← Chapters

အခန်း (၂၉၅-၂၉၆)

Vol. 22 Ch. 295-296

အခန်း (၂၉၅-၂၉၆)

Vol. 22 Ch. 295-296

အပိုင်း (၂၉၅)

ပရိုင်မာတစ်ယောက် ဘာလုပ်ရမှန်းမသိဘဲ ကြောင်အမ်းအမ်း ဖြစ်နေရှာသည်။

သေလေပြီ...။

အစ်မ ဖြစ်သူ မာဂရက် ပျောက်ဆုံးမှု၏ နောက်ကွယ်မှ လက်မည်းကြီး၊ သူမနောက်သို့ အမှောင်အဲ့လ်ဖ် လူသတ်သမားကို စေလွှတ်ခဲ့သူ ဂျရုမ်းမှာ ဤမျှ လွယ်လွယ်ကူကူနှင့် သေဆုံးသွားခဲ့လေပြီလား။

သူမအတွက် အရာရာမှာ အိပ်မက်ဆန်နေပြီး ယခုတိုင် အငွေ့အသက်မပြယ်သေးသည့် မြင့်မြတ်သော ရည်မှန်းချက်ကြောင့် ပို၍ပင် ဝေခွဲမရဖြစ်နေမိသည်။

ဖြူစင်လှသည့် မစ္စတာလင်နှင့် သူ၏ နူးညံ့သိမ်မွေ့သော အပြုံးလေးကို ကာကွယ်ပေးချင်သည့်စိတ်...

ဤလောကကြီးကို ပိုမိုကြင်နာတတ်သည့် နေရာတစ်ခု ဖြစ်လာစေချင်သည့်စိတ်...

သို့သော်လည်း ထိုနူးညံ့သိမ်မွေ့သော အပြုံးပိုင်ရှင် မစ္စတာလင်၏ လက်ချက်ဖြင့်ပင် ဂျရုမ်းတစ်ယောက် မိမိရုံးခန်းအတွင်း၌ပင် တိတ်ဆိတ်စွာဖြင့် ကြောက်မက်ဖွယ်ရာ သေဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ခန္ဓာကိုယ်တစ်ခုလုံး အဖောက်ထုတ်ခံထားရသည့်နှယ် အရေခွံသက်သက်သာ ကျန်ရှိတော့သည်အထိ။

အင်ဒရူး၏ တုန်ရီနေသည့် အသံကို နားထောင်ခြင်းအားဖြင့် ဂျရုမ်း၏ သေဆုံးပုံမှာ အမှန်တရားအသင်းတော်၏ ဒုတိယဥက္ကဋ္ဌပင် တုန်လှုပ်ချောက်ချားသွားရလောက်အောင် အလွန်တရာ အရုပ်ဆိုး အကျည်းတန်လှသည်မှာ ထင်ရှားလှပေသည်။

သေသောသူသည် စကားမပြောနိုင်တော့သည်မှာ အမှန်ပင်။

ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် လင်ကျဲ ပြောခဲ့သော စကားများမှာ လုံးဝမှားယွင်းနေခြင်း မရှိပေ။

ထိုလူသတ်မှုအား မည်သူပြုလုပ်ခဲ့သည်ကို အခြားသူများ မသိနိုင်သော်လည်း… မကြာသေးမီကပင် စာအုပ်ဆိုင်တံခါး ပျက်စီးသွားမှုကြောင့် ဂျရုမ်းအပေါ် မစ္စတာလင် အမျက်ထွက်ခဲ့သည်ကို မျက်မြင်တွေ့ရှိခဲ့သည့် လူတစ်ယောက်အဖို့မူ အမှန်တရားမှာ တိမ်ကင်းစင်သည့် ကောင်းကင်ယံမှ နေမင်းပမာ ထင်ရှားလျက်ရှိသည်။

စောစောက မိမိ တွေးတောမိခဲ့သော အတွေးများမှာ အလွန်ပင် မိုက်မဲနုနယ်လှသည်ဟု ပရိုင်မာ ခံစားမိသွားသည်။

မစ္စတာလင်၏ အပြုံးမှာ အလွန်ပင် နူးညံ့လှသည်ကို သူမ သိထားသော်လည်း၊ သူသည် ထိုနူးညံ့သော အပြုံးဖြင့်ပင် တံခါးပေါ်ရှိ ဖာထေးထားသော အပေါက်ကို ညွှန်ပြလျက် လျော်ကြေးကိစ္စ ဆွေးနွေးရန် ဂျရုမ်းကို ခေါ်ဆောင်လာဖို့ အင်ဒရူးအား ခိုင်းစေခဲ့သည်ကိုမူ သူမ မေ့လျော့နေခဲ့မိသည်။

