အခန်း (၃၀၃-၃၀၄)
Vol. 22 Ch. 303-304
အပိုင်း(၃၀၃)
A-16 စံအိမ်တော်၌ ပါတီပွဲများ မကျင်းပဖြစ်သည်မှာ အတန်ကြာပြီဖြစ်သည်။ သို့သော်လည်း... မည်သည့်အခြေအနေမျိုးတွင်မဆို ကျင်းပမြဲဖြစ်သည့် ပါတီပွဲတစ်ခုကိုမူ လူအများက စောင့်မျှော်နေကြပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤပွဲသည် ကျိမိသားစု၏ အမွေခံသူဌေးသမီးလေး ကျိကျစ်ရှို့၏ အသက် ၂၀ ပြည့် မွေးနေ့ဖြစ်သောကြောင့်ပင်။
အက်ရှ် ကုန်သည်ကြီးများ အသင်းနှင့် ရိုးလ် သယံဇာတတို့အကြား ပဋိပက္ခ မည်မျှပင် ပြင်းထန်နေပါစေ၊ ကျိကျစ်ရှို့၏ မွေးနေ့ပါတီကိုမူ စီစဉ်ထားသည့်အတိုင်း ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
အချို့သော တော်ဝင် မျိုးနွယ်စုများသည် အပြင်ပန်းတွင် ခမ်းနားထည်ဝါသည့် ပုံရိပ်ကို ထိန်းသိမ်းရန်အတွက် ပိုင်ဆိုင်သမျှကို ရောင်းချ၍ပင် ဟန်ဆောင်တတ်ကြသကဲ့သို့၊ ရိုးလ် သယံဇာတ လုပ်ငန်းစု၏ ပိုင်ရှင် ကျိမိသားစုသည်လည်း အလားတူပင် သူတို့၏ အင်အားတောင့်တင်းမှုကို ပြသရန် လိုအပ်ပေသည်။
အကယ်၍ ရိုးလ် သယံဇာတအနေဖြင့် ဤမျက်နှာပန်းလှမည့်ကိစ္စကို မလုပ်ဆောင်နိုင်တော့ပါက၊ ၎င်းမှာ သူတို့အနေဖြင့် ပြန်လှန် တိုက်စစ်ဆင်ရန် အခွင့်အရေးမရှိတော့ဘဲ လမ်းဆုံးသို့ ရောက်နေပြီဟု သက်သေပြလိုက်ခြင်းပင် ဖြစ်လိမ့်မည်။ ၎င်းမှာ အလွန်ပင် အရှက်ရစရာ ကောင်းလှပေလိမ့်မည်။
ထို့ကြောင့်ပင် အရေးပေါ် အခြေအနေနှင့် ရင်ဆိုင်နေရသော်လည်း မွေးနေ့ပါတီကို ဖြစ်မြောက်အောင် ကျင်းပရမည် ဖြစ်သည်။ အမှန်စင်စစ် ယခင်က ပါတီများထက်ပင် ပိုမို ခမ်းနားရန် လိုအပ်ပေသည်။
ထို့အပြင် ကျိကျစ်ရှို့သည် မုဆိုးအဖွဲ့အစည်းတစ်ခု၏ ခေါင်းဆောင်ဖြစ်လာပြီး ရိုးလ် သယံဇာတ လုပ်ငန်းစုကြီး၏ ဆက်ခံသူ ဖြစ်လာနိုင်ကြောင်းကိုလည်း လူတိုင်းက သိရှိထားကြရာ၊ ဤပွဲမှာ သူမကိုယ်သူမ ပြင်ပလောကသို့ ထုတ်ဖော်ပြသရန်နှင့် လူအများ၏ အာရုံစိုက်မှုကို ရယူရန် အခွင့်အရေးကောင်း တစ်ခုလည်း ဖြစ်သည်။
မှန်ပေသည်။ ဤထုတ်ဖော်ပြသခြင်း ဆိုသည်မှာ သူမ၏ အရည်အချင်းနှင့် ရည်မှန်းချက်များကို ပြသရန်သက်သက် မဟုတ်ပေ။
အမှန်စင်စစ် ကျိပိုတုန်၏ မူလအစီအစဉ်မှာ ကျိကျစ်ရှို့ကို တတ်နိုင်သမျှ ဆိုးသွမ်းပုန်ကန်တတ်သူတစ်ဦးအဖြစ် ဟန်ဆောင်ခိုင်းရန် ဖြစ်သည်။ သူမသည် ရိုးလ် သယံဇာတ လုပ်ငန်းများကို လုံးဝ စိတ်မဝင်စားဘဲ မိသားစုစီးပွားရေးကိုလည်း ဂရုမစိုက်ဘဲ၊ သဘာဝလွန် စွမ်းအားရှင်လောကတွင်သာ မုဆိုးအဖွဲ့ကို ဦးဆောင်ရင်း နေရာတစ်နေရာရရန် ကြိုးပမ်းနေသူအဖြစ် လူအများမြင်စေရန် ဖြစ်သည်။
ကျိပိုတုန်ကလည်း သူနှင့် သမီးဖြစ်သူအကြား ပဋိပက္ခများ ရှိနေကြောင်း လူသိရှင်ကြား ဟန်ဆောင်ပြောဆိုကာ၊ ကျိမိသားစုအတွင်းမှ အခြားသော ဆက်ခံသူတစ်ဦးကို မတတ်သာသည့်အဆုံး ရှာဖွေရတော့မည့်အသွင် ဖန်တီးရန် စီစဉ်ထားခြင်းဖြစ်သည်။
၎င်းမှာ လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
