အခန်း (၃၀၇-၃၀၈)
Vol. 22 Ch. 307-308
အပိုင်း(၃၀၇)
ဂျိုးဇက်...။ မဟာ ရောင်စဉ် သူရဲကောင်းဟောင်းနှင့် လက်ရှိ လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်၏ ထောက်လှမ်းရေး ဌာန အကြီးအကဲ...။
ဂျိုးဇက်သည် ဖျက်ဆီးခြင်း အဆင့် အစွမ်းထက် ပုဂ္ဂိုလ်များထဲတွင် အကြွင်းမဲ့ အင်အားကြီးသူတစ်ဦး ဖြစ်သည်။ အဘက်ဘက်မှ ကြည့်လျှင်လည်း သူသည် အင်ဒရူးနှင့် တန်းတူရည်တူ ရှိသူဖြစ်သည်။ ဖြစ်နိုင်သည်က သူသည် ဤကိစ္စတွင် အင်ဒရူးထက်ပင် ပို၍ သင့်တော်သူ ဖြစ်နေပေလိမ့်မည်။
တစ်နည်းအားဖြင့် ဆိုရသော် ဂျိုးဇက်သည် ဤစုံစမ်းစစ်ဆေးမှုတွင် အင်ဒရူး၏ နေရာ၌ အစားထိုးရန် အပြည့်အဝ အရည်အချင်း ပြည့်မီသူ ဖြစ်သည်။
အမှန်တရားအသင်းတော်သည် ဤစုံစမ်းစစ်ဆေးမှုကို 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' ထံ အကြောင်းမကြားဘဲ သူတို့ဘာသာ စတင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း... စာအုပ်ဆိုင်ရှင်သာ တောင်းဆိုလိုက်ပါက 'လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင်' သည် မည်သည့် အဟန့်အတားမျှမရှိဘဲ ဝင်ရောက် ခြေရှုပ်လာနိုင်ပေသည်။
မာဂရက်၏ ကိစ္စမှာ အင်ဒရူးအတွက် ယခင်က စာအုပ်ဆိုင်ရှင်အပေါ် ကျူးလွန်ခဲ့သည့် မရိုသေမှုများကို အစားထိုး ကုစားရန်နှင့် သူ၏ သစ္စာရှိမှုကို ပြသရန် ရရှိလာသော အခွင့်အရေးတစ်ခု ဖြစ်သည်။
အကယ်၍သာ စာအုပ်ဆိုင်ရှင်သာ ယခုအချိန်တွင် စိတ်ပြောင်းသွားခဲ့ပါက ယခင် အကြွေးဟောင်းများမှာ မည်သို့သော ရလဒ်များ အဖြစ် ပြန်လည် ပေါ်ပေါက်လာမည်ကို မည်သူမျှ မသိနိုင်ချေ။ အကယ်၍ အခြေအနေများ ဆိုးဝါးသွားပါက သူရရှိမည့် အပြစ်ဒဏ်မှာ ယခင်ကထက်ပင် များစွာ ပို၍ ပြင်းထန်ပေလိမ့်မည်။
သူ့ထံ၌ ရှိသမျှ တန်ဖိုးအားလုံးမှာလည်း ချက်ချင်းပင် ကွယ်ပျောက်သွားတော့မည် ဖြစ်သည်။ တန်ဖိုးမဲ့သွားသည့် အသုံးချသံ ကိရိယာ တစ်ခု၏ နိဂုံးမှာ ရှင်းလင်းလှပါသည်...။ အပယ်ခံ နယ်ရုပ်တစ်ခုအတွက် သေခြင်းတရားကသာ စောင့်ကြိုနေပေလိမ့်မည်။
ထိုအတွေးကြောင့်ပင် အင်ဒရူးမှာ အစွန်းကုန် ထိတ်လန့်သွားကာ ဒူးထောက်မတတ် ဖြစ်သွားရ၏။ သူက ပျာပျာသလဲဖြင့် အတင်းအကျပ် ငြင်းဆိုလိုက်တော့သည်။
"မာဂရက်ကို ရှာတွေ့ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်၊ ဒါကို စိုးရိမ်မနေပါနဲ့ခင်ဗျာ..."
"ဒီရာဇဝတ်ကောင်မှာ မယုံနိုင်စရာကောင်းတဲ့ အစွမ်းတွေ ရှိနေလို့သာ ကျွန်တော်တို့ဘက်က ခြေရာလက်ရာ မရခဲ့တာပါ... ဒါပေမဲ့ သူ့လို အဆင့်အတန်းမျိုးရှိတဲ့သူက ကျွန်တော်တို့ကို အမြဲတမ်း ပုန်းလျှိုးကွယ်လျှိုး တိုက်ခိုက်နေနိုင်မှာ မဟုတ်ပါဘူး... ဒီကိစ္စ ဖြစ်ပြီးသွားရင် အမှန်တရားအသင်းတော်ထဲမှာ ခိုအောင်းနေတဲ့ သူလျှိုတွေ လှုပ်ရှားလာကြပါလိမ့်မယ်... ကျွန်တော်တို့ဘက်က ထောင်ချောက် ကြိုဆင်ထားပြီး သူတို့ကို တစ်ယောက်မကျန် ဖော်ထုတ်ပစ်ပါ့မယ်"
သူက ဆက်လက်၍...
