← Chapters

တိုက်ပွဲရှိမှတော့ အမြတ်ထုတ်ရုံပေါ့

Vol. 14 Ch. 148

တိုက်ပွဲရှိမှတော့ အမြတ်ထုတ်ရုံပေါ့

Vol. 14 Ch. 148

စုရှန်းအိမ်မှ ထွက်လာပြီးနောက် စုန့်ဝမ်သည် သူ့နေအိမ်သို့ တိုက်ရိုက်မပြန်ဘဲ အရှေ့ဘက်သို့ ဦးတည်သွားခဲ့သည်။ ချင်းဖျင်တောင်၏ အရှေ့ဘက်တွင် ချိုင့်ဝှမ်းတစ်ခုရှိပြီး ၎င်းမှာ စုမိသားစုဘိုးဘေး နေထိုင်ရာနေရာ ဖြစ်သည်။

စုရှန်းအား နတ်ဆိုးကျင့်စဉ်များ ကျင့်ကြံရန် သွေးဆောင်ခဲ့ခြင်းမှာ စိတ်ကူးပေါက်၍ လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ၎င်းကြောင့် ဖြစ်လာမည့် နောက်ဆက်တွဲရလဒ်နှင့် စုမိသားစုအပေါ် သက်ရောက်မှုများကို သူ ဂရုမစိုက်ပေ။

၅ မိုင်ခန့် ခရီးနှင်ခဲ့ပြီးနောက် စုန့်ဝမ်သည် ချင်းဖင်တောင်၏ အရှေ့ဘက်ခြမ်းသို့ ရောက်ရှိလာခဲ့သည်။ စုမိသားစုဘိုးဘေး စုချန်နေထိုင်ရာ ချိုင့်ဝှမ်းမှာ ရှေ့တွင် ၁၀ မိုင်ခန့်သာ လိုတော့သည်။ အဆင့်မြင့်ကူ၏ ထောက်လှမ်းမှုအရ ရှေ့ ၁၀ မိုင်ပတ်လည်အတွင်း မြင်သာသော ကင်းစခန်းများနှင့် လျှို့ဝှက်ကင်းစခန်းများစွာ ရှိနေသည်။ ဒါဇင်နှင့်ချီရှိသော စုမိသားစု ကျင့်ကြံသူများကိုလည်း တွေ့ရှိခဲ့သည်။

ထိုချိုင့်ဝှမ်းမှာ မကြီးမားလှဘဲ ၁၀ မိုင်ပတ်လည်ခန့်သာ ကျယ်ဝန်းသည်။ ချိုင့်ဝှမ်းတစ်ခုလုံးကို ကြီးမားသော အစီအရင်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ ချိုင့်ဝှမ်းအတွင်း ခိုးဝင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ ဤမျှကြီးမားသော အစီအရင်ကြီးကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားရန် အရင်းအမြစ်များစွာ ကုန်ကျမည်ဖြစ်သည်။ ပြင်ပလူများ သိသွားမည်ကို စိုးရိမ်ရလောက်အောင် ချိုင့်ဝှမ်းထဲတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ဖုံးကွယ်ထားခြင်းလော။ သို့မဟုတ် စုမိသားစုဘိုးဘေးမှာ အမှန်တကယ်ပင် နောက်ဆုံးအချိန် ရောက်နေသဖြင့် ရန်သူများကို ဟန့်တားရန် သုံးထားရခြင်းလော။

စုန့်ဝမ်သည် ဂူတစ်ခုတွင် ပုန်းခိုပြီး အဆင့်မြင့်ကူအား ချိုင့်ဝှမ်းကို ပတ်ကြည့်ကာ ခိုးဝင်နိုင်လောက်သည့် အားနည်းချက် ရှိ၊ မရှိ ရှာဖွေရန် ခိုင်းစေလိုက်သည်။ ချိုင့်ဝှမ်းမှာ ကျယ်ဝန်းလွန်းပြီး စုန့်ဝမ်ကလည်း အနီးကပ် မသွားနိုင်သဖြင့် သူ့ဝိညာဉ်အာရုံမှာ ချိုင့်ဝှမ်းတစ်ခုလုံးကို မဖုံးလွှမ်းနိုင်ပေ။ အဆင့်မြင့်ကူကိုသာ စစ်ဆေးခိုင်းပြီး ရလဒ်ကို စောင့်နေရသည်။

