← Chapters

အခန်း (၃၀၅-၃၀၆)

Vol. 22 Ch. 305-306

အခန်း (၃၀၅-၃၀၆)

Vol. 22 Ch. 305-306

အပိုင်း(၃၀၅)

ဒဏ္ဍာရီများအရ ကမ္ဘာဦး စုန်းမကြီးများ ဆိုသည်မှာ ဟင်းလင်းပြင်ဖရိုဖရဲဖြစ်စဉ်မှ မွေးဖွားလာသူများ ဖြစ်ကြသည်။ သူတို့သည် ကမ္ဘာလောက၏ နိယာမစည်းမျဉ်းများကို ထိန်းချုပ်နိုင်သည့် အင်အားအရှိဆုံး သက်ရှိများ ဖြစ်ကြသည်။

ဆီးနှင်းနှင့် အအေးဓာတ်ကို ထိန်းချုပ်သည့် 'ဆစ်ဗာ' ၊ ညဖန်တီးရှင် ဝါးပူဂစ်၊ မီးကို အုပ်စိုးသော 'လိုက်ဖ်' နှင့် သစ်ပင်များကို ထိန်းချုပ်သော 'ဖရက်ဆီးနပ်စ်' တို့ ဖြစ်ကြသည်။

သို့သော်လည်း ထိုစုန်းမကြီးလေးဦးသည် ဤအရာများကိုသာ ထိန်းချုပ်သည်ဟု ဆိုပါက ကမ္ဘာဦး သို့မဟုတ် မူလ ဟူသော ဘွဲ့အမည်နှင့် သိပ်ပြီး မကိုက်ညီလှပေ။ ထို့ကြောင့်ပင် မျိုးဆက်အဆက်ဆက်မှ ပညာရှင်များသည် နှစ်ပေါင်းထောင်ချီ၍ လေ့လာပြီးနောက် စံသတ်မှတ်ချက် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြသည်။

● ဆီးနှင်း သည် ရာသီလေးပါး၊ သို့မဟုတ် 'အချိန်' ကို ကိုယ်စားပြုသည်။

● ည သည် ကောင်းကင်ယံ၊ သို့မဟုတ် 'နတ်ဘုံနတ်နန်း' ကို ကိုယ်စားပြုသည်။

● မီးလျှံ သည် ဖျက်ဆီးခြင်းနှင့် ပြန်လည်မွေးဖွားခြင်း၊ သို့မဟုတ် 'ကံကြမ္မာ' ကို ကိုယ်စားပြုသည်။

● သစ်ပင် သည် လမ်းကြောင်းများနှင့် ဆက်နွှယ်မှုများ၊ သို့မဟုတ် 'ဟင်းလင်းပြင်' ကို ကိုယ်စားပြုသည်။

ဤသို့ အဓိပ္ပာယ်ဖွင့်ဆိုမှသာ ကမ္ဘာဦး စုန်းမကြီး လေးဦးသည် ဤကမ္ဘာပေါ်ရှိ အရာခပ်သိမ်းကို ထိန်းချုပ်ထားသည်ဟု ဆိုနိုင်ပေလိမ့်မည်။

အကယ်၍ သဘာဝလွန် စွမ်းအားရှင်များအတွက် ဝင်ခွင့်စာမေးပွဲသာ ရှိခဲ့ပါက ဤသည်မှာ လူတိုင်းသိထားရမည့် အခြေခံဗဟုသုတ မေးခွန်းတစ်ခုသာ ဖြစ်ပေလိမ့်မည်။

ကျိကျစ်ရှို့သည် ထိုသာမန်ကျောက်စာချပ်ကို စိုက်ကြည့်ရင်း ကမ္ဘာဦးစုန်းမကြီးများနှင့် ပတ်သက်၍ သူမ သိထားသမျှကို စိတ်ထဲ၌ ပြန်လည် စုစည်းနေမိသည်။

အိပ်မက်ဘုံ၏ အမှောင်ထုက အဇီး ကမ္ဘာကို ဝါးမြိုလိုက်ပြီးနောက်တွင် ထိုစုန်းမကြီးများသည် မည်မျှပင် စွမ်းအားကြီးစေကာမူ ခုခံနိုင်စွမ်း မရှိခဲ့ကြပေ။

သူတို့ လုပ်နိုင်ခဲ့သည်က အိပ်မက်ဘုံ၏ ကျူးကျော်မှုကို ဟန့်တားရန်အတွက် 'မြူတံတိုင်း' ကို တည်ဆောက်ခဲ့ခြင်းသာ ဖြစ်သည်။ ထို့နောက်တွင်မူ သူတို့သည် အိပ်မက်ဘုံအတွင်း၌ပင် အိပ်မောကျသွားခဲ့ကြပြီး ခြေရာလက်ရာမပျက် ပျောက်ကွယ်သွားခဲ့ကြသည်။

ကျိကျစ်ရှို့သည် ကမ္ဘာဦး စုန်းမကြီးများ အပေါ် သစ္စာရှိဆဲဖြစ်သည့် ရှေးဟောင်းမျိုးနွယ်စုအချို့အကြောင်းကို သိထားသည်။

ဥပမာအားဖြင့် သူမကို တစ်ကြိမ် ကယ်တင်ခဲ့ဖူးပြီး သူမ၏ လမ်းညွှန်မှုဖြင့်ပင် စာအုပ်ဆိုင်သို့ သွားရောက်ခဲ့သည့် အဲ့လ်ဖ် ပုရောဟိတ်ကြီးမှာ 'ဆစ်ဗာ' ကို ကိုးကွယ်သည့် အိုင်းရစ် မျိုးနွယ်စုမှ ဖြစ်သည်။