"နောက်ပြီး... အခု ဂျိုးဇက်က အနားယူနေရာကနေ ပြန်လာမယ်လို့ ကြေညာထားကာစပဲ ရှိပါသေးတယ်... သူ့ရဲ့ အရင် ဂုဏ်သိက္ခာကို ပြန်ရဖို့အတွက် အတော်လေး အလုပ်ရှုပ်နေမှာပါ... ဒီကိစ္စအတွက် သူ အချိန်နဲ့ အားအင် ပေးနိုင်မှာ မဟုတ်ပါဘူး..."
"သူ့မှာ အရည်အချင်းမရှိဘူးလို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ လူတစ်ယောက်ရဲ့ အားအင်မှာ အကန့်အသတ် ရှိတယ်လေ... ကျွန်တော်က အမှန်တရားအသင်းတော်ရဲ့ ဒု ဥက္ကဌ တစ်ယောက် ဖြစ်တာ မလို့ စုံစမ်းစစ်ဆေးတာတွေ၊ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဖို့အတွက် ကျွန်တော်က ပိုပြီး အဆင်ပြေစေပါလိမ့်မယ်..."
အင်ဒရူးသည် ကြောက်စိတ်နှင့် မိမိ၏ တန်ဖိုးကို သက်သေပြလိုစိတ်တို့ ရောယှက်ကာ ထိုစကားများကို တစ်ဆက်တည်း ပြောချလိုက်လေသည်။
ဤသည်မှာ သူ၏ တန်ဖိုးပျောက်ကွယ်သွားပြီး အပယ်ခံရမည်ကို ကြောက်ရွံ့ခြင်း သက်သက်ကြောင့် မဟုတ်။ သူ၏ အရှင်သခင်နှင့် ကယ်တင်ရှင်ဖြစ်သည့် မစ္စတာလင်အား ဆက်လက် အမှုထမ်းခွင့် မရတော့မည်ကို ပို၍ ကြောက်ရွံ့နေခြင်း ဖြစ်သည်။ အမှန်စင်စစ် ဤသည်မှာ သူ၏ တစ်ခုတည်းသော တန်ဖိုးနှင့် သူ၏ နှလုံးသားထဲက အကြီးမားဆုံးသော ရည်မှန်းချက် ဖြစ်နေပြီ ဖြစ်သည်။ ဤအရာကို ဆုံးရှုံးရခြင်းမှာ အသက်ဆုံးရှုံးရခြင်းထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှသည်။
လင်ကျဲမှာမူ အင်ဒရူး၏ အလွန်အကျွံ တုံ့ပြန်ပုံကို ကြည့်ကာ မျက်ခုံးတစ်ချက် ပင့်မိသွား၏။
'ဒီအမှန်တရားအသင်းတော် ဒု ဥက္ကဋ္ဌနဲ့ ဂျိုးဇက်တို့က ရန်ငြိုးများ ရှိနေကြတာလား'
လင်ကျဲ တွေးလိုက်မိသည်။
'မဟုတ်ရင် ဂျိုးဇက်ကို အကူအညီတောင်းဖို့ ပြောလိုက်ရုံနဲ့ သူက ဘာလို့ ဒီလောက်တောင် ထိတ်လန့်တုန်လှုပ်သွားရတာလဲ...'
ဂျိုးဇက်သာ ဤစုံစမ်းစစ်ဆေးမှုကို လွှဲယူလိုက်လျှင် သူပဲ သေတော့မည့်အတိုင်း အတင်းအကျပ် ငြင်းဆန်နေရုံမျှမက၊ ဂျိုးဇက်တွင် အရည်အချင်း မရှိတော့သယောင်ကိုပါ သိမ်သိမ်မွေ့မွေ့လေး ပုတ်ခတ်သွားသေးသည်။
သို့သော်လည်း စဉ်းစားကြည့်လျှင် ဤကဲ့သို့ ကြီးမားသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါလျက်နှင့် အမှန်တရားအသင်းတော်က ရဲတပ်ဖွဲ့ထံ အကြောင်းမကြားခြင်းတွင် အတွင်းရေး အကြောင်းပြချက်များ ရှိနေနိုင်ပေသည်။ လင်ကျဲ သိထားသရွေ့ အမှန်တရားအသင်းတော်နှင့် ရဲတပ်ဖွဲ့အတွင်းရှိ လျှို့ဝှက်အဖွဲ့အစည်းဖြစ်သည့် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တို့မှာ မသင့်မြတ်ကြချေ။
ထိုသို့ဆိုလျှင် အမှန်တရားအသင်းတော်၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အင်ဒရူးအနေဖြင့် ဂျိုးဇက်ထံမှ အကူအညီ မယူလိုခြင်းမှာ နားလည်ပေးနိုင်စရာ ရှိပေသည်။
မည်သို့ပင်ဖြစ်စေ... ဂျိုးဇက်မှာ လောကအလယ်ကို ပြန်လည်ခြေချလာပြီး ပိုမိုကြီးမားသည့် အာဏာစက်ဆီသို့ ဦးတည်နေပြီဟု သိလိုက်ရသဖြင့် သူ ဝမ်းသာမိသည်။
'ဟူး... အရင်တစ်ခေါက်က ငါပေးလိုက်တဲ့ စိတ်ဓာတ်ကုထုံးက တကယ်ကို ထိရောက်ခဲ့တာပဲ...'
