ဘယ်သူ့မှ ယုံလို့ မရပါလား
Vol. 14 Ch. 145
စုန့်ဝမ်၏ မိတ်ဆွေဟောင်းကြီး အိုက်ခွင်းသည် စုမိသားစုတွင် အတော်လေး အခြေအနေ ကောင်းနေပုံရသည်၊ လအနည်းငယ်အတွင်းမှာပင် သူ့ရုပ်ရည်မှာ သိသိသာသာ ကျန်းမာစိုပြေလာခဲ့သည်။ ထွက်သွားစဥ်ကလို ပြိုလဲလုလု အဘိုးကြီးရုပ်မျိုး မဟုတ်တော့။ သူနှင့်အတူ အသက် ၅၀ ခန့်ရှိသော အမျိုးသမီးကြီးတစ်ဦး ပါလာသည်။ သူတို့နှစ်ဦးမှာ ရယ်ရယ်မောမောနှင့် အလွန်ရင်းနှီးသောပုံစံမျိုးဖြင့် လမ်းလျှောက်နေကြခြင်း ဖြစ်သည်။
အိုက်ခွင်းပြောခဲ့သော သူငယ်ချင်းဟောင်း ဆိုသည်မှာ ထိုအမျိုးသမီးပင် ဖြစ်ရမည်၊ သူတို့အမူအရာက သာမန်သူငယ်ချင်းထက် ပိုနေပုံရသည်။ စုန့်ဝမ်လည်း ခပ်ခွာခွာ လိုက်သွားရင်း စောင့်ကြည့်နေခဲ့သည်။
အိုက်ခွင်းသည် သူ သက်ရှည်ကျင့်စဉ် ကျင့်ကြံနေသည်ကို သိရှိသည့် တစ်ဦးတည်းသော ဖြစ်သည်။ စုမိသားစုက သူ့ကို တစ်ခါမျှ မတွေ့ဖူးသော်လည်း အိမ်ပြန်ရောက်သည်နှင့် ချက်ချင်း လာဖမ်းဆီးရန် ကြိုးစားခြင်းမှာ သတင်းအတိအကျ ရသောကြောင့်သာ ဖြစ်ရမည်၊ အိုက်ခွင်းနှင့် ကျိန်းသေ ပတ်သက်နေလိမ့်မည်ဟု စုန့်ဝမ် မသင်္ကာဖြစ်နေခဲ့သည်။
အိုက်ခွင်းတို့အတွဲသည် အဆောင်ရေးဆွဲရန် ပစ္စည်းအချို့ ဝယ်ယူပြီးနောက် ဈေးမှ ထွက်ခွာကာ ချင်းဖျင်တောင်ဘက်သို့ ဦးတည်သွားကြသည်။ သူတို့က လှေပျံကို မသုံးကြဘဲ ပျံသန်းခြင်းအဆောင်ကိုသာ သုံး၍ ပျံသန်းသွားကြသည်။ ဈေးအနီးနားတွင် လူစည်နေသေးသဖြင့် စုန့်ဝမ် မလှုပ်ရှားသေးဘဲ နောက်ယောင်ခံ လိုက်သွားသည်။
ဈေးနှင့် မိုင် ၂၀ ခန့်အကွာ၊ သစ်တောများ ထူထပ်ပြီး လူသူကင်းမဲ့သော နေရာသို့ ရောက်သောအခါမှ စုန့်ဝမ် စလှုပ်ရှားလိုက်သည်။
အိုက်ခွင်းတို့စုံတွဲ ပေ ၃၀၀ ခန့် အမြင့်တွင် ပျံသန်းနေစဥ် အလင်းတန်းတစ်ခု ပေါ်လာပြီး သူတို့ဝမ်းဗိုက်များကို ချက်ချင်း ဖောက်ထွက်သွားသည်။ စုန့်ဝမ်က သူတို့ကို ချက်ချင်း သေမသွားစေရန်အတွက် အေးခဲလဓားဖြင့် ဝမ်းဗိုက်ကို ထိုးဖောက်ရုံသာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အိုက်ခွင်းတို့ စုံတွဲမှာ ပျံသန်းခြင်းအဆောင်ကို ဝိညာဥ်စွမ်းအင်ဖြင့် ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားပြီး မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားတော့သည်။ သစ်ကိုင်းများ ရိုက်မိပြီးမှ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်ခဲ့ရာ သေလုနီးပါး ဖြစ်သွားသည်။ နှစ်ဦးစလုံး အရိုးကျိုးဒဏ်ရာများနှင့် ပြင်းထန်သော အတွင်းဒဏ်ရာများ ရသွားကြသည်။
