စုမိသားစုဆီ ရောက်လာပြီ
Vol. 14 Ch. 146
တာဝန်ခံအမျိုးသမီးက စုန့်ဝမ်ကို ခန်းမ၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားသည်။ အတွင်းသို့ ရောက်လေလေ စုန့်ဝမ်သည် အခြား ကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားရလေ ဖြစ်သည်။ ခန်းမ၏ အတွင်းပိုင်းတွင် တောင်နံရံကို ထွင်းထုထားသော စင်္ကြံလမ်းတစ်ခု ရှိနေပြီး ၎င်းမှာ တောင်အတွင်းပိုင်းသို့ နက်နက်ရှိုင်းရှိုင်း ရောက်သွားသည်။
အတန်ကြာ လမ်းလျှောက်ပြီးနောက် တောင်နံရံတွင် ထွင်းထု တည်ဆောက်ထားသော ဆေးဖော်စပ်ခန်းများကို တွေ့လိုက်ရသည်။
ထိုအမျိုးသမီးက အနက်ရောင် တြိဂံပုံတံဆိပ်ပြားတစ်ခုကို ထုတ်ပြီး ကျောက်တံခါးပေါ်ရှိ ချိုင့်ခွက်ထဲသို့ ထည့်လိုက်ရာ ကျောက်တံခါး ချက်ချင်း ပွင့်သွားသည်။
ဆေးဖော်စပ်ခန်းမှာ သေးငယ်ပြီး အချင်း ၁၀ မီတာခန့်သာ ရှိသည်။ အတွင်းတွင် ဆေးအိုး တစ်လုံး ရှိနေပြီး အောက်ခြေတွင်ရှိသော အပေါက်ငယ်လေးဆီမှ ပြင်းထန်သော အပူရှိန်များ ထွက်ပေါ်နေသည်။ ဤအပေါက်ငယ်မှာ မြေအောက်နှင့် ဆက်သွယ်ထားခြင်း ဖြစ်ရမည်၊ အစီအရင်များကို သုံး၍ မြေကမ္ဘာမီးတောက်ကို ဆေးဖော်စပ်ရန်အတွက် ဤနေရာသို့ ယူဆောင်ထားခြင်း ဖြစ်သည်။
တာဝန်ခံက ကျောက်စိမ်းသေတ္တာငယ် သုံးလုံးကို ထုတ်ကာ စုန့်ဝမ်ကို ပေးလိုက်သည်။
“ဒီမှာ ချီစုစည်းဆေးလုံး ဖော်စပ်ဖို့အတွက် ပစ္စည်း သုံးစုံ ရှိတယ်။ ဆေးဆရာယွမ်အနေနဲ့ တစ်သုတ် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ရင် စမ်းသပ်မှု အောင်မြင်ပြီး စုမိသားစုရဲ့ ဆေးဖော်စပ်သူ ဖြစ်လာမှာပါ”
ထို့နောက် သူမသည် မြေကမ္ဘာမီးတောက်အား မည်သို့ ထိန်းချုပ်ရမည်ကို ပြသပြီးနောက် အခန်းပြင်သို့ ထွက်သွားသည်။ ဆေးဖော်စပ်သူများသည် ဆေးဖော်နေစဉ် အလွန် ထိခိုက်လွယ်သည်၊ ပြင်ပမှ အနှောင့်အယှက် အနည်းငယ်ကပင် အာရုံစူးစိုက်မှုကို ပျက်ပြားစေပြီး ဆေးပျက်သွားစေနိုင်သည်။ ထို့ကြောင့် စောင့်ကြည့်မှု မပြုခြင်း ဖြစ်သည်။
ကျောက်တံခါး ပိတ်သွားသည်ကို မြင်သောအခါ စုန့်ဝမ်သည် အာရုံစူးစိုက်ကာ ဆေးဖော်စပ်ခြင်း စတင်လိုက်သည်။ မြေကမ္ဘာမီးတောက်မှာ ထင်းမီးထက် များစွာ အာနိသင်ပြင်းထန်သဖြင့် ဆေးဖော်စပ်သည့် လုပ်ငန်းစဉ်ကို မြန်ဆန်စေသည်။
