← Chapters

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း (၇၂)

Vol. 8 Ch. 72

အခန်း

(72)

လီလင်းတစ်ယောက် ကျန်းရှို့ယင်း၏ စကားကိုကြားလျှင် ခေါင်းကို အပြင်းအထန် ခါယမ်းကာ နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။

“မရဘူး၊ ဒီနေ့ ကျွန်မရဲ့ချစ်သူက မြို့ထဲကနေ ပြန်လာမှာ၊ ကျွန်မ သူ့ကိုကားဂိတ်ကို သွားကြိုမလို့”

ထို့အပြင် ဤအကျီမှာ သူမ ကြင်ဖက်တွေ့ခဲ့ချိန်က ဝတ်ခဲ့သော အင်္ကျီဖြစ်သောကြောင်း မည်သူ့ကိုမျှ မငှားနိုင်ပါချေ။

“တခြားဂွမ်းကပ်အင်္ကျီ တစ်ထည်ပဲ ဝတ်သွားပါလား၊ သူက နင့်ရဲ့ချစ်သူ ဖြစ်နေပြီပဲ၊ နင် ဘာပဲဝတ်ဝတ် သူက သဘောကျမှာပါ”

ကျန်းရှို့ယင်းက ပြောနေရင်းနှင့် အဝတ်ကို ဆွဲယူရန် ကြိုးစားလိုက်သည်။

“ငါက အခုထိ ချစ်သူ မရှိသေးဘူးလေ၊ ဒါကြောင့် မိတ်ဆက်ပွဲမှာ တောက်ပတဲ့အဝတ်အစားလေး ဝတ်ပြီး ကံစမ်းကြည့်ချင်လို့”

လီလင်းက ငြင်းဆန်နေဆဲဖြစ်သော်လည်း မည်သို့ပြောရမည်ကို မသိတော့သည့်အတွက် မျက်နှာသစ်ဇလုံကို ကိုင်ကာ ထွက်ပြေးသွားလေတော့၏။

ကျန်းရှို့ယင်းက လိုက်ဖမ်းရန် ကြိုးစားလိုက်သော်လည်း လီလင်းက ခြေလှမ်းအနည်းငယ်ဖြင့် အဝေးသို့ ပျောက်ကွယ်သွားခဲ့ပေပြီ။

ယနေ့တွင် အဆောင်တိုင်းက မိတ်ဆက်ပွဲအတွက် အလုပ်ရှုပ်နေကြပြီး စင်္ကြံလမ်းတစ်လျှောက်တွင် အနီရောင် ဂွမ်းအကျီ ဝတ်ထားသူများစွာ ရှိနေသောကြောင့် လီလင်းက လူအုပ်ကြားထဲတွင် ချက်ချင်းပျောက်ကွယ်သွားလေ၏။

ကျန်းရှို့ယင်းတစ်ယောက် မကျေမနပ်ဖြင့် ပြန်ဝင်လာခဲ့သည်။

“... ကပ်စေးနှဲလိုက်တာ! စုတ်ပြတ်သတ်နေတဲ့ ဂွမ်းကပ်အင်္ကျီလေး တစ်ထည်ပဲလေ သူတစ်ယောက်တည်းမှာပဲ ရှိတာကျနေတာပဲ”

ထို့နောက် သူမက အဆောင်ထဲမှ ချစ်သူရှိနေသည့် နောက်တစ်ယောက်ထံသို့ အကြည့်လွှဲလိုက်ပြန်၏။

သူမ စကားမပြောရသေးမီမှာပင် လီရှန်းက တိုက်ရိုက် ငြင်းဆန်လိုက်သည်။

“ရှင် ကျွန်မရဲ့အင်္ကျီတွေနဲ့ မတော်ဘူး”

ကျန်းရှို့ယင်း: “...”

