ လူကောင်းတွေရော လူဆိုးတွေပါ ရောနှောနေကြတာ။ မင်းနဲ့ငါ၊ ငါကိုယ်တော် ဧကရာဇ်နဲ့ အစေခံတို့လည်း ငါကိုယ်တော်ရဲ့ တောင်ဝန်ချန် စာပေအရှိန်အဝါကို အတူတူ ကြည့်ကြရ အောင်။” တောင်ဝင်ချန် ဧကရာဇ်က စာဖြေနန်းတော်ဘက်သို့ အဝေးမှ လက်ညှိုးထိုးပြ လိုက်သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က ကျွန်တော်မျိုးဟာ နတ်ရွာစံ ဧကရာဇ်မင်းရဲ့ လမ်းညွှန်မူနဲ့ စာမေးပွဲမှာ ထိပ်ဆုံးကနေ အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့ စာဖြေနန်းတော်ရဲ့ စာပေ အရှိန်အဝါကို မြင်လိုက်ရတော့ ကျွန်တော်မျိုး တကယ်ကို ရှက်မိပါတယ်။ မဟာပညာရှင် ရှီဝမ်ယွမ်ရဲ့ ဆောင်ပါး ဝိညာဉ်ဟာ ကောင်းကင်ယံအထိ ရောက်ရှိပြီး နေနဲ့လကိုတောင် ယှဉ်နေတယ်။ ကျွန်တော်မျိုး မယှဉ်နိုင်ပါဘူး။”
“အို! ချန်ယွဲ့… မင်းဟာ အခု အမှန်တရားတာအိုဂိုဏ်းရဲ့ ခေါင်းဆောင် ဖြစ်နေပြီ၊ နှစ်ပေါင်း ၂၀ လည်း ကျင့်ကြံခဲ့ပြီးပြီ။ အဲဒီတုန်းက ရှီဝမ်ယွမ်ဟာ မင်းရဲ့ဆရာ ဖြစ်ခဲ့ပေမဲ့ အခုတော့ မင်းက သူ့ကို ကျော်သွားပြီလေ။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်က ဆိုသည်။
“စာပေလေ့လာခြင်းဟာ စိတ်နှလုံးကို ကြည်လင်စေသလို၊ တာအိုကျင့်ကြံခြင်းကလည်း အတူတူပါပဲ။ ကျွန်တော်မျိုးဟာ မကြာသေးခင် နှစ်တွေအတွင်းမှာ ရန်သူတွေကို နှိမ်နင်းဖို့ နဲ့ မိစ္ဆာတွေကို သတ်ဖြတ်ဖို့ ဘေးထွက် တာအိုကျင့်စဉ်အချို့ကို ကျင့်ကြံခဲ့တာပါ။ ကျွန်တော်မျိုးမှာ နည်းလမ်းအချို့ ရှိပေမဲ့ တာအိုနှလုံးကို နားလည်တဲ့နေရာမှာတော့ ဆရာ့ကိုမှီဖို့ အဝေးကြီး လိုပါသေးတယ်။”
ကျိချန်ယွဲ့သည်လည်း စာဖြေနန်းတော်ဘက်သို့ ကြည့်ကာ တည်ငြိမ်ပြီး ရိုသေလေးစား သော အသံဖြင့် ပြန်ပြောသည်။
“အို! ပိုးထည်ဆောင်းပါးပါလား။”
ထိုစဉ် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် စာဖြေနန်းတော်နှင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ကျိချန်ယွဲ့၏ အမူအရာလည်း ထိုနည်းအတူ ပြောင်းလဲသွားပါသည်။
“ရှီဝမ်ယွမ်ဟာ စာပေလောကရဲ့ မဟာပညာရှင် ဖြစ်နိုင်ပေမဲ့ ငါ သူ့ကို မရှုံးနိုင်ဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က စကားလုံးတွေထဲမှာ စီးဆင်းနေပြီး စကားလုံးတိုင်းက ဝင်းလက် တောက်ပ နေတယ်။ ငါ့ရဲ့စကားလုံးတွေကတော့ မင်းရဲ့အနှစ်သာရကို ဖုံးလွှမ်းသွားစေမယ့် ပန်းထိုး ပိုးထည်တွေလိုပဲ လှပနေမှာပဲ။”
ဖန်းယွမ်၏ စုတ်တံသည် ခေတ္တမျှ ရပ်သွားပြီး စက္ကူပေါ်တွင် အသက်ဝင်သော လက်ရေး စာတန်းများ ပေါ်လာသည်။