အမှန်တကယ်တော့... ကျိပိုတုန်သည် နှစ်ပေါင်းများစွာအတွင်း အပြင်လူများရှေ့တွင် သမီးဖြစ်သူအား ရိုးလ် သယံဇာတနှင့် ပတ်သက်သည့် အရာအားလုံးမှ ကင်းဝေးအောင် တမင်တကာ စိမ်းကားစွာ ဆက်ဆံခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူမအား သဘာဝလွန် စွမ်းအားရှင် နယ်ပယ်အတွင်း လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်ပင်။
ထိုသို့လုပ်ဆောင်မှသာ လူများက ရိုးလ် သယံဇာတအပေါ် ထားရှိသော သတိဝီရိယများကို လျှော့ချပေးကြမည် ဖြစ်သည်...။
သို့သော် ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့လေပြီ။
အကယ်၍ သူတို့သာ စာအုပ်ဆိုင်ပိုင်ရှင်၏ မျက်နှာသာပေးမှုကို ရရှိနိုင်မည်ဆိုပါက ထိုကဲ့သို့ ဟန်ဆောင်ကပြနေစရာ မလိုတော့ဘဲ၊ ကျိကျစ်ရှို့ကို ရိုးလ် သယံဇာတ၏ ဆက်ခံသူအဖြစ် အမြန်ဆုံး ခန့်အပ်ကာ လုပ်ငန်းစုကြီးကို စစ်မှန်သည့် သဘာဝလွန် စွမ်းအားရှင် အဖွဲ့အစည်းတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်မည် ဖြစ်သည်။
အကယ်၍ စာအုပ်ဆိုင်၏ ထောက်ခံမှုကို ရရှိပါက ရိုးလ် သယံဇာတ အနေဖြင့် အခြားသူများ မယှဉ်နိုင်သော အားသာချက်ကို ရရှိမည်ဖြစ်ပြီး ပိုမို တောက်ပသော အနာဂတ်သို့ တက်လှမ်းနိုင်မည် ဖြစ်သည်။
စီးပွားရေးသမားတစ်ဦး ဖြစ်သည့်အလျောက်၊ ကျိပိုတုန်သည် အကျိုးအမြတ်က ရရှိမည့် အန္တရာယ်နှင့် ထိုက်တန်နေသရွေ့ အရာရာကို လောင်းကြေးထပ်ရန် အသင့်ရှိနေသည်။
ယခု သူလိုအပ်နေသည်မှာ ထိုမဟာစီမံကိန်းကြီးကို အကောင်အထည်ဖော်ရန်အတွက် လှုံ့ဆော်မှုတစ်ခု သာ ဖြစ်သည်။
ကျိပိုတုန်က သူ့ကို တစ်ခါမျှ စိတ်ပျက်အောင် မလုပ်ခဲ့ဖူးသော သမီးဖြစ်သူထံသို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏။
သို့သော်လည်း... ကျစ်ရှို့က အားကိုးရာမဲ့စွာ ခေါင်းယမ်းလိုက်သည်။
"ကျွန်မ အဲဒီလောက်အထိ ယုံကြည်ချက် မရှိဘူး ဖေဖေ..."
သူမ ဖခင်၏ ရည်ရွယ်ချက်ကို သူမ သိသည်။ မစ္စတာလင်ကို ပါတီပွဲသို့ တက်ရောက်ရန် ဖိတ်ကြားပြီး သူက ခဏမျှ မျက်နှာပြရုံဖြင့်ပင်၊ စာအုပ်ဆိုင်ပိုင်ရှင်မှာ သူတို့ဘက်တွင် ရှိနေကြောင်း လူအများကို ပြသရန် လုံလောက်လှပေသည်။
၎င်းမှာ သတင်းစကားတစ်ခု ဖြစ်လိမ့်မည်။ ဤအချက်နှင့်ဆိုလျှင် နောင်တွင် ရိုးလ် သယံဇာတက မည်သည့် ကိစ္စတွင်မဆို ပါဝင်ပတ်သက်ပါစေ... ထိုသဘာဝလွန် စွမ်းအားရှင်များသည် စာအုပ်ဆိုင်ပိုင်ရှင်၏ အမျက်ဒေါသကို ခံနိုင်ရည် ရှိမရှိ အရင်ဆုံး သေသေချာချာ စဉ်းစားကြရပေလိမ့်မည်...။ 'အခရာအဆင့်' ရှိသူများပင် မစ္စတာလင်နှင့် ယှဉ်နိုင်စွမ်း မရှိသည်မှာ ထင်ရှားပေသည်။
ထိုစီမံကိန်းမှာ ပြီးပြည့်စုံနေသော်လည်း လက်တွေ့တွင်မူ အလွန်ခဲယဉ်းလှသည်။
"အခုလောလောဆယ် ရထားတဲ့ သတင်းတွေအရ မစ္စတာလင်က စာအုပ်ဆိုင်ထဲကနေ အပြင်ကို ထွက်ခဲပါတယ်... သူ ထွက်ရတဲ့ ရည်ရွယ်ချက်က ဇာတ်ကောင် အဖြစ် သရုပ်ဆောင်ဖို့နဲ့ နေ့စဉ် လှုပ်ရှားမှုတချို့အတွက်ပဲ... ဒီနေ့အထိ ဘယ်သူကမှ မစ္စတာလင်ကို စာအုပ်ဆိုင်ကနေ ထွက်လာအောင် မလုပ်နိုင်သေးဘူး..."