လင်ကျဲသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ အမိုးခုံး ဘုရားကျောင်းတော် ကိစ္စပြီးကတည်းက ဂျိုးဇက်သည် ထောက်လှမ်းရေး ဌာန နောက်ကွယ်မှနေ၍ စင်မြင့်ထက်သို့ တစ်ဖန် ပြန်လည် တက်လှမ်းလာခဲ့သည်။
ဤအခြေအနေမျိုးတွင် ဂျိုးဇက်နှင့် နေမင်းယုံကြည်မှု တို့အတွက် အန္တရာယ်မှာ အမြဲတမ်း ရှိနေနိုင်သည်။ မီးလျှံ ဓားလမ်းစဉ်သည် အမိုးခုံး ဘုရားကျောင်းတော်နှင့် ပတ်သက်နေသည့် အပြင် အမြစ်မပြတ်သေးသော ရန်သူဟောင်းများက ခြောင်းမြောင်းနေနိုင်ပေသည်။
ထို့အပြင် ယခင် လျှို့ဝှက် ဓမ္မထုံးတမ်း မျှော်စင် တွင် ရှိစဉ်က ဂျိုးဇက်နှင့် ငြိစွန်းခဲ့သူများကလည်း သူ့အပေါ် အာရုံစိုက်မှုများ ပြန်လည် ရောက်ရှိလာကြပေလိမ့်မည်။ ထိုသို့သော အခြေအနေတွင် အနားယူတော့မည့်သူကဲ့သို့ အေးအေးလူလူ နေနေခြင်းမှာ သူနှင့် သူ၏ မိသားစုအတွက် ကြီးမားသော အန္တရာယ်ကို ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
ထို့ကြောင့် ဂျိုးဇက်တစ်ယောက် ပြန်လည် လှုပ်ရှားလာမည့် သတင်းကို ကြားရသဖြင့် လင်ကျဲမှာ အတိုင်းမသိ ဝမ်းသာမိသွားသည်။
လင်ကျဲ တစ်ယောက် အတွေးများ ခဏတာမျှ လွင့်မျောသွားခဲ့ပြီးနောက် သတိပြန်ဝင်လာချိန်တွင် အင်ဒရူးမှာ သူသည်သာလျှင် ဤစုံစမ်းစစ်ဆေးမှုအတွက် အသင့်တော်ဆုံးသူဖြစ်ကြောင်း မျက်နှာငယ်လေးဖြင့် အတင်းအကျပ် နားချနေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
"ကောင်းပါပြီ... ကောင်းပါပြီ ဒု ဥက္ကဋ္ဌ အင်ဒရူး...”
လင်ကျဲမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကာ အချိန်အတော်ကြာ ပြုံးနေခဲ့ရသဖြင့် တောင့်တင်းနေသည့် သူ၏ ပါးပြင်ကို ပွတ်သပ်လိုက်သည်။
"ဒါတွေကို ကျွန်တော့်ကို ရှင်းပြနေဖို့ မလိုပါဘူး... ဒီစုံစမ်းစစ်ဆေးမှုကို ဘယ်သူက တာဝန်ယူရမယ်ဆိုတာကို ကျွန်တော်က ဆုံးဖြတ်ပေးရမှာ မဟုတ်ဘူးလေ... ဒါက ကျွန်တော့်ဘက်က အကြံပြုချက် သက်သက်ပါပဲ... နောက်ပြီး... ဒါတွေကို ကျွန်တော့်ကို လိုက်ရှင်းပြနေတာထက်စာရင် ခြေရာခံဖို့ သဲလွန်စတွေ သွားရှာတာက ပိုပြီး လက်တွေ့ကျမယ်လို့ ခင်ဗျား မထင်ဘူးလား..."
အင်ဒရူးမှာ ထိတ်လန့်သွားမိပြန်၏။
'သွားပြီ... ငါ စကားတွေ အရမ်းများသွားလို့ မစ္စတာလင် စိတ်အနှောင့်အယှက် ဖြစ်သွားပြီ...'
ဤသည်မှာ သတိပေးချက်တစ်ခု ဖြစ်သလို သူ၏ အလုပ်များကို အရှိန်မြှင့်ရန် တွန်းအားပေးလိုက်ခြင်းလည်း ဖြစ်သည်။ ထို့ထက်ပို၍ ဆိုရလျှင် ဤသည်က ရာဇသံတစ်ခုပင်...။ မစ္စတာလင်က သူ့အား နောက်ဆုံးသော အခွင့်အရေးကို ပေးလိုက်ခြင်း ဖြစ်သည်။
'နားလည်ပါပြီ...'
‘နှုတ်ဖျားက ကတိတွေထက် လက်တွေ့လုပ်ရပ်နဲ့ပဲ သက်သေပြရတော့မယ်...’
အင်ဒရူး ချက်ချင်းပင် မတ်တတ် ထရပ်လိုက်၏။
"ဒီကိစ္စရဲ့ အရင်းအမြစ်ကို ကျွန်တော် မရရအောင် ဖော်ထုတ်ပါ့မယ်... မစ္စတာလင် စောင့်ကြည့်နေပေးပါ..."