စုန့်ဝမ်မှာ မြေကမ္ဘာမီးတောက်ကို ပထမဆုံးအကြိမ် သုံးဖူးခြင်း ဖြစ်ရာ မီးအရှိန်ကို ထိန်းချုပ်ရာတွင် မကျွမ်းကျင်သေးသဖြင့် ပထမတစ်သုတ် ပျက်သွားသည်။ ကံကောင်းထောက်မစွာဖြင့် ဒုတိယတစ်သုတ်ကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
စုန့်ဝမ် ကျောက်တံခါးပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်ရာ တံခါးမှာ ဖြည်းညှင်းစွာ ပွင့်သွားသည်။ ထို့နောက် စင်္ကြံလမ်းအတိုင်း ခန်းမဆောင်သို့ ပြန်လာပြီး ကြီးကြပ်ရေးမှူးထံ သွားခဲ့သည်။
ကျောက်စိမ်းပုလင်းကို ပေးရင်း စုန့်ဝမ်က“ကျွန်တော် လုပ်ဆောင်ပြီးပါပြီ။ ဒုတိယတစ်သုတ်မှာ အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ပါတယ်” ဟု ဆိုသည်။
တာဝန်ခံအမျိုးသမီးက ပုလင်းကို ယူကာ ဖွင့်ကြည့်လိုက်ရာ ဆေးလုံး ၅ လုံး ပေါ်လာသည်။ ဆေးလုံးများမှာ ဝိညာဉ်စွမ်းအင် ကြွယ်ဝနေပြီး၊ အရည်အသွေးမှာ သာမန်အဆင့် ဖြစ်သည်။ အလွန်ကောင်းသည်လည်း မဟုတ်၊ ဆိုးသည်လည်း မဟုတ်ပေ။ ဆေးလုံးများတွင် မီးတောက်အရှိန်အဝါ အနည်းငယ် ကျန်နေသေးသဖြင့် လတ်တလောတွင် ဖော်စပ်ထားခြင်း ဖြစ်ကြောင်း သိသာသည်။
တာဝန်ခံ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
“ဆေးဆရာယွမ် ... စုမိသားစုက ကြိုဆိုပါတယ်။ ကျွန်မကတော့ ဆေးဖော်စပ်ဆောင်ရဲ့ တာဝန်ခံ စုဟွာယွဲ့ပါ”
စုန့်ဝမ်က အရိုအသေပြုရင်း “တာဝန်ခံကို ဂါရဝပြုပါတယ်။ နောင်မှာလည်း လမ်းညွှန်ပေးပါဦး ခင်ဗျာ” ဟု ဆိုသည်။
စုဟွာယွဲ့က ခေါင်းညိတ်ပြရင်း လုပ်ငန်းအကြောင်း စတင်ရှင်းပြသည်။
“ကျွန်မတို့ စုမိသားစုရဲ့ ဆေးဆရာတွေကို အဆင့် ၇ ဆင့် ခွဲထားတယ်။ အဆင့် ၁ ကနေ ၃ အထိက ပထမအဆင့် ဆေးဖော်စပ်သူတွေပေါ့။ သွေးချီဆေးလုံးက ပထမအဆင့် အဆင့်နိမ့်ဆေးဖြစ်ပြီး၊ ချီစုစည်းဆေးလုံးက ပထမအဆင့် အလယ်အလတ်ဆေး ဖြစ်တယ်။ မင်းက အဆင့် ၂ ရှိတဲ့ ဆေးဖော်စပ်သူမို့ တစ်လကို လစာ ဝိညာဉ်ကျောက်တုံး ၃၀ ရမယ်။ မင်းကို ချီစုစည်းဆေးလုံး ဖော်စပ်ဖို့ ပစ္စည်းအစုံ ၃၀ လစဉ် ပေးမယ်။ ဆေးလုံး ၈၀ ဖော်စပ်ပေးနိုင်ရင် တာဝန်ကျေပြီ။ ပိုထွက်လာတဲ့ ဆေးလုံးတွေကို ဆေးဖော်စပ်ဆောင်က တစ်လုံးကို ဝိညာဉ်ကျောက်တုံး ၂ တုံးနဲ့ ပြန်ဝယ်မယ်။ ဒီအစီအစဉ်ကို ကျေနပ်ရဲ့လား”