"ဘယ်သူမှ မလုပ်နိုင်သေးဘူးဆိုတာနဲ့ မဖြစ်နိုင်ဘူးလို့ မဆိုလိုပါဘူး... ဟုတ်တယ်မလား...”
ကျိပိုတုန်က သမီးဖြစ်သူကို ပြတ်သားစွာ ကြည့်လိုက်သည်။
"စမ်းကြည့်စမ်းပါ... ဖေဖေက ဘာစွမ်းအားမှမရှိတဲ့ သာမန်လူတစ်ယောက်ပဲ... ဒါပေမဲ့ ရိုးလ် သယံဇာတဟာ အောက်ပိုင်းခရိုင်ကို ဖော်ဆောင်နိုင်ခဲ့လို့ နာမည်ကျော်ခဲ့တာပဲ... အောက်ပိုင်းခရိုင်ဆိုတာ ရတနာတွေနဲ့ ပြည့်နေတဲ့နေရာ၊ သဘာဝလွန် စွမ်းအားရှင်တွေတောင် လိုချင်တောင့်တပေမဲ့ ဝင်ဖို့ကြောက်တဲ့ နေရာမျိုး... ရိုးလ် သယံဇာတရဲ့ တည်ထောင်သူတွေဟာ သူတို့ရဲ့ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှ အဲဒီကို ဝင်ရောက်ခွင့် ရခဲ့ကြတာ..."
ပြင်ပလောကနှင့် သီးခြားဖြစ်နေသည့် အောက်ပိုင်းခရိုင်မှာ လျှို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ထိုနေရာတွင် အလုပ်လုပ်နေသည့် ရိုးလ် သယံဇာတ ဝန်ထမ်းများမှလွဲ၍ မည်သူမျှ ထိုနေရာ၌ မည်သို့ရှိသည်ကို မသိကြပေ။
သဘာဝလွန် စွမ်းအားရှင်များအတွက်မူ ထိုနေရာမှာ တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ အကြောင်းကား အမှောင်ခေတ်က ဖြစ်ပွားခဲ့သည့် မဟာကပ်ရောဂါကြောင့် ဖြစ်သည်။ စိုးရိမ်ရသည့်အချက်က သဘာဝလွန် စွမ်းအားရှင်တစ်ဦးမှာ အဆင့်မြင့်လေလေ၊ ထိုကြောက်မက်ဖွယ် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများလေလေ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့်ပင် ရိုးလ် သယံဇာတကို သာမန်လူသားများကသာ စီမံခန့်ခွဲနေခြင်း ဖြစ်သည်။ သို့သော်လည်း... တစ်ချိန်တည်းမှာပင် အောက်ပိုင်းခရိုင်၌ ရှေးဟောင်းပစ္စည်းမျိုးစုံနှင့် ရှားပါးသတ္တုများစွာ ရှိနေသဖြင့် သဘာဝလွန် စွမ်းအားရှင်အချို့မှာမူ စွန့်စား၍ သွားရောက်ရှာဖွေတတ်ကြသည်။
ကျိပိုတုန်က ပြောပြရင်း သူ၏ လက်မှ လက်စွပ်ကို နံရံရှိ အပေါက်တစ်ခုအတွင်းသို့ ထည့်လိုက်သည်။
ကလစ်...
ထိုအသံနှင့်အတူ အခန်း၏ နံရံမျက်နှာပြင်များပေါ်တွင် အက်ကွဲကြောင်းများ ပေါ်လာကာ၊ အလင်းတန်းများ ပွင့်ထွက်လာ၏။ ထို့နောက်... အခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသော တောက်ပသည့် အင်းကွက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
မကြာခင်မှာပင် နံရံများ ပွင့်သွားပြီး လျှို့ဝှက်အခန်းတစ်ခု ပေါ်ထွက်လာ၏။
“...”
