← Chapters

သမာသမတ်ဂိုဏ်းတွေလည်း ဒီလိုရှိတာပဲလား

Vol. 14 Ch. 147

သမာသမတ်ဂိုဏ်းတွေလည်း ဒီလိုရှိတာပဲလား

Vol. 14 Ch. 147

အလုပ်ဆင်းရမည့်နေ့တွင် စုန့်ဝမ်သည် ဆေးဖော်စပ်ဆောင်သို့ စောစောသွားကာ စုဟွာယွဲ့ထံမှ ဆေးဖက်ဝင်ပစ္စည်းများ ယူပြီး ဆေးဖော်စပ်ခြင်းကို စတင်ခဲ့သည်။

ညနေစောင်းသောအခါ ဆေးပစ္စည်း ၃ စုံကို သုံးကာ ချီစုစည်းဆေးလုံး နှစ်အိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဆေးလုံး ၁၀ လုံး ရရှိခဲ့သည်။ ဆေးဖော်စပ်ခြင်းသည် အဆောင်ရေးဆွဲခြင်းကဲ့သို့ပင် အားကောင်းသော စိတ်စွမ်းအင် လိုအပ်သည်။ စုန့်ဝမ်၏ အခြေတည်အဆင့် ဝိညာဉ်စွမ်းအင်ဖြင့် ပထမအဆင့် အလယ်အလတ်ဆေးများ ဖော်စပ်ရသည်မှာ အလွန်လွယ်ကူသော အလုပ်ဖြစ်သည်။ အကယ်၍ မြေကမ္ဘာမီးတောက်နှင့်သာ ပို၍ ရင်းနှီးခဲ့လျှင် သုံးစုံလုံး အောင်မြင်နိုင်ပေသည်။

သုံးရက်ဆက်တိုက် ဆေးဖော်စပ်ပြီးနောက် စတုတ္ထမြောက်နေ့တွင် ဆေးဖော်စပ်ဆောင်သို့ မသွားတော့ပေ။ စုမိသားစုထံ ရောက်လာခြင်းမှာ ဆေးဖော်စပ်ပေးပြီး သူတို့၏ အင်အားကို မြှင့်တင်ပေးဖို့ မဟုတ်ဘဲ၊ ကိုယ်ပိုင် ရည်ရွယ်ချက်အတွက်သာ ဖြစ်သည်။ ထို့ကြောင့် သတ်မှတ်နှုန်းအတိုင်းသာ လုပ်ပေးပြီး အားလပ်ချိန်များတွင် လုပ်စရာရှိသည်များ လုပ်ရန် ဆုံးဖြတ်ထားသည်။

ယနေ့တွင် ပတ်ဝန်းကျင်ကို လေ့လာရန် စီစဉ်ထားသည်။ ချင်းဖျင်တောင်ပေါ်သို့ ခွင့်ပြုချက်မရှိဘဲ တက်ခွင့်မရှိသဖြင့် တောင်ခြေတွင်သာ လှည့်လည်သွားလာခဲ့သည်။ ချင်းဖျင်တောင်၏ တစ်ဖက်သို့ ရောက်သောအခါ မြို့ငယ်လေးတစ်မြို့ကို မြင်လိုက်ရသည်။ ဤသည်မှာ အစေခံမလေး ပြောပြခဲ့သော စုမိသားစုမှ ဝိညာဉ်အမြစ်မရှိသူများနှင့် ပါရမီညံ့ဖျင်းသူများ နေထိုင်သော မြို့ဖြစ်သည်။

မြို့ငယ်လေးအတွင်းရှိ လမ်းမများပေါ်တွင် စည်ကားနေပြီး၊ အများစုမှာ သာမန်လူများ ဖြစ်ကြသည်။ ၎င်းမှာ လူ့လောကရှိ ဈေးတစ်ခုနှင့် ဆင်တူသည်၊ လမ်းပေါ်တွင် လူအုပ်ကြီး တိုးဝှေ့နေကြပြီး ဈေးသည်များ၏ အော်ဟစ်သံ၊ စကားပြောသံနှင့် ဈေးဆစ်သံများမှာ ရောနှောနေသည်။ လမ်းထောင့်များတွင် စားသောက်ဆိုင်များ ရှိပြီး အစားအသောက်မျိုးစုံ၏ ရနံ့များမှာ လေထဲတွင် ပြန့်လွင့်နေသည်။

