တိုက်ပွဲစပြီ
Vol. 14 Ch. 149
ဆေးဖော်စပ်ဆောင်မှ ထွက်လာပြီးနောက် စုန့်ဝမ်သည် နေအိမ်သို့ ပြန်ကာ ပစ္စည်းအချို့ကို သိမ်းဆည်းပြီးနောက် မြောက်ဘက်ဈေးမြို့သို့ ဦးတည်သွားခဲ့သည်။ ဈေးထဲတွင် အကြိမ်အနည်းငယ် ပတ်ပြီးနောက် ရုပ်ဖျက်ကာ သွေးသလင်းကျောက် မိုင်းတွင်းရှိရာသို့ ထွက်ခွာခဲ့သည်။
မိုင်းတွင်းနှင့် ၁၀ မိုင်အကွာ ရောက်သည်နှင့် အဆင့်မြင့်ကူ ၆ ကောင်ကို လွှတ်၍ မိုင်းတွင်းဧရိယာ၏ ပတ်ဝန်းကျင်နှင့် လှုပ်ရှားမှုများကို စောင့်ကြည့်စေသည်။ သူကိုယ်က ဂူတစ်ခုကို ရှာဖွေပြီး ဝိညာဉ်ဖုံးကွယ်အစီအရင်နှင့် ကိုးနန်းယင်အစီအရင်တို့ကို တည်ဆောက်ကာ ခိုအောင်းနေခဲ့သည်။ စောင့်ကြည့်ရင်း အချိန်ကို အကျိုးမဲ့ မကုန်စေလိုသဖြင့် ဆေးဖော်စပ်အိုးကို ထုတ်၍ ဆေးဖော်စပ်ခြင်းကို စတင်လိုက်သည်။
စုမိသားစုသို့ မလာမီက စုန့်ဝမ်သည် တစ္ဆေဈေးမှ သွေးအနှစ်နှင့် သားရဲသန့်စင်ဆေးများကို အများအပြား ဝယ်ယူခဲ့သည်။ ယခုအခါ ဆေးနှစ်မျိုးလုံး ကုန်လုနီးပါး ဖြစ်နေသဖြင့် စောင့်ဆိုင်းနေရချိန်ကို အသုံးချ၍ ဆေးဖော်ရန် စတင်လိုက်သည်။
စုမိသားစု၏ ဝိညာဉ်သတ္တုတွင်းကို အဆိုပါအုပ်စု မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို စုန့်ဝမ် မသေချာပေ။ ဆေးဖော်နေစဉ် တိုက်ခိုက်မှု စတင်ပါက ဆေးဖော်စပ်မှု ရပ်ရမည် ဖြစ်သဖြင့် ဝိညာဥ်ဆေးပင်များ အလဟဿ မဖြစ်စေရန် အချိန်သိပ်မပေးရသော သွေးချီဆေးလုံးကိုသာ ဖော်စပ်ခဲ့သည်။ သားရဲသန့်စင်ဆေးများ ကုန်သွားလျှင် ငွေရောင်ကျောက်များဖြင့် အစားထိုးနိုင်သဖြင့် အရေးတကြီး ဖော်စပ်ရန် မလိုပေ။
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နာရီအနည်းငယ် အကြာတွင် ပထမဆုံး သွေးချီဆေးလုံး တစ်သုတ်ကို ဖော်စပ်နိုင်ခဲ့သည်။ ခေတ္တခဏ အနားယူပြီးနောက် ဒုတိယတစ်သုတ်ကို ဖော်စပ်ရန် ပြင်ဆင်နေစဉ် အပြင်ဘက်ရှိ အဆင့်မြင့်ကူများထံမှ သတင်းပို့ချက် ရောက်လာသည်။
မိုင်းတွင်းဧရိယာ၏ မြောက်ဘက်တွင် လေလွင့်ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့ ပေါ်လာပြီး အရေအတွက်မှာ ၁၀ ဦးထက်မနည်း ရှိကာ အားလုံးမှာ အခြေတည်အဆင့်များ ဖြစ်ကြသည်။ ထိုအထဲတွင် စုန့်ဝမ် ယခင်က တွေ့ခဲ့သော ကျင့်ကြံသူ ၆ ဦးလည်း ပါဝင်သည်။