ပစ္စည်း ၃၀ စုံဖြင့် အားလုံးအောင်မြင်လျှင် ချီစုစည်းဆေးလုံး ၁၅၀ အထိ ရရှိနိုင်သည်။ စူးမိသားစု၏ တောင်းဆိုချက်မှာ ၈၀ သာ ဖြစ်သဖြင့် အောင်မြင်နှုန်း ၅၀ ရာခိုင်နှုန်းကျော် ရှိရုံဖြင့် ရနိုင်သည်။ ဤတောင်းဆိုချက်မှာ အလွန်အမင်း မခက်ခဲပေ။ ပြင်ပဈေးကွက်တွင် ချီစုစည်းဆေးလုံး တစ်လုံးလျှင် ဝိညာဉ်ကျောက်တုံး ၃ တုံးခန့် ပေါက်ဈေး ရှိသည်။ စုမိသားစုက တစ်လုံးလျှင် ၂ တုံးဖြင့် ပြန်ဝယ်ခြင်းမှာလည်း တော်တော်လေး တရားမျှတသည်။
စုန့်ဝမ်က ဝမ်းသာဟန်ဖြင့် “ကျေးဇူးတင်ပါတယ် တာဝန်ခံ၊ ကျွန်တော် ကျေနပ်ပါတယ် ခင်ဗျာ” ဟု ဆိုလိုက်သည်။
စုဟွာယွဲ့က “ဒါဆိုရင် ဆေးဆရာယွမ် အနားယူလိုက်ပါဦး။ သဘက်ခါကစပြီး တရားဝင် အလုပ်ဝင်ရမယ်” ဟု ပြောသည်။
ထို့နောက် တာဝန်ခံစုဟွာယွဲ့က သာမန်သေမျိုး အစေခံမိန်းကလေးတစ်ဦးကို ခေါ်ကာ စုန့်ဝမ်ကို သူနေထိုင်မည့်နေရာသို့ လိုက်ပို့ရန် ညွှန်ကြားလိုက်သည်။
အစေခံမိန်းကလေး၏ လမ်းပြမှုဖြင့် စုန့်ဝမ်သည် တောင်ခြေရှိ ခြံဝန်းကြီးတစ်ခုသို့ ရောက်လာသည်။ ထိုဝန်းထဲတွင် သီးခြား အဆောက်အဦးများ ရှိနေပြီး အဆောက်အဦး တစ်လုံးစီတွင် အခန်း ၃ ခန်းစီ ပါဝင်သည်။ အစေခံမိန်းကလေးမှာ စုမိသားစုမှ ဖြစ်သော်လည်း ဝိညာဉ်အမြစ် မရှိသဖြင့် မကျင့်ကြံနိုင်။ ချင်းဖျင်တောင် အကြောင်းကိုတော့ အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သူမက စုန့်ဝမ်ကို တောင်၏တည်နေပုံကို အကျဉ်းချုပ် ရှင်းပြပေးသည်။
တောင်အထက်ပိုင်းတွင် စုမိသားစု၏ တိုက်ရိုက်မျိုးဆက်များ အများဆုံး နေထိုင်ကြသည်။ ဝိညာဉ်အမြစ်နှင့် ပါရမီကောင်းသူများလည်း ထိုနေရာတွင် နေကြသည်။ တောင်အောက်ပိုင်းတွင်မူ ဆေးဖော်စပ်ခြင်း၊ လက်နက်သွန်းလုပ်ခြင်းနှင့် အဆောင်ရေးဆွဲခြင်း စသည့် ကျင့်ကြံခြင်းဆိုင်ရာ နေရာအမျိုးမျိုး ရှိသည်။ တောင်ခြေ၏ အခြားတစ်ဖက်တွင်မူ စုမိသားစုဝင် သောင်းနှင့်ချီ နေထိုင်သော မြို့ငယ်လေးတစ်မြို့ ရှိသည်။
မြို့ထဲရှိ လူအများစုမှာ အစေခံမိန်းကလေးကဲ့သို့ပင် ဝိညာဉ်အမြစ် မရှိသူများ ဖြစ်ကြပြီး၊ အချို့မှာ အဆင့်နိမ့် ဝိညာဉ်အမြစ် ရှိသူများ ဖြစ်ကြသည်။ သူတို့၏ အဓိက တာဝန်မှာ စုမိသားစုဝင် ကျင့်ကြံသူများကို ကူညီရန်နှင့်၊ ပါရမီကောင်းသော မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန် မျိုးဆက်ပွားခြင်းဖြင့် မိသားစုကို ချဲ့ထွင်ပေးရန် ဖြစ်သည်။
