အခန်း (၃၃၉-၃၄၀)
Vol. 31 Ch. 339-340
အခန်း (၃၃၉)။
“သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း ဟုတ်လား။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလိုမျိုးက မဖြစ်သင့်ဘူး။ မင်းဆက်အသီးသီးနဲ့ တော်ဝင် စာမေးပွဲ သမိုင်းတစ်လျှောက်မှာ အလွန်စင်ကြယ်ပြီး၊ အရေးအသားပုံစံနဲ့ နက်ရှိုင်းတဲ့ ကျင့်ကြံမှုရှိတဲ့ ကွန်ဖြူးရှပ် သူတော်စင်ကြီးတွေ၊ သူတော်စင်တာအိုနဲ့ ကိုက်ညီတဲ့ ခိုင်မာတဲ့ စိတ်ဝိညာဉ် စွမ်းအားရှိသူတွေလောက်သာ သူတော်စင်တစ်ရာရဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်တာ။ သူတော်စင်တစ်ရာရဲ့ အသိအမှတ်ပြုမှုကို ရရှိသူဟာ ဧကရာဇ်ကိုယ်တိုင် အသိမှတ်ပြုရပြီး၊ ထိပ်တန်းပထမဆုရှင်အဖြစ် ကိုယ်တိုင် ခန့်အပ်ရတာ။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လိုလုပ် ငါ မဖြစ်ရတာလဲ။ အဲဒါ ဘယ်သူလဲ။ ရှီဝမ်ယွမ်လည်း မဟုတ်ဘူး၊ ငါလည်း မဟုတ်ဘူး။ သူ့ရဲ့ အနှစ်သာရ၊ စွမ်းအားနဲ့ စိတ်ဝိညာဉ်ကို စာပေထဲမှာ စုစည်းနိုင်ပြီး သူတော်စင်တစ်ရာကို တကယ်ပဲ ပဲ့တင်ထပ်စေနိုင်တဲ့လူမျိုး ဒီလောကကြီး မှာ ရှိလိမ့်မယ်လို့ ငါ မယုံဘူး…။”
စာဖြေခန်းထဲတွင် ရှစ်နှစ်သား ပါရမီရှင်ကလေး ဖန်းယွမ်သည် ကျလာသော မှင်စက်ကို လှမ်းဖမ်းလိုက်သဖြင့် သူ၏ စာဖြေလွှာများ စွန်းထင်းခြင်း မရှိသည်ကို မြင်တွေ့လိုက်ရမှ, သူသည် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူ၏ လက်ပေါ်မှ မှင်အစွန်းအထင်းများကို တဘက်ဖြင့် သုတ်ပြီးနောက် အံတင်းတင်းကြိတ်ကာ သူ၏ အသက်အရွယ်နှင့် မလိုက်ဖက် သော ကောက်ကျစ်သည့် အပြုံးတစ်ခုကို ထုတ်ဖော်လိုက်ပါသည်။
ထိုကောက်ကျစ်သော အပြုံးတွင် ပြင်းထန်သော မနာလိုမှုများ ပါဝင်နေသည်။ မိမိပိုင်ဆိုင် သည့် အရာတစ်ခုကို တစ်စုံတစ်ဦးက လုယူသွားသည့်အတိုင်းပင်။
အမှန်တကယ်တွင်လည်း သူပိုင်ဆိုင်သင့်သည့် အရာတစ်ခုကို လုယူခံလိုက်ရခြင်း ဖြစ်သည်။ ၎င်းမှာ တော်ဝင်စာမေးပွဲတွင် ထိပ်တန်းပထမဆုရှင်ဘွဲ့ကို ရရှိမည့် သူ၏ ကြီးကျယ်သော ဂုဏ်သတင်းပင် ဖြစ်သည်။ ဤဂုဏ်သတင်းသည် နန်းတွင်း၌ရော သာမန် ပြည်သူများကြားမှာပါ အတိုင်းအဆမရှိ ကြီးမားလှသည်။
သာမန်ပြည်သူများသည် ထိပ်တန်းပထမဆုရှင်ကို ကောင်းကင်ဘုံမှ မြေပြင်သို့ ဆင်းသက် လာသည့် စာပေကြယ်ပွင့်ဟု တင်စားကြသည်။
သို့သော် ခေတ်အဆက်ဆက်တွင် ထိပ်တန်းပညာရှင်များစွာ ရှိခဲ့သော်လည်း၊ သူတို့၏ ဆောင်းပါးဖြင့် သူတော်စင်တစ်ရာ၏ ပဲ့တင်ထပ်မှုကို ရရှိနိုင်သူမှာ အလွန်ပင် ရှားပါးလှ သည်။ အလွန်တရာ တိုးတက်စည်ပင်သော မင်းဆက်များ၊ စာပေယဉ်ကျေးမှု ထွန်းကား သော ခေတ်များတွင်သာ သူတော်စင် ပညာရှင်ကြီး တစ်ဦး ပေါ်ထွက်လာတတ်ခြင်း ဖြစ်သည်။
စာဖြေခန်းအတွင်း၌ ကျွမ်းကျင်သူတစ်ဦး ဆောင်းပါးရေးသည့်အခါ, မိမိ၏ အနှစ်သာရ၊ စွမ်းအားနှင့် စိတ်ဝိညာဉ်တို့ကို စုစည်းထားရခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ, သူတော်စင် တစ်ရာကို ပဲ့တင်ထပ်စေနိုင်သည့် ဆောင်းပါး၏ အခြေခံသဘောတရားနှင့် စိတ်ဝိညာဉ် စွမ်းအားမှာ အလွန်ခိုင်မာလွန်း၍ ဖြစ်သည်။ ၎င်းသည် အံ့ဖွယ်ကိစ္စဖြစ်ပြီး၊ မင်းဆက် သမိုင်း မှတ်တမ်းများတွင် မှတ်တမ်းရေးထိုးထားကာ စာပေလောက၏ ကြီးကျယ်သော အဖြစ်အပျက် တစ်ခုအဖြစ် သတ်မှတ်ခံရသည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် တရားဝင်မဟုတ်သော ဂုဏ်ပုဒ်တစ်ခု ရှိနေတတ်ပြီး ၎င်းမှာ “သူတော်စင်ငယ်” ဟူ၍ ဖြစ်သည်။ သူသည် သူတော်စင်စစ်စစ် မဟုတ်သေးသော်လည်း ရှေးခေတ် သူတော်စင်များနှင့် နီးစပ်နေပြီး သူတို့၏ ထောက်ခံ အတည်ပြုမှုကို ရရှိထားသူ ဖြစ်သည်။
မှန်ပါသည်၊ တော်ဝင်နန်းတော်ကမူ ယင်းကို တရားဝင် ထုတ်ဖော်ပြောဆိုလိမ့်မည် မဟုတ်ပေ။ အကြောင်းမှာ နန်းတော်သည် မိမိ၏ အာဏာစက်ကို ထိန်းသိမ်းရမည် ဖြစ်သောကြောင့်ပင်။ အကယ်၍ သူတော်စင်ငယ် တစ်ဦး ပေါ်ထွက်လာပါက ဧကရာဇ်နှင့် သူတော်စင် မည်သူက ပို၍ စွမ်းအားကြီးမည်နည်း။
သို့သော်လည်း နန်းတွင်းနှင့် ပညာရှင်အသိုင်းအဝိုင်းတွင်မူ ထိုဂုဏ်သတင်း၏ လွှမ်းမိုးမှုမှာ အတိုင်းအဆမရှိပေ။
တော်ဝင်စာဖြေနန်းတောင်ရှိ သူတော်စင်တစ်ရာကို ပဲ့တင်ထပ်စေနိုင်သည့် ဆောင်ပါးရှင် ကို မည်သူက ယှဉ်ရဲပါမည်နည်း။ ဧကရာဇ်သည်ပင် သူသည် စာပေလောက၏ ခေါင်းဆောင်အဖြစ် ထိုက်တန်ကြောင်း အသိမှတ်ပြု ဝန်ခံရပေလိမ့်မည်။
ထိုကဲ့သို့သော ဆောင်းပါးကို ရေးသားသူသည် စာမေးပွဲပင် ဖြေဆိုနေစရာ မလိုတော့ဘဲ ဧကရာဇ်က ကျွမ့်ယွမ်ဘွဲ့ကို အပ်နှင်းရပေမည်။
ကျောက်စိမ်းမြို့တော်ရှိ တော်ဝင်စာမေးပွဲခန်းမထဲမှ သူတော်စင် ရုပ်တုများကို တော်ဝင် ချန်မင်းဆက်က တည်ထားခြင်း မဟုတ်ဘဲ၊ လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ကတည်းက တည်ထားခဲ့ခြင်း ဖြစ်သည်။
ခေတ်အဆက်ဆက်တွင် တော်ဝင်မိသားစုများ မည်မျှပင် ရက်စက်ကြမ်းကြုတ်ပါစေ၊ စာဖြေနန်းတော်ရှိ ရှေးခေတ် သူတော်စင်ရုပ်တုများကို မည်သူမျှ မဖျက်ဆီးရဲကြပေ။ ထိုအစား မြို့တော်ကို သိမ်းပိုက်နိုင်သည်နှင့် ပြည်သူ့မေတ္တာကို ရရှိရန် ဤနေရာသို့ လာရောက် ပူဇော်ကြရစမြဲ ဖြစ်သည်။
နှစ်ပေါင်း နှစ်ထောင်ကျော်တိုင်အောင် စာဖြေနန်းတော်ရှိ ရှေးခေတ် သူတော်စင်ရုပ်တုများ တွင် အမွှေးတိုင်မီး မပြတ်ခဲ့ခြင်းမှာ အလယ်ပိုင်းကုန်းမြေ ကောင်းကင်နိုင်ငံ၏ ယဉ်ကျေးမှု အနှစ်သာရကို ကိုယ်စားပြုသောကြောင့် ဖြစ်သည်။
မည်သည့် စာပေပညာရှင်မဆို စာဖြေနန်းတော်ရှိ ရှေးခေတ် သူတော်စင်ရုပ်တုများတွင် ဤကမ္ဘာလောက၏ ဖြောင့်မတ်တည်ကြည်မှုကို ထိန်းသိမ်းပေးသော မဟာနတ်ဘုရား တစ်ပါး၏ စွမ်းအားရှိသည်ဟု ယုံကြည်ကြသည်။