မှန်ပေ၏။

ကျန်းရှို့ယင်းမှာ အရပ်ပုသော်လည်း ပခုံးကျယ်ပြီး တင်ပါးကြီးသည့်အပြင် လီရှန်းထက် ၁၀ ကီလိုကျော်ခန့် အလေးချိန်ပိုများသည်။

လီရှန်း၏ ဂွမ်းကပ်အင်္ကျီများက ဂွမ်းသားကောင်းများဖြင့် သူမ၏ ကိုယ်လုံးနှင့် အံကိုက် ချုပ်ထားခြင်း ဖြစ်ပေသည်။ ကျန်းယွဲ့၏ ပခုံးများက သေးမသွားသရွေ့ သူမက လီရှန်း၏ အဝတ်များကို သေချာပေါက် ဝတ်နိုင်မည် မဟုတ်ချေ။

ဖန်းကွမ်းရှင်းက ပုခုံးကိုတွန့်ကာ ပြောလိုက်၏။

“ငါ့မှာတော့ အနီရောင်ဂွမ်းကပ်အင်္ကျီ မရှိဘူး”

ကျန်းရှို့ယင်းက ဖန်းကွမ်းရှင်းကို အထက်အောက် ပြန်ကြည့်လိုက်လေသည်။

ဖန်းကွမ်းရှင်းထံတွင် အနီရောင် ဂွမ်းကပ်အင်္ကျီ ရှိနေလျှင်ပင် သူမ ဝတ်မည်မဟုတ်ပါချေ။ သူမ၏အဝတ်အစားများက ကံမကောင်းခြင်းကို ယူဆောင်လာနိုင်သည်။

သို့သော် သူမအနေဖြင့် ဖန်းကွမ်းရှင်းကို မနာလို ဖြစ်နေမိသည်။

အဘယ်ကြောင့်ဆိုသော် ဖန်းကွမ်းရှင်းမှာ အသက်ကြီးသော်လည်း အနီရောင် ဂွမ်းကပ်အင်္ကျီ မဝတ်ထားလျှင်ပင် သူမထက် ပို၍ လှပနေပေ၏။

ဖန်းကွမ်းရှင်းက မိတ်ဆက်ပွဲအပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မရှိသောကြောင့် အဝတ်အစား လဲရန်ပင် စိတ်မဝင်စားတော့ပါချေ။

သူမက အပြာရောင် ဂွမ်းကပ်အင်္ကျီကိုသာ ဝတ်ထားသော်လည်း အရပ်ရှည်ပြီး ခြေတံရှည်သောကြောင့် ထိုအင်္ကျီမှာ သူမကို ပုံပျက်ပန်းပျက် မဖြစ်စေဘဲ အလွန်ပင်ကြည့်ကောင်းပြီးလှပနေခဲ့သည်။

ကျန်းရှို့ယင်း လက်မလျှော့သေးဘဲ ဂွမ်းကပ်အင်္ကျီတစ်ထည်ကို ကောက်စွပ်ကာ တခြားအဆောင်များသို့ လှည့်ပတ်ကြည့်ရှုရန် ထွက်သွားတော့သည်။

ကျန်းရှို့ယင်း၏ အရေးတကြီး ဖြစ်နေသည့်အမူအရာကို မြင်လျှင် ဖန်းကွမ်းရှင်း စိုးရိမ်တကြီး သက်ပြင်းချလိုက်မိ၏။

“သူမသာ ဒီနေ့ အနီရောင် ဂွမ်းကပ်အင်္ကျီ ငှားမရဘူးဆိုရင် ပြန်လာတဲ့အချိန် သောင်းကျန်းတော့မှာ သေချာတယ်”

“ဒါရိုက်တာဝမ်က မိတ်ဆက်ပွဲ လုပ်မယ်လို့ ပြောထားတာ လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကတည်းကလေ၊ သူမသာ ဝယ်ချင်ရင် အစကတည်းက ဝယ်ထားမှာပေါ့”

လီရှန်းအနေဖြင့် ကျန်းရှို့ယင်းကို အလျှော့ပေးရန် အစီအစဉ် မရှိပါချေ။ သူမက လှောင်ပြောင်လိုက်၏။

“ကိုယ်တိုင်မဝယ်ဘဲ သူများပစ္စည်းကိုပဲ အလကား သုံးချင်နေတာလား၊ လောကပြီးမှာ အလကားရတဲ့ ထမင်းထုပ်ဆိုတာ မရှိဘူး”