မကြာသေးမီကပင် ဘေးဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ဆေးဝါးပညာရှင် ဆန်ဒရာ မျိုးနွယ်စုမှာမူ ဝါးပူဂစ်ကို ကိုးကွယ်သူများ ဖြစ်ကြသည်။

ဤစုန်းမကြီးနှစ်ဦးမှာ မျိုးနွယ်စုများစွာနှင့် ကတိကဝတ်ပြုထားပြီး ကိုးကွယ်သူ အများဆုံးရှိသဖြင့် အထင်ရှားဆုံး ဖြစ်သည်။ သို့သော်လည်း... ဆစ်ဗာသည် သက်တမ်းရှည်သည့် မျိုးနွယ်စုများကိုသာ လက်ခံပြီး ဝါးပူဂစ်၏ နောက်လိုက်များမှာမူ အများအားဖြင့် သာမန်လူသားများ ဖြစ်ကြသည်။

ကျန်ရှိသော စုန်းမကြီးနှစ်ဦးမှာမူ ပို၍ လျှို့ဝှက်ဆန်းကြယ်လှသည်။ ဒဏ္ဍာရီများအရ ဖရက်ဆီးနပ်စ် သည် မြူတံတိုင်းကြီးကို တည်ဆောက်ခဲ့သူ ဖြစ်သည်။ အမှန်တရားမှာ ဝေဝါးနေပြီဖြစ်သော်လည်း၊ မြူတံတိုင်းအတွင်းသို့ နောက်ဆုံး ဝင်ရောက်ခဲ့သူ၏ အဆိုအရ ထိုမြူထုကြီး၏ အတွင်းပိုင်းအား ကြီးမားလှသော သစ်ပင်ပင်စည်များ၊ သစ်ကိုင်းများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့်ပင် ဖရက်ဆီးနပ်စ်သည် အိပ်မက်ဘုံထဲတွင် အိပ်မောကျနေခြင်းမဟုတ်ဘဲ၊ သူမကိုယ်တိုင် မြူတံတိုင်းကြီးအဖြစ် အသွင်ပြောင်းလဲသွားခြင်းဖြစ်သည်ဟူသော ဒဏ္ဍာရီတစ်ခုလည်း ရှိနေသည်။ ကပ်ဘေး ဘုရားကျောင်းတော်မှ ကိုးကွယ်သူများကို ဖရက်ဆီးနပ်စ်၏ နောက်လိုက်များဟု ယူဆနိုင်ပေသည်။

သို့သော်လည်း ကပ်ဘေး ဘုရားကျောင်းတော်သည် သူတို့၏ ယုံကြည် ကိုးကွယ်မှုမှ စုန်းမကြီးများနှင့် ပတ်သက်သမျှ အရာရာကို ပယ်ဖျက်ခဲ့ပြီး ထိုသို့ပြောဆိုသူများကို မြူတံတိုင်းကြီးအတွင်းသို့ ပစ်ချလေ့ရှိသည်။

မီးကို အုပ်စိုးသော လိုက်ဖ်နှင့် ပတ်သက်၍မူ စာသားအနည်းငယ်သာ ကျန်ရှိတော့သည်...။

ကျိပိုတုန်က ကျောက်စာအပိုင်းအစကို ကောက်ကိုင်လိုက်ပြီး ရှင်းပြ၏။

"လိုက်ဖ်ဟာ အိပ်မက်ဘုံရဲ့ အမှောင်ထုထဲမှာ နောက်ဆုံးအထိ တိုက်ပွဲဝင်နေကြတဲ့ စစ်သည်တော်တွေအတွက် မီးပုံကျောက်စာ ပေါင်းများစွာကို စိုက်ထူပေးခဲ့တယ်လို့ ဆိုကြတယ်... အဲဒီကျောက်စာတွေဟာ မီးပုံတွေလိုပဲ အမှောင်ထဲမှာ အလင်းပေးတယ်၊ အိပ်မက်သားရဲတွေကို ခေတ္တမောင်းထုတ်ပေးပြီး စစ်သည်တွေကို အမောဖြေခွင့် ပေးခဲ့တယ်..."

"ဒါပေမဲ့ နောက်ဆုံးမှာတော့ မီးပုံတွေ ငြိမ်းသွားခဲ့ပြီး ကျောက်စာတွေဟာလည်း အိပ်မက်ဘုံရဲ့ ဖိအားဒဏ်ကြောင့် ပြိုလဲပျက်စီးကုန်တယ်... ဒီလိုနဲ့ အသုံးမကျတဲ့ ကျောက်တုံးတွေ ဖြစ်ကုန်ကြတာပဲ"

"ဒါကတော့ အဲဒီထဲက တစ်ခုပေါ့"

ကျိပိုတုန်က အပိုင်းအစကို မြှောက်ပြရင်း ပြောလိုက်သည်။ ကျိကျစ်ရှို့က ထိုအပိုင်းအစကို ဂရုတစိုက် ကြည့်ရှုလိုက်၏။ ထို့နောက် သူမက သိလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒါဆို ဒီကျောက်စာက အိပ်မက်သားရဲတွေကို ခုခံနိုင်စွမ်း ရှိတာလား"

"ဖေဖေလည်း မသိဘူး..."

