အခန်း (၂၉၇-၂၉၈)
Vol. 22 Ch. 297-298
အပိုင်း(၂၉၇)
ဖုန်းလိုင်း၏ အခြားတစ်ဖက်တွင်မူ...
အင်ဒရူးသည် မိန်းမငယ်လေး၏ နူးညံ့သောအသံကို နားထောင်လျက် ရိုသေစွာ ပြန်လည်ဖြေကြားနေသည်။
တစ်ချိန်တည်း၌… သူက လှုပ်လှုပ်ရွရွ ဖြစ်နေသော ရုံးခန်းအတွင်းကို ကြည့်လိုက်သည်။
ဂျရုမ်း၏ အလောင်း... မဟုတ်သေး၊ အရေခွံသက်သက်ဟု ဆိုလျှင် ပိုမှန်ပေမည်။
အီသာ စွမ်းအင် သဲလွန်စများကို စစ်ဆေးရန် အခန်းကို မပျက်မစီး ထိန်းသိမ်းထားရသောကြောင့် ယခုမှသာ ထိုအရေခွံကို စတင် သယ်ထုတ်နေခြင်း ဖြစ်သည်။
ဒုတိယဥက္ကဋ္ဌ အင်ဒရူး အပါအဝင် သက်ဆိုင်ခြင်းမရှိသူ မျာမှာ စပ်စုချင်စိတ်ဖြင့် အခင်းဖြစ်ပွားရာနေရာ အနီးတစ်ဝိုက်တွင် စုရုံးနေကြသည်။
လက်ရှိတွင် ဤအခြေအနေကို ကိုင်တွယ်နေသူမှာ ဒိုင်းယမန်တေ ဖြစ်သည်။
အင်ဒရူးမှာမူ ထောင့်တစ်နေရာတွင် ပုန်းကွယ်လျက် စာအုပ်ဆိုင်ရှင်ထံသို့ အခြေအနေများကို တင်ပြနေခြင်း ဖြစ်သည်။
"ဖလော်ဆိုဖာ ကျောက်တုံးကို အမြန်ဆုံး ပို့ပေးပါ့မယ်…"
"အခြား ဘာများ အမိန့်ရှိပါသေးသလဲ ခင်ဗျာ…"
"ဪ... ဟုတ်ကဲ့… မာဂရက် ဘယ်ရောက်နေလဲဆိုတာကိုလည်း ဆက်ပြီး စုံစမ်းနေပါတယ်…"
"သူလျှိုတွေ ရှိနေသေးတဲ့အတွက် ပိုပြီး နက်နက်နဲနဲ စုံစမ်းဖို့ လိုပါလိမ့်မယ်… ကျွန်တော့်စိတ်ထဲမှာ သံသယရှိတဲ့လူတချို့တော့ ရှိပါတယ်… ဒါပေမဲ့ ပိုပြီး စုံစမ်းနိုင်ဖို့အတွက် ကျွန်တော့်မှာ အာဏာပိုရှိဖို့ လိုအပ်ပါတယ်…"
အင်ဒရူးသည် ဖုန်းထဲမှ မစ္စတာလင်၏ အသံသဲ့သဲ့ကို ကြားလိုက်ရပြီး၊ ထို့နောက်တွင် ပရိုင်မာက "ဂရုစိုက်ပါ" ဟု ပြောလိုက်သည်ကို ကြားရသည်။
မစ္စတာလင်မှာ စကားဝိုင်းထဲမှ ထွက်ခွာသွားပုံ ရသည်။ ယခုအခါ ဖုန်းထဲတွင် ပရိုင်မာ တစ်ယောက်တည်းသာ ကျန်တော့သည်ကို အင်ဒရူး သိလိုက်၏။
"ပရိုင်မာ... မင်းနာမည်က ပရိုင်မာ မဟုတ်လား… မင်း ကျန်းမာရေး ပြန်ကောင်းလာတဲ့အခါ မင်းအစ်မရဲ့ နေရာမှာ ခဏတဖြုတ် ဝင်လုပ်ပေးဖို့ စိတ်ဝင်စားလား"
အင်ဒရူးက ရုတ်တရက် မေးလိုက်၏။
ပရိုင်မာ တွန့်ဆုတ်သွားသဖြင့် အင်ဒရူးက ဆက်လက် ရှင်းပြသည်။
"ဒါက ငါပြောရမယ့် ကိစ္စတော့ မဟုတ်ပါဘူး… ဒါပေမဲ့ မင်းအစ်မကတော့ အခြေအနေ မကောင်းဖို့ များတယ်… သူ အသက်ရှင်လျက် ပြန်လာနိုင်ရင်တောင်မှ သူ့ရာထူးကို ဆက်ထိန်းထားနိုင်ဖို့ မလွယ်တော့ဘူး…"
