ရိတ်သိမ်းချိန်တန်ပြီ
Vol. 14 Ch. 151
စုကျင့်ရှူးမှာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်ပြီး ကျင်းအဝနား ချဉ်းကပ်ကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။ တစ္ဆေဘုရင်သည် သွေးနီရောင်အကာအကွယ်ကို အဆက်မပြတ် တိုက်ခိုက်နေသော်လည်း ၎င်းကို ချိုးဖျက်နိုင်စွမ်း မရှိပေ။
ကျန်စုမိသားစုဝင် ၄ ဦးမှာလည်း သက်ပြင်းချနိုင်သွားကြပြီး ကျင်းကြီးဆီသို့ သွားရန် ပြင်လိုက်ကြသော်လည်း စုကျင့်ရှူးက တားလိုက်သည်။
“နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် တစ္ဆေဘုရင်ကို တစ္ဆေထိန်းချုပ်အလံထဲ ဖမ်းထည့်ရမယ်။ အစီအရင်ကို ဆက်ပြီး ထိန်းထားပေးကြ”
စုမိသားစု ကျင့်ကြံသူများလည်း သတ်မှတ်နေရာတွင် နေရာဆက်ယူပြီး မန္တန်လက်ကွက်များကို ဆက်လက် ဖော်ဆောင်ကြသည်။
နက်ရှိုင်းသော ကျင်းအတွင်းတွင် တစ္ဆေအလံ၏ သွေးနီရောင်အလင်းမှာ ပို၍ ပြင်းထန်လာပြီး အလံအတွင်းမှ ကြောက်မက်ဖွယ် စုပ်အားတစ်ခု ထွက်ပေါ်လာကာ တစ္ဆေဘုရင်ကို ၎င်းအတွင်းသို့ ဆွဲခေါ်နေသည်။
တစ္ဆေဘုရင်မှာလည်း ၎င်း၏ဓားကို ဆက်လက် ဝှေ့ယမ်းနေပြီး အကာအကွယ်ကို ဖျက်ဆီးရန်နှင့် အလံကို ခုတ်ဖြတ်ရန် ကြိုးစားနေသည်။ ခဏအတွင်းမှာပင် စင်မြင့်ပေါ်တွင် တိုက်ပွဲကြောင့် သွေးနီရောင်အလင်းနှင့် အနက်ရောင် တစ္ဆေစွမ်းအင်များ ရောယှက်ရှုပ်ထွေးကုန်သည်။
အချိန်ကြာလာသည်နှင့်အမျှ တစ္ဆေဘုရင်၏ ခုခံမှုမှာ တဖြည်းဖြည်း အားနည်းလာသည်။ စုမိသားစုဝင်များမှာလည်း မျက်နှာများ ဖြူဖျော့နေကြပြီး သူတို့၏ ဝိညာဉ်စွမ်းအင်များမှာ အလွန်အမင်း ကုန်ခမ်းနေပြီ ဖြစ်သည်။
နောက်ဆုံးတွင် တစ္ဆေဘုရင်မှာ တောင့်မခံနိုင်တော့ဘဲ တစ္ဆေအလံအတွင်းသို့ စုပ်ယူခြင်း ခံလိုက်ရသည်။
အလုပ်ပြီးမြောက်သွားမှသာ စုကျင့်ရှူးလည်း နောက်ဆုံးတွင် စိတ်လျှော့နိုင်သွားသည်။ သူ့ဝိညာဉ်စွမ်းအင်မှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး လက်များ တောင့်တင်းနေသကဲ့သို့ ခံစားနေရသည်။
သို့သော် ၎င်းမှာ ထိုက်တန်လှသည်။ တစ္ဆေဘုရင်ကို အလံထဲတွင် ဖမ်းယူထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သဖြင့် အချိန်အနည်းငယ်ပေး၍ သန့်စင်ထိန်းချုပ်နိုင်ပါက တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်ကို လက်ရုံးတစ်ဦးကဲ့သို့ ခိုင်းစေနိုင်တော့မည် ဖြစ်သည်။