ဝတ်ကောင်းစားလှ ဝတ်ထားသူများ ရှိသလို၊ စုတ်ပြတ်နေသော အဝတ်အစား ဝတ်ထားသူများလည်း ရှိသည်၊ အချို့က ဝေါယာဥ်၊ လှည်းယာဥ်များဖြင့် သွားကြပြီး၊ အချို့ကမူ ရွှံ့များပေကျံနေသော လယ်ယာသုံးပစ္စည်းများကို ထမ်းပိုးရင်း လမ်းလျှောက်နေကြသည်။ ကြိုမသိထားခဲ့လျှင် ဤနေရာမှာ ရွှေအမြုတေအဆင့် ကျင့်ကြံမှု မိသားစုတစ်ခု၏ နယ်မြေဖြစ်သည်ဟု တွေးရန် ခက်ခဲလိမ့်မည်။

ဤနေရာရှိ သာမန်လူအများစုမှာ အခြေအနေကောင်းဖြင့် နေထိုင်ရသည် မဟုတ်ဘဲ နေ့စဉ် စားဝတ်နေရေးအတွက် ရုန်းကန်နေရဆဲပင်။ သို့သော် သာမန်သေမျိုးများနှင့် ယှဉ်လျှင်မူ သူတို့မှာ စစ်မက်ဘေးနှင့် အခွန်အတုတ်ဒဏ်များ မရှိသဖြင့် အနည်းငယ် ပို၍ အခြေအနေကောင်းသည်ဟု ဆိုနိုင်သည်။

မြို့ထဲတွင် သာမန်လူသုံးကုန်ပစ္စည်းများသာမက ဝိညာဉ်ပစ္စည်းများ ရောင်းချသော ဆိုင်များစွာလည်း ရောနှောနေသည်ကို တွေ့ရသည်။

ရုတ်တရက် စုန့်ဝမ်သည် ရင်းနှီးသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ စုမိသားစု တောင်တံခါးတွင် တွေ့ခဲ့သော အစောင့်စုရှန်း ဖြစ်သည်။

စုန့်ဝမ်က စုရှန်းထံသို့ လျှောက်သွားကာ“စုရှန်း... မင်းကို ဒီမှာ ပြန်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူးဗျ” ဟု ဆိုလိုက်သည်။

စုရှန်းလည်း လှည့်ကြည့်လိုက်ရာ စုန့်ဝမ်ကို တွေ့သဖြင့် မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။

“စီနီယာ... ခင်ဗျားပဲ။ ဆေးဖော်စပ်ဆောင်ကို အောင်အောင်မြင်မြင် ဝင်နိုင်ခဲ့ပြီမလား”

စုန့်ဝမ်က ခေါင်းညိတ်ပြသည်။

“အဲဒီနေ့က လမ်းပြပေးခဲ့တဲ့အတွက် မင်းကို ကျေးဇူးတင်ရမယ်။”

စုန့်ဝမ်သည် ပြောရင်း ကျောက်စိမ်းပုလင်းလေး တစ်လုံး ထုတ်ပေးလိုက်သည်။

“ဒါက မင်းရဲ့ အကူအညီအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ချီစုစည်းဆေးလုံး ၁၀ လုံး ပေးတာပါ”

စုရှန်းက လက်ယမ်းကာ ငြင်းလိုက်သည်။

“ကျွန်တော် မယူနိုင်ပါဘူး စီနီယာ။ လမ်းပြပေးတာက ကျွန်တော့်တာဝန်ပါ။ ဆေးဖော်စပ်ဆောင်ထဲ ဝင်နိုင်တာက စီနီယာရဲ့ အရည်အချင်းကြောင့်ပါ”

အကြိမ်ကြိမ် ငြင်းဆန်ပြီးနောက်တွင် စုန့်ဝမ်က ကျောက်စိမ်းပုလင်းကို စုရှန်းလက်ထဲသို့ အတင်းထည့်ပေးနိုင်ခဲ့သည်။