ချင်းဖျင်တောင်၏ အနောက်ဘက်တွင် ဝိညာဉ်စွမ်းအင် ကြွယ်ဝရာမြေကွက်များ ရှိပြီး ထိုနေရာတွင် ဝိညာဉ်ဆေးပင်များ စိုက်ပျိုးထားသည်။ အရှေ့ဘက်တွင်မူ ချိုင့်ဝှမ်းတစ်ခု ရှိပြီး ၎င်းမှာ စုမိသားစု၏ ကန့်သတ်နယ်မြေ ဖြစ်သည်။ ၎င်းမှာ စုမိသားစု ဘိုးဘေး၏ ကျင့်ကြံရာနေရာ ဖြစ်သည်ဟု ဆိုကြပြီး အပြင်လူများ ဝင်ရောက်ခွင့် ပိတ်ပင်ထားသည်။
စုန့်ဝမ်ကဲ့သို့ အပြင်လူဝန်ထမ်းများသည် ခွင့်ပြုချက်မရှိပါက ချင်းဖျင်တောင်ပေါ်တွင် လွတ်လပ်စွာ သွားလာခွင့် မရှိဘဲ၊ သတ်မှတ်ထားသော နေရာများတွင်သာ နေထိုင်ရသည်။ သို့သော် တောင်ခြေရှိ ခြံဝန်းအတွင်းနှင့် မြို့ထဲတွင်မူ လွတ်လပ်စွာ သွားလာနိုင်သည်။
……….
အစေခံမလေးက စုန့်ဝမ်ကို အိမ်အလွတ်တစ်လုံးတွင် နေရာချပေးပြီးနောက် ထွက်ခွာသွားသည်။
စုန့်ဝမ်လည်း တံခါးကို တွန်းဖွင့်ပြီး ဝင်ခဲ့လိုက်သည်။ အိမ်အတွင်း၌ နေ့စဉ်သုံးပစ္စည်းများ ပြည့်စုံစွာ ရှိနေသည်ကို တွေ့ရသည်။ ခဏမျှ အနားယူပြီးနောက် ညနေ ထမင်းစားချိန် ရောက်ရှိလာသည်။ ထို့ကြောင့် အပြင်ထွက်ပြီး အစေခံမလေး ပြောပြခဲ့သော စားသောက်ဆောင်ရှိရာသို့ သွားလိုက်သည်။
လက်ရှိတွင် စုန့်ဝမ် ထုတ်ဖော်ပြသထားသော ကျင့်စဉ်အဆင့်မှာ ချီစုစည်းခြင်း ပဥ္စမအဆင့်သာ ရှိသည်။ ဟန်ဆောင်မှုကို တတ်နိုင်သမျှ ဖုံးကွယ်ရန်အတွက် စားသောက်ဆောင်ကဲ့သို့ လူစည်ကားသော နေရာများသို့ မကြာခဏ မသွားဖို့ လိုအပ်သည်။ မည်သူနှင့်မှ မရင်းနှီးစေရန် သတိပြုနေထိုင်မည်ဟုလည်း ဆုံးဖြတ်ထားသည်။
စားသောက်ဆောင်မှာ အတော်လေး ကြီးမားပြီး အတွင်း၌ အနည်းဆုံး လူတစ်ရာကျော်ခန့် ထမင်းစားနေကြသည်။ လွတ်နေသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်ရာ အစေခံတစ်ဦးက အစားအသောက်များကို ချက်ချင်း လာချပေးသည်။
“တာအိုရောင်းရင်းက အသစ်ရောက်လာတဲ့ ဆေးဆရာလား”
အသံလာရာသို့ စုန့်ဝမ် လှည့်ကြည့်လိုက်ရာ အသက် ၄၀ ဝန်းကျင်ရှိသော ချီစုစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို တွေ့ရသည်။