ဤအချိန်တွင် သန်းခေါင်ယံ အချိန်ကျော်လွန်နေပြီဖြစ်ကာ ထူထပ်သော တောအုပ်မှာ မှောင်အတိ ကျနေသည်။ လေလွင့်ကျင့်ကြံသူအဖွဲ့မှာ ရှင်းလင်းသော ပစ်မှတ်ရှိပြီး မိုင်းတွင်း၏ အလယ်ဗဟိုသို့ တိုက်ရိုက် ဦးတည်သွားကြသည်။ စုမိသားစုအစောင့် အနည်းငယ်ကို သတ်ဖြတ်ခြင်းမှလွဲ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း မပြုလုပ်ကြဘဲ တိတ်တဆိတ်သာ လှုပ်ရှားနေကြသည်။
လေလွင့်ကျင့်ကြံသူများ၏ ခေါင်းဆောင်မှာ ဆံပင်ဖြူဖြူနှင့်အဖိုးအိုတစ်ဦး ဖြစ်ပြီး အခြေတည် နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်သည်။
ထိုအဖိုးအိုက ခြံဝန်းအတွင်း မရောက်မီ သူ့ခါးရှိ သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဒုတိယအဆင့် တစ္ဆေစစ်သူကြီးတစ်ဦး ရုတ်တရက် ပေါ်လာသည်။ တစ္ဆေစစ်သူကြီးက ထွက်ပေါ်လာသည်နှင့် ၎င်း၏ လက်သည်းများကို မြှောက်ကာ ခြံဝန်း၏ အစီအရင် အကာအကွယ်ကို တိုက်ခိုက်လိုက်သည်။
အစီအရင် အကာအကွယ်မှာ တိုက်ခိုက်ခံလိုက်ရသဖြင့် စူးရှသော ရွှေရောင်အလင်းတန်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ရွှေရောင်အလင်းမှာ တစ္ဆေစစ်သူကြီးပေါ် ကျရောက်သွားရာ ၎င်းကို အလွန်အမင်း နာကျင်စေသဖြင့် အလျင်အမြန် ပြန်ဆုတ်သွားခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာသော ဆူညံသံကြောင့် တိုက်ခိုက်ခံနေရပြီဖြစ်ကြောင်း စုမိသားစုဝင်များ သိရှိသွားကြသည်။ စုမိသားစုဝင် တစ်ဒါဇင်ခန့် ခြံဝန်းအလယ် မြေကွက်လပ်တွင် ပေါ်လာကြပြီး၊ ကောင်းကင်ပေါ်ရှိ လေလွင့်ကျင့်ကြံသူအဖွဲ့ကို မော့ကြည့်လိုက်ကြသည်။
အခြေတည် နောက်ဆုံးအဆင့် စုမိသားစု ကျင့်ကြံသူက ဆံဖြူအဖိုးအိုကို မြင်သောအခါ အကြီးအကျယ် ဒေါသထွက်သွားသည်။
“ကျင့်လု … မိစ္ဆာကောင် နောက်တစ်ခါ ထပ်လာပြန်ပြီလား။ ငါတို့စုမိသားစုကို ခဏခဏ လာနှောင့်ယှက်နေတာ၊ ငါတို့ဆီမှာ မင်းကို နှိမ်နင်းမယ့်လူ မရှိဘူးလို့ ထင်နေတာလား”
ကျင့်လုက အေးစက်စက်ရယ်ရင်း ပြောလာသည်။
