← Chapters

လက်ထပ်မှတ်ပုံတင်လက်မှတ်ရရှိခြင်း

Vol. 8 Ch. 73

လက်ထပ်မှတ်ပုံတင်လက်မှတ်ရရှိခြင်း

Vol. 8 Ch. 73

ဆေးဝါးစက်ရုံမှ ဈေးဝယ်စင်တာသို့ ကားဖြင့်သွားလျှင် ဆယ်မိနစ်ခန့်သာ ကြာမြင့်သည်။

အကွာအဝေးက မဝေးသောကြောင့် သူတို့ စကားအနည်းငယ် ပြောနေရင်းနှင့်ပင် ရောက်ရှိသွားခဲ့လေ၏။

ပိုင်မားခရိုင်က ခရိုင်တစ်ခုသာ ဖြစ်သော်လည်း ပြည်နယ်မြို့တော်နှင့် နီးကပ်သည့်အတွက် ဈေးဝယ်စင်တာရှိ ကုန်ပစ္စည်းများမှာ အလွန်ပင် စုံလင်ပေသည်။

မြို့ကြီးများရှိ စင်တာများတွက် မရှိသော ပစ္စည်းအသစ်များပင် ဤနေရာတွင်ရှိနေတတ်၏။

ထို့ကြောင့် နှစ်ကုန်ပိုင်းတွင် အနီးအနားရှိ မြို့နယ်နှင့် ကျေးရွာများမှ လူများက ပိုင်မားခရိုင်သို့ လာရောက် ဈေးဝယ်လေ့ရှိကြပေသည်။

လီရှန်းနှင့် စုဝေ့ချင်းတို့နှစ်ယောက် ဈေးဝယ်စင်တာသို့ ဝင်လိုက်သည်နှင့် နာရီအရောင်းကောင်တာသို့ တိုက်ရိုက်သွားလိုက်ကြ၏။

ဤခေတ်ကာလတွင် မင်္ဂလာပွဲအတွက် မရှိမဖြစ် ပစ္စည်း သုံးမျိုးရှိသည်။ ထိုအထဲမှ အပ်ချုပ်စက်ကို လီရှန်းအသုံးမပြုတတ်ပါချေ။ စက်ဘီးသည်လည်း လက်ထပ်ပြီးနောက်တွင် သူတို့က စက်ရုံတွင် နေမည်ဖြစ်၍ မလိုအပ်ပေ။

စုဝေ့မင်တို့တွင်လည်း စက်ဘီးရှိနေသောကြောင့် လိုအပ်လျှင် ယူသုံးနိုင်သည်။

သို့နှင့် နောက်ဆုံးတွင် လက်ပတ်နာရီသာ ကျန်တော့ပေ၏။

လီရှန်းတွင် လက်ပတ်နာရီ မရှိပါချေ။ စုဝေ့ချင်းသည်လည်း စုဝေ့မင်၏ နာရီဟောင်းကိုသာ သုံးနေခြင်း ဖြစ်သည်။

ဤသို့ဖြင့် လူငယ်နှစ်ဦးက နာရီကောင်တာသို့ သွားခဲ့ကြပြီး တစ်ယောက်က ငွေထုတ်ပေးကာ နောက်တစ်ယောက်က ပြေစာကို ယူလိုက်သည်။

သူတို့က အမျိုးသားဝတ် တစ်လုံးနှင့် အမျိုးသမီးဝတ်တစ်လုံးရွေးချယ်ပြီး ထိုနှစ်လုံးအတွက် ‘ဟိုင်ရှီ’ တံဆိပ်ကို တိုက်ရိုက်မှာယူလိုက်ကြ၏။

နာရီတစ်လုံးလျှင် ယွမ်တစ်ရာကျော် ကျသင့်ပေသည်။

ထိုလူငယ်နှစ်ဦးက မျက်တောင်တစ်ချက် မခတ်ဘဲ နာရီနှစ်လုံးကို ယူကာ ချက်ချင်းပင် လက်တွင် ပတ်လိုက်ကြလေ၏။

ပုံမှန်အားဖြင့် မောက်မာတတ်သော အရောင်းစာရေးများပင်လျှင် ဤကဲ့သို့သောဖောက်သည်မျိုးနှင့် တွေ့သောအချိန်၌ မျက်နှာတွင် အပြုံးများနှင့် ပြည့်နှက်သွားခဲ့သည်။