"အခု ဂျရုမ်းလည်း သေသွားပြီဆိုတော့ ဆေးပညာဌာနရဲ့ ထိပ်ပိုင်းမှာ ရာထူးတွေ လစ်လပ်နေတယ်… မင်း မစ္စတာလင်ကို ဒီထက်ပိုပြီး ကူညီပေးချင်တယ် မဟုတ်လား…"
အင်ဒရူး ပြောလိုက်သော စကားလုံးများထဲတွင် ပြင်းပြသော မျှော်လင့်ချက်များ ပါဝင်နေ၏။
အခန်းအတွင်း အင်ဒရူးနှင့် မလှမ်းမကမ်းရှိ ပညာရှင်များထဲတွင် ဥက္ကဋ္ဌ မာရီယာ၏ တူဖြစ်သူ ဟုဒ် လည်း ရှိနေသည်။
သူသည် အင်ဒရူးကို စိုက်ကြည့်ရင်း တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံရ၏။
ထိုအချိန်တွင် အင်ဒရူးက ခေါင်းမော့လိုက်ရာ သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြသည်။
ထိုကဲ့သို့ အကြည့်ချင်း ဆုံလိုက်သည့် ခဏ၌ပင်... ထူးဆန်းသော ဆက်နွှယ်မှု တစ်ခုကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ရုတ်ချည်းပင် တုန်ရီသွားကြလေတော့၏။
…
ဟုဒ်တစ်ယောက် စာအုပ်ဆိုင်သို့သွားကာ အမှန်တရားအသင်းတော်၏ မော်ကွန်းတိုက်မှ ရရှိခဲ့သည့် ‘အမှောင်ခေတ်၊ အဲလ်ဖို့ဒ်တို့၏ ထွန်းကားခြင်းနှင့် ပျက်သုဉ်းခြင်း' စာအုပ်ကို လင်ကျဲအား လက်ဆောင်ဆက်သခဲ့သည်မှာ တစ်လနီးပါး ရှိခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုထူးဆန်းအံ့ဩဖွယ်ကောင်းသည့် ညကမူ သူ၏အာရုံတွင် ယနေ့တိုင် လတ်ဆတ်နေဆဲပင်။
ထိုညသည် သူ၏ဘဝကို တစ်ဆတ်ဆတ်တုန်အောင် ပြောင်းလဲပစ်ခဲ့သည့် ညတစ်ည ဖြစ်ခဲ့သည်။ အဆိုပါည အတွင်း ဟုဒ် ခံစားခဲ့ရသည်များကို စကားလုံးဖြင့် ဖော်ပြရန် ခဲယဉ်းလှပေသည်။
လောကတစ်ခုလုံးအား ဖုံးလွှမ်းထားသည့် မြူနှင်းအကာအရံကြီး ထိုခဏ၌ ရုတ်ချည်း ပွင့်ဟသွားသကဲ့သို့ပင်။
အရာရာမှာ ထင်ရှားသွားခဲ့ပြီ ဖြစ်သည်။ အတိတ်က အရာအားလုံးမှာ အနှစ်သာရမရှိဘဲ အတုအယောင်များသာ ဖြစ်ခဲ့ချေပြီ။ ထိုအချိန်မှစ၍ သူ၏ရှေ့မှောက်၌ ရှိနေသောအရာသည်သာလျှင် စစ်မှန်သော အမှန်တရား ဖြစ်လာခဲ့သည်။
ကြည်လင်ပြတ်သားသော အသိတစ်ခုမှာလည်း သူ၏စိတ်အတွင်း၌ စွဲထင်သွားခဲ့သည်။
ဤအရှင်သည် သူ လိုက်လျှောက်ရမည့်၊ ယုံကြည်ကိုးကွယ်ရမည့် တည်ရှိမှုမျိုး ဖြစ်သည်။
ဤအရှင်သည် သူ၏ ဘုရားသခင်၊ သူ၏ အရှင်သခင်ပင် ဖြစ်သည်။