စုန့်ဝမ် ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ထိုသူက ဆက်ပြောသည်။
“ဒီမနက် ဆေးဖော်စပ်ဆောင်မှာ မင်းကို ငါတွေ့လိုက်တယ်။ မျက်နှာသစ်ဆိုတော့ ဆေးဆရာအသစ် ဖြစ်မယ်လို့ တွက်ဆမိတာ။ ငါလည်း စုမိသားစုရဲ့ ဆေးဖော်စပ်သူပဲ၊ နာမည်က သွမ့်ကျားပါ။ မင်း တစ်ယောက်တည်း ထမင်းစားနေတာ မြင်လို့ ငါတို့နဲ့ ပူးပေါင်းဖို့ လာဖိတ်ခေါ်တာပါ။ ငါတို့အားလုံးက အပြင်လူတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းပြီး အပြန်အလှန် စောင့်ရှောက်ရင် ပိုအဆင်ပြေတာပေါ့”
သွမ့်ကျားက စကားပြောရင်း စားသောက်ဆောင် ဘေးဘက်ရှိ စားပွဲဝိုင်းကြီးတစ်ခုကို ညွှန်ပြသည်၊ ထိုနေရာတွင် ချီစုစည်းခြင်း အလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူ ၆ ဦး ထမင်းစားနေကြသည်။
စုန့်ဝမ်က ပြုံးလိုက်ပြီး“ကျနော်က ယွမ်ချန်ပါ။ မိတ်ဆွေသွမ့်ရဲ့ ဖိတ်ခေါ်မှုကို ခံရတာ ဂုဏ်ယူစရာပါပဲ၊ ငြင်းပယ်ဖို့ အကြောင်းမရှိပါဘူး” ဟု ဆိုကာ သွမ့်ကျားနောက်မှ လိုက်သွားခဲ့သည်။
စားပွဲသို့ ရောက်သောအခါ သွမ့်ကျားက စုန့်ဝမ်ကို အခြားသူများနှင့် မိတ်ဆက်ပေးသည်။ စုန့်ဝမ်က လူသစ်ဖြစ်သဖြင့် လူတိုင်းက သူ့ကို စိတ်ဝင်စားကြသည်၊ လူသစ်များ ရောက်လာလျှင် ဆေးနည်းအသစ်များ ပါလာနိုင်သောကြောင့် ဖြစ်သည်။ ဤအဆင့်နိမ့် ဆေးဖော်စပ်သူများသည် အပြင်လူများလည်း ဖြစ်သဖြင့် အလေးထားခြင်း သိပ်မခံရပေ။ သူတို့သည် ကိုယ်တိုင်လေ့လာခြင်းနှင့် အချင်းချင်း ဖလှယ်ခြင်းဖြင့်သာ ဆေးဖော်စပ်ခြင်းပညာကို မြှင့်တင်နိုင်ကြသည်။
ခဏအကြာတွင် တစ်ယောက်က စုန့်ဝမ်ကို မည်သည့်ဆေးမျိုး ဖော်စပ်ရာတွင် ကျွမ်းကျင်သနည်းဟု မေးသည်။ စုန့်ဝမ်က သွေးချီဆေးလုံးနှင့် ချီစုစည်းဆေးလုံးသာ ဖော်စပ်တတ်ကြောင်း ကြားလိုက်ရသောအခါ သူတို့၏ စိတ်ဝင်စားမှုမှာ ချက်ချင်း ကျဆင်းသွားသည်။ သွေးချီဆေးလုံးမှာ တန်ဖိုး သိပ်မရှိသလို၊ ချီစုစည်းဆေးလုံးမှာလည်း လူတိုင်း ဖော်စပ်တတ်သော ဆေးဖြစ်သည်။ ဆေးနည်းအသစ်များ မရနိုင်သဖြင့် သူတို့ စိတ်မဝင်စားတော့ပေ။
ထိုအချိန်တွင် အသက် ၂၆၊ ၂၇ ခန့်ရှိသော ချီရှုံအမည်ရှိ လူငယ်တစ်ဦးက“ဒီနေ့ ငါ အဆင့်မြင့်ချီဆေးလုံးတစ်သုတ် အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခဲ့တယ်”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောလာသည်။