စာဖြေနန်းတော်တွင် ‘ဖြောင့်မတ်သော လမ်းစဉ်’ ကို ကိုယ်စားပြုသည့် သူတော်စင်ရုပ်တု ရာနှင့်ချီ ရှိနေသည်။ မည်သည့် နတ်ဆိုးဝိညာဉ်မျှ ပြဿနာရှာရန် မရဲကြပေ။
လက်တွေ့မှာလည်း မည်သည့် တာအိုပညာရှင်ဆို စာဖြေနန်းတော်အတွင်း၌ မိမိ၏ အတွေးများကို ခန္ဓာကိုယ် အပြင်ဘက်သို့ မထုတ်လွှတ်ရဲကြပေ။ အကြောင်းမှာ သူတို့သည် ထိုသို့ မလုပ်နိုင်သောကြောင့်ပင်။ သူတော်စင်ရုပ်တုများ၏ ကြီးမြတ်သော အရှိန်အဝါက ခန္ဓာကိုယ်မှ ထွက်ခွာလိုသော အတွေးတိုင်းကို ဖိနှိပ်ထားလိမ့်မည်။ စိတ်ဝိညာဉ်များ၊ တစ္ဆေအင်မော်တယ်များ၊ နက်နဲသော တာအိုပညာရပ်ကို ပိုင်ဆိုင်ထားသည့် တစ္ဆေ အင်မော်တယ်များပင် ဤနေရာကို မစော်ကားရဲကြပေ။
အထူးသဖြင့် မဟာပညာရှင်ကြီးများသည် ထိုရုပ်တုများတွင် ကိုယ်ပိုင်အသိစိတ် မရှိသော် လည်း စင်ကြယ်သော ‘အမှန်ကန်တရား’ တစ်မျိုးကို ကိုယ်စားပြုကြောင်း နားလည် ထားကြသည်။
အမှန်တရားသည် အမှန်တရားပင် ဖြစ်သည်။ တာအိုသည် စွမ်းအားကို ကိုယ်စားပြုပြီး အမှန်တရားသည် ဥပဒေများကို ကိုယ်စားပြုသည်။ အမှန်တရားများ စုစည်းလိုက်သည့် အခါ ၎င်းသည် အတိုင်းအဆမဲ့ စွမ်းအားကို ပိုင်ဆိုင်ပြီး စည်းမျဉ်းစည်းကမ်းများကို ထိန်းချုပ်နိုင်သည်။ ထိုသို့ဆိုလျှင် ဤကမ္ဘာလောကတွင် ၎င်းထက် ကြီးမြတ်သောအရာ အဘယ်မှာ ရှိပါတော့မည်နည်း။
“စာပေလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ကြီး၊ စာပေလောကရဲ့ ကြီးကျယ်ခန်းနားတဲ့ ဖြစ်ရပ်ကြီးပဲ…”
လီရှန်ကွမ်သည် စာစစ်မှူးချုပ်ရုံးခန်းထဲမှ ပြေးထွက်လာပြီးနောက် အပြင်ဘက်တွင် ဆူညံ သွားတော့သည်။ စာဖြေသူများစွာသည် သူတို့၏ အခန်းထဲမှ ခေါင်းပြူ၍ ကြည့်ကြသည်။ အစောင့်များနှင့် ပုန်းကွယ်နေသော ပညာရှင်များလည်း ဤကဲ့သို့ ထူးဆန်းသော မြင်ကွင်းမျိုးကို တစ်ခါမျှ မကြုံဖူးသဖြင့် စတင်ဆွေးနွေးလာကြသည်။
ထိုသို့ ဆူညံနေသည်ကို မြင်သောအခါ လီရှန်ကွမ်သည် စာဖြေနန်းတော် အလယ်ရှိ မြင့်မားသော စင်မြင့်ပေါ်သို့ ပြေးတက်ကာ သတိပေးခေါင်းလောင်းကို တီးလိုက်သည်။ သူက ပြတ်သားစွာ အော်ဟစ်လိုက်သည် “နိုင်ငံတော်ရဲ့ တော်ဝင်စာမေးပွဲကြီးမှာ ဆောင်းပါးရဲ့ အနှစ်သာရက သူတော်စင်တစ်ရာကို လှုပ်ခတ်စေခဲ့ပြီး သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းလဲ တစ်ချိန်တည်းမှာ ဖြစ်ပေါ်ခဲ့ပြီ။ ဒါဟာ စာပေလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ကြီးဖြစ်သလို၊ တောင်ဝင်ချန်မင်းဆက်ရဲ့ ကြီးပွားတိုးတက်မှု ရောက်ရှိလာ ခြင်းပဲ။ ဒါဟာ တကယ်ကို မင်္ဂလာရှိတဲ့ နိမိတ်ပဲ။ ဘယ်သူမှ မဆူညံကြပါနဲ့။ အစောင့်အားလုံး ကိုယ့်အခန်းကို စောင့်ကြပ်ကြ။ ဆူဆူညံညံ လုပ်တဲ့သူကို ပြင်းပြင်း ထန်ထန် အရေးယူ အပြစ်ပေးမယ်။ ဒီစာစစ်မှူးမှာ ဧကရာဇ်ရဲ့ ဓားပါရှိတယ်။ ဆူဆူညံညံ လုပ်တဲ့လူသမျှ သနားညှာတာမှုမရှိ ကွပ်မျက်မယ်။ ဒီဖြစ်ရပ်ဟာ မင်္ဂလာရှိတဲ့ အတိတ် နိမိတ်ဖြစ်သလို သာမန်ကိစ္စ မဟုတ်ဘူး။ ဒီကိစ္စကို စာစစ်မှူးချုပ်ဟုန်နဲ့ ငါ ဧကရာဇ်ဆီ အစီရင်ခံမယ်။ ငါတို့ ဧကရာဇ် ဆုံးဖြတ်ချက်ချကို စောင့်ကြရအောင်။”
ယခုလေးတင် ဖြစ်ပျက်ခဲ့သော သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းသည် အလွန် ကျယ်လောင်လွန်သောကြောင့် ဖုံးကွယ်ထား၍ မရနိုင်ပေ။ သဘာဝအတိုင်း လူတိုင်း ထိတ်လန့်သွားကြသည်။
ရောက်ရှိနေကြသည့် စာဖြေဆိုသူ ၉,၀၀၀ ထဲတွင် အနှိုင်းမဲ့ ပညာရှင်များစွာ ပါဝင်နေ သည်။ သူတို့အားလုံးသည် သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း၏ အဓိပ္ပာယ်ကို သိရှိကြသဖြင့် အလွန်အမင်း တုန်လှုပ်သွားကြသည်။
နန်းတွင်းတွင် ဤလောက၏ ထူးခြားဖြစ်စဉ်များကို စောင့်ကြည့်ရသော တော်ဝင် နက္ခတ် ဗေဒပညာရှင်တစ်ဦး ရှိသည်။ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ နေကြတ်လခြင်း စသည်တို့ကို အစီရင်ခံရသည်။ ယခုအခါ စာဖြေနန်းတော်အတွင်းရှိ ထူးခြားဖြစ်စဉ်ကို လူတိုင်း သိရှိသွားပြီ ဖြစ်သဖြင့် ချက်ချင်း အစီရင်ခံရပေမည်။
လီရှန်ကွမ်သည် ဆူညံမှုများကို နှိမ်နင်းပြီးနောက် အခန်းတစ်ခန်းကို လှမ်းကြည့်လိုက် သည်။ ဖြောင့်တန်းသော အလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ထိုးဖောက်သွား သည်။ တစ်ချိန်တည်းမှာပင် သူတော်စင်တစ်ရာ ဘုရားကျောင်းမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဤအလင်းတန်းနှင့် ဟန်ချက်ညီညီ ပဲ့တင်ထပ်နေသည်။ သာမန်လူများ မမြင်နိုင်သော်လည်း သူသည် ဆယ်စုနှစ်ပေါင်းများစွာ သူ၏ စွမ်းအားကို ကျင့်ကြံလာခဲ့ သော မဟာပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ စိတ်စွမ်းအားမှာ အလွန်ခိုင်မာလှရာ မည်သို့ မခံစားနိုင်ဘဲ နေမည်နည်း။
“ဟိုအခန်းထဲက စာဖြေသူက ဘယ်လို သူတော်စင်မျိုးလဲ။ သေချာစောင့်ကြပ်ကြ။ မြန်မြန်၊ မြန်မြန်… အဲဒါ ဘယ်သူလဲ။ ငါကိုယ်တိုင် သွားပြီး အရိုအသေပေးချင်တယ်။”
သူပြောရင်းနှင့် စင်မြင့်ပေါ်မှ အလျင်အမြန် ဆင်းလာခဲ့သည်။
ဟုန်ယွိ၏ အခန်းကို စစ်သားများက ဝိုင်းရံထားကြပြီ ဖြစ်သည်။
ထိုအခန်းမှ စာစစ်မှူးမှာလည်း ခြေထောက်များ တုန်ရင်နေပြီး စကားပင် ကောင်းကောင်း မပြောနိုင်တော့ပေ။
“အဲဒီစာဖြေသူက… မနှစ်က ကျောက်စိမ်းမြို့တော် စာမေးပွဲမှာ ထိပ်ဆုံးက အောင်မြင်ခဲ့တဲ့ ဟုန်ယွိပါ… တော်ဝင်ချန် ဧကရာဇ်အကြံပေးဟုန်ရဲ့ တရားမဝင်သားပေါ့။ သူက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ သိုင်းစာမေးပွဲမှာ ပထမရခဲ့သေးတယ်…”
