← Chapters

ရွှေအမြုတေမိသားစုတွေ ထိပ်တိုက်တွေ့ပြီ

Vol. 14 Ch. 152

ရွှေအမြုတေမိသားစုတွေ ထိပ်တိုက်တွေ့ပြီ

Vol. 14 Ch. 152

စုန့်ဝမ် ထွက်သွားပြီး နှစ်နာရီခန့် အကြာတွင် လှေပျံကြီးတစ်စီး သွေးသလင်းကျောက်မိုင်းတွင်းဆီ ရောက်ရှိလာကြသည်။ ရောက်လာသူများမှာ စုမိသားစုဝင်များ ဖြစ်ပြီး အကြီးအကဲစုဝမ်ရှီနှင့်အတူ အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး၊ အလယ်အလတ်အဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် အစောပိုင်းအဆင့် ကျင့်ကြံသူ လေးဦးတို့ ပါဝင်သည်။

ပျက်စီးနေသော ခြံဝန်းကြီး၊ ပြန့်ကျဲနေသော အလောင်းများနှင့် ပြိုကျနေသော မိုင်းတွင်းများကို မြင်သောအခါ စုဝမ်ရှီမှာ အလွန်အမင်း ဒေါသထွက်သွားသည်။

“ရှာကြစမ်း .. အသက်ရှင်ကျန်ရစ်သူ ရှိလား သေချာရှာ။ မိသားစုဝင်တွေရဲ့ အလောင်းတွေကို စုကြ။ ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ဖို့ ပြန်သယ်သွားမယ်။ ရန်သူ့ သဲလွန်စတွေလည်း ရှာကြ”

စုမိသားစု ကျင့်ကြံသူ ခုနစ်ဦးလည်း မိုင်းတွင်းနယ်မြေကို ပိုက်စိပ်တိုက် ရှာဖွေကြတော့သည်။

စုမိသားစုဝင်များ မိုင်းတွင်းကို ရှာဖွေ၍ မပြီးသေးမီမှာပင် ကောင်းကင်၌ သင်္ဘောပျံတစ်စင်း ပေါ်လာသည်။ ထိုသင်္ဘောပျံမှာ ပေ ၃၀ ခန့် ရှည်လျားပြီး လူ ၁၀ ဦးကျော် လိုက်ပါလာသည်။ နီးကပ်လာသောအခါ အခြေတည်အဆင့် ၇ ဦးနှင့် ကျန်သူများမှာ ချီစုစည်းခြင်းအဆင့်များ ဖြစ်ကြပြီး စုစုပေါင်း ၁၆ ဦး ရှိနေသည်ကို မြင်တွေ့ရသည်။ ဦးဆောင်လာသူမှာ အခြေတည် အထွတ်အထိပ်အဆင့်ရှိ အမျိုးသမီးကျင့်ကြံသူ တစ်ဦးဖြစ်သည်။ ထိုအမျိုးသမီးမှာ နတ်သမီးတမျှ လှပပြီး အလွန်တရာ ဆွဲဆောင်မှုရှိသည့် ခန္ဓာကိုယ် အချိုးအစားလည်း ပိုင်ဆိုင်ထားသည်။

စုဝမ်ရှီ၏ မျက်လုံးများတွင်မူ တပ်မက်မှု အရိပ်အယောင်မျှပင် မရှိ၊ သတ်ဖြတ်လိုစိတ်များသာ ပေါ်လာသည်။

“တုလောယွင် .. မင်းတို့တုမိသားစုက ငါတို့ စုမိသားစု မိုင်းတွင်းမှာ ဘာလာလုပ်တာလဲ”

တုလောယွင်က ဆွဲဆောင်မှုအပြည့်နှင့် ပြုံးပြုံးလေး ပြန်ဖြေသည်။

“ကျွန်မက ဒီနား ဖြတ်သွားရင်း တစ္ဆေအော်ရာတွေကို အဝေးကနေ ခံစားမိလိုက်လို့ပါ။ မိစ္ဆာတွေ ပေါ်လာတယ် ထင်လို့ စုမိသားစုကို ကူညီနှိမ်နင်းပေးဖို့ လာခဲ့တာပါ”