ယခုအခါတွင်မူ... ဤလောကကြီးက ပို၍ရက်စက်သလော၊ သို့တည်းမဟုတ် မစ္စတာလင်က ပို၍ရက်စက်သလောဟူသည်ကို ခွဲခြားရန် ခက်ခဲလှပေပြီ။

ခဏတာမျှ မရိုင်မာ့စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေမိ၏။ တစ်စုံတစ်ခုကို ကာကွယ်လိုသည့် မိန်းမငယ်လေး၏ စိတ်ဆန္ဒလေးမှာလည်း ရုတ်ချည်းပင် အငွေ့ပျံ ပျောက်ကွယ်သွားရသလို ခံစားလိုက်ရသည်။

မင်းသမီးလေးမှည မင်းသားလေး ထင်မှတ်ပြီး ကယ်တင်လိုက်ကာမှ မိမိကယ်တင်လိုက်သူမှာ ဟန်ဆောင်ကောင်းလှသည့် လူသတ်နဂါးကြီး ဖြစ်နေသည်ကို သိလိုက်ရသကဲ့သို့ပင်။

သို့သော်လည်း မစ္စတာလင်အနေဖြင့် သူမနှင့် မာဂရက်တို့အပေါ် ထိခိုက်နစ်နာစေခဲ့မှုကြောင့် ဂျရုမ်းကို ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်ခြင်း ဖြစ်နိုင်သည် ဟု စဉ်းစားကြည့်သောအခါ လက်မခံနိုင်စရာတော့ မရှိလှဟု ထင်မိသည်။

ထို့အပြင်... ၎င်းက သူမကို ပျော်ရွှင်ကြည်နူးမှုလည်း ပေးစွမ်းလေသည်။

'သူက လူကြမ်းကြီး ဖြစ်နေရင်တောင်မှ အင်မတန် ကြင်နာတတ်တဲ့ လူကြမ်းကြီးပဲပေါ့!'

'ဟုတ်တယ်…’

တစ်ယောက်တည်း တွေးတောပြီးနောက်တွင် ပရိုင်မာ၏ မျက်ဝန်းအစုံမှာ ပိုမိုခိုင်မာ ပြတ်သားလာသည်။

ညဉ့်နက်ပိုင်းကို အစိုးရသည့် လေဒီ ဝါပူးဂစ်၏ အမြင်သည် မှားနိုင်စရာမရှိပေ။ ပဋိညာဉ်လက်စွပ်ကို ပိုင်ဆိုင်ထားသူ မစ္စတာလင်သည် သူမ၏ ဆုတောင်းသံကို တုံ့ပြန်သောအားဖြင့် ဂျရုမ်းကို နှိမ်နင်းပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင်မူ သူမဘက်မှ ကျေးဇူးဆပ်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

မစ္စတာလင်က သူမကို ဆေးကျမ်းပေါင်းချုပ်ကို ပေးအပ်ခဲ့ခြင်းမှာ သူမ အနေဖြင့် လေ့ကျင့်ပေးလိုအပ် သောကြောင့်ပင် ဖြစ်ရမည်။

ယခုအချိန်တွင် သူမသည် 'ငရဲဘုံအဆင့်' ရှိသော လုပ်ကြံသူကိုပင် မယှဉ်နိုင်လောက်အောင် အားနည်းလွန်းလှသေးသည်။

ထို့ကြောင့်ပင်… သူမ၏ အစွမ်းအစ ကလေးဖြင့် ဤမျှ အင်အားကြီးမားသော မစ္စတာလင်ကဲ့သို့ ပုဂ္ဂိုလ်မျိုးကို ကျေးဇူးဆပ်ရန်မှာ လုံးဝ မဖြစ်နိုင်သေးပေ။

ထို့ကြောင့်ပင်… သူမ အနေဖြင့် ဤစာအုပ်ထဲမှ ဆေးပညာ ဗဟုသုတများကို အမြန်ဆုံး လေ့လာဆည်းပူးရန် လိုအပ်သည်။ သို့မှသာ မစ္စတာလင်အတွက် အသုံးဝင်သူတစ်ဦး ဖြစ်လာနိုင်ပြီး ကျေးဇူးတရားကို ဤနည်းဖြင့် ပြန်လည်ပေးဆပ်နိုင်မည် ဖြစ်သည်။

အတွေးစကလေး ပြောင်းလဲသွားသည်နှင့်အမျှ တောင့်တောင့်ကြီး ရပ်နေသည့် မိန်းမငယ်လေးသည်လည်း ပြန်လည်တည်ငြိမ်လာ၏။

သူမက မိမိကိုယ်မိမိ နဂါးဆိုးကြီးထံတွင် သစ္စာခံလိုက်ခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ဆက်သွယ်ရေးကိရိယာမှ အသံမှာ ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည်။