ကျိပိုတုန်က ပွင့်လင်းစွာပင် ဖြေလိုက်၏။

"ဒါကတော့ ရိုးလ် သယံဇာတရဲ့ အရင်ခေါင်းဆောင်တွေ ဒီစာသားတွေကို လျှို့ဝှက်လေ့လာပြီး ခန့်မှန်းထားကြတာပဲ... သူတို့ကိုယ်တိုင်လည်း တကယ့်လက်တွေ့မှာ စမ်းသပ်ဖို့တော့ မဝံ့ရဲခဲ့ကြဘူး..."

"ဒါပေမဲ့ တကယ်လို့ အဲဒါသာ အမှန်ဖြစ်ခဲ့ရင်တော့ မစ္စတာလင် ဒါကို သေချာပေါက် စိတ်ဝင်စားလိမ့်မယ်..."

သူက ထိုကျောက်စာအပိုင်းအစကို သမီးဖြစ်သူ၏ လက်ထဲသို့ ထည့်ပေးလိုက်ရင်း သက်ပြင်းချလိုက်သည်။

"မနက်ဖြန်ကျရင် ဖေဖေ နေမကောင်းဘူးလို့ အကြောင်းပြပြီး သမီးနဲ့အတူ စာအုပ်ဆိုင်ကို လိုက်ခဲ့မယ်... စာအုပ်ဆိုင်က စာအုပ်တွေကို ဖြန့်ချိခွင့်ရဖို့ ဖေဖေတို့ ကြိုးစားကြတာပေါ့... အားလုံး အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

"ဟုတ်ကဲ့ ဖေဖေ...."

ကျစ်ရှို့က ခေါင်းညိတ်လိုက်လေသည်။

...

အင်ဒရူးသည် စာအုပ်ဆိုင်ရှေ့တွင် ရပ်နေရင်း ဟုဒ် နှင့် သူချုပ်ဆိုခဲ့သော ကတိကဝတ်များကို ပြန်လည် စဉ်းစားနေမိသည်။

'ဉာဏ်ပညာ ရှာဖွေသူများ' အဖွဲ့သည် မကြာခင်မှာပင် သူ၏ အဖွဲ့အသစ် ဖြစ်လာတော့မည် ဖြစ်သည်။ အပြန်အလှန်အားဖြင့် သူဘက်ကလည်း သူ၏ ဂုဏ်သတင်းကို အသုံးပြု၍ ထိုအဖွဲ့ကို ကာကွယ်ပေးပြီး အရည်အချင်းရှိသူများကို ရွေးချယ်ကာ အင်အားစုအသစ်တစ်ခုအဖြစ် တည်ဆောက်သွားမည် ဖြစ်သည်။

တူညီသည့် ရည်မှန်းချက်၊ တူညီသည့် ခံယူချက်နှင့် မှန်ကန်သော လမ်းကြောင်းပေါ်သို့ ဦးတည်နေသဖြင့် ဟုဒ်နှင့် အင်ဒရူးတို့သည် တစ်ဦးနှင့်တစ်ဦး အားဖြည့်ပေးနိုင်သူများ ဖြစ်ကြပြီး ချက်ချင်းပင် သဘောတူညီမှု ရခဲ့ကြသည်။

ဤနည်းဖြင့်ပင် အမှန်တရားအသင်းတော်အတွင်း၌ အင်အားအကောင်းဆုံးနှင့် အစည်းလုံးဆုံးသော အဖွဲ့အစည်းတစ်ခုကို ဂျရုမ်း သေဆုံးခဲ့သည့် ရုံးခန်းအတွင်း၌ပင် လျှို့ဝှက်စွာ တည်ထောင်လိုက်ပြီ ဖြစ်သည်။

သူတို့သည် ထိုနေရာ၌ပင် အကြမ်းဖျင်း အစီအစဉ်များကို ဆွဲခဲ့ကြပြီး၊ အမှန်တရားအသင်းတော် တစ်ခုလုံးကို ပိုက်စိပ်တိုက် သိမ်းပိုက်ရန် ပြင်ဆင်လိုက်ကြသည်။

ပထမခြေလှမ်းက ဂျရုမ်း သေဆုံးသည်ကို လူသိမခံသေးဘဲ၊ ခြေရာခံလိုက်၍ ကျန်ရှိနေသော သူလျှိုများကို အမြစ်ပြတ် ရှင်းလင်းရန် ဖြစ်သည်။

ဒုတိယမှာ 'ဉာဏ်ပညာ ရှာဖွေသူများ' အဖွဲ့ကို အချိန်တိုအတွင်း အမှန်တရားအသင်းတော်၌ အကြီးမားဆုံးသော အဖွဲ့ဖြစ်လာအောင် ချဲ့ထွင်ပြီး တစ်ဖွဲ့လုံးကို ထိန်းချုပ်ရန် ဖြစ်သည်။

နောက်ဆုံး ရည်မှန်းချက်မှာမူ အင်ဒရူးကို အမှန်တရားအသင်းတော်၏ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ရန် သို့မဟုတ် ဥက္ကဋ္ဌ မာရီယာကို ဉာဏ်ပညာ ရှာဖွေသူများအဖွဲ့၏ ရုပ်သေးရုပ် တစ်ခုအဖြစ် ပြောင်းလဲပစ်ရန်ပင်။

