← Chapters

အခန်း (၂၉၉-၃၀၀)

Vol. 22 Ch. 299-300

အခန်း (၂၉၉-၃၀၀)

Vol. 22 Ch. 299-300

အပိုင်း(၂၉၉)

ယခင်က ဟုဒ်သည် အင်ဒရူးကို သိသော်လည်း ဤဒုတိယဥက္ကဋ္ဌအပေါ် ကောင်းသော အမြင်မရှိခဲ့ပေ။ ပထမအချက်... အင်ဒရူးသည် 'အမှန်တရား ရှာဖွေသူ' တစ်ဦး မဟုတ်သည့်အပြင်၊ သူတို့ကို အလွန်အမင်းပင် မုန်းတီးသူဖြစ်သည်။ သူသည် လူထုရှေ့မှောက် ဟောပြောပွဲများစွာတွင် အမှန်တရား ရှာဖွေသူများ၏ အစွန်းရောက်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ဖူးသည်။

အမှန်စင်စစ် ဤသည်မှာ အမှန်တရားအသင်းတော်၏ အဖွဲ့ဝင် အများစုလက်ခံထားသော သဘောထားလည်း ဖြစ်သည်။ ဟုဒ်၏ အဒေါ်ဖြစ်သူ ဥက္ကဋ္ဌ မာရီယာပင်လျှင် အမှန်တရား ရှာဖွေသူများကို အားပေးထောက်ခံခြင်း မရှိပေ။

ဟုဒ်အနေဖြင့် အမှန်တရား ရှာဖွေသူများအဖွဲ့သို့ စတင်ဝင်ရောက်ခဲ့ခြင်းမှာ ထိုအဖွဲ့၏ ဝါဒကို သဘောကျ၍မဟုတ်ဘဲ၊ ဆယ်ကျော်သက်အရွယ်၏ ပုန်ကန်လိုသောစိတ်ကြောင့်... တစ်မူထူးခြားသော အရာတစ်ခုကို စမ်းသပ်လို၍သာ ဖြစ်သည်။

သို့သော်လည်း... ထိုအဖွဲ့ထဲတွင် အချိန်အတန်ကြာ ကျင်လည်ပြီးနောက် သူသည်လည်း သူတို့၏ အစွန်းရောက် ယဉ်ကျေးမှုအတွင်းသို့ တဖြည်းဖြည်း ရောပါသွားခဲ့လေသည်။

ဒုတိယအချက်... အင်ဒရူးသည် အမြဲတမ်း ပြုပြင်မွမ်းမံထားသည့် မင်းစိုးရာဇာ အသွင်အပြင်မျိုးဖြင့် ခန့်ညားပြေပြစ်နေသူ ဖြစ်သည်။

ဟုဒ်ကဲ့သို့ အစွန်းရောက်ပြီး သွေးကြွနေသည့် ဆယ်ကျော်သက်တစ်ဦးအဖို့ အင်ဒရူးမှာ ချောမောလွန်းလှလေရာ သဘာဝအရပင် အော့နှလုံးနာစရာ ဖြစ်နေခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူ၏စိတ်ထဲ၌ အတွေးတစ်မျိုးသာ ရှိတော့သည်။

'သူက ငါ့ရဲ့ ရဲဘော်ရဲဘက်ပဲ...'

ထို့အပြင်... မိမိ၏ 'ပညာဉာဏ် ရှာဖွေသူများ' အဖွဲ့ကို ပံ့ပိုးကူညီပေးနိုင်မည့် အာဏာရှိသူတစ်ဦး လိုအပ်နေသည်ဟု ဟုဒ် တွေးတောနေခိုက်မှာပင် စာအုပ်ဆိုင်၏ နောက်ထပ် နောက်လိုက်တစ်ဦးဖြစ်သည့် ထိုပြီးပြည့်စုံသည့် လူသားမှာ သူ၏ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ဤသည်မှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်သည်မှာ သေချာလှပေသည်။ စာအုပ်ဆိုင်ပိုင်ရှင်၏ စီစဉ်မှု၊ မြင့်မြတ်သောအရှင်၏ အလိုတော်သာ ဖြစ်ရပေမည်။

တစ်ဖက်မှ အင်ဒရူးသည်လည်း အလားတူပင် ခံစားနေရသည်။ ဟုဒ်သည် စာအုပ်ဆိုင်၏ နောက်လိုက်တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

အရင်က အင်ဒရူးသည် ဂျရုမ်း၏ လွှမ်းမိုးမှုကြောင့် စာအုပ်ဆိုင်ကို ရန်လိုသော အမြင်ဖြင့်သာ ကြည့်ခဲ့သူဖြစ်သည်။ သတင်းအချက်အလက်များကို ပေါက်ကြားစေကာ အမှန်တရား ရှာဖွေသူများကို စာအုပ်ဆိုင်မှ ဗဟုသုတများ ခိုးယူရန် စေခိုင်းခဲ့သည်။