ကျစ်ရှို့မှာ သူမရှေ့မှ မြင်ကွင်းကြောင့် ခဏမျှ မှင်တက်သွားခဲ့သည်။ သူမ ဤစံအိမ်ကြီးတွင် နေထိုင်ခဲ့သည့် အနှစ် ၂၀ အတွင်း လျှို့ဝှက်ခန်း တစ်ခု ရှိနေလိမ့်မည် ဖြစ်ကြောင်း လုံးဝ မသိခဲ့ပေ။
ယခင်က ကျိကျစ်ရှို့ကို ထားဦး...။ ယခုလက်ရှိ၌ သူမသည် ငရဲဘုံအဆင့် အထွတ်အထိပ် စွမ်းအားနှင့် သံမဏိ စိတ်ဓာတ် အစွမ်းများကို ပိုင်ဆိုင်ထားသော်လည်း ဤအင်းကွက် အစီအရင်ကို လုံးဝ သတိမပြုမိခဲ့ပေ။ ဆိုလိုသည်က ၎င်းမှာ 'ဖျက်ဆီးခြင်းအဆင့်' တစ်ယောက်၏ အမြင်အာရုံကိုပင် လှည့်ဖြားနိုင်စွမ်း ရှိပေသည်။
ရိုးလ် သယံဇာတအား နှစ်ပေါင်းများစွာ စောင့်ကြည့်နေခဲ့ကြသည့် အခရာအဆင့် ရှိသူများပင်လျှင် လှည့်စားခံခဲ့ရပုံရသည်...။
၎င်းမှာ မယုံနိုင်စရာပင်။
ကျိပိုတုန်မှာ သမီးဖြစ်သူကို ခေါ်ကာ အခန်း အတွင်းသို့ ဝင်ရောက်သွားပြီး မကြာခင်မှာပင် အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားတော့၏။
...
ကျစ်ရှို့သည် ဖခင်နှင့် အတူ လျှို့ဝှက်အခန်းထဲသို့ လိုက်ဝင်သွားရင်း မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မျက်လုံးများ တောက်ပသွားခဲ့လေသည်။ ၎င်းမှာ သူမ စိတ်ကူးထားသကဲ့သို့ မှောင်မိုက်ပြီး စက်ဆုပ်ဖွယ်ကောင်းသည့် အခန်းမျိုးမဟုတ်ဘဲ၊ ရှေးဟောင်း စာသားများဖြင့် ပြည့်နှက်နေသည့် သပ်ရပ်သည့် ပြတိုက်တစ်ခုနှင့် တူနေသည်။
နံရံများရှိ စနစ်တကျ စီထားသော စင်များပေါ်တွင် ထူးဆန်းသော ပစ္စည်းမျိုးစုံကို တင်ထားသည်။
ကျိကျစ်ရှို့၏ မျက်ခွံများမှာ တုန်ခါသွား၏။ ဤပစ္စည်းများက သူမကို ထိတ်လန့်စေသည်။ အချို့က သူမကို ဂယောင်ခြောက်ခြားဖြစ်စေပြီး၊ 'သံမဏိစိတ်ဓာတ်' ကြောင့်သာလျှင် စိတ်ကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ကျိကျစ်ရှို့သည် သာမန်လူသားဖြစ်သည့် ဖခင်ကို စိုးရိမ်တကြီး ကြည့်လိုက်သော်လည်း၊ လူအိုကြီးမှာ လုံးဝ တည်ငြိမ်နေပြီး မည်သို့မျှ ထိခိုက်ပုံမရပေ။
'အဲဒီလက်စွပ်ကြောင့် ဖြစ်လိမ့်မယ်'
ကျိပိုတုန် ဝတ်ထားသည့် လက်စွပ်ကို ကြည့်ရင်း ကျစ်ရှို့ တွေးလိုက်သည်။ ဤမျှလောက်သော သဘာဝလွန် ပစ္စည်းစုဆောင်းမှုကြီးကို တစ်ရက်တည်းဖြင့် တည်ဆောက်ခဲ့ခြင်း မဟုတ်သည်မှာ သေချာသည်။
ရိုးလ် သယံဇာတ၏ ယခင်ခေါင်းဆောင် အဆက်ဆက်မှာ အစကတည်းကပင် ဤသို့ စီစဉ်ခဲ့ကြပုံရသည်...။
"ဒါတွေက ရိုးလ် သယံဇာတ မြေအောက် စူးစမ်းလေ့လာမှုတွေလုပ်တုန်းက ရခဲ့တဲ့ ရှေးဟောင်းခေတ်က ရတနာတွေပဲ... ငါတို့ရဲ့ ဘိုးဘေးတွေဟာ ဒီအိမ်ကြီးကို တည်ဆောက်ခဲ့ပြီးတော့ ဒီဟားမစ်လက်စွပ်ရဲ့ အကူအညီနဲ့ သဘာဝလွန် ပစ္စည်းတွေကို အမှောင်ထဲမှာ ထားခဲ့ကြတာ... ဒီမှာ ချိပ်ပိတ်ထားသမျှ အရာအားလုံးဟာ အခွင့်အရေးတစ်ခုကို စောင့်ဆိုင်းနေခဲ့တာပဲ"
ကျိပိုတုန်က လက်များကို ဘေးသို့ ဆန့်ထုတ်လိုက်ပြီး သမီးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်သည်။
"အခုတော့ သမီး... ဖေဖေတို့ စောင့်နေတဲ့ အခွင့်အရေးက ရောက်လာပြီ..."