ဟူ၍။ စာအုပ်ဆိုင်ပိုင်ရှင်၏ ဝိညာဉ်တော်ကို တိုက်ရိုက်တွေ့မြင်ခဲ့ရပြီးကတည်းက ဟုဒ်၏ ဝိညာဉ်မှာ တစ်စုံတစ်ခုသော အရာဖြင့် ကူးစက်ခံလိုက်ရပြီး သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် ပုံသဏ္ဌာန်တစ်ခုအဖြစ် အလုံးစုံ ပြောင်းလဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝိညာဉ်၏ ထူးခြားသော ပြောင်းလဲမှုမှာ သူ၏ ရုပ်ခန္ဓာကိုယ်ဆီသို့ပါ လျင်မြန်စွာ ကူးစက်ပျံ့နှံ့လာခဲ့ရာ မျက်ခုံးနှစ်ခုကြား၌ တတိယမြောက် မျက်လုံးတစ်လုံး ပေါက်ဖွားလာခဲ့သည်...။
အခြား ရှုထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် ဟုဒ်သည် မိမိကိုယ်မိမိ လူသားတစ်ယောက်ဟု မသတ်မှတ်နိုင်တော့ဘဲ မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီဟု ခံစားမိနေသည်။
သို့သော်လည်း… ထိုအရာမှာ ဘုရားသခင်၏ လက်ဆောင်သာ ဖြစ်သည်။ မိစ္ဆာ ဆိုသည်ကတော့ ကြီးမားလှသော စွမ်းအားအတွက် ပေးဆပ်ရသည့် တန်ဖိုးမျှသာ ဖြစ်သည်။
ဟုဒ်သည် ဤတတိယမျက်လုံးကို 'အရာခပ်သိမ်း သိမြင်သော မျက်လုံး' ဟု အမည်ပေးထားသည်။ ၎င်းမှာ မဟာဘုရားသခင်က သူ့အပေါ် ထားရှိသော မေတ္တာကရုဏာ၏ ပြယုဂ် ဖြစ်သည်။
ဤမျက်လုံးဖြင့် ဟုဒ်သည် အခြားသူများ၏ အတွေးကို ချက်ချင်း ထိုးဖောက်သိမြင်နိုင်ရုံသာမက မျက်လုံးချင်း ဆုံရုံမျှဖြင့် အခြားသူ၏ စိတ်ကိုပါ ထိန်းချုပ်နိုင်စွမ်း ရှိလာခဲ့သည်။
ဟုဒ်သည် သူဘာလုပ်ရမည်ကို ကောင်းစွာ သိသည်။ အရှင်သခင် ဖြစ်သူက သူ့အား ဤစွမ်းအားကို ပေးသနားခဲ့ခြင်းမှာ 'ကိုယ်တော်' ၏ နာမတော်ကို ပြန့်ပွားစေရန်နှင့် 'ကိုယ်တော်' ၏ ပညာဉာဏ်တော်ကို လူအများ ပိုမိုသက်ဝင်ယုံကြည်လာစေရန်အတွက်ပင် ဖြစ်ရမည်။
ထို့ကြောင့် ဟုဒ်အနေဖြင့် အရှင်သခင်၏ မျှော်လင့်ချက်များကို ပျက်ပြယ်အောင် မလုပ်ဆောင်နိုင်သကဲ့သို့၊ ၎င်းမှာ သူကိုယ်တိုင်၏ ယုံကြည်ချက်လည်း ဖြစ်နေပေသည်။
အမှန်တရားကို ယုံကြည်ခြင်းမှာ လွဲမှားသော လမ်းစဉ်သာ ဖြစ်ပြီး၊ ဉာဏ်ပညာကို ကိုးကွယ်ခြင်းသည်သာ အကြွင်းမဲ့ အမှန်တရား ဖြစ်ပေသည်။
အမှန်တရားအသင်းတော်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့်လည်းကောင်း၊ ဥက္ကဋ္ဌ မာရီယာ၏ တူတစ်ဦးအနေဖြင့်လည်းကောင်း ဟုဒ်သည် ဤကြီးမားသော အမှားကြီးကို ပြုပြင်ပေးရန် လိုအပ်နေပြီ ဖြစ်သည်။
အမှန်တရားအသင်းတော်မှ ပညာရှင်များအားလုံးမှာ လွဲမှားသည့် လမ်းစဉ်ပေါ်၌ လျှောက်လှမ်းနေကြသူများ ဖြစ်သည်။ ယခုအခါ အရှင်သခင်သည် သူတို့အား ရွှံ့နွံထဲမှ ကယ်တင်ပေတော့မည်။