သူက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ အင်ဒရူးကို မည်သည့် အရာက ဤမျှအထိ တက်ကြွသွားစေသည်ကို လင်ကျဲ သေချာမသိသော်လည်း အပြုသဘောဆောင်သည့် စိတ်ဓာတ်များ ပြည့်လျှံနေသည့် ဖောက်သည်တစ်ဦးအား အားပေးစကား ပြောရန်မူ သူ ဝန်မလေးချေ။
ထို့ကြောင့် သူက မတ်တတ်ရပ်လိုက်ကာ အင်ဒရူး၏ ပုခုံးကို ခပ်ပြင်းပြင်းလေး တစ်ချက် ပုတ်လိုက်သည်။
"ကောင်းတယ်... ခင်ဗျားရဲ့ စိတ်ဓာတ်ကို ကျွန်တော် ကြိုက်တယ်ဗျာ... ခင်ဗျားဆီက သတင်းကောင်းကို ကျွန်တော် စောင့်နေပါ့မယ်"
အင်ဒရူး၏ ခန္ဓာကိုယ်မှာ သူ၏ ပုခုံးပေါ်သို့ ကျရောက်လာသည့် လွန်စွာ ကြီးမားလှသော အင်အားကြောင့် အနည်းငယ် နိမ့်ဆင်းသွားကာ ထိတ်လန့်သွားမိသည်။ လင်ကျဲ၏ မျက်နှာထက်မှ ကျေနပ်အားရသော အမူအရာကို မြင်လိုက်ရချိန်တွင် သူ၏ ကျောရိုးတစ်လျှောက် စိမ့်ခနဲ ဖြစ်သွားသော်လည်း စိတ်ထဲတွင်မူ မကြုံစဖူး ပြတ်သားမှုများ ဝေဆာလာခဲ့သည်။
"ဪ... ဒါနဲ့ မမေ့နဲ့ဦး... ဟိုဘက်ဆိုင်က ပုလဲနို့လက်ဖက်ရည်ကိုလည်း သောက်ကြည့်ဦးနော်... အရသာရှိတယ်ဆိုရင်လည်း တခြားသူတွေကို ကြော်ငြာပေးပါဦး..."
လင်ကျဲသည် အကြောင်းအရာကို ချက်ချင်း ပြောင်းလိုက်ကာ အံဆွဲထဲမှ လျှော့စျေးကူပွန်တစ်ခုကို ထုတ်ယူပြီး ပြုံးပြလိုက်သည်။
"အခု စတင်ရောင်းချတဲ့ အထိမ်းအမှတ်အနေနဲ့ ပထမဆုံး ခွက်တစ်ရာအတွက် ငါးဆယ်ရာခိုင်နှုန်း လျှော့စျေးပေးနေတာဗျ... အရင်လာတဲ့သူ အရင်ရမှာနော်..."
...
အင်ဒရူးသည် စိတ်ဓာတ်များ တက်ကြွလျက် စာအုပ်ဆိုင်ထဲမှ ထွက်လာခဲ့၏။ သူ သတိထားကာ ထွက်လာရင်းမှ ဘေးနားရှိ စာအုပ်ကဖေးဘက်သို့ လှည့်ကြည့်လိုက်မိသည်။
လက်ထဲမှ ကူပွန်ကို ငုံ့ကြည့်လိုက်ပြီးနောက် ကဖေးဆိုင် တံခါးဝသို့ လျှောက်သွားကာ တံခါးကို တွန်းဖွင့်လိုက်သည်။
'ဒါဟာ မစ္စတာလင်ရဲ့ စကားတွေပဲ... နို့လက်ဖက်ရည် ဝယ်သောက်တာတောင်မှ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေနိုင်တယ်...'
အင်ဒရူး ကောင်တာရှေ့သို့ ရောက်သွားချိန်တွင် နို့လက်ဖက်ရည်များကို အလုပ်ရှုပ်ခံ ဖျော်စပ်နေသည့် မွန်းကို တွေ့လိုက်ရသည်။ မစ္စတာလင်၏ ဤလက်ထောက်မလေးမှာ ယခင်ကလည်း ရင်းနှီးနေသယောင် ရှိခဲ့သော်လည်း ယခုမူ ပို၍ပင် ထင်ရှားလာခဲ့သည်။
'နေပါဦး...'