တုလောယွင်က ပြောရင်းနှင့် အောက်ဘက်ရှိ ပျက်စီးနေသော မိုင်းတွင်းကို ကြည့်လိုက်သည်။

“အို … တကယ့်ကို ဝမ်းနည်းစရာပါပဲလား။ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ရှိပုံမရဘူး။ ဒီတစ်ခါတော့ စုမိသားစု အတော်ဆုံးရှုံးသွားပုံပဲ။ စိတ်မကောင်းပါဘူးရှင်”

တုလောယွင်၏ လှောင်ပြောင်နေသော အမူအရာနှင့် ပြောလိုက်သော ဝမ်းနည်းစကားကြောင့် စုဝမ်ရှီမှာ ဒေါသပေါက်ကွဲသွားသည်။ အခြေအနေသာ ဆိုးမနေပါက တိုက်ခိုက်မိမည်မှာ သေချာသည်။

“ငါတို့ စုမိသားစုရဲ့ ကိစ္စမှာ တုမိသားစု ဝင်ပါဖို့ မလိုဘူး။ အခုချက်ချင်း ထွက်သွားစမ်း”

တုလောယွင်သည် မျက်ခုံးပင့်ကာ ညို့ငင်သော အကြည့်ဖြင့် ကြည့်ပြီး အသာအယာ ရယ်မောလိုက်သည်။

“အယ် .. ရှင်က ဘာလို့ ဒီလောက် ဒေါသထွက်နေတာလဲ။ ကျွန်မက စေတနာအမှန်နဲ့ ကူညီဖို့ လာခဲ့တာပါ။ ဒီမိုင်းတွင်းက ရှင့်တို့ စုမိသားစုရဲ့ အရေးကြီးဆုံး ပိုင်ဆိုင်မှုလေ။ အဆုံးအရှုံး မကြီးအောင် ကူညီချင်လို့ပါ”

မတတ်သာသည့်အဆုံး စုဝမ်ရှီလည်း ဓားထုတ်ပြီး တိုက်ခိုက်ရန် အသင့်ပြင်ကာ ရင်ဆိုင်ရတော့သည်။

“အခု မထွက်သွားရင် မင်းခေါင်းကို ဖြတ်ပစ်မယ်”

စုဝမ်ရှီ့အသံမှာ သူ့ဓားအော်ရာကဲ့သို့ပင် အေးစက်လှသည်။

စုဝမ်ရှီက ခြိမ်းခြောက်သော်လည်း တုလောယွင်က အပြုံးမပျက်၊ ဒေါသမထွက်ဘဲ လက်ကို အသာအယာ ဝှေ့ယမ်းကာ သူ့လူများကို ပြောလိုက်သည်။

“အိမ်ရှင်က ငါတို့ကို မကြိုဆိုဘူးဆိုမှတော့ ပြန်ကြတာပေါ့”

ချက်ချင်းပင် တုမိသားစုသင်္ဘောပျံမှာ နောက်ပြန်လှည့်ကာ ထွက်ခွာသွားသည်။ ခပ်လှမ်းလှမ်းရောက်မှာ တုလောယွင်က စုဝမ်ရှီကို ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“အကြီးအကဲစု ... သွေးသလင်းကျောက် မိုင်းတွင်းကို ကောင်းကောင်း စောင့်ရှောက်ထားနော်။ မဟုတ်ရင် တစ်ယောက်ယောက်က လာလုသွားမှဖြင့် ... ခစ် ခစ်”

“ဒီမြေခွေးမတော့ကွာ …”

စုဝမ်ရှီမှာ ဒေါသထွက်လွန်း၍ စွေ့စွေ့ခုန်နေတော့သည်။

………..

