← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း

(79)

အခန်းထဲတွင် အလွန်အမင်း ဗလာကျင်းနေသောကြောင့် လီရှန်း အံ့အားသင့်သွားရသည်။ စုဝေ့ချင်း ပြောခဲ့သည်မှာ အမှန်ပင်ဖြစ်ပေ၏။

ကြီးမားလှသော အခန်းထဲတွင် ပိုလျှံနေသော ထိုင်ခုံပုလေးတစ်လုံးပင် မရှိချေ။ (၁.၅) မီတာအကျယ်ရှိသော သစ်သားခုတင်တစ်ခုသာ ရှိလေသည်။

အိပ်ရာခေါင်းရင်းနေရာတွင်တော့ ကြေးဝါသော့ခလောက်လေးနှစ်ခု ချိတ်ဆွဲထားသည့် ဘေးစားပွဲလေးတစ်လုံး ရှိနေပေ၏။

“ကိုယ်တို့ အဝတ်ဗီရိုကို ဒီနံရံဘက်မှာကပ်ပြီး ထားကြမယ်၊ ဒါကို အံဆွဲပါတဲ့ ဗီရိုနဲ့ တစ်ဆက်တည်းဖြစ်အောင် လုပ်ပြီးတော့ ပြတင်းပေါက်နားမှာ စားပွဲကိုထားကြတာပေါ့”

စုဝေ့ချင်းက အိပ်ရာ၏ ဘယ်ဘက်ရှိ (၁.၅)မီတာခန့် အကျယ်ချန်ထားသော နံရံနေရာကို ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ဗီရိုထားလိုက်လျှင်ပင် လမ်းလျှောက်ရန် အနှောင့်အယှက် ဖြစ်လိမ့်မည် မဟုတ်ပေ။

လီရှန်းက ခေါင်းငြိမ့်ပြရင်း လော်ယွီရှို့၏ မျက်နှာအမူအရာကို အကဲခတ်လိုက်၏။

မည်သို့ပင်ဆိုစေ ဤကဲ့သို့ ပရိဘောဂသုံးမျိုးကို တစ်ပြိုင်နက်ဝယ်ယူရန်အတွက် လုံးဝပင် ဈေးမချိုလှပေ။

မမျှော်လင့်ဘဲ လော်ယွီရှို့ဘက်မှ နှမြောတွန့်တိုသည့် အရိပ်အယောင် မပြရုံသာမကဘဲ ပြန်၍ပင် မေးလိုက်သေး၏။

“အံဆွဲဗီရို တစ်လုံးတည်းနဲ့ လောက်ပါ့မလား၊ နောက်တစ်လုံး ထပ်မှာရမလား၊ အရင်တုန်းက ဝူလီက အပ်ချုပ်စက်တစ်လုံး တောင်းခဲ့သေးတယ်၊ ရှန်းရှန်းက အပ်ချုပ်စက် မသုံးတတ်ဘူးဆိုတော့ အမေ မင်းအတွက် နောက်ထပ် အံဆွဲဗီရိုတစ်လုံး ထပ်ဝယ်ပေးရမလား”

သူမ၏ အမူအရာမှာ အငယ်ဆုံးသားလေး နစ်နာသွားမည်ကို စိုးရိမ်နေသကဲ့သို့ ဖြစ်နေပေသည်။

“မလိုပါဘူး အမေ၊ ဒါနဲ့တင် လောက်ပါတယ် နောက်ပြီး နောက်ထပ်ဗီရိုတစ်လုံးဝယ်ဖို့အတွက်လည်း ပိုက်ဆံ ရှာရဦးမှာလေ”

စုဝေ့ချင်းက လော်ယွီရှို့၏ နောက်သို့သွားကာ သူမ၏ ပခုံးကို ဖက်လိုက်လေ၏။

“အမေက ရဲဘော်လီရှန်းကို မခွဲနိုင်ဘူးဆိုရင်လည်း အဲဒီပိုက်ဆံတွေကို သူမအတွက်ပဲ စုပေးထားလိုက်ပါလား”

လော်ယွီရှို့က သူ့ကို စိုက်ကြည့်လိုက်၏။

“သွားစမ်းပါ၊ အပြင်ကို ထွက်တော့”