“ငါလည်း မင်းတို့ စုမိသားစုနဲ့ မပတ်သက်ချင်ဘူး။ လူတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ပြီး ကျင့်ကြံနေကြတာပဲ။ ဒါပေမဲ့ မင်းတို့ စုမိသားစုက မိစ္ဆာတွေကို နှိမ်နင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါ့ဂိုဏ်းကို ဖျက်ဆီးပြီး ငါ့တပည့်တွေကို သတ်ခဲ့တာလေ။ အဲဒီအတွက် ပြန်ပေးဆပ်ရမှာပေါ့”
ထို့နောက် ကျင့်လုက သူ့အဖွဲ့ကို လက်ယမ်းပြလိုက်သည်။
“ကဲ .. ငါ့လူတို့ ဒီလိပ်ခွံကြီးကို ဖျက်ဆီးကြစို့”
ကျင့်လုနှင့်အဖွဲ့ မရပ်မနား တိုက်ခိုက်မှုကြောင့် အစီအရင် အကာအကွယ် တဖြည်းဖြည်း အားနည်းလာသည်။
စုကျင့်ရှူး၏မျက်နှာတွင် စိုးရိမ်မှုများ ထင်ဟပ်လာသည်။
“ကျင့်လု ... မင်းဘဝင်မြင့်မနေနဲ့။ မင်းတို့အုပ်စုလောက်နဲ့ သွေးသလင်းကျောက်မိုင်းတွင်းကို တိုက်နိုင်မယ်လို့ ထင်နေတာလား၊ မင်း အိမ်မက်မက်နေတာပဲ။ ငါ မိသားစုဘိုးဘေးကို အကြောင်းကြားပြီးပြီ။ ဘိုးဘေးစုချန် မကြာခင် ရောက်လာလိမ့်မယ်။ ဒီတစ်ခါတော့ မင်းတို့ လွတ်မှာ မဟုတ်ဘူး”
စုကျင့်ရှူး၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသော်လည်း ကျင့်လုမှာ တုန်လှုပ်ခြင်း မရှိပေ။
“ဟဲ ဟဲ ... စုကျင့်ရှူး၊ အနှစ်မရှိတဲ့ စကားတွေနဲ့ ငါတို့ကို လာမခြောက်နဲ့။ အဖိုးကြီးစုချန် သက်တမ်း ကုန်လုနီးပါး ဖြစ်နေတာ လူတိုင်း သိတာပဲ။ အခုချိန်ဆို သူက တစ်နေရာရာမှာ ပုန်းပြီး အသက်ဆက်ဖို့ ကြိုးစားနေမှာပေါ့။ ဒီမိုင်းတွင်းကို ဘယ်လိုလုပ် ဂရုစိုက်နိုင်မှာလဲ”
“တတိယအကြီးအကဲ ... ကျွန်မတို့ အခု ဘာလုပ်ကြမလဲ” ဟု အခြေတည် အလယ်အလတ်အဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးက မေးသည်။
စုကျင့်ရှူးသည် ထိုအမျိုးသမီးကျင့်ကြံသူဘက်သို့ လှည့်ကာ သူ့လက်မှ သိုလှောင်လက်စွပ်ကို ချွတ်၍ ပေးလိုက်သည်။
“ဒီလက်စွပ်ထဲမှာ သွေးသလင်းကျောက် တစ်သောင်း ရှိတယ်။ ဒါကို နောက်နှစ်ရက်နေရင် မိသားစုဆီ ပြန်ပို့ဖို့ လုပ်ထားတာ။ ကျင့်လုက ဒါကို သိလို့ အခု လာတိုက်တာပဲ၊ သူ့ပစ်မှတ်က ဒီသွေးကျောက်သလင်းတွေပဲ။ ဒီလက်စွပ်ကို လုံခြုံအောင် ထိန်းထားပါ။ အစီအရင် ပျက်သွားတာနဲ့ ငါ မင်းအတွက် လမ်းဖွင့်ပေးမယ်၊ မင်း ချင်းဖျင်တောင်ကို အမြန်ဆုံး ထွက်ပြေးပါ။ စုယီ .. မင်း မှတ်ထားရမှာက ဘာပဲဖြစ်ဖြစ် အသက်ရှင်အောင်နေပြီး ဒီလက်စွပ်ကို မိသားစုဆီ အရောက်ပြန်ယူသွားရမယ်”