မိသားစုဘိုးဘေးမှာ သေလုနီးပါး ဖြစ်နေပြီး စုမိသားစုမှာလည်း မိသားစုခေါင်းဆောင် စုအန်ချင်းနှင့် အကြီးအကဲ စုဝမ်ရှီတို့ကြား အာဏာလုမှုများကြောင့် မငြိမ်မသက် ဖြစ်နေသည်။ စုကျင့်ရှူးမှာ တတိယအကြီးအကဲ ဖြစ်သော်လည်း သူ၏ ကျင့်စဉ်အဆင့်နှင့် အဆင့်အတန်းမှာ ထိုသူများကို မယှဉ်နိုင်သဖြင့် အာဏာလုရန် အရည်အချင်း မပြည့်မီခဲ့ပေ။
သို့သော် ယခုတွင် အခြေအနေ ပြောင်းလဲသွားပြီ ဖြစ်သည်။ ဤတတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်၏ အကူအညီဖြင့် သူသည် မိသားစုဘိုးဘေးမှလွဲ၍ စုမိသားစုတွင် အင်အားအကြီးဆုံး တိုက်ခိုက်ရေးသမား ဖြစ်လာမည်ဖြစ်ပြီး ကျန်နှစ်ဦးနှင့် အာဏာလုရန် အရည်အချင်း ပြည့်မီသွားပြီ ဖြစ်သည်။ သွေးသလင်းကျောက် မိုင်းတွင်းကို ဆယ်စုနှစ်ပေါင်းများစွာ စောင့်ကြပ်ခဲ့ရခြင်းမှာ အချည်းနှီး မဖြစ်ခဲ့ပေ။
တစ္ဆေဘုရင်ကို တစ်ယောက်တည်း ပိုင်ဆိုင်လိုသောကြောင့် ယခုကဲ့သို့ စွန့်စားခဲ့ခြင်းဖြစ်သည်။ သူ့ထိန်းချုပ်မှုအောက်တွင် စုမိသားစု ကြီးပွားတိုးတက်လာမည့် ပုံရိပ်ကို မြင်ယောင်ရင်း စုကျင့်ရှူး ကျေနပ်ပီတိဖြာနေခဲ့သည်။
ထိုအချိန်မှာပင် နောက်ဘက်မှ အေးစိမ့်စိမ့် အငွေ့အသက်တစ်ခု တိုက်ခတ်လာသည်ကို ခံစားမိလိုက်ပြီး စုကျင့်ရှူး ထိတ်လန့်သွားသည်။ လှည့်ကြည့်လိုက်သောအခါ ကျင့်လု၏ ဒုတိယအဆင့် တစ္ဆေစစ်သူကြီးက သူ့ဆီ တရှိန်ထိုး ဝင်လာနေသည်ကို တွေ့လိုက်ရသည်။ ကျင့်လုသည်လည်း ဓားပျံကို စီးနင်း၍ တစ္ဆေစစ်သူကြီး နောက်မှ ကပ်လိုက်လာသည်။
စုကျင့်ရှူးမှာ အလွန်အမင်း ထိတ်လန့်သွားသည်။ ကျင့်လုမှာ အသက်ရှင်နေဆဲ ဖြစ်ပြီး ဆုတ်ခွာမသွားဘဲ တလျှောက်လုံး လျှို့ဝှက် ပုန်းအောင်းနေခဲ့ခြင်း ဖြစ်သည်။ စုကျင့်ရှူးတွင် ဝိညာဉ်စွမ်းအင် ၁၀ ရာခိုင်နှုန်းပင် မကျန်တော့၊ ကျန်စုမိသားစုဝင် ၄ ဦးမှာ အခြေအနေ ပိုဆိုးကာ ဝိညာဉ်စွမ်းအင် လုံးဝနီးပါး ကုန်နေပြီ ဖြစ်သည်။ လတ်တလော ဖမ်းယူထားသော တစ္ဆေဘုရင်မှာလည်း သန့်စင်ထိန်းချုပ်မှု မပြုရသေးသဖြင့် လောလောဆယ် သုံး၍ မရနိုင်သေးပေ။