ထို့နောက် သူမက လီရှန်း၏လက်ကို ဆွဲကိုင်လိုက်သည်။

“ရှန်းရှန်း၊ သမီး လိုချင်တာရှိရင် အမေ့ကိုသာ ပြောလိုက်၊ အမေက ဘယ်သူ့ကိုမှ မျက်နှာလိုက်မှာ မဟုတ်သလို သမီးကိုလည်း မတရားမလုပ်ဘူး သမီးရဲ့ မောင်နှမတွေမှာ ရှိတာမှန်သမျှ သမီးမှာလည်း ရှိရမယ်”

လီရှန်းတစ်ယောက် ရယ်လည်းရယ်ချင်ကာ စိတ်လည်း မသက်မသာ ဖြစ်သွားရပေသည်။

သူမအနေဖြင့် ငွေကြေးကို ဖက်တွယ်ထားတတ်သည့် ယောက္ခမမျိုးကိုသာ မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ ချွေးမဖြစ်သူ၏ ပါးစပ်ထဲသို့ အတင်းအဓမ္မ ထိုးထည့်ပေးနေသည့် ယောက္ခမမျိုးကိုတော့ ဤအချိန်မှသာ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေ၏။

“အန်တီ၊ ကျွန်မထင်တာတော့ ဒီလောက်ဆိုရင် တကယ်ပဲ လုံလောက်ပါပြီ”

“အခုတစ်ခါပဲ ပြောမှာနော်၊ ဒီအခွင့်အရေး ပြီးသွားရင်တော့ မင်း အမေ့ဆီက ဘာမှ ထပ်တောင်းလို့ မရတော့ဘူး”

လော်ယွီရှို့က ထပ်မံ မေးမြန်းလိုက်သည်။

သူမက အငယ်ဆုံးသားကို မျက်နှာလိုက်နေခြင်း မဟုတ်ပေ။

အကြီးဆုံးသားဖြစ်သူ၏ အိမ်ထောင်ရေး နှစ်ကြိမ်ဖြစ်ရခြင်းကြောင့် တခြားသားများထက် ငွေကြေးနှင့် လူပင်ပန်းမှု ပိုများခဲ့ပေ၏။

လူပင်ပန်းမှုကို ထားလိုက်ဦး။

ငွေကြေးအရဆိုလျှင်ပင် စုဝေ့ချင်း အိမ်ထောင်ပြုပြီးနောက်တွင် စုဝေ့ယန်၏ ဝေစုကိုလည်း ထပ်တူကျအောင် သူမဘက်မှ ဖြည့်ဆည်းပေးရမည်ဟု တွေးထားပေသည်။

သို့မှသာ နောင်တစ်ချိန်တွင် ညီအစ်ကို သုံးယောက်ကို ပြန်လည် တွက်ချက်ကြည့်ပြီး အဖြောင့်မတ်ဆုံးသူက နစ်နာသူ ဖြစ်သွားခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။

“ကျွန်တော်တို့အတွက်လည်း အပ်ချုပ်စက်တစ်လုံး ဝယ်လိုက်ရင်ရော ဘယ်လိုလဲ”

စုဝေ့ချင်းက သူ၏ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်၏။

“ရဲဘော်လီရှန်းကတော့ သုံးမှာ မဟုတ်ပေမဲ့ အမေကတော့ သုံးတတ်တယ်မလား၊ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ဇနီးက အိမ်ခွဲနေဖို့ အရည်အချင်း မပြည့်မီသေးဘူးဆိုတော့ လောလောဆယ် အိမ်မှာပဲ ဆက်နေကြရမှာပဲလေ

အပ်ချုပ်စက်ရှိတော့ အဝတ်အစားတွေ ချုပ်ဖို့၊ ဖာဖို့ ပိုလွယ်တာပေါ့”

လီရှန်းကလည်း ထိုအချက်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ယူဆမိသည်။

“အမှန်ပဲ ၊ ဒါဆိုလည်း အပ်ချုပ်စက်တစ်လုံးလောက်ဝယ်ကြတာပေါ့”

“ကောင်းပြီ”

လော်ယွီရှို့က အလွယ်တကူပင် ခေါင်းငြိမ့်လိုက်၏။

“ဒါဆို အဲဒီအတိုင်းပဲ ဆုံးဖြတ်လိုက်မယ်”

“ဘာကို ဆုံးဖြတ်လိုက်တာလဲ”

ဧည့်ခန်းအတွင်းမှ စုဝေ့ဟိုင်၏ အသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ကလေးငယ်နှစ်ဦး၏ ပျော်ရွှင်သော အော်သံများ ကြားလိုက်ရ၏။

“ဦးလေး၊ ကျွန်တော်တို့ ရောက်ပြီ!”