“မြန်မြန်၊ မြန်မြန်…”
လီရှန်ကွမ်သည် စာစစ်မှူး၏ စကားများကို ဂရုမစိုက်ဘဲ ဟုန်ယွိ စာမေးပွဲဖြေနေသော အခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားတော့သည်။
“ဒီဆောင်းပါးဟာ ငါ့တာအိုပညာရပ်တွေရဲ့ အနှစ်သာရလို့ ပြောလို့ရတယ်… စာစစ်မှူး…”
ဆောင်းပါးကို ရေးသားပြီးနောက် ဟုန်ယွိသည် သူ၏ နက်နဲသော အတွေးများမှ နိုးထလာခဲ့ သည်။ ရုတ်တရက် စာဖြေနန်းတော်ရှိ ရှေးခေတ် သူတော်စင်ရုပ်တုကြီးမှာ အဆက်မပြတ် တုန်ခါနေသည်ကို သူ ခံစားလိုက်ရသည်။ သူသည် အစပိုင်းတွင် ထိတ်လန့်သွားသော် လည်း နောက်ပိုင်းတွင် အကြောင်းရင်းကို ချက်ချင်း နားလည်လိုက်သည်။
ထို့နောက် စစ်သည်များစွာသည် လှံများကို ကိုင်ကာ အခန်းအပြင်ဘက်တွင် စနစ်တကျ တန်းစီနေကြသည်ကို သူ တွေ့လိုက်ရသည်။ လီရှန်ကွမ်နှင့် စာစစ်မှူးများသည်လည်း ဝံပုလွေများ၊ ကျားများကဲ့သို့ သူရှိရာသို့ အပြေးအလွှား လာနေကြသည်။
“ဟုန်ယွိ… မင်း တကယ်ပဲ ဖြစ်နေတာလား… မင်း ဆောင်းပါး ရေးပြီးပြီလား။” လီရှန်ကွမ်သည် ခြေလှမ်းအနည်းငယ်ဖြင့် အခန်းဝသို့ ရောက်လာပြီး ရပ်လိုက်သည်။ သူသည် ဟုန်ယွိ ရေးထားသော ဆောင်းပါးကို အရိုအသေ ပေးလိုက်ပြီးမှ စိတ်ကို တည်ငြိမ် အောင် ထားလိုက်သည်။
“မင်းရဲ့ ဆောင်းပါးက ဒီအဆင့်အထိ ရောက်နေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ သူတော်စင်တစ်ရာနဲ့ ပဲ့တင်ထပ်နိုင်ဖို့ဆိုတာ… မင်းရဲ့ ဆောင်းပါးကို ငါ ချိပ်ပိတ်ထားရမယ်၊ ပြီးတော့ ဧကရာဇ်ကို ကိုယ်တိုင် ဆုံးဖြတ်ခိုင်းရမယ်။”
“တစ်ယောက်ယောက်… လာစမ်း၊ ဆောင်းပါးကို သေသေချာချာ ချိပ်ပိတ်လိုက်စမ်း။”
လီရှန်ကွမ်က အမိန့်ပေးလိုက်သည်။ “ဟုန်ယွိ… ငါ အခု မင်းနဲ့ အသေးစိတ် စကားပြောဖို့ အချိန်မရှိသေးဘူး။ စာမေးပွဲပြီးရင်တော့ မင်းဆီကနေ ပညာသင်ကြားခြင်း လမ်းစဉ်နဲ့ ပတ်သက်ပြီး အကြံဉာဏ် တောင်းခံရဉီးမယ်။”
သူပြောရင်းနှင့် ဟုန်ယွိကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးမှ ထွက်သွားတော့သည်။
“သူတော်စင်ငယ်၊ သူတော်စင်ငယ်… ဆောင်းပါးရဲ့ ဝိညာဉ်ဟာ သူတော်စင်တစ်ရာရဲ့ အသိအမှတ်ပြုမှုနဲ့ ပဲ့တင်ထပ်မှုကို ရရှိနိုင်တယ်။ အဲဒီလူက တကယ်ပဲ ဘယ်သူလဲ။ ဒီအဆင့်အထိ လေ့လာနိုင်မှတော့ ဒီဘဝက တကယ်ကို အချည်းနှီး မဖြစ်တော့ဘူး… ရှေးခေတ် သူတော်စင် ရုပ်တုတွေအားလုံးမှာ အမှန်တရားရဲ့ အတွေးတွေ စုစည်းနေတာ၊ နှစ်ပေါင်း ထောင်ချီကြာတဲ့အထိ ပျောက်ကွယ်မသွားဘူး။ လူတစ်ယောက်ရဲ့ အတွေးတွေ ဟာ စင်ကြယ်ပြီး မိမိကိုယ်ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံထားမှ၊ သူတော်စင်တာအိုနဲ့ ကိုက်ညီမှပဲ သူတော်စင်အားလုံးနဲ့ ပဲ့တင်ထပ်နိုင်မှာ။ ဒီလောကမှာ အမှန်တကယ်ပဲ အဲဒီလိုလူ ရှိနေတာလား။ သမိုင်းမှာ ဒီလို ကြီးကျယ်တဲ့ အဖြစ်အပျက်မျိုးဟာ နှစ်ငါးရာမှ တစ်ကြိမ်ပဲ ဖြစ်တတ်တာ… ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
စာဖြေခန်းထဲတွင် ရှီဝမ်ယွမ်သည်လည်း ကွန်ဖြူးရှပ်ကျောင်းဆောင်အတွင်းရှိ ရှေးခေတ် သူတော်စင် ရုပ်တုများ လှုပ်ခတ်သွားသည်ကို ကြားလိုက်ရသည်။
သူသည် မဟာပညာရှင်ကြီးတစ်ဦး ဖြစ်သဖြင့် ထိုရှေးခေတ် သူတော်စင်များသည် ‘အမှန်တရား’ ၏ စင်ကြယ်သော ဆန္ဒများဖြင့် ဝန်းရံထားကြောင်းကို သဘာဝအတိုင်း သိရှိထားသည်။ သူတော်စင်တစ်ဦးစီတွင် အနည်းဆုံး အမှန်တရား တစ်မျိုး ရှိနေသည်။ သူတို့၏ အရေးအသားများသည် ထိုအမှန်တရားနှင့် ကိုက်ညီမှသာ၊ သူတို့၏ ပညာအရည် အသွေးက သန့်စင်ပြီး စိတ်အာရုံကို အလွန်မြင့်မားသော အဆင့်အထိ ကျင့်ကြံထားမှသာ သူတို့၏ အရေးအသားများသည် သူတောင်စင်တစ်ပါးကို ပဲ့တင်ထပ်စေနိုင်မည် ဖြစ်သည်။
သမိုင်းတွင် စာဖြေခန်းအတွင်း၌ ဤကဲ့သို့ အဖြစ်ရပ်မျိုး ပေါ်ပေါက်လာပါက, စာပေ လောကတွင် ကြီးကျယ်သော အဖြစ်အပျက်တစ်ခု ဖြစ်လာပြီး ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလိမ့်မည်။
“မူလက ရှစ်နှစ်သားကလေးရဲ့ စွမ်းအားက ကြီးမားပြီး သူ့ရဲ့ စကားလုံးတွေက လှပခမ်းနား နေလို့ သူက ငါ့ရဲ့ အစွမ်းထက်ဆုံး ပြိုင်ဘက်လို့ ငါ ထင်ခဲ့တာ။ ဒါပေမဲ့ စာပေပညာမှာ တကယ်ကို စင်ကြယ်ပြီး သူတော်စင်တာအိုရဲ့ သာတော်အဖြစ် ပဲ့တင်ထပ်နိုင်တဲ့ ‘သူတော်စင်ငယ်’ က တခြားတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ အဲဒီလူ က လွန်ခဲ့တဲ့ ရက်ပိုင်းက ဝမ်ချန်းလမ်းမပေါ်မှာ ငါတွေ့ခဲ့တဲ့ လူများလား။”
ရှီဝမ်ယွမ်သည် သူ၏ စုတ်တံကို ချလိုက်ပြီး လက်ကို ရေဖြင့် ဆေးလိုက်သည်။ သူသည် အခန်းပြင်သို့ ထွက်ကာ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
“စာပေမှာ ပထမနေရာ မရှိသလို သိုင်းပညာမှာလည်း ဒုတိယနေရာဆိုတာ မရှိဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ရှေးခေတ် သူတော်စင်တွေရဲ့ သူတော်စင်တာအိုက ရွေးချယ်မှု တစ်ခုကို ပြုလုပ်လိုက်ပြီ။ နန်းတွင်းက ဒါကို ဘယ်လိုမြင်မလဲ ငါ သိချင်မိတယ်။ ဧကရာဇ်ဟာ အခု ဖုန်းဟွာဆောင်ကနေ တော်ဝင်ချန်းရဲ့ စာပေကံတရားကို စောင့်ကြည့်နေလောက်ပြီ။ ဧကရာဇ်ဟာ ဒါကို မြင်တွေ့မှာ အသေအချာပဲ… သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းဟာ စာပေလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ပဲ။ ဒါပေမဲ့ ငါ ဒီကို လာတာက ဧကရာဇ်ကို အကြံပေးဖို့ပဲ၊ ကျွမ့်ယွမ်ဘွဲ့ကို ယူဖို့ မဟုတ်ဘူး။ ငါ့ကို ကျော်တက် သွားလည်း ကိစ္စမရှိပါဘူး။ ဒါ့အပြင် ရှေးခေတ် သူတော်စင်တွေရဲ့ ရွေးချယ်မှုကို ငါ အပြည့်အဝ လက်ခံတယ်။”