အာဏာများ အသိမ်းခံခဲ့ရသလို စောင့်ကြည့်ခံရခြင်းမှာ အင်ဒရူးအတွက် ကမ္ဘာပျက်သကဲ့သို့ပင် ဖြစ်သည်။ ၎င်းမှာ နေအိမ်အကျယ်ချုပ် ကျနေသည်နှင့် မခြားပေ။

သို့သော်လည်း သူ အချိန်မှီပင် စာအုပ်ဆိုင်၏ စွမ်းအားကို နားလည်သဘောပေါက်လာခဲ့ပြီး မိမိကိုယ်မိမိ ပြန်လည် ကုစားနိုင်ရန် ကြိုးစားခဲ့သည်။ သူသည် အမှန်တရား ရှာဖွေသူများကို လှုပ်ရှားမှုများ ရပ်တန့်ရန် အမိန့်ပေးခဲ့သော်လည်း၊ ထိုအမိန့်ကို ဂျရုမ်းက ကြားဖြတ်ဟန့်တားခဲ့သဖြင့် အောက်ခြေသို့ ရောက်မသွားခဲ့ပေ။

ထိုအချိန်က အင်ဒရူးမှာ စိတ်ဓာတ်ကျကာ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရချိန် ဖြစ်သည်။ ဟုဒ် ဦးဆောင်သည့် အမှန်တရား ရှာဖွေသူများ စာအုပ်ဆိုင်မှ အထိအခိုက်မရှိ ပြန်ရောက်လာသည်ကို သိလိုက်ရသောအခါတွင်မူ သူ ထိုကိစ္စကို ဂရုမစိုက်တော့ပေ။

ထိုကလေးတစ်အုပ်မှာ အနည်းငယ် ထူးဆန်းသွားကြပြီး မိမိတို့အချင်းချင်း တီးတိုးစကားများ ဆိုနေတတ်ကြကြောင်း၊ ထို့အပြင် အမှန်တရား ရှာဖွေသူများအတွင်း၌လည်း ပဋိပက္ခအချို့ ဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

အစတုန်းကတော့ အင်ဒရူးမှာ ဤကလေးများအား စာအုပ်ဆိုင်ပိုင်ရှင်က ဆုံးမလိုက်ပြီဟုသာ ထင်မှတ်ခဲ့သည်။ သို့သော်လည်း... ယခုအခါတွင်မူ သူတို့မှာ စာအုပ်ဆိုင်၏ နောက်လိုက်များအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်ကြောင်း သိလိုက်ရသဖြင့် အံ့အားသင့်သွားမိသည်။

လူအုပ်ကြီးကို ကျော်ဖြတ်လျက် စာအုပ်ဆိုင်၏ သစ္စာရှိ နောက်လိုက်နှစ်ဦးမှာ ရဲဘော်ရဲဘက်စိတ်ဓာတ် အပြည့်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

'ဒါပေမဲ့ အခုက အချိန်မကျသေးဘူး...'

အင်ဒရူး တွေးလိုက်သည်။ သူသည် သူလျှိုကို ဖော်ထုတ်နိုင်ခဲ့ပြီး မိမိ၏ နစ်နာမှုများကို ရှင်းလင်းနိုင်ခဲ့ပြီးမှသာ အာဏာကို ပြန်လည် ရရှိရန် အခွင့်အရေး ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင်... သူသည် ဒိုင်းယမန်တေကို လှောင်ပြောင် သရော်နိုင်ခဲ့ပြီး အခင်းဖြစ်ပွားရာ နေရာ စုံစမ်းစစ်ဆေးခွင့်ကိုလည်း အင်တိုက်အားတိုက် ပြန်လည်ရယူနိုင်ခဲ့သည်။

သို့သော်လည်း သူ၏ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရန်အတွက် အချိန်လိုအပ်သေးသည်။

ဤအချိန်တွင် မည်သည့်ပတ်သက်မှုမျှ မရှိခဲ့သည့် သူတို့နှစ်ဦး ရင်းနှီးနေသည်ကို တွေ့ပါက အခြားသူများ သံသယဝင်သွားနိုင်သည်။ အထူးသဖြင့် ဒိုင်းယမန်တေကဲ့သို့ လူမျိုးသာ သတိထားမိသွားပါက ဤအခွင့်အရေးကို အသုံးချကာ နှောင့်ယှက်ပေလိမ့်မည်။ အနည်းဆုံးတော့ လူအများရှေ့တွင် ထိုသို့ မဖြစ်သင့်ပေ။

