← Chapters

အခန်း (၃၀၁-၃၀၂)

Vol. 22 Ch. 301-302

အခန်း (၃၀၁-၃၀၂)

Vol. 22 Ch. 301-302

အပိုင်း (၃၀၁)

ကျိပိုတုန်သည် မိမိရှေ့မှောက်ရှိ အမှန်တရားအသင်းတော်၏ သူလျှိုကိစ္စ နှင့် အမှန်တရား ရှာဖွေသူများ၏ ထူးဆန်းသော လှုပ်ရှားမှုများအကြောင်း သတင်းအစီရင်ခံစာကို ဖတ်ရှုနေမိသည်။

ဤကဲ့သို့သော သဘာဝလွန် စွမ်းအားရှင် အဖွဲ့အစည်းများ၏ သတင်းအချက်အလက်များကို ရရှိရန်မှာ မလွယ်ကူလှပေ။ အတိတ်ကာလက ကျိပိုတုန်သည် သဘာဝလွန် စွမ်းအားရှင်လောက၏ သတင်းများကို နောက်ကျမကျန်အောင် သိရှိခဲ့သော်လည်း တစ်ကြိမ်တစ်ခါမျှ ကြိုတင်သိရှိနိုင်ခြင်းမျိုး မရှိခဲ့ဖူးချေ။

သူသည် ထိုလောကနှင့် နီးကပ်သော ဆက်ဆံရေးရှိပြီး၊ 'ရိုးလ် သယံဇာတ ဖွံ့ဖြိုးတိုးတက်ရေး' လုပ်ငန်းစုကြီးသည် သဘာဝလွန် စွမ်းအားရှင် အမြောက်အမြားကို အလုပ်ခန့်ထားကာ သဘာဝလွန် စွမ်းအင်ပါဝင်သော ပစ္စည်းများကိုလည်း ထုတ်လုပ်ရောင်းချနေသဖြင့် ထိုလောက၏ အစိတ်အပိုင်းတစ်ခုဟုပင် ဆိုနိုင်သည်။ သို့သော်လည်း... မည်သို့ပင် ဆိုစေ သူကိုယ်တိုင်မှာ သာမန်လူသားတစ်ဦးသာ ဖြစ်ပေသည်။

မှန်ပေသည်။ ကျိပိုတုန်မှာ သာမန်လူတစ်ယောက်မျှသာ။ ထိုအရာက မြောက်ပိုင်းသားတို့၏ မျိုးရိုးဗီဇအရပင် ဖြစ်နိုင်သည်။ သူတို့သည် ယေဘုယျအားဖြင့် သာမန်လူသားများသာဖြစ်ပြီး ညစ်ညမ်းသောသွေးကို အသုံးပြုမှသာ မုဆိုးလမ်းစဉ်သို့ တက်လှမ်းနိုင်ကြသည်။

'ရိုးလ် သယံဇာတ' ၏ တစ်ဦးတည်းသော ပိုင်ရှင်အနေဖြင့် ကျိပိုတုန်သည် ထိုမျှလောက်သော အန္တရာယ်ရှိသည့် အခွင့်အရေးအပေါ် လောင်းကြေးမထပ်လိုခဲ့ပေ။

ထို့ကြောင့်ပင်... ကျိပိုတုန်သည် သဘာဝလွန် စွမ်းအားရှင်များကြားတွင် အလွန်ဩဇာရှိပြီး နာမည်ကျော်ကြားသူ ဖြစ်သော်လည်း၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းမရှိသည့် သာမန်လူတစ်ဦးအဖြစ်သာ ရှိနေခဲ့သည်။

သို့သော်လည်း... သူ၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကြောင့်သာ မည်သူမျှ သူ့ကို မထိပါးရဲကြဘဲ၊ သဘာဝလွန် စွမ်းအားရှင် အများအပြားကပင် သူ၏ အမိန့်ကို နာခံရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။

ဥပမာအားဖြင့် ကျိမိသားစု၏ မိသားစုမှော်ဆရာအဖြစ် ဟေးဝုဒ်ကို ခန့်အပ်ထားနိုင်ခြင်းမှာ သူတို့အတွက် မှော်ဆရာ တစ်ဦးကဲ့သို့ရော၊ သက်တော်စောင့်တစ်ဦးအဖြစ်ပါ အသုံးဝင်လှသည်။

သို့သော်လည်း... သဘာဝလွန် စွမ်းအားရှင်များသည် နောက်ကွယ်တွင်တော့ သူ့အပေါ် ရိုသေလေးစားမှု အပြည့်အဝ ရှိမည်မဟုတ်ပေ။ အကယ်၍ ဟေးဝုဒ်သာ အဆင့်မြင့် သဘာဝလွန် စွမ်းအားရှင်တစ်ဦးအောက်တွင် အလုပ်လုပ်ရမည်ဆိုလျှင်၊ မိမိ၏ 'သစ္စာခံတံဆိပ်' ကို အရောင်းအဝယ်လုပ်ရန် မဆိုထားနှင့်၊ မည်သည့် လှည့်ဖြားမှုကိုမျှ ပြုလုပ်ရဲမည် မဟုတ်ချေ။

ထို့ကြောင့်ပင်... ကျိပိုတုန်သည် သဘာဝလွန် စွမ်းအားရှင်တို့၏ ကမ္ဘာအတွင်းသို့ အလုံးစုံ စိမ့်ဝင်နိုင်မှု မရှိသေးခြင်း ဖြစ်သည်။