အိုက်ခွင်း၏ မျက်နှာမှာ သွေးများ ဖုံးလွှမ်းနေသည်။ မတ်တတ်ရပ်ရန် ကြိုးစားသော်လည်း ဝမ်းဗိုက်ဆီမှ ပြင်းထန်သော နာကျင်မှုကြောင့် မြေပြင်ပေါ်သို့ ပြန်လဲကျသွားသည်။ နံရိုးထက်ဝက်ခန့် ကျိုးသွားပြီဖြစ်ကြောင်း သူ ခံစားသိရှိလိုက်သည်။
အိုက်ခွင်းက အားတင်းရင်း အတူပါလာသော အမျိုးသမီးကို “အားရှူ ... မင်း ဘယ်လိုနေသေးလဲ” ဟု မေးလိုက်သည်။
ချီစုစည်းခြင်း ပဥ္စမအဆင့်သာရှိသော စုရှူမှာ အိုက်ခွင်းထက် ဒဏ်ရာပိုပြင်းထန်နေသည်။
“ငါ့ကို ကူညီပါဦး ... ငါ့ခြေထောက် ကျိုးသွားပြီ၊ အတွင်းကလီစာတွေလည်း ကြေကုန်ပြီ... ”
စကားပင်ဆုံးအောင် မပြောနိုင်ဘဲ ရုတ်တရက် သွေးတစ်လုတ်ကို အန်ထုတ်လိုက်သည်။
အိုက်ခွင်းက ဆေးလုံးတစ်လုံးကို ထုတ်ကာ မျိုချလိုက်ပြီး၊ စုရှူရှိရာသို့ တွားသွားရန် ကြိုးစားသည်။
ထိုအချိန်တွင် လှောင်ရယ်သံနှင့်အတူ စုန့်ဝမ်အသံ ထွက်ပေါ်လာသည်။
“ဟဲဟဲ ... တော်တော် ချစ်ကြတဲ့ ဇနီးမောင်နှံတွေပဲ။ စီနီယာအိုက် ... ခင်ဗျား စုမိသားစုဆီ ရောက်တာဖြင့် လပိုင်းပဲ ရှိသေးတယ်၊ ပြည့်တန်ဆာရုံမှာ ပျော်ပါးတဲ့လူကနေ ချစ်တတ်တဲ့ ခင်ပွန်းကောင်းအဖြစ် ပြောင်းလဲသွားပြီပဲ”
ကျန်းချန်၏ ရုပ်သွင်ကို ပြန်ယူထားသော စုန့်ဝမ်က အိုက်ခွင်းတို့အနီး ချဥ်းကပ်လာသည်။
“ကျန်းချန်... မင်းပဲ”
စုန့်ဝမ်ကို မြင်လိုက်ရသဖြင့် အိုက်ခွင်း၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပေါ်လာသော်လည်း၊ မုန်းတီးမှုနှင့် ဇဝေဇဝါ ဖြစ်မှုများ ချက်ချင်း အစားထိုး ဝင်ရောက်လာသည်။
“ငါ မင်းကို အရင်က ကောင်းကောင်း ဆက်ဆံခဲ့တယ် မဟုတ်လား။ ဘာလို့ ငါ့ကို အခုလို လုပ်ရတာလဲ။ နေပါဦး မင်းက အခြေတည်အဆင့် ရောက်တာကိုတောင် ဖုံးကွယ်ထားခဲ့တာပဲ”
စုန့်ဝမ်က ခင်မင်ဟန်မရှိ အေးစက်စက်သာ ဆိုလာသည်။