စုယီက သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး အလေးအနက် ကတိပေးလိုက်သည်။
“စိတ်ချပါ၊ ကျွန်မ သွေးသလင်းကျောက်တွေကို မိသားစုဆီ အရောက်ယူသွားပါ့မယ်”
ခဏအကြာတွင် အခြေတည်အဆင့် ကျင့်ကြံသူ ၁၀ ဦးကျော်၏ တိုက်ခိုက်မှုကြောင့် အစီအရင် အကာအကွယ်မှာ ကျယ်လောင်သော အသံနှင့်အတူ ကျိုးပျက်သွားတော့သည်။
“သတ်ကြ”
ကျင့်လုက တစ္ဆေစစ်သူကြီးနှင့်အတူ စုကျင့်ရှူးထံသို့ တိုက်ရိုက် ပြေးဝင်သွားသည်။ အခြားသူများကလည်း စုမိသားစုဝင်များကို တိုက်ခိုက်ကြသည်။
စုမိသားစုတွင် ကျင့်ကြံသူ အများအပြား ရှိသော်လည်း အခြေတည်အဆင့် ကျင့်ကြံသူ ၈ ဦးသာ ရှိပြီး၊ လေလွင့်ကျင့်ကြံသူများမှာ ၁၄ ဦး ရှိသဖြင့် အသည်းအသန် ခုခံနေရသည်။ စုမိသားစု၏ အခြေခံ ခိုင်မာမှုကြောင့် အခြေတည်အဆင့် ကျင့်ကြံသူတိုင်းတွင် အစွမ်းထက်သော ဝိညာဉ်လက်နက်များ ရှိနေသဖြင့်သာ အချိန်တစ်ခုထိ တောင့်ခံထားနိုင်ခဲ့သည်။
သို့သော် စုမိသားစု၏ ချီစုစည်းခြင်း ကျင့်ကြံသူများမှာမူ ကာကွယ်ပေးမည့်သူမရှိသဖြင့် ခဏအတွင်းမှာပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရသည်။
စုကျင့်ရှူးသည် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်ဓားပျံကို အသုံးပြုကာ ကျင့်လုနှင့် တစ္ဆေစစ်သူကြီးကို ခဏမျှ ဖိနှိပ်ထားနိုင်သည်။ ကျင့်လုတို့ကို နောက်သို့ တွန်းထုတ်ပြီးနောက်၊ စုကျင့်ရှူးသည် ရုတ်တရက် စုယီ၏ရှေ့တွင် သွားရပ်ကာ လေလွင့်ကျင့်ကြံသူ နှစ်ဦး၏ တိုက်ခိုက်မှုကို ဟန့်တားပေးလိုက်ရင်း“သွားတော့”ဟု အမိန့်ပေးလိုက်သည်။
စုယီလည်း ဓားပျံကို စီနင်း၍ ချင်းဖျင်တောင်သို့ ထွက်ပြေးတော့သည်။ စုယီ ထွက်ပြေးရန် ကြိုးစားနေသည်ကို မြင်သောအခါ ကျင့်လုနှင့် ရှောနန်ဆိုသူ ကျင့်ကြံသူတို့က ချက်ချင်းပင် လိုက်လံ ဖမ်းဆီးကြသည်။
ရှောနန်၏ လက်နက်မှာ ဝိညာဉ်ဖြိုခွဲဆူးဟု ခေါ်သော အဆင့်နိမ့် ဝိညာဉ်လက်နက် ဖြစ်သည်။ ထိုဆူးမှာ ၂ လက်မခန့် ရှည်ပြီး နီရဲနေကာ၊ တိုက်ခိုက်ပါက ထောင်သာင်းချီနေသော အငြိုးကြီးတစ္ဆေများ ငိုကြွေးနေသကဲ့သိုအသံများ ထွက်ပေါ်လာပြီး စိတ်ကို အနှောင့်အယှက်ဖြစ်စေသော မိစ္ဆာဝိညာဉ်လက်နက် ဖြစ်သည်။