ထိုလူများက အပြင်ပန်းတွင် သူ့ကို မည်မျှပင် မြှောက်ပင့်ပြောဆိုနေကြပါစေ၊ အတွင်းစိတ်၌မူ မကောင်းကြံလိုစိတ်များ ရှိနေကြမည်မှာ အမှန်ပင်။

သို့သော် ကျိကျစ်ရှို့မှာမူ မတူညီပေ... သူမသည် သဘာဝလွန် စွမ်းအားရှင် တစ်ဦး ဖြစ်သည်။

အကယ်၍ သူမသာ 'ရိုးလ် သယံဇာတ' ကို ဆက်ခံမည်ဆိုလျှင် သာမန်လူတို့ အားကျရသည့် ဤလုပ်ငန်းစုကြီးသည် သဘာဝလွန် စွမ်းအားရှင်များပင် ကြောက်ရွံ့ရသော အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲသွားနိုင်သည့် အခွင့်အရေး အမှန်တကယ် ရှိနေပေသည်။

ဤအချက်တစ်ခုတည်းဖြင့်ပင် ကျိပိုတုန်သည် မိမိ၏သမီးအပေါ် မည်မျှအထိ ကြီးမားသော မျှော်လင့်ချက်များ ထားရှိကြောင်း ထင်ရှားလှသည်။

သို့သော်လည်း ယခုအခါ ကျိကျစ်ရှို့၏ ကြီးထွားလာမှုမှာ ကျိပိုတုန်၏ စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေပြီ ဖြစ်သည်။

ကျိပိုတုန် လက်လှမ်းမမီသည့် ထိုကမ္ဘာနှင့် ကြားခံနယ်မြေကို ကျိကျစ်ရှို့မှာ အလွယ်တကူပင် ပေါင်းကူးနိုင်ခဲ့ပုံရသည်။

သမီးဖြစ်သူ၏ တိုးတက်မှုမှာ ကျိပိုတုန်အတွက် အလွန်ပင် စိတ်ချမ်းမြေ့စရာ ဖြစ်သော်လည်း၊ တစ်ဖက်တွင်မူ သမီးဖြစ်သူ မိမိ၏ ထိန်းချုပ်မှုအောက်မှ လွတ်ထွက်သွားပြီဟူသော မရေမရာသည့် စိတ်ပျက်မှုကိုလည်း ခံစားနေရသည်။

လွန်ခဲ့သော နှစ်လခန့်... ကျိကျစ်ရှို့ သူ့ကို လှည့်စားခဲ့စဉ်ကတည်းက ကျိပိုတုန်သည် ဤခံစားချက်ကို စတင်ရရှိခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်က အခြားကလေးများကဲ့သို့ပင် ဆိုးနွဲ့တတ်သည့် သူ၏သမီးလေးမှာ ရုတ်ချည်းပင် ရင့်ကျက်သွားကာ၊ လောကအပေါ် မိမိကိုယ်ပိုင် အမြင်နှင့် ခံယူချက်များ ရှိလာပြီး သီးခြားလွတ်လပ်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကျိပိုတုန်၏ စိတ်ထဲတွင်မူ သမီးဖြစ်သူမှာ အစစ်အမှန် ထိပ်သီး ပုဂ္ဂိုလ် တစ်ယောက် ဖြစ်လာရန် အချိန်လိုအပ်သေးသည်ဟု ယူဆနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း... အလုပ်များလွန်းသဖြင့် ကျိကျစ်ရှို့၏ လှုပ်ရှားမှုများကို အမြဲမပြတ် မစောင့်ကြည့်နိုင်ခဲ့သည့် အချိန်အတောအတွင်းမှာပင်၊ သမီးဖြစ်သူမှာ လုံးဝ သူစိမ်းတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

စာအုပ်ဆိုင်ပိုင်ရှင်၏ လက်ချက်ကြောင့် ဖြစ်ပေါ်လာသည့် ကျိကျစ်ရှို့၏ ပြောင်းလဲမှုမှာ သူ စိတ်ကူးထားသည်ထက် များစွာ ပိုမို အကျိုးသက်ရောက်မှု ရှိလှသည်။

"ငါတို့နဲ့ အက်ရှ် ကုန်သည်ကြီးများ အသင်း ရဲ့ ပဋိပက္ခက ပိုပြီး ပြင်းထန်လာတယ်... ရိုးလ် သယံဇာတရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒီထက်ပိုပြီး တိုးချဲ့နိုင်မလားဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ဖို့အတွက် မကြာခင်မှာ ငါတို့ ထိပ်တိုက်ရင်ဆိုင်ရတော့မယ် ထင်တယ်"

ကျိပိုတုန်က ရှင်းပြသည်။ သူက ခေါင်းအနည်းငယ် ကိုက်နေသဖြင့် နားထင်ကို ပွတ်ရင်း ဆက်ပြော၏။

"ပြီးခဲ့တဲ့ နှစ်ပိုင်းအတွင်းမှာ အက်ရှ် ကုန်သည်ကြီးများ အသင်းက ငါတို့ကို ဘက်ပေါင်းစုံကနေ ယှဉ်ပြိုင်ဖို့ ကြိုးစားနေတယ်... ကုန်ပစ္စည်းတွေက တရားမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ငါတို့အတွက် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ငြင်းဆန်နေကြတယ်... ဒါက သိပ်တော့ ပြဿနာမရှိပါဘူး... ဖေဖေ ကိုယ်တိုင် ဆုံးဖြတ်ချက်ချရမှာမို့လို့ ခေတ္တခဏ နှောင့်နှေးသွားရုံပါပဲ..."