“ဟန်ဆောင်မနေပါနဲ့။ ကျနော့်မှာ သေချာတဲ့ အထောက်အထား မရှိဘဲ ခင်ဗျားကို ရုတ်တရက် တိုက်ခိုက်မှာ မဟုတ်ဘူး။ ပြောပါဦး .. ခင်ဗျား ဘာလို့ ကျနော့်ကို သစ္စာဖောက်တာလဲ၊ စုမိသားစုကရော ဘာလို့ ကျနော့်ကို ဖမ်းချင်နေရတာလဲ”
အိုက်ခွင်းက “မင်း ဘာပြောနေတာလဲ၊ ငါ နားမလည်ဘူး” ဟု ပြန်ဖြေသည်။
“စီနီယာအိုက်... ခင်ဗျားက ကျနော် နှိပ်စက်မိအောင် လုပ်နေတာပဲ။ အဲဒီအစား ပြောသင့်တာ ပြောပြပြီး မြန်မြန်ဆန်ဆန် သေခွင့်တောင်းတာက ပိုမကောင်းဘူးလား”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အိုက်ခွင်းက စုရှူကို ညွှန်ပြကာ “ကောင်းပြီ၊ ငါ အကုန်ပြောပြမယ်၊ ဒါပေမဲ့ သူ့ကိုတော့ ချမ်းသာပေးပါ။ သူက ဒီကိစ္စနဲ့ ဘာမှမဆိုင်ဘူး၊ သူ့မှာ အပြစ်မရှိဘူး” ဟု ဆိုသည်။
အလွန်ရယ်စရာကောင်းသော ဟာသတစ်ခု ကြားလိုက်ရသကဲ့သို့ စုန့်ဝမ်သည် ရုတ်တရက် အော်ဟစ်ရယ်မောလိုက်သည်။
“ဟားဟားဟား... ဒီကိစ္စနဲ့ မဆိုင်ဘူးလား၊ အပြစ်မရှိတဲ့လူ ဟုတ်လား။ ကျနော် အိမ်မှာ အေးအေးဆေးဆေး နေနေတာကို စုမိသားစုက ရုတ်တရက်ကြီး ဝင်ဖမ်းတာကျတော့ရော၊ အပြစ်ရှိလို့လား။ စုမိသားစုက ရွှေအမြုတေအဆင့် ပညာရှင်ပါ လွှတ်ပြီး သေလုနီးပါး ဖြစ်အောင် လုပ်ခဲ့တာကျတော့ရော၊ ကျနော်က အပြစ်ရှိလို့လား”
အိုက်ခွင်းက မလျှော့ “ဒါပေမဲ့ သူက စုမိသားစုဝင်ပဲလေ။ သူ့ကို သတ်လိုက်ရင် စုမိသားစုက မင်းကို အငြိုးထားပြီး လွတ်ပေးမှာ မဟုတ်ဘူး” ဟု ပြောသည်။
“ဘိုးတော်ရာ .. ကျနော်က စုမိသားစု နယ်မြေကို ခင်ဗျားတစ်ယောက်တည်းအတွက် လာတယ်လို့ ထင်နေလား”
အိုက်ခွင်းက မယုံနိုင်သော အမူအရာဖြင့် “မင်းက စုမိသားစုကို ထိပါးဖို့ ကြံနေတာလား၊ သူတို့ဘိုးဘေးက ရွှေအမြုတေအဆင့် ပညာရှင်နော်” ဟု ထိတ်လန့်တကြား ပြောလိုက်သည်။
စုန့်ဝမ်က နှာခေါင်းရှုံ့လိုက်သည်။
“ဟွန်း... အိုမင်းမစွမ်းဖြစ်နေတဲ့ လူအိုကြီးတစ်ယောက်ပါပဲ။ နှစ်နည်းနည်းလောက် စောင့်နေလိုက်ရင် သူ့ဘာသာသူ မြေအောက် ရောက်သွားမှာပဲ”
အိုက်ကွန်းက တစ်ခုခု ထပ်ပြောချင်သော်လည်း စုန့်ဝမ်က ကြားဖြတ် ပြောလိုက်သည်။
“ကဲ စီနီယာအိုက်... ခင်ဗျား သိသမျှ အကုန်ပြောပါ။ ခင်ဗျားကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်”