အကြည့်ချင်း ဆုံလိုက်သည့် ခဏ၌ပင် အင်ဒရူးနှင့် ဟုဒ်တို့သည် တစ်ဦး၏ ဆန္ဒကို တစ်ဦးက နားလည်လိုက်ကြသည်။

ဟုဒ်က သူ၏ နဖူးကို လက်ဖြင့် တို့လိုက်ရာ တတိယမျက်လုံးမှာ တစ်ချက် မှိတ်တုတ် ဖြစ်သွား၏။ သူက ပြုံးစိစိဖြင့်ပင် လူအုပ်ထဲသို့ တဖြည်းဖြည်း နောက်ဆုတ်ကာ ပျောက်ကွယ်သွားတော့သည်။

၎င်းကို မြင်သောအခါ အင်ဒရူးက အခြားသူများအား ဖယ်ရှားခိုင်းရန် အမိန့်ပေးလိုက်သည်။ ထို့နောက် တံခါးဝတွင် လူချထားခဲ့ကာ သူကိုယ်တိုင် အခန်းထဲသို့ ဝင်၍ တံခါးကို ပိတ်လိုက်လေသည်။

ကျွီ...

အင်ဒရူးသည် တစ်ခန်းလုံးကို လှည့်ပတ်ကြည့်ရှုသော်လည်း ထူးခြားသောအရာ မတွေ့ရပေ။ သာမန် စားပွဲ၊ ကုလားထိုင်နှင့် စာအုပ်စင်များ၊ အမှန်တရားအသင်းတော် စတိုင်လ် သားရေဆိုဖာ၊ ချောမွေ့သည့် စကျင်ကျောက်ကြမ်းပြင်နှင့် အဖြူရောင် ကော်ဇော...။

ကြမ်းပြင် သို့မဟုတ် ကော်ဇောပေါ်တွင်လည်း သွေးစွန်းသည့် သဲလွန်စမျှပင် မရှိချေ။ ဘေးဘက်တွင်မူ ဂျရုမ်းကို စတင်တွေ့ရှိခဲ့သည့် နေရာကို မြေဖြူဖြင့် ဝိုင်းထားသည်ကို တွေ့ရသည်။

စားပွဲပေါ်တွင်မူ ကြည်လင်တောက်ပသည့် ဖလော်ဆိုဖာ ကျောက်တုံးတစ်လုံးကို အပွန်းအပဲ့မရှိ တင်ထား၏။

အခင်းဖြစ်ပွားပုံအရ ဂျရုမ်း၏ လည်ပင်းမှာ တစ်စုံတစ်ဦး၏ လက်ချက်ဖြင့် ချက်ချင်း ချိုးဖျက်ခံလိုက်ရပြီးနောက်၊ သူ၏ အသက်အင်အားများမှာ စုပ်ယူခံလိုက်ရကာ ဖလော်ဆိုဖာ ကျောက်တုံးအဖြစ် ပြောင်းလဲခံလိုက်ရခြင်း ဖြစ်ပုံရသည်။

မှန်ပေသည်။ ဤဖလော်ဆိုဖာ ကျောက်တုံး၏ ကုန်ကြမ်းမှာ ဂျရုမ်း ပင် ဖြစ်သည်။

ဤသည်မှာ ထိတ်လန့်ဖွယ်ကောင်းသော်လည်း ငြင်းဆို၍မရသော အမှန်တရားပင်။

သတ်ဖြတ်သူသည် ဂျရုမ်း၏ အသားအရေခွံနှင့် ဖလော်ဆိုဖာ ကျောက်တုံးကို ကြည့်ခြင်းအားဖြင့် ဂျရုမ်းအပေါ် မည်သည့် ဂရုစိုက်မှုမျှ မရှိဘဲ လက်တည့်စမ်းသည့် သဘောမျိုးသာ ပြုလုပ်သွားပုံရသည်။ ဤရုံးခန်းမှာ ပထမဆုံး အခင်းဖြစ်ပွားရာနေရာလည်း မဟုတ်နိုင်ပေ။ ဖြစ်နိုင်သည်က သူသည် စမ်းသပ်မှုအတွက် ကုန်ကြမ်း လိုအပ်နေသဖြင့် ဂျရုမ်းကို ဖလော်ဆိုဖာ ကျောက်တုံးအဖြစ် ပြောင်းလဲပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

စာအုပ်ဆိုင်ပိုင်ရှင်က "တံခါးအတွက် လျော်ကြေးကိစ္စ ဆွေးနွေးဖို့ ဂျရုမ်းကို ခေါ်လာခဲ့ပါ" ဟု ခိုင်းစေခဲ့သည်ကို အင်ဒရူး ပြန်လည် စဉ်းစားမိသောအခါမှ ရုတ်ချည်း သဘောပေါက်သွားတော့သည်။