ဤ'ရှစ်နှစ်သား ပါရမီရှင်'သည် မောက်မာသော အမူအရာဖြင့် စုတ်တံကို ကောက်ကိုင် လိုက်ပြန်သည် - “ဒီကျယ်ပြောတဲ့ ကမ္ဘာကြီးထဲမှာ စာပေအရည်အချင်းနဲ့ ပတ်သက်လာရင် ရှီဝမ်ယွမ် တစ်ယောက်ပဲ ငါ့ကို ယှဉ်နိုင်တယ်။ ကံမကောင်းစွာပဲ၊ ကံမကောင်းတာက, သူက ဒီစာမေးပွဲကို သူ့ရဲ့ ဆောင်းပါးကတစ်ဆင့် ဧကရာဇ်ကို အကြံဉာဏ်ပေးဖို့ လာတာလေ။ သူဟာ ဧကရာဇ်ရဲ့ မျက်နှာသာပေးမှုကို လုံးဝ ရမှာမဟုတ်ဘူး။ ဒီတစ်ခါ ပထမဆုကတော့ ငါ့အတွက်ပဲ။”
“ကမ္ဘာပေါ်က မိသားစုကြီးတွေအားလုံးနဲ့ အထက်တန်းပညာရှင် ကိုးထောင်စလုံးဟာ သာမန်လူတွေပါပဲ။” ဖန်းယွမ်က ခပ်ဖွဖွ ပြုံးရင်း ဆက်ရေးလိုက်သည်။
“ဒီပုဂ္ဂိုလ်ဟာ လူသားမျိုးနွယ်အတွက် ထာဝရဆရာတစ်ဆူ ဖြစ်နိုင်တယ်။ သူပြောသမျှ စကားလုံးတိုင်းဟာ ဒီကမ္ဘာလောကကြီးရဲ့ ဥပဒေပဲ။ ဒါဟာ သူတော်စင်တစ်ပါးပဲ၊ ဒါဟာ 'ကွန်ဖြူးရှပ်' ပြောခဲ့တဲ့ သူတော်စင်တာအိုပဲ…”
ဟုန်ယွိသည် ‘သာမန်လူတစ်ယောက်သည် မျိုးဆက်တစ်ရာ၏ ဆရာဖြစ်နိုင်သည်၊ သူ၏ စကားလုံးတိုင်းသည် ကမ္ဘာလောက၏ ဥပဒေဖြစ်သည်’ ဟူသော အချက်ဖြင့် မေးခွန်းကို ဖြေဆိုပြီးနောက်၊ သူ၏ အတွေးများမှာ ရုတ်တရက် လှိုင်းထလာခဲ့သည်။ သူသည် ရှေးခေတ် 'သူတော်စင်များ' ၏ ဝိညာဉ်ကို ဆုပ်ကိုင်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့၏ ခန့်ညားထည်ဝါမှု…၊ သူတို့၏ ကြီးကျယ်ခမ်းနားမူ…။
သူသည် လူသားမျိုးနွယ်၏ ထာဝရဆရာ ဖြစ်နိုင်သည်။ သူပြောခဲ့သော စကားလုံးတိုင်းက ကမ္ဘာက လေးစားလိုက်ရသည့် ဥပဒေတစ်ရပ် ဖြစ်လာသည်။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို မည်သည့် ဘာသာစကားဖြင့် ရိုသေလေးစားရပါမည်နည်း။ သူ့ကို မည်သို့ ကိုးကွယ်ရပါမည်နည်း။
သူ ရေးသားနေစဉ် ဟုန်ယွိ၏ စိတ်ဝိညာဉ်သည် ရှေးခေတ် 'သူတော်စင်များ' ၏ သူတော်စင်တာအို အပေါ် သူ၏နားလည်မှုနှင့် ရိုသေလေးစားမှုကို အာရုံခံလိုက်မိသည်။ သူ၏စိတ်ဝိညာဉ်၊ စိတ်နေစိတ်ထားနှင့် အတွေးများသည် ဖြည်းညင်းစွာ စုစည်းလာပြီး အပြင်သို့ ပျံ့လွင့်မသွားတော့ပေ။
သို့သော် တဖြည်းဖြည်းနှင့် သူ၏ စုတ်တံအောက်မှ စကားလုံးများသည် ပျံဝဲလာသကဲ့သို့ ဖြစ်လာပြီး စကားလုံး တစ်လုံးစီတိုင်းသည် ဘုရားကျောင်းအတွင်း ကိုးကွယ်ထားသော 'သူတော်စင်ရုပ်တု' နှင့် ဟန်ချက်ညီညီ ပဲ့တင်ထပ်နေသကဲ့သို့ ဖြစ်လာလေသည်။
ဟုန်ယွိ ရေးသားလိုက်သော စကားလုံးတိုင်းသည် သူ၏စိတ်ဝိညာဉ်နှင့် အတွေးများကို ဆေးကြောသန့်စင်ပေးနေသကဲ့သို့ပင်။
ရုတ်တရက် သူ၏ ဆောင်းပါးမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိသွားပြီဟု ခံစားလိုက်ရ သဖြင့် သူသည် စုတ်တံကို အရှိန်ဟုန်ဖြင့် မြှောက်လိုက်သည်။
ဝုန်း!
