← Chapters

တစ္ဆေဘုရင်

Vol. 14 Ch. 150

တစ္ဆေဘုရင်

Vol. 14 Ch. 150

ဤအချိန်တွင် စုယီနောက်သို့ လိုက်နေသော လေလွင့်ကျင့်ကြံသူများမှာ အောင်မြင်သွားကြပြီ ဖြစ်သည်။ စုယီမှာ အဆင့်တူ ကျင့်ကြံသူ ၁၀ ဦးကျော်၏ လိုက်လံ ဖမ်းဆီးမှုအား မည်သို့မျှ မခုခံနိုင်ခဲ့ပေ။ လေလွင့်ကျင့်ကြံသူများသည် စုယီ၏ သိုလှောင်လက်စွပ်အတွင်း၌ သွေးသလင်းကျောက် တစ်သောင်းသာ ရှိပြီး၊ သွေးသလင်းကျောက်အမြုတေ တစ်ခုမှ မရှိသည်ကို တွေ့လိုက်ရသည်။

လေလွင့်ကျင့်ကြံသူများ အလွန်ဒေါသထွက်သွားပြီး စုယီ၏ အလောင်းကို အစိတ်စိတ် အမွှာမွှာလုပ်ပစ်ကာ၊ ဝိညာဉ်ကိုလည်း ရှောနန်၏ ဝိညာဉ်ဖြိုခွဲဆူးဖြင့် ဖျက်ဆီးပစ်လိုက်ကြသည်။ ထို့နောက် သိုလှောင်လက်စွပ်ကို ယူဆောင်ကာ မိုင်းတွင်းနယ်မြေသို့ ပြန်ရန် ပြင်လိုက်ကြသည်။

ဂူအတွင်း ပုန်းအောင်းနေသော စုန့်ဝမ်သည် အရာအားလုံးကို ရှင်းလင်းစွာ မြင်တွေ့နေရသည်။ စုမိသားစု၏ အင်အားကို လျော့နည်းစေသရွေ့ စုန့်ဝမ်ကတော့ ဝမ်းသာနေမည်သာ ဖြစ်သည်။ သို့သော် ဖြစ်စဥ်တလျှောက်တွင် မည်သည့်နေရာတွင်မှ ပါဝင်ခြင်း မရှိသဖြင့် အကျိုးအမြတ်မရှိ ပွဲကြည့်ရုံသက်သက်ကဲ့သို့ ခံစားနေရသည်။

...

မိုင်းတွင်းနှင့် မိုင် ၂၀ အကွာ တောင်ခြေရင်းတွင် စုကျင့်ရှူးတို့အဖွဲ့မှာ သူတို့အော်ရာများကို ဖုံးကွယ်ပြီး ပုန်းနေကြသည်။

“တတိယအကြီးအကဲ၊ ဟိုကောင်တွေ မိုင်းတွင်းကို လုယက်ဖျက်ဆီးခွင့် ပေးလိုက်တော့မှာလား။ အဲဒါက ကျွန်တော်တို့ရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုလေ။ မိသားစုဆီ အကူအညီတောင်းပြီး ဒီလူဆိုးတွေကို နှိမ်နင်းသင့်တယ် မဟုတ်လား”

စုကျင့်ရှူးက ခေါင်းခါလိုက်သည်။

“ဘိုးဘေးက အခုလောလောဆယ် လှုပ်ရှားလို့ မရသေးဘူး၊ ပြီးတော့ မိသားစုက ပို့နိုင်တဲ့ ကျင့်ကြံသူတွေကလည်း အခြေတည်အဆင့်တွေပဲ။ သူတို့ ရောက်လာတဲ့အချိန်ဆိုရင် ဒီလူဆိုးတွေက ထွက်ပြေးသွားလောက်ပြီ”

“ဒါဆို ဒီကောင်တွေကို အလွယ်တကူ လွှတ်ပေးလိုက်မှာလား” ဟု စုမိသားစု ကျင့်ကြံသူတစ်ဦးက မကျေမနပ် မေးသည်။