အလွန်ပင် မြင့်မြတ်လွန်းလှသော လုပ်ရပ် တစ်ခုပင်…။
ထို့ကြောင့် မစ္စတာလင်ဘက်မှ အမိန့်တစ်စုံတစ်ရာ ပေးခြင်း မရှိသော်လည်း၊ ဟုဒ်၏ 'ပညာဉာဏ် ရှာဖွေသူများ' အဖွဲ့ (စာအုပ်ဆိုင်သို့ သွားပြီးနောက်တွင် 'အမှန်တရား ရှာဖွေသူများ' မှ အမည်ပြောင်းလဲထားသော လူငယ်အုပ်စု) မှာ တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့သည်။
အမှန်စင်စစ် ဟုဒ်၏ အမြင်တွင် အရှင်သခင်၏ မလှုပ်မရှား ငြိမ်သက်နေခြင်းမှာလည်း ပညာဉာဏ်တော် တစ်မျိုးပင် ဖြစ်သည်။
ဤသည်မှာ သူ၏ စွမ်းဆောင်ရည်နှင့် သိမြင်နားလည်မှုကို စမ်းသပ်နေခြင်း ဖြစ်သည်မှာ ထင်ရှားလှပေသည်။
အရာရာကို လက်ဆွဲသင်ပေးနေရမည်ဆိုလျှင် အရှင်သခင် ကိုယ်တိုင်ပင် လုပ်ဆောင်နိုင်သည် မဟုတ်ပါလော…။
ထိုသို့ဆိုလျှင် ဟုဒ်ကဲ့သို့ လူမျိုးမှာ အသုံးဝင်ပါဦးမည်လော။
အရှင်သခင်၏ ရည်ရွယ်ချက်မှာ လက်တွေ့ အတွေ့အကြုံများအား အသုံးပြု၍ သူ့ကို လေ့ကျင့်ပေးရန်နှင့် သူ အသစ်ရရှိထားသည့် ဝိညာဉ်၊ ခန္ဓာနှင့် စွမ်းအားများကို တဖြည်းဖြည်း ချုပ်ကိုင်အသုံးချနိုင်စေရန်အတွက်သာ ဖြစ်ရမည်။
သူ့ အနေဖြင့် တစ်ချိန်တွင် ပိုမိုအင်အားကြီးမားလာသောအခါမှသာ အရှင်သခင်၏ လက်ရုံးတစ်ဦးအဖြစ် ရွေးချယ်ခြင်း ခံရမည် ဖြစ်သည်။
အရှင်သခင်သည် အသုံးမကျသော အပိုပစ္စည်းများကို အလိုမရှိပေ။
***
အပိုင်း(၂၉၈)
ဟုဒ်တစ်ယောက် အပျင်းမကြီးရဲသည့် အခြားသော အကြောင်းရင်းမှာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ဟု အမည်ရသော အဖွဲ့အစည်းတစ်ခု နော်ဇင်၏ ရာဇဝတ်ဂိုဏ်းများကြားတွင် မကြာသေးမီကပင် အင်အားကြီးမားစွာ ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထိုအလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းတွင် အဖွဲ့ဝင် မည်မျှရှိသည်ကို အတိအကျ မသိရသော်လည်း၊ အတိတ်က 'ဘလပ်ဖိစ်' တွင် ပါဝင်ခဲ့ဖူးသည့် မျက်နှာဖုံးစွပ် အထက်လူကြီး လေးဦးမှာမူ အတော်ပင် လှုပ်ရှားမှု ရှိနေကြောင်း သိရသည်။
ထို့ပြင်… ၎င်းအဖွဲ့တွင် တစ်ခါတစ်လေမှ ထွက်ပေါ်လေ့ရှိပြီး အဖွဲ့၏ ယဇ်ပုရောဟိတ်အဖြစ်လည်း ဆောင်ရွက်သည့် ခေါင်းဆောင်တစ်ဦး ရှိသေးသည်။
သူ့ကို ဝတ်စုံပြည့်၊ သံမဏိ မျက်နှာဖုံးအမည်းကို စွပ်လျက်၊ 'ခွေး' ကြီးတစ်ကောင်နှင့်အတူ တွေ့ရလေ့ရှိသည်။