အင်ဒရူးသည် ထိုမိန်းကလေးကို ဘယ်နေရာမှာ မြင်ဖူးပါလိမ့်ဟု အတိတ်မှတ်ဉာဏ်များကို ပြန်လည် တူးဆွကြည့်လိုက်မိလေတော့သည်။
***
အပိုင်း(၃၀၈)
အင်ဒရူးသည် မှတ်ဉာဏ်ကောင်းသူတစ်ဦး ဖြစ်သည်။ ပို၍ တိတိကျကျ ဆိုရလျှင် မှတ်ဉာဏ်ကောင်းခြင်းမှာ ပညာရှင်တိုင်း၌ ရှိအပ်သည့် အရည်အချင်းတစ်ရပ်ပင် ဖြစ်သည်။ သဘာဝလွန် စွမ်းအား ပိုင်ရှင်များထဲတွင် 'ပညာရှင်များ' နှင့် 'မှော်ဆရာများ' မှာ အတိုင်းအတာတစ်ခုအထိ ဆင်တူကြသည်။
မှော်ဆရာများသည် အီသာ ကို 'ဖွင့်ဟဖော်ပြခြင်း' ဖြင့် ထိန်းချုပ်ကြသည်။ အောက်လမ်းမှော်ဆရာများ အသုံးပြုသည့် မန္တန် ဖြစ်စေ၊ အထက်လမ်းမှော်ဆရာများ အသုံးပြုသည့် သင်္ကေတများဖြစ်စေ၊ ၎င်းတို့အားလုံးမှာ စိတ်ဆန္ဒနှင့် စိတ်စွမ်းအားကို ဖွင့်ဟထုတ်ဖော်ခြင်းများသာ ဖြစ်ပြီး အဆုံးသတ်တွင် အီသာ၏ အစွမ်းဖြင့် မှော်စွမ်းအင် လမ်းကြောင်းများအဖြစ် ပြောင်းလဲသွားကြသည်။
ထို့အတူပင် ပညာရှင်များသည်လည်း အီသာကို 'လေ့လာသင်ယူခြင်း' ဖြင့် ထိန်းချုပ်ကြသည်။ ကမ္ဘာလောက၏ နိယာမများကို ကိုယ်စားပြု၍ အလိုဆန္ဒ၏ 'ဖွင့်ဟချက်' တစ်ခုအဖြစ် တည်ရှိနေသည့် အီသာ၏ ပင်ကိုသဘောတရားများကို နားလည်ခြင်း၊ စူးစမ်းခြင်း၊ မှတ်သားခြင်း၊ ပေါင်းစပ်ခြင်းနှင့် လက်တွေ့အသုံးချခြင်းတို့မှတစ်ဆင့် အီသာ၏ စွမ်းအင်များကို သူတို့ တည်ဆောက်ထားသော အသိပညာအခြေခံ ထုတ်ကုန်များထဲသို့ ထည့်သွင်းကြခြင်း ဖြစ်သည်။
ထိုထုတ်ကုန်များထဲတွင် လက်နက်များ၊ အဆောက်အဦးများမှအစ လျှို့ဝှက်ဆေးဝါးများအထိ ကဏ္ဍစုံ ပါဝင်သည်။ ပညာရှင်များ ပေါ်ထွန်းလာချိန်မှစ၍ လောကုတ္တရာလောကတွင် သူတို့၏ အဆင့်အတန်းမှာ မလှုပ်မယှက် ခိုင်မြဲနေခဲ့ခြင်းမှာ သာမန်လူသားများသာမက လောကုတ္တရာ အစွမ်းရှင်များပါ ထိုထုတ်ကုန်များမရှိဘဲ မနေနိုင်တော့သောကြောင့် ဖြစ်သည်။
ဤသည်မှာ ပညာရှင်များ၏ မရှိမဖြစ် တန်ဖိုးဖြစ်သလို အမှန်တရားအသင်းတော်အနေဖြင့် လောကုတ္တရာ လူ့အဖွဲ့အစည်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်လည်း ဖြစ်ပေသည်။
ဤအတတ်ပညာရပ် နှစ်မျိုးစလုံးမှာ အီသာစီးဆင်းမှုအပေါ် အမှီပြုကြရသည်။ အခြားသော သဘာဝလွန် စွမ်းအားများမှာလည်း ထို့အတူပင် ဖြစ်သော်လည်း သူတို့၌ ကိုယ်ပိုင် ထူးခြားချက်များ ရှိကြသည်။ အပေါ်ယံကြည့်လျှင် မှော်ဆရာနှင့် ပညာရှင်တို့၌ ထက်မြက်သည့် ဦးနှောက် ဆိုသည့် ထူးခြားသော တူညီချက် တစ်ခု ရှိနေပေသည်။
စဉ်ဆက်မပြတ် 'ဖွင့်ဟခြင်း' နှင့် 'သင်ယူခြင်း' လုပ်ငန်းစဉ်များကြောင့် အီသာနှင့် အနီးကပ်ဆုံး ထိတွေ့နေရသော အင်္ဂါအစိတ်အပိုင်းမှာ သူတို့၏ ဦးနှောက်ပင် ဖြစ်သည်။ အီသာများသည် သူတို့၏ ဦးနှောက်အတွင်းသို့ အမြောက်အမြား ဝင်ထွက် စီးဆင်းနေသဖြင့် တစ်မျိုးတစ်ဖုံ 'တိုက်စားခြင်း' ကို ခံရတတ်သည်။
သို့ဖြစ်ရာ ပညာရှင်များ၏ ဦးနှောက်မှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး အဆင့်မြင့်လာလေလေ ထိုပြောင်းလဲမှုမှာ ပြန်ပြင်၍မရအောင် ပိုမို အားကောင်းလာလေလေ ဖြစ်သည်။ ပညာရှင် အများစုမှာ ရုပ်ပိုင်းဆိုင်ရာအရ သာမန်လူနှင့် မခြားနားလှဘဲ အထူးပြုလုပ်ထားသည့် အပြင်ပန်း ချပ်ဝတ်များ သို့မဟုတ် ခြေတုလက်တုများဖြင့်သာ သာလွန်သော ခွန်အားကို ရယူနိုင်ကြသည်။