စုကျင့်ရှူးမျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။

“အဲဒီလောက် မလွယ်ပါဘူး၊ စုမိသားစုကို လာရန်စတဲ့သူတွေ ထိုက်သင့်တဲ့တန်ဖိုး ပေးဆပ်ရမယ်။ ငါ ထွက်မလာခင်မှာ မိုင်းတွင်းအောက်မှာ တစ္ဆေဘုရင်ကို ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်ကို ဖွင့်ခဲ့ပြီးပြီ”

ကျန် ၄ ဦး၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားသည်။

“အဲဒီတစ္ဆေဘုရင်က လွန်ခဲ့တဲ့ အနှစ် ၃၀ က ဘိုးဘေးကိုယ်တိုင် ချိတ်ပိတ်ထားခဲ့တာလေ။ တစ္ဆေဘုရင် လွတ်လာရင် မိုင်းတွင်းနယ်မြေ တစ်ခုလုံး ပျက်စီးသွားလိမ့်မယ်။ ဟိုကောင်တွေက လုယက်ပြီးတာနဲ့ ပြန်ထွက်သွားကြမှာ။ မိုင်းတွင်း ပျက်စီးသွားရင် ပြန်တည်ဆောက်ဖို့ ပိုခက်သွားလိမ့်မယ်”

စုကျင့်ရှူးက တည်ငြိမ်နေဆဲပင်။

“ဘိုးဘေးက ဘာလို့ တစ္ဆေဘုရင်ကို မသတ်ဘဲ အပင်ပန်းခံပြီး ချိတ်ပိတ်ထားခဲ့တာလဲ မင်းတို့ သိလား”

“ဘိုးဘေးရဲ့ အင်အားက တစ္ဆေဘုရင်ကို သတ်ဖို့ မလုံလောက်လို့ ချိတ်ပိတ်ထားခဲ့တာ မဟုတ်ဘူးလား” ဟု စုမိသားစုဝင်တစ်ဦးက ဇဝေဇဝါ မေးသည်။

စုကျင့်ရှူးက နှာခေါင်းရှုံ့လိုက်သည်။

“လုံးဝ မဟုတ်ဘူး။ တစ္ဆေဘုရင်ကို ဖမ်းပြီး ချိတ်ပိတ်နိုင်ခဲ့ရင် ဘာလို့ မသတ်နိုင်ရမှာလဲ၊ တစ္ဆေဘုရင် ဆိုတာက မသေနိုင်တဲ့ အရာမှ မဟုတ်တာ။ ဘိုးဘေးက အဲဒီတုန်းက တစ္ဆေဘုရင်နဲ့ အပြင်းအထန် တိုက်ခိုက်ခဲ့တာ။ တစ္ဆေဘုရင်က ရှုံးသွားပြီး သူ့ဝိညာဉ် ဒဏ်ရာရခဲ့သလို၊ ဝိညာဥ်အမြုတေတောင် ကွဲအက်သွားခဲ့တယ်။ တစ္ဆေဘုရင်ရဲ့ ကျင့်စဉ်အဆင့်လည်း လုံးဝနီးပါး ကျဆင်းသွားခဲ့တာ။ ဘိုးဘေး သူ့ကို ဖမ်းပြီး မိုင်းတွင်းရဲ့ မြေအောက်အနက်ပိုင်းမှာ ချိတ်ပိတ်ခဲ့တယ်၊ ပြီးတော့ တစ္ဆေလမ်းစဉ်မဟာအစီအရင်ကို တည်ဆောက်ခဲ့တယ်။ မိုင်းတွင်းကျွန်တွေဆီက အမြဲတမ်း ထွက်ပေါ်နေတဲ့ နာကျည်းမှုစိတ်အော်ရာတွေ စုပ်ယူစေဖို့နဲ့၊ သေဆုံးသွားတဲ့ မိုင်းကျွန်တွေရဲ့ ဝိညာဉ်တွေကို ဝါးမြိုစေပြီး တစ္ဆေဘုရင်ရဲ့ဝိညာဉ် ပြန်ကောင်းလာပြီး၊ အမြုတေကို ပြန်တည်ဆောက်နိုင်အောင် ကူညီပေးဖို့ပဲ။ တစ္ဆေဘုရင် အင်အား ပြန်ပြည့်လာပြီး သူ့ကို ထိန်းချုပ်နိုင်သွားရင် ငါတို့ စုမိသားစုအတွက် တတိယအဆင့် တိုက်ခိုက်ရေးအင်အား တစ်ခု ထပ်တိုးလာမှာပေါ့”