“ဧကရာဇ်အကြံပေး၊ သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းဟာ စာပေလောကရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖြစ်ရပ်ပဲ။ ဒါဟာ သမိုင်းမှတ်တမ်းတွေမှာ သေချာပေါက် ရေးထိုးခံရ လိမ့်မယ်။ ဂုဏ်ယူပါတယ် ဧကရာဇ်အကြံပေး။ သူတော်စင်တရားရဲ့ ပဲ့တင်ထပ်ခြင်းကို ဆွဲဆောင်နိုင်တဲ့ ဆောင်းပါကို ဧကရာဇ်အကြံပေးရဲ့ သားက ရေးသားခဲ့တာပါ။ သူဟာ နောင်တစ်ချိန်မှာ စာပေလောကရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာမှာ အသေအချာပါပဲ။ ရှေးခေတ် သူတော်စင်တွေကိုယ်တိုင် ရွေးချယ်တဲ့ ဆောင်းပါးဆိုတာ သာမန်ကိစ္စ မဟုတ်ဘူး။ ကျွန်တော်မျိုးက ဆောင်းပါးကို ချိပ်ပိတ်ဖို့ အမိန့်ပေးထားပြီးပြီ၊ နန်းတွင်းက ဆုံးဖြတ်ချက် ချပေးပါလိမ့်မယ်။”
လီရှန်ကွမ်သည် စာစစ်မှူးများကို ဦးဆောင်၍ အတွင်းသို့ ဝင်လာပြီးနောက်၊ မတ်တပ်ရပ်၍ အမိုးပေါ်မှတဆင့် ကောင်းကင်ယံကို ကြည့်နေသော ဟုန်ရွှန်ကျိကို လက်နှစ်ဘက် ယှက်ကာ နှုတ်ဆက်ပြီး ပြောလိုက်သည်။
အချို့သော စာစစ်မှူးများကလည်း အပြေးအလွှား ထောက်ခံကြသည်။
“ဂုဏ်ယူပါတယ် ဧကရာဇ်အကြံပေး။ အတိတ်တုန်းက ဧကရာဇ်အကြံပေးဟာ စာမေးပွဲမှာ တတိယရခဲ့ပြီး အခုတော့ ကျွန်တော်တို့ တော်ဝင်ချန် စာပေလောကရဲ့ ခေါင်းဆောင် တစ်ဦး ဖြစ်နေပြီ။ ဧကရာဇ်အကြံပေးရဲ့ သားက ဖခင်ကို ကျော်တက်သွားလိမ့်မယ်လို့ ကျွန်တော်တို့လည်း မထင်ထားခဲ့ဘူး။ သူ့ရဲ့ ဆောင်းပါးကို ရှေးခေတ် သူတော်စင်ရုပ်တု တွေနဲ့ သူတော်စင်တာအိုက အသိအမှတ်ပြုလိုက်ပြီ။ ဧကရာဇ်အကြံပေးရဲ့ သားဟာ နောင်တချိန်မှာ စာပေလောကရဲ့ ခေါင်းဆောင် ဖြစ်လာမှာ သေချာပါတယ်။”
အခြား စာစစ်မှူးများကလည်း အံ့သြချီးမွမ်းကြသည်။
“ကျွန်တော်တို့ဟာ စာစစ်မှူးတွေ ဖြစ်ပေမဲ့ ရှေးခေတ် သူတော်စင်ရုပ်တုတွေတောင် လှုပ်ခတ်သွားစေတဲ့ ဆောင်းပါးတစ်ပုဒ်ကို မှတ်ချက် မပေးနိုင်ပါဘူး။ ဒါကို ဆုံးဖြတ်ဖို့ ဧကရာဇ်ဆီပဲ အပ်နှံနိုင်ပါတယ်။” လီရှန်ကွမ်က ဆိုသည်။
“အင်း… ဒါဆိုရင်လည်း ဆုံးဖြတ်ချက်ချပေးဖို့ ဧကရာဇ်ဆီကို အမိန့်တောင်းခံလိုက်ပါ။ သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းဟာ စာပေလောကရဲ့ ကြီးကျယ်တဲ့ အဖြစ်အပျက်ပဲ။ ဒီအတွက် အစဉ်အလာတွေ ရှိပြီးသား။ ငါဟာ စာစစ်မှူးချုပ် ဖြစ်ပေမဲ့ ရှေးခေတ် သူတော်စင်ရုပ်တုတွေကို လှုပ်ခတ်စေခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကိုတော့ မှတ်ချက် မပေးရဲဘူး။”
ဟုန်ရွှန်ကျိ၏ နှုတ်ခမ်းများ လှုပ်ရှားသွားသည်။ သူသည် စာစစ်မှူးချုပ် ထိုင်ခုံတွင် လှုပ်ရှားမှု မရှိဘဲ ထိုင်နေသည်။ သူ ဘာတွေ စဉ်းစားနေသည်ကို မည်သူမျှ မသိနိုင်ပေ။
ဤကိစ္စနှင့် ပတ်သက်၍ သူသည် နန်းတွင်း၌ ကြီးမားသော အာဏာရှိသည့် တော်ဝင်ချန် ဧကရာဇ်အကြံပေး ဖြစ်သော်လည်း ဟုန်ယွိ၏ စာဖြေလွှာကို နှောင့်ယှက်ရန် နည်းလမ်း မရှိပေ။ သူတော်စင်များပင် ပဲ့တင်ထပ်ခဲ့သော ဆောင်းပါးမှာ သာမန်ကိစ္စ မဟုတ်ပေ။
အရေးကြီးဆုံးမှာ ကိစ္စရပ်များကို လုပ်ဆောင်ရာတွင် အစဉ်အလာများ ရှိနေခြင်းပင်။ ဟုန်ရွှန်ကျိ မည်မျှပင် စွမ်းအားကြီးပါစေ၊ သမိုင်းက အတည်ပြုပြီးသား အရာတစ်ခုကို သူ ပြောင်းပြန်လှန်၍ မရနိုင်ပေ။
“စာဖြေနန်းတော်က ရှေးခေတ် သူတော်စင်ရုပ်တုတွေကို လှုပ်ခတ်စေခဲ့တဲ့ ဆောင်းပါး ဆိုတာ နှစ်ငါးရာမှာ တစ်ကြိမ်ပဲ ဖြစ်ပေါ်တတ်တဲ့ ကြီးကျယ်တဲ့ အဖြစ်အပျက်ပဲ။ ငါ ရှေးဟောင်း စာအုပ်များစွာကို ဖတ်ဖူးပြီး အဲဒီမြင်ကွင်းကို စိတ်ကူးကြည့်ခဲ့ဖူးတယ်။ အခုတော့ ငါ တကယ် စိတ်လှုပ်ရှားမိတယ်။ ဒီလို မြင်ကွင်းမျိုးကို ငါ တကယ် ကြုံတွေ့ရ လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါ ပြန်ရောက်ရင် ဒါနဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ် ရေးဦး မယ်။ ဒီကိစ္စကို ငါ သေချာပေါက် မှတ်တမ်းတင်ရမယ်။”
ဤအချိန်တွင် ‘ကျူ’ ဟု မျိုးရိုးအမည်ရှိသော လူလတ်ပိုင်း ကွန်ဖြူးရှပ်ပညာရှင်သည်လည်း ရေးသားခြင်းကို ရပ်လိုက်သည်။ သူ၏ စိတ်နှလုံးမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ သည်။
“ဒီကမ္ဘာလောကရဲ့ သိုင်းပညာ ကံကြမ္မာနဲ့ စာပေကံကြမ္မာတွေက ဘာဖြစ်လို့ ဟုန်မိသားစု ဆီမှာပဲ စုနေရတာလဲ။ တော်ဝင်ချန် ဧကရာဇ်အကြံပေး ဟုန်ရွှန်ကျိဟာ လူသား အင်မော်တယ် တစ်ဦးပဲ။ သူက ဒီလောကရဲ့ သိုင်းပညာ ကံကြမ္မာကို စုစည်းထားပြီးပြီ။ သူ့ရဲ့သားဖြစ်သူ ဟုန်ယွိကတော့ သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းကို ဖြစ်ပေါ်စေခဲ့ပြန်တယ်။ ဒါက ပိုပြီးတော့တောင် အထင်ကြီးစရာ ကောင်းသေးတယ်။ သူက စာပေမှာ ထူးချွန်တယ်။ ဒါပေမဲ့ ဟုန်ရွှန်ကျိက စာပေလောကရဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့ပေမဲ့၊ အခု သူ့သားက သူ့ကို ကျော်တက်သွားပြီဆိုတော့ အဖေနဲ့ သားကြားမှာ ဘာတွေ ဖြစ်လာမလဲ ငါ သိချင်မိတယ်။”
စာဖြေနန်းတော်အတွင်းရှိ ဗဟုသုတကြွယ်ဝပြီး ထက်မြက်သော ဂုဏ်သရေရှိ မိသားစုဝင် အချို့ကလည်း စိတ်ထဲမှ ကြိတ်၍ စဉ်းစားနေကြသည်။
ဟုန်ရွှန်ကျိသည် စာပေလောက၏ ခေါင်းဆောင်အဖြစ် မရေမရာ ရှိနေခဲ့သည်။ သို့သော် ယနေ့ ဟုန်ယွိ၏ ဆောင်းပါး ထွက်ပေါ်လာပြီးနောက် ရှေးခေတ် သူတော်စင်ရုပ်တုများ လှုပ်ခတ်သွားခဲ့ပြီ။ နောင်တွင် သူသည် “သူတော်စင်ငယ်” အဖြစ် လူသိများလာလိမ့်မည် ဖြစ်ပြီး စာပေလောကတွင် သူ၏ ဂုဏ်သတင်းမှာ ဟုန်ရွှန်ကျိကို ကျော်လွန်သွားပေလိမ့် မည်။
ဤအကြောင်းကို လူများစွာက ကောင်းကောင်း နားလည်ထားကြသည်။ ဟုန်ရွှန်ကျိလည်း ဤအချက်ကို ရှင်းရှင်းလင်းလင်း သိရှိသည်။
ဖုန်းဟွာဆောင် အပေါ်တွင်…