ဤသည်က သူမ၏ ပင်ကိုယ်စရိုက်ပင် ဖြစ်ပေသည်။

ဖန်းကွမ်းရှင်းက လီရှန်းကို မော့ကြည့်လိုက်၏။

“နင် နောက်နှစ်ကျရင် ပြောင်းတော့မှာမလား၊ ပြီးတော့ ရှောင်လီ၊ သူမလည်း တစ်လပိုင်းမှာ လက်ထပ်တော့မယ်၊ သူမ အဆောင်မှာ ဆက်နေမလား၊ ပြောင်းသွားတော့မလားမသိဘူး

နင်တို့နှစ်ယောက်လုံး ထွက်သွားကြရင် ငါနဲ့ ရှုယွဲ့ပဲ ကျန်ခဲ့တော့မှာပဲ”

“ဒါဆိုရင် အစ်မလည်း ဒီနေ့ မိတ်ဆက်ပွဲမှာ မျက်စိကို ကျယ်ကျယ်ဖွင့်ပြီး တစ်ယောက်လောက် ရှာလိုက်ပါလား”

လီရှန်းက ခုတင်ပေါ်မှ ခုန်ချလိုက်သည်။

“ဒါဆိုရင် အစ်မလည်း လက်ထပ်ပြီး ထွက်သွားလို့ရပြီ၊ ဒီအဆောင်ကို သူမ တစ်ယောက်တည်းအတွက်ပဲ ထားခဲ့လိုက်ပေါ့”

ဖန်းကွမ်းရှင်း ချက်ချင်းပင် ရယ်မောလိုက်လေ၏။

သူမက လီရှန်း၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“နင်ကတော့ တကယ်ကို စွာတာပဲ”

ဒါက ကျန်းရှို့ယင်းကို ဘယ်တော့မှ လက်တွဲဖော်မရပါစေနဲ့လို့ ဆုတောင်းပေးနေတာပဲ မဟုတ်လား။

လီရှန်းက အဆောင်တွင် ပစ္စည်းအနည်းငယ်သာ ချန်ထားခဲ့သောကြောင့် သူမတွင် လဲလှယ်ရန် အဝတ်တစ်စုံနှင့် ဂွမ်းကပ်အင်္ကျီ တစ်ထည်သာ ရှိပေသည်။

ထိုအကျီမှာ ဖန်ချင်းကိုယ်တိုင် ချုပ်ပေးထားသော အနီနှင့် အနက်ရောင် ကွက်ကျားဖြစ်ပြီး သူမနှင့် အလွန်ပင်လိုက်ဖက်နေခဲ့သည်။

ကျန်းရှို့ယင်းက ထိုအကျီကို အလွန်သဘောကျသော်လည်း ကံဆိုးစွာဖြင့် သူမ ဝတ်၍ မရပါချေ။

လီရှန်းက ဘီရိုထဲမှ ရေနွေးအိုးကို ထုတ်ယူလိုက်၏။ အထဲတွင် ရေနွေးတစ်ဝက်ခန့် ကျန်ရှိနေသေးသောကြောင့် မျက်နှာသစ်ရန် လုံလောက်ပေသည်။

လီရှန်းက အပြင်ဘက်ရှိ ရေဘုံဘိုင်သို့ သွားမတိုးတော့ဘဲ အဆောင်၏ ဝရန်တာလေးတွင် ဆောင့်ကြောင့်ထိုင်ကာ သွားတိုက်လိုက်သည်။

သူမက အလောတကြီး ဖြစ်နေခြင်းမရှိသည်ကို မြင်လျှင် ဖန်းကွမ်းရှင်းက အကြံပြုလိုက်၏။

“ဒီနေ့ စက်ရုံမှာ မိတ်ဆက်ပွဲလုပ်မှာလေ၊ လူပျို၊ အပျိုတွေ အားလုံး တက်လို့ရတယ်၊ နင်က ရှောင်စုနဲ့ စေ့စပ်ထားတယ်ဆိုပေမဲ့လည်း သွားပြီး ကခုန်ရင်း အပန်းဖြေလို့ ရသေးတာပဲ၊ စာတွေပဲ အမြဲကျက်မနေဘဲ အပြင်ကိုထွက်ပြီး နည်းနည်းလောက်ပျော်ရွှင်လိုက်ပါလား”