အမှန်တရားအသင်းတော်၌ ဤမျှမြင့်မားသည့် ရာထူးသို့ တက်လှမ်းရန် ခက်ခဲပုံကို အင်ဒရူး ကိုယ်တိုင် သိရှိပြီးသား ဖြစ်သည်။ သို့သော်လည်း... ၎င်းမှာ မစ္စတာလင်၏ အလိုဆန္ဒ ဖြစ်နေသဖြင့် သူသည် အစွမ်းကုန် ကြိုးစားရပေလိမ့်မည်။

ဟုဒ်ကမူ သူ၏ အနေအထားကို သူကိုယ်တိုင် သိရှိထားသည်။ သူသည် ခေါင်းဆောင်မှုအပိုင်းတွင် အားနည်းကြောင်း သိသဖြင့် အင်ဒရူးနှင့် ဥက္ကဋ္ဌ ရာထူးကို လုယူရန် စိတ်မကူးဘဲ လက်ထောက်တစ်ဦးအဖြစ်သာ ကျေနပ်စွာ နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။

တစ်ချိန်တစ်ခါက မိုက်ကန်းကန်းနှင့် ထိုလူငယ်လေးမှာ ယခုအခါ လုံးဝ ပြောင်းလဲသွားပြီဖြစ်ကြောင်း အင်ဒရူး ခံစားမိသည်။ ဤသည်မှာ မစ္စတာလင်၏ ကျေးဇူးကြောင့်သာ ဖြစ်ပေလိမ့်မည်။

ယခင်က ဟုဒ်သည် မာရီယာ၏ ဩဇာအာဏာကို အသုံးချကာ အမှန်တရားအသင်းတော်အတွင်း၌ ထင်တိုင်းကြဲရင်း အပေါင်းအသင်းများနှင့် မောက်မာနေတတ်သော လူငယ်တစ်ဦးသာ ဖြစ်ခဲ့သည်။

မစ္စတာလင် တစ်ဦးတည်းသာလျှင် သူ့ကို အသိတရားရစေကာ လူသစ်တစ်ဦးအဖြစ် မွေးဖွားပေးနိုင်ခဲ့သည်။ မိုက်မဲသူမှ ပညာရှိသူအဖြစ်၊ မောက်မာသူမှ နှိမ့်ချသူအဖြစ်၊ အင်အားကြီးမားသူအဖြစ်သို့ လုံးဝ ပြောင်းလဲပေးခဲ့ခြင်း ဖြစ်သည်။

‘မစ္စတာလင်ရဲ့ ဉာဏ်ပညာဟာ ငါတို့ရဲ့ ဝိညာဉ်ထဲက အညစ်အကြေးတွေကို ဆေးကြောပေးနိုင်ပြီး သီလတွေနဲ့ သန့်စင်ပေးနိုင်တာပဲ...’

ဟုဒ်က 'အမှန်တရား ရှာဖွေသူများ' ကို 'ဉာဏ်ပညာ ရှာဖွေသူများ' ဟု အမည်ပြောင်းလဲလိုက်ခြင်းမှာ အလွန်ပင် သင့်တော်လှပေသည်။

အင်ဒရူး၏ မျက်ဝန်းအတွင်းမှ အဖြူရောင် အလင်းတန်းများ ပိုမို တည်ငြိမ်လာသည်နှင့်အမျှ သူ၏ ရင်ထဲမှ ကြောက်ရွံ့ရိုသေမှုနှင့် စိတ်အားထက်သန်မှုမှာ ပိုမို ခိုင်မာလာခဲ့သည်။ ပြတင်းပေါက်မှတစ်ဆင့် စီတန်းထားသည့် စာအုပ်များကို သူ မြင်တွေ့နေရပြီး လက်ထဲမှ ဖလော်ဆိုဖာ ကျောက်တုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။

ဆောင်းဦးလေပြင်းများ တိုက်ခတ်နေပြီး ဆီးနှင်းနံ့များ သင်းနေသော်လည်း အင်ဒရူး၏ နှလုံးသားမှာမူ တောက်လောင်နေသည့် စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

‘ဒီဉာဏ်ပညာကို အဇီးလ်ရဲ့ ထောင့်တိုင်းဆီ မဖြန့်ဝေနိုင်ဘူးဆိုရင် အမှန်တရားအသင်းတော် တည်ရှိနေဖို့ လုံးဝ မလိုတော့ဘူး...’

အင်ဒရူးသည် ထိုအတွေးဖြင့် စာအုပ်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်ပြီး ဖလော်ဆိုဖာ ကျောက်တုံးကို ကောင်တာပေါ်သို့ တင်လိုက်သည်။

ထို့နောက် သူက အားပါးတရ ပြောလိုက်လေ၏။

"တာဝန် ပြီးဆုံးပါပြီ... မစ္စတာလင်... ကျွန်တော် ဂျရုမ်း ကို ခေါ်လာခဲ့ပါပြီ..."