"ဂျရုမ်းကတော့ သေပြီ... ဒါပေမဲ့ မာဂရက် ဘယ်ရောက်နေလဲဆိုတာတော့ ခုထိ မသိရသေးဘူး… အီသာ သဲလွန်စတွေကိုတော့ လိုက်နေတုန်းပဲ… ဒါပေမဲ့ ခုထိတော့ ထူးခြားမှု မရှိသေးဘူး… ဂျရုမ်းကို သတ်တဲ့သူက... အင်း... စိတ်ကူးကြည့်လို့တောင် မရနိုင်တဲ့ စွမ်းအားမျိုး ရှိပုံရတယ်… ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတာကတော့ လုံးဝ မဖြစ်နိုင်ဘူး…”

"ဒါက အခရာအဆင့် ပုဂ္ဂိုလ်တစ်ယောက်ရဲ့ လက်ချက်ဖြစ်ဖို့ များတယ်"

အင်ဒရူးက 'သတ်တဲ့သူ' ဟူသော စကားလုံးကို သုံးနှုန်းသည့်အခါ အနည်းငယ် တွန့်ဆုတ်နေသည်ကို ပရိုင်မာ သတိထားမိလိုက်သည်။

ကြည့်ရသည်က သူသည်လည်း တရားခံမှာ မည်သူဖြစ်မည်ကို ရိပ်မိပြီးသား ဖြစ်ရမည်။ သို့သော်လည်း… မည်သို့ ပြောရမည်ကို မသိသောကြောင့်သာ ဖြစ်လိမ့်မည်။

အင်ဒရူးက ဆက်ပြော၏။

"ဂျရုမ်း ဖုံးကွယ်ထားတဲ့ ဆေးရည်တွေကို တွေ့ပြီ… အဲဒါတွေက အမှန်တရားအသင်းတော် တစ်ခုလုံးနီးပါးကို လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ အဆင့်မြင့် ဆေးဝါးတွေပဲ”

ထို့နောက် သူက အသံကို နှိမ့်လိုက်၏။

"ပြန်တွေးကြည့်ရင် တကယ် ကြောက်စရာကောင်းတယ်… ဘာသံမှ မထွက်ဘဲ အမှန်တရားအသင်းတော် တစ်ခုလုံးကို သူ ချုပ်ကိုင်တော့မလို့ပဲ… လူတိုင်းကလည်း ဘာမှမသိဘဲ အမည်မသိ လူတစ်ယောက်ရဲ့ အမိန့်တွေကို နာခံပြီး အလုပ်လုပ်နေကြတာ"

"မစ္စတာလင်သာ မရှိဘူးဆိုရင် အမှန်တရားအသင်းတော်ကြီး ဘာဖြစ်သွားမလဲဆိုတာ ကျုပ် မတွေးရဲဘူး"

အင်ဒရူးက ခေတ္တမျှ ရပ်လိုက်ပြီးမှ ဆက်လက် ပြောကြားသည်။

"နောက်ပြီး အက်ရှ် ကုန်သည်ကြီးများ အသင်းက ခွင့်ပြုချက်မပါတဲ့ မှော်ပစ္စည်း တချို့ကိုလည်း ပြန်သိမ်းဆည်းရမိတယ်… အရင်က ရထားတဲ့ သတင်းတွေအရဆိုရင် ဒါတွေက ဝယ်လ် သတ်လိုက်တဲ့ ချပ်ပ်မန်းမိသားစုက ကွန်ဂရစ်ဗ် ဆီကနေ ရထားတာ ဖြစ်နိုင်တယ်… သူက မီးလျှံဓားလမ်းစဉ် အဖွဲ့ဝင်တစ်ယောက်ပဲ”

"အချုပ်ပြောရရင်... သူလျှိုကို ရှာတွေ့သွားပြီပေါ့လေ…"

"ကျုပ် အပေါ် ထောက်ခံမှုတွေကလည်း ပြန်တက်လာပြီ… ဆိုင်းငံ့ခံထားရတဲ့ အာဏာပိုင် လုပ်ပိုင်ခွင့်တွေလည်း ပြန်ရလာပြီ.. နောက်တစ်ကြိမ် အစည်းအဝေးကျရင် ကျုပ်ရဲ့ ဩဇာအာဏာက ဒိုင်းယမန်တေထက်တောင် ကျော်လွန်သွားတော့မယ်..."