ရရှိထားသည့် သတင်းအချက်အလက်များအရ ထိုအဖွဲ့၏ ခေါင်းဆောင်မှာ 'ဖျက်ဆီးခြင်း အဆင့်' အောက်လမ်းမှော်ဆရာ 'မျက်နှာမဲ့ မဟူရာ အကြေးခွံပိုင်ရှင်' ဝယ်လ် ပင် ဖြစ်လေသည်။
သူတို့၏ အဖွဲ့ဝင်သစ် ရွေးချယ်ပုံမှာ အလွန်ပင် ရိုးရှင်းလှသလို ရက်လည်း ရက်စက်လှသည်။ ယင်းမှာ သူတို့ ရွေးချယ်လိုက်သည့် လူအား ဂိုဏ်း၏ အထွတ်အမြတ် ကျမ်းစာဖြစ်သည့် 'အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း… ဓမ္မထုံးတမ်းများနှင့် အခမ်းအနားများ' ကို ဖတ်ရှုခိုင်းခြင်းပင် ဖြစ်သည်။
ထိုကျမ်းစာကို ဖတ်မိသူများအတွက် ရလဒ် နှစ်မျိုးသာ ရှိသည်။
ပထမတစ်မျိုးက ဖတ်ရှုသူသည် ချက်ချင်းပင် စိတ်ဖောက်ပြန်ကာ ဦးခေါင်းပေါက်ကွဲ၍ သေဆုံးသွားခြင်း ဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ ဆိုးဝါးလှသည့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများလည်း ပူးတွဲ ပါဝင်တတ်သည်။
ဒုတိယတစ်ခုမှာမူ ဖတ်ရှုသူသည် ထိန်းချုပ်မရနိုင်သည့် တားမြစ်ပညာရပ်များအတွင်းသို့ နစ်မြုပ်သွားကာ ကြီးမားသည့် စွမ်းအားကို ရရှိသွားခြင်း ဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်နေစိတ်ထားများမှာလည်း အလုံးစုံ ပြောင်းလဲသွားကာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ၏ သစ္စာရှိ အစွဲအလမ်းကြီးသော နောက်လိုက်များ ဖြစ်သွားကြလေတော့သည်။
ဤမျှ ထိရောက်သည့် ရွေးချယ်မှု လုပ်ငန်းစဉ်ကြောင့် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းကို အဆိုးဆုံး တကာ့ အဆိုးဆုံးအဖြစ် သတ်မှတ်နိုင်ပေသည်။
ဖတ်မိလျှင် ရူးသွပ်သေဆုံးသွားမည်၊ သို့မဟုတ်ပါက သစ္စာရှိ နောက်လိုက်တစ်ဦး ဖြစ်လာမည်။
ထိုအင်အားက အမှန်တကယ် ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။
သို့သော်လည်း ဤရွေးချယ်မှုပုံစံကြောင့်ပင် အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း၏ လှုပ်ရှားမှု နယ်ပယ်မှာ အနည်းငယ် ကျဉ်းမြောင်းနေသေးသဖြင့် လူအများ၏ အာရုံစိုက်မှုကို မရရှိသေးပေ။ ထို့ကြောင့်လည်း သူတို့ တည်ရှိမှုကို သံသယဝင်သူများ ရှိနေခြင်း ဖြစ်သည်။
အမှန်စင်စစ်… မိမိတို့၏ စိတ်ဓာတ်ခိုင်မာမှုကို သက်သေပြရန်အတွက် ထိုအဖွဲ့၏ 'ရွေးချယ်မှု' ကို ကိုယ်တိုင် သွားရောက် ခံယူကြသော အရူးများလည်း ရှိပေသည်။