ဝိညာဉ်ဖြိုခွဲဆူးမှာ လေထဲသို့ ပျံတက်သွားပြီး နောက်ဘက်မှ စုယီကို ပစ်မှတ်ထား တိုက်ခိုက်သည်။ တချိန်တည်းမှာပင် ကျင့်လု၏ တစ္ဆေစစ်သူကြီးကလည်း တစ္ဆေပုံရိပ်များစွာ ဖန်တီးကာ စုယီနောက်သို့ အရှိန်ပြင်းပြင်းဖြင့် လိုက်ဖမ်းတော့သည်။
နောက်ဘက်မှ ကြီးမားသော ဖိအားကို ခံစားလိုက်ရသဖြင့် စုယီ တုန်လှုပ်သွားပြီး၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် အပြာရောင်ဒိုင်းတစ်ခု အမြန်ထုတ်လိုက်သည်။ တချိန်တည်းမှာပင် ဓားပျံကို ထိန်းချုပ်ကာ တစ္ဆေစစ်သူကြီးကို တိုက်ခိုက်ရန် ပြင်လိုက်သည်။
“စုယီ .. ဆက်သွား .. ငါတားထားပေးမယ်”
စုကျင့်ရှူး၏အသံ ရုတ်တရက် ထွက်ပေါ်လာပြီး၊ ထိပ်တန်းအဆင့် ဝိညာဉ်ဓားက ဝိညာဉ်ဖြိုခွဲဆူး၏ ရှေ့သို့ ရောက်ရှိလာပြီး ရိုက်ထုတ်လိုက်ကာ၊ တစ္ဆေစစ်သူကြီးကိုပါ တိုက်ခိုက်လိုက်သည်။
အသက်အန္တရာယ်မှ လွတ်မြောက်သွားသော စုယီလည်း ချက်ချင်းပင် အရှိန်အပြည့်ဖြင့် ထွက်ပြေးသွားသည်။
စုယီ ဘေးကင်းသွားသော်လည်း ကျန်ရှိသော စုမိသားစု ကျင့်ကြံသူများမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ ရန်သူ့အင်အားက နှစ်ဆနီးပါး သာလွန်နေသဖြင့် အခြေအနေ ပို၍ ဆိုးရွားလာသည်။ ခဏအတွင်းမှာပင် စုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူ ၂ ဦး သေဆုံးသွားသည်။
လေလွင့်ကျင့်ကြံသူများ၏ စိတ်ဓာတ်မှာ ချက်ချင်း မြင့်တက်သွားသည်။ စုမိသားစု ကျင့်ကြံသူများမှာမူ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေပြီး ထွက်ပြေးရန် အခွင့်အရေးကိုသာ ရှာနေကြတော့သည်။
ထိုအချိန်တွင် စုယီမှာ ဆယ်မိုင်အကွာသို့ ပျံသန်းသွားပြီဖြစ်ကာ စုန့်ဝမ် ပုန်းအောင်းနေသောဂူနှင့် နီးကပ်လာသည်။
အကျဥ်းအကြပ်ထဲ ရောက်နေချိန် ရှောနန်နှင့် ကျင့်လုကို ဟန့်တားနေသော စုကျင့်ရှူးက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“စုယီ... သွေးသလင်းကျောက် တစ်သောင်းနဲ့ သွေးသလင်းကျောက်အမြုတေ ၁၀၀ ကို မိသားစုဆီ အရောက်ယူသွား။ အဲဒါ မိသားစုအတွက် အရမ်းအရေးကြီးတယ်၊ ဆုံးရှုံးလို့ မဖြစ်ဘူး”