သို့သော် ဦးနှောက်နှင့် ပတ်သက်လာလျှင်မူ ပညာရှင်များသည် အခြားသော သဘာဝလွန် စွမ်းအားရှင်များထက် များစွာ သာလွန်ကြပြီး ၎င်းတို့နောက်တွင် မှော်ဆရာများက ကပ်လျက် ရှိနေသည်။ မှတ်ဉာဏ်စွမ်းရည်မှာ ဤအချက်၏ အဓိက သော့ချက်ပင် ဖြစ်သည်။
အင်ဒရူးသည် သူ၏ မှတ်ဉာဏ် မှန်ကန်ကြောင်း သေချာနေသည်။ နုနယ်သည့် ပန်းလေးတစ်ပွင့်ကဲ့သို့ လှပသည့် ဤမိန်းကလေးကို သူသည် စာအုပ်ဆိုင်သို့ မရောက်ဖူးခင် အတိတ်ကာလ တစ်ချိန်က အမှန်တကယ် မြင်တွေ့ဖူးခဲ့သည်။ သူ၏ စိတ်ထဲတွင် မှတ်ဉာဏ်ပုံရိပ်များသည် ရုပ်ရှင်ကားတစ်ကားကို အနောက်သို့ အရှိန်ဖြင့် ပြန်ရစ်နေသကဲ့သို့ တရစပ် ပေါ်လာတော့သည်။
နောက်ဆုံးတွင် မှတ်ဉာဏ်ပုံရိပ်များသည် မှောင်ရီပျပျ ဓာတ်ခွဲခန်းတစ်ခု၏ မြင်ကွင်း၌ ရပ်တန့်သွားသည်။
တန်းစီထားသော ဖောက်ထွင်းမြင်ရသည့် ဖန်ပြွန်ကန်များအတွင်း၌ နုနယ် ငယ်ရွယ်သော ဉာဏ်ရည်တု လူသားလေးများသည် အာဟာရရည်များထဲတွင် ရှင်သန်နေကြသည်။ အတွေးနှင့် ဝိညာဉ်များ မပြည့်စုံသေးသည့် သူတို့၏ ဗလာကျင်းနေသည့် မျက်လုံးများမှာ ပြင်ပလောကကို စိုက်ကြည့်နေကြသည်။ သူတို့သည် လုံးဝ မပြည့်စုံသေးသည့် သို့မဟုတ် ကိုယ်ပိုင် စဉ်းစားဉာဏ် မရှိကြသေးသည့် ကျရှုံး ထုတ်ကုန်များသာ ဖြစ်ကြသည်။
ဓာတ်ခွဲခန်း တံခါးများ ပွင့်သွားပြီး လူများစွာ ဝင်ထွက် သွားလာနေကြသော်လည်း သူတို့ထံမှ မည်သည့် တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ချေ။
ထိုစဉ်က အင်ဒရူးသည် လူအုပ်ကြား၌ ခြံရံလျက် ပြုံးရွှင်စွာဖြင့် လျှောက်လှမ်းနေခဲ့သည်။ ဒု-ဥက္ကဋ္ဌတစ်ဦး အနေဖြင့် အင်ဒရူးကို မျက်နှာလိုမျက်နှာရ လုပ်ချင်သူများ ဝန်းရံနေလေ့ရှိသော်လည်း သူကမူ ထိုသူများကို စိတ်ဝင်စားခြင်းထက် ညစာအတွက် ဘာစားရမလဲဆိုသည်ကိုသာ ပို၍ အာရုံရောက်နေခဲ့သည်။
အားလုံးကို အလိုက်သင့် ပြုံးပြရင်း အင်ဒရူး၏ အကြည့်များမှာ ပိုက်လိုင်းများစွာ တပ်ဆင်ထားသည့် ဖန်ပြွန်များထဲမှ ဉာဏ်ရည်တု လူသားလေးများ၏ မျက်နှာပေါ်သို့ ရောက်ရှိသွားသည်။ ထိုအချိန်က သူသည် ရွှံ့ရုပ်တု စီမံကိန်း၏ တိုးတက်မှုကို ပုံမှန် စစ်ဆေးရန် ရောက်ရှိနေခြင်း ဖြစ်သည်။
အင်အားနှင့် ငွေကြေး အမြောက်အမြား ရင်းနှီးမြှုပ်နှံထားသည့် ဤစီမံကိန်းအား အတည်ပြုခဲ့ပြီးကတည်းက အင်ဒရူးသည် စက်မှုပညာရှင်များနှင့် အယ်ခီမစ် ပညာရှင်များ ပူးပေါင်း တည်ထောင်ထားသည့် ဤဓာတ်ခွဲခန်းသို့ လစဉ် ပုံမှန် လာရောက် စစ်ဆေးလေ့ရှိသည်။
သို့သော်လည်း... လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဤဓာတ်ခွဲခန်းမှ အောင်မြင်သည့် ဉာဏ်ရည်တု လူသား တစ်ယောက်မှ ထွက်ပေါ်မလာခဲ့သဖြင့် သူ စိတ်ပျက်ခဲ့ရသည်။ ဉာဏ်ရည်တု လူသား ဖန်တီးခြင်းမှာ အမှန်တရားအသင်းတော်အတွက်ပင် လွန်စွာ ခက်ခဲသော အလုပ်ဖြစ်သည်။ သို့သော်လည်း... ဤမျှလောက် များပြားသော အရင်းအမြစ်များကို သုံးစွဲနေရခြင်းမှာ အနည်းငယ်တော့ ဝန်လေးစရာ ဖြစ်လာခဲ့သည်။
သို့သော်လည်း... နောက်ပိုင်း၌ အင်ဒရူး ပြန်စဉ်းစားကြည့်သည့်အခါ ထိုကဲ့သို့ အဓိပ္ပာယ်မဲ့သည့် စီမံကိန်းကို တင်ပြစဉ်က အမှန်တရားအသင်းတော်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း မရှိခဲ့သည်မှာ ထူးဆန်းလှသည်။ ဆန့်ကျင်ဘက်အနေဖြင့် လူတိုင်းက ဝမ်းမြောက်ဝမ်းသာ တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အမှန်တရားအသင်းတော်တွင် ကဏ္ဍစုံမှ ပါရမီရှင်များနှင့် ကြီးမားသည့် အရင်းအနှီးများ ရှိသော်လည်း အရင်းအမြစ်ဆိုသည်မှာ အကန့်အသတ် ရှိစမြဲပင်။ အောင်မြင်ရန် အလားအလာ အလွန်နည်းပါးသော ရွှံ့ရုပ်တု စီမံကိန်းတစ်ခုတည်းအတွက် အခြားသော သုတေသနလုပ်ငန်းများကို စွန့်လွှတ်လိုက်ရန်မှာ မဖြစ်နိုင်ပေ။