အင်ဒရူးက အသံကို ပို၍နှိမ့်လိုက်၏။ ၎င်းတွင် အနည်းငယ်မျှသော ဝမ်းမြောက်ကြည်နူးသံများ ရောယှက်နေသည်။

"အမှန်တရားအသင်းတော်က မစ္စတာလင်ရဲ့ အလိုဆန္ဒနဲ့ ဦးဆောင်မှုအောက်မှာမှ စစ်မှန်တဲ့ အမှန်တရားအသင်းတော် ဖြစ်လာတော့မှာပါ"

ထိုနေရာသို့ ရောက်သောအခါ ပရိုင်မာ ခေါင်းမော့ကြည့်လိုက်မိရာ သူမကို စိုက်ကြည့်နေသည့် လင်ကျဲနှင့် အကြည့်ချင်း ဆုံသွားသည်။

လင်ကျဲမှာ မိန်းမငယ်လေး၏ ထိုအကြည့်မျာက ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။

ပရိုင်မာမှာ သူ့ မျက်နှာပေါ်မှ နက်နဲသည့် အဓိပ္ပာယ် တစ်စုံတစ်ရာကို ရှာဖွေနေသကဲ့သို့ပင်။ ထို့ကြောင့် သူက မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ရင်း သံသယဖြင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ… အခြေအနေ မကောင်းဘူးလား…"

သူက မျက်မှောင်ကြုတ်လျက် ဆက်ပြောသည်။

"ဒါပေမဲ့ ငါ့အမြင် ပြောရရင် ဒုတိယဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ အင်ဒရူးက အဲဒီ ဌာနခွဲမှူး လောက်လေးကိုတော့ ကိုင်တွယ်နိုင်ရမှာပေါ့..."

'လာပြန်ပြီ...'

ပရိုင်မာ မဲ့ပြုံးလေး ပြုံးလိုက်မိသည်။ မစ္စတာလင်သည် အမြဲတမ်း ဤကဲ့သို့ အပြစ်ကင်းစင်သည့် မျက်နှာပေးမျိုးဖြင့် သူသည် ဘာမှမသိပါဟု အခြားသူများ ထင်မှတ်သွားအောင် ပြုမူတတ်လွန်းသည်။

တကယ့်ကို ရက်စက်လွန်းသည့် လူပင်…။

***

အပိုင်း(၂၉၆)

အရင်က မည်သည့် အရာများ ဖြစ်ပျက်ခဲ့သည်ကို ပရိုင်မာ အတိအကျ မသိသော်လည်း၊ ဒုတိယဥက္ကဋ္ဌ အင်ဒရူးသည် မစ္စတာလင်၏ စေခိုင်းချက်အရ အမှန်တရားအသင်းတော်ကြီးကို ဤစာအုပ်ဆိုင်၏ လက်အောက်ခံဖြစ်အောင် လုပ်ဆောင်နေသည်မှာ ထင်ရှားလှသည်။

နော်ဇင်ရှိ သဘာဝလွန် စွမ်းအားရှင်အားလုံးနီးပါး၏ လှုပ်ရှားမှုကို ထိန်းချုပ်ထားသည့် ဤအဖွဲ့အစည်းကြီးသည် ယခုအခါ မစ္စတာလင်၏ လက်ခုပ်ထဲမှ ရေ ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ဂျရုမ်းကတော့ လုံးဝ သေသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း… ထိုကဲ့သို့ လူကြီးက အင်ဒရူးတစ်ယောက် အလောင်းတစ်ခုကို ကိုင်တွယ်နိုင်ပါ့မလားဟု စိုးရိမ်ဟန် ဆောင်နေလေသည်။

ထိုအရာကို မည်သူက ယုံမည်နည်း။

စောစောက လှည့်စားခြင်းခံလိုက်ရသည့် ပရိုင်မာသည် မျက်နှာပျက်ပျက်ဖြင့် နောက်နောင် မစ္စတာလင်၏ ကြင်နာတတ်မှုနှင့် နူးညံ့မှုများကို ဘယ်တော့မှ မယုံတော့ဟု ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်း မစ္စတာလင်သည် ဤဖြစ်ရပ်ကို အသုံးချကာ ဂျရုမ်းကို သုတ်သင်ရုံသာမက၊ ဒုတိယဥက္ကဋ္ဌ အင်ဒရူးကိုပါ အကြပ်အတည်းမှ လွတ်မြောက်အောင် ကြိုတင်စီစဉ်ထားခဲ့ပုံ ရပေသည်။

ပရိုင်မာက ခေါင်းကို ခါယမ်းကာ စိတ်ကို တည်ငြိမ်အောင် ပြန်လည်စုစည်းပြီး အကျဉ်းချုပ် ပြန်ပြောပြလိုက်သည်။