အဆင့်မြင့်ကူက ချိုင့်ဝှမ်းကို ပတ်ပျံကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

နေဝင်ရိုးရီအချိန်၌ စုန့်ဝမ်သည် သူ့နေအိမ်သို့ ပြန်ရန် ပြင်ဆင်နေစဉ် ကောင်းကင်မှ ကြီးမားသော လှေပျံတစ်စင်း ပေါ်လာသည်။ ၎င်းမှာ ထိုနေ့က ဟွာဖန်းဈေး အပြင်ဘက်တွင် ရပ်ထားသော စုမိသားစု၏လှေပျံ ဖြစ်ကြောင်း စုန့်ဝမ် ချက်ချင်း မှတ်မိလိုက်သည်။ လှေပျံက ချိုင့်ဝှမ်း၏ အလယ်ဗဟို တည့်တည့်တွင် ရပ်တန့်လိုက်သည်။

ချိုင့်ဝှမ်းတစ်ခုလုံးကို ဖုံးအုပ်ထားသော အစီအရင် အကာအကွယ်မှာ အပေါ်ဘက်မှ ဖြည်းညှင်းစွာ ဟသွားသည်။ လှေပျံပေါ်မှ လူတစ်ယောက်သည် လက်ထဲတွင် သံကြိုးတစ်ချောင်းကို ကိုင်ဆောင်ရင်း ဓားပျံစီးပြီး ထွက်လာသည်။

ထိုသူသည် အစီအရင်၏ ဝင်ပေါက်မှတစ်ဆင့် ချိုင့်ဝှမ်းအတွင်း ပျံသန်းဝင်ရောက်ရင်း ပျံသန်းလှေပေါ်မှ သံကြိုးကို ဆွဲထုတ်သွားသည်။ ၎င်းသံကြိုးတွင် လေလွင့်ကျင့်ကြံသူများ အစီအရီ ချည်နှောင်ထားသည်။

စုန့်ဝမ် ရေတွက်ကြည့်ရာ ချည်နှောင်ခံထားရသော လေလွင့်ကျင့်ကြံသူ ၇၀ ရှိသည်။ ထိုကျင့်ကြံသူများမှာ သက်ရှည်ကျင့်စဉ် ကျင့်ကြံသူများ ဖြစ်ကြောင်း ရိပ်စားမိလိုက်သည်။

စုမိသားစုသည် သက်ရှည်ကျင့်စဉ် ကျင့်ကြံသူများကို ဖမ်းဆီးပြီး နောက်ဆုံးတွင် ဤချိုင့်ဝှမ်းသို့ ခေါ်ဆောင်လာခြင်း ဖြစ်ပုံရသည်။ သို့သော် စုမိသားစုက ဤလူများကို အဘယ်ကြောင့် ဤချိုင့်ဝှမ်းသို့ ခေါ်လာရသနည်း၊ ၎င်းမှာ သေလုနီးပါးဖြစ်နေသော စုမိသားစုဘိုးဘေးနှင့် မည်သို့ ဆက်စပ်နေသနည်း။ စုန့်ဝမ် စဥ်းစားမရ ဖြစ်နေသည်။

......

နောက်ထပ် နှစ်ရက်အတွင်း စုန့်ဝမ်သည် ဆေးဖော်စပ်ဆောင်တွင် အလုပ်ဆင်းရင်း အချိန်ကုန်ဆုံးခဲ့သည်။ တတိယမြောက်နေ့တွင်မူ အားလပ်ရက်ယူပြီး အပြင် ထွက်လာခဲ့သည်။

မနက်စောစောတွင် စုန့်ဝမ်သည် ချီစုစည်းခြင်း အဋ္ဌမအဆင့် လူငယ်ကျင့်ကြံသူအဖြစ် ရုပ်ဖျက်ကာ ချင်းဖျင်တောင်မှ ထွက်ခွာပြီး၊ အနောက်ဘက်သို့ ဦးတည်၍ ပျံသန်းခဲ့သည်။

မိုင်တစ်ရာကျော် ပျံသန်းပြီးနောက် တောင်တန်းတစ်ခု ပေါ်လာသည်။ ထိုတောင်များမှာ သစ်ပင်ဝါးပင်မရှိဘဲ ကြီးမားသော သတ္ထုတွင်းကြီးများ ရှိပြီး သာမန်လူများ ထိုမိုင်းတွင်းများအတွင်း ဝင်ထွက်နေကြသည်ကို တွေ့ရသည်။