ဧကရာဇ် ယန်ဖန်၊ ကျိချန်ယွဲ့၊ အိမ်ရှေ့စံမင်းသား၊ မင်းသားယုနှင့် မင်းသားဟီတို့သည် နန်းတွင်း၏ စာပေကံကြမ္မာကို စောင့်ကြည့်နေကြစဉ် စာဖြေနန်းတော်အတွင်းရှိ ကြီးကျယ် သော ဖြစ်ရပ်ကို သတိပြုမိသွားကြသည်။
“ဂုဏ်ယူပါတယ် ခမည်းတော်၊ ဂုဏ်ယူပါတယ် ခမည်းတော်။ တကယ်လို့, နန်းတော်မှာသာ ကံကြမ္မာမရှိရင် ဒီလောကရဲ့ ပညာရှင်တွေဟာ တော်ဝင်စာမေးပွဲကို လာဖြေကြမှာ မဟုတ်ပါဘူး။ အခု နန်းတော်က ကံကြမ္မာကို ရရှိထားပြီဆိုတော့ ဒီလောကရဲ့ ပညာရှင် တွေ အားလုံး စာမေးပွဲကို လာဖြေကြရပြီ။ လှပခမ်းနားတဲ့ ဆောင်းပါးတွေ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူတော်စင်တစ်ရာကလည်း တစ်ပြိုင်နက်တည်း ချီးကျူးပဲ့တင်ထပ်နေ ကြရပြီ။ ဒါဟာ နှစ်ငါးရာမှာ တစ်ကြိမ်ပဲ ဖြစ်တတ်တဲ့ ကြီးကျယ်တဲ့ ဖြစ်ရပ်ကြီးပဲ။” မင်းသားယုသည် မြေပြင်ပေါ်တွင် ချက်ချင်း ဒူးထောက်လိုက်သည်။
“ငါ့အမိန့်ကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်ပါ။ မေးမြန်းစမ်း။ အဲဒီဆောင်းပါးကို ဘယ်သူ ရေးတာလဲ။” တော်ဝင်ချန် ဧကရာဇ် ယန်ဖန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အလျင်အမြန် မေးမြန်းလိုက်တော့သည်။
အခန်း (၃၄၀)။
တော်ဝင်ချန် မင်းဆက်၏ တော်ဝင်စာမေးပွဲကြီးတွင် ရည်မှန်းချက်ကြီးမားပြီး စာဖြေသူ ၉,၀၀၀ ကြားမှ ထိုးထွက်ကျော်ကြားကာ တစ်ဟုန်ထိုး ထိပ်တန်းပညာရှင် ဖြစ်လာလိုသည့် ပါရမီရှင်များစွာ ရှိခဲ့သော်လည်း၊ စာမေးပွဲခန်းမအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်နှင့် သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းကြောင့် သူတို့၏ ရည်မှန်းချက် မီးတောက် များမှာ ငြိမ်းသတ်ခြင်း ခံလိုက်ရသည်။ မိမိထက်သာသောသူ အမြဲရှိနေတတ်ကြောင်း သူတို့ ကောင်းကောင်း သိသွားကြသည်။ ထို့ကြောင့် သူတို့အားလုံး မဟာပညာရှင်တစ်ဦး ဖြစ်လာရန်သာ ကြိုးစားအားထုတ်ကြတော့သည်။
စာမေးပွဲခန်းမအတွင်း ဟုန်ယွိ၏ ဆောင်းပါးကို ချိပ်ပိတ်ပြီးနောက် သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း မြင်ကွင်းမှာလည်း ပြန်လည် တည်ငြိမ်သွားခဲ့သည်။
ရှေးခေတ် သူတော်စင်ရုပ်တုများသည်လည်း ယခင်ကကဲ့သို့ပင် အေးချမ်းငြိမ်သက်သွားပြီး ရွှံ့ဖြင့်ပြုလုပ်ထားသော သာမန်ရွှေရောင်ရုပ်တုများကဲ့သို့ပင် ပြန်လည် မြင်တွေ့ရသည်။
နောက်ပိုင်းတွင် နန်းတွင်းသည် စာစစ်မှူးအားလုံးထံမှ ပူးတွဲတင်ပြလွှာတစ်စောင်ကို လက်ခံရရှိခဲ့သည်။ ၎င်းတွင် ဟုန်ယွိ၏ ဆောင်းပါးသည် ရှေးခေတ် သူတော်စင်ရုပ်တုများ ကိုပင် လှုပ်ခတ်သွားစေခဲ့ပြီး နှစ်ပေါင်း ၅၀၀ လျှင် တစ်ကြိမ်သာ ဖြစ်ပေါ်လေ့ရှိသည့် ကြီးကျယ်သော စာပေဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပါရှိသည်။
ထို့နောက်တွင် နန်းတွင်းသည် ဟုန်ယွိ၏ စာဖြေလွှာကို ဧကရာဇ်၏ ရွှေနန်းတော်သို့ တိုက်ရိုက် ပေးပို့ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ဧကရာဇ်သည် ဖတ်ရှုပြီးနောက် ဟုန်ယွိကို ကျွမ့်ယွမ်အဖြစ် ရွေးချယ်ရန် အမိန့်ချမှတ်ခဲ့ သည်။ စာမေးပွဲရလဒ်များ ထုတ်ပြန်ပြီးနောက် သူနှင့် အခြားပညာရှင်များစွာသည် ဧကရာဇ်ကို လာရောက်ဂါရဝပြုရမည်ဟုလည်း အမိန့်တော်တွင် ပါရှိသည်။
ဤအစဉ်လိုက် ထုတ်ပြန်သော အမိန့်တော်များသည် နန်းတွင်းအရာရှိကြီးများကို အံ့အားသင့်စေခဲ့သော်လည်း၊ ၎င်းသည် အခြေအနေအရ ကြည့်လျှင် ဖြစ်သင့်ဖြစ်ထိုက် သော ကိစ္စရပ်ပင် ဖြစ်သည်။
စာမေးပွဲ သုံးရက်ဖြေဆိုပြီးနောက် စာဖြေသူ ၉,၀၀၀ သည် စာမေးပွဲခန်းမမှ တစ်ဦးပြီး တစ်ဦး ထွက်ခွာသွားကြပြီး ရလဒ်များကို စောင့်ဆိုင်းနေကြသည်။ သို့သော် လူအများစုမှာ စိတ်အားထက်သန်မှု မရှိကြတော့ပေ။ အကြောင်းမှာ ဤစာမေးပွဲတွင် ရင်ခုန်စရာ မရှိတော့သောကြောင့်ပင်။ ဧကရာဇ်က ဟုန်ယွိကို ကျွမ့်ယွမ်အဖြစ် (ထိပ်တန်းပထမဆု ရှင်) ရွေးချယ်ရန် အမိန့်ထုတ်ပြီးပြီ ဖြစ်သဖြင့် ဟုန်ယွိအနေဖြင့် လုပ်ထုံးလုပ်နည်းအရ နန်းတော်သို့ သွားရန်သာ လိုတော့သည်။
ဤကိစ္စတွင် မည်သူမျှ မကျေမနပ် မဖြစ်ကြပေ။ ရှေးခေတ် သူတော်စင်ရုပ်တုများကိုပင် လှုပ်ခတ်သွားစေသည့် ဆောင်းပါးအပေါ် မကျေမနပ်ဖြစ်ပါက ၎င်းသည် နိုင်ငံတော် ပုန်ကန်မှု ဖြစ်သွားမည်ဖြစ်ပြီး သူတော်စင်တာအို၏ အခြေခံမူများကို ဆန့်ကျင်ရာ ရောက်ပေလိမ့်မည်။
စာမေးပွဲပြီးဆုံးပြီးနောက် စာမေးပွဲခန်းမအတွင်း သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်း သတင်းမှာလည်း ပျံ့နှံ့သွားခဲ့သည်။ ဂုဏ်သရေရှိ မိသားစုကြီးများ၊ သူဌေး သူကြွယ်များနှင့် နန်းတွင်းရှိ ပညာရှင်များအားလုံး ဤကိစ္စကို ဆွေးနွေးနေကြသည်။
ကျောက်စိမ်းမြို့တော်ရှိ လက်ဖက်ရည်ဆိုင်ကြီးငယ်များတွင် ပုံပြောသူများ၊ ပြဇာတ်ကသူ များနှင့် ဖျော်ဖြေရေးသမားများအားလုံး ဟုန်ယွိ မည်မျှ ထူးချွန်ကြောင်း၊ သူ၏ အရေး အသားများမှာ မည်မျှ ပြောင်မြောက်ပြီး စွမ်းအင်များဖြင့် ပြည့်နှက်နေကြောင်းတို့ကို တင်ပြ ပြောဆိုနေကြသည်။
အချို့က ဟုန်ယွိကို ဤကမ္ဘာလောကသို့ ဆင်းသက်လာသည့် စာပေကြယ်ပွင့် ခေါင်းဆောင်အဖြစ်ပင် တင်စားကြပြီး ရှေးခေတ် သူတော်စင်တစ်ဦး လူပြန်ဝင်စားလာသူ အဖြစ် အမျိုးမျိုး ပြောဆိုနေကြသည်။
တခဏအတွင်းမှာပင် ကျောက်စိမ်းမြို့တော် တစ်ခုလုံး၏ အာရုံစိုက်မှုမှာ ဟုန်ယွိထံသို့ ရောက်ရှိသွားသည်။ လူတိုင်း သူ၏အကြောင်းကိုသာ ပြောနေကြသည်။ သူသည် လွန်ခဲ့ သော ရက်ပိုင်းကမှ နာမည်ကြီးနေသော ချန်ပီယံနယ်စားကိုပင် လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။