အခြားစုမိသားစု ကျင့်ကြံသူများလည်း ယခုမှ စုဘိုးဘေး၏ အကြံအစည်ကို နားလည်သွားကြသည်။ စုကျင့်ရှူးက ဆက်ပြောပြသည်။

“ဒါပေမဲ့ အကြောင်းတစ်ခုခုကြောင့် အနှစ် ၃၀ ကြာပြီးတဲ့အထိ တစ္ဆေဘုရင်က ဝိညာဉ်ကိုပဲ ပြန်ကောင်းအောင် လုပ်နိုင်သေးတယ်။ ကွဲအက်နေတဲ့ ဝိညာဥ်အမြုတေကတော့ ပြန်မပြင်ရသေးဘူး။ သူ့ကို တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်လို့ပဲ သတ်မှတ်လို့ ရတော့တယ်”

ဝိညာဉ်အမြုတေဆိုသည်မှာ လူသားကျင့်ကြံသူများ၏ ရွှေအမြုတေ၊ မိစ္ဆာမျိုးနွယ်များ၏ မိစ္ဆာအမြုတေ၊ ဖုတ်ကောင်များ၏ အလောင်းကောင်အမြုတေများနှင့် ဆင်တူပြီး၊ စစ်မှန်သော တတိယအဆင့် တစ္ဆေဘုရင်မှသာ ဖန်တီးနိုင်သော အရာဖြစ်သည်။

“တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်ဆိုရင်တောင် မိုင်းတွင်းနယ်မြေကို ပြောင်းပြန်လှန်ပစ်ဖို့ လုံလောက်တာပဲ” ဟု တစ်ဦးက စိုးရိမ်တကြီး ပြောသည်။

စုကျင့်ရှူးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

“စိတ်ချပါ၊ ဘိုးဘေးက လွန်ခဲ့တဲ့ အနှစ် ၃၀ ကတည်းက သေချာစီစဥ်ခဲ့ပြီးသား”

စုကျင့်ရှူးက ပြောရင်း အနက်ရောင် အလံငယ်လေးတစ်ခုကို ထုတ်လိုက်သည်။

“ဒီအလံက ချိတ်ပိတ်အစီအရင်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်သလို၊ တစ္ဆေထိန်းချုပ်အလံလည်း ဖြစ်တယ်။ ငါတို့ ပူးပေါင်းပြီး အစီအရင်ကို ထိန်းချုပ်နိုင်ရင် ဒီအလံနဲ့ သူ့ကို ဖမ်းနိုင်တယ်။ ဒီတစ္ဆေဘုရင်က မြေအောက်မှာ နှစ်အတော်ကြာ ချိတ်ပိတ်ခံထားရတော့ အငြိုးအတေး အရမ်းကြီးနေပြီ။ စည်းတံဆိပ်ကို စဖွင့်လိုက်တာနဲ့ ထွက်လာလာချင်း ကျင့်လုတို့အုပ်စုကို ထိုးကျွေးပြီး နာကျည်းမှုတွေကို ဖြေဖျောက်ခိုင်းရမယ်။ ပြီးမှ ငါတို့က အကျိုးအမြတ်ကို ရယူကြတာပေါ့”

……

ကျင့်လုက ပြန်ရောက်လာသော လေလွင့်ကျင့်ကြံသူအုပ်စုကို ကြည့်ပြီး စိတ်ပျက်နေသည်။ လောဘကြီးပြီး အသိဉာဏ်နည်းပါးသော ထိုအုပ်စုမှာ စုကျင့်ရှူး၏ လှည့်ကွက်တစ်ခုအောက်တွင် အသုံးချခံလိုက်ရသည်။ ထို့ကြောင့် မူလအစီအစဉ်များ ပျက်စီးခဲ့ရပြီး စုကျင့်ရှူးနှင့် အခြားသူများကို ထွက်ပြေးခွင့် ပေးလိုက်ရသည်။ မိမိ၏ ဂိုဏ်းပျက်စီးခဲ့ရသည်ကို လက်စားချေရန်အတွက် ကျင့်လုသည် မိုင်းတွင်းရှိ စုမိသားစုဝင် အားလုံးကို ဖမ်းဆီးရန် ကြံစည်ထားခဲ့ခြင်း ဖြစ်သည်။