***

အပိုင်း(၃၀၆)

ထိုအခိုက်၌ လင်ကျဲသည် ပုံမှန်အတိုင်းပင် ကောင်တာနောက်ဝယ် အေးအေးလူလူ ထိုင်နေခဲ့ခြင်း ဖြစ်သည်။ အင်ဒရူး၏ စကားကို ကြားလိုက်ရချိန်တွင် သူ ခေတ္တမျှ မှင်တက်သွားမိ၏။ အင်ဒရူးက သွေးနီရောင် သလင်းကျောက်တစ်လုံးကို လက်နှစ်ဖက်ဖြင့် ရိုရိုသေသေ ဆက်သလာသည်ကို ကြည့်ကာ အနည်းငယ်တော့ စိတ် ကသိကအောက် ဖြစ်သွားရသည်။

သူ၏ နှုတ်ခမ်းအစုံမှာ အနည်းငယ် တွန့်ကွေးသွားပြီး စိတ်ထဲမှလည်း တိုးတိုးလေး လှောင်ပြောင်လိုက်မိ၏။

'ဂျရုမ်းက သေသွားပြီမဟုတ်လား... ခင်ဗျားက သူ့ကို ဘယ်လိုလုပ် ခေါ်လာနိုင်မှာလဲ... သူ့အလောင်းကို ထမ်းလာတာမျိုး မဟုတ်ရင်တော့ ဒါက လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ... ဒါပေမဲ့ ဒါက ဂျရုမ်းရဲ့ အလောင်းလည်း မဟုတ်ဘူး၊ မီးလျှံဓားလမ်းစဉ်က ဖော်စပ်ထားတဲ့ ဖလော်ဆိုဖာ ကျောက်တုံး မဟုတ်ဘူးလား’

သို့သော်လည်း... ဂျရုမ်း သေဆုံးသွားခြင်းမှာ အင်ဒရူးအနေဖြင့် မိမိခိုင်းစေလိုက်သည့် တာဝန်ကို အောင်မြင်အောင် မထမ်းဆောင်နိုင်ခဲ့ခြင်းကို ဆိုလိုနေသည်။ ထိုစဉ်က အင်ဒရူး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေပုံနှင့် ယှဉ်လျှင်မူ ဤအချက်မှာ အမှန်တရားအသင်းတော်၏ ဒုတိယဥက္ကဋ္ဌတစ်ဦးအတွက် အတော်လေး အရှက်ရစရာ ဖြစ်နေပေလိမ့်မည်။

သို့သော်လည်း... ဤဖလော်ဆိုဖာ ကျောက်တုံးသည် မီးလျှံ ဓားလမ်းစဉ်၏ ရာဇဝတ်မှု သက်သေခံပစ္စည်းတစ်ခု ဖြစ်နေသဖြင့် တစ်နည်းအားဖြင့် ကွယ်လွန်သူ ဂျရုမ်း၏ ကိုယ်စားပြုဟု ဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် အင်ဒရူးအနေဖြင့် ဤဖလော်ဆိုဖာ ကျောက်တုံးကို ဂျရုမ်းအဖြစ် အသွင်ပြောင်းကာ အသုံးအနှုန်း အသစ်အဆန်းဖြင့် မိမိအား ဖျော်ဖြေရင်း သူ၏ အရှက်ရမှုကို လိမ္မာပါးနပ်စွာ ဖုံးဖိလိုက်ခြင်း ဖြစ်ပေသည်။ သဘာဝကျလှပေသည်။

ဒုတိယဥက္ကဋ္ဌ အင်ဒရူး၌ ဤမျှအထိ ဟာသဉာဏ် ရွှင်ပျလိမ့်မည်ဟု လင်ကျဲ တကယ်ပင် မထင်မှတ်ထားခဲ့မိချေ။

သို့သော်လည်း ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင်က သူ၏ အရှက်ရဖွယ် ကျရှုံးမှုကို မဟချင်သဖြင့် လင်ကျဲသည်လည်း သူ၏ ဟာသနောက်သို့ လိုက်ပါကာ အလိုက်သင့်ပင် စီးမျောပေးရန် ဆုံးဖြတ်လိုက်သည်။

"ကောင်းပြီဗျာ... အခုလို ပင်ပင်ပန်းပန်း ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

လင်ကျဲက ပြုံးလိုက်၏။

'သူ့မှာ အကွက်တွေ အများသားပဲ... ဒုတိယဥက္ကဋ္ဌဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်...'

ယခင်က ဟုဒ်တို့ တစ်သိုက်ကြောင့် ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များကို ဖြေရှင်းရန် အတွက်လည်း သူသည် မာန်မာန အားလုံးကို ချပစ်ကာ အောက်ကျနောက်ကျဖြင့် လာရောက် တောင်းပန်ခဲ့ဖူးသည်။ ယခုလည်း ဖောက်သည်တစ်ဦးထက် အစေအပါးတစ်ဦးကဲ့သို့ ရိုကျိုးလွန်းလှသော အမူအရာဖြင့် သူ၏ ကသိကအောက် အခြေအနေကို အံ့ဖွယ်ကောင်းလောက်အောင် ဖျောက်ဖျက်နိုင်ခဲ့သည်။ ဤသည်မှာ လူတို့၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်နိုင်ရန် သူအသုံးပြုနေကျ ပရိယာယ်တစ်ခု ဖြစ်ပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ... ယခုခံစားချက်က အတော်လေးတော့ ကောင်းလှသည်ဟု ဝန်ခံရပေမည်။

ထိုသို့ တွေးတောရင်း လင်ကျဲသည် လက်ထဲမှ နို့လက်ဖက်ရည်ခွက်ကို ချလိုက်ကာ တဖျတ်ဖျတ် တောက်ပနေသော အနီရောင် ကျောက်မျက်ကို လှမ်းယူလိုက်၏။

အင်ဒရူးမှာမူ ပခုံးပေါ်မှ လေးလံသည့် ဝန်ထုပ်ကြီး ကျသွားသကဲ့သို့ သက်ပြင်းတစ်ချက်ကို အဝ ချလိုက်မိသည်။

‘မစ္စတာလင်က ဂျရုမ်းကို ငါ့ဆီ ခေါ်လာခဲ့ လို့ ပြောတာဟာ ဂျရုမ်းရဲ့ အဆီအနှစ်တွေနဲ့ ဖော်စပ်ထားတဲ့ ဒီဖလော်ဆိုဖာ ကျောက်တုံးကို ယူလာခိုင်းတာပဲ ဖြစ်ရမယ်...'