လွန်ခဲ့သော အချိန်အချို့က ချန်ပီယံနယ်စားသည် ပင်လယ်ပြင်တွင် ယွန်မင် တပ်ဖွဲ့များကို အောင်နိုင်ခဲ့ပြီး "စိတ်ကူးနတ်ဘုရားစစ်သင်္ဘောကြီး" ကို ဖမ်းဆီးကာ ရန်သူတစ်သောင်းကို ကွပ်မျက်ပြီး သုံ့ပန်းနှစ်သောင်းကို ဖမ်းဆီးနိုင်ခဲ့သည်။ သူ၏ စစ်ရေးအောင်မြင်မှုမှာ တုန်လှုပ်စရာကောင်းပြီး လူသန်းပေါင်းများစွာရှိသော ကျောက်စိမ်းမြို့တော် တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။
သို့သော် ဟုန်ယွိ၏ ဆောင်းပါးသတင်း ထွက်ပေါ်လာသည်နှင့် လူထု၏အာရုံမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။
အဆုံးတွင်, စစ်ဗိုလ်ချုပ်တစ်ဦး နယ်မြေချဲ့ထွင်ခြင်းထက် စာပေလောက၏ ဤကဲ့သို့သော ဖြစ်ရပ်မှာ ပို၍ အဓိပ္ပာယ်ရှိသည်ဟု ယူဆကြသောကြောင့် ဖြစ်သည်။
သို့သော် ကျောက်စိမ်းမြို့တော် အတွင်းရှိ ဆူညံမှုများသည် ဟုန်ယွိအပေါ် မည်သည့် သက်ရောက်မှုမျှ မရှိခဲ့ပေ။ လူထု၏ စိတ်ဝင်စားမှုကို ဆွဲဆောင်ထားသော ဟုန်ယွိမှာ အစိမ်းရောင် မိုးမခစံအိမ်တွင် မင်းသားယု သိုင်းကျင့်နေသည်ကို တည်ငြိမ်စွာ ကြည့်ရှုနေ သည်။
“ဟုန်ယွိ… မင်းရဲ့ နာမည်က ဒီလောက်အထိ ပျံ့နှံ့သွားမယ်လို့ ငါ မယုံနိုင်ဘူး။ စာပေ ပညာရှင်တွေကြားမှာ မင်းရဲ့ဂုဏ်သတင်းက အရမ်းကို ကြီးမားနေပြီ။ အခုဆိုရင် နန်းတွင်း ကနေ အနားယူပြီး သမိုင်းမှတ်တမ်းပြုစုနေတဲ့ ကွန်ဖြူးရှပ် ပညာရှင်ကြီးတွေတောင် မင်းနဲ့ တွေ့ချင်နေကြတယ်။”
သာမန်အဝတ်အစား ဝတ်ဆင်ထားသော မင်းသားယုက သိုင်းလေ့ကျင့်ရေးကွင်းထဲတွင် လေ့ကျင့်ပြီးနောက် ပြောလိုက်သည်။
“ကျွန်တော်လည်း ဒီရက်ပိုင်းအတွင်း ပညာရှင်ကြီးတွေဆီက ဖိတ်ကြားစာတွေ အများကြီး ရပါတယ်၊ ဒါပေမဲ့ အားလုံးကို ငြင်းလိုက်တယ်” ဟုန်ယွိက ပြုံးလျက် ပြန်ပြောသည်။
“အို…၊ မင်း ဘာလို့ အဲဒီလို လုပ်ရတာလဲ။ အခုလိုအချိန်မှာ မင်းရဲ့ နာမည်ဂုဏ်သတင်းကို အသုံးချပြီး စာပေလောကက ထိပ်တန်းပုဂ္ဂိုလ်တွေနဲ့ မိတ်ဖွဲ့ထားသင့်တာပေါ့။” မင်းသားယု အံ့အားသင့်သွားသည်။ “အခုလို ငြင်းလိုက်ရင် အဲဒီပညာရှင်ကြီးတွေက မင်းကို မောက်မာတယ်လို့ ထင်သွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”
“မစိုးရိမ်ပါနဲ့ မင်းသား၊ ကျွန်တော် သူတို့အားလုံးဆီကို စာပြန်ထားပါတယ်။ ကျွန်တော်ဟာ ကျွမ့်ယွမ်အဖြစ် တရားဝင် အမည်စာရင်း မထွက်သေးတဲ့အတွက် အရည်အချင်း ပြည့်မှီတဲ့ အခါ တစ်ဦးချင်းစီကို လာရောက်တွေ့ဆုံပါ့မယ်လို့ ယဉ်ကျေးစွာ ပြောထားပါတယ်။ တစ်ချိန်တည်းမှာပဲ တန်ဖိုးကြီး ရှားပါးလက်ဆောင်အချို့ကိုလည်း ပြန်ပို့ပေးထားတဲ့ အတွက် သူတို့စိတ်ထဲမှာ ကျွန်တော့်ကို သဘောကျနေမှာ အသေအချာပါပဲ။” ကျွန်တော့်ကို ဆက်ဆံရခက်သူလို့ ထင်မှာ မဟုတ်ပါဘူး။” ဟုန်ယွိက ဖြည်းညင်းစွာ ပြောလိုက်သည်။
“ဒါနဲ့ မင်းသား… ကျွန်တော် သူတော်စင် တောက်ဖူကို သတ်ပြီး ရရှိလာတဲ့ နတ်ဆိုး နတ်ဘုရားသွေးကို မင်းသားကို ပေးခဲ့ပေမဲ့၊ အခုထိ မင်းသားဟာ သိုင်းသူတော်စင် နယ်ပယ် ကို မရောက်သေးဘူး ထင်တယ်။”
“ဟူး… သိုင်းသူတော်စင် လမ်းစဉ်က တကယ်ကို ခက်ခဲတာပဲ။ နတ်ဆိုးနတ်ဘုရားသွေးကို သောက်ပြီး သုံးရက်ကြာ နားယူပြီးနောက်မှာ ခွန်အားတွေ ပြည့်နေပြီး ကြံ့ခိုင်မှုက နှစ်ဆ တိုးလာသလို ခံစားရပေမဲ့၊ အဲဒီသွေးထဲက ဝိညာဉ်စွမ်းအားနဲ့ ငါ့ရဲ့သိုင်းဆန္ဒကို ပေါင်းစည်း ဖို့က တကယ်ခက်ခဲနေတယ်” မင်းသားယုက သက်ပြင်းချလိုက်သည်။
“အဲဒီလိုလား…”။
ဟုန်ယွိသည် မင်းသားယု ကြုံတွေ့နေရသော ပြဿနာမှာ မုကလေး ကြုံတွေ့နေရသည့် ပြဿနာနှင့် အတူတူပင်ဖြစ်ကြောင်း နားလည်လိုက်သည်။ နတ်ဆိုးနတ်ဘုရားသွေးထဲရှိ စစ်နတ်ဘုရား၏ စိတ်ဆန္ဒနှင့် မိမိ၏သိုင်းဆန္ဒကို ပေါင်းစည်းရန် ခက်ခဲနေခြင်းဖြစ်ကြောင်း သိရှိလိုက်သည်။ အကယ်၍ ပေါင်းစည်းနိုင်ပါက သူ၏ စိတ်ဝိညာဉ်သည် “သူတော်စင် နယ်ပယ်” သို့ ချက်ချင်း ရောက်ရှိသွားကာ သိုင်းသူတော်စင်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။
“ကျွန်တော် မင်းသားကို ကူညီပေးရမလား။” ဟုန်ယွိက မေးလိုက်သည်။
“မင်း ကူညီနိုင်လို့လား။” မင်းသားယုက သံသယဖြင့် မေးသည်။
“နည်းလမ်းတော့ ရှိပါတယ်၊ ဒါပေမဲ့ မင်းသားကိုယ်တိုင် ကျော်ဖြတ်တာက ပိုကောင်းပါ တယ်။ ကျွန်တော် ကူညီပေးရင်တော့ အဆင့်တက်သွားနိုင်ပေမဲ့ နောင်ကျင့်ကြံမှုအတွက် ထိခိုက်နိုင်ပါတယ်။”
“အခု ငါ့မှာ ပြဿနာတွေ ဝိုင်းနေပြီး လွှမ်းမှိုးမှု အားနည်းနေသလို ခံစားရတယ်။ ကိုယ်တိုင် ကျော်ဖြတ်ဖို့ အချိန်မရှိဘူး။ နေ့တိုင်း နန်းတွင်းအရာရှိတွေနဲ့ ဆက်ဆံရသလို၊ ခမည်းတော် ရဲ့ စိတ်ဆန္ဒကိုလည်း ခန့်မှန်းနေရတယ်။ သိုင်းသူတော်စင်အဆင့်ကို မြန်မြန်ရောက်တာက ငါ့အတွက် အကောင်းဆုံးပဲ။” မင်းသားယုက သက်ပြင်းရှည်ပြီး ချလိုက်ပါသည်။
“ကောင်းပါပြီ။” ဟုန်ယွိက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ မျက်ခုံးနှစ်ခုကြားမှ စိန်ကဲ့သို့ ကြည်လင်တောက်ပသော အတွေးတစ်ခု ထွက်ပေါ်လာသည်။ ယခု သူ၏ အတွေးသည် ယခင်နှင့် မတူဘဲ ထူးခြားနေသည်။
မူလက စတုရန်းပုံစံရှိသော သူ့အတွေး၏ အပေါ်ယံတွင် လျှပ်စီးကဲ့သို့ တောက်ပသော အလင်းလွှာတစ်ခု ဖြာထွက်နေကာ လျှပ်စီးကဲ့သို့ အလင်းမျှင်များ ထွက်ပေါ်နေ၏။ ထိုအလင်းမျှင်များမှာ အပ်ဖျားလေးများကဲ့သို့ စူးရှသော အလင်းတန်းလေးများ တဖျတ်ဖျတ် တောက်ပနေပြီး မီးလျှံနဂါးကိုးကောင်၏ နေမင်း၏ စွမ်းအင်အလင်းတန်းများ သူ၏ အတွေးများတွင် စိမ့်ဝင်နေသကဲ့သို့ပင်။
မူလက ဟုန်ယွိ၏ စတုရန်းပုံစံအတွေး တစ်ခုချင်းစီသည် စိန်ကဲ့သို့ ကြည်လင်သော်လည်း အလင်းဖြာထွက်ခြင်း မရှိပေ။ ယခုမူ အလင်းတန်းများ အလွှာလိုက် ဖြာထွက်နေခြင်းက အစွမ်းထက်သော ခွန်အားကို ပြသနေသည်။