စုကျင့်ရှူးသည် အံကြိတ်ကာ ကျန်ရှိသော ဝိညာဉ်စွမ်းအင်ကို အသုံးပြုလိုက်သည်။ အဆင့်မြင့် ဝိညာဉ်လက်နက်ဖြစ်သော ဓားပျံမှာ ကြယ်တံခွန်တစ်ခုကဲ့သို့ ညကောင်းကင်ယံကို ဖြတ်သန်းကာ တစ္ဆေစစ်သူကြီးထံသို့ တိုးဝင်သွားသည်။ သူကိုယ်တိုင်မှာမူ ဓားပျံတစ်လက်ကို စီး၍ ချက်ချင်းပင် ထွက်ပြေးတော့သည်။
ကျန်စုမိသားစုဝင် ၄ ဦးမှာလည်း အရပ်မျက်နှာအနှံ့ လူခွဲပြီး ထွက်ပြေးကြသည်။ ကျင့်လု၏ ပစ်မှတ်မှာ စုကျင့်ရှူး ဖြစ်ကြောင်း သူတို့ သိကြသည်။ ထို့ကြောင်ဘ စုကျင့်ရှူးနှင့် ခပ်ဝေးဝေးသို့ ရှောင်ထွက်သွားကြသည်။ သို့သော် ဝိညာဥ်စွမ်းအင် ကုန်ခမ်းနေသဖြင့် ဓားပျံ မစီးနင်းနိုင်သောကြောင့် ခန္ဓာကိုယ်အားသက်သက်ဖြင့် ကိုယ်ယောင်ဖျောက်နည်းများကို သုံးပြီး ပတ်ဝန်းကျင်ရှိ အမှောင်ထုအတွင်း ပုန်းကွယ်သွားကြသည်။
“စုကျင့်ရှူး … မင်းမလွတ်နိုင်ဘူး။ တစ္ဆေအလံနဲ့ တစ္ဆေဘုရင်ကို ငါ့လက်ထဲ အပ်စမ်း၊ မဟုတ်ရင် မင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်မယ်” ဟု ကျင့်လုက အားရကျေနပ်စွာ အော်ဟစ်လိုက်သည်။
စုကျင့်ရှူးတွင် ဝိညာဉ်စွမ်းအင် မလုံလောက်သဖြင့် အစွမ်းကို အပြည့်အဝ မထုတ်နိုင်ဘဲ တစ္ဆေစစ်သူကြီး၏ ပိတ်ဆို့ဟန့်တားမှု မကျော်ဖြတ်နိုင် ဖြစ်နေသည်။ ကျင့်လုအတွက် စုကျင့်ရှူးမှာ ပိတ်မိနေသော သားရဲတစ်ကောင်နှင့် တူနေပြီး တစ္ဆေအလံနှင့် တစ္ဆေဘုရင်တို့မှာ သူ့လက်ထဲသို့ မကြာခင် ရောက်တော့မည် ဖြစ်သည်။
စုကျင့်ရှူးသည် အနောက်မှ လိုက်လာသော ကျင့်လုကို လှည့်ကြည့်လိုက်ရာ မျက်လုံးများတွင် ပြတ်သားမှုများ ပေါ်လာသည်။
“ငါ့ကို သတ်ချင်တာလား။ အဲဒီလောက် မလွယ်ပါဘူး။ မိုင်းတွင်းမှာ ငါက အပျော်နေခဲ့တယ် ထင်နေတာလား”
ပြောနေရင်း အဖြူရောင် အရိုးခေါင်းတစ်ခု သူ့လက်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
ထိုအရိုးခေါင်းမှ ပြင်းထန်သော တစ္ဆေအရှိန်အဝါများ ထွက်ပေါ်နေပြီး မတည်ငြိမ်သော ဖိအားများ ရှိနေကာ အချိန်မရွေး ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်ကို တစ္ဆေမြေရိုင်းအဖြစ် ပြောင်းလဲပစ်နိုင်သကဲ့သို့ ရှိနေသည်။