'ဒါနဲ့ နေပါဦး... လုပ်ကြံသူက ဒီကျောက်တုံးကို ရာဇဝတ်မှု ဖြစ်ပွားတဲ့ နေရာမှာ တမင်တကာ ထားခဲ့တာ သေချာတယ်... ဒါ မစ္စတာလင်ကို သူတို့ဘက်က အညံ့ခံကြောင်း ပြသတဲ့ သဘောလား...'

‘မီးလျှံဓားလမ်းစဉ် ဆိုတဲ့ အဖွဲ့ကတော့ မစ္စတာလင်ကို တကယ်ပဲ ကြောက်နေကြပုံရတယ်... ဒီ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ အဖွဲ့အစည်းအပေါ်မှာ မစ္စတာလင်က ဘယ်လို သဘောထားမျိုး ရှိမလဲဆိုတာကိုပဲ ငါ သိချင်မိတော့တယ်...'

အင်ဒရူး တစ်ယောက် ထိုသို့သော အတွေးများဖြင့် ဗျာများရင်း ကောင်တာရှေ့ရှိ ထိုင်ခုံမြင့်ပေါ်၌ ဝင်ထိုင်လိုက်သည်။ ထိုအချိန်တွင်ပင် ထူးဆန်းပြီး တစ်ခါမျှ မမြင်ဖူးသော ဖျော်ရည်တစ်မျိုးက သူ၏ အာရုံကို ဖမ်းစားသွား၏။

လက်ဖက်ရည်နှင့် နို့...

အနည်းငယ် ကွဲပြားမှုများ ရှိသော်လည်း ဤသည်မှာ နေရာတိုင်းတွင် တွေ့ရတတ်သည့် နို့လက်ဖက်ရည် အခြေခံပင် ဖြစ်သည်။ သို့သော်လည်း ပီလောပီနံမှုန့်ကို အလုံးလေးများဖြစ်အောင် နယ်ဖတ်ကာ နို့လက်ဖက်ရည်ထဲသို့ ထည့်ထားခြင်းမှာမူ မည်သည့်အခါကမျှ မရှိခဲ့ဖူးသော၊ ဆန်းသစ်ပြီး စိတ်ဝင်စားဖွယ်ရာ ကောင်းလှသည့် ပေါင်းစပ်မှု ဖြစ်နေသည်။

အင်ဒရူးသည် ပညာရှင်တစ်ဦး ဖြစ်ရုံသာမက အထက်တန်းစား မျိုးနွယ်စုဝင် တစ်ဦးလည်း ဖြစ်သဖြင့် စားကောင်းသောက်ဖွယ်များကို နှံ့စပ်သူတစ်ဦး ဖြစ်သည်။ သူ၏ အပျော်အပါး ခံစားလိုမှုမှာ မည်သည့်အခါမျှ ရပ်တန့်မသွားခဲ့ချေ။

အဇီ ကမ္ဘာရှိ မည်မျှပင် ရှားပါးပြီး ဈေးကြီးသော အစားအစာမျိုးကိုမဆို အင်ဒရူး မြည်းစမ်းဖူးသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း... ဤကဲ့သို့သော ဖျော်ရည်မျိုးကိုမူ သူ တစ်ခါမျှ မတွေ့ဖူးခဲ့။

အင်ဒရူး ဘာဘယ် မစ်ရှိတ်ကို စိုက်ကြည့်ရင်း ၎င်း၏ အရသာနှင့် အထိအတွေ့ကို ပုံဖော်ကြည့်နေမိသည်။

'စိတ်ဝင်စားစရာပဲ... ဆန်းလည်း ဆန်းကြယ်တယ်...'

အင်ဒရူး ထိုဖန်သားခွက်ကြည်ထဲသို့ စိုက်ကြည့်နေမိစဉ် ခွက်အတွင်းရှိ အမည်းရောင် ပုလဲလုံးလေးများသည် အနက်ရောင် မျက်လုံးကြီးများနှင့် ထူးဆန်းစွာ တူညီလာ၏။

ကြည့်လေလေ... ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ခံစားချက်က အင်ဒရူးကို လွှမ်းမိုးလာလေလေ ဖြစ်သည်။

'ဒါက ကြောက်စရာကြီးပဲ... ဒါပေမဲ့ ဒီလို ဖျော်ရည်မျိုးမှသာ မစ္စတာလင်ရဲ့ အရသာခံနိုင်စွမ်းနဲ့ ထိုက်တန်မှာပေါ့လေ...'