“မသွားတော့ပါဘူး”

လီရှန်းက ခေါင်းခါလိုက်ပြီး ရေနွေးဖြင့် ပလုတ်ကျင်းလိုက်၏။

“ဒါရိုက်တာရဲ့ မိတ်ဆက်ပွဲအတွက် ရည်ရွယ်ချက်က စက်ရုံက လူပျို၊ အပျိုတွေအတွက် အခွင့်အလမ်း ဖန်တီးပေးဖို့လေ၊ ကျွန်မ မသွားတာပဲ ကောင်းပါတယ်၊ အထင်လွဲတာတွေ မဖြစ်တာအကောင်းဆုံးပဲ”

ဒါလည်း ဟုတ်နေတာပဲ...

လီရှန်း၏ လက်ရှိအခြေအနေအရ မိတ်ဆက်ပွဲသို့ တက်ရောက်ခြင်းက အမှန်ပင် အနည်းငယ် မသင့်တော်ပါချေ။

ထို့ကြောင့် သူမက ဆက်မေးလိုက်သည်။

“ဒါဆိုရင် နင်နဲ့ ရှောင်စုနဲ့ အပြင်ဘက်ကို လမ်းနည်းနည်းလောက် သွားလျှောက်ကြပါလား”

“ကျွန်မတို့ မနေ့ကတည်းက ချိန်းထားတယ်”

လီရှန်း၏စကားကိုကြားလျှင် ဖန်းကွမ်းရှင်းက ဆက်မမေးတော့ပေ။

“ကျွန်မ ဈေးဝယ်စင်တာကို သွားမလို့လေ၊ မင်္ဂလာပွဲအတွက် လိုတာလေးတွေ ရှိမလားလို့ သွားကြည့်လိုက်ဦးမယ်”

မျက်နှာသစ်ပြီးနောက် လီရှန်းက ရေနွေးအိုးကို ဘီရိုထဲသို့ ပြန်ထည့်ကာ သော့ခတ်လိုက်၏။ ထို့နောက် ဖန်းကွမ်းရှင်းကို နှုတ်ဆက်ကာ ကျန်းရှို့ယင်း ပြန်မလာခင် အမြန် ထွက်ခွာလာခဲ့လေသည်။

ကျန်းရှို့ယင်း ပြန်ရောက်လာပြီး သူမ၏ ဂွမ်းကပ်အင်္ကျီကို ဇွတ်အတင်း ငှားဝတ်မည်ကို သူမ စိုးရိမ်မိသည်။

အမျိုးသမီးဝန်ထမ်းအဆောင်၏ အပေါက်ဝသို့ ရောက်ချိန်တွင် စုဝေ့ချင်း၏ ဘေးတွင် ရပ်ကာ လက်ပိုက်ပြီး ခြေဆောင့်နေသော လီလင်းကို တွေ့လိုက်ရလေသည်။

“နောက်ဆုံးတော့ ရောက်လာပြီပဲ”

လီရှန်းကို မြင်မှသာ လီလင်း သက်ပြင်းချလိုက်နိုင်သည်။

“ကျန်းရှို့ယင်း အဆောင်မှာ ရှိနေသေးလား”

“သူမ တခြားအခန်းတွေမှာ ဂွမ်းကပ်အင်္ကျီ သွားငှားနေတယ်”

လီရှန်း၏ စကားကို ကြားလျှင် လီလင်းက အမြန်ပြောလာခဲ့သည်။

“ဒါဆို ငါ အထဲကိုပြန်သွားပြီး မျက်နှာသစ်ဇလုံ သွားထားလိုက်ဦးမယ်၊ ငါ့ကို စောင့်ဦးနော်”

“ဘယ်အချိန်ကတည်းက ရောက်နေတာလဲ”