သူတို့၏ စကားက ဤသို့ပင်ဖြစ်ပေ၏။

“ကျွန်မတို့က ဒေါသကြီးတတ်တာ မဟုတ်ပါဘူး၊ တချို့ဖောက်သည်တွေက ပါးစပ်တွေ ညောင်းတဲ့အထိ စျေးလျှော့ခိုင်းနေကြလို့ပြောနေရတာ ၊ ကျွန်မတို့က နိုင်ငံပိုင်လုပ်ငန်းလေ၊ ဘယ်လိုလုပ်လျှော့ပေးလို့ ရမှာလဲ”

“လီရှန်း”

သူတို့နှစ်ယောက် အဝတ်အစားများ ကို သွားကြည့်တော့မည့်အချိန်တွင် ရင်းနှီးသော အသံတစ်ခုက နောက်ကွယ်မှ ထွက်ပေါ်လာခဲ့၏။

လီရှန်း လှည့်ကြည့်လိုက်လျှင် ကျန်းယွဲ့က သူတို့နှင့် နှစ်မီတာခန့် အကွာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

သူမအနေဖြင့် လီရှန်းကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့၏။

“ကျန်းယွဲ့”

လီရှန်းက မတိုင်ခင်ကအတိုင်း တည်ငြိမ်သော လေသံဖြင့် နှုတ်ဆက်လိုက်ပြီး သူမ၏အနားတွင် ဟဲထန် ရှိမနေကြောင်းကို အတည်ပြုရန်အတွက် ဘေးဘက်ပတ်လည်ကို ဝေ့ကြည့်လိုက်၏။

ကျန်းယွဲ့က လီရှန်းထံ လျှောက်လာခဲ့ပြီး လီရှန်း၏ လက်ကောက်ဝတ်တွင်ရှိနေသော နာရီကို စိုက်ကြည့်နေခဲ့သည်။

“လွန်ခဲ့တဲ့ ရက်နည်းနည်းလောက်က ငါ နင့်ကို အထည်စက်ရုံမှာ သွားရှာသေးတယ်၊ ဒါပေမဲ့ ဘယ်သူမှ ရှိမနေဘူး”

“ငါ အထည်စက်ရုံမှာနေတယ်ဆိုတဲ့အကြောင်းကို နင် ဘယ်လိုလုပ်ပြီးသိနေတာလဲ”

လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းယွဲ့ကို မကျေမနပ် ကြည့်လိုက်၏။

ကျန်းယွဲ့က ထိုမေးခွန်းကို မဖြေဘဲ ပြန်မေးလာလေသည်။

“ နင် အခုဘယ်မှာ နေတာလဲ”

“နင်နဲ့ ဘာဆိုင်လို့လဲ”

လီရှန်းက စုဝေ့ချင်းကို ဆွဲကာ ကျန်းယွဲ့ကို ကျော်ဖြတ်ပြီး ထွက်ခွာရန် ပြင်လိုက်၏။

သို့သော် ကျန်းယွဲ့က သူမ၏လမ်းကိုပိတ်လိုက်ပြန်သည်။ သူမ၏ မျက်နှာက ဖြူဖျော့နေခဲ့ပြီး တောင်းပန်လာခဲ့သည်။

“လီရှန်း၊ ကျေးဇူးပြုပြီး ဟဲထန်ကို သွားတွေ့ပေးပါဦး၊ သူ နေမကောင်းဘူး၊ တကယ်ကို အခြေအနေ ဆိုးနေတာ”

လီရှန်းတစ်ယောက် ဒေါသထွက်လွန်းသဖြင့် ရယ်ပင် ရယ်မိသွားရလေ၏။

“ဟဲထန် နေမကောင်းတာ ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါ သူ့ကို သိလို့လား.. သူ့ကို စကားတစ်ခွန်းလောက်တောင် ပြောဖူးလို့လား ကျန်းယွဲ့၊ နင် ငါ့ကို ဟဲထန်ရဲ့အကြောင်းတွေ တစ်ခါပြီးတစ်ခါ လာပြောနေတာ ဘာရည်ရွယ်ချက်နဲ့လဲ”

“ဒါကို မြင်လား”