ထိုအတွေးနှင့်အတူ သူ ဆွံ့အသွားမိ၏။ အင်ဒရူးတစ်ယောက် နို့လက်ဖက်ရည်အား ငေးမောနေသည်ကို သတိပြုမိသွားသဖြင့် လင်ကျဲက ခွက်ကို မလိုက်ပြီး အသာအယာ လှုပ်ယမ်းပြလိုက်သည်။

"ဒီနေ့ကစပြီး စာအုပ်ကဖေးမှာ ပုလဲနို့လက်ဖက်ရည် စရောင်းနေပြီဗျ... စိတ်ဝင်စားတယ်ဆိုရင် ဟိုဘက်ဆိုင်မှာ တစ်ခွက်လောက် ဝယ်သောက်ကြည့်ပါဦး... ခင်ဗျား ထင်မှတ်မထားတဲ့ အရသာမျိုးကို ခံစားရပါလိမ့်မယ်"

မှန်ပေသည်။ စာအုပ်ကဖေးသည် နောက်ဆုံးတွင် စီးပွားရေး လုပ်ငန်းသစ်တစ်ခုအဖြစ် 'ပုလဲနို့လက်ဖက်ရည်' ကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

လင်ကျဲသည် လွန်ခဲ့သည့် ရက်သတ္တပတ်များကတည်းက ဘာဘယ်တီးကို စတင် စမ်းသပ်နေခဲ့ခြင်း ဖြစ်သည်။ ဆိုင်၏ အတွင်းပိုင်း အပြင်အဆင်နှင့် စာအုပ်များ သက်သက်ဖြင့်သာဆိုလျှင် ဤကဖေးဆိုင်လေးမှာ ထူးခြားထင်ပေါ်ရန် မလုံလောက်သေးဟု သူ ယူဆထားသည်။

ထို့ကြောင့် လင်ကျဲသည် သောက်စရာ ဖျော်ရည်များဘက်သို့ အာရုံလှည့်ခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ဘာဘယ်တီးမှာ ကမ္ဘာမြေတွင် နေရာအနှံ့ လူကြိုက်များခဲ့ပြီး လူငယ်များစွာကို ဆွဲဆောင်နိုင်ခဲ့သည့်အပြင် နာမည်ကြီး တံဆိပ်များစွာကလည်း ဆန်းသစ်သော ဖျော်စပ်မှုအမျိုးမျိုးဖြင့် ဈေးကွက်ကို လွှမ်းမိုးခဲ့သည့် အဖျော်ယမကာ ဖြစ်သည်။

ကမ္ဘာမြေနှင့် များစွာ ဆင်တူလှသည့် ဤကမ္ဘာတွင် ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို တစ်ဖန် ပြန်လည် ဖန်တီးနိုင်ရန်မှာ အလားအလာ အလွန်ကောင်းလှသည်။

လင်ကျဲသည် ယခင်က ထိုကဲ့သို့သော လက်ဖက်ရည် ဆန်းဆန်းပြားပြားများကို တစ်ခါမျှ မမြည်းစမ်းဖူးသလို မည်သို့လုပ်ရမည်ကိုလည်း ဂဃနဏ မသိခဲ့ချေ။ သို့သော် အလွန်နာမည်ကြီးသည့် ဘာဘယ်တီး ကဲ့သို့သော ဂန္ထဝင် ဖျော်ရည်မျိုး၏ အခြေခံ သဘောတရားကိုမူ သိရှိထားသည်။ ထို့အပြင်... သူ့စာအုပ်ဆိုင် အတွင်းတွင် ဖျော်စပ်နည်း စာအုပ်များ ရှိပေသည်။

အမြဲတမ်း ထက်မြက်လှသည့် တပည့်မလေး မွန်း နှင့်အတူ လင်ကျဲက ယေဘုယျ သဘောတရားများကို ပြောပြပေးပြီးနောက် အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ရုံဖြင့် မူလအရသာအတိုင်း ထွက်ပေါ်လာခဲ့သည်။

ထို့နောက်... နေမင်း ယုံကြည်မှု နောက်လိုက်များ၏ အကူအညီဖြင့် ဈေးကွက်စစ်တမ်းများ ကောက်ယူကာ လူအများ လက်ခံနိုင်မည့် အရသာမျိုး ရရှိသည်အထိ တဖြည်းဖြည်း ပြင်ဆင်ခဲ့ကြသည်။ ပုလဲနို့ လက်ဘက်ရည်ဟု အမည်ပေးခဲ့သည်။

ယနေ့သည် ထိုထုတ်ကုန်ကို တရားဝင် စတင်ရောင်းချသော နေ့ပင် ဖြစ်သည်။

အင်ဒရူးကဲ့သို့ အသက်အရွယ်နှင့် အတွေ့အကြုံရှိသူတစ်ဦးမှာ ပုလဲနို့လက်ဖက်ရည်ကဲ့သို့သော အရာမျိုးကို အထူးတလည် စိတ်ဝင်စားလိမ့်မည် မဟုတ်သော်လည်း ယနေ့တွင် သူ ရောက်ရှိလာသဖြင့် လင်ကျဲက အခွင့်အရေးကို လက်လွတ်မခံဘဲ အရောင်းမြှင့်တင်ရေး ဆင်းလိုက်ခြင်း ဖြစ်သည်။

'ဒုတိယဥက္ကဋ္ဌ အင်ဒရူးလို ဟာသဉာဏ်ရှိပြီး နားလည်မှု ရှိတဲ့သူမျိုးကတော့ စာအုပ်ကဖေးရဲ့ လုပ်ငန်းကို ကူညီအားပေးမှာ သေချာပါတယ်'

သို့သော်လည်း... ထူးခြားတာ တစ်ခုက အင်ဒရူးမှာ စာအုပ်ဆိုင်ကို ဒုတိယ အကြိမ်မြောက် ပြန်လည် ရောက်ရှိလာချိန်တွင် ဖောက်သည်တစ်ဦးထက် လက်ပါးစေတစ်ဦးနှင့် ပို၍ တူနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း ဤသည်မှာ သူ ငှားလိုက်သည့် စာအုပ်၏ စွမ်းအားကြောင့်လည်း ဖြစ်နိုင်ပေသည်။

'အယ်ခီမစ် စာအုပ်က ဒု ဥက္ကဋ္ဌကို သူ့ ကံကြမ္မာ သူကိုယ်တိုင် ရှာဖွေနိုင်ဖို့ လမ်းပြပေးခဲ့ပုံရတယ်... ဒါကြောင့် သူက ငါ့ကို ကျေးဇူတင်နေတာပဲ...’