မိုင်းတွင်းမှ မိုင် ၄၀၀ ကျော် ကွာဝေးသော ဂူတစ်ခုအတွင်း စုန့်ဝမ် မှုန်ကုပ်ကုပ်နှင့် ထိုင်နေသည်။ စုကျင့်ရှူးနှင့် ကျင့်လုတို့၏ ဝိညာဉ်များကို ရှာဖွေခဲ့သော်လည်း ရလဒ်မှာ မကောင်းလှပေ။

စုကျင့်ရှူး၏ ဝိညာဉ်ကို ရှာဖွေခြင်းမှာ ကျရှုံးခဲ့သည်။ စုကျင့်ရှူး၏ မှတ်ဉာဏ်များမှတစ်ဆင့် သက်ရှည်ကျင့်စဉ် ကျင့်ကြံသူများကို ဖမ်းဆီးနေသည့် စုမိသားစု၏ အစီအစဥ်ကို သိလိုခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ရေစုန်မျောသွားပြီ။

ကျင့်လု၏ ဝိညာဉ်ကို ရှာဖွေခြင်းမှာ အောင်မြင်ခဲ့ပြီး အသုံးဝင်သော သတင်းအချို့ ရရှိခဲ့သည်။ တစ္ဆေစျေးအတွင်း၌ လေလွင့်ကျင့်ကြံသူများအတွက် သီးသန့် ကုန်သွယ်မှု တွေ့ဆုံပွဲတစ်ခု ရှိပြီး အခြေတည်အဆင့် ကျင့်ကြံသူများသာ တက်ရောက်ခွင့် ရှိသည်။ ထိုအစည်းအဝေးကို လတိုင်း လပြည့်ညတွင် ပြုလုပ်လေ့ရှိပြီး အခြေတည်အဆင့် လေလွင့်ကျင့်ကြံသူများအချင်းချင်း ဖလှယ်မှုများ ပြုလုပ်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ကျင့်လု၏ သိုလှောင်အိတ်မှ ကိုးငရဲတစ္ဆေနည်းစနစ်ဟု ခေါ်သော တစ္ဆေထိန်းချုပ်ခြင်းနည်းစနစ်လည်း တွေ့ရသည်။ ထိုနည်းစနစ်သည် တစ္ဆေကျင့်ကြံသူတစ်ဦးအား မိမိထက် အနည်းငယ် ပိုအစွမ်းထက်သော တစ္ဆေများကိုပင် ထိန်းချုပ်နိုင်စေသည့် နည်းစနစ် ဖြစ်သည်။

စုန့်ဝမ်အတွက် ဤနည်းစနစ်က အလွန်အမင်း ထူးခြားသည် မဟုတ်။ သူသန့်စင်ထားသော ဝိညာဉ်အလံမှာလည်း အလားတူ အစွမ်းများ ရှိထားသောကြောင့် ဖြစ်သည်။ ထိုဝိညာဉ်အလံနည်းစနစ်မှာ နတ်ဆိုးဂိုဏ်းကြီး ၃ ဂိုဏ်းစာရင်းဝင် နက်နဲယင်စွမ်းအင်ဂိုဏ်းမှ ထိပ်တန်းနည်းစနစ် ဖြစ်သဖြင့် သာမန်တစ္ဆေနည်းစနစ်များထက် ပို၍ နက်နဲပြီး ဆန်းကြယ်နေခြင်းမှာ သဘာဝကျပါသည်။

သို့တိုင် ကိုးငရဲတစ္ဆေနည်းစနစ်သည် အသုံးမဝင်ဟု မဆိုလိုပေ။ ထိနည်းစနစ်မှ တစ္ဆေဖမ်းယူခြင်းနှင့် လေ့ကျင့်ခြင်း နည်းလမ်းများသည် စုန့်ဝမ် လေ့လာသင်ယူရန် လိုအပ်နေသောအပိုင်းများ ဖြစ်သည်။ အဆိုပါ နည်းလမ်းများက တစ္ဆေဘုရင်ကို ထိန်းချုပ်နိုင်ရန် အထောက်အကူပြုမည်မှာ မလွဲပင်။