သူ၏ အတွေးတစ်ခုချင်းစီမှာ ယခင်ကထက် ပိုမိုခိုင်မာပြီး အားကောင်းလာသည်။
ဤသည်မှာ စာမေးပွဲခန်းမ၌ သူရေးသားခဲ့သော ဆောင်းပါး၏ ရလဒ်ပင် ဖြစ်သည်။ ၎င်းက သူ၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးများကို နောက်ထပ်တစ်ကြိမ် စင်ကြယ်သန့်စင်ပေး လိုက်သောကြောင့် ဖြစ်သည်။ စိတ်ဝိညာဉ် အတွေးက ပိုမိုနက်နဲလာပြီး သလင်းကျောက် အလင်းတန်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုအခါ သူ၏ စိတ်ဝိညာဉ်သည် တာအိုပညာရပ်များဖြစ်သော အတိတ်ကျမ်း၊ မပြည့်စုံ သော အသက်မဲ့အနာဂတ်ကျမ်း၊ နတ်ဘုရားမိုးကြိုးပညာ၊ စစ်နတ်ဘုရား နတ်ဆိုးကျမ်း၊ အမှောင်နတ်ဘုရား ဝိညာဉ်သန့်စင်ခြင်းမှတ်တမ်းနှင့် ကြင်ယာတော်ယွမ်ထံမှ ဖတ်ခဲ့သော 'နတ်ဘုရားရနံ့ ကျမ်းစာသုံးစောင်ထဲမှ လူသားရနံ့များကိုပင် မီးဖိုတစ်ခုတည်း၌ ထည့်သွင်း ပေါင်းစပ်ထားနိုင်ပြီ ဖြစ်သည်။ သူသည် ထိုပညာရပ်များကို အချိန်မရွေး စွန့်လွှတ်နိုင်သလို၊ အချိန်မရွေးလည်း ပြန်လည် ထုတ်ယူအသုံးပြုနိုင်သည်။
သူ၏ အတွေးများပေါ်ရှိ သခင်းကျောက် အလင်းတန်းများက မပြတ်တမ်း တဖျတ်ဖျတ် လင်းလက်နေပြီး စိတ်အာရုံကို နှောင့်ယှက်တတ်သော အတွေးများအားလုံးကို သန့်စင် ဖယ်ရှားပေးနေသည်။
“ဟုန်ယွိ... မင်းက ‘အတွေးကနေ လျှပ်စီးအလင်း’အဆင့်ကို ရောက်နေပြီလား။ ငါ နန်းတွင်း စာကြည့်တိုက်က စာအုပ်တွေမှာ ဖတ်ဖူးတာတော့ ဒုတိယအကြိမ် မိုးကြိုး ကပ်ဘေးကို ကျော်ဖြတ်ပြီးမှ ရနိုင်တာ။ လျှပ်စီးရဲ့ အနှစ်သာရကို နားလည်ပြီး အစွမ်းထက် တဲ့ နည်းလမ်းတစ်ခုကို သုံးနိုင်မှပဲ မင်းရဲ့အတွေးတစ်ခုချင်းစီကို အပ်ကလေးတွေလို လျှပ်စစ်အလင်းထွက်အောင် သန့်စင်နိုင်တာလေ။ ဒီလိုဆိုရင် မင်းရဲ့စိတ်ဝိညာဉ်က ဘယ်တော့မှ ညစ်နွမ်းတော့မှာ မဟုတ်သလို စိတ်အနှောင့်ယှက်ဖြစ်စေတဲ့ အတွေးကလဲ ဝါးမျိုနိုင်မှာ မဟုတ်တော့ဘူး။ မင်း တကယ်ပဲ ဒုတိယမြောက် မိုးကြိုးကပ်ဘေးကို ကျော်ဖြတ်ပြီးပြီလား။”
မင်းသားယုက ဟုန်ယွိ၏ မျက်ခုံးကြားမှ ထွက်ပေါ်နေသော အတွေးကိုကြည့်ကာ အံ့အားသင့်စွာ မေးလိုက်သည်။
“အို… ဒါက ဒုတိယမြောက် မိုးကြိုးကပ်ဘေးအပြီးမှာမှ ပေါ်တဲ့ ဖြစ်စဉ်လား။” ဟုန်ယွိက စိတ်ထဲမှ တွေးတောနေမိသည်။
သူသည် ဒုတိယမြောက် မိုးကြိုးကပ်ဘေကို မကျော်ဖြတ်ရသေးသော်လည်း ဤကဲ့သို့သော လျှပ်စစ်အလင်းတန်းများ ထွက်ပေါ်နေခြင်းအပေါ် သူ စဉ်းစားမရဘဲ ဖြစ်နေသည်။
“နန်းတွင်းစာကြည့်တိုက်မှာ စာအုပ်တွေ အများကြီး ရှိသလား။”
“အဲဒါတွေက ဘာမှမဟုတ်သေးဘူး။ တကယ့် နန်းတွင်းစာကြည့်တိုက်ထဲမှာ ရှေးဟောင်း တာအိုစာအုပ်တွေအပြင် ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ စာပေသူတော်စင် ပညာရှင်ကြီးတွေ ကိုယ်တိုင်ရေးသားခဲ့တဲ့ စာအုပ်တွေပါ ရှိတယ်။ ဒါပေမဲ့ နှမြောဖို့ကောင်း တာက အဲဒါတွေကို ခမည်းတော်တစ်ယောက်ပဲ ဖတ်ခွင့်ရှိတာ။ နောက်ပြီး ဧကရာဇ်အကြံ ပေး ဟုန်ရွှန်ကျိလည်း အထဲဝင်ပြီး ဖတ်ဖူးတယ်လို့ ကြားတယ်။”
“မင်းသားတောင် အထဲဝင်ဖတ်လို့ မရဘူးလား။ ရှေးခေတ် သူတော်စင် ဧကရာဇ်တွေနဲ့ စာပေ သူတော်စင် ပညာရှင်ကြီးတွေရဲ့ လက်ရာတွေကိုပေါ့။” ဟုန်ယွိသည် အနည်းငယ် တုန်လှုပ်သွားသည်။ သူ တုန်လှုပ်သွားသည့် ခဏမှာပင် သူ၏ အတွေးများကြား၌ အမည်းရောင်နှင့် မီးခိုးရောင် နှောင့်ယှက်တတ်သော အတွေးများ မြင့်တက်လာသော် လည်း ချက်ချင်းပင် တဖျတ်ဖျတ် လက်နေသော လျှပ်စစ်အလင်းတန်းများ၏ သန့်စင်ခြင်း ကို ခံလိုက်ရသည်။
“ကဲ... ကျွန်တော် မင်းသားကို ကူညီပါ့မယ်။ နတ်ဆိုးနတ်ဘုရားသွေးရဲ့ စိတ်ဆန္ဒနဲ့ မင်းသားရဲ့ သိုင်းဆန္ဒကို ကျွန်တော် ပေါင်းစပ်ပေးမယ်။ တကယ်လို့ မင်းသားကိုယ်တိုင် လုပ်နိုင်ရင်တော့ တကယ့် သိုင်းသူတော်စင် စစ်စစ်ဖြစ်လာမှာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော်ပဲ မလွှဲမရှောင်သာ ကူညီလိုက်ပါတော့မယ်။”
ထိုသို့ပြောပြီးသည်နှင့် ဟုန်ယွိ၏ အတွေးသည် မင်းသားယု၏ ခန္ဓာကိုယ်အတွင်းသို့ တိုးဝင်သွားသည်။
“အတွေးတွေ အများကြီး ရှုပ်ထွေးနေပါလား...” ဟုန်ယွိ၏ အတွေးများ မင်းသားယု၏ ခန္ဓာကိုယ်အတွင်း ဝင်သွားသည့်အခါ ပထမဆုံး ခံစားလိုက်ရသည့် အသိဖြစ်သည်။
အရာအားလုံးက မှောင်မိုက်နေပြီး မရေမရာ ဖြစ်နေသည်။ အကြံအစည်များနှင့် ကောက်ကျစ်သော အစီအစဉ်များက ဝိညာဉ်ကို ဖုံးလွှမ်းထားသည်။
မုကလေး၏ ဝိညာဉ်နှင့် နှိုင်းယှဉ်လျှင် မင်းသားယု၏ ဝိညာဉ်အတွင်း၌ နှောင့်ယှက်တတ် သော အတွေးများမှာ ဆယ်ဆခန့် ပိုများနေသည်။
မုကလေး၏ ဝိညာဉ်မှာ ဖုန်တက်နေသော မှန်တစ်ချပ်နှင့် တူလျှင်၊ မင်းသားယု၏ ဝိညာဉ်မှာ အညစ်အကြေးတွင်းထဲ ကျနေသော မှန်တစ်ချပ်ကဲ့သို့ပင် ဖြစ်နေသည်။
ဟုန်ယွိ၏ အတွေးများပင် ထိုအညစ်အကြေးများကြောင့် ညစ်နွမ်းသွားမလားဟု ခံစားရ သည်။
ကံကောင်းသည်မှာ ဟုန်ယွိ၏အတွေးရှိ လျှပ်စစ်အလင်းတန်းများမှာ ပိုမိုအားကောင်း လာခြင်းပင်။ အမှောင်ထုနှင့် မီးခိုးမြူများကြားမှ နှောင့်ယှက်တတ်သော အတွေးများ နီးကပ်လာသည်နှင့် အလင်းတန်းများက ချက်ချင်း သန့်စင်ပစ်လိုက်သည်။ ထို့နောက်တွင် မှ အမှောင်ထုများကြား၌ ရွှေရောင်လုံးကလေးတစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သိုင်းဆန္ဒပင် ဖြစ်သည်။
အမှောင်ထုကြားတွင် ရှိနေသော်လည်း ထိုရွှေရောင်အလုံးလေးမှာ အလွန်တရာ တောက်ပ နေဆဲ ဖြစ်သည်။ ၎င်းသည် အလွန်သိပ်သည်းကာ နှောင့်ယှက်တတ်သော အတွေးများ၏ လွှမ်းမိုးခြင်းကို မခံရပေ။
“မင်းသားယုရဲ့ သိုင်းဆန္ဒက တကယ်ကို အားကောင်းတာပဲ။ ‘အထွက်ထိပ် မဟာဆရာ သခင်’ ဆိုတဲ့ ဂုဏ်နဲ့ တကယ်ကို လိုက်ဖက်ပါတယ်။”