ထို့အပြင်... အဆင့်အမျိုးမျိုးရှိသည့် ဖလော်ဆိုဖာ ကျောက်တုံးများ ကုန်ဆုံးသွားသည့် နှုန်းမှာလည်း ထိတ်လန့်စရာ ကောင်းလှသည်။
ဤ ရွှံ့ရုပ်တု စီမံကိန်း၏ အခြေခံမှာ အမှန်တရားအသင်းတော်အနေဖြင့် အဆင့်နိမ့် ဖလော်ဆိုဖာ ကျောက်တုံးများကို ထုတ်လုပ်နိုင်နေပြီ ဖြစ်ခြင်းကြောင့်ပင်။
ဤမတိုင်ခင်ကမူ ဆန်စပါးတစ်စေ့စာမျှရှိသော အနိမ့်စား ဖလော်ဆိုဖာ ကျောက်တုံး တစ်လုံးကို ဖော်စပ်နိုင်ရန်ပင် ငရဲဘုံအဆင့် ရှိသည့် ပညာရှင်တစ်ဦးအတွက် ခေါင်းစားရသည့် စိန်ခေါ်မှုကြီး ဖြစ်ခဲ့သည်။ အယ်ခီမီ ပညာရပ်ကို အထူးပြုသော ပညာရှင်များအတွက်မူ အနိမ့်စား ဖလော်ဆိုဖာ ကျောက်တုံးကို ဖန်တီးနိုင်ခြင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိခြင်း၏ ပြယုဂ်ပင် ဖြစ်သည်။
အယ်ခီမီ ပညာ စာမေးပွဲသာ ရှိခဲ့လျှင် အနိမ့်စား ဖလော်ဆိုဖာ ကျောက်တုံး ဖန်တီးခြင်းမှာ နောက်ဆုံးပိတ် မေးခွန်းကြီး ဖြစ်ပေလိမ့်မည်။ လူအများစုမှာ ထိုမေးခွန်းကိုပင် နားမလည်နိုင်ဘဲ အမှောင်ထဲတွင် စမ်းတဝါးဝါး ဖြစ်နေကြရသည်။ ထို့ကြောင့် အယ်ခီမီပညာရပ်ကို လေ့လာသူ အများစုမှာ သူတို့၏ တစ်သက်တာလုံး ထိုအထွတ်အထိပ်သို့ ရောက်ရှိနိုင်ခြင်း မရှိကြချေ။
သို့သော်လည်း အမှန်တရားအသင်းတော်သည် ထိပ်တန်းပညာရှင်များကို စုစည်းကာ သူတို့၏ စုပေါင်းအားထုတ်မှုဖြင့် အနိမ့်စား ဖလော်ဆိုဖာ ကျောက်တုံးများကို ထုတ်လုပ်နိုင်ခဲ့သည်။ ဤသည်မှာ အံ့မခန်းဖွယ် အောင်မြင်မှုကြီး ဖြစ်သည်။
ယင်းနောက်တွင်မှ ရွှံ့ရုပ်တု စီမံကိန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က အင်ဒရူး၏ အကြည့်မှာ S-277 ဟု အညွှန်းတပ်ထားသော ဖောက်ထွင်းမြင်ရသည့် ဖန်ပြွန်ကန်ထံတွင် ခဏတာ ရပ်တန့်သွားခဲ့သည်။ ပွက်ပွက်ဆူနေသည့် အာဟာရရည်ထဲတွင် ပေါလောပေါ်နေသည့် ထိုဉာဏ်ရည်တု လူသားလေး၌ ဖြူရော်ပြီး နုနယ်သော မျက်နှာလေး ရှိကာ အင်ဒရူးအနေဖြင့် တစ်စုံတစ်ခုသော ရင်းနှီးမှုကို ခံစားခဲ့ရသည်။
ထိုစဉ်က သူသည် သည်အတိုင်းပင် ထွက်ခွာသွားခဲ့ပြီး ထိုကဲ့သို့ သာမန်မျှသာရှိသည့် ဉာဏ်ရည်တု လူသားလေးကို အထူးတလည် ဂရုမပြုမိခဲ့ချေ။
သို့သော်လည်း... ယခုအချိန်တွင် ထိုပုံရိပ်ကို ပြန်လည် မြင်ယောင်ကြည့်လိုက်သောအခါ ထိုဉာဏ်ရည်တု လူသားလေးမှာ သူမ၏ ခေါင်းကို အနည်းငယ် စောင်းကာ အနီးဆုံးရှိ ပညာရှင်ထံသို့ ခေတ္တမျှ လှမ်းကြည့်ခဲ့သည်ကို အင်ဒရူး သတိပြုလိုက်မိသည်။ ၎င်းမှာ အလွန်တိုတောင်းလှသဖြင့် ထိုစဉ်က စိတ်ထင်တာဟု ထင်ခဲ့မိခြင်း ဖြစ်သည်။
"မင်္ဂလာပါ... ဘာများ သောက်မလဲရှင်... ဒါကတော့ မီနူးပါ။"
ဖြူရော်ပြီး သွယ်လျသည့် လက်ကလေးတစ်ဖက်က အင်ဒရူးထံသို့ စာရွက်တစ်ရွက်ကို တိုးပေးလိုက်သည်။
"ကျွန်မတို့ရဲ့ ပုလဲနို့လက်ဖက်ရည်က ဒီနေ့မှ စတင်ရောင်းချတာပါ၊ ဒါပေမဲ့ စိတ်မကောင်းပါဘူး... ပထမဆုံး ဖောက်သည်တစ်ရာအတွက် လျှော့စျေးကူပွန်တွေကတော့ ကုန်သွားပါပြီ..."