"အရာရာ အဆင်ပြေပါတယ်… အားလုံး ကောင်းမွန်နေပါတယ်… ဒုတိယဥက္ကဋ္ဌ အင်ဒရူးက ဂျရုမ်း သေပြီလို့ ပြောပါတယ်… ပြီးတော့ သူက မီးလျှံဓားလမ်းစဉ်က လာတဲ့ သူလျှိုဖြစ်နေတာကိုလည်း တွေ့ရပါသတဲ့… ဒီလို အခြေအနေကို ပြောင်းလဲပေးနိုင်အောင် ကူညီပေးခဲ့လို့ မစ္စတာလင်ကို အများကြီး ကျေးဇူးတင်နေပါတယ်"

"ပြီးတော့... အခင်းဖြစ်တဲ့ နေရာမှာ ဖလော်ဆိုဖာ ကျောက်တုံး တစ်လုံး ကျန်ခဲ့သတဲ့… အဲဒါကို သူ ခဏနေရင် လာပို့ပေးပါလိမ့်မယ်။"

ဖလော်ဆိုဖာ ကျောက်တုံး…

လင်ကျဲ မျက်မှောင်ကြုတ်သွား၏။ ဤကိစ္စမှာ သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးနေသည်ကို သူ သဘောပေါက်လိုက်လေပြီ။

လင်ကျဲသည် ဖလော်ဆိုဖာ ကျောက်တုံး ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်း ကောင်းစွာ နားလည်သဘောပေါက်ပေသည်။

လျှို့ဝှက်ဆန်းကြယ်မှုနှင့် ဂမ္ဘီရပညာရပ်များကို သုတေသနပြုသော ရိုးရာ လူမှု ဗေဒပညာရှင် တစ်ဦးအနေဖြင့် အယ်ခီမီပညာ၏ အထွတ်အထိပ် ပန်းတိုင်ကို ကိုယ်စားပြုသည့် ဤသင်္ကေတမှာ သူ့အတွက် စိမ်းလှသော အရာမဟုတ်ပေ။

အနောက်တိုင်း အယ်ခီမီဆရာများ၏ ဖလော်ဆိုဖာ ကျောက်တုံးအပေါ် စွဲလန်းမှုမှာ တရုတ်ပြည်မှ တာအိုကျင့်စဉ်သမားများ၏ မသေဆေးနှင့် အသက်ရှည်ဆေးများအပေါ် အစွဲအလမ်းကြီးပုံနှင့် များစွာ ဆင်တူလှသည်။

လူသားတို့သည် မည်သည့်ဆန္ဒကိုမဆို ဖြည့်ဆည်းပေးနိုင်သည့် ပစ္စည်းတစ်ခုကို ဖန်တီးရန် အမြဲတစေ မျှော်လင့်ခဲ့ကြသည်။ သို့သော် လက်တွေ့တွင်မူ ဤကျောက်မျက်ကို မရရှိဘဲ အခြားသော ထူးဆန်းထွေလာ ပစ္စည်းများကိုသာ ဖန်တီးမိခဲ့ကြလေသည်။ တစ်နည်းအားဖြင့်မူ ထိုအရာများကလည်း သူတို့၏ ဆန္ဒအချို့ကို ဖြည့်ဆည်းပေးခဲ့သည်ဟု ဆိုနိုင်ပါလိမ့်မည်။

အဇီး ကမ္ဘာတွင်လည်း ကမ္ဘာမြေ ကဲ့သို့ပင် အယ်ခီမီ ဆရာများနှင့် ဖလော်ဆိုဖာ ကျောက်တုံးဟူသော အယူအဆမှာ အချုပ်အားဖြင့် အတူတူပင်ဖြစ်သော်လည်း မည်သူမျှ အောင်မြင်စွာ ဖန်တီးနိုင်ခြင်း မရှိသေးချေ။

မှတ်သားစရာ တစ်ချက်က ဖလော်ဆိုဖာ ကျောက်တုံးကို ပဉ္စမမြောက် ဒြပ်စင် သို့မဟုတ် အီသာ ဟုလည်း ခေါ်ဆိုကြခြင်းပင် ဖြစ်သည်။ ဤအရာနှစ်ခုမှာ အကြွေစေ့တစ်ခု၏ ခေါင်းနှင့်ပန်းကဲ့သို့ အတူတူပင် ဖြစ်နေမလားဟု လင်ကျဲ မကြာခဏ တွေးတောမိတတ်သည်။

အတန်ကြာ တွေးတောမိပြီးနောက်တွင်မူ လင်ကျဲ၏ တွန့်ချိုးနေသည့် မျက်မှောင်များ ပြေလျော့သွားကာ ဆက်လက် စဉ်းစားခန်း ဝင်မိပြန်၏။ ဂျရုမ်းသည် မီးလျှံဓားလမ်းစဉ် အဖွဲ့မှ အမှန်တရားအသင်းတော်အတွင်း စေလွှတ်ထားသည့် သူလျှိုတစ်ဦး ဖြစ်နိုင်သည်ဟူသော အချက်အပေါ် သူ၏ အတွေးများက ပျံ့လွင့်သွားသည်။