ဆိုလိုသည်က ဂျရုမ်း ကိုယ်တိုင်ကပင် ထိုလျော်ကြေး ဖြစ်နေခြင်းပင်...။

ထို့ကြောင့်ပင် အင်ဒရူးသည် စာအုပ်ဆိုင်သို့ ချက်ချင်း ဖုန်းဆက်ကာ ဖလော်ဆိုဖာ ကျောက်တုံးကို ယူလာမည့်အကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

ဤအရာအားလုံးမှာ စာအုပ်ဆိုင်ပိုင်ရှင်၏ အလိုတော်အတိုင်းပင် ဖြစ်သည်။

ယခုအခါ အင်ဒရူးသည် ခြေကုပ်ကို ပြန်လည်ရယူရန် ကြိုးစားနေရချိန်ဖြစ်ရာ သူ၏ အရင်လူများမှာ လူစုကွဲသွားပြီဖြစ်၍ ယုံကြည်စိတ်ချရသော လက်ရုံးအသစ်များ လိုအပ်နေသည်။

ယခုမူ ဟုဒ်က ထိုအမှန်တရား ရှာဖွေသူများကို သူ၏ထံသို့ ခေါ်ဆောင်လာပေးနေပြီ ဖြစ်သည်။

မစ္စတာလင်က အရာရာကို ပြီးပြည့်စုံအောင် စီစဉ်ထားခဲ့ပေပြီ...။

"ဟဲ ဟဲ..."

ဟုဒ်၏ အသံမှာ အင်ဒရူး၏ နောက်ဘက်မှ ထွက်ပေါ်လာ၏။ သူ လှည့်ကြည့်လိုက်သောအခါ ဆယ်ကျော်သက် လူငယ်လေးမှာ ဂျရုမ်း၏ ရုံးခန်းရှိ လေဝင်လေထွက်ပေါက်မှ ခုန်ဆင်းလာသည်ကို တွေ့ရသည်။ သူ၏ မျက်နှာပေါ်တွင်လည်း တောက်ပသော အပြုံးတစ်ခု စွဲထင်နေသည်။

"ဒုတိယဥက္ကဋ္ဌ အင်ဒရူး... အခုဆိုရင် ကျွန်တော်တို့ စကားပြောလို့ ရပြီ ထင်ပါတယ်"

အင်ဒရူးက ဟုဒ်၏ နဖူးပေါ်မှ တတိယမျက်လုံးကို ပြုံးလျက် ကြည့်ရင်း လက်ကမ်းပေးလိုက်သည်။

"ဒါပေါ့... ငါတို့ရဲ့ အားလုံးကို သိမြင်တော်မူတဲ့ အရှင်သခင်ထံကို ဒီအမှန်တရားအသင်းတော်ကြီးကို ဘယ်လိုပုံစံနဲ့ လက်ဆောင်အဖြစ် ဆက်သကြမလဲဆိုတာ ဆွေးနွေးကြတာပေါ့..."

***

အပိုင်း(၃၀၀)

ဟုဒ်နှင့် အင်ဒရူးတို့ ဂျရုမ်း၏ရုံးခန်းအတွင်း၌ ဆွေးနွေးတိုင်ပင်နေကြစဉ် ဗဟိုခရိုင်ရှိ အခြားတစ်နေရာဖြစ်သည့် A-16 စံအိမ်တော်၌လည်း အရေးကြီးသော ဖြစ်ရပ်တစ်ခုမှာ တပြိုင်တည်း ဖြစ်ပေါ်နေပေသည်။

A-16 စံအိမ်တော်ဆိုသည်မှာ 'ကျိ' ဟူသော မျိုးရိုးအမည်ဖြင့် ထင်ရှားသည့် စံအိမ်ကြီးပင် ဖြစ်သည်။

၎င်းမှာ မြောက်ပိုင်းဒေသမှ ဆင်းသက်လာသော မျိုးရိုးအမည်တစ်ခု ဖြစ်သည်။ နော်ဇင်မြို့အတွင်း၌ မြောက်ပိုင်းဘာသာစကားကို ပြောဆိုသူ များပြားသော်လည်း၊ မြောက်ပိုင်းသားစစ်စစ် နေထိုင်သူမှာမူ အနည်းငယ်မျှသာ ရှိပေသည်။

မြောက်ပိုင်းသား မျိုးရိုးအမည်များအနက် 'ကျိ' ဆိုသော အမည်မှာ အတောက်ပဆုံးဖြစ်ပြီး၊ နော်ဇင်ရှိ အထက်တန်းလွှာ သူဌေးကြီးများကြားတွင်လည်း ဤမိသားစုမှာ အထင်ပေါ်ဆုံး ဖြစ်သည်ဟု ဆိုနိုင်သည်။