လီရှန်း စုဝေ့ချင်းကိုမေးလိုက်လေ၏။

“ရောက်တာ မကြာသေးဘူး”

စုဝေ့ချင်းက လီရှန်း၏ ပါးပြင်ပေါ်တွင် ဝဲကျနေသော ဆံစလေးများကို သူမ၏ နားနောက်သို့ သပ်တင်ပေးလိုက်ပြီး သူကိုယ်တိုင်၏ နားရွက်များမှာလည်း မထိန်းနိုင်ဘဲ နီမြန်းလာခဲ့၏။

နောက်နှစ်ရက်ဆိုလျှင် လက်ထပ်တော့မည် ဖြစ်သော်လည်း...

စုဝေ့ချင်းအနေဖြင့် လီရှန်းနှင့် နီးကပ်သွားတိုင်း သူ၏ နှလုံးသားက ခုန်လှုပ်သွားရပြီး မျက်နှာမှာလည်း နီမြန်းလာခဲ့ဆဲပင်။

“ကိုယ်တို့တွေက စိတ်ချင်းဆက်နေတယ်လို့ ပြောလို့ရမလား”

စုဝေ့ချင်းက လက်ကို ပြန်ရုတ်လိုက်ပြီး လီရှန်းကို နွေးထွေးစွာကြည့်ပြီး ပြုံးပြလာခဲ့သည်။

လီရှန်းက အပြုံးတစ်ခုဖြင့် ပြောလိုက်လေ၏။

“သေချာတာပေါ့”

ထိုသူနှစ်ယောက်က တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြပြီး လေထုမှာလည်း သိသိသာသာပင် ပန်းရောင်ဖုံးလွှမ်းလာခဲ့သည်။

သို့သော် ထိုအခြေအနေကို လီလင်းက ချက်ချင်းပင် ဖျက်ဆီးလိုက်လေသည်။ သူမက အမောတကော ပြေးထွက်လာ၏။

အနားကိုရောက်လျှင် နံရံကို လက်တစ်ဖက်ဖြင့် ထောက်ကာ ကျန်လက်တစ်ဖက်က ရင်ဘတ်ကို ဖိထားရင်း အသက်ကို ပြင်းပြင်းရှူနေရလေ၏။

ထို့နောက် လေသံတိုးတိုးဖြင့် ညည်းတွားလိုက်၏။

“ကျန်းရှို့ယင်းကတော့ တကယ်ကို ရူးနေတာပဲ၊ သူမက အဆောင်မှာ ငါတို့အကြောင်းကို လျှောက်ပြောနေတာ”

“ပြောပါစေ”

လီရှန်း သက်ပြင်းချလိုက်၏။

ဝန်ထမ်းဆောင်ရှိ လူတိုင်းက ကျန်းရှို့ယင်း၏ စရိုက်ကို သိထားကြပေသည်။

သူမ၏ ထိုပါးစပ်ကြောင့် တစ်နေ့နေ့တွင်တော့ သေချာပေါက် အရိုက်ခံရလိမ့်မည်။

လီလင်းက ခေါင်းခါလျက် ပြောလာသည်။

“သူမက ပြုပြင်လို့ မရတော့ဘူးလို့ ထင်တာပဲ၊ ငါတော့ နောက်နှစ်ကျရင် သေချာပေါက် အခန်းပြောင်းတော့မယ်၊ ဒီလိုလူမျိုးနဲ့ အတူနေရတာ တကယ်ကို ကြောက်စရာကောင်းတယ်”

တစ်ဖက်လူက မည်သည့်အချိန်ကတည်းက ပြောလိုက်မှန်းမသိသော်လည်း သူတို့သိသည့်အချိန်တွင် သူတို့၏ ကိုယ်ရေးကိုယ်တာကိစ္စများက စက်ရုံတစ်ခုလုံးတွင် ဟာသတစ်ခုအဖြစ် ပြန့်နှံ့သွားခဲ့ချေပြီ။

“နင် မင်္ဂလာရက် သတ်မှတ်လိုက်ပြီလား”