အဆင့်မြင့်ချီဆေးလုံးမှာ ပထမအဆင့် အဆင့်မြင့်ဆေး ဖြစ်ပြီး၊ ချီစုစည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဝိညာဉ်စွမ်းအင် မြှင့်တင်ရန် သုံးကြသည်။ ၎င်းတွင် ချီစုစည်းဆေးလုံးထက် ဝိညာဉ်စွမ်းအင် အဆပေါင်းများစွာ ပိုမို ပါဝင်သည်။ ချီစုစည်းခြင်း ဆဋ္ဌမအဆင့်သာ ရှိသေးသော်လည်း ဤဆေးမျိုးကို ဖော်စပ်နိုင်ခြင်းမှာ သူ၏ ဆေးဖော်စပ်မှု ပါရမီကို သက်သေပြနေခြင်းပင်။
“ဂုဏ်ယူပါတယ် ဆေးဆရာချီ”
“ဝမ်းသာပါတယ်ဗျာ”
“နောင်ကျရင် ဆေးဆရာချီက စုမိသားစုရဲ့ တတိယအဆင့် ဆေးဖော်စပ်သူ ဖြစ်လာတော့မှာပဲ”
လူအများ၏ ချီးကျူးမှုကို ခံရသောအခါ ချီရှုံသည် အတိုင်းထက်အလွန် ဂုဏ်ယူနေပြီး၊ မာန်တက်လာကာ လျှို့ဝှက်ချက်တစ်ခုကိုပါ ထုတ်ဖော်လိုက်မိသည်။
“ငါက အခု ချီစုစည်းခြင်း ဆဋ္ဌမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ တာဝန်ခံစုဟွာယွဲ့က နောက် ၃ လနေရင် ငါ့ကို ပထမအဆင့် အဆင့်ချိုးဖျက်ဆေးလုံး တစ်လုံး ပေးမယ်လို့ ကတိပေးထားတယ်”
အားလုံး အံအားသင့်သွားကြသည်။ အဆင့်ချိုးဖျက်ဆေးမှာ အလွန်ရှားပါးသော ပထမအဆင့်ဆေး ဖြစ်သည်။ ဤဆေး၏ အဓိကပါဝင်ပစ္စည်းမှာ ရှာရခက်သလို၊ ဖော်စပ်သည့် နည်းပညာမှာလည်း အလွန်မြင့်မားသည်။ ပထမအဆင့် ဆေးဖော်စပ်သူတစ်ဦးအနေဖြင့် ဤဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ရန် ခဲယဉ်းလှသည်။ စျေးကွက်တွင် တစ်လုံးလျှင် အနည်းဆုံး အဆင့်နိမ့်ဝိညာဉ်ကျောက် တစ်ထောင် တန်ဖိုးရှိသော်လည်း၊ ထိုဈေးနှင့်ပင် ဝယ်ရန် ခက်ခဲလှသည်။
“မေးပါရစေ... မိတ်ဆွေက သက်ရှည်ကျင့်စဥ်ကို ကျင့်ကြံနေတာလား” ဟု စုန့်ဝမ်က ရုတ်တရက် မေးလိုက်သည်။
ချီရှုံက ဇဝေဇဝါဖြင့် ခေါင်းညိတ်ပြပြီး “ဟုတ်ပါတယ်၊ ငါက သက်ရှည်ကျင့်စဉ်ကို ကျင့်နေတာပါ။ ဘာလို့လဲ” ဟု ပြန်ဖြေသည်။
စုန့်ဝမ်မျက်နှာတွင် အားကျသော အကြည့်များဖြင့်အတူ အပြုံးတစ်ခု ပေါ်လာသည်။