အမှန်စင်စစ် မုဆိုး ဟူသော အတတ်ပညာမှာ မြောက်ပိုင်းဒေသမှ စတင်မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။ မုဆိုးများ ပေါ်ထွန်းလာသည်နှင့်အမျှ... မည်သည့် မှော်အတတ်၊ ဗဟုသုတ သို့မဟုတ် ထူးကဲသည့် ခွန်အားစသည့် ပါရမီ လက်ဆောင်များ ပိုင်ဆိုင်မထားသော သာမန်လူသားများသည်လည်း အိပ်မက်သားရဲ များကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိလာခဲ့ကြသည်။

ထို့ကြောင့်ပင် မြောက်ပိုင်းသားများသည် လူသားမျိုးနွယ်နှင့် သဘာဝလွန် စွမ်းအားရှင်တို့၏ သမိုင်းကြောင်းတွင် အလွန်အရေးပါသော နေရာမှ ပါဝင်နေခဲ့သည်။

သို့သော်လည်း... မြောက်ပိုင်းသားတို့သည် မုဆိုးများအပေါ် အလွန်အမင်း တန်ဖိုးထားလွန်းခဲ့ရာမှ 'ညစ်ညမ်းသော သွေး' များကို အလွဲသုံးစား ပြုလုပ်မိခဲ့ကြပြီး၊ နောက်ဆုံးတွင် ကြောက်မက်ဖွယ်ရာ သားရဲအသွင်ပြောင်းလဲခြင်း ကပ်ဘေးကြီးနှင့် ကြုံတွေ့ခဲ့ရလေသည်။

မြောက်ပိုင်းသားတို့၏ ခန္ဓာကိုယ်အတွင်း စုဆောင်းမိနေသည့် ညစ်ညမ်းသွေး၏ စွမ်းအားများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာကာ ရောဂါဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်အခါတုန်းက ညစ်ညမ်းသော သွေးကို မည်မျှပင် အနည်းဆုံး အသုံးပြုခဲ့သည်ဖြစ်စေ၊ အသုံးပြုခဲ့ဖူးသူတိုင်းမှာ သားရဲများအဖြစ် အသွင်ပြောင်းလဲကုန်ကြတော့သည်။

ထိုကပ်ဘေးကြောင့်ပင် မြောက်ပိုင်းသား အမြောက်အမြားမှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့ရပြီး မုဆိုးတို့၏ သွေးရည်ကြည် ဖော်မြူလာများမှာလည်း အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့လေသည်။ သူတို့၏ ဘုန်းကျက်သရေမှာလည်း သာမန်အဆင့်သို့ လျောကျသွားခဲ့ပြီး နောက်ဆုံးတွင် နော်ဇင်မြို့၌ မြောက်ပိုင်းသား အနည်းငယ်သာ ကျန်ရစ်တော့သည်။

သို့သော်လည်း... မြောက်ပိုင်းသားတို့၏ မုဆိုးများအပေါ် ထားရှိသော သံယောဇဉ်မှာမူ ယနေ့တိုင် ရှင်သန်နေဆဲ ဖြစ်သည်။

ဤသည်မှာပင် ကျိကျစ်ရှို့ အနေဖြင့် အခြားသော သဘာဝလွန် လမ်းစဉ်များကို မရွေးချယ်ဘဲ မုဆိုးတစ်ဦး ဖြစ်လာရန် ဆုံးဖြတ်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်သည်။

...

ထိုအခိုက်၌ ကျိကျစ်ရှို့သည် ပင့်ကူ မုဆိုးအဖွဲ့၏ ခေါင်းဆောင်၊ အိပ်မက်ဆိုး ရက်ကန်းသည် ကျိကျစ်ရှို့ အဖြစ် ရှိနေသည်မဟုတ်ပေ။

ယင်းအစား... 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' ကုမ္ပဏီ ဥက္ကဋ္ဌ၏ တစ်ဦးတည်းသောသမီး၊ ကျိမိသားစု၏ အထက်တန်းလွှာ အမွေခံသူဌေးသမီးလေး ကျိကျစ်ရှို့ အဖြစ်သာ ရှိနေခြင်းဖြစ်သည်။