***
အပိုင်း(၃၀၄)
ကျိကျစ်ရှို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။ စင်များပေါ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် ချိပ်ပိတ်ထားသည့် ပစ္စည်းများသာ ပြင်ပလောကသို့ ရောက်ရှိသွားပါက သဘာဝလွန် စွမ်းအားရှင်များကြား၌ အနည်းနှင့်အများဆိုသလို ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်စေနိုင်သော အရာများချည်းပင်။
အောက်ပိုင်းခရိုင်မှ တူးဖော်ရရှိသည့် ဤပစ္စည်းများ၏ တန်ဖိုးမှာ ၎င်းတို့၏ အသုံးဝင်မှုသက်သက်ကြောင့် မဟုတ်ပေ။ ၎င်းတို့မှာ... လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီက တည်ရှိခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုများ၏ အကြွင်းအကျန်များ၊ 'ကျောက်ဖြစ်ရုပ်ကြွင်း' များ ဖြစ်ပေသည်။
ကျိကျစ်ရှို့သည် ဤနေရာရှိ ပစ္စည်းအများစုကို တစ်ခါမျှ မမြင်ဖူးချေ။ ဆိုလိုသည်က ဤပစ္စည်းများကို ပြုလုပ်ဖန်တီးသည့် နည်းပညာနှင့် လက်မှုပညာရပ်များမှာ အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ဤနေရာရှိ ပစ္စည်းတစ်ခုချင်းစီမှာ ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရှိတော့သည့် တစ်ခုတည်းသော အရာများ ဖြစ်နေပေလိမ့်မည်။
ထိုကဲ့သို့ တစ်ခုတည်းသော အရာများ ဖြစ်ခြင်းကြောင့်ပပင် ၎င်းတို့ကို တိုက်ပွဲများ၌ လက်နက် သို့မဟုတ် မှော်အသုံးအဆောင်အဖြစ် အသုံးပြုပါက တစ်ဖက်ရန်သူမှာ ၎င်း၏ စွမ်းဆောင်ရည်ကို ကြိုတင်မသိနိုင်သဖြင့် အပိုင်ကိုင်နိုင်သည့် အစွမ်းထက် 'ဝှက်ဖဲ' များ ဖြစ်လာနိုင်ပေသည်။
ထို့အပြင် ဤပစ္စည်းအများစုမှာ အလွန်အန္တရာယ်များကြောင်း ကျိကျစ်ရှို့ ခံစားမိနေသည်။ ၎င်းတို့အနက် တစ်ခုခုကိုသာ အက်ရှ် ကုန်သည်ကြီးများ အသင်း၏ လေလံပွဲတွင် တင်လိုက်ပါက ပွဲသိမ်းပစ္စည်းအဖြစ် အလွယ်တကူ သတ်မှတ်ခံရမည် ဖြစ်သည်။
ထူးခြားဆန်းပြားမှုနှင့် အစစ်အမှန် စွမ်းအားတို့ ပေါင်းစပ်နေခြင်းက မည်သည့် သဘာဝလွန် စွမ်းအားရှင်ကိုမဆို ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။
အမှန်တရားအသင်းတော်မှ ပညာရှင်များအတွက် ဆိုလျှင် ဤပစ္စည်းများ၏ တန်ဖိုးမှာ အဆပေါင်းများစွာ ပိုမိုမြင့်မားသွားလိမ့်မည်။
မြေအောက်မှရရှိသည့် ဤရှေးဟောင်းပစ္စည်းများ၏ သမိုင်းတန်ဖိုးမှာ ခန့်မှန်း၍မရနိုင်ပေ။ လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီက ကျန်ရစ်ခဲ့သည့် ဤအရာများသည် ထိုခေတ်ကာလ၏ အခြေအနေကို အကောင်းဆုံး ဖော်ပြနေသည့် ကိုယ်စားလှယ်များပင် ဖြစ်သည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤပစ္စည်းများမှာ (သတင်းအစီရင်ခံစာများအရ) မစ္စတာလင် အလွန်စိတ်ဝင်စားသည့် 'ရှေးဦးခေတ်၊ အထူးသဖြင့် ဒုတိယခေတ်၏ သတင်းအချက်အလက်များ' ဆိုသော ကဏ္ဍအတွင်းသို့ ကွက်တိကျဝင်နေပေသည်။
'ရိုးလ် သယံဇာတရဲ့ ရှေးမျိုးဆက် ခေါင်းဆောင်တွေကတော့ ကိုယ့်အိတ်ထဲကိုယ် ထည့်နိုင်ခဲ့ကြတာပဲ'
ကျိကျစ်ရှို့က ထိုပစ္စည်းများကို စေ့စေ့ကြည့်ရင်း တွေးလိုက်မိသည်။ ဤကျယ်ပြန့်လှသည့် စုဆောင်းမှုကြီးကို တည်ထောင်သူများက စတင်ခဲ့ခြင်းဖြစ်ပြီး မျိုးဆက်အလိုက် တဖြည်းဖြည်း တိုးချဲ့ခဲ့ကြရာ ယခုကဲ့သို့ ပါးစပ်အဟောင်းသား ဖြစ်စေလောက်သည့် အတိုင်းအတာအထိ ရောက်ရှိလာခြင်း ဖြစ်သည်။