၎င်းမှာ စုမိသားစု၏ ဝင်ငွေအကောင်းဆုံး လုပ်ငန်းဖြစ်သလို အရေးကြီးဆုံး လုပ်ငန်းလည်း ဖြစ်သည့် သွေးသလင်းကျောက် ထုတ်လုပ်ရာနေရာ ဖြစ်သည်။ သွေးသလင်းကျောက်မှာ ဝိညာဉ်ပစ္စည်းအမျိုးမျိုး သွန်းလုပ်ရန် အရေးပါသော ဝိညာဉ်သတ္တုရိုင်း ဖြစ်သည်။ သွေးသလင်းကျောက်နှင့်အတူ ထွက်ရှိသော အမြုတေမှာလည်း ဝိညာဉ်လက်နက်များ ပြုလုပ်ရန်အတွက် တန်ဖိုးကြီးမားသော တတိယအဆင့် ဝိညာဉ်ပစ္စည်း ဖြစ်သည်။

အဆင့်မြင့်ကူကို လွှတ်၍ မိုင်းတွင်းဧရိယာ တစ်ခုလုံးကို စစ်ဆေးစေရာ အကာအကွယ်များ တင်းတင်းကြပ်ကြပ် ချထားခြင်း မရှိသည်ကို တွေ့ရသည်။ မိုင်းတွင်းဧရိယာ၏ အလယ်ဗဟိုတွင်သာ အကာအကွယ် အစီအရင်များဖြင့် ဝန်းရံထားသော ခြံဝန်းကြီးတစ်ခု ရှိသည်။

သွေးသလင်းကျောက်ကို ဝိညာဉ်အာရုံဖြင့် ရှာမတွေ့နိုင်ဘဲ မျက်စိအမြင်အာရုံဖြင့်သာ ရှာဖွေနိုင်ပြီး မာကျောသော ကျောက်ဆောင်များအတွင်းမှ တူးထုတ်ရသည်။ စုမိသားစုအနေဖြင့် တစ်စုံတစ်ဦးက မိုင်းတွင်းထဲ ခိုးဝင်ပြီး ခိုးယူမည်ကို စိုးရိမ်စရာ မရှိပေ။ ကျင့်ကြံသူတစ်ဦးသည် တစ်လလုံး ခိုးတူးလျှင်ပင် သွေးသလင်းကျောက် အနည်းငယ်သာ ရရှိမည်ဖြစ်ပြီး စုမိသားစု၏ အစောင့်များ မိသွားပါက အသက်အန္တရာယ် ရှိနိုင်သဖြင့် စွန့်စားရန် မတန်ချေ။

အလယ်ဗဟိုရှိ ခြံဝန်းမှာ စုမိသားစု၏ ကွပ်ကဲရေးဌာန ဖြစ်သလို သွေးသလင်းကျောက်များကို ယာယီသိုလှောင်သည့် နေရာဖြစ်သဖြင့် အစီအရင်များဖြင့် ကာကွယ်ထားခြင်း ဖြစ်သည်။

အဆင့်မြင့်ကူက မမျှော်လင့်ထားသော ရှာဖွေတွေ့ရှိမှု တစ်ခုကိုလည်း သတင်းပေးပို့ခဲ့သည်။ မိုင်းတွင်းဧရိယာ၏ အခြားတစ်ဖက်ရှိ တောင်မြင့်တစ်ခုပေါ်တွင် လူ ၆ ဦး ပုန်းအောင်းနေပြီး လျှို့ဝှက်စွာ စောင့်ကြည့်နေကြသည်။ ထိုသူများမှာ အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ပြီး ၅ ဦးမှာ အစောပိုင်းအဆင့်ဖြစ်ကာ တစ်ဦးမှာ နှောင်းပိုင်းအဆင့် ဖြစ်သည်။

စုမိသားစု၏ ဝိညာဉ်သတ္တုတွင်း အနီးတွင် ဤကဲ့သို့ အခြေတည်အဆင့် လူစိမ်းများ ရှိနေခြင်းမှာ စုမိသားစုအတွက် ကောင်းသောလက္ခဏာ မဟုတ်။ ထိုသူများမှာ စုန့်ဝမ်နှင့် အလွန်ဝေးကွာနေသဖြင့် အဆင့်မြင့်ကူ၏ အကူအညီဖြင့်ပင် သူ့ဝိညာဉ်အာရုံမှာ ထိုနေရာအထိ မရောက်နိုင် ဖြစ်နေသည်။