ကျိကျစ်ရှို့သည် ပခုံးဟိုက်ထားသည့် အနက်ရောင် ဇာဂါဝန်ပွပွလေးကို ဝတ်ဆင်ထားပြီး သူမ၏ ရင်ဘတ်တွင်လည်း ဆွဲဆောင်မှုရှိသော နှင်းဆီနီတစ်ပွင့်ကို ချိတ်ဆွဲထား၏။ သူမ၏ လှပသည့် ညှပ်ရိုးနှင့် ဖြူဝင်းသည့် လည်တိုင်မှာ ပေါ်လွင်နေသည်။ သူမသည် ဂါဝန်အနားသတ်ကို လက်ဖြင့် ်လျက် ဒေါက်ဖိနပ်သံ တညံညံဖြင့် စင်္ကြံလမ်းအတိုင်း အလျင်အမြန် လျှောက်လာနေ၏။

မိန်းကလေး၏ လှပသည့် မျက်နှာလေးမှာ မီးရောင်အောက်တွင် ဝင်းပနေပြီး စူးရှလှသည့် မျက်ဝန်းအစုံမှာ ဓားကဲ့သို့ ထက်မြက်နေသည်။ သွယ်လျလျ ကိုယ်လုံးကိုယ်ပေါက်ကြောင့် သူမ၏ ခြေတံရှည်များမှာ ပို၍ပင် ထင်ရှားနေပြီး အရှိန်အဝါ ကြီးမားလှပေသည်။

စင်္ကြံတစ်လျှောက်ရှိ အစေခံများမှာ သူမကို မြင်သည်နှင့် လမ်းဘေးသို့ ကပ်ပေးကြပြီး ရိုသေစွာ ဦးညွတ်နှုတ်ဆက်ကြ၏။

မရေမတွက်နိုင်သည့် အခန်းများနှင့် လမ်းကွေ့များကို ဖြတ်ကျော်ပြီးနောက်တွင် သူမသည် နန်းတော်တံခါးကဲ့သို့ ထူထဲ ခန့်ညားလှသော တံခါးကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။

ထိုတံခါးမကြီး ပွင့်သွားသောအခါ သူမ မြင်တွေ့လိုက်ရသည်မှာ အဝေးရှိ ဝရန်တာမှ လွင့်ခါနေသည့် အဖြူရောင် လိုက်ကာများ ဖြစ်သည်။ ထိုနေရာမှ ရှုခင်းတစ်ခုလုံးကို ငှက်မျက်စိဖြင့် ကြည့်သကဲ့သို့ အပေါ်စီးမှ မြင်တွေ့နိုင်သည်။

အနီးအနားတွင် ခြံစည်းရိုးခတ်ထားသည့် ကိုယ်ပိုင်ဥယျာဉ်ကြီး တစ်ခု၊ ကြီးမားလှသော ရေပန်းကန်၊ စနစ်တကျ ခင်းကျင်းထားသည့် လမ်းသွယ်များ၊ ဝေးလံလှသည့် တောင်ကုန်းငယ်၊ ထူထပ်လှသည့် မေပယ်လ်တောအုပ်နှင့် အပြာရောင် ရေကန်ငယ်...။

ညကောင်းကင်ယံ၌ လင်းလက်နေသည့် မီးရောင်များမှာ နွေဦးည၏ ကြယ်ပွင့်များအလား ထိုတိတ်ဆိတ်လှပသော ပတ်ဝန်းကျင်ကို အလှဆင်ပေးထားသည်။

နော်ဇင်မြို့မှာ လူတို့ ဖန်တီးထားသော မြို့ဖြစ်သည့်အတွက် မြို့အတွင်းပိုင်း၌ သဘာဝရှုခင်းများ မရှိပေ။

ထို့ကြောင့် မြို့လယ်ခေါင်၌ ရှိနေသည့် ဤကျယ်ပြောလှသော်တောင်ကုန်း၊ တောအုပ်နှင့် ရေကန်များမှာ အမှန်စင်စစ် လူတို့ ဖန်တီးထားသော အရာများသာ ဖြစ်သည်။

ဆိုလိုသည်က အပြင်ဘက်မှ မြင်တွေ့နေရသည့် သဘာဝ ရှုခင်းများမှာ A-16 စံအိမ်တော်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။

တစ်နည်းအားဖြင့် ပြောရလျှင် ၎င်းကို 'စံအိမ်' ဟု ခေါ်ဆိုမည့်အစား 'ရပ်ကွက်' တစ်ခုဟု ခေါ်ဆိုလျှင် ပို၍ မှန်ကန်ပါလိမ့်မည်။

A-16 စံအိမ်တော်သည် စတုရန်းကီလိုမီတာ ပေါင်းသောင်းချီ၍ ကျယ်ဝန်းလှသည်။ ခမ်းနားလှသော လေးထပ်စံအိမ်ကြီးမှာ ထိုဧရိယာ၏ ဆယ်ပုံတစ်ပုံကိုသာ နေရာ ယူထားကာ၊ ကျန်ရှိသော နေရာများကို လူလုပ် သဘာဝရှုခင်းများက ဖုံးလွှမ်းထားသည်။