ထိုလူများထဲမှ အများစုမှာ ကံတရား အားကိုးဖြင့် အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ကာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ၏ အင်အားကို အလကား အသုံးချချင်သူများ ဖြစ်ကြသည်။
သို့သော် ရလဒ်မှာတော့ ပြောနေစရာပင် မလိုတော့ချေ...။
အချို့ကလည်း ဝယ်လ်မှာ ငရဲမှ ပြန်လာသည့် တစ္ဆေတစ်ကောင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်က သူ ကျဆုံးခဲ့ရမှုအတွက် ဂျိုးဇက်နှင့် လျှို့ဝှက်ဓမ္မထုံးတမ်းမျှော်စင်ကို ကလဲ့စားချေရန် ကြိုးစားနေခြင်း ဖြစ်သည်ဟု ဆိုကြသည်။ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ဆိုသည်မှာလည်း ဟန်ပြသက်သက်သာ ဖြစ်သည်ဟု ဆိုကြသည်။
သို့သော်လည်း အစစ်အမှန် အကြောင်းရင်းကိုမူ ဟုဒ် အသိဆုံး ဖြစ်သည်။
ဝယ်လ်သည် သူ၏ အရှင်သခင်အတွက် သက်ဝင်ယုံကြည်မှုများကို ပြန့်ပွားအောင် ကူညီပေးနေခြင်းသာ ဖြစ်သည်။
ဤအစွမ်းထက် အောက်လမ်း မှော်ဆရာကြီးသည်လည်း စာအုပ်ဆိုင်၏ ဖောက်သည်တစ်ဦး ဖြစ်ပေသည်။
အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းသည် ဝယ်လ်နှင့် သူ၏ အမည်မသိ နောက်လိုက်လေးဦးတို့ မစ္စတာလင်ထံ သွားရောက်ပြီးနောက်မှသာ ကျယ်ပြန့်စွာ စတင်လာခဲ့ခြင်း ဖြစ်သည်။
ဝယ်လ်သည်လည်း စာအုပ်ဆိုင်ပိုင်ရှင်အတွက် အလုပ်လုပ်ပေးနေသူ ဖြစ်လေရာ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း ဆိုသည်မှာလည်း လင်ကျဲ၏ အလိုဆန္ဒပင် ဖြစ်သည်။
ဆိုလိုသည်က ဝယ်လ်၏ အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်း နှင့် ဟုဒ်၏ 'ပညာဉာဏ် ရှာဖွေသူများ' အဖွဲ့တို့မှာ မူလအစခြင်း တူညီနေကြပေသည်။
ထို့ကြောင့် ဟုဒ်မှာ ပို၍ပင် ယုံကြည်ချက် ခိုင်မာလာသည်။ သူ၏ အရှင်သခင်သည် သူ့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်မှာ သေချာသည်။
အတိအလင်း မပြောခဲ့သော်လည်း အရှင်သခင်သည် သူ့အတွက် ပြိုင်ဘက်တစ်ဦးကို မသိမသာ ဖန်တီးပေးထားခဲ့သည်။
အကယ်၍ သူသာ အပျင်းကြီးနေခဲ့မည်ဆိုလျှင် ယခုအချိန်တွင် အရှက်ရနေမည်မှာ သေချာလှသည်။
သူတို့နှစ်ဦးလုံးမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ရုံးများ ဖြစ်ကြပြီး အဖွဲ့အစည်းများကိုလည်း အချိန်ကာလ တစ်ခုတည်းမှာပင် တည်ထောင်ခဲ့ကြသည်။ အစွမ်းအစ မရှိသူမှာ ပြိုင်ဘက်၏ လှောင်ပြောင်ခြင်းကို ခံရပေလိမ့်မည်။