"နှောင့်နှေးတယ်..."

ကျစ်ရှို့က မကျေမနပ်ဖြင့် မျက်ခုံးပင့်လိုက်၏။

"အက်ရှ် ကုန်သည်ကြီးများ အသင်း ဖေဖေ့အပေါ် အသာစီးရနေတဲ့ အကြောင်းရင်းက ရိုးလ် သယံဇာတမှာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ မရှိတာကို အခွင့်ကောင်းယူသွားလို့ပဲ... တစ်နည်းအားဖြင့် ပြောရရင်၊ ရိုးလ် သယံဇာတရဲ့ ဆုံးဖြတ်ချက်ချမှတ်သူက အောက်ပိုင်းခရိုင်မှာ လုပ်ငန်းတည်ထောင်ဖို့ နှောင့်နှေး ခဲ့လို့သာ သူတို့ ဒီနေရာကို ရောက်လာတာ။"

"အဲဒီ တစ်ကြိမ်တည်းသော နှောင့်နှေးမှုကြောင့်ပဲ အကျိုးအမြတ် အများကြီးရမယ့် စီးပွားရေးကို အက်ရှ် ကုန်သည်ကြီးများ အသင်းက လုယူသွားနိုင်ခဲ့တာ..."

ကျိကျစ်ရှို့က ခေါင်းညိတ်လိုက်၏။

"လွယ်တော့ မလွယ်ဘူး ဖေဖေ... ချက်မန်း စုန်းမ ချယ်ရီက သမီး ထက်တောင် စောပြီး မစ္စတာလင်နဲ့ ရင်းနှီးခဲ့တယ်ဆိုတာ မကြာသေးခင်ကမှ သိလိုက်ရတယ်... တကယ်တော့ စာအုပ်ဆိုင်ကလည်း အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ အမည်ကို အသုံးပြုပြီး ဖွင့်လှစ်ထားတာ... ဆိုလိုတာက ချယ်ရီဆီမှာ သဘာဝအရ အသာစီးရနေတဲ့ အချက်တွေ ရှိနေတယ်"

သူမက စားပွဲကို ရိုက်လိုက်ပြီး တင်းမာသော မျက်နှာဖြင့် ဆက်ပြောလိုက်သည်။

"သိပ်မကြာသေးခင်က ချယ်ရီဟာ မစ္စတာလင်ဆီ ထပ်ပြီး သွားခဲ့သလို စာအုပ်ဆိုင်နဲ့လည်း ဆက်သွယ်မှုတွေကို ပြန်လုပ်နေပြီ... အကယ်၍ သူ့ဆီမှာ ကျွန်မတို့လိုပဲ စိတ်ကူးမျိုး ရှိနေမယ်ဆိုရင် ဒါဟာ အချိန်နဲ့အမျှ ပြိုင်ဆိုင်နေရတာပဲ... ကျွန်မတို့မှာ နှောင့်နှေးနေဖို့ အချိန်မရှိဘူး"

"ချယ်ရီ ချပ်ပ်မန်း... ချပ်ပ်မန်း စုန်းမ... သူမမှာ စာအုပ်ဆိုင်က မစ္စတာလင်ဆီ သွားလည်ဖို့ ဒီလောက်အထိ အချိန်အားမယ်လို့ မထင်ထားဘူး"

ကျိပိုတုန်က ရေရွတ်ရင်း သူ၏ စားပွဲပေါ်ရှိ စာရွက်စာတမ်းပုံထဲမှ တစ်ခုကို ဆွဲထုတ်လိုက်သည်။

"အခုလောလောဆယ်မှာ အက်ရှ် ကုန်သည်ကြီးများ အသင်းဟာ ပင့်ကူကို ကိုးကွယ်တဲ့ အမှောင်အဲ့လ်ဖ်တွေဆီကနေ မြေအောက်ကမ္ဘာ သွားနိုင်မယ့် အခြား လမ်းကြောင်းတစ်ခုရဲ့ တည်နေရာကို ရထားပုံရတယ်..."

"ဒါက အမြဲတမ်း သွေးသန့်စင်မှုကို အလေးထားတတ်တဲ့ ဒရူးဝစ်တွေ အမှောင်အယ်လ်ဖ် သွေးတစ်ဝက်ပါတဲ့ ချယ်ရီကို လက်ခံလိုက်ရတဲ့ အကြောင်းရင်း ဖြစ်လိမ့်မယ်..."

ကျိပိုတုန်က မေးစေ့ကို လက်ဖြင့်ထောက်ကာ သမီးဖြစ်သူကို ကြည့်လိုက်သည်။

"ဆိုတော့ ဒါက ငါတို့ ရိုးလ် သယံဇာတ အနေနဲ့ မြေအောက် သယံဇာတတွေကို တစ်ဦးတည်း လက်ဝါးကြီးအုပ်ထားနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ဆိုလိုတာပဲ..."