ကြီးမားပြီး လွှမ်းမိုးချုပ်ကိုင်မူ ပြင်းထန်သော စိတ်ဝိညာဉ် စွမ်းအားတစ်ခုသည် ကောင်းကင်ယံသို့ ရုတ်တရက် ထိုးတက်သွားတော့သည်။
ဝီ… ဝီ… ဝီ…
ဟုန်ယွိ စုတ်တံကို မြှောက်လိုက်သည့် တခဏချင်းမှာပင်၊ ဘုရားကျောင်းအတွင်းရှိ ကိုးကွယ်ထားသော သူတော်စင်များ၏ ကမ္ဗည်းပြားများနှင့် ရုပ်တုများသည် ပြင်းထန်စွာ တုန်ခါလာကြသည်။
စာဖြေနန်းတော်အတွင်း၌ တုန်လှုပ်ချောက်ချားသံများ ပဲ့တင်ထပ်သွားသည်။
“သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်သူ့ရဲ့ ဆောင်းပါးက သူတော်စင်တာအိုနဲ့ တစ်ထပ်တည်း ကျနေလို့လဲ။ ဒါကြောင့်လဲ သူတော်စင်တစ်ရာက ဟန်ချက်ညီ ပဲ့တင်ထပ်နေတာပဲ။ ဒါက ဘယ်လို ဆောင်းပါးမျိုးလဲ။ ငါ ဒါကို ကြည့်မှကိုဖြစ်တယ်။”
လီရှန်ကွမ်သည် အခန်းထဲသို့ ဝင်ကာနီးမှ ပြန်ပြေးထွက်လာခဲ့သည်။ သူသည် သူ၏ ဂုဏ်သိက္ခာကိုပင် ဂရုမစိုက်နိုင်တော့ပေ။
“ဟင်” ဟုန်ရွှန်ကျိလည်း မတ်တပ်ရပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ဖုန်းဟွာဆောင်တွင် တော်ဝင်ချန် ဧကရာဇ် ယန်ဖန်နှင့် ကျိချန်ယွဲ့ တို့လည်း ထိတ်လန့်သွားကြသည်။
“သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း။ ဒါ ဘယ်သူ့ရဲ့ ဆောင်းပါးလဲ။ မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။ ဒီသူတော်စင် ရုပ်တုတွေကို မျိုးဆက်ပေါင်းများစွာ ကိုးကွယ် လာခဲ့တာ။ ရုပ်တုတွေမှာ နတ်ဘုရားတွေရဲ့ စွမ်းအားတွေ ရှိနေပြီ။ သူတို့မှာ အသိစိတ် မရှိပေမဲ့ သူတို့မှာ ကိုယ်ပိုင်လမ်းစဉ်တွေ ရှိကြတယ်။ သူတို့ရဲ့လမ်းစဉ်၊ ဝိညာဉ်နဲ့ ထပ်တူ ကျတဲ့ ဆောင်းပါးမျိုးကပဲ သူတို့ကို ပဲ့တင်ထပ် တုန့်ပြန်စေနိုင်မှာ။” ဖန်းယွမ်သည် ရေးလက်စကို ရပ်လိုက်သည်။ သူသည် အံ့အားသင့်လွန်းသဖြင့် စက္ကူပေါ်သို့ မှင်စက် တစ်စက် ကျလုနီးနီး ဖြစ်သွားခဲ့သည်။ ကံကောင်းထောက်မစွာ သူက လက်ဖြင့် လှမ်းဖမ်း လိုက်နိုင်သည်။
သို့သော်လည်း သူ၏ အတွေးစများမှာ ပြတ်တောက်သွားခဲ့ပြီး ဆက်လက်၍ မရေးသား နိုင်တော့ပေ။