'ဒါက အရှင်သခင်ရဲ့ မလှုပ်မရှား ငြိမ်သက်ခြင်းပဲ .. ဘာမှ မပြောဘဲနဲ့ စစ်မှန်တဲ့ ပညာဉာဏ်တော်ကို ပြသလိုက်တာပဲ… ယှဉ်ပြိုင်မှုဆိုတာ အကြီးမားဆုံးသော လှုံ့ဆော်မှုပဲ…’’
ဟုဒ်သည် စာအုပ်ဆိုင်ပိုင်ရှင်၏ ပညာဉာဏ်တော်ကို အလွန်အမင်းပင် အထင်ကြီး လေးစားနေမိ၏။
တစ်ချိန်တည်းမှာပင် သူသည် စိုးရိမ်ပူပန်မှုကိုလည်း ခံစားနေရသည်။
'ဒါက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းသလို စိုးရိမ်စရာလည်း ကောင်းတယ်… ဝယ်လ်မှာ ဖျက်ဆီးခြင်း အဆင့် စွမ်းအားရှိတယ်… သူ့မှာ နာမည်ဂုဏ်သတင်းလည်း ရှိတော့ လူတွေကို လွယ်လွယ်ကူကူ စုစည်းနိုင်တယ်… အလောင်းကောင် ဝါးမြိုခြင်းဂိုဏ်းက ခုမှ စလှုပ်ရှားတာ ဖြစ်ပေမဲ့ မကြာခင်မှာပဲ ယုံကြည်သူတွေ အလုံးအရင်းနဲ့ ရှိလာတော့မှာ…'
'ငါကရော… အမှန်တရားအသင်းတော် ဥက္ကဋ္ဌရဲ့ တူဖြစ်နေလို့သာ ငါ့ကို မပြစ်မှားရဲကြတာ၊ တကယ်တမ်းကျတော့ ငါ့ကို ဘယ်သူမှ လေးစားကြတာ မဟုတ်ဘူး… ငါ့ရဲ့ ပညာဉာဏ် ရှာဖွေသူများ အဖွဲ့ကလည်း ခုမှ ဖွဲ့ထားတာ၊ လူသိရှင်ကြားတောင် မထုတ်ပြန်ရသေးဘူး...'
'အမှန်တရားအသင်းတော်ရဲ့ ဖွဲ့စည်းပုံကလည်း အရမ်း ရှုပ်ထွေးလွန်းသလို၊ ငါ့မှာလည်း အာဏာက အဲ့လောက် မရှိသေးဘူး...'
ဂျရုမ်း၏ ထူးဆန်းသည့် သေဆုံးမှု သတင်းကို ကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေးနေသည့် ဟုဒ်မှာ အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။
ပျားပန်းခပ်မျှ လှုပ်ရှားနေကြသည့် ပညာရှင်များကြားတွင် သူ ငြိမ်သက်စွာ တွေးတော နေမိ၏။
'ငါသာ အမှန်တရားအသင်းတော်ကြီးကို ပညာဉာဏ် ရှာဖွေသူများရဲ့ အခြေစိုက်စခန်း ဖြစ်အောင် ပြောင်းလဲချင်တယ်ဆိုရင်၊ ဝယ်လ်နဲ့ ယှဉ်နိုင်မယ့်သူတစ်ယောက် ငါ့မှာ လိုအပ်တယ်… ဆွဲဆောင်မှုရှိတဲ့၊ အာဏာရှိတဲ့၊ ဦးဆောင်မှု ပေးနိုင်တဲ့ လူမျိုးပေါ့'
ထိုအချိန်တွင်ပင် လူအုပ်ကြားထဲမှ ဖုန်းပြောနေသည့် အင်ဒရူးနှင့် အကြည့်ချင်း ဆုံသွားခဲ့သည်။
ဟုဒ်မှာ လျှပ်စစ်စီးကြောင်းတစ်ခု ဖြတ်စီးသွားသကဲ့သို့ တစ်ကိုယ်လုံး တုန်ရီသွားကာ ခြေလှမ်းများ ရပ်တန့်သွားရ၏။
သူတို့ အကြည့်ချင်း ဆုံလိုက်သည့် ခဏ၌ပင် ဟုဒ်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။