ချီစုစည်းဆေးလုံးများ လက်ခံရရှိပြီးနောက် စုရှန်း၏ အမူအရာမှာ ပို၍ ရင်းနှီးလာသည်။ ယခင်က သူသည် စုန့်ဝမ်အပေါ် ယဉ်ကျေးစွာ ဆက်ဆံခဲ့သော်လည်း ၎င်းမှာ ကျင့်ဝတ်အရသာ ဖြစ်ပြီး အမှန်တကယ် ရင်းနှီးခြင်း မဟုတ်ပေ။ ဤချီစုစည်းဆေးလုံး ၁၀ လုံးမှာ ဝိညာဉ်ကျောက်တုံး ၃၀ တန်ဖိုးရှိပြီး စုရှန်း၏ တစ်လစာ လစာနှင့် ညီမျှသည်။ ယခုအခါ တာဝန်ထက်ပိုသော ရင်းနှီးမှု ဖြစ်တည်လာခဲ့သည်။

စုရှန်းက “ဒါနဲ့ စီနီယာ့ကို ဘယ်လို ခေါ်ရမလဲဆိုတာ မသိသေးဘူး” ဟု မေးသည်။

“ယွမ်ချန်လို့ပဲ ခေါ်ပါ”

“တွေ့ရတာ ဝမ်းသာပါတယ် ဆေးဆရာယွမ်”

“မင်းက ဒီမြို့မှာပဲ နေတာလား”

“ဟုတ်ကဲ့၊ ကျွန်တော် ဒီမှာပဲ ကြီးပြင်းခဲ့တာပါ”

“ဒါဆိုရင် ငါ့ကို ဒီမြို့ထဲ လိုက်ပြပေးနိုင်မလား”

“ရတာပေါ့ … ကျွန်တော့်နောက် လိုက်ခဲ့ပါ”

စုရှန်း၏ လမ်းပြပြီး ရှင်းပြမှုများကြောင့် စုန့်ဝမ်သည် မြို့၏ အနေအထားကို နားလည်သွားသည်။ ဤမြို့တွင် သာမန်လူများနှင့် ကျင့်ကြံသူများ အတူတကွ နေထိုင်ကြပြီး၊ အားလုံးမှာ စုမိသားစုဝင်များ ဖြစ်ကြသဖြင့် ဆွေမျိုးနီးစပ် တော်စပ်မှုရှိကြရာ သူတို့၏ ဆက်ဆံရေးမှာ အတော်လေး သဟဇာတ ဖြစ်ကြသည်။

သူတို့ ဆက်လျှောက်လာကြရင်း ခြံဝန်းငယ်လေးတစ်ခု ရှေ့သို့ ရောက်လာသည်။

“ဆေးဆရာယွမ် ... ဒါက ကျွန်တော့်အိမ်ပါ။ ခဏလောက် ဝင်ထိုင်ပါဦး”

သူတို့ ဝန်းထဲသို့ ဝင်လိုက်သောအခါ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဝန်းထဲတွင် သန့်ရှင်းရေး လုပ်နေသည်ကို တွေ့ရသည်။

စုရှန်းကို မြင်သောအခါ ကိုယ်ဝန်ဆောင် အမျိုးသမီးက ပြုံးလျက် နှုတ်ဆက်သည်။

“ယောက်ျား .. ပြန်လာပြီလား။ ဒါ ဘယ်သူလဲ”

“မိန်းမ... ဒါက ဆေးဖော်စပ်ဆောင်က ဆေးဖော်စပ်သူသစ် ဆေးဆရာယွမ်ပါ။ ဆေးဆရာယွမ်... ဒါက ကျွန်တော့်ဇနီးသည် ချန်ဟုန်ပါ”

ချန်ဟုန်သည် ကျင့်ကြံမှုမရှိသော သာမန်လူတစ်ဦး ဖြစ်သည်။

“တွေ့ရတာ ဝမ်းသာပါတယ် ဆေးဆရာယွမ်” ဟု ချန်ဟုန်က ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်သည်။

“ဂါရဝပြုပါတယ် စုကတော်” ဟု စုန့်ဝမ်ကလည်း ရိုသေစွာ ဆိုလိုက်သည်။

ချန်ဟုန်သည် နှုတ်ဆက်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်သွားသည်။ စုရှန်းက လက်ဖက်ရည် ဖျော်လာပြီး စုန့်ဝမ်နှင့်အတူ ဝန်းထဲတွင် ထိုင်လိုက်သည်။