ကျိကျစ်ရှို့ သိထားသည်မှာ ယခင်က ဤလုပ်ငန်းစု၏ ဆက်ခံသူများနှင့် မျိုးဆက်ဟောင်းများအကြား ပဋိပက္ခများစွာ ရှိခဲ့ဖူးသည်။ အချို့ဆိုလျှင် အာဏာရယူရန်အတွက် ရှေးမျိုးဆက်များကို သတ်ဖြတ်ခြင်းအထိပင် ပြုလုပ်ခဲ့ကြသည်။
သို့သော်လည်း ထူးဆန်းသည်က ထိုလူများပင်လျှင် ဤရှေးဟောင်းပစ္စည်း စုဆောင်းမှုကို တွေ့ရှိသွားသောအခါ အစဉ်အလာကို လိုက်နာကာ နောက်မျိုးဆက်များသို့ လက်ဆင့်ကမ်းပေးရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ရိုးလ် သယံဇာတ၏ ခေါင်းဆောင်တိုင်းသည် အလွန် အာဏာရှိသော်လည်း သဘာဝလွန် စွမ်းအားရှင်များ၏ ရှေ့တွင် မိမိကိုယ်ကို နယ်ရုပ်များမျှသာဖြစ်ကြောင်း ခံစားခဲ့ကြရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ သူတို့ မည်မျှပင် ကြိုးစားပါစေ... အခြားသူများ၏ အမြင်တွင်မူ အထင်သေးခံရသူများအဖြစ်သာ ရှိနေခဲ့ကြသည်။
ထို့ကြောင့် ပထမဆုံးလူက ဟားမစ် လက်စွပ်ကို ရရှိခဲ့စဉ်က သူ၏ ရည်မှန်းချက်မှာ တောက်လောင်လာခဲ့ပြီး ရဲရင့်သော အတွေးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
သူသည် တူးဖော်ရရှိသော သဘာဝလွန် ပစ္စည်းများကို ထိုလက်စွပ်၏ အကူအညီဖြင့် ခြေရာဖျောက်ကာ လျှို့ဝှက်အခန်းထဲသို့ ခိုးယူသိုဝှက်ရန် ဆုံးဖြတ်ခဲ့သည်။
သင့်တော်သည့် ပစ္စည်းများကို ဂရုတစိုက် ရွေးချယ်ကာ လျှို့ဝှက်မှော်အင်းကွက် အစီအရင်များကို အသုံးပြု၍ ဤအခန်းကို တည်ဆောက်ခဲ့သည်။
ပစ္စည်းများမှာ တစ်ခုပြီးတစ်ခု တိုးပွားလာခဲ့သော်လည်း၊ သဘာဝလွန် စွမ်းအားရှင်များ၏ စောင့်ကြည့်မှုအောက်တွင်မူ ထိုရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် အခွင့်အရေး တစ်ခါမျှ မရရှိခဲ့ပေ။ ထို့ကြောင့်ပင်... သူက ထိုရည်မှန်းချက်ကြီးကို နောက်ထပ် ဆက်ခံသူထံသို့သာ လက်ဆင့်ကမ်းခဲ့ရသည်။
ထို့ကြောင့်ပင်... လျှို့ဝှက်အခန်းအတွင်းရှိ ပစ္စည်းများမှာလည်း မျိုးဆက်အလိုက် ပိုမို၍ တိုးပွားလာခဲ့ကာ အချိန်အခါကောင်းကိုသာ စောင့်ဆိုင်းနေခဲ့ကြရသည်။ ယခုအချိန်အထိပင်။
ကျိကျစ်ရှို့ ဖခင်ဖြစ်သူကို ကြည့်လိုက်၏။ ထိုလူလတ်ပိုင်း အမျိုးသား၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက် အလင်းတန်းများ သို့မဟုတ် ရူးသွပ်မှုများ ပြည့်နှက်နေပြီး နွမ်းနယ်နေသည့် သူ၏မျက်နှာမှာလည်း ပြန်လည် နုပျိုလန်းဆန်းလာသကဲ့သို့ ထင်ရသည်။
ဤအခန်းသည် ရှေးဟောင်းပစ္စည်းများကိုသာ သိုလှောင်ထားခြင်း မဟုတ်ဘဲ၊ ရိုးလ် သယံဇာတ၏ ယခင်ခေါင်းဆောင် အဆက်ဆက်တို့၏ အလိုဆန္ဒများကိုပါ သယ်ဆောင်ထားခြင်း ဖြစ်သည်။
သူတို့ နှစ်ပေါင်းများစွာ စောင့်မျှော်ခဲ့သည့် အခွင့်အရေးမှာ နောက်ဆုံးတွင် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ကျိပိုတုန်က ရှေ့မှဦးဆောင်ရင်း ပစ္စည်းတစ်ခုချင်းစီ၏ အကြောင်းကို ကျစ်ရှို့အား အကျဉ်းချုပ် ရှင်းပြ၏။ ရိုးလ် သယံဇာတ ခေါင်းဆောင်များသည် သာမန်လူသားများ ဖြစ်သော်လည်း၊ သဘာဝလွန် စွမ်းအားရှင်များနှင့် အမြဲထိတွေ့နေရသဖြင့် သူတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်းနှင့် ဗဟုသုတမှာ သာမန် သဘာဝလွန် စွမ်းအားရှင်များထက် များစွာ သာလွန်ပေသည်။