"အက်ရှ် ကုန်သည်ကြီးများ အသင်းက သူတို့ရဲ့ ကိုယ်ပိုင် ထုတ်ကုန်အသစ်တွေကို ထုတ်ပြီး ရိုးလ် သယံဇာတကို ဖြုတ်ချဖို့၊ ဒါမှမဟုတ် အလုံးစုံ ဖြိုလှဲပစ်ဖို့အထိ ရည်ရွယ်နေတာ... ဒါက နှစ်နဲ့ချီပြီး ကြိုတင်ပြင်ဆင်ထားတာဖြစ်ပြီးတော့ စီမံကိန်းတစ်ခုလုံးကို လည်းချယ်ရီ ချပ်ပ်မန်းက တာဝန်ယူထားတာ... သူက တကယ်ကို အလုပ်များနေမှာ သေချာတယ်..."

ကျိကျစ်ရှို့၏ အကြည့်မှာ ထိုစာရွက်စာတမ်းဆီသို့ ရောက်ရှိသွား၏။ အမှောင်အဲ့လ်ဖ် တစ်ဖြစ်လည်း မျိုးဆက်မိခင်ကို ကိုးကွယ်သည့် တောနေမျိုးနွယ်စုများသည် ထိုမိခင်ကြီး၏ ဒဏ္ဍာရီလာ နားခိုရာနေရာတွင် ထူးခြားသော ဝင်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ ဤသည်မှာ အဇီမှ မြေအောက်ကမ္ဘာသို့ သွားနိုင်သော တစ်ခုတည်းသော လမ်းကြောင်းနှစ်ခုအနက် တစ်ခုပင် ဖြစ်သည်။

ထိုအရာမှာ လွန်ခဲ့သည့် ရာစုနှစ်တစ်ခုခန့်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ချယ်ရီ ပြန်လာခြင်းမှာ စီမံကိန်း၏ အစသာ မဟုတ်ဘဲ၊ ဒရူးဝစ်နှင့် အမှောင်အဲ့လ်ဖ် သွေးနှောသည့် သူမ၏ မျိုးရိုးက အက်ရှ် ကုန်သည်ကြီးများ အသင်းနှင့် အမှောင်အယ်လ်ဖ်တို့အကြား ပူးပေါင်းဆောင်ရွက်မှု၏ အခြေခံအုတ်မြစ် ဖြစ်နေခဲ့သည်။

အစကတည်းက သူတို့သည် ရိုးလ် သယံဇာတ၏ လက်ဝါးကြီးအုပ်မှုကို ဖြိုဖျက်ရန် အချိန်အတော်ကြာ လျှို့ဝှက်စွာ စီစဉ်ခဲ့ကြခြင်း ဖြစ်သည်။

ယခုအခါတွင်မူ... ယမ်းငွေ့မထွက်သည့် စစ်ပွဲတစ်ခုသည် စတင်ရန် အဆင်သင့် ဖြစ်နေချေပြီ ဖြစ်သည်။

ကျစ်ရှို့သည် ထိုစာရွက်စာတမ်းကို ဖတ်ပြီးနောက် သက်ပြင်းရှည် တစ်ချက် ချလိုက်မိ၏။

ဤကဲ့သို့သော သဘာဝလွန် စွမ်းအားရှင်များနှင့် အသက်ရှည်လျားသည့် မျိုးနွယ်စုများသည် သူတို့၏ တစ်ခုတည်းသော ရည်မှန်းချက်အတွက် အချိန်နှင့် စိတ်ရှည်မှုကို ဤမျှအထိ ပေးဆပ်နိုင်ကြသည်။ ဤသည်မှာပင် သာမန်လူသားများ သူတို့ကို မည်သို့မျှ အနိုင်မရနိုင်သည့် အကြောင်းရင်းပင် ဖြစ်သည်။

အကယ်၍ ထိုမိုးရွာသောညက သူမသာ စာအုပ်ဆိုင်အတွင်း မဝင်မိခဲ့ပါက... 'ရိုးလ် သယံဇာတ' လုပ်ငန်းစုကြီးမှာ ကြီးမားသည့် ထိခိုက်မှုများ ကြုံတွေ့ရနိုင်သလို၊ လုံးဝ ပျက်စီးသွားသည်အထိပင် ဖြစ်သွားနိုင်ပေသည်။

သို့သော် ယခုမူ...။

ကျစ်ရှို့က မဲ့ပြုံးလေး ပြုံးလိုက်ရင်း ရယ်မောလိုက်၏။

"အလုပ်များနေတယ် ဟုတ်လား... အဲဒါက ပိုတောင် ကောင်းသေးတာပေါ့..."

ထိုကဲ့သို့ ဆိုလျှင် မစ္စတာလင်မှာ သူမ အပိုင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။

***

အပိုင်း(၃၀၂)

“ဒီကိစ္စကို ပေါ့ပေါ့တန်တန် မတွေးနဲ့ ကျစ်ရှို့... ရိုးလ် သယံဇာတ လုပ်ငန်းစုကြီး အခုလို လွှမ်းမိုးထားနိုင်တာဟာ အောက်ပိုင်းခရိုင်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဦးတည်း မူပိုင်ခွင့် ရထားလို့ပဲ...”