“သိချင်လို့ပါဗျာ။ သက်ရှည်ကျင့်စဉ်က အသက်ရှည်စေတဲ့ အာနိသင်ရှိတယ်လေ။ မိတ်ဆွေက ချီစုစည်းခြင်း သတ္တမအဆင့် ရောက်သွားရင် အသက် ၁၂၀ လောက်အထိ နေရမှာဆိုတော့ အားကျဖို့ ကောင်းတာပေါ့။ ဆေးဆရာချီက ငယ်ငယ်ရွယ်ရွယ်နဲ့ ချီစုစည်းခြင်း နှောင်းပိုင်းအဆင့်ကို ရောက်တော့မယ်၊ ပြီးတော့ တတိယအဆင့် ဆေးဖော်စပ်သူလည်း ဖြစ်နေပြီဆိုတော့ အလားအလာ အရမ်းကောင်းတာပဲ။ နောင်တစ်ချိန်မှာ အခြေတည်အဆင့်ကိုတောင် ရောက်နိုင်ဦးမှာ”
စုန့်ဝမ်၏ ချီးကျူးစကားကြောင့် ချီရှုံမှာ အပျော်ကြီး ပျော်သွားသည်။
စုန့်ဝမ်စိတ်ထဲတွင် အတော်ပင် အံ့သြနေမိသည်။ သက်ရှည်ကျင့်စဉ်ကျင့်သော ချီစုစည်းခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကို ရရှိရန်အတွက် စုမိသားစုက တန်ဖိုးကြီးဆေးလုံးတစ်လုံး ပေးအပ်သည်ကို ကြည့်လျှင် ကြီးမားသော ရည်ရွယ်ချက် တစ်ခုခု ရှိနေသည်မှာ သေချာသည်။ စုမိသားစု၏ သက်ရှည်ကျင့်စဉ်ကျင့်သူများကို ဖမ်းနေရသည့် ရည်ရွယ်ချက်ကို စုန့်ဝမ် ပို၍ စိတ်ဝင်စားလာသည်။
သူတို့သည် ဆက်လက် စားသောက်ရင်း စကားပြောကြရင်း ဆေးဖော်စပ်ခြင်းဘက်သို့ ပြန်ရောက်သွားသည်။ ပြောရင်း အကြီးအကဲဝမ်ဆိုသူက သတ်မှတ်နှုန်းထက် ပိုနေသောဆေးလုံးများကို ဖိအားပေးခြင်း၊ စျေးပိုပေးခြင်း ပြုလုပ်ပြီး ဝယ်ယူသည့်အကြောင်း ရောက်လာသည်။ အဆိုပါ လုပ်ရပ်က ဆေးဖော်စပ်ဆောင်၏ လုပ်ငန်းကို ရှုပ်ထွေးစေသည်။
ထိုသို့သောလုပ်ရပ်က စုမိသားစုစည်းကမ်းကိုပါ မသိမသာ ချိုးဖောက်ရာ ရောက်နေသဖြင့် စုန့်ဝမ် စိတ်ဝင်စားသွားပြီး စကားနှိုက်ကြည့်ခဲ့သည်။ သွမ့်ကျားက အကြောင်းစုံ ရှင်းပြသည်။ စုမိသားစုတွင် မိသားစုခေါင်းဆောင် စုအန်ချင်းနှင့် အကြီးအကဲစုဝမ်ရှီကြား အာဏာလုပွဲ ဖြစ်နေကြောင်း၊ ယခုအခါ အရှိန်ပိုမြင့်လာသဖြင့် ဆေးဖော်စပ်သူများ၏ ပိုလျှံဆေးလုံးများကိုပင် အလုအယက် ဝယ်ယူသည်များ ရှိလာကြောင်း ပြောပြသည်။
ဆေးဖော်စပ်ဆောင် တာဝန်ခံစုဟွာယွဲ့က အကြီးအကဲစု၏ ဘက်တော်သား ဖြစ်နေသဖြင့် အပိုဆေးလုံး အများစုမှာ အကြီးအကဲစုဝမ်ရှီဆီသို့ ရောက်သွားသည်။ ထို့ကြောင့် မိသားစုခေါင်းဆောင်၏လူ၊ ဆေးဖော်စပ်ဆောင်နှင့် ဆက်စပ်နေသော အကြီးအကဲဝမ်က ကြားဖြတ်ဝယ်ယူခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
စုန့်ဝမ် မည်သို့လုပ်ရမည် မသိဖြစ်နေပါက သူတို့လိုပင် အရင်လာဝယ်သူကိုသာ ရောင်းချရန် အကြံပေးကြသည်။ စုန့်ဝမ်ကလည်း နားထောင်ရင်း ခေါင်းညိမ့်ပြခဲ့သည်။
......