လီရှန်းက စုဝေ့ချင်းကို ညွှန်ပြလိုက်၏။

“ဒါ ငါ့ရဲ့ အမျိုးသားပဲ၊ ငါ လက်ထပ်ပြီးသွားပြီ”

“မဖြစ်နိုင်တာ”

ကျန်းယွဲ့ မယုံကြည်နိုင်ပါချေ။

“ငါတို့ ကျောင်းပြီးခဲ့တာ မကြာသေးဘူးလေ၊ နင် ဘယ်လိုလုပ် ဒီလောက် မြန်မြန် လက်ထပ်နိုင်မှာလဲ”

“ငါက လက်ထပ်ရုံတင် မကဘူး၊ ဆေးဝါးစက်ရုံမှာလည်း အလုပ်ရထားပြီးပြီ၊ ငါ့မှာ တရားဝင် အလုပ်ရှိတယ်၊ ကျန်းယွဲ့ ငါ နင်နဲ့အတူ ကျေးလက်ဒေသကို လိုက်သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ဟဲထန်ကို သွားတွေ့ဖို့ဆိုတာလည်း ပိုတောင်ဝေးသေးတယ်”

လီရှန်းက ဟဲထန်ကို နောက်ဆုံးတွေ့ခဲ့ရသည့် အကြိမ်ကို သတိရလိုက်၏။

သူ၏မျက်နှာက အနက်ရောင်အခိုးအငွေ့များရှိနေပြီး စိတ်ညစ်ညူးစရာ ကောင်းလှသော ပုံစံပင် ဖြစ်ပေသည်။

သူမ စိတ်ထဲမှ လှောင်ပြောင်လိုက်သည်။

ကြည့်ရတာ ကောင်းကင်ကြီးကတောင် ဒါကို ကြည့်မနေနိုင်တော့တဲ့ပုံပဲ။ ဒါကြောင့် ဟဲထန် နေမကောင်း ဖြစ်ရတာ ဖြစ်လိမ့်မယ်။

ဒါပေမဲ့ နေမကောင်းဖြစ်ရင်တောင် ဘာမှ ထူးမှာ မဟုတ်ဘူး။ အိပ်ရာပေါ်က မထနိုင်တာမျိုး မဟုတ်သရွေ့တော့ ကျေးလက်ဒေသကို သွားရမှာပါပဲ။

လီရှန်းက ပြောပြီးနောက် ကျန်းယွဲ့၏ မျက်နှာအမူအရာကို ဂရုမစိုက်တော့ဘဲ စုဝေ့ချင်းကို ဆွဲကာ ဒုတိယထပ်ရှိ အဝတ်အထည်များ ရောင်းချရာနေရာသို့ တန်းတန်းမတ်မတ် တက်သွားခဲ့လေသည်။

ကျန်းယွဲ့နှင့် စကားများပြီး အချိန်ဖြုန်းနေမည့်အစား၊ မင်္ဂလာဆောင်ပြီးနောက် နှစ်သစ်ကူးတွင် ဆွေမျိုးများထံ သွားလည်သည့်အချိန်၌ ဝတ်ဆင်ရန် ဂွမ်းကပ်အကျီအသစ် တစ်ထည် ဝယ်လိုက်ခြင်းက ပို၍ ကောင်းပေလိမ့်မည်။

“ရဲဘော်လီ... ရဲဘော် လီရှန်း၊ မင်း အဲဒီအမျိုးသမီးကို... ကိုယ်တို့က လက်ထပ်လိုက်ပြီလို့ ပြောလိုက်တာလား”

သူမ၏ဘေးနားမှ စုဝေ့ချင်း၏ အနည်းငယ် တုန်ယင်နေသော အသံ ထွက်ပေါ်လာလေ၏။

ထိုအချိန်မှသာ လီရှန်းတစ်ယောက် စုဝေ့ချင်း၏ မျက်နှာက ပန်းသီးတစ်လုံးကဲ့သို့ နောက်တစ်ဖန် နီမြန်းနေခဲ့ပြန်ပြီဖြစ်ကြောင်းကို သတိထားမိခဲ့သည်။

“ဟုတ်တယ်လေ၊ ကျွန်မတို့က မကြာခင် လက်ထပ်တော့မှာပဲမလား”

စုဝေ့ချင်းက သတ္တိကို မွေးလိုက်သကဲ့သို့ လီရှန်း၏ မျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက် မေးလိုက်၏။