စုကျင့်ရှူးက ထိုအရိုးခေါင်းကို အင်အားသုံး၍ ပစ်လိုက်သည်။ အရိုးခေါင်းမှာ ကျင့်လု၏ရှေ့ မလှမ်းမကမ်းအရောက် ပြင်းထန်စွာ ပေါက်ကွဲသွားသည်။ အရိုးခေါင်း ပေါက်ကွဲသွားသည်နှင့် အဆုံးမဲ့တစ္ဆေစွမ်းအင်များနှင့် အငြိုးကြီးဝိညာဉ်ပေါင်းများစွာ ထွက်ပေါ်လာကာ မုန်တိုင်းတစ်ခုကဲ့သို့ ကျင့်လုနှင့် သူ၏ တစ္ဆေစစ်သူကြီးထံ တိုးဝင်တိုက်ခတ်သွားသည်။
ကျင့်လု အကြီးအကျယ် မျက်နှာပျက်သွားသည်။ စုကျင့်ရှူးသည် မိုင်းတွင်းကျွန်ပေါင်းများစွာ၏ ဝိညာဉ်နှင့် နာကျည်းမှုများကို သုံး၍ ဤကဲ့သို့ ရက်စက်သော တစ်ခါသုံး ဝိညာဥ်လက်နက်တစ်ခု ဖန်တီးထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထိုလက်နက်သည် သောင်းချီ၊ သိန်းချီသော မတရားနည်းဖြင့် အသတ်ခံ၊ သေဆုံးသူများ၏ အငြိုးကြီးဝိညာဥ်များ၊ အလောင်းစွမ်းအင်များကို စုစည်းပြီး ဖောက်ခွဲခြင်းပင် ဖြစ်သည်။ ပေါက်ကွဲမှုက ကျယ်ပြန့်သော ဧရိယာတစ်ခုလုံးကို သန့်စင်ရန် ခက်ခဲသည့် တစ္ဆေမြေရိုင်းအဖြစ်ပင် ပြောင်းလဲပစ်နိုင်သည်။
ကျင့်လုလည်း တစ္ဆေစစ်သူကြီးကို ထိုတစ္ဆေမုန်တိုင်းတွင်းသို့ ပြေးဝင်ခိုင်းပြီး ဓားပျံကိုစီး၍ လှည့်ထွက်ပြေးခဲ့သည်။ သို့သော် မလွတ်နိုင်တော့၊ တစ္ဆေစစ်သူကြီးမှာ ဆူနာမီလှိုင်းကြားက လှေငယ်ပမာ ချက်ချင်းပင် ဝါးမြိုခြင်း ခံလိုက်ရသည်။ ကျင့်လုမှာလည်း ပြေးမလွတ်ခဲ့၊ တစ္ဆေမုန်တိုင်းက သူ့အကာအကွယ် ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် ဖျက်ဆီးပစ်လိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
မျက်စိတမှိတ်စာ ခြေလှမ်းဦးသွားသဖြင့်သာ ကျင့်လုလည်း တစ်စစီ ဖြစ်မသွားခြင်း ဖြစ်သည်။ ဝိညာဥ်စွမ်းအင် အကုန်သုံး၍ လှုပ်ရှားမှုနည်းစနစ် အသက်သွင်းခဲ့သည့်တိုင် မသေရုံတမယ် ဒဏ်ရာများဖြင့် အဝေးသို့ လွင့်စင်သွားသည်။
အနက်ရောင် တစ္ဆေမုန်တိုင်းမှာ ရုတ်ချည်းပေါ်လာသလို အလျင်အမြန် ပျောက်ကွယ်သွားသည်။ ခဏအတွင်းမှာပင် ၎င်းမှာ ပြန့်ကျဲသွားပြီး မိုင်ပေါင်းများစွာ ပတ်လည်တွင် အငြိုးကြီးတစ္ဆေများဖြင့် ပြည့်နှက်သွားကာ အနက်ရောင်မြူများ ဖုံးလွှမ်းနေသော တစ္ဆေမြေရိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
…….