အင်ဒရူး တစ်ယောက် အတွေးများမှ ရုတ်တရက် သတိပြန်ဝင်လာပြီး ခေါင်းမော့ကြည့်လိုက်ရာ စာအုပ်ဆိုင် လက်ထောက်မလေး၏ မဟူရာရောင် မျက်လုံးအစုံနှင့် ဆုံတွေ့သွားသည်။
တည်ငြိမ်အေးစက်မှု၊ ထိုအကြည့်မျိုးပင်...။
‘သူက S-277 ပဲ...’
‘ဟုတ်တယ်... ဒီလက်ထောက်မလေးမှာ ဓာတ်ခွဲခန်းမှာ ငါ မြင်ခဲ့ရတဲ့ ဒုတိယအသုတ် ဉာဏ်ရည်တု လူသားများတွေထဲက တစ်ဦးပဲ...’
အင်ဒရူး၏ စိတ်ထဲတွင် မုန်တိုင်းတစ်ခု စတင် တိုက်ခတ်လာတော့သည်။ ဓာတ်ခွဲခန်း တိုက်ခိုက်ခံရစဉ်က S-277 အပါအဝင် ဉာဏ်ရည်တု လူသား သုံးဦး ပျောက်ဆုံးသွားခဲ့သည်။ ကနဦးတွင် ထိုသုံးဦးစလုံး အတူတူ ခိုးယူခံရသည်ဟု ထင်ခဲ့ကြသော်လည်း ယခုတွင်တော့ S-277 မှာ မည်သူမျှ ထင်မှတ်မထားသည့် ဤစာအုပ်ဆိုင်တွင် လက်ထောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အမှန်တရားအသင်းတော် အမှောင်ထုထဲတွင် ရှိနေစဉ်ကတည်းက မစ္စတာလင်မှာ မီးလျှံဓားလမ်းစဉ်၏ အစီအစဉ်ကို ကြိုတင် သိရှိနေခဲ့ခြင်းလော။
မဟုတ်လျှင် မည်သူမျှ မမျှော်လင့်ထားသည့် ထိုတိုက်ခိုက်မှုကြားထဲကနေ ဉာဏ်ရည်တု လူသားတစ်ဦးကို သူ၏ လက်ထောက်အဖြစ် မည်သို့ ရယူနိုင်ပါမည်နည်း။
အင်ဒရူးသည် တုန်လှုပ်မှုကို ထိန်းချုပ်ကာ အိတ်ကပ်ထဲမှ သေသပ်စွာ ခေါက်ထားသည့် လျှော့စျေးကူပွန်ကို အလျင်အမြန် ထုတ်ယူလိုက်၏။
“ကျွန်တော့်မှာ ကူပွန်ရှိပါတယ်... မစ္စတာလင်က ကျွန်တော့်ကို ပေးလိုက်တာပါ..."
သူက ခပ်သွက်သွက် ပြောလိုက်ရင်း ကူပွန်ကို လှမ်းပေးလိုက်သည်။ မွန်းက ကူပွန်ကို စစ်ဆေးကာ ခေါင်းညိတ် အတည်ပြုလိုက်၏။
"ဒါဆို... ပုလဲနို့လက်ဖက်ရည် တစ်ခွက်ပေါ့... ဟုတ်လား”
အင်ဒရူးသည် လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။
"ဟုတ်ပါတယ်"
သူ ခေါင်းညိတ်လိုက်မိသည်။ စိတ်ထဲတွင်တော့ 'ဪ... ဒီလိုကိုး...' ဟု သူ တွေးတောနေမိသည်။
‘အရာအားလုံးဟာ မစ္စတာလင်ရဲ့ အစီအစဉ်ထဲမှာပဲ ရှိနေတာပဲ...’
မစ္စတာလင်က ဖလော်ဆိုဖာ ကျောက်တုံးကို အဘယ်ကြောင့် သူ့ထံ ပေးပို့ခိုင်းရသနည်းဟု အင်ဒရူး တွေးတောနေခဲ့မိခြင်း ဖြစ်သည်။ ယခုမှပင် ထိုအရာမှာ S-277 ကို ပြည့်စုံသွားစေရန်အတွက် ဖြစ်ကြောင်း သူ နားလည်သွားတော့သည်။
***