ခဏမျှ စဉ်းစားပြီးနောက် အိုက်ကွန်းက “ကောင်းပြီ၊ ငါ သိသမျှ အကုန်ပြောမယ်။ ငါ မင်းအပေါ် မှားခဲ့တာမို့ ဒါကို တောင်းပန်ခြင်းလို့ပဲ မှတ်ယူလိုက်ပါ။ ငါတို့ နှစ်ယောက်လုံးကို မြန်မြန်ပဲ အဆုံးစီရင်ပေးပါ” ဟု ဆိုသည်။
စုန့်ဝမ် ခေါင်းညိမ့်ပြသည်နှင့် အိုက်ခွင်းက ဖြစ်ကြောင်းကုန်စင် ပြောပြပါတော့သည်။
“စုမိသားစုကို ရောက်ပြီးတဲ့နောက် သူတို့ဆီမှာ အသက်ဓာတ်ကို ပြန်ဖြည့်ပေးနိုင်တဲ့ ထူးခြားတဲ့ ဆေးလုံး ရှိတယ်ဆိုတာ ငါ သိခဲ့ရတယ်။ ငါ့အခြေအနေက မင်းသိတဲ့အတိုင်းပဲလေ၊ အဲဒီလိုဆေးမရှိရင် သိပ်ကြာကြာ ခံမှာ မဟုတ်ဘူး။ နောက်တော့ စုမိသားစုက သက်ရှည်ကျင့်စဉ် ကျင့်တဲ့လူတွေကို လိုက်ရှာနေတယ်ဆိုတာ ငါ သိလိုက်ရတယ်။ အဲဒါကြောင့် ဆေးလုံးရဖို့ မင်းအကြောင်း ပြောပြလိုက်တာ”
“စုမိသားစုက ဘာလို့ သက်ရှည်ကျင့်စဉ် ကျင့်တဲ့လူတွေကို ဖမ်းချင်နေတာလဲ” ဟု စုန့်ဝမ်က မေးသည်။
အိုက်ခွင်းက ခေါင်းခါလိုက်သည်။ “ဒါတော့ ငါ မသိဘူး။ ငါက အပြင်လူဆိုတော့ စုမိသားစုက ငါ့ကို ဘယ်ပြောမှာလဲ”
“စုမိသားစုက ဘယ်နှစ်ယောက် ဖမ်းထားပြီးပြီလဲ?”
အိုက်ခွင်းက “ငါ မသိဘူး၊ ဒါပေမဲ့ သူတို့က ကျင့်စဉ်အဆင့်မြင့်တဲ့ လူငယ်တွေကိုပဲ လိုချင်ကြတာ” ဟု ဆိုသည်။
“ငါ သိသမျှ အကုန်ပြောပြီးပြီ။ လုပ်လိုက်တော့”
ထိုသို့ပြောပြီးနောက် အိုက်ခွင်းသည် သူ့ကံကြမ္မာကို လက်ခံသည့်အနေဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။
ချက်ချင်းပင် စုန့်ဝမ်က ဘယ်လက်ဖြင့် အိုက်ခွင်း၏ ဦးခေါင်းကို ဆုပ်ကိုင်လိုက်သည်။ ဝိညာဉ်စွမ်းအားများ အိုက်ခွင်း၏ အသိစိတ်ပင်လယ်ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားသည်။
ခဏအကြာတွင် စုန့်ဝမ် သူ့လက်ကို ပြန်ရုပ်လိုက်သည်။ ဝိညာဉ်ရှာဖွေခြင်းမှ ရရှိသော မှတ်ဉာဏ်အပိုင်းအစများအရ အိုက်ခွင်း ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
စုန့်ဝမ်၏ အကြည့်မှာ စုရှူထံသို့ ရောက်သွားသည်။ သူမသည် စုန့်ဝမ်နှင့် အိုက်ခွင်းတို့၏ စကားအားလုံးကို ကြားခဲ့ပြီးဖြစ်သဖြင့် သေရတော့မည်ကို သိနေသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရချိန်တွင် အလွန်အမင်း ကြောက်ရွံ့နေခဲ့သည်။
“ကျေးဇူးပြုပြီး ကျွန်မကို ချမ်းသာပေးပါ... ကျွန်မ...”