အင်အားစုနှစ်ခု အသက်လုတိုက်ခိုက်နေချိန် စုန့်ဝမ်သည် လုံခြုံသောမိုင်းတွင်းတစ်ခုထဲ ခိုအောင်းပြီး ပွဲကြည့်ရင်း အမြတ်ထုတ်ရန် စောင့်နေခဲ့သည်။ မကြာမီမှာပင် အဆင့်မြင့်ကူများက စုမိသားစု ကျင့်ကြံသူ လေးဦး၏ ရုပ်အလောင်းများ လာပို့ပေးသည်။ ထိုအလောင်းလေးခုမှာ ဦးခေါင်းတွင် ကြက်ဥအရွယ်အစားရှိ အပေါက်တစ်ခုသာ ရှိပြီး ကျန်အစိတ်အပိုင်းများမှာ အကောင်းအတိုင်း ရှိနေသည်။
အခြားသော အလောင်းများမှာ တစ္ဆေဘုရင်လက်ချက်ဖြင့် တစ်ပိုင်းတစစီ ဖြစ်နေပြီး၊ သွေးများ ကုန်ခမ်းနေသည့်အပြင် ဝိညာဉ်များကိုလည်း တစ္ဆေဘုရင်က ဝါးမြိုခဲ့သဖြင့် စုန့်ဝမ်အတွက် တန်ဖိုးမရှိပေ။ သို့သော် သူတို့၏ သိုလှောင်လက်စွပ်များကမူ အကျိုးအမြတ် ကြီးမားသည်။ အလောင်း ၄ ခု၏ ဝိညာဉ်နှင့် သွေးများကို ဝါးမြိုပြီးနောက် ၎င်းတို့ကို သိမ်းဆည်းလိုက်သည်။ ဤရုပ်အလောင်းများမှာ အစားထိုးရုပ်အလောင်းများ ပြုလုပ်ရန်အတွက် အကောင်းဆုံး ကုန်ကြမ်းများ ဖြစ်သည်။
၎င်းတို့ကို အဆုံးသတ်ပြီးနောက် စုန့်ဝမ်သည် အရှေ့ဘက် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် သေကံမရောက် လွတ်မြောက်သွားသော ကျင့်လုသည် စုကျင့်ရှူးနောက်သို့ လိုက်လံတိုက်ခိုက်နေသည်။
ကျင့်လုသည်လည်း ဒဏ်ရာပြင်းထန်ပြီး ဝိညာဉ်စွမ်းအင် ကုန်ခမ်းလုနီးပါး ဖြစ်နေသော်လည်း သူ၏ အခြေအနေမှာ စုကျင့်ရှူးထက်စာလျှင် အနည်းငယ် သာလွန်နေသေးသည်။ လိုက်မီလာသည်နှင့် ကျင့်လုသည် ဓားပျံဖြင့် ပစ်လွှတ် တိုက်ခိုက်လိုက်သည်။
စုကျင့်ရှူးကလည်း သူ့ဓားပျံဖြင့် ပစ်လွှတ် ခုခံလိုက်သည်။
“ချွမ်း”
သတ္တုချင်း ရိုက်ခတ်သံနှင့်အတူ စုကျင့်ရှူး၏ ဓားပျံမှာ လွင့်စင်သွားသည်။ ကျင့်လု၏ ဓားပျံက စုကျင့်ရှူးထံသို့ ဆက်လက် တိုးဝင်လာသည်။
စုကျင့်ရှူးလည်း လက်ကျန်ဝိညာဥ်စွမ်းအင် အကုန်သုံးပြီး နောက်ဓားပျံတစ်လက်ဖြင့် ပစ်လွှတ်ခုခံရင်း အောက်ဘက်ရှိ တောအုပ်အတွင်းသို့ ဝင်ရောက်ထွက်ပြေးခဲ့သည်။