စုဆောင်းမှု အများစုမှာ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ရာ၊ ရှေ့မျိုးဆက်များ မဖြေရှင်းနိုင်သည့် ပြဿနာများကို နောက်မျိုးဆက်များက ဆက်လက် လေ့လာနိုင်ကြပြီး၊ နောက်ဆုံး၌... အချိန်ကာလကပင် အဖြေအများစုကို ထုတ်ပေးသွားခဲ့သည်။
သို့သော် ယနေ့တိုင် မဖြေရှင်းနိုင်သေးသော ပြဿနာအချို့လည်း ရှိနေဆဲပင်။
လျှို့ဝှက်အခန်း၏ အလယ်ဗဟိုသို့ ရောက်သောအခါ၊ သားအဖနှစ်ဦးမှာ ပစ္စည်းသုံးခုကို တွေ့လိုက်ရ၏။ ဤအရာများသည် ကျစ်ရှို့ကို အလွန်ပင် ထိတ်လန့်သွားစေသော အရာများ ဖြစ်သည်။
"ဒီပစ္စည်းသုံးခုကတော့ တစ်ခန်းလုံးမှာ တန်ဖိုးအရှိဆုံးတွေပဲ..."
ကျိပိုတုန်က စင်ပေါ်ရှိ ရွှေရောင်ပန်းသီးတစ်လုံးကို ညွှန်ပြလျက် ရှင်းပြသည်။
"ငါတို့က ဒါကို ပဋိပက္ခ အသီး လို့ ခေါ်ကြတယ်... ချိပ်ပိတ်ထားတာကို ဖွင့်လိုက်တာနဲ့ ဒါကို မြင်မိတဲ့သူတိုင်း ပိုင်ဆိုင်ချင်တဲ့စိတ်တွေ တဖွားဖွား ပေါ်လာလိမ့်မယ်... ညီအစ်ကိုချင်း သတ်ကြလိမ့်မယ်၊ လင်မယားချင်း ရန်ဖြစ်ကြလိမ့်မယ်၊ တစ်ဖက်ဖက် သေဆုံးတဲ့အထိပဲ..."
"ဒါဟာ စားလို့ရမယ့်ပုံစံ ရှိပေမဲ့... ဘယ်သူမှတော့ အခုထိ မမြည်းစမ်းရဲကြသေးဘူး... ဒါကို စားသုံးလိုက်ရင် ဘယ်လိုအကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ဒီနေ့အထိ ငါတို့ မသိသေးဘူး..."
သူက ခဏမျှ ရပ်နားလိုက်ပြီးနောက်မှ ဆက်လက် ရှင်းပြလိုက်သည်။
"ဒါကို စရခဲ့တုန်းက ငါတို့လူတွေ အများကြီး ဆုံးရှုံးခဲ့ရတယ်... ဒီမှာရှိတဲ့ ဘယ်ပစ္စည်းထက်မဆို အသေအပျောက် ပိုများခဲ့တယ်... နောက်ပိုင်းမှာ ဒီကိစ္စကို ဖုံးကွယ်ဖို့အတွက် ဖျက်ဆီးခြင်းအဆင့် ရှိတဲ့ အိပ်မက်သားရဲတစ်ကောင်ကို ဆင့်ခေါ်ခဲ့ရပြီး လူပေါင်းများစွာကို ယဇ်ပူဇော်ခဲ့ရတယ်"
ကျိကျစ်ရှို့မှာ ထိုစကားကို ကြားရသောအခါ ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ ကျိပိုတုန်က အကျဉ်းချုပ်သာ ပြောပြသော်လည်း၊ ထိုစဉ်က ရွှေရောင်ပန်းသီးကို မြင်ခဲ့ရသူတိုင်းမှာ သေဆုံးခဲ့ရသည်မှာ ထင်ရှားလှသည်။ ဤအရာ ရှိနေသည်ကို ဖုံးကွယ်ရန်အတွက် သွေးအမြောက်အမြား ပေးဆပ်ခဲ့ရပေသည်။
ကြည့်ရသည်က... လျှို့ဝှက်ခန်း အတွင်းရှိ သဘာဝလွန် ပစ္စည်းတိုင်းမှာ သွေးစွန်းနေပုံရသည်။
ကျိပိုတုန်က ဆက်လက်၍ Y ပုံစံ စင်တစ်ခုပေါ်တွင် တင်ထားသည့ ပတ္တမြားနီ တစ်လုံးကို ညွှန်ပြသည်။ ထိုပတ္တမြားမှာ လက်ဖဝါးခန့် အရွယ်ရှိပြီး လေထဲတွင် ဝဲပျံကာ ဖြည်းညှင်းစွာ လည်ပတ်နေသည်။ ၎င်း၏အတွင်းပိုင်းမှာ ဟောင်းလောင်းဖြစ်နေပြီး အနီရောင် ခပ်ပျစ်ပျစ် အရည်အချို့မှာ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထား၏။
သမီးဖြစ်သူ၏ နားတွင် ဆွဲထားသော နားကပ်လေးကို ကြည့်ရင်း ကျိပိုတုန်က ဆက်ပြောလိုက်သည်။
"ဒါကတော့ ထာဝရရှင်သန်ခြင်း ဝိုင်ပဲ... ဒါဟာ သမီး မုဆိုးလုပ်မယ်လို့ ဆုံးဖြတ်ခဲ့တဲ့နေ့မှာ ဖေဖေ ပေးခဲ့တဲ့ ‘ချဲလစ်’ ဆိုတဲ့ နားကပ်နဲ့ တွဲလျက်ရှိတဲ့ အရာပဲ..."