“ဒါဆို ကိုယ်တို့တွေ ဘယ်တော့လောက်ကို လက်ထပ်မှတ်ပုံတင်လက်မှတ် သွားယူကြမလဲ”

လီရှန်းက ခေါင်းကို စောင်းကာ အချိန်ကို တွက်ချက်လိုက်လေ၏။

“ဒီနေ့ သွားယူကြရင်ရော ဘယ်လိုလဲ”

“ဒီနေ့လား”

စုဝေ့ချင်း လုံးလုံးလျားလျား ကြောင်အသွားခဲ့ရလေသည်။ သူသည်က အစမ်းသဘောဖြင့်သာ မေးလိုက်ခြင်း ဖြစ်သော်လည်း ဤမျှလောက် မမျှော်လင့်ထားသော အဖြေကို ရရှိလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။

လီရှန်း ခေါင်းငြိမ့်လိုက်၏။

သူမက လက်ချောင်းလေးများဖြင့် နေ့ရက်များကို ရေတွက်ကာ ပြောလိုက်သည်။

“ကြည့်လိုက်လေ၊ ဒီနေ့က (၁၂)လပိုင်း (၂၄)ရက် ရှိနေပြီ၊ (၂၈) ရက်နေ့အထိဆိုရင် လေးရက်ပဲ ကျန်တော့တာ၊ ရုံးက (၂၆)ရက်နေ့ဆို ပိတ်တော့မှာ၊ ဒါပေမဲ့ မနက်ဖြန်က ကျွန်မတို့တွေ အလုပ်ဆင်းရဦးမယ်

ဒါကြောင့် နှစ်မကုန်ခင် လက်မှတ်ယူဖို့အတွက် ဒီနေ့ကအ သင့်တော်ဆုံးနေ့ပဲ မဟုတ်ဘူးလား”

စုဝေ့ချင်း ခေါင်းကို အကြိမ်ကြိမ် ညိတ်ပြလိုက်လေ၏။

ထိုသို့ တွေးကြည့်ပါက နှစ်မကုန်မီ လက်မှတ်ယူရန်အတွက် ယနေ့က အသင့်တော်ဆုံးနေ့ ဖြစ်နေပေသည်။

“ဒါဆို မင်း ဘာလို့ အရင်က ကိုယ့်ကို သတိမပေးတာလဲ”

သူ့အနေဖြင့် မတိုင်ခင်အမျိုးသမီး၏ နှိုးဆွပေးခြင်းကို ခံရပြီးမှသာ သတ္တိမွေးကာ လက်မှတ်ကိစ္စကို ထုတ်ပြောနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

သူ့အနေဖြင့် ဟဲထန်၏အကြောင်းကို လီရှန်းဆီမှ ကြားထားဖူးပြီးဖြစ်ပေသည်။ မည်သည့်အရာမှ ကြောက်စရာ မရှိကြောင်းကို သိထားသော်လည်း တကယ်တမ်း ကိစ္စများကပေါ်လာချိန်တွင် အနည်းငယ် စိုးရိမ်မိနေခဲ့ရသည်။

အထူးသဖြင့် ထိုအမျိုးသမီးက ဟဲထန်၏ အခြေအနေက စိတ်ပူရသည်ဟု ပြောလိုက်ချိန်တွင်ပင် ဖြစ်ပေ၏။

ရဲဘော် လီရှန်းက စိတ်ပြောင်းသွားပြီး ဆေးရုံသို့သွားကာ တစ်ဖက်လူကိုအမှန်တကယ် သွားတွေ့မည်ကို သူ အလွန်အမင်း ကြောက်နေမိပေသည်။

လီရှန်းက သူ့ဘက်သို့ မျက်လုံးကို အသာစောင်းကြည့်ကာ တီးတိုးရေရွက်လိုက်၏။

“ဒီလိုကိစ္စမျိုးကိုတောင် ကျွန်မက အတင်းအကြပ်တိုက်တွန်းနေရဦးမှာလား”

သူမ၏စကားကို ကြားလိုက်ရလျှင် စုဝေ့ချင်းက ငတုံးလေးတစ်ယောက်ကဲ့သို့ ချက်ချင်းပင် ရယ်မောလိုက်ပြီး အလျှင်အမြန် တောင်းပန်လိုက်လေသည်။