“မင်းဇနီးက လူကောင်းလေးပဲ။ ဝန်းကိုလည်း သန့်ရှင်းနေအောင် ထားနိုင်တာပဲ။ မင်းကတော့ တော်တော် ကံကောင်းတာပဲ” ဟု စုန့်ဝမ်က ပြောလိုက်သည်။

စူးရှန်းက သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ကျွန်တော့်မိန်းမက တကယ်ကို လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ ကံမကောင်းတာက သူမက သာမန်လူတစ်ယောက် ဖြစ်နေတာပဲ”

“သာမန်လူ ဖြစ်နေတာက ဘာမှားလို့လဲ၊ ငါတို့က ကျင့်ကြံသူတွေ ဖြစ်ပေမယ့် ချီစုစည်းခြင်း ကျင့်ကြံသူရဲ့ သက်တမ်းကလည်း အနှစ် ၁၀၀ ကျော်ပဲ ရှိတာဆိုတော့ သာမန်လူတွေနဲ့ သိပ်မကွာပါဘူး” ဟု စုန့်ဝမ်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။

စုရှန်းက စိတ်ရှည်စွာ ရှင်းပြသည်။

“ဆေးဆရာယွမ် မသိသေးလို့ပါ၊ ကျွန်တော်တို့ စုမိသားစုမှာ နာမည်ကြီးချင်ရင် ဝိညာဉ်အမြစ် အရမ်းကောင်းဖို့ လိုအပ်တယ်၊ မဟုတ်ရင်လည်း အဆင့်မြင့် ဝိညာဉ်အမြစ်ရှိတဲ့ သားသမီးတွေ မွေးပေးနိုင်ရမယ်။ ကျွန်တော့်မှာက တတိယအဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာဆိုတော့၊ ဒီဘဝမှာ အမြင့်ဆုံး ချီစုစည်းခြင်း နောက်ဆုံးအဆင့်အထိပဲ ရောက်နိုင်မှာ၊ အခြေတည်အဆင့်ကို ရောက်ဖို့ မျှော်လင့်ချက် မရှိဘူး။ အဲဒါကြောင့် ကျွန်တော့်မျှော်လင့်ချက်ကို နောက်မျိုးဆက်အပေါ်မှာပဲ ပုံထားရတယ်၊ ဒါပေမဲ့ ကျွန်တော့်မိန်းမက သာမန်လူ ဖြစ်နေတော့ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ရှိတဲ့ ကလေး မွေးဖို့ဆိုတာ ခဲယဉ်းသွားပြီ”

စုန့်ဝမ် သဘောပေါက်သွားသည်။ ကျင့်ကြံမှုမိသားစုတွင် အဆင့်အတန်းကို သွေးနှောမှုထက် ဝိညာဉ်အမြစ် အရည်အသွေးပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်ကြသည်။ ဤနည်းလမ်းကသာ မိသားစု၏ ရှင်သန်မှုနှင့် ကြီးပွားမှုကို အတိုင်းအတာတစ်ခုအထိ အာမခံချက် ပေးသည်။ မျိုးဆက်သစ်များ၏ ဝိညာဉ်အမြစ် အရည်အသွေးမှာ မိဘများ၏ ဝိညာဉ်အမြစ်ပေါ်တွင် မူတည်သလို၊ ယခင် မျိုးဆက်များစွာ၏ လွှမ်းမိုးမှုလည်း ပါဝင်နိုင်သည်။ အတိုချုပ် ပြောရလျှင် လင်မယား နှစ်ဦးစလုံး၏ ဝိညာဉ်အမြစ် ကောင်းလေလေ၊ အရည်အသွေးမြင့် ဝိညာဉ်အမြစ်ရှိသော သားသမီးများ ရရှိရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်သည်။ ဘိုးဘွားများ ကျင့်ကြံသူ မဟုတ်ခဲ့သော သာမန်လူနှစ်ဦးမှ ဝိညာဉ်အမြစ်ရှိသော ကလေး ရရန်မှာ အလွန်နည်းပါးပြီး၊ အရည်အသွေးမြင့် ရရန်မှာ မဖြစ်နိုင်သလောက်ပင်။

စုရှန်းအနေဖြင့် သာမန်အမျိုးသမီးတစ်ဦးကိုသာ လက်ထပ်နိုင်ခဲ့ခြင်းမှာ သူ့ဝိညာဉ်အမြစ်က ညံ့ဖျင်းသလို၊ သင့်တော်သော အမျိုးသမီးကျင့်ကြံသူတစ်ဦးကို ရှာရန် သူ၏ အင်အားကလည်း နည်းပါးနေသောကြောင့် ဖြစ်သည်။