အဆင့်မြင့်ကူ၏ အသိဉာဏ်မှာ သိပ်မမြင့်လှဘဲ လူ့စကားကို နားမလည်သဖြင့် ထိုသူများ ပြောဆိုကြံစည်နေသည်ကို စုန့်ဝမ် မသိနိုင်ပေ။ ထို့ကြောင့် မိုင်းတွင်းဧရိယာကို ပတ်သွားပြီး ထိုသူများရှိရာသို့ တိတ်တဆိတ် ချဉ်းကပ်သွားခဲ့သည်။ ဤအချိန်တွင် ထိုလူစုက ပြန်ဆုတ်ခွာနေကြပြီ ဖြစ်သည်။ စုန့်ဝမ်သည် အခြေအနေကို သေချာသိချင်သဖြင့် နောက်မှ ခြေရာခံ လိုက်ပါသွားခဲ့သည်။

မိုင်အနည်းငယ်မျှ လိုက်ခဲ့ပြီးနောက် စုန့်ဝမ်၏ ဝိညာဥ်အာရုံတွင် ပန်းကန်လုံးအရွယ် ကြွက်တစ်ကောင် အနီးအနားရှိ တောအုပ်ထဲမှ ရုတ်တရက် ထွက်လာသည်ကို အာရုံခံမိလိုက်သည်။ ထိုကြွက်မှာ လျှပ်စီးကဲ့သို့ အလွန်မြန်ဆန်ပြီး တောအုပ်အတွင်းမှ ထိုလူစုရှိရာသို့ ဦးတည်ပြေးသွားရာ ရိပ်ခနဲသာ မြင်လိုက်ရသည်။

စုန့်ဝမ် စိတ်လှုပ်ရှားသွားသည်။ သူ့ဝိညာဉ်အာရုံသည် ဤကြွက် သစ်ခေါင်းတစ်ခုအတွင်း ပုန်းနေသည်ကို သိရှိခဲ့သော်လည်း၊ ၎င်းထံမှ ဝိညာဉ်စွမ်းအင် ထွက်ပေါ်ခြင်း မရှိသဖြင့် သာမန်ကြွက်ဟုသာ စုန့်ဝမ်က ယူဆခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ထိုကြွက်မှာ အခြေတည် အစောပိုင်းအဆင့်၏ ခွန်အားထုတ်ဖော်ပြီး လျင်မြန်စွာ ပြေးသွားမှ ကျင့်ကြံသူတစ်ဦး မွေးမြူထားသော ဝိညာဉ်သားရဲ ဖြစ်ကြောင်း သိလိုက်ရသည်။

လူမိသွားပြီဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် ဆက်လက် ပုန်းအောင်းမနေတော့ဘဲ ထိုသူများနှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်တော့သည်။

...

လူ ၆ ယောက်အုပ်စုမှာလည်း မိုင်းတွင်းဧရိယာရှိ စုမိသားစု ကျင့်ကြံသူများကို သတိမမူမိစေရန် အရှိန်ပြင်းပြင်းဖြင့် မပြေးကြဘဲ တောအုပ်အတွင်း သတိကြီးစွာဖြင့် ရွေ့လျားနေကြသည်။ ဝိညာဥ်သားရဲကြွက်က စာပေသမားပုံစံ အခြေတည် အလယ်အလတ်အဆင့် ကျင့်ကြံသူ တစ်ဦး၏ ရင်ခွင်ထဲသို့ တိုးဝင်သွားသည်။

ချက်ချင်းပင် စာပေသမား မျက်နှာပျက်သွားပြီး ရပ်တန့်ကာ “မကောင်းတော့ဘူး … ငါတို့ကို တစ်ယောက်ယောက် သိသွားပြီ”ဟု ခပ်တိုးတိုး ပြောလိုက်သည်။

ကျန် ၅ ဦးလည်း ရပ်ပြီး လှည့်ကြည့်လိုက်ကြသည်။

“ဘာဖြစ်လို့လဲ”