သူ့အနေဖြင့် ဤလေလွင့်ကျင့်ကြံသူများကို သဘောမကျသော်လည်း လောလောဆယ်တွင် သူတို့ကို လိုအပ်နေသေးသဖြင့် စိတ်ထိန်းထားရသည်။ ကျင့်လုသည် စုယီ၏သိုလှောင်လက်စွပ်ကို ယူလိုက်ပြီး သွေးသလင်းကျောက် တစ်သောင်းကို ရှိနေသော လူအားလုံးအား ခွဲဝေပေးလိုက်သည်။

“ငါပေးထားတဲ့ ကတိကို တည်ပြီးပြီ။ မိုင်းတွင်းနယ်မြေနဲ့ ဂူတွေထဲမှာ ကျန်ရှိနေတဲ့ ပစ္စည်းတွေကတော့ ကိုယ့်ဘာသာကိုယ် ရှာဖွေနိုင်သလောက် ပိုင်ဆိုင်လိမ့်မယ်။ မှတ်ထားပါ၊ မင်းတို့ ယူမသွားနိုင်တဲ့ ဘယ်အရာကိုမဆို အကုန်ဖျက်ဆီးပစ်ပါ၊ လိုအပ်ရင် ဂူတွေကိုပါ ဖောက်ခွဲပစ်လိုက်ပါ”

လေလွင့်ကျင့်ကြံသူများမှာ ထိုစကားကြောင့် သားကောင်တွေ့သော သားရဲများပမာ ဖြစ်သွားပြီး၊ ဓားပျံများကို စီး၍ မိုင်းတွင်းနယ်မြေသို့ ဆင်းသွားကြသည်။ ကျင့်လုသည် လေထဲတွင် ရပ်နေရင်း ထိုသူများ ဝန်းအတွင်းသို့ ပြေးဝင်သွားသည်ကို ကြည့်နေခဲ့သည်။ အစောပိုင်းက မိုင်းတွင်းကျွန်များ၏ ဝိညာဉ်များစွာ အကြောင်းရင်းမရှိဘဲ ပျောက်ကွယ်သွားခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေသည်။ ထို့ကြောင့် အခြေအနေ စောင့်ကြည့်နိုင်ရန် လူအုပ်နှင့်အတူ လိုက်မသွားဘဲ အကွာအဝေးတစ်ခုအထိ နောက်ဆုတ်လိုက်သည်။

လေလွင့်ကျင့်ကြံသူအုပ်စု မိုင်းတွင်းအတွင်း ဝင်သွားသည့် အချိန်မှာပင် ပုံမှန်မဟုတ်သော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။ ခြံဝန်း၏ အလယ်ဗဟိုဧရိယာမှာ ရုတ်တရက် ပြိုကျသွားကာ အချင်း ပေ ၅၀ ကျော်ရှိပြီး အနက်ကို မခန့်မှန်းနိုင်သော ကြီးမားသော ကျင်းကြီးတစ်ခု ပေါ်လာသည်။

ထိုတွင်းကြီးထဲမှ အေးစက်သော တစ္ဆေစွမ်းအင်များမှာ အနက်ရောင်လေဝဲတစ်ခုကဲ့သို့ အရှိန်အဟုန်ဖြင့် တက်လာပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ ရုတ်တရက် လေပြင်းများ တိုက်ခတ်လာပြီး စူးရှသော တစ္ဆေဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ထို့နောက် အမြင့် ၁၀ ပေခန့်ရှိသော တစ္ဆေကြီးတစ်ကောင် ကျင်းနက်ကြီးထဲမှ ခုန်ပျံထွက်လာသည်။ ထိုတစ္ဆေကြီးမှာ အနက်ရောင်သံချပ်ကာများ ဖုံးအုပ်ထားပြီး ဦးထုပ်၏ အက်ကြောင်းများကြားမှ ကြောက်မက်ဖွယ် ရဲရဲနီသော အလင်းတန်းများ ထွက်ပေါ်နေသည်။ ၎င်းသည် ၆ ပေနီးပါး ရှည်လျားသော ဓားကြီးတစ်လက်ကို ကိုင်ထားပြီး ထိုဓားမှာ မည်းနက်နေကာ တစ္ဆေစွမ်းအင်များ ရစ်ပတ်နေသည်။ ထိုတစ္ဆေကြီးမှာ ငရဲစစ်မြေပြင်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စစ်သူကြီးတစ်ဦးနှင့် တူလှသည်။ တစ္ဆေကြီး ပေါ်လာသည်နှင့် ခြံဝန်းတစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်ကာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ဖုံးလွှမ်းလာသည်။