“ဒါနဲ့ မင်းရဲ့ အဖေနဲ့ အမေကို မတွေ့ပါလား၊ သူတို့က ဘယ်မှာ နေကြတာလဲ?” ဟု စုန့်ဝမ်က အကြောင်းအရာ ပြောင်းလိုက်သည်။

စူးရှန်းက ခါးသီးသော အပြုံးတစ်ခုကို ဖော်လိုက်သည် - “ကျွန်တော့်အဖေက စုမိသားစု ခေါင်းဆောင်စုအန်ချင်း ပါ။ သူ ကျွန်တော်နဲ့ အတူနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး”

“မင်းအဖေက မိသားစုခေါင်းဆောင် ဟုတ်လား၊ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ” ဟု စုန့်ဝမ်က မယုံနိုင်ဟန်ဖြင့် ဆိုလိုက်သည်။

စူးရှန်းက တည်ငြိမ်နေဆဲဖြစ်ပြီး စုန့်ဝမ်၏ အံ့သြမှုကို အထူးအဆန်း မဖြစ်ပေ။

“စုအန်ချင်းမှာ ဇနီးနဲ့ မယားငယ်ပေါင်း ၁၀၀ ကျော် ရှိသလို၊ သားသမီးလည်း ရာနဲ့ချီ ရှိတယ်။ ကျွန်တော့်အမေက လှပတဲ့ သေမျိုးအမျိုးသမီးတစ်ယောက်ပါ၊ သူမက မယားငယ်အဖြစ် ယူခံရပြီးတဲ့နောက် တစ်ကြိမ်ပဲ ပေါင်းသင်းခဲ့ဖူးတယ်။ အမေ သေဆုံးတဲ့အထိ သူ့ကို ထပ်မတွေ့ရတော့ဘူး။ ကျွန်တော် ကြီးလာတော့လည်း သူ တောင်တံခါးကို ဖြတ်သွားတဲ့အခါ အဝေးကနေ မြင်ဖူးတာပဲ ရှိတယ်။ သူကတော့ ကျွန်တော့်လို သားတစ်ယောက် ရှိမှန်းတောင် သိမှာ မဟုတ်ဘူး။ စုမိသားစုမှာ အားကောင်းတဲ့ ဝိညာဉ်အမြစ် မရှိရင်၊ ဆေးဖော်စပ်တာနဲ့ အဆောင်ရေးဆွဲတာမှာ ထူးခြားတဲ့ ပါရမီ မရှိရင် မိသားစုခေါင်းဆောင်ကို တွေ့ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

စူးရှန်း ပြောနေစဉ် သူ့မျက်နှာတွင် စိတ်ပျက်မှု၊ အားမလိုဖြစ်မှုများ အထင်းသား ပေါ်နေသည်။

အခြေအနေမှာ အနည်းငယ် တင်းမာသွားသဖြင့် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုန့်ဝမ်က“ဟုတ်တာပေါ့၊ ဝိညာဉ်အမြစ် ညံ့ရင် အင်အားမြှင့်ဖို့ ခက်ခဲပါတယ်။ ငါ့ကိုကြည့်ပါဦး၊ ငါလည်း အသက် ၅၀ ကျော်နေပြီ၊ ဒါပေမဲ့ ချီစုစည်းခြင်း ပဥ္စမအဆင့်ပဲ ရှိသေးတယ်” ဟု ဆိုသည်။

စုန့်ဝမ်က သူ့ခံစားချက်ကို ဖော်ပြပြီးနောက် ရုတ်တရက် အသံကို နှိမ့်ကာ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