စုရှူ အသံမှာ တဝက်တပြတ်ဖြင့် ရပ်တန့်သွားသည်။ စုန့်ဝမ်က သူမကိုပါ ဝိညာဉ်ရှာဖွေခြင်း ပြုလုပ်လိုက်သည်။ စုမိသားစုက သက်ရှည်ကျင့်စဉ်ကျင့်သူများကို ဖမ်းနေသည့် သတင်းကို ပြောပြပြီး အိုက်ခွင်း သိရှိထားသည့် ကျင့်ကြံသူများကို သတင်းပေးရန် သူမက အကြိမ်ကြိမ် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ထူးခြားသော သတင်းများ ရရှိခြင်း မရှိခဲ့ပေ။ သူမသည် အဆင့်နိမ့်ကျင့်ကြံသူမျှသာ ဖြစ်သဖြင့် မိသားစု လျှို့ဝှက်ချက်များကို မသိရှိသည်မှာ သဘာဝကျသည်။
စုန့်ဝမ်သည် သေဆုံးသွားပြီဖြစ်သော အိုက်ခွင်းကို ကြည့်ရင်း စိတ်မကောင်း ဖြစ်မိသည်။ အမြဲတမ်း သတိကြီးစွာ ထားခဲ့ပြီး ရင်းနှီးသောမိတ်ဆွေ အိုက်ခွင်းကိုပင် အချက်အလက် အနည်းငယ်သာ ပေးသိစေခဲ့သော်လည်း၊ ၎င်းကပင် ပြဿနာ ဖြစ်လာခဲ့သည်။
ဤအရာသည် ကျင့်ကြံခြင်းလောက၏ ရက်စက်မှုပင် ဖြစ်နိုင်သည်၊ သင့်ဘေးနားက လူတွေက ဘာကြောင့် သင့်ကို သစ္စာဖောက်မလဲဆိုတာ ဘယ်တော့မှ ကြိုတင် မခန့်မှန်းနိုင်ပေ။ ကျင့်ကြံခြင်းလောက၏ သာမန်မက်လုံးကပင် လူတစ်ယောက်အပါ် သစ္စာဖောက်ရန် လုံလောက်သည် မဟုတ်ပါလား။
စုန့်ဝမ်သည် ကာလရှည် မိတ်ဆွေဖြစ်မှုကို ထောက်ထားပြီး အိုက်ခွင်းတို့၏ သွေးအဆီအနှစ်နှင့် ဝိညာဥ်ကို ဝါးမြိုခြင်း မပြုတော့ဘဲ လူဝင်စားသံသရာကို ဝင်ရောက်နိုင်ရန် လွှတ်ပေးခဲ့သည်။
…….
လဝက်ခန့် အချိန်ယူပြင်ဆင်ပြီးနောက် စုန့်ဝမ်သည် ချင်းဖျင်တောင်ခြေသို့ ရောက်ရှိလာသည်။ သူ့ရှေ့တွင် ကြီးကျယ်ခမ်းနားသော မုခ်ဦးကြီး ရှိနေပြီး ထိုအပေါ်တွင် စာလုံးကြီး ၅ လုံးကို ရေးထိုးထားသည်။
“ချင်းဖျင်တောင် စုမိသားစု”
တံခါးရှေ့တွင် ချီစုစည်းခြင်း အလယ်အလတ်အဆင့်နှင့် နောက်ဆုံးအဆင့်ရှိသော အစောင့် ဒါဇင်ဝက်ခန့် ရှိနေသည်။
စုန့်ဝမ်က အသက် ၅၀ ဝန်းကျင်အရွယ်၊ ချီစုစည်းခြင်း ပဥ္စမအဆင့်ရှိ ကျင့်ကြံသူအဖြစ် အသွင်ယူထားသည်။ စုမိသားစုသည် ဆေးဖော်စပ်သူများကို ခေါ်ယူနေကြောင်း သိခဲ့ရသဖြင့် လဝက်ခန့် အချိန်ယူကာ ရုံကျင်ယွမ်၏ ဆေးဖော်စပ်နည်း မှတ်တမ်းများမှတဆင့် ချီစုစည်းဆေးလုံး ဖော်စပ်နည်းကို လေ့လာခဲ့သည်။