လေလွင့်ကျင့်ကြံသူများမှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများနှင့် ရင်ပေါင်တန်းနိုင်သော ပြင်းထန်သည့် ဖိအားကို ခံစားလိုက်ရသဖြင့် ပြန်လည်တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ဓားပျံကိုယ်စီ စီးနင်း၍ ခြေဦးတည့်ရာ ထွက်ပြေးကြတော့သည်။

တစ္ဆေဘုရင်သည် လှောင်အိမ်ထဲမှ လွတ်လာသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး ၎င်း၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် နီရဲနေသည်။ အနှစ် ၃၀ ကြာ ပိတ်လှောင်ခံထားရစဉ်အတွင်း စုပုံနေသော နာကျည်းမှုများကို ဖြေဖျောက်ရန် သတ်ဖြတ်မှုများ ပြုလုပ်ရန် လိုအပ်နေသည်။

တစ္ဆေဘုရင်သည် အနီးဆုံးရှိ လေလွင့်ကျင့်ကြံသူတစ်ဦးကို အမိအရ ဖမ်းယူလိုက်ပြီး လက်သည်းတစ်ချက်တည်းဖြင့် ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲပစ်လိုက်သည်။ ထို့နောက် အတွင်းကလီစာများကို ဆွဲထုတ်ကာ ပါးစပ်ထဲသို့ ပစ်ထည့် ဝါးမြိုလိုက်သည်။ ခဏမျှ ဝါးပြီး မျိုချလိုက်ရာ ၎င်း၏ မျက်လုံးများမှ နီရဲသော အလင်းတန်းများ ဝင်းခနဲ ဖြစ်သွားပြီး အလွန်ကောင်းမွန်သော အစားအစာကို စားလိုက်ရသကဲ့သို့ ရှိနေသည်။

တစ္ဆေဘုရင်၏ လှုပ်ရှားမှုမှာ အလွန်မြန်သဖြင့် တစ်နေရာမှ တစ်နေရာဆီ ရုတ်တရက် ရောက်သွားသကဲ့သို့ ထင်ရကာ ခဏအတွင်းမှာပင် အခြားလေလွင့်ကျင့်ကြံသူတစ်ဦး၏ အနားသို့ ရောက်ရှိသွားသည်။ ထိုကျင့်ကြံသူ၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် ကြီးမားသော တစ္ဆေကြီးမှာ ပါးစပ်ကို ဟလိုက်ပြီး ကျင့်ကြံသူ၏ ခန္ဓာကိုယ် အပေါ်ပိုင်းကို တစ်လုပ်တည်းဖြင့် ဝါးမြိုလိုက်သည်။ တစ္ဆေချီစွမ်းအင်များမှာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ချက်ချင်းပင် ခြေလက်များကို အေးခဲတောင့်တင်းသွားစေသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို သုံး၍ပင် မခုခံနိုင်ခဲ့ပေ။

တစ္ဆေဘုရင်သည် ထိုကျင့်ကြံသူကို ကိုက်ဖြတ်လိုက်ပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ကိုပါ မျိုချပစ်လိုက်သည်။

...