လော်ယွီရှို့က အခန်းထဲမှ ချက်ချင်း ထွက်လာခဲ့လေ၏။

“ရှန်းရှန်းအတွက် အပ်ချုပ်စက်ဝယ်ပေးဖို့ကိစ္စလေ”

သူမက ပြုံးလျက် မြေးနှစ်ယောက်အား မက်မွန်သီးကိတ်မုန့်ခြောက်တချို့ ပေးလိုက်သည်။

“ဝေ့ချင်းနဲ့ ရှန်းရှန်းက ဒီနေ့ပဲ အိမ်ထောင်ရေးဦးစီးဌာနမှာ လက်မှတ်ထိုးခဲ့ကြတာ၊ ဒါကြောင့် ဒီနေ့ နေ့လယ်က သူတို့နှစ်ယောက် ဗီရိုနဲ့ အံဆွဲဗီရို သွားမှာခဲ့ကြတယ်

ငါက ဝူလီ့အတွက်တုန်းကလည်း အပ်ချုပ်စက် ဝယ်ပေးခဲ့တာဆိုတော့ ရှန်းရှန်းအတွက်လည်း ဝယ်ပေးသင့်တယ်လို့ တွေးမိတယ်၊ သူမ သုံးတတ်တာပဲဖြစ်ဖြစ်၊ မသုံးတတ်တာပဲဖြစ်ဖြစ် အနည်းဆုံးတော့ ငါ မျက်နှာမလိုက်ဘူးဆိုတာ ပြသနိုင်တာပေါ့ ဟုတ်တယ်မလား”

လော်ယွီရှို့က ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သော်လည်း ထိုစကားများက ဝူလီ၏နားထဲတွင်တော့ တစ်မျိုးဝင်ရောက်သွားကာ စိတ်မသက်မသာ ဖြစ်သွားစေလေသည်။

ဝူလီသည်ကား ဤအပ်ချုပ်စက်ကိစ္စနှင့် ပတ်သက်၍ စုဝေ့ဟိုင်နှင့် အကြိမ်ပေါင်းများစွာ အကြီးအကျယ် စကားများခဲ့ဖူးသည်။

နောက်ဆုံးတွင် လော်ယွီရှို့က ဝယ်ပေးခဲ့သော်လည်း သူမ၏အမြင်တွင်မူ ယောက္ခမဖြစ်သူက မပေးချင်ဘဲ ပေးခဲ့ရသည်ဟုသာ အမြဲခံစားခဲ့ရ၏။

ယခုတွင်တော့ လော်ယွီရှို့က လီရှန်းဘကာမှ တစ်ခွန်းမှပင် ပြောရဘဲ အပ်ချုပ်စက်ဝယ်ရန် စီစဉ်ပေးနေခဲ့သည်။

“အငယ်ဆုံးသားနဲ့ မြေးအကြီးက အိမ်ရဲ့ အသက်သွေးကြော” ဟု ဆိုရိုးရှိသည့်အတိုင်း လော်ယွီရှို့က သူမ၏ တတိယသားကို အချစ်ဆုံးဖြစ်ပေသည်။

မက်မွန်သီး ကိတ်မုန့်ခြောက်များကို ပျော်ရွှင်စွာ စားနေကြသည့် ကလေးနှစ်ယောက်ကို ကြည့်ရင်း ဝူလီ၏စိတ်ထဲတွင် ပို၍ပင် နာကျည်းလာရသည်။

မိသားစု၏ သားဦးမှ မွေးဖွားလာသော မြေးဦးများ ဖြစ်ကြသော်လည်း ထိုကလေးနှစ်ယောက်မှာ သူမ၏ ရင်သွေးများ မဟုတ်ကြချေ။