ချီစုစည်းဆေးလုံးမှာ ချီစုစည်းခြင်း အစောပိုင်းအဆင့် ကျင့်ကြံသူများအတွက် အသုံးအများဆုံး ဆေးလုံးဖြစ်သည်။ စုမိသားစုတွင် ချီစုစည်းခြင်း ကျင့်ကြံသူ ထောင်နှင့်ချီ ရှိသဖြင့် ဤဆေးလုံး လိုအပ်ချက်မှာ အမြဲမြင့်မားနေသည်။
“ရပ်လိုက်စမ်း၊ မင်းက ဘယ်သူလဲ၊ စုမိသားစုကို ဘာကိစ္စနဲ့ လာတာလဲ”
စုန့်ဝမ် တောင်ခြေသို့ ချဉ်းကပ်လာသောအခါ အစောင့်များက သူ့ကို တားဆီးလိုက်သည်။
“စုမိသားစုက ဆေးဖော်စပ်သူတွေ ခေါ်နေတယ်ဆိုတဲ့ သတင်းကို ဈေးမှာ ကြားလို့ ကျွန်တော် လာစုံစမ်းတာပါ”
၎င်းကို ကြားသောအခါ အစောင့်များ၏ တင်းမာသော မျက်နှာများမှာ ချက်ချင်း ပြေလျော့သွားသည်။
“မင်းက ဆေးဖော်စပ်သူလား”
စုန့်ဝမ်က ခေါင်းညိတ်ပြသည်။
“ပြောရမှာတောင် ရှက်ပါတယ်၊ ဆေးဖော်စပ်ခြင်းပညာကို နှစ် ၃၀ ကျော် လေ့လာခဲ့ပေမယ့်၊ လောလောဆယ်တော့ ချီစုစည်းဆေးလုံးနဲ့ သွေးချီဆေးလုံးပဲ ဖော်စပ်တတ်ပါသေးတယ်။ စုမိသားစုထဲကို ဝင်ခွင့်ရမလားတော့ မသိဘူးပေါ့”
စုန့်ဝမ်က ချီစုစည်းဆေးလုံး ဖော်စပ်တတ်သည်ဟု ပြောသောအခါ အစောင့်၏ မျက်နှာတွင် ခင်မင်သော အပြုံးတစ်ခု ပေါ်လာသည်။
“မိတ်ဆွေက အနှစ် ၃၀ လုံး ဒီဆေးနှစ်မျိုးတည်းကိုပဲ ဖော်စပ်လာတာဆိုတော့၊ ဒီဆေးတွေမှာ တော်တော်လေး ကျွမ်းကျင်မှာပဲ။ ကျွန်တော်နဲ့ လိုက်ခဲ့ပါ၊ ဆေးဖော်စပ်ဆောင်ကို ခေါ်သွားပေးမယ်။ ဝင်ခွင့်ကတော့ အဲဒီက တာဝန်ခံက ဆုံးဖြတ်ပါလိမ့်မယ်”
စုမိသားစု၏ အစောင့်က မမျှော်လင့်ဘဲ ယဉ်ကျေးနေသဖြင့် စုန့်ဝမ် သူ့ကို သေချာ ကြည့်လိုက်မိသည်။ ထိုသူမှာ အသက် ၂၅၊ ၂၆ ခန့်ရှိပြီး ချီစုစည်းခြင်း ဆဋ္ဌမအဆင့် ရှိသည်။
“ကျေးဇူးတင်ပါတယ်၊ ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရှိမလား”
“ကျွန်တော်က စုရှန်းပါ”
စုန့်ဝမ်သည် စုရှန်းနောက်မှ လိုက်ကာ တောင်ပေါ်သို့ တက်လာခဲ့သည်။
လမ်းလျှောက်နေစဉ် စုရှန်းက ရှင်းပြသည်။
“တောင်ပေါ်တက်ရင် ဒီလှေကားကိုပဲ သုံးရမယ်။ လှေကားမရှိတဲ့ တခြားနေရာတွေမှာ သတိပေးတဲ့ အစီအရင်တွေ၊ ထောင်ချောက်တွေ၊ သတ်ဖြတ်တဲ့ အစီအရင်တွေ အများကြီး ရှိတယ်”