“အရိပ်မဲ့ကြွက်က ငါတို့နောက်ကို တစ်ယောက်ယောက် လိုက်နေတယ်လို့ ပြောတယ်။ မစိုးရိမ်ပါနဲ့။ လူတစ်ယောက်တည်းပါ၊ ပြီးတော့ သူက အခြေတည် အစောပိုင်းအဆင့်ပဲ ရှိပါသေးတယ်”

ထိစကားကို ကြားသောအခါမှ ကျန်သူများ အနည်းငယ် စိတ်အေးသွားကြသည်။

“ငါတို့ ဘာလုပ်ကြမလဲ” ဟု အမျိုးသမီး ကျင့်ကြံသူတစ်ဦးက မေးသည်။

စာပေသမားက “အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့။ အဲဒီလူ ဒီကို ရောက်နေပြီ” ဟု ပြန်ဖြေသည်။

လိုက်လာသူမှာ အခြေတည် အစောပိုင်းအဆင့်သာ ဖြစ်ကြောင်း အတည်ပြုပြီးနောက် စိတ်အေးသွားကြသည်။ ထိုသူ မည်မျှပင် အစွမ်းထက်ပါစေ သူတို့ ၆ ဦးကို ယှဉ်နိုင်မည် မဟုတ်ပေ။

သို့သော် တိုက်ခိုက်ကြပါက မိုင်းတွင်းနှင့် မဝေးသေးသဖြင့် စုမိသားစုက သတိထားမိမည်ဖြစ်ပြီး ၎င်းမှာ သူတို့အတွက် မကောင်းပေ။

စုန့်ဝမ် ရောက်လာသည်နှင့် စာပေသမားက “မိတ်ဆွေ ... ငါတို့နောက်ကို ဘာရည်ရွယ်ချက်နဲ့ လိုက်လာတာလဲ”ဟု မေးလိုက်သည်။

စုန့်ဝမ်က ခပ်လှမ်းလှမ်းမှနေ၍ ပြန်ဖြေသည်။

“အားလုံးပဲ အထင်မလွဲကြပါနဲ့။ ခင်ဗျားတို့ စုမိသားစုရဲ့ မိုင်းတွင်းကို စောင့်ကြည့်နေတာကို မတော်တဆ တွေ့လိုက်လို့ပါ။ ကျနော်လည်း စုမိသားစုနဲ့ ရန်ငြိုးရှိတာကြောင့် ခင်ဗျားတို့နဲ့ ပူးပေါင်းပြီး လှုပ်ရှားချင်လို့ပါ”

ထို ၆ ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စုန့်ဝမ်၏ အဖြေမှာ သူတို့ မမျှော်လင့်ထားသော အဖြေဖြစ်နေသည်။

“မိတ်ဆွေ... မင်းနဲ့ ငါတို့က မသိကြဘူး။ မင်းကို ဘယ်လို ယုံကြည်ရမလဲ၊ မင်းက စုမိသားစုရဲ့ သူလျှို ဖြစ်နေရင်ရော” ဟု စာပေသမားက ပြန်မေးသည်။

“ကျနော်သာ စုမိသားစုလူဆိုရင်၊ သူတို့ကို လျှို့ဝှက် သတင်းပို့ပြီး ခင်ဗျားတို့ကို ဖမ်းခိုင်းမှာပေါ့”

“မင်းက ငါတို့ လူစုံအောင် စောင့်ပြီး ထောင်ချောက်ထဲ ဆွဲခေါ်သွားဖို့ ကြံစည်နေတာလည်း ဖြစ်နိုင်တာပဲ” ဟု အမျိုးသမီး ကျင့်ကြံသူက ရုတ်တရက် ကြားဖြတ်ပြောသည်။

ထိုစကားကြောင့် စုန့်ဝမ်မျက်လုံးများ တောက်ပသွားသည်။ သူထင်သည့်အတိုင်း ဤသူများ၏ နောက်ကွယ်တွင် အခြားလူများ ရှိနေသေးသည့်သဘောပင်။ ထို ၆ ဦး၏ အင်အားဖြင့်ဆိုလျှင် သွေးသလင်းကျောက်မိုင်းတွင်းကို အမှန်တကယ် ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ အကယ်၍ သူတို့နောက်ကွယ်တွင် ပို၍ အင်အားကြီးသော အဖွဲ့အစည်း ရှိနေလျှင်မူ ၎င်းမှာ ခြိမ်းခြောက်မှု ဖြစ်လာနိုင်သည်။