ကျိကျစ်ရှို့က သူမ၏နားရှိ အေးစက်စက် လက်ဝတ်ရတနာလေးကို အလိုအလျောက် ပွတ်သပ်မိသွားသည်။
ကျိပိုတုန်က သမီးဖြစ်သူကို ကြင်နာစွာ ကြည့်လိုက်သည်။
"ထာဝရရှင်သန်ခြင်း ဝိုင် ဆိုပေမဲ့ ထာဝရအသက်ကိုတော့ မပေးပါဘူး... ဒါပေမဲ့ ချဲလစ်ကို ဝတ်ဆင်ထားတဲ့သူ သေဆုံးသွားခဲ့ရင်... သူင ဒီထာဝရရှင်သန်ခြင်း ဝိုင် ရှိတဲ့ အနီးအနားမှာ ပြန်အသက်ဝင်လာလိမ့်မယ်... တစ်ကြိမ် အသက်ပြန်ရှင်တိုင်းမှာ အတွင်းထဲက အရည် သုံးပုံတစ်ပုံ ကုန်ဆုံးသွားမှာပဲ... အခုအချိန်အထိ ဆိုရင် ဒါကို နှစ်ကြိမ် အသုံးပြုခဲ့ပြီးပြီ... ဆိုလိုတာကတော့..."
"နောက်ဆုံးတစ်ကြိမ်ပဲ အသက်ပြန်ရှင်နိုင်မယ့် အခွင့်အရေး ကျန်တော့တယ်ပေါ့... ဟုတ်လား ဖေဖေ"
ကျစ်ရှို့က တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဟ ဟ... ဒီမှာရှိတဲ့ အရာအားလုံးကို အလဲအလှယ်လုပ်ဖို့ အသုံးချလို့ရပေမဲ့... ထာဝရရှင်သန်ခြင်း ဝိုင်ကတော့ ခြွင်းချက်နော် သမီး...”
ကျိပိုတုန်က ရယ်မောရင်း သမီးဖြစ်သူ၏ ပုခုံးကို ပုတ်ကာ နောက်ဆုံး ပစ္စည်းတစ်ခုဆီသို့ လျှောက်သွားလိုက်သည်။
ဤပစ္စည်းမှာ ဤသိုလှောင်ခန်းအတွင်း၌ အမြင်သာဆုံးနှင့် အရိုးရှင်းဆုံး အရာဖြစ်သော်လည်း၊ အရေးကြီးဆုံးသော နေရာတွင် တင်ထားခြင်း ဖြစ်သည်။
ကျစ်ရှို့၏ အကြည့်မှာ ကျောက်စာချပ် အပိုင်းအစတစ်ခုဟု ထင်ရသည့် အရာပေါ်သို့ ကျရောက်သွား၏။ ထိုအပေါ်တွင် မီးတောက်မီးလျှံများနှင့် တူသည့် ရှေးဟောင်း စာသားများကို ရေးထိုးထားသည်။
"ဒါကတော့ မီးပုံကျောက်စာရဲ့ အပိုင်းအစပဲ... ငါတို့ ဒါကို ဘယ်လိုသုံးရမလဲဆိုတာ မသိသေးပေမဲ့... သဲလွန်စ တစ်ချို့အရတော့ ဒီအပိုင်းအစဟာ မီးကို ထိန်းချုပ်တဲ့ ကမ္ဘာဦး စုန်းမကြီး 'လိုက်ဖ်' (အသက်) နဲ့ ဆက်နွှယ်နေတယ်လို့ ယူဆရတယ်"
***