မကြာမီ သူတို့သည် တောင်အလယ်ခန့် ကွင်းပြင်ကျယ်တွင် ရှိသော ခန်းမကြီးတစ်ခုဆီ ရောက်လာသည်။ ထိုခန်းမမှာ တောင်ကမ်းပါးယံနှင့် ကပ်လျက် တည်ဆောက်ထားပြီး၊ ရှေးကျကာ ခံ့ညားထည်ဝါလှသည်။ ခန်းမတွင် ဆေးဖော်စပ်ဆောင်ဟု ရေးထားသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။ အပြင်ဘက်တွင် ရပ်နေရုံနှင့်ပင် အတွင်းမှ ထွက်ပေါ်လာသော အပူရှိန်နှင့် ဆေးရနံ့များကို ခံစားရသည်။
စုရှန်း၏ လမ်းပြမှုဖြင့် အစောင့်များကို အလွယ်တကူ ဖြတ်ကျော်ကာ ဆေးဖော်စပ်ဆောင် အတွင်းသို့ ဝင်ခဲ့ကြသည်။ အတွင်းတွင် ဆေးအိုးအမျိုးမျိုးနှင့် ခင်းကျင်းထားသော ဆေးလုံးများ ရှိနေပြီး လူအများအပြား ဝင်ထွက် သွားလာနေကြသည်။
စုရှန်းက အသက် ၄၀ ဝန်းကျင်ရှိသော အမျိုးသမီး ကျင့်ကြံသူတစ်ဦးထံသို့ တိုက်ရိုက် သွားကာ အရိုအသေပေးလျက် ပြောလိုက်သည်။
“ဆေးဖော်စပ်ဆောင် တာဝန်ခံကို သတင်းပို့ပါတယ်၊ ဒီအဖိုးအိုက ကျွန်တော်တို့ စုမိသားစုရဲ့ ဆေးဖော်စပ်သူ ဖြစ်ချင်လို့ ကိုယ့်တိုင် လာရောက် တောင်းဆိုပါတယ် ခင်ဗျာ”
တာဝန်ခံဆိုသူက စုန့်ဝမ်ကို ကြည့်ကာ မေးလိုက်သည်။
“မင်းက ဘယ်လို ဆေးလုံးတွေ ဖော်စပ်တတ်လဲ”
“ချီစုစည်းဆေးလုံးနဲ့ သွေးချီဆေးလုံးပါ ခင်ဗျာ”
အမျိုးသမီး ကျင့်ကြံသူက မျက်မှောင်ကြုတ်သွားသည်။
“ဒီနှစ်မျိုးတည်းလား”
စုန့်ဝမ် ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော့်မှာ ပါရမီ နည်းပါးလို့ အနှစ် ၃၀ ကျော်လုံး ဒီဆေးနှစ်မျိုးတည်းကိုပဲ ဖော်စပ်လာတာပါ။ စုမိသားစုမှာ အမှုထမ်းခွင့်ရမယ်ဆိုရင်တော့ မိသားစုအတွက် အစွမ်းကုန် ကြိုးစားသွားပါ့မယ်”
တာဝန်ခံအမျိုးသမီးက မတ်တတ်ရပ်လိုက်ပြီး စုရှန်းကို ထွက်သွားရန် လက်ယမ်းပြသည်။ ထို့နောက် စုန့်ဝမ်ကို စတင်မေးမြန်းသည်။
“မင်း နာမည် ဘယ်သူလဲ”
“ယွမ်ချန်းပါ ခင်ဗျာ”
“ဆေးဆရာယွမ်... ကျွန်မနောက် လိုက်ခဲ့။ အပြောသက်သက်နဲ့ မရဘူး၊ ဆေးဖော်စပ်နိုင်စွမ်းကို လက်တွေ့စမ်းသပ်ရမယ်”
…………….