စုကျင့်ရှူး၏ ဒုတိယမြောက်ဓားပျံမှာလည်း ချက်ချင်းပင် လွင့်စင်သွားပြီး ကျင့်လု၏ဓားပျံက ဆက်လက် တိုးဝင်လာသည်။
စုကျင့်ရှူး အကြီးအကျယ် မျက်နှာပျက်သွားသည်။ သေခြင်းနှင့် နီးကပ်လာချိန် သူ့အမူအရာမှာ ရူးသွပ်မှုအဖြစ် ရုတ်တရက် ပြောင်းလဲသွားသည်။
“ငါ့ကို သတ်ချင်တာလား။ ဒါဆို အတူသေကြတာပေါ့”
စုကျင့်ရှူးလက်ထဲတွင် အနက်ရောင်အလံ ပေါ်လာပြီး ချက်ချင်းပင် ကြီးမားသော တစ္ဆေအလံကြီးအဖြစ် ပြောင်းလဲသွားသည်။ အလံပေါ်တွင် တစ္ဆေဘုရင်မှာ ရုန်းကန်ရင်း ဒေါသတကြီး ဟိန်းဟောက်နေသည်ကို မြင်တွေ့နေရသည်။ သူက တစ္ဆေဘုရင်ကို လွှတ်ပေးပြီး ကျင့်လုနှင့်အတူ အဆုံးစီရင်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ကျင့်လုမှာ ထိတ်လန့်မှုကြောင့် မျက်လုံးများပင် ပြူးကျယ်သွားသည်။ စူးကျင်းရှူး တစ္ဆေဘုရင်ကို လွှတ်ပေးမည်ကို ဘယ်လိုမှ ခွင့်မပြုနိုင်ပေ။ ထွက်ပြေးရန်လည်း အချိန်မရှိတော့သဖြင့် ရှိသမျှ အင်အားကို သုံးကာ ဓားပျံဖြင့် အလျင်အမြန် တိုက်ခိုက်လိုက်သည်။
စုကျင့်ရှူးလည်း တစ္ဆေဘုရင်ကို မလွှတ်ပေးနိုင်မီ အသက်မသေစေရန် ဓားပျံကို အလံတိုင်ဖြင့် ရိုက်ချ ဟန့်တားလိုက်ရသည်။ ပြင်းထန်သော ထိတွေ့မှုအားကြောင့် တစ္ဆေအလံမှာ အဝေးသို့ လွင့်စင်သွားပြီး စုကျင့်ရှူးလည်း လွင့်စင်ပြီး မြေပြင်သို့ ပစ်ကျသွားသည်။ သစ်ပင်ကြီးများဖြင့် ရိုက်ခတ်မိသောကြောင့် နံရိုးများ ကျိုးကြေကုန်ပြီး နှလုံးနှင့် အဆုတ်အတွင်းသို့ တိုးဝင်ကုန်သဖြင့် သွေးများ ပန်းထွက်လာပြီး တစ်ကိုယ်လုံး သွေးနီရောင် ဖုံးလွှမ်းသွားသည်။
ကျင့်လုသည် ဓားပျံစီး၍ ဆင်းသက်လာကာ တစ္ဆေအလံကို ကောက်ယူလိုက်ပြီးမှ စုကျင့်ရှူးအနား ချဉ်းကပ်သွားသည်။
“စုကျင့်ရှူး … ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး မဟုတ်လား။ ဒါက ငါ့အတွက်တော့ ကောင်းကင်က ကူညီပေးတာပဲ။ ဒီတစ္ဆေအလံနဲ့ တတိယအဆင့်တစ်ပိုင်း တစ္ဆေဘုရင်ကို ရပြီဆိုတော့ လူအိုကြီးစုချန် သေတဲ့နေ့က စုမိသားစု ပျက်စီးမယ့်နေ့ပဲ။ ငါ့ဂိုဏ်း ပျက်စီးခဲ့ရတဲ့အတွက် ကလဲ့စားချေဖို့ စုမိသားစုကို တစ်ယောက်မကျန် သတ်ပစ်မယ်လို့ ငါအာမခံတယ်”