စုကျင့်ရှူး၏ အသံမှာ ကျယ်လောင်လွန်းပြီး မိုင်းတွင်းနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ စုယီသာမက လေလွင့်ကျင့်ကြံသူများပါ ကြားလိုက်ရသည်။
ဓားပျံစီး၍ ထွက်ပြေးနေသော စုယီမှာ ရုတ်တရက် ယိမ်းယိုင်သွားပြီး ကောင်းကင်ပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ စုကျင့်ရှူးက သူမကို သေတွင်းထဲ ထည့်လိုက်ခြင်းပင်။
ထိုစကားကို ကြားလိုက်ရသော လေလွင့်ကျင့်ကြံသူ အားလုံး၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားသည်။
သွေးသလင်းကျောက်အမြုတေ အခု ၁၀၀။ ယခင်က ကျင့်လု ပြောပြထားသည်မှာ စုမိသားစုသည် တစ်လလျှင် တစ်ကြိမ် သွေးသလင်းကျောက် တစ်သောင်းခန့် ပို့ဆောင်လေ့ရှိသည်ဟု ဆိုသည်။ ကျင့်လုက ထိုသွေးသလင်းကျောက်များကို အညီအမျှ ခွဲဝေပေးမည်ဟု ကတိပေးထားသဖြင့် တစ်ဦးလျှင် ၇၀၀ ကျော် ရမည်ဖြစ်သည်။
ယခုအခါ မမျှော်လင့်ဘဲ သွေးသလင်းကျောက်အမြုတေ သတင်းက ထွက်လာပြန်သည်။ ၎င်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သန်းနှင့်ချီ တန်ဖိုးရှိသည်။ ကျင့်လုက အမှန်တရားကို ဖုံးကွယ်ပြီး သွေးသလင်းကျောက်အမြုတေကို တစ်ယောက်တည်း ယူဖို့ ကြံနေသည်လား၊ သို့မဟုတ် စုမိသားစုက ရုတ်တရက် ရတနာသိုက်ကို ရှာတွေ့သွားတာလား။ လေလွင့်ကျင့်ကြံသူများမှာ တွေဝေသွားပြီး စုယီထံသို့ လောဘတကြီး ကြည့်လိုက်ကြသည်။
အနီးဆုံးလူများမှာ ရှောနန်နှင့် ကျင့်လုတို့ ဖြစ်ပြီး သူတို့နှစ်ဦးစလုံးလည်း ဤသတင်းကြောင့် ဇဝေဇဝါ ဖြစ်သွားကြသည်။ သူတို့ သိထားသော သတင်းများအရ သွေးသလင်းကျောက်အနှစ်မှာ အလွန်ရှားပါးပြီး၊ တစ်လလုံး ရှာလျှင်ပင် တစ်ခါတစ်ရံ တစ်ခုမှ မတွေ့ရတတ်ပေ။
ရှောနန်မှာ စုကျင့်ရှူး၏ စကားကို သံသယရှိသော်လည်း၊ သူ့လောဘကမူ စုယီအပေါ်တွင်သာ အာရုံရောက်နေသည်။ သန်းနှင့်ချီသော ဝိညာဉ်ကျောက်များ၏ ဆွဲဆောင်မှုမှာ အလွန်ကြီးမားလှသည်။ ခဏတာ စဥ်းစားပြီးနောက် လောဘကသာ နောက်ဆုံးတွင် အနိုင်ရသွားပြီး ရှောနန်သည် စစ်မြေပြင်ကို စွန့်ခွာပြီး စုယီနောက်သို့ လိုက်သွားတော့သည်။ ရှောနန် စုယီနောက် လိုက်သွားသည်နှင့် ကျန်လေလွင့်ကျင့်ကြံသူများလည်း တစ်ဦးပြီးတစ်ဦး စုယီနောက်သို့ လိုက်ကြတော့သည်။