မီးလျှံဓားလမ်းစဉ်အဖွဲ့သည် သူထင်ထားသည်ထက် ပို၍ ရှုပ်ထွေးလှပေသည်။

၎င်းသည် ဒဏ္ဍာရီလာ ခေတ်ဟောင်းမှ ကျန်ရစ်သည့် စွမ်းအားများကို ရှာဖွေရန် ဖွဲ့စည်းထားသည့် ရည်မှန်းချက်ကြီးမားသော လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး အမှန်တကယ်လည်း အင်အားရှိပုံရသည်။

လွန်ခဲ့သော လပိုင်းခန့်က… လူငယ်လေး မိုက်ကယ်အား ဆုံးမခဲ့ဖူးသည့် အတွေ့အကြုံအရ ဤအဖွဲ့အစည်းမှာ ထူးခြားစွမ်းအင်များကို အတိုင်းအတာတစ်ခုအထိ ပိုင်ဆိုင်ထားကြောင်း လင်ကျဲ ခန့်မှန်းမိသည်။ သို့သော်လည်း အင်အားကတော့ အလွန်အမင်း ကြီးမားပုံမရပေ။

မဟုတ်ပါက... ဆစ်ဗာထံတွင် လပိုင်းမျှသာ သင်ယူခဲ့ရသည့် အခြေခံ ကိုယ်ခံ သိုင်းပညာလေးဖြင့် သူ မည်ကဲ့သို့ အစစ်အမှန် သဘာဝလွန် စွမ်းအား ပိုင်ရှင်များကို ယှဉ်ပြိုင်နိုင်ပါမည်နည်း။

သို့သော်လည်း သာမန်လူသားများနှင့် ယှဉ်လျှင်မူ သူတို့၏ အင်အားက ထိတ်လန့်ဖွယ်ရာ ကောင်းနေမည်မှာ အမှန်ပင်။

ထို့ကြောင့် မီးလျှံဓားလမ်းစဉ်၏ ကျန်ရှိသော တမန်တော် နာမည် ပေးထားသည့် အဖွဲ့ဝင်များသည် မိုက်ကယ်၏ အဆင့်အတန်းလောက်သာ ရှိမည်ဆိုလျှင်တောင်မှ ဤအဖွဲ့အစည်းသည် နော်ဇင်တစ်ခုလုံးအတွက် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ အန္တရာယ်ကြီးလှပေသည်။

သို့သော်လည်း… ထိုအရာက ခန့်မှန်းချေသာ ဖြစ်သည်။ ဂါဘရီရယ်မှာ မြန်မြန်ဆန်ဆန် သေဆုံးသွားပြီး မိုက်ကယ်ကလည်း ထွက်ပြေးသွားသောကြောင့် လင်ကျဲအနေဖြင့် သူတို့၏ အင်အားအစစ်အမှန်ကို တိတိကျကျ မတိုင်းနိုင်သေးခြင်း ဖြစ်သည်။

သို့သော်လည်း… ဤအဖွဲ့အစည်းမှာ ဆိုးရွားစွာပင် အဆင့်မြင့် သူလျှိုများကို အသုံးပြုကာ အခြားသော အဖွဲ့အစည်းတိုင်းတွင် သူတို့၏ လူများ စိမ့်ဝင်ထား စေခဲ့သည်။

အမိုးခုံး ဘုရားကျောင်းတော် အကြောင်းကိုတော့ ပြောနေစရာပင် မလိုတော့ချေ။

ထိုဖောက်လွဲဖောက်ပြန် အင်အားစုသည် မီးလျှံဓားလမ်းစဉ်၏ လက်အောက်ခံ လုံးလုံးလျားလျား ဖြစ်နေခဲ့ပြီ။

ချယ်ရီသည်လည်း သူမ၏ အစ်ကိုဖြစ်သူ ကွန်ဂရစ်က မီးလျှံဓားလမ်းစဉ်ထံသို့ မှောင်ခိုပစ္စည်းများ ထောက်ပံ့နေသည်ကို မကြာသေးမီကမှ သိရှိခဲ့ရခြင်း ဖြစ်သည်။ ထိုကိစ္စ၏ အဆုံးသတ်မှာလည်း မရေရာသေးပေ။

ယခုအခါ… အမှန်တရားအသင်းတော် ကဲ့သို့သော ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းကြီးတွင်ပင် သူလျှိုများ ရှိနေကြောင်း ပေါ်ပေါက်လာခဲ့ပြီ...။