“အကယ်၍ မြေအောက်ကမ္ဘာကို သွားနိုင်တဲ့ တခြားလမ်းကြောင်းတစ်ခုကိုသာ တခြားအဖွဲ့အစည်းက ထိန်းချုပ်သွားမယ်ဆိုရင် ရိုးလ် သယံဇာတရဲ့ နေရာဟာ ပြုတ်ကျသွားလိမ့်မယ်... ဒါ့အပြင် အက်ရှ် ကုန်သည်ကြီးများ အသင်းရဲ့ သယ်ယူပို့ဆောင်ရေး ကျွမ်းကျင်မှုနဲ့ဆိုရင် သူတို့ရဲ့ ထုတ်ကုန်တွေဟာ ဈေးကွက်ထဲကို အချိန်တိုအတွင်း လွှမ်းမိုးသွားလိမ့်မယ်... အဲဒီအချိန်ကျရင် အကျိုးဆက်တွေက အတော်လေး ဆိုးလိမ့်မယ်...”

ကျိပိုတုန်က လေးလံသော စိတ်နှလုံးဖြင့် ဆက်ပြောလိုက်၏။

“ရိုးလ် သယံဇာတဟာ စတင်တည်ထောင်ကတည်းက အခြေခိုင်လှတာ မဟုတ်ဘူး... အက်ရှ် ကုန်သည်ကြီးများ အသင်းကိုတော့ ဒရူးဝစ် မျိုးနွယ်စုတွေနဲ့ ဖွဲ့စည်းထားတာ.... သဘာဝလွန် စွမ်းအားရှင် အသိုင်းအဝိုင်းက သူတို့ကို သူတို့ လူမျိုးအချင်းချင်းလို သတ်မှတ်ထားကြတာ... သူတို့ရဲ့ အစီအစဉ်တွေ အောင်မြင်သွားရင် သဘာဝလွန် စွမ်းအားရှင် အများအပြားဟာ အက်ရှ် ကုန်သည်ကြီးများ အသင်းဘက်ကို လှည့်သွားကြလိမ့်မယ်”

“ဒါပေမဲ့ သမီး အရမ်းကြီး စိုးရိမ်စရာတော့ မလိုပါဘူး... တကယ့် ထိပ်တန်း သဘာဝလွန် စွမ်းအားရှင်တွေက ငါတို့ကို ဆက်ပြီး ထောက်ပံ့ပေးကြလိမ့်မယ်... အကြောင်းရင်းကတော့ ငါတို့ဟာ သာမန်လူသားတွေ ဖြစ်နေလို့ပဲ... ငါတို့ လက်ဝါးကြီးအုပ်ထားတာကို သူတို့ စိတ်ချကြတယ်... ဘာလို့လဲဆိုတော့ ရိုးလ် သယံဇာတ ဘယ်လောက်ပဲ အောင်မြင်ပါစေ၊ သဘာဝလွန် စွမ်းအားရှင်တွေက အချိန်မရွေး ပြန်သိမ်းပိုက်နိုင်လို့ပဲ”

“ငါတို့ရဲ့ ထင်ပေါ်မှုကို ဆုံးရှုံးသွားရင်တောင်မှ အက်ရှ် ကုန်သည်ကြီးများ အသင်းကို ထိန်းချုပ်ဖို့အတွက် ရိုးလ် သယံဇာတကတော့ ဆက်ရှိနေရဦးမှာပဲ...”

သူက ခဏမျှ ရပ်နားလိုက်ပြီးနောက်မှ ဆက်၍ ပြောလိုက်သည်။

“ဘယ်လိုပဲ ဖြစ်ဖြစ်က သမီးကိုယ်တိုင် သဘာဝလွန် စွမ်းအားရှင် တစ်ဦးအဖြစ် အခြေခိုင်လာတဲ့ တစ်နေ့ကျရင် ရိုးလ် သယံဇာတဟာ သဘာဝလွန် စွမ်းအားရှင်လောကမှာ မှန်ကန်တဲ့ တိုးတက်မှုတွေ ရနိုင်မှာပါ”

“အဲဒီလို မဖြစ်ခင်အထိတော့...”

ကျိကျစ်ရှို့က စာရွက်စာတမ်းကို ဘေးသို့ ပစ်လိုက်ပြီး လက်ပိုက်လျက် ကြားဖြတ်ပြောလိုက်သည်။

“အဲဒီလို မဖြစ်ခင်အထိတော့ တည်ငြိမ်မှု ရှိနေဖို့ပဲ အာရုံစိုက်ရမယ်ပေါ့ ဟုတ်လား... ရိုးလ် သယံဇာတကို တတ်နိုင်သမျှ ထိန်းသိမ်းထားပြီး နှစ်ဖက်စလုံး ညှိနှိုင်းလို့ရမယ့်နေ့အထိ အက်ရှ် ကုန်သည်ကြီးများ အသင်းကို တောင့်ခံထားရမယ်ပေါ့”

“ဒါပေမဲ့...”

သူမ၏ အပြုံးမှာ ပို၍ တောက်ပလာပြီး မြေခွေးအိုတစ်ကောင်ကဲ့သို့ ရယ်မောလိုက်သည်။

“ဘာလို့ အဲဒီလောက်အထိ ဒုက္ခခံနေမှာလဲ...”

သမီးဖြစ်သူ၏ ယုံကြည်မှုလွန်ကဲနေခြင်း အပေါ် ကျိပိုတုန်မှာ အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း ပြုံးလျက်ပင် ပြန်ချေပလိုက်သည်။

“ဖေဖေ စာအုပ်ဆိုင်ပိုင်ရှင်ကို ကိုယ်တိုင် မတွေ့ဖူးပေမဲ့ ရထားတဲ့ သတင်းတွေအရ သူက အတော့်ကို စွမ်းအားကြီးတယ်ဆိုတာ ထင်ရှားပါတယ်...”