'သူပဲ... သူပဲ ဖြစ်ရမယ်…’’
လူအုပ်ကြီး ခြားထားပြီး ထောင့်တစ်နေရာတွင် ရပ်နေသော်လည်း၊ ဒုတိယဥက္ကဋ္ဌ အင်ဒရူးမှာမူ သိသိသာသာပင် ထင်ပေါ်နေပေသည်။
အင်ဒရူးမှာ အသက်အရွယ်ရလာပြီ ဖြစ်သော်လည်း လူပျိုဘဝက မိန်းမပျက်လေးများ ကြွေဆင်းရလောက်သည် အထိ ချောမောခဲ့သူဖြစ်ရာ ယခုတိုင် ရုပ်ရည်မှာ အတော်ပင် ကြည့်ကောင်းနေဆဲ ဖြစ်သည်။ ရုပ်ရည်အသွင်အပြင်ကို ဂရုမစိုက်တတ်ကြသည့် အမှန်တရားအသင်းတော် ပညာရှင်များကြားတွင် သူက အမြဲတမ်း ခေါင်းတစ်လုံးသာနေသည်မှာ အမှန်ပင်။
ဒုတိယအချက်… ဟုဒ်နှင့် သူတို့ အကြည့်ချင်းဆုံသွားရခြင်းမှာ တစ်ဦးနှင့်တစ်ဦး ဝိညာဉ်ချင်း ဆက်နွှယ်နေသကဲ့သို့ ထူးဆန်းလှသည်။
နှစ်ဦးသား အကြည့်ချင်းဆုံလိုက်သည့် တစ်ခဏ၌ အင်ဒရူး၏ နက်မှောင်သည့် အပြာရောင် မျက်ဝန်းများအတွင်းတွင် မရေမရာသည့် အလင်းတန်းကလေးများ ထွက်ပေါ်လာပြီး ထူးကဲသည့် ပညာဉာဏ်အငွေ့အသက်များဖြင့် လွှမ်းခြုံသွားသည်။ ထိုအကြည့်မှာ အခြားသူများကို အလိုအလျောက်ပင် ကြောက်ရွံ့အားနာစိတ် ဖြစ်ပေါ်စေနိုင်သော အစွမ်းမျိုး ရှိပေသည်။
သာမန်လူတစ်ယောက်သာ အင်ဒရူး၏ အကြည့်ကို တည့်တည့်ရင်ဆိုင်မိပါက ကြောက်စိတ်ကြောင့် ကိုယ်လက်များ မလှုပ်မယှက်ဖြစ်သွားခြင်း၊ မေ့လဲသွားခြင်း သို့မဟုတ် ဂယောင်ခြောက်ခြား ဖြစ်သွားခြင်းများ ကြုံတွေ့ရနိုင်ပေသည်။ စိတ်ဓာတ်ပျော့ညံ့သူဆိုလျှင် ရူးပင်ရူးသွားနိုင်ချေ ရှိသည်။
မစ္စတာလင်ကဲ့သို့သော မြင့်မြတ်သည့် တည်ရှိမှုမျိုးနှင့် ယှဉ်လျှင် ဘာမှမဟုတ်သော်လည်း၊ ဤသည်မှာ 'ငရဲဘုံအဆင့်' အထွတ်အထိပ်ရှိသည့် သဘာဝလွန် စွမ်အားရှင် တစ်ဦး၏ ဂမ္ဘီရဩဇာ အရှိန်အဝါပင် ဖြစ်သည်။ သူသည် ထိုနေရာ၌ ရပ်နေရုံမျှဖြင့် လူတစ်ယောက်ကို 'သတ်' နိုင်စွမ်း ရှိပေသည်။
သို့သော်လည်း ဟုဒ်မှာမူ တတိယမျက်လုံးမှ ပူနွေးသော အပူရှိန်တစ်ခု ထွက်ပေါ်လာပြီး အင်ဒရူးအား လှမ်း၍ ခေါ်ယူနေသကဲ့သို့ ခံစားလိုက်ရသည်။ ဤဗီဇစိတ်အရ သိရှိလိုက်သော ခံစားချက်မှာ အင်ဒရူးသည် ရန်သူမဟုတ်ကြောင်းနှင့် သံသယဝင်နေစရာ မလိုကြောင်း ဟစ်အော်ပြောဆိုနေသကဲ့သို့ပင်။
တစ်ဖက်လူသည်လည်း သူနှင့်ထပ်တူပင် အရှင်သခင်ကို သက်ဝင်ယုံကြည်သူ ဖြစ်နေပေသည်။ သူစိမ်းမြေမှာ အမျိုးချင်းတွေ့ရသလို ခံစားချက်မျိုးကြောင့် အင်ဒရူးမှာ အလွန်ပင် ဝမ်းမြောက်ကြည်နူးသွားရလေ၏။
***