ထို့ကြောင့်လည်း သူမသည်က ဤမိသားစုအတွင်း မည်သည့်အချိန်ကမျှ အသာစီးမရနိုင်ခြင်း ဖြစ်ပေသည်။

“အမေက အမြဲတမ်း မျှတတတ်လို့ ကျွန်တော်တို့ ညီအစ်ကို သုံးယောက် ဒီလောက်ထိ အဆင်ပြေနေကြတာပေါ့”

စုဝေ့ဟိုင်က စုဝေ့ချင်း၏အနားသို့ လျှောက်သွားကာ သူ၏ပခုံးကို ဖက်လိုက်ပြီး အားပြင်းပြင်းနှင့်နှစ်ချက်ခန့် ပုတ်လိုက်လေသည်။

“မင်းလည်း နောက်ဆုံးတော့ လက်မှတ်ထိုးလာခဲ့ပြီဆိုတော့ အစ်ကိုတို့ကို မင်းရဲ့ ဇနီးလောင်းနဲ့ မိတ်ဆက်ပေးလို့ ရပြီမလား”

ထိုသို့ပြောရင်း စုဝေ့ဟိုင်က လီရှန်းကို ကြည့်ကာ ပြုံးပြလိုက်၏။

“ခယ်မလေး.. မင်းမသိလို့နော်၊ ဝေ့ချင်းက အိမ်မှာ မင်းအကြောင်းနှင့်ပတ်သက်ပြီး တစ်ခွန်းမှ မဟဘူးလေ၊ ဒီကောင်လေးကို ဆေးဝါးစက်ရုံမှာ အလုပ်ဝင်ဖို့ ဘယ်လိုမိန်းကလေးမျိုးကများ စွမ်းဆောင်နိုင်ခဲ့သလဲဆိုတာ တစ်မိသားစုလုံး သိချင်နေကြတာ”

လီရှန်းက ထိုခဲအိုဖြစ်သူကို လှမ်းကြည့်လိုက်သည်။

တစ်ဖက်လူ၏ မျက်ခုံးတို့က နက်မှောင်စွာကွေးညွတ်နေပြီး အလွန်ပင် ရုပ်ရည်ချောမောလှပေ၏။ အရပ်ရှည်ပြီး ခန္ဓာကိုယ်အချိုးအစားလည်း ကောင်းမွန်ကာ သူ၏ အပြုံးများကလည်း ပွင့်လင်းပြီး သဘာဝကျပေသည်။

ကလေးနှစ်ယောက်အဖေနှင့် လုံးဝမတူဘဲ မိသားစုဝန်ထုပ်ဝန်ပိုး မရှိသည့် ပညာတတ်လူငယ်တစ်ဦးနှင့်သာ တူနေခဲ့သည်။

“အစ်ကိုကြီး၊ ဘာတွေ လျှောက်ပြောနေတာလဲ”

စုဝေ့ချင်းက စုဝေ့ဟိုင်၏လက်ကို သူ၏ပခုံးပေါ်မှ ဖယ်ချလိုက်၏။

ထို့နောက် အစ်ကိုဖြစ်သူကို လှည့်ကြည့်ကာ မျက်စောင်းဖြင့်ကြည့်လိုက်လေ၏။

“ကျွန်တော်က ရဲဘော် လီရှန်းနဲ့ လက်ထပ်တောင် မထပ်ရသေးဘူးလေ၊ ဘယ်လိုလုပ် မိတ်ဆက်ပေးလို့ရမှာလဲ”

ထိုသို့ပြောပြီးနောက် သူက လီရှန်းကို သူ၏ဘေးသို့ ဆွဲခေါ်လိုက်ပြီး မိတ်ဆက်ပေးလာခဲ့လေသည်။

“ဒါက ကျွန်တော့်ရဲ့ ချစ်သူ ရဲဘော် လီရှန်းပဲ၊ အခု နည်းပညာဌာနမှာ အလုပ်လုပ်နေတယ်”

“ဒါကတော့ ကိုယ့်ရဲ့အစ်ကို စုဝေ့ဟိုင်လေ၊ သူက ဆေးဝါးသုတေသနဌာနက သုတေသီတစ်ယောက်ပဲ”