ကျင့်လုသည် မိုင်းတွင်းနယ်မြေအတွင်း ဖြစ်ပွားနေသော သတ်ဖြတ်မှုများကို ကြည့်ရင်း ထိတ်လန့်တုန်လှုပ်ကာ လှည့်၍ အဝေးသို့ ထွက်ပြေးခဲ့သည်။

ထိုအချိန်တွင် မိုင်းတွင်းအနီး ပြန်ချဥ်းကပ်လာသော စုကျင့်ရှူးက အနက်ရောင်အလံကို လေထဲသို့ ပစ်တင်လိုက်သည်။ ခဏအတွင်းမှာပင် အလံငယ်လေးမှာ ကြီးမားသော တစ္ဆေထိန်းချုပ်အလံကြီးအဖြစ် ပြောင်းလဲသွားပြီး ပိတ်စများက ဆွဲဆန့်လိုက်သော ပိုးကြိုးများကဲ့သို့ ရှည်ထွက်လာကာ တစ္ဆေဘုရင်ကို ရစ်ပတ်လိုက်သည်။

စွမ်းအားကြီးလှသော တစ္ဆေဘုရင်မှာ ယခုအခါ အလံဖြင့် ရစ်ပတ်ခြင်း ခံလိုက်ရပြီး လွတ်မြောက်ရန် အသည်းအသန် ရုန်းကန်နေရသည်။

“မြန်မြန်လုပ်ကြ၊ မင်းတို့တွေ အစီအရင်ရဲ့ ထောင့် ၄ ထောင့်မှာ နေရာယူပြီး ငါ့ကို စွမ်းအင်ကူပေးကြ။ ငါ့ကျင့်စဉ်အဆင့်နဲ့ ဒီတစ္ဆေအလံကို အကြာကြီး ထိန်းမထားနိုင်ဘူး ဟု စူးကျင်းရှူးက အော်ဟစ်လိုက်သည်။

စုမိသားစု အခြေတည်အဆင့် ကျင့်ကြံသူ ၄ ဦးမှာ ချက်ချင်းပင် ထောင့် ၄ ထောင့်သို့ ဓားပျံများ စီးနင်းပြီး သွားရောက် နေရာယူလိုက်ကြသည်။

ကျင့်လုသည် အဝေးသို့ ထွက်မပြေးသေးဘဲ စုကျင့်ရှူးတို့ လှုပ်ရှားနေမှုကို စောင့်ကြည့်နေသည်။

ထိပ်တန်းအဆင့် တစ္ဆေအလံ၊ တစ္ဆေဘုရင်မှာ ဤအလံဖြင့် ဖမ်းဆီးခံထပြီး အနှစ် ၃၀ ကျော် မြေအောက်တွင် ပိတ်လှောင်ခံခဲ့ရသည်။ ယခု လွတ်လာသည့် အချိန်မှာပင် တစ္ဆေအလံ၏ ထပ်မံဖမ်းဆီးခြင်းကို ခံလိုက်ရသဖြင့် ၎င်း၏ ဒေါသမှာ မထိန်းနိုင်အောင် ဖြစ်နေပြီး သတ်ဖြတ်လိုစိတ်များ အရှိန်ပြင်းစွာ ထွက်ပေါ်နေသည်။ တစ္ဆေစွမ်းအင်များမှာ ကြောက်မက်ဖွယ် လှိုင်းတံပိုးများကဲ့သို့ ထိုးတက်လာပြီး ပတ်ပတ်လည်ရှိ အလံအဝတ်စများကို အဆက်မပြတ် ရိုက်ခတ်နေသည်။

စုကျင့်ရှူးမှာ အလယ်ဗဟိုအပေါ်တွင် ပျံဝဲနေပြီး ကျန် ၄ ဦးမှာ ထောင့်များသို့ ရောက်ရှိသွားကြသည်။ ရုတ်တရက် တစ္ဆေအလံကြီးမှာ အနက်ရောင်အလံငယ်လေးအဖြစ် ပြန်ပြောင်းသွားပြီး စုကျင့်ရှူး အနားသို့ ဆင်းသက်လာသည်။

တစ္ဆေဘုရင်သည် အလံ၏ ရစ်ပတ်မှုမှ လွတ်မြောက်သွားပြီး လေထဲရှိ စုကျင့်ရှူးထံသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားသည်။ စုကျင့်ရှူးကလည်း နှောင့်နှေးခြင်း မရှိဘဲ အနက်ရောင်အလံကို ထပ်မံ အသက်သွင်းလိုက်သည်။ အလံငယ်လေးမှာ ကြီးမားသော အလံပုံရိပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ခြံဝန်းအလယ်ရှိ နက်ရှိုင်းသော ကျင်းကြီးအတွင်းသို့ ဆင်းသက်သွားသည်။