“ဒါပေမဲ့ အခုအခြေအနေမှာ အဲဒီလမ်းကြောင်းကို မပိတ်ဆို့နိုင်ရင် ရိုးလ် သယံဇာတရဲ့ လက်ဝါးကြီးအုပ်မှုက အန္တရာယ်ရှိနေပြီ... စာအုပ်ဆိုင်ပိုင်ရှင်က လုပ်နိုင်စွမ်း ရှိတယ်ဆိုရင်တောင် သူ ကူညီလိမ့်မယ်လို့ သမီး ဘယ်လို အာမခံနိုင်မလဲ... ဘယ်လိုပဲ ဖြစ်ဖြစ် ဖေဖေတို့လို သာမန်လူအိုကြီးတွေဟာ ရင်းနှီးမြှုပ်နှံဖို့အတွက် အလားအလာ ရှိတဲ့သူတွေ မဟုတ်ဘူးလေ”

“နောက်ပြီး အဲဒီလမ်းကြောင်းကို ပိတ်လိုက်ရုံနဲ့ ပြဿနာအားလုံး ပြေလည်သွားမှာ မဟုတ်ဘူး... ဒီကိစ္စက အရမ်းရှုပ်ထွေးတယ်... ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဖို့ လိုတယ်... ငါတို့သာ နှေးကွေးနေရင် ရိုးလ် သယံဇာတဟာ ဒီထက်မက ဆုံးရှုံးရလိမ့်မယ်...”

“သမီးကတော့ ဖေဖေဟာ ရှေးရိုးစွဲဆန်လွန်းတယ်လို့ ထင်ကောင်းထင်လိမ့်မယ်၊ ဒါပေမဲ့ သဘာဝလွန် စွမ်းအားရှင်တွေအပေါ် မျှော်လင့်ချက် အများကြီး မထားပါနဲ့... သူတို့ရဲ့ မျက်စိထဲမှာ ဖေဖေတို့ဟာ မြေပြင်ပေါ်က ပုရွက်ဆိတ်တွေလို သာမန်လူသားတွေပဲ... သူတို့က ဘာလို့ ပုရွက်ဆိတ်တွေနဲ့ မဟာမိတ်ဖွဲ့ချင်မှာလဲ...”

ကျိပိုတုန်က အတွေ့အကြုံရှိသူတစ်ဦးပမာ ကုလားထိုင်ပေါ်တွင် အားကိုးရာမဲ့စွာ မှီချလိုက်ရင်း ပြောလိုက်သည်။

ကျိကျစ်ရှို့က ခေါင်းယမ်းလိုက်ပြီး သူမဖခင်၏ စကားများကို ဖြတ်ပြောလိုက်၏။

“ဖေဖေ့ရဲ့ အတွေးအခေါ်က မှန်ကန်ပြီး အတော်လေး ယုတ္တိရှိပါတယ်... ဒါပေမဲ့ သမီး အမြင်မှာတော့ ဖေဖေဟာ မစ္စတာလင်ရဲ့ ဩဇာအာဏာနဲ့ သူ့ရဲ့ စိတ်နေစိတ်ထားကို အထင်သေးနေတုန်းပဲ...”

“တချို့ သတင်းအချက်အလက်တွေကို လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်က တမင်တကာ ဖုံးကွယ်ထားတာ၊ သမီး အနေနဲ့လည်း ပြောပြဖို့ မသင့်တော်ဘူး... ဒါပေမဲ့ ဖေဖေ ဒါကိုတော့ နားလည်ထားဖို့ လိုတယ်... မစ္စတာလင်ဟာ အခရာအဆင့် ကို ကျော်လွန်နေပြီ... သမီးတို့လို လူမျိုးတွေက သူ့ရဲ့ ရည်ရွယ်ချက်ကို ခန့်မှန်းလို့ မရနိုင်ဘူး...”

ကျစ်ရှို့က အသံကို ပို၍ တည်ငြိမ်အောင် ပြောင်းလိုက်ပြီး ဆက်ပြောသည်။

“သမီး စာအုပ်ဆိုင်နဲ့ စပြီး ထိတွေ့ခဲ့တုန်းက သာမန်လူသားတစ်ယောက်နဲ့ သိပ်မကွာလှပါဘူး... အဲဒီလို မြင့်မြတ်တဲ့ တည်ရှိမှုမျိုးရဲ့ မျက်စိထဲမှာ သမီးဟာ ပုရွက်ဆိတ်တစ်ကောင်နဲ့ မခြားပါဘူး”

“အကယ်၍ သဘာဝလွန် စွမ်းအားရှင်ဖြစ်ဖြစ်၊ သာမန်လူဖြစ်ဖြစ် အားလုံးဟာ ပုရွက်ဆိတ်တွေလိုပဲ ဆိုရင်တော့ သူက ပုရွက်ဆိတ်တွေနဲ့ ကစားခြင်း ကနေ ရရှိတဲ့ ပျော်ရွှင်မှုဟာ အတူတူပဲ ဖြစ်မှာပေါ့...”