တစ္ဆေဈေးမှ သတင်းများအရ ရ စုမိသားစုသည် သွေးသလင်းကျောက်မိုင်းတွင်းတွင် အခြေတည် နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ဦးကို အမြဲတမ်း တာဝန်ချထားသည်။

“ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်ဖို့ ခက်နေပုံရတယ်။ အဲဒါဆိုရင်လည်း သွားလိုက်ပါဦးမယ်။ မဆုံဖူးဘူးလို့ပဲ မှတ်ယူလိုက်ကြပါ”

ထိုသို့ပြောပြီးနောက် စုန့်ဝမ် လှည့်ထွက်ရန် ပြင်လိုက်သည်။

“လာချင်တိုင်းလာ၊ သွားချင်တိုင်းသွားလို့ ရမယ်လို့ ထင်နေတာလား၊ အဲဒီလောက် မလွယ်ဘူး” ဟု အမျိုးသမီး ကျင့်ကြံသူက ငေါက်လိုက်သည်။

စုန့်မ်က ခပ်ပြုံးပြုံးဖြင့် “မိတ်ဆွေ... ဒီနေရာမှာ အစွမ်းပြနေဖို့ မလိုပါဘူး။ အကယ်၍ ခင်ဗျားတို့ တိုက်ခိုက်ချင်ရင် စောစောကတည်းက တိုက်ခိုက်ပြီးလောက်ပြီ။ မိုင်းတွင်းနဲ့ အရမ်းနီးကပ်နေလို့ မိုက်မိုက်ကန်းကန်း မလုပ်ရဲကြတာ မဟုတ်လား။ လုပ်ခဲ့ရင် စုမိသားစုက သိသွားလိမ့်မယ်။ အဲဒီအခါကျရင် ခင်ဗျားတို့ မိုင်းတွင်းကို တစ်ခုခုလုပ်ဖို့ ခက်ခဲသွားလိမ့်မယ်”

စာပေသမားက ကြားဝင်တားရင်း “ငါ့အထင်တော့ ဒီမိတ်ဆွေက စုမိသားစုက မဟုတ်ဘူး။ ငါတို့နောက်ကို လိုက်လာတာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်လောက်ဘူး။ သူက သတင်းယူပြီး ငါတို့ မိုင်းတွင်းကို တိုက်တဲ့အခါကျရင် အခွင့်ကောင်းယူချင်တာပဲ ဖြစ်မယ်” ဟု ဆိုသည်။

စုန့်ဝမ်ကလည်း ဖုံးကွယ်မနေတော့ဘဲ ဝန်ခံလိုက်သည်။

“မိတ်ဆွေက လူအကဲခတ် တော်တာပဲ။ ငါတို့ကြားမှာ ပူးပေါင်းဖို့ ဖြစ်နိုင်ခြေမရှိရင်လည်း ငါ သွားပြီ။ မဆုံဖူးဘူးလို့ပဲ သတ်မှတ်လိုက်ကြပါစို့”

“မိတ်ဆွေ... ခဏနေဦး။”

စာပေသမားက စုန့်ဝမ်ကို ရုတ်တရက် လှမ်းခေါ်လိုက်သည်။

“စုမိသားစုကို ပူးပေါင်းတိုက်ခိုက်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ အကယ်၍ မင်းမှာ သတ္တိရှိရင်၊ နောက် ၃ ရက် နေ့လယ်အချိန်မှာ ဆွေးနွေးဖို့ ဒီနေရာမှာပဲ ပြန်ဆုံကြမယ်”

“ကောင်းပါပြီ၊ ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်”

စကားဆုံးသည်နှင့် စုန့်ဝမ်သည် ထူထပ်သော တောအုပ်အတွင်းသို့ အလျင်အမြန် ပျောက်ကွယ်သွားသည်။

အမျိုးသမီး ကျင့်ကြံသူက စာပေသမားကို သံသယဖြင့် ကြည့်ကာ မေးသည်။

“ဘယ်ကလာမှန်း မသိ၊ ဘယ်သူမှန်း မသိဘဲနဲ့၊ ဘာလို့ အလွယ်တကူ ယုံကြည်လိုက်ရတာလဲ”