“စာအုပ်ဆိုင် အတွက် အမှုထမ်းပေးခွင့် ရတာ ကျုပ် တကယ်ပဲ ဂုဏ်ယူမိပါတယ်... မစ္စတာလင်...”

အင်ဒရူးက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။ ဒု ဥက္ကဌ၏ စကားလုံးများက ပြင်းထန်လွန်းလှရာ လင်ကျဲ အားတုံ့အားနာ ပြုံးလိုက်မိသည်။

"မဟုတ်တာဗျာ... ဖောက်သည်တိုင်းဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းကောင်းတွေပါပဲ... ကျွန်တော့်ကို သူငယ်ချင်းလိုပဲ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံလို့ ရပါတယ်"

အင်ဒရူးက အလွန်အမင်း ရိုသေစွာဖြင့် ခေါင်းညိတ်လိုက်၏။

"နားလည်ပါပြီ မစ္စတာလင်"

လင်ကျဲက အနီရောင် ကျောက်မျက်လေးကို သေချာကြည့်ရင်း လက်ချောင်းများကြားတွင် ကစားလိုက်သည်။ ထို့နောက် သူက သက်ပြင်းတစ်ချက် ချရင်း ပြောလိုက်သည်။

"ဂျရုမ်းက ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာဆိုတော့ သေထိုက်သူ တစ်ယောက်ပါပဲ... ဒါပေမဲ့ ဒါကို တရားဥပဒေအတိုင်းပဲ စီရင်သင့်တာ၊ ဒီလိုမျိုး ကိုယ့်သဘောနဲ့ကိုယ် လုပ်လိုက်တာမျိုးတော့ မဖြစ်သင့်ဘူး..."

"မီးလျှံဓားလမ်းစဉ် အဖွဲ့က သူတို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားမှာစိုးလို့ သူ့ကို သတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်... ဒီလို အားနည်းချက်တွေ ရှိနေတာကို ကြည့်ရင် အမှန်တရားအသင်းတော်ထဲမှာ သူလျှိုတွေ ရှိနေဦးမှာပဲ... အဲဒီအမြစ်တွေကို အမြန်ဆုံး ရှင်းလင်းပစ်ဖို့ ကျွန်တော် အကြံပြုချင်တယ်"

"နောက်ပြီးတော့ မရိုင်မာ့ရဲ့ အစ်မကိစ္စကိုလည်း အရှိန်မြှင့်ဆောင်ရွက်သင့်ပြီလို့ ကျွန်တော် ထင်တယ်... တကယ်လို့ ခင်ဗျားတို့ မကိုင်တွယ်နိုင်ဘူးဆိုရင် ဂျိုးဇက်ကို လွှဲပေးလိုက်ရင်ရော ဘယ်လိုလဲ"

လင်ကျဲက အင်ဒရူးကို ကြည့်ရင်း သူ့ သဘောထားကို မေးလိုက်၏။ အမှန်တရားအသင်းတော်သည် သူတို့၏ အတွင်းရေး ကိစ္စရပ်များကို လူသိရှင်ကြား မထုတ်ဖော်ချင်သည်မှာ သဘာဝကျပေသည်။ လင်ကျဲ ထိုအချက်ကို နားလည်ပေးနိုင်သည်။ သို့သော်လည်း... ဂျိုးဇက်မှာမူ ထိုကိစ္စရပ်များတွင် တကယ့် ကျွမ်းကျင်ပညာရှင် ဖြစ်သည်။

သို့သော်လည်း ဂျိုးဇက် ဆိုသည့် နာမည်ကို ကြားလိုက်သည်နှင့် အင်ဒရူး၏ မျက်နှာမှာမူ စက္ကူကဲ့သို့ ဖြူလျော်သွားလေတော့သည်။

ဤစကား၏ နောက်ကွယ်မှ ဆိုလိုရင်းမှာ နေမင်းကြီးထက်ပင် ထင်ရှားလွန်းလှသည်ဟု သူ ခံစားလိုက်ရသည်။ ဤသည်မှာ စာအုပ်ဆိုင်ရှင်က သူ့အား ဤသို့ သတိပေးလိုက်ခြင်းပင် -

"ငါ့မှာ အရည်အချင်းမရှိတဲ့သူတွေကို အသုံးချဖို့ အစီအစဉ်မရှိဘူး... ဒီပြဿနာကို ခင်ဗျား မြန်မြန်ဆန်ဆန် မဖြေရှင်းနိုင်ဘူးဆိုရင် ခင်ဗျားဟာ ငါ့အတွက် ဘာတန်ဖိုးမှ ရှိမှာမဟုတ်တော့ဘူး... ငါ့အနားမှာ အမှုထမ်းချင်တဲ့သူတွေ အများကြီးရှိတယ်၊ ခင်ဗျားသာ မစွမ်းဆောင်နိုင်ရင် ခင်ဗျားရဲ့ နေရာကို လုယူမယ့်သူတွေ အဆင်သင့်ပဲ"

ဟူ၍...။

***

All Chapters