ဂျိုးဇက်နှင့် ကလောက်တို့၏ နော်ဇင် ရဲတပ်ဖွဲ့အတွင်း၌လည်း 'မီးလျှံဓားလမ်းစဉ်' ၏ သူလျှိုများ အုံနှင့်ကျင်းနှင့် ရှိနေမည်ကို ခန့်မှန်းရန် မခဲယဉ်းလှပေ။

မိတ်ဆွေများက အလင်းထဲတွင် ရှိနေပြီး ရန်သူများက အမှောင်ထဲတွင် ပုန်းကွယ်နေသည့် ဤအခြေအနေမှာ အကောင်းမြင်ရန် ခဲယဉ်းလှသည်။

ကံကောင်းသည်က အမှန်တရားအသင်းတော်အတွင်းမှ သူလျှိုတစ်ဦးကို ဖယ်ရှားနိုင်ခဲ့ခြင်းပင် ဖြစ်သည်။ သို့သော်လည်း… ဂျရုမ်း တစ်ဦးတည်းသာ ရှိနေမည် မဟုတ်သည်မှာတော့ သေချာသလောက်ပင်။

'ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ်... အင်ဒရူးက တကယ် ရက်စက်တာပဲ… အဲဒီလူကို အပြတ်ရှင်းပစ်လိုက်တယ်ပေါ့လေ'

လင်ကျဲ တွေးမိသည်။ ဂျရုမ်းသည် ပရိုင်မာကဲ့သို့ မိန်းမငယ်လေးတစ်ဦးကို လုပ်ကြံရန် တိုက်ရိုက် အမိန့်ပေးနိုင်သူ ဖြစ်သောကြောင့် သူကိုယ်တိုင်လည်း အတော်ပင် ရက်စက်သူ ဖြစ်ရမည်။ ထို့ကြောင့် ပြင်းထန်သည့် ခုခံမှုများ ကြုံရသည့်အခါ ယခုလို အန္တရာယ်ရှိသူကို အဆုံးစီရင်လိုက်ရခြင်းမှာ ဖြစ်နိုင်ခြေ ရှိပေသည်။

'နောက်ပြီး ဖလော်ဆိုဖာ ကျောက်တုံးလည်း တွေ့ရတယ် ဆိုပဲ…’’

မီးလျှံဓားလမ်းစဉ် ကဲ့သို့ သဘာဝလွန် စွမ်းအားများကို လိုက်စားသည့် အဖွဲ့အစည်းတစ်ခုအဖို့ ဖလော်ဆိုဖာ ကျောက်တုံးကို သုတေသနပြုခြင်းမှာ မထူးဆန်းလှပေ။

သူ ဤကမ္ဘာမှ ငှားရမ်းဖတ်ရှုထားသော စာအုပ်များနှင့် အခြားသော မှတ်တမ်းများအရ အမှန်တရားအသင်းတော် ကိုယ်တိုင်ပင်လျှင် ဖလော်ဆိုဖာ ကျောက်တုံးကို သုတေသနပြုနေကြခြင်း ဖြစ်သည်။

'ဒီဖလော်ဆိုဖာ ကျောက်တုံး ဆိုတာက ငါတို့ ကမ္ဘာမြေက ဒဏ္ဍာရီတွေလို သတ္တုကို ရွှေဖြစ်အောင် ပြောင်းပေးနိုင်တာမျိုး ဒါမှမဟုတ် မသေဆေး ပေးနိုင်တာမျိုးတော့ မဟုတ်လောက်ဘူး… အီသာ စွမ်းအင်တွေကို နည်းလမ်းတချို့နဲ့ ရုပ်ပိုင်းဆိုင်ရာ အဖြစ် စုစည်းထားတာမျိုးပဲ ဖြစ်မှာပါ'

လင်ကျဲ မေးစေ့ကို ပွတ်ရင်း တွေးတောနေမိသည်။ သူ၏ အိပ်မက်ဘုံကိုလည်း အီသာကို ထိန်းချုပ်ခြင်းဖြင့် တည်ဆောက် အောင်မြင်ခဲ့ခြင်း ဖြစ်သည်။

သီအိုရီအရဆိုလျှင် အိပ်မက်ဘုံကို လက်တွေ့လောကထဲသို့ ဆင်းသက်လာစေသည့် နည်းလမ်းကို သူ ကျွမ်းကျင်စွာ အသုံးပြုနိုင်မည်ဆိုပါက သူ၏ အလိုဆန္ဒအတိုင်း လက်တွေ့လောကကို ပြောင်းလဲပစ်ရန်မှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ထို့ကြောင့် ဤအချက်မှာ ဖလော်ဆိုဖာ ကျောက်တုံး၏ ဂုဏ်သတ္တိများနှင့် ကွက်တိ ကိုက်ညီနေလေသည်။