“ငါ သူ့ကို ယုံကြည်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူက စုမိသားစုက မဟုတ်တာတော့ သေချာတယ်။ ငါက သူ့ကို လှည့်စားလိုက်တာ၊ နောက် ၃ ရက်မှ ငါတို့ လှုပ်ရှားမယ်လို့ သူ ယုံသွားအောင် လုပ်လိုက်တာ။ နောက် ၃ ရက်နေရင် စုမိသားစုရဲ့ သွေးသလင်းကျောက် မိုင်းတွင်းက ငါတို့လက်ထဲ ရောက်ပြီးသား ဖြစ်နေလိမ့်မယ်။ သွားကြစို့”

ထိုလူစုလည်း ချက်ချင်း ထွက်ခွာသွားကြသည်။

မိုင်အနည်းငယ် အကွာတွင် ရှိနေသော စုန့်ဝမ်သည် အဆင့်မြင့်ကူမှတဆင့် ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေခဲ့သည်။ စောစောက ဟန်ဆောင်ခဲ့ခြင်းမှာ အချည်းနှီး မဖြစ်ခဲ့ပေ၊ အသုံးဝင်သော သတင်းအချက်အလက်များကို ရရှိခဲ့ပြီ ဖြစ်သည်။ ထိုသူများ၏ လှုပ်ရှားမှုမှာ နောက် ၂ ရက်အတွင်း စတင်နိုင်ခြေ ရှိသည်။

…..

သွေးသလင်းကျောက်မိုင်းတွင်းနှင့် ဝေးရာသို့ တိတ်တဆိတ် ထွက်ခွာလာပြီးနောက် စုန့်ဝမ်သည် ချင်းဖျင်တောင်သို့ ပြန်လာခဲ့သည်။

ချင်းဖျင်တောင်သို့ ရောက်သောအခါ စုန့်ဝမ်သည် ဆေးဖော်စပ်ဆောင်ရှိရာသို့ တိုက်ရိုက် သွားခဲ့သည်။

“တာဝန်ခံစု ... ကျနော့် သူငယ်ချင်းတစ်ယောက် ရောက်နေလို့ ၃ ရက်လောက် ခွင့်ယူချင်ပါတယ်ဗျာ”

စူးဟွာယွဲ့သည် ဆေးဖော်စပ်ဆောင်တွင် စာရင်းများကို စစ်ဆေးနေရင်း စိတ်ရှုပ်သွားသည်။ လူသစ်ယွမ်ချန် စုမိသားစုသို့ ရောက်သည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း ခွင့်ခဏခဏ ယူနေသဖြင့် သူမကို စိတ်တိုစေသည်။

“ဆရာယွမ်... လကုန်တဲ့အခါ သတ်မှတ်ထားတဲ့ ဆေးလုံးတွေ မပေးနိုင်ရင် လစာထဲက ဖြတ်တောက်ခံရမယ်နော်”

စုန့်ဝမ်မျက်နှာမှာ ဝေခွဲမရဖြစ်နေပြီး တွန့်ဆုတ်နေသော အမူအရာ ပေါ်လာသည်။ ခဏအကြာတွင်မှ “သတိပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နှစ်အတော်ကြာ မတွေ့ရတဲ့ သူငယ်ချင်းဟောင်း ရောက်လာတာမို့၊ ထွက်မတွေ့ခဲ့ရင် ယဉ်ကျေးမှု မရှိရာ ကျပါလိမ့်မယ်။ တာဝန်ခံအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြန်ဖြေသည်။

စုဟွာယွဲ့သည် မျက်မှောင်ကြုတ်ကာ စုန့်ဝမ်ကို စိတ်ကုန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။

“သွားပါ၊ သွားပါ … ရှင် လစာဖြတ်ခံရတာက ကျွန်မလစာနဲ့မှ မဆိုင်တာ။ ဒါပေမဲ့ မှတ်ထားပါ၊ အပြင်လူတွေ ခေါ်မလာနဲ့”

စုန့်ဝမ် အလျင်အမြန် ဦးညွှတ် ကျေးဇူးတင်လိုက်သည်။

“ကျေးဇူးတင်ပါတယ် တာဝန်ခံစု။ စိတ်ချပါ၊ ကျနော် သူငယ်ချင်းကို စုမိသားစုထဲ ခေါ်မလာပါဘူး။ သူ့ကို မြောက်ဘက်ဈေးမြို့မှာပဲ တည်းခိုင်းပါ့မယ်။”

...

All Chapters