လီရှန်းက အံ့သြတကြီး မေးလိုက်၏။

“ဒီနေ့ပဲ ရက်သတ်မှတ်လိုက်တော့မယ်”

သူမ၏ ချစ်သူအကြောင်းကို ပြောချိန်တွင် လီလင်းက ရှက်ရွံ့စွာ ပြုံးလိုက်မိသည်။

“မကြာခင် လက်ထပ်နိုင်ဖို့ မျှော်လင့်ပါတယ်”

သူတို့ သုံးယောက် ဆေးဝါးစက်ရုံမှ အတူထွက်လာခဲ့ကြလေ၏။

လီရှန်းနှင့် စုဝေ့ချင်းတို့က ဈေးဝယ်စင်တာသို့ သွားကြမည်ဖြစ်ပြီး လီလင်း၏ ဦးတည်ရာက ကားဂိတ် ဖြစ်ပေသည်။ ထို့ကြောင့် စက်ရုံမှ ထွက်သည်နှင့် သူတို့ လမ်းခွဲလိုက်ကြလေ၏။

လီရှန်းနှင့် စုဝေ့ချင်းတို့က ယူကျန့်လမ်းသို့ သွားကာ ဈေးဝယ်စင်တာသို့ သွားမည့် ဘတ်စ်ကားကို စီးလိုက်ကြသည်။

သူတို့နှစ်ယောက် ကားပေါ်တွင် ထဲမှ ကိစ္စများကို ပြောလာခဲ့ကြသည်။

“ကိုယ်တို့ ဌာနက လူပျို၊ အပျို အတော်များများလည်း ဒီနေ့ မိတ်ဆက်ပွဲကို သွားကြတယ်၊ ကိုယ်တို့ ဒါရိုက်တာကိုယ်တိုင် ဦးဆောင်ပြီး သွားတာလေ”

“ဒါရိုက်တာရွှယ်က ကိုယ်တိုင် ဦးဆောင်သွားတာလား”

လီရှန်း အလွန်ပင် အံ့သြသွားခဲ့၏။

အတွင်းရေးမှူးရုံး၏ ဒါရိုက်တာရွှယ်နှင့် ဒါရိုက်တာဝမ်တို့မှာ စရိုက်ချင်း လုံးဝ မတူညီကြပေ။

ဒါရိုက်တာဝမ်သည်က ပျော်ပျော်နေတတ်ပြီး သာမန်ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး ရှိတတ်သော်လည်း၊ အတွင်းရေးမှူးရုံး၏ ဒါရိုက်တာမှာ အလွန် စည်းကမ်းကြီးကာ ပြုံးခဲလှသောကြောင့် ဌာနတွင်းမှ ဝန်ထမ်းများက သူ့ကို အတော်လေး ကြောက်ရွံ့ကြပေသည်။

“တကယ်တော့ ဒါရိုက်တာရွှယ်က လူပျိုတွေကို မိတ်ဆက်ပွဲကို တက်ဖို့ ခွင့်ပြုပေးလိုက်တာကိုတောင် ကိုယ်က အတော်လေး အံ့သြနေတာ”

ကိုယ်တိုင် ဦးဆောင်ပြီးသွားခြင်းကိုတော့ ပြောနေရန်ပင် မလိုတော့ပါချေ။

ထိုအကြောင်းကို ကြားလျှင် လီရှန်းလည်း ဒါရိုက်တာရွှယ်အပေါ် ကောင်းမွန်သော ထင်မြင်ချက်ဖြစ်လာခဲ့သည်။

သေချာပေ၏။

ဒါရိုက်တာရွှယ်သည်လည်း မူဝါဒနှင့်ပတ်သက်၍ ကောလာဟလ အချို့ကို ကြားထားပုံရသည်။ ထို့ကြောင့်လည်း ရုံးခန်းအတွင်းမှ လူပျို၊ အပျိုများကို အိမ်ထောင်ဖက်ရှာကာ အခြေကျရန်အတွက် မသိမသာ တိုက်တွန်းနေခြင်း ဖြစ်ပေလိမ့်မည်။

*

All Chapters