သာမန်အားဖြင့် နော်ဇင်မြို့၏ ကျပ်ညပ်နေသည့် မြို့ပြပုံစံအရ ဤမျှ ကျယ်ဝန်းသည့် မြေနေရာကို အလှအပအတွက်သာ သီးသန့်ပေးထားရန်မှာ မဖြစ်နိုင်သလောက်ပင်။ အထူးသဖြင့် မြေတစ်လက်မလျှင် ရွှေကဲ့သို့ တန်ဖိုးရှိသည့် ဗဟိုခရိုင်ကဲ့သို့ နေရာမျိုးတွင် ဖြစ်သည်။

သို့သော်လည်း... ကျိမိသားစုမှာတော့ အလွန်အမင်း ချမ်းသာလွန်းလှသည်။

အမှန်စင်စစ် ကျိပိုတုန်သည် A-16 မှ A- 20 အထိ ရှိသည့် စံအိမ်များကို ဝယ်ယူခဲ့ပြီး ၎င်းတို့ကို ပေါင်းစပ်ကာ "A-16 စံအိမ်တော်" ဟု အမည်ရသည့် လူနေရပ်ကွက်အသစ်တစ်ခု ဖန်တီးခဲ့ခြင်း ဖြစ်သည်။

သို့မဟုတ်... ဗဟိုခရိုင်မှ အထက်တန်းလွှာအချို့ ခေါ်ဝေါ်ကြသကဲ့သို့ "နော်ဇင်၏ တစ်ကိုယ်တော်ကျွန်း" ဟုလည်း ဆိုနိုင်ပေသည်။

ဤသို့ လုပ်ဆောင်ခြင်းမှာ တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း ၎င်းကို တားမြစ်သည့် ဥပဒေလည်း မရှိပေ။ ထို့ကြောင့်ပင် ဗဟိုခရိုင် အာဏာပိုင်များသည် အတန်ကြာ ဆွေးနွေးပြီးနောက်တွင် ခွင့်ပြုခဲ့ကြခြင်း ဖြစ်ပေသည်။

အဇီး ကမ္ဘာသည် မြူတံတိုင်းကြီး၏ ဝိုင်းရံခြင်း ခံလိုက်ရပြီးနောက်တွင် သမုဒ္ဒရာနှင့် ကျွန်းစုများ ပျောက်ကွယ်သွားခဲ့သော်လည်း၊ သမိုင်းမှတ်တမ်းများအရ သမုဒ္ဒရာ၏ ကြမ်းတမ်းသော လှိုင်းလုံးများကို အံတုလျက် တစ်သီးပုဂ္ဂလ ရပ်တည်နေသော ကျွန်းတစ်ကျွန်းအကြောင်းကို စိတ်ကူးကြည့်ရန် မခဲယဉ်းလှပေ။

နော်ဇင်မြို့၏ သံမဏိလှိုင်းလုံးများကြားတွင် A-16 စံအိမ်တော်သည် ထိုကဲ့သို့ပင် မားမားမတ်မတ် ရပ်တည်နေသော တစ်ကိုယ်တော်ကျွန်းကြီး ဖြစ်သည်။

၎င်းသည် ကြွယ်ဝချမ်းသာသည့် အထက်တန်းလွှာတို့အတွက် စိမ်းလန်းစိုပြည်သည့် အိုအေစစ်တစ်ခုပင်။

လအနည်းငယ်လျှင် တစ်ကြိမ်၊ ကျိပိုတုန်သည် ဤနေရာ၌ ခမ်းနားသော ပါတီပွဲများ ကျင်းပလေ့ရှိပြီး အထက်တန်းလွှာများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် သဘာဝလွန် စွမ်းအားရှင်များထံသို့ ဖိတ်စာများ အမြောက်အမြား ပေးပို့လေ့ရှိသည်။

ထိုလူများမှာ ဖိတ်ကြားခံရခြင်းကိုပင် ဂုဏ်ယူကြသည်။ ကျိပိုတုန်နှင့် တိုက်ရိုက်တွေ့ဆုံခွင့် မရလျှင်တောင်မှ၊ ဤပါတီသို့ တက်ရောက်ခဲ့ရခြင်းမှာ နှစ်ပေါင်းများစွာ ကြွားလုံးထုတ်စရာ ကိစ္စတစ်ခု ဖြစ်ပေသည်။

ဤနည်းဖြင့်ပင် ကျိပိုတုန်သည် အဆင့်မြင့် သဘာဝလွန် စွမ်းအားပိုင်ရှင် အများအပြားနှင့် ရင်းနှီးကျွမ်းဝင်ခဲ့သည်။