စုယီနောက် လိုက်ပါသွားသော လေလွင့်ကျင့်ကြံသူများကို ကြည့်ရင်း ကျင့်လု စိတ်ပျက်သွားသည်။ စုကျင့်ရှူး၏ စကားမှာ ဘယ်လိုမှ မမှန်နိုင်မှန်း သူ သိသည်။ သို့သော် လေလွင့်ကျင့်ကြံသူများ၏ လောဘမှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သဖြင့်၊ ကျင့်လုလည်း တားဆီးဖို့ မဝံ့ရဲပေ။ သူတစ်ယောက်တည်း ဆက်လက်တိုက်ခိုက်ရန် မဖြစ်နိုင်သဖြင့် တစ္ဆေစစ်သူကြီးကို ပြန်ခါ်ယူပြီး ဆုတ်ခွာလိုက်ရသည်။
စုကျင့်ရှူးလည်း ကျန်ရှိသော စုမိသားစု၏ အခြေတည်ကျင့်ကြံသူ ၄ ဦးကို ခေါ်ယူပြီး စုယီ ထွက်သွားရာနှင့် ဆန့်ကျင်ဘက်သို့ ထွက်ခွာသွားသည်။ သူတို့ ထွက်သွားသောကြောင့် မိုင်းတွင်းနယ်မြေတစ်ခုလုံး အကာအကွယ်မဲ့သွားသည်။
ကျင့်လုသည် သူ့ဒေါသကို မိုင်းတွင်းအတွင်းရှိ မိုင်းတွင်းကျွန်သေမျိုးများပေါ် ပုံချလိုက်သည်။ တစ္ဆေစစ်သူကြီးသည် မိုင်းတွင်းကျွန်များ နေထိုင်ရာ တဲများအတွင်းသို့ ပြေးဝင်ကာ မြင်မြင်သမျှ လူတိုင်းကို ရက်ရက်စက်စက် သတ်ဖြတ်တော့သည်။ သေမျိုးများ သေဆုံးသောအခါ သူတို့၏ဝိညာဥ်များ ခန္ဓာကိုယ်မှ အလိုအလျောက် ထွက်ခွာသွားကြသည်။ တစ္ဆေစစ်သူကြီးက ထိုဝိညာဉ်များကို ဖမ်းယူကာ အရသာရှိသော စားသောက်ပွဲကြီး ကျင်းပသကဲ့ အားပါးတရ ဝါးမြိုနေသည်။
မိုင်းတွင်းနယ်မြေ တစ်ခုလုံးတွင် မိုင်းတွင်းကျွန် သောင်းနှင့်ချီ ရှိသည်။ တစ္ဆေစစ်သူကြီးသည် လွယ်လင့်တကူ သတ်ဖြတ်နိုင်သော်လည်း ဝိညာဉ်ထောင်ဂဏန်းခန့်ကိုသာ ဝါးမြိုနိုင်ခဲ့သည်။ တစ္ဆေကျင့်ကြံသူဖြစ်သော ကျင့်လုသည် ကျန်ရှိသော ဝိညာဉ်များကို အလဟဿ အဖြစ်မခံပေ။ လေထဲတွင် ပျံဝဲရင်း အနက်ရောင် ဝိညာဉ်ဖမ်းအလံဖြင့် မိုင်းတွင်းကျွန်များ၏ ဝိညာဉ်များကို အတင်းအဓမ္မ ဖမ်းယူနေခဲ့သည်။
မကြာမီမှာပင် ကျင့်လု ဇဝေဇဝါ ဖြစ်သွားပြီး သံသယများ ပေါ်လာသည်။ ဝိညာဉ်ဖမ်းအလံဖြင့် သာမန်သေမျိုးများ၏ ဝိညာဉ်ကို ဖမ်းယူရန်မှာ အလွန်လွယ်ကူရမည် ဖြစ်သော်လည်း ယခု နှစ်ထောင်ဝန်းကျင်သာ ဖမ်းမိခဲ့သည်။ ဝိညာဉ်အမြောက်အမြားမှာ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားကြသည်။
……