ဤအချိန်တွင် ကောင်းကင်ယံမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထူထပ်သော တိမ်တိုက်များ ကောင်းကင်အမြင့်တွင် အလျင်အမြန် စုစည်းလာပြီး တိမ်တိုက်များအတွင်း လျှပ်စီးငယ်ပေါင်းများစွာ လက်ခနဲ ဖြစ်နေသည်။
ကျင့်လု မော့ကြည့်လိုက်စဥ် အဝေးတစ်နေရာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“မဟာဂူနတ်မိုးကြိုး ဆင်းသက်စေ”
“ဂျိမ်း …”
ချက်ချင်းဆိုသလို မိုးကြိုးတစ်ခုသည် ကြီးမားသော ဖိအားများနှင့်အတူ ကောင်းကင်ယံမှ ဆင်းသက်လာသည်။
ကျင့်လု၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် ချက်ချင်း ဖြူဖျော့သွားသည်။ စောင့်ကြည့်နေသော တတိယလူရှိမည်ကို လုံးဝထည့်မတွက်မိသဖြင့် မိမိကိုယ်ကိုသာ ဆဲမိတော့သည်။ ရှောင်တိမ်းရန် အချိန်မရှိသဖြင့် ကျင့်လုသည် မိုးကြိုးကို ခုခံရန် ဓားပျံကို အပေါ်သို့ ပစ်လွှတ်လိုက်သည်။
ကျင့်လုမှာ ဒဏ်ရာပြင်းထန်နေပြီး ဝိညာဥ်စွမ်းအင်လည်း ကုန်ခမ်းသလောက် ရှိနေပြီ ဖြစ်သည်။ အလျင်စလို အသက်သွင်းလိုက်သော ဓားပျံမှာ နတ်မိုးကြိုးပညာကို မယှဉ်နိုင်ပေ။
မိုးကြိုးသည် ဓားပျံကို ကျိုးပြတ်လွင့်စင်စေပြီး ကျင့်လုကို အရှိန်ပြင်းစွာ ထိမှန်သွားသည်။
“ဝုန်း ..”
တောက်ပသော မိုးကြိုးအလင်း ပျောက်ကွယ်သွားချိန်တွင် ကျင့်လုခန္ဓာကိုယ်မှာ မြေပြင်ပေါ် လဲကျနေပြီး၊ တစ်ကိုယ်လုံး မည်းတူးပြီး အငွေ့တထောင်းထောင်း ထနေသည်။ အသက်ရှင်နေသေးသော်လည်း ထရပ်ရပ် မဆိုထားနှင့် လက်ချောင်းလေးပင် မလှုပ်နိုင်တော့။
ချက်ချင်းဆိုသလို စုန့်ဝမ် ရောက်ရှိလာပြီး ဓားတစ်ချက်ဖြင့် ကျင့်လုနှင့် စုကျင့်ရှူး နှစ်ဦးစလုံးကို အဆုံးစီရင်လိုက်သည်။ ထို့နောက် ဝိညာဉ်ချုပ်နှောင်နည်းစနစ်ကို အသုံးပြုကာ သူတို့၏ ဝိညာဉ်များကို ခန္ဓာကိုယ်အတွင်း၌ပင် ချုပ်နှောင်လိုက်ပြီး အလောင်းနှစ်ခုကို သိမ်းယူကာ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
......