ဟုန်ယွိသည် စိတ်ထဲမှ မှတ်ချက်ပေးမိသည်။ ထို့နောက် အမှောင်ထုကြားမှ နတ်ဆိုး နတ်ဘုရားသွေး၏ စိတ်ဆန္ဒကို ရှာဖွေတွေ့သွားသည်။
သူသည် စိတ်အာရုံကို စူးစိုက်ကာ၊ နတ်ဆိုးနတ်ဘုရားသွေး၏ စိတ်ဆန္ဒကို သိုင်းဆန္ဒ အတွင်းသို့ အတင်းအကျပ် တွန့်ပို့ပေးလိုက်သည်။
ဝုန်း! ဆန္ဒနှစ်ခု ပေါင်းစည်းသွားသည့်အခါ နေမင်းကြီး ထွက်ပေါ်လာသည့်အခါ မြူခိုးများ ပျောက်ကွယ်သွားသကဲ့သို့ ရွှေရောင်သိုင်းဆန္ဒသည် အဆမတန် တောက်ပလာပြီး အမှောင်ထုများကို လွင့်စင်သွားစေသည်။
ဟုန်ယွိ၏ အတွေးသည် မင်းသားယု၏ ဝိညာဉ်အတွင်းမှ ချက်ချင်း ပြန်ထွက်လာသည်။
ချက်ချင်းပင် မင်းသားယု၏ မျက်နှာမှာ ကြည်လင်သွားပြီး သူသည် ကောင်းကင်မှ ရွာချလိုက်သော မိုးရေစက်များဖြင့် ဆေးကြောသန့်စင်ခြင်း ခံနေရသကဲ့သို့ မျက်လုံးများကို မှိတ်ကာ ထိုအရသာကို ခံစားနေသည်။ သူ့တစ်ကိုယ်လုံးရှိ အငွေ့သက်မှာ ပြောင်းလဲသွား ပြီး မြင့်မြတ်သောအသွင် ဆောင်လာသည်။ ယခင်က ခမ်းနားသော မင်းသားတစ်ပါး၏ အသွင်နှင့် လုံးဝ ခြားနားသွားတော့သည်။
“ကောင်းတယ်၊ အရမ်းကောင်းတယ်။ ခုနက ငါ့စိတ်ဝိညာဉ်တစ်ခုလုံး ဆေးကြောခံလိုက်ရ သလို ခံစားရတယ်။ နှောင့်ယှက်တဲ့ အတွေးတွေအားလုံး ပျောက်ကုန်ပြီ။ တစ်သက်လုံး ဒီလောက် သက်သောင့်သက်သာ ဖြစ်မူကို မခံစားဖူးဘူး။ အခု ငါ့စိတ်က အရမ်းကို လန်းဆန်းတက်ကြွနေတယ်။ မျက်လုံး မျက်နှာတွေတောင် ပိုပြီး ကြည်လင်လာသလိုပဲ။”
မင်းသားယုက ဝမ်းသာအားရ သက်ပြင်းချကာ ဆိုသည်။
“လူတစ်ကိုယ်လုံး ရေမချိုးရရင် အညစ်အကြေးတွေ တက်နေသလို စိတ်ဝိညာဉ်ကလည်း အတူတူပဲ။ ရေချိုးပေးလိုက်ရင် သက်သောင့်သက်သာ ဖြစ်သွားတာ ဓမ္မတာပဲ။ ကျွန်တော် မင်းသားရဲ့ စိတ်ဝိညာဉ်ကို ရေချိုးပေးလိုက်တာပါ။ တကယ်လို့, မင်းသားကိုယ်တိုင် စိတ်ဝိညာဉ် သန့်စင်အောင် သင်ယူနိုင်ရင်တော့ ပိုကောင်းတာပေါ့။” ဟုန်ယွိက ခေါင်းခါရင်း ဆိုသည်။
“ဘာပဲဖြစ်ဖြစ် အခု ငါ့စိတ်ဝိညာဉ်က သန့်စင်သွားပြီ။ နတ်ဆိုးနတ်ဘုရားသွေးရဲ့ စွမ်းအားနဲ့ ငါသိုင်းဆန္ဒ ပေါင်းစပ်သွားတာကို ငါ ခံစားနေရပြီ။ စိတ်ဝိညာဉ်ပိုင်းမှာတော့ ငါဟာ သိုင်းသူတော်စင်နယ်ပယ်ကို ရောက်ရှိသွားပြီ! နောင်တစ်ချိန် ငါ့စိတ်ဝိညာဉ်မှာ ဖုန်တွေ ပြန်တက်လာပြီး မလန်းမဆန်း ဖြစ်လာရင်လည်း ဟုန်ယွိ... မင်းပဲ ငါ့ကို ပြန်ဆေးပေးပါ ဦး။”
မင်းသားယုက ပြောလိုက်သည်။
“ဒါကတော့ ဒီလိုပဲ လုပ်ပေးရမှာပေါ့...”
ဟုန်ယွိက ထိုင်ချလိုက်ပြီး ငါးရောင်ခြည်တိမ်တိုက် လက်ဖက်ရည်ကို တစ်ခွက် သောက်လိုက်သည်။
“ဒီဟုန်ယွိက ဒီလောက်အထိ မောက်မာလိမ့်မယ်လို့ ငါ မထင်ထားဘူး။ သူ့ရဲ့ ဆောင်းပါးက သူတော်စင်တစ်ရာ ဟန်ချက်ညီ ပဲ့တင်ထပ်ခြင်းကို ဖြစ်စေခဲ့ပေမဲ့၊ ငါကလည်း မင်းဆက် သုံးဆက်ကို ဖြတ်သန်းလာတဲ့ အရာရှိဟောင်း တစ်ယောက်ပဲ။ အခု အမျိုးသားသမိုင်း စာကြည့်တိုက်မှာ စာအုပ်တွေ ရေးနေတာ၊ ငါ့ရဲ့ ဂုဏ်သတင်းကလည်း ကြီးမားပါတယ်။ ငါကိုယ်တိုင် ဖိတ်တာတောင် သူ ဘာလို့ မလာတာလဲ။ ငါ သူ့ကို ဖတ်ခဲ့တာလေ။ သူ ဘာပြန်ပြောလဲဆိုတာ ငါ့ကိုပြစမ်း။”
ကျောက်စိမ်းမြို့တော်ရှိ အင်ပါယာတရားရုံး၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဓလေ့ထုံးတမ်း စဉ်လာဝန်ကြီးဌာနမှ ဒု-ဝန်ကြီး လီလန်ထင်သည် စိတ်ထဲမှ ကြိတ်၍ ဒေါသထွက်နေသည်။ သူသည် အစိမ်းရောင် မိုးမခစံအိမ်သို့ ဟုန်ယွိအား တွေ့ဆုံရန် ဖိတ်ကြားစာ ပေးပို့ခဲ့သော် လည်း ဟုန်ယွိက ရောက်မလာခဲ့ပေ။
“အရှင်... ဟုန်ယွိက ကိုယ်တိုင် ရောက်မလာပေမဲ့ သူက အရမ်းယဉ်ကျေးပါတယ်။ လက်ဆောင်တစ်ခုလည်း ပြန်ပို့ပေးလိုက်ပါတယ်” အစေခံက ဆိုသည်။
ဟုန်ယွိထံမှ လက်ဆောင်ရခဲ့သဖြင့် ထိုအစေခံမှာလည်း ကျေနပ်နေပုံရသည်။
“အို…၊ ဘာလက်ဆောင်လဲ။” လီလန်ထင်က မေးလိုက်သည်။
“ရှေးဟောင်း မှင်ကျောက်တုံးတစ်ခုပါ” အစေခံက လက်ဆောင်ကို ချက်ချင်း ပြသလိုက် သည်။ ၎င်းမှာ အမည်းရောင် ကျောက်တုံးတစ်ခုဖြစ်ပြီး ကျောက်ပေါ်တွင် တောင်တန်းနှင့် မြစ်ရေပုံများကို အသက်ဝင်စွာ ထုလုပ်ထားသည်။ ဘောင်ကိုမူ အဖိုးတန် စန္ဒကူးနီသားဖြင့် ပြုလုပ်ထားသည်။ ကျောက်တုံးထဲတွင် သွေးကြောကဲ့သို့ လိုင်းကလေးများလည်း ပါဝင်နေ သည်။
“ဒါက တကယ်ကို ရှေးဟောင်း မှင်ကျောက်တုံးပါလား။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က နာမည်ကျော် ကျောက်ဆစ်ပညာရှင် တန်ချွမ်းကိုယ်တိုင် ထုလုပ်ခဲ့တာပဲ။ မြောက်ပင်လယ် က ကျောက်နက်နဲ့ ထုလုပ်ထားတာဆိုတော့ ဆောင်းတွင်းမှာတောင် မှင်တွေက ခဲမသွား ဘူး။ စာရေးရင်လည်း သဘာဝရနံ့ ထွက်နေတတ်တယ်။ ဒါဟာ ပညာရှင်တွေအတွက် တကယ့် ရတနာပဲ။ ငါ ဒီကျောက်တုံးမျိုးကို လိုချင်နေတာ ကြာပြီ၊ ဒါပေမဲ့ ကံကောင်းမှပဲ တွေ့နိုင်တာ။ ဒါဟာ တကယ်ကို တန်ဖိုးရှိတဲ့ ရတနာပဲ။ သူက ဒီလိုလက်ဆောင်မျိုးကို ပြန်ပို့ပေးတာလား။ သူ မလာတာက သံသယမဖြစ်အောင် ရှောင်နေတာပဲ ဖြစ်ရမယ်။ ဟုတ်တယ်... ဒါဟာ သံသယ မဖြစ်အောင် ရှောင်နေတာပဲ။”
ဒု-ဝန်ကြီး လီလန်ထင်သည် မှင်ကျောက်တုံးကို အလျင်အမြန် လက်ခံယူလိုက်ပြီး သက်ပြင်းချကာ ဆိုသည်။ “ဟုန်ယွိက ဘာလို့ သူတော်စင်တစ်ရာကို လှုပ်ခတ်စေနိုင်လဲ ဆိုတာ မဆန်းတော့ဘူး။ သူ့ရဲ့စိတ်ထားက တကယ်ကို သူတော်စင်ငယ်တစ်ဦးလို သဘောထား ကြီးမားလှပေတယ်။”
စာမေးပွဲရလဒ်များ မထွက်ပေါ်မီ ရက်ပိုင်းအတွင်း လီလန်ထင်၏ အိမ်တော်ကဲ့သို့ပင် အခြားနေရာများစွာ၌လည်း ဤကဲ့သို့သော ထူးခြားသည့် ဖြစ်ရပ်များစွာ ကျောက်စိမ်း မြို့တော်အတွင်း ဖြစ်ပွားနေတော့သည်။
စာစဉ် (၃၁) ပြီးပါပြီ။
ဘာသာပြန်သူ နေဇင်။