သုတေသီ ဟုတ်လား။

လီရှန်းမှာ အတော်လေး အံ့အားသင့်သွားရပေ၏။ သူမအနေဖြင့် တစ်ဖက်လူကို သူမ၏ဦးလေးကျန်းရှင်းမင်ကဲ့သို့ပင် ဆေးဝါးစက်ရုံမှ စာရေးဝန်ထမ်းတစ်ဦးသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။

ကျန်းကျူးရိမှာ အလုပ်သမားခေါ်ဆောင်ရေးဌာနမှ ညွှန်ကြားရေးမှူး ဖြစ်သောကြောင့် ကျန်းရှင်းမင်သည်လည်း စက်မှုစက်ရုံသို့ ဝင်ရောက်ပြီးနောက် စက်ရုံကော်မတီသို့ တိုက်ရိုက်ရောက်ရှိသွားကာ နှစ်ပေါင်းများစွာ ထိုရာထူးတွင်သာ မြဲနေခဲ့ခြင်း ဖြစ်ပေသည်။

လီရှန်းက နည်းပညာဌာနမှ ဖြစ်ကြောင်းကို ကြားလိုက်ရလျှင် စုဝေ့ဟိုင်၏ မျက်လုံးများက တောက်ပသွားပြီး လီရှန်းနှင့် လက်ဆွဲနှုတ်ဆက်ရန် အမြန်ပင်ရှေ့တိုးလာခဲ့၏။

“ခယ်မလေး၊ နောက်ပိုင်းကျရင် ငါတို့ သုတေသနဌာနအတွက် မင်းကိုပဲ အားကိုးရတော့မှာပဲ”

လီရှန်းတစ်ယောက်ည ပြောစရာစကားမဲ့သွားရပေသည်။

သူမက လက်ကို အသာအယာ ပြန်ရုပ်လိုက်ပြီး ဖန်ထုံ၏ အကျင့်စရိုက်အတိုင်း ခံစားချက်ကင်းမဲ့သော မျက်နှာအမူအရာမျိုးကို ပြုလုပ်လိုက်သည်။

“အဲဒီကိစ္စကတော့ နောက်မှပဲ ပြောကြတာပေါ့၊ ကျွန်မတို့ နည်းပညာဌာနကလည်း နည်းပညာနဲ့ပတ်သက်ပြီး နည်းနည်းလောက်ပဲ သိတာပါ”

မည်သည့်အရာမှ မရှိသည့်အခြေအနေမှ တစ်စုံတစ်ခုကို ဖန်တီးနိုင်လောက်အောင် စွမ်းအားကြီးလှသည်တော့ မဟုတ်ချေ။

လီရှန်း၏ မျက်နှာအမူအရာပြောင်းလဲသွားသည်ကို မြင်လိုက်ရလျှင် စုဝေ့ဟိုင်က ရယ်မောလိုက်လေသည်။

“ဘာတွေ ရယ်နေတာလဲ”

စုဝေ့ချင်းက ချက်ချင်းပင် မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

သူ၏အမြင်တွင် ရဲဘော် လီရှန်းက အလွန်ပင် ချစ်စရာကောင်းနေပေသည်။

“ဘာမှမဟုတ်ပါဘူး၊ ခယ်မလေးရဲ့ အလုပ်အပေါ်ထားတဲ့ သဘောထားက ကျန်းဝမ်ယွီနဲ့ နည်းနည်းတူနေသလားလို့”

စုဝေ့ဟိုင်က ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်သော်လည်း သူ၏ မျက်ဝန်းများထဲတွင် အပြုံးရိပ်များ ရှိနေဆဲပင်။ သူက သတိပေးစကား ပြောလိုက်လေသည်။

“ဒါနဲ့ နောက်ပိုင်း အိမ်မှာ အဲဒီလို မျက်နှာအမူအရာမျိုး မလုပ်နဲ့ဦး၊ အမေက အဲဒီလို အမူအရာမျိုးနဲ့ သိပ်ပြီး မတည့်ဘူး”

စုဝေ့ချင်း : “ဒါဆို အစ်ကိုကြီးလည်း အိမ်မှာ အလုပ်အကြောင်းနှင့်ပတ်သက်ပြီးမပြောသင့်ဘူး”

*

All Chapters