“ဒါကြောင့် ဖေဖေ့ရဲ့ စိုးရိမ်မှုတွေကို ဘေးဖယ်ထားလိုက်ပါ...”

ကျစ်ရှို့က ပြုံးလျက်ပင် ဆက်ပြောသည်။

“ဖေဖေသာ လူကိုယ်တိုင် သွားတွေ့မယ်ဆိုရင် မစ္စတာလင်က ကူညီဖို့ အသင့်ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်... အမှန်တော့ သူ ဝမ်းတောင် ဝမ်းသာနေဦးမှာပါ...”

“ဒါ့အပြင် မစ္စတာလင်ဟာ အခုဆိုရင် လျှို့ဝှက်ဓမ္မထုံးတမ်း မျှော်စင်နဲ့ အမှန်တရားအသင်းတော်ရဲ့ အဓိက ဆုံးဖြတ်ချက်တွေအပေါ် ကြီးမားတဲ့ ဩဇာသက်ရောက်မှု ရှိနေပြီ... သမီးရဲ့ မှန်းဆချက်သာ မှန်မယ်ဆိုရင် ဒုတိယဥက္ကဋ္ဌ အင်ဒရူးဟာ စာအုပ်ဆိုင်ရဲ့ နောက်လိုက်တစ်ယောက် ဖြစ်နေပြီ... ကျွန်မတို့ အနေနဲ့ မစ္စတာလင်ကို အောင်မြင်အောင် စည်းရုံးနိုင်မယ်ဆိုရင် ဒီအင်အားစုကြီး နှစ်ခုလုံးက ကျွန်မတို့ဘက်မှာ ရှိနေမှာပဲ”

ကျိပိုတုန် အင်ဒရူးကို သိပေသည်။ စံအိမ်တွင် ကျင်းပသော ပါတီပွဲများ၌ ထိုလူအိုကြီးမှာ အမှန်တရားအသင်းတော် ပညာရှင်များကြားတွင် အမြဲတမ်း ထင်ပေါ်နေလေ့ရှိသည်။ အမှန်စင်စစ် သူတို့နှစ်ဦးသည် စကားအနည်းငယ်ပင် ပြောဖူးသည်။

လက်ရှိ၌ အမှန်တရားအသင်းတော်၏ ဥက္ကဋ္ဌ မာရီယာမှာ တရားကျင့်ကြံနေသဖြင့် ဒုတိယဥက္ကဋ္ဌ နှစ်ဦးကသာ အမြင့်ဆုံး အာဏာကို ကိုင်တွယ်ထားခြင်း ဖြစ်သည်။ ကျစ်ရှို့၏ နောက်ဆုံးရ သတင်းအရ အင်ဒရူးသည် အမှန်တရားအသင်းတော်၏ နောက်ထပ် အဓိက ဆုံးဖြတ်ချက်ချမှတ်သူ ဖြစ်လာရန် အလားအလာ အရှိဆုံးသူလည်း ဖြစ်နေသည်။

ဤအချက်က ကျိပိုတုန်ကို ဆွဲဆောင်သွားခဲ့၏။ အကယ်၍ စာအုပ်ဆိုင်ပိုင်ရှင်သာ သူတို့ဘက်တွင် ရှိနေမည်ဆိုပါက ရိုးလ် သယံဇာတ လုပ်ငန်းစုကြီးအတွက် အလွန်ခိုင်မာသော ကျောထောက်နောက်ခံ ရရှိမည် ဖြစ်သည်။

သို့သော်လည်း သူက တွန့်ဆုတ်နေဆဲ ဖြစ်သည်။ သဘာဝလွန် စွမ်းအားရှင် တစ်ဦး၏ စိတ်နေစိတ်ထားမှာ ခန့်မှန်းရ ခက်ခဲလွန်းလှသည်။ သမီးဖြစ်သူက မည်မျှပင် ယုံကြည်ချက်ရှိရှိ ပြောနေပါစေ ကျိပိုတုန်ကတော့ သံသယ အနည်းငယ် ရှိနေသေးသည်။

ထို့အပြင် အက်ရှ် ကုန်သည်ကြီးများ အသင်းကလည်း အခြေအနေကို တောက်လျောက် အသာစီးယူရန် ကြိုးပမ်း နေသဖြင့် သူ အချိန်လှစ်ဟာလို့ မရချေ။ သူသာ ထွက်ခွာသွားပါက အခြေအနေမှာ အားနည်းသွားနိုင်ပြီး ကြီးမားသည့် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်သည်။ အဆိုးဆုံးက လုံးဝ ပျက်စီးသွားပြီး ပြန်လည် နလံ မထူနိုင်တော့ခြင်းပင်။

ဤခြေလှမ်းကို လှမ်းခြင်းမှာ လောင်းကစားခြင်းနှင့် အတူတူပင် ဖြစ်သည်။ အကယ်၍ အနိုင်ရပါက တောက်ပသည့် အနာဂတ်ကို ရရှိမည်ဖြစ်ပြီး၊ ရှုံးနိမ့်ပါက အရာအားလုံး ဆုံးရှုံးသွားပေလိမ့်မည်။

ကျိပိုတုန် စားပွဲကို လက်ချောင်းများဖြင့် အသာအယာ တောက်ရင်း အခြေအနေကို လေးလေးနက်နက် စဉ်းစားနေ၏။