“ငါ လူငယ်ဘဝတုန်းက အရှေ့ဟွာဖန်းဈေးမှာ ကြားဖူးတာတော့၊ ခွန်အားကို မြန်မြန်မြှင့်ချင်တဲ့ ကျင့်ကြံသူအချို့က စွန့်စားရတဲ့ နည်းလမ်းတွေကို သုံးပြီး နတ်ဆိုးလမ်းစဥ်ကို လျှောက်ကြသတဲ့။ အဲဒီ နတ်ဆိုးကျင့်စဉ်တွေကို ကျင့်ရင် အချိန်တိုအတွင်း တဟုန်ထိုး ခွန်အားကြီးလာနိုင်တယ်လို့ ဆိုကြတယ်။ ကျင့်စဉ်အဆင့် မြင့်လေလေ၊ ခွန်အား ကြီးလေလေပဲ။ နတ်ဆိုးကျင့်စဉ်တွေက ခန့်မှန်းရခက်သလို၊ ကိုယ့်ထက် အဆင့်မြင့်တဲ့ ကျင့်ကြံသူကိုတောင် အနိုင်တိုက်နိုင်တယ်လို့ ပြောကြတယ်”

စုရှန်းမျက်လုံးများတွင် စိတ်ဝင်စားသော အရိပ်အယောင်များ လက်ခနဲ ပေါ်လာသည်။

“နတ်ဆိုးကျင့်စဉ်က တကယ်ပဲ အဲဒီလောက် အစွမ်းထက်တာလား”

စုန့်ဝမ်က ခေါင်းခါပြသည် “ငါလည်း ကိုယ်တိုင် မြင်ဖူးတာ မဟုတ်ပါဘူး၊ ကြားဖူးရုံ သက်သက်ပါ။ ဒါပေမဲ့ နတ်ဆိုးကျင့်စဉ်တွေက အလောင်းကောင်တွေနဲ့ တစ္ဆေတွေကို ထိန်းချုပ်တာဆိုတော့၊ အစွမ်းထက်တဲ့ကောင်တွေကို ထိန်းချုပ်ခိုင်းစေနိုင်ရင် ခွန်အားက မြန်မြန်တက်လာမှာ သေချာတယ်”

“ဒါပေမဲ့ နတ်ဆိုးကျင့်စဉ် ကျင့်တာကိုတော့ လမ်းမှန်ဂိုဏ်းတွေက လက်မခံကြဘူးလေ”

“ကောင်လေး .. မင်းက ဗဟုသုတ နည်းသေးတာပဲ။ အရှေ့ဟွာဖန်းဈေးကွက်နဲ့ မလှမ်းမကမ်းမှာ တစ္ဆေဈေးတစ်ခု ရှိတယ်၊ အဲဒီမှာ နတ်ဆိုးကျင့်စဉ်တွေနဲ့ လိုအပ်တဲ့ ဝိညာဉ်ပစ္စည်းတွေကို ပေါ်ပေါ်ထင်ထင် ရောင်းနေကြတာ။ သားရဲသခင်ဂိုဏ်းနဲ့ လေ့မိသားလို လမ်းမှန်ဂိုဏ်းတွေက ခွင့်ပြုထားလို့သာ ဒီတစ္ဆေဈေးက မပျက်စီးဘဲ ရှိနေတာပေါ့”

“အရှေ့ဟွာဖန်းဈေးက မိုင်ပေါင်း သောင်းနဲ့ချီ ဝေးတာပဲ၊ အရမ်းဝေးလွန်းတယ်” ဟု စူးရှန်းက သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် စုန့်ဝမ်နားသို့ တိုးကပ်လာပြီး “ဆေးဖော်စပ်သူယွမ်... ခင်ဗျားက ဗဟုသုတ အများကြီး ရှိတာပဲ။ ဒီအနီးအနားမှာရော နတ်ဆိုးကျင့်စဉ်တွေ ဝယ်လို့ရတဲ့ နေရာ ရှိလား”

“အဲဒါတော့ ငါလည်း မသိဘူး။ ငါက အသက် ၆၀ နီးနေပြီလေ၊ ဒါမျိုးတွေကို ဘာလို့ လိုက်ရှာနေမှာလဲ”

သူတို့နှစ်ဦးသား နေလယ်အထိ စကားပြောကြပြီးနောက် စုန့်ဝမ် နှုတ်ဆက် ထွက်ခွာခဲ့သည်။

စုန့်ဝမ် ထွက်သွားပြီးနောက် စုရှန်းတစ်ယောက် ခြံဝန်းထဲတွင် ကြာမြင့်စွာ ထိုင်နေခဲ့ပြီး၊ သူ့ဇနီးသည်က နေ့လယ်စာစားရန် ခေါ်နေသည်ကိုပင် မကြားတော့ပေ။

…….

All Chapters