တချိန်တည်းမှာပင် စုကျင့်ရှူးသည် တစ္ဆေဘုရင်၏ တိုက်ခိုက်မှုကို ရှောင်ရှားကာ အောက်သို့ အမြန်ဆင်းပြီး မန္တန်လက်ကွက်များကို ဆက်တိုက် ဖော်ဆောင်နေသည်။ ကျန်စုမိသားစုဝင် ၄ ဦးကလည်း မန္တန်လက်ကွက်များကို ကိုယ်စီဖော်ဆောင်ကာ အစီအရင်၏ အချက်အချာ နေရာများသို့ ပို့လွှတ်လိုက်ကြသည်။

ချက်ချင်းဆိုသလို ခြံဝန်းတစ်ခုလုံးမှာ သွေးနီရောင် အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားသည်။ သွေးနီရောင်အလင်းမှာ ပိုအားကောင်းလာပြီး မှောင်အတိကျနေသော ညကောင်းကင်ယံကိုပင် နီရဲသွားစေသည်။

စုကျင့်ရှူးထံ ပြေးဝင်နေသော တစ္ဆေဘုရင်မှာ တောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ ပြင်းထန်သော ဖိအားတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး သိသိသာသာ အရှိန်လျော့ကျသွားပြီး လှုပ်ရှားမှုများ လေးလံသွားသည်။ ခေါင်းဆောင်း၏ အက်ကြောင်းများကြားမှ မြင်နေရသော သွေးရောင်မျက်လုံးများတွင် အဆုံးမဲ့သော နာကျည်းမှုများ ပေါ်လာသည်။ ဤခံစားချက်မှာ အလွန်ရင်းနှီးနေသည်၊ ၎င်းကို အနှစ် ၃၀ ကြာ မှောင်အတိကျသော မြေအောက်တွင် ပိတ်လှောင်ထားခဲ့သော စွမ်းအင်မျိုးပင် ဖြစ်သည်။

အဖမ်းမခံလိုသဖြင့် တစ္ဆေဘုရင်သည် ၎င်း၏ ကြီးမားသော ဓားကို ဝှေ့ယမ်းလိုက်သည်။ ခဏအတွင်းမှာပင် လေပြင်းများ တိုက်ခတ်လာပြီး အစီအရင်၏စွမ်းအင်ကို ပြန်လည် တိုက်ခိုက်ရန် ကြိုးစားသည်။ သို့သော် ဤအစီအရင်မှာ ၎င်း၏ တတိယအဆင့်တစ်ပိုင်း ခွန်အားဖြင့် ခုခံနိုင်သောအရာ မဟုတ်ပေ။ ၎င်းသည် တစ္ဆေစွမ်းအင်ကို မည်မျှပင် ထုတ်သုံးပါစေ အစီအရင်၏ ထိန်းချုပ်မှုမှ မလွတ်မြောက်နိုင်ဘဲ နက်ရှိုင်းသော ကျင်းအတွင်းသို့ ဖြည်းဖြည်းချင်း ဆွဲချခြင်း ခံလိုက်ရသည်။

စုကျင့်ရှူး၏ မျက်နှာမှာ ဝင်းပသွားပြီး မန္တန်လက်ကွက်များကို အရှိန်အဟုန်ဖြင့် ပြောင်းလဲလိုက်သည်။

“ချိတ်ပိတ်စမ်း”

ကျင်း၏ အောက်ခြေတွင် စင်မြင့်ငယ်တစ်ခု ရှိပြီး ၎င်း၏ အလယ်တွင် မြင့်မားသော တစ္ဆေထိန်းချုပ်အလံကို စိုက်ထူထားသည်။ ချက်ချင်းပင် စင်မြင့်ပေါ်တွင် ဖောက်ထွင်းမြင်ရသည့် သွေးနီရောင် အကာအကွယ်တစ်ခု ပေါ်လာပြီး စင်မြင့်တစ်ခုလုံးကို ဖုံးအုပ်ကာ တစ္ဆေဘုရင်ကို အတွင်းတွင် ချိတ်ပိတ်လိုက်သည်။

……

All Chapters