'အခရာအဆင့်' မှလွဲ၍ ကျန်ရှိသည့် သဘာဝလွန် စွမ်းအား ပိုင်ရှင်များမှာလည်း လူသားများသာဖြစ်ရာ ငွေကြေးဓနဖြင့် လွယ်လွယ်ကူကူ သိမ်းသွင်းနိုင်ပေသည်။ အထူးသဖြင့် 'ရိုးလ် သယံဇာတ' ၏ အဓိက ဆုံးဖြတ်ချက်ချမှတ်သူ ကဲ့သို့ ဩဇာရှိသူတစ်ဦးအတွက် ပို၍ပင် လွယ်ကူလှသည်။

သို့သော်လည်း... မကြာသေးမီကပင် ထိုကဲ့သို့ ပါတီပွဲများ ကျင်းပခြင်းကို အတန်ကြာ ရပ်နားထားခဲ့သည်။

ကျိကျစ်ရှို့သည် တံခါးကို ပြန်ပိတ်လိုက်ပြီး ပြတင်းပေါက်အနီးရှိ ကျယ်ဝန်းသည့် စာကြည့်စားပွဲတွင် ထိုင်ကာ စာရွက်စာတမ်းများအား စစ်ဆေးနေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားကို ကြည့်လိုက်သည်။

ကျိပိုတုန်က ဖောင်တိန်ကို ချလိုက်ပြီး ခေါင်းမော့ကြည့်လာ၏။ အနည်းငယ် နွမ်းနယ်နေသော သူ၏မျက်နှာက ပေါ်လွင်နေသည်။ သူက နားထင်ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ သမီး... ဖေဖေ ဘာကူညီပေးရမလဲ... မုဆိုးအဖွဲ့က ရန်ပုံငွေ လိုနေလို့လား..."

ကျိကျစ်ရှို့က သူမရင်ဘတ်ရှိ နှင်းဆီပွင့်ကို လက်ဖြင့် အသာအယာ တို့လိုက်၏။ ထိုခဏ၌ပင် နှင်းဆီပွင့်ချပ်များမှာ ပွင့်ဟသွားလေသည်။ ၎င်း၏ အတွင်းဘက်တွင် အဆုံးမဲ့ အမှောင်ထု တစ်ခု ရှိနေသကဲ့သို့ ထင်မှတ်ရသည်။ ကျိကျစ်ရှို့သည် ထိုအထဲမှ စာရွက်စာတမ်းတစ်ခုကို နှိုက်ယူလိုက်ပြီး ကျိပိုတုန်၏ စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

"ရန်ပုံငွေကတော့ လုံလောက်တာထက်ကို ပိုနေပါပြီ... ဒါပေမဲ့ ဖေဖေ အဲဒီစာအုပ်ဆိုင်ကို သွားဖို့ နောက်ထပ် နှောင့်နှေးနေဦးမယ်ဆိုရင်တော့၊ ရနိုင်မယ့် အကျိုးအမြတ်တွေကို တခြားသူတွေ ခွဲဝေယူသွားကြပါလိမ့်မယ်..."

ကျိပိုတုန်မှာ ထိုစာရွက်စာတမ်းကို ဖတ်ကြည့်လိုက်ပြီးနောက် အံ့အားသင့်စွာဖြင့် မျက်မှောင်ကြုတ်သွား၏။

"ဒီတစ်ခါက... အမှန်တရားအသင်းတော် လား..."

ကျိပိုတုန်၏ အကြည့်များက စားပွဲ၏ ညာဘက်အပေါ်ထောင့်သို့ အလိုအလျောက် ရောက်ရှိသွားသည်။ ထိုနေရာတွင် အဖွဲ့အစည်း အသီးသီးနှင့် ပုဂ္ဂိုလ်အသီးသီးတို့ စာအုပ်ဆိုင်နှင့် မည်သို့ ပတ်သက်ခဲ့ကြကြောင်းနှင့် ရလဒ်များမှာ မည်သို့ရှိကြောင်း မှတ်တမ်းတင်ထားသည့် အစီရင်ခံစာများ စုပုံလျက် ရှိနေသည်။ အလတ်တလော အစီရင်ခံစာမှာ 'နေမင်း သက်ဝင်ယုံကြည်မှု' ကို တည်ထောင်ခြင်းအကြောင်း ဖြစ်သည်။

ယခင်က ကျိပိုတုန်သည် သူ့ ကိုယ်ပိုင် သတင်းပေးကွန်ရက်ကိုသာ အားကိုးခဲ့သော်လည်း ယခုအခါတွင်မူ သမီးဖြစ်သူထံမှ ရရှိသော သတင်းများမှာ သူ၏သတင်းများထက် များစွာ ပိုမို အဆင့်မြင့်ပြီး မြန်ဆန်နေပေတော့သည်။

***

All Chapters