ကျို့ကျစ်ရှို့ကတော့ အပြင်ဘက် ရှုခင်းကို ငေးကြည့်လျက် ညကောင်းကင်ယံမှ ကြယ်များပမာ လင်းထိန်နေသည့် စံအိမ်တော် မီးရောင်များကို ကြည့်နေခဲ့သည်။

“ရိုးလ် သယံဇာတရဲ့ လက်ရှိ အကျိုးအမြတ် အများစုဟာ သာမန်လူသားတွေဆီက ရတာ... ဒီအကျိုးအမြတ်နဲ့ ငွေကြေးတွေဟာ သာမန်လူတွေအတွက်တော့ အလွန်များပြားပေမဲ့ သဘာဝလွန် စွမ်းအားရှင်တွေအတွက်တော့ အလွယ်တကူ ရနိုင်တဲ့အရာတွေ ဖြစ်လို့ သူတို့က အလေးမထားကြဘူး...”

သူမ၏ အသံမှာ မိစ္ဆာတစ်ကောင်၏ တီးတိုးစကားကဲ့သို့ အနည်းငယ် ဩရှရှ ဖြစ်သွား၏။

“ဖေဖေ... ဖေဖေဟာ အရေးကြီးတာကို ထားပြီး အသေးအဖွဲကို အာရုံစိုက်နေတယ်လို့ မထင်ဘူးလား... သမီးတို့ တကယ်လိုအပ်တာ ဘာလဲဆိုတာ စဉ်းစားကြည့်ပါ... အဲဒါက သဘာဝလွန် စွမ်းအားရှင်လောကထဲကို ဝင်ရောက်ဖို့ပဲ”

“ရိုးလ် သယံဇာတသာ စာအုပ်ဆိုင်ရဲ့ စာအုပ်တွေကို ဖြန့်ချိခွင့်သာ ရမယ်ဆိုရင် သဘာဝလွန် စွမ်းအားရှင်လောကထဲ ဝင်ဖို့ပဲ မဟုတ်တော့ဘူး... သဘာဝလွန် စွမ်းအားရှင်တွေက ကျွန်မတို့ရှေ့မှာ ဒူးထောက်တောင်းပန်ပြီး လာကြလိမ့်မယ်...”

မိန်းကလေး၏ မျက်ဝန်းများက တောက်ပလာ၏။

“အဲဒီစာအုပ်တွေကသာ တကယ့်ကို စစ်မှန်တဲ့ ရတနာတွေပဲ ဖေဖေ... ရိုးလ် သယံဇာတအနေနဲ့ သဘာဝလွန် စွမ်းအားရှင်တွေရဲ့ ရိုသေမှုကို ရဖို့လိုအပ်တဲ့ အခွင့်အရေးပဲ”

“ကျွန်မတို့သာ ပိုမြင့်တဲ့ အဆင့်ကို တက်လှမ်းနိုင်ပြီး အခြေခိုင်သွားမယ်ဆိုရင် အခုရနေတဲ့ အကျိုးအမြတ်တွေက ဘာမှ မဟုတ်တော့ဘူး... အဲဒါကိုပဲ ဖက်တွယ်နေတာဟာ အမြင်ကျဉ်းလွန်းရာ ရောက်တယ်... အက်ရှ် ကုန်သည်ကြီးများ အသင်းဟာ သူတို့ရဲ့ အမြော်အမြင် မရှိမှုအတွက် ပြန်ပေးဆပ်ရလိမ့်မယ်”

“ပြီးတော့ ဖေဖေ... ဖေဖေ အခုလို လောကီစည်းစိမ်တွေအတွက် စိုးရိမ်နေတာဟာ ရိုးလ် သယံဇာတရဲ့ အောင်မြင်မှုလမ်းကြောင်းကို ပိတ်ဆို့နေတဲ့ အဟန့်အတားပဲ...”

ရုတ်ချည်း အသိတရားရသွားသကဲ့သို့ ကျိပိုတုန်က အားအင်အပြည့်ဖြင့် ထရပ်လိုက်ပြီး အံကို တင်းတင်းကြိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီလေ... ဒီလောင်းကစားကို ငါ ကစားမယ်...”

သူက စားပွဲပေါ်ရှိ စာရွက်စာတမ်းများပေါ်သို့ လက်တင်လိုက်၏။ ထို့နောက်... အက်ရှ် ကုန်သည်ကြီးများ အသင်းနှင့် ပတ်သက်သည့် မဖြေရှင်းရသေးသည့် ဆုံးဖြတ်ချက်များအားလုံးကို ကြမ်းပြင်ပေါ်သို့ ဝေ့ယမ်းချလိုက်သည်။

“မနက်ဖြန်ကျရင် စာအုပ်ဆိုင်ကို ငါ သွားမယ်...”

သူက အပြုံးတစ်ခုကို ဆင်မြန်ရင်း သမီးဖြစ်သူကို မော့ကြည့်လိုက်သည်။

“ငါတို့ လုပ်မှတော့ ထူးထူးခြားခြား ဖြစ်အောင် လုပ်ကြတာပေါ့... ကျစ်ရှို့ သမီးရဲ့ အသက် ၂၀ ပြည့် မွေးနေ့ပါတီကို တက်ရောက်ဖို့ မစ္စတာလင်ကို ဖိတ်ကြားနိုင်မယ်လို့ ယုံကြည်ချက် ရှိရဲ့လား”

***

All Chapters