“ကိုယ့်အမှားပါ ၊ ဒါက ကိုယ့်ရဲ့အမှားပဲ၊ ဒီလိုကိစ္စတွေအတွက် ကိုယ့်ဘက်ကပဲ စပြီး ပြောသင့်တာ ၊

ဒါဆို အခုပဲ အိမ်ထောင်စုစာရင်း သွားယူပြီး လက်မှတ်သွားယူကြမလား၊ အိုး ပြီးတော့ မင်္ဂလာဓာတ်ပုံလည်း ရိုက်ရဦးမယ် ၊ ပုံတွေ အများကြီး ရိုက်ရအောင်၊ ပြီးရင် မှန်ဘောင်ကြီးသွင်းပြီး အခန်းထဲမှာ ချိတ်ထားကြမယ်”

ရုတ်တရက် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သော်လည်း စုဝေ့ချင်းအနေဖြင့် သူ၏ စိတ်ကူးထဲတွင်မူ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားပြီး ဖြစ်ပေသည်။

စုဝေ့ချင်းက ချက်ချင်းပင် အစီအစဉ်များကို စနစ်တကျ စီစဥ်လိုက်သည်။

“အိမ်ထောင်စုစာရင်း ရပြီဆိုတာနဲ့ နိုင်ငံပိုင်စားသောက်ဆိုင်မှာ ပြန်ဆုံကြမယ်၊ လက်မှတ်ရပြီးသွားရင်တော့ ပျော်ပွဲဆင်နွဲတဲ့အနေနဲ့ အစားအသောက်ကောင်းတွေ စားကြတာပေါ့”

“ကောင်းပြီလေ”

လီရှန်း ခေါင်းညိတ်လိုက်သည်။

သို့ဖြင့် လူငယ်နှစ်ဦးက ဈေးဝယ်ရန် အစီအစဉ်ကို ဖျက်လိုက်ပြီး လှည့်ပြန်လာခဲ့ကြလေ၏။

“လက်မှတ်ရပြီးမှ ဈေးဝယ်စင်တာကို ပြန်လာပြီး အဝတ်အစားတွေ ဝယ်ကြတာပေါ့”

စုဝေ့ချင်းက အထပ်သုံးထပ်သော ဈေးဝယ်စင်တာကြီးကို ကြည့်ကာ ရည်မှန်းချက်ကြီးစွာဖြင့် ပြောလိုက်လေသည်။

ယခုအချိန်တွင် ရုံးမှ လက်ထပ်မှတ်ပုံတင်လက်မှတ် ထုတ်ပေးပြီးနောက် အသစ်စက်စက်ဇနီးမောင်နှံများအတွက် လိုအပ်မည့် နေ့စဉ်သုံးပစ္စည်း စာရင်းတစ်ခုကိုပါ ပူးတွဲပေးလေ့ရှိ၏။

ထိုစာရင်းကို အသုံးပြုပြီး ပစ္စည်းများ ဝယ်ယူပါက အသုံးအဆောင်လက်မှတ်များ မလိုသည့်အပြင် ဈေးနှုန်းကလည်း ပိုမိုသက်သာပေသည်။

ဤသည်မှာ နိုင်ငံတော်မှ အိမ်ထောင်သည်အသစ်များအတွက် ပေးထားသည့် အထူးခံစားခွင့် မူဝါဒပင် ဖြစ်လေ၏။

“ဒါဆို ကျွန်မတို့တွေ ပိုက်ဆံ အလုံအလောက် ယူလာဖို့တော့လိုလိမ့်မယ်”

ထိုစာရင်းထဲတွင် မည်သည့်ပစ္စည်းများ ပါဝင်မည်ကို လီရှန်း မသိသော်လည်း ဗီရိုကြီး တစ်လုံးပါရှိကြောင်းကို သူမ ကြားဖူးထားပေ၏။

“ရှင့်အခန်းထဲမှာ ဗီရိုကြီး ထည့်ဖို့ နေရာရှိရဲ့လား”

“သေချာပေါက် ရှိတာပေါ့”

ယခုအချိန်တွင် သူ့၏အခန်းထဲ၌ ခုတင်တစ်လုံးသာ ရှိနေပြီး ပရိဘောဂများအတွက် နေရာကို အဆင်သင့် ပြင်ထားပြီးသား ဖြစ်ပေသည်။

*

All Chapters