မီးလျှံဓားလမ်းစဉ် အဖွဲ့သည်သာ ဖလော်ဆိုဖာ ကျောက်တုံးကို အမှန်တကယ် ဖန်တီးနိုင်စွမ်း ရှိသည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်နိုင်သည်။

အခင်းဖြစ်ပွားရာနေရာတွင် ကျန်ရစ်ခဲ့သော ကျောက်တုံးသည် ဂျရုမ်း၏ ကံကြမ္မာနှင့် ပတ်သက်သည့် အခြားသော ဖြစ်နိုင်ခြေတစ်ခုကိုလည်း ညွှန်ပြနေသည်။ ၎င်းကား... မီးလျှံဓားလမ်းစဉ် အဖွဲ့မှာ သတင်းအချက်အလက်များ ပေါက်ကြားမည်ကို စိုးရိမ်သဖြင့် သူလျှို၏ နှုတ်ကို ကြိုတင်ပိတ်ပစ်လိုက်ခြင်း ဖြစ်နိုင်သည်။

ထိုအတွေးဖြင့်ပင် လင်ကျဲက ခေါင်းမော့ကာ မေးလိုက်၏။

"ဂျရုမ်းက ဘယ်လို သေသွားတာလဲ"

‘ဘယ်လို သေသွားတာလဲ တဲ့လား… ဒီမေးခွန်းကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးသင့်တာ မဟုတ်ဘူးလား…’

ဤသည်မှာ မရိုင်မာ့စိတ်ထဲတွင် ပေါ်လာသော အတွေးဖြစ်သော်လည်း သူမက အမှန်အတိုင်းပင် ပြန်ဖြေလိုက်သည်။

"သူ့ကို တစ်ယောက်ယောက်က သတ်သွားတာပါ… အမှန်တရားအသင်းတော်က လူတွေ ရောက်သွားတဲ့အချိန်မှာ သူက သူ့ရုံးခန်းထဲမှာ သေနေပြီ"

"ဒါဆိုရင်တော့ ဟုတ်ပြီ"

လင်ကျဲ ခေါင်းညိတ်လိုက်၏။ အင်ဒရူးမှာ လူတစ်ယောက်ကို တိုက်ရိုက် သတ်ပစ်မည့်သူ မဟုတ်မှန်း သူ သိထားပြီးသား ဖြစ်သည်။ အမှန်တကယ်တွင် မီးလျှံဓားလမ်းစဉ်ကသာ ဂျရုမ်းကို အရင်ဦးအောင် ရှင်းပစ်လိုက်ခြင်းသာ ဖြစ်ပေလိမ့်မည်။

'မီးလျှံဓားလမ်းစဉ်က တကယ်ကို နိုးနိုးကြားကြား ရှိတာပဲ... ကိစ္စတွေက မရိုးရှင်းတော့ဘူး'

သူ အင်ဒရူးအား ဂျရုမ်းကို ခေါ်လာရန် ခိုင်းစေပြီး နောက်တစ်ခဏ၌ပင် ထိုသူသည် သေဆုံးသွားခဲ့သည်။ သူ ရရှိထားသော သဲလွန်စမှာ ပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

'ဟူး... ထူးခြားတဲ့ စွမ်းအားတွေ ရှိတဲ့ လူငယ်လေး မိုက်ကယ်လို လူမျိုးတွေကို လျှော့တွက်လို့ မရဘူးပဲ'

"ဒါနဲ့ နင့်အစ်မကော ဘာထူးလဲ"

လင်ကျဲက ဆက်မေး၏။ ပရိုင်မာက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့လိုက်၏။

"အစ်မရဲ့ သတင်းကိုတော့ အခုထိ ဘာမှ မသိရသေးပါဘူး..."

လင်ကျဲက သူမကို အနည်းငယ် နှစ်သိမ့်ပေးလိုက်ပြီးနောက်၊ အမှန်တရားအသင်းတော်အတွင်း ဂျရုမ်းအပြင် အခြားသော သူလျှိုများ ရှိနေနိုင်သေးကြောင်း အင်ဒရူးကို အသိပေးရန် ပြောလိုက်သည်။

ဂျရုမ်းကို သတ်သွားသောသူသည်လည်း အမှန်တရားအသင်းတော်အတွင်းမှ လူတစ်ဦးဦးသာ ဖြစ်ရပေမည်။

ထို့အပြင် လင်ကျဲက ဖလော်ဆိုဖာ ကျောက်တုံးကိုလည်း ဤနေရာသို့ ချက်ချင်း ပေးပို့ရန် ခိုင်းစေလိုက်သည်။ သူကိုယ်တိုင်လည်း ထိုကျောက်တုံး အကြောင်းကို ပိုမိုသိရှိလိုနေသောကြောင့် ဖြစ်သည်။

***

All Chapters