တစ္ဆေဘုရင်လည်း အသင့်ရှိနေပြီ ဖြစ်သဖြင့် စုန့်ဝမ်လည်း တစ္ဆေထိန်းချုပ်ခြင်းနည်းစနစ်ကို စတင်လေ့လာခဲ့သည်။ နှစ်နာရီခန့် အကြာတွင် ကိုးငရဲတစ္ဆေနည်းစနစ်ပါ တစ္ဆေထိန်းချုပ်နည်းများကို လေ့လာနားလည်ပြီးနောက် တစ္ဆေဘုရင်ကို စတင် ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်သည်။ တစ္ဆေဘုရင်သည် စုကျင့်ရှူးနှင့် တိုက်ခိုက်စဉ်အတွင်း တစ္ဆေစွမ်းအင် အမြောက်အမြား ကုန်ခမ်းခဲ့သဖြင့် ယခုအချိန်သည် ၎င်းကို ထိန်းချုပ်ရန် အကောင်းဆုံး အချိန်ဖြစ်သည်။ ခွန်အား ပြန်လည်ပြည့်ဝသွားပါက တစ္ဆေအလံအတွင်း ချိတ်ပိတ်ထားသည့်တိုင် စုန့်ဝမ်လို လေ့ကျင့်ခါစလူသစ်အနေဖြင့် ၎င်းကို ထိန်းချုပ်ရန် မဖြစ်နိုင်သလောက် ဖြစ်သွားလိမ့်မည်။

တစ္ဆေဘုရင်ကို မထိန်းချုပ်မီ ပထမဦးစွာ တစ္ဆေအလံကို သန့်စင်ရမည် ဖြစ်သည်။ စုန့်ဝမ်သည် စိတ်ကို စုစည်းကာ တင်ပျဉ်ခွေထိုင်ပြီး တစ္ဆေအလံကို ကိုင်ဆောင်လိုက်သည်။ ထို့နောက် ဝိညာဉ်စွမ်းအင်များကို တစ္ဆေအလံလံထဲသို့ ဒီရေအလား အဆက်မပြတ် ပို့လွှတ်လိုက်သည်။ စုကျင့်ရှူး သေဆုံးသွားပြီ ဖြစ်သဖြင့် တစ္ဆေအလံမှာ ပိုင်ရှင်မဲ့ ဖြစ်နေသည်။ သို့သော် ဤအလံမှာ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဖြစ်နေသဖြင့် အခြေတည် အစောပိုင်းအဆင့်သာ ရှိသေးသော စုန့်ဝမ်အနေဖြင့် အလွန်ခက်ခဲစွာ သန့်စင်နေရသည်။

ကုန်ခမ်းသွားသော ဝိညာဉ်စွမ်းအင်များကို ဖြည့်ဆည်းရန် ဝိညာဉ်အားဖြည့်ဆေး ၁၀ လုံး သုံးစွဲပြီး၊ နှစ်ရက်တိုင်တိုင် သန့်စင်ပြီးမှ အောင်မြင်မှု ရရှိခဲ့သည်။

သို့တိုင် နောက်ပြဿနာတစ်ခု ပေါ်လာပြန်သည်။ တစ္ဆေအလံ၏အင်အားမှာ စုန့်ဝမ် အသုံးပြုရန်အတွက် အလွန်မြင့်မားနေပြန်သည်။ တစ္ဆေအလံကို တစ်ခါသုံးရုံဖြင့် ဝိညာဥ်စွမ်းအင် အလွန်အမင်း ကုန်ခမ်းပြီး ဒုက္ခတွေ့နိုင်သည်။ ထို့ကြောင့် တစ္ဆေအလံထဲမှ တစ္ဆေဘုရင်ကို ကိုယ်တိုင် ပြုလုပ်သန့်စင်ထားသော ဝိညာဥ်အလံထဲ ပြောင်းရွေ့နေရာချရန် ဆုံးဖြတ်လိုက်သည်။ ဝိညာဥ်အလံဖြင့် အသုံးပြုပါက ဝိညာဥ်စွမ်းအင် ထိုက်သင့်သလောက်သာ ကုန်ဆုံးမည်ဖြစ်သည့်အပြင်၊ ထိုထဲတွင် တစ္ဆေဘုရင်ကို သန့်စင်ထိန်းချုပ်ခြင်းက ပိုမိုလွယ်ကူမည် ဖြစ်သည်။

ဆုံးဖြတ်ပြီးသည်နှင့် ချက်ချင်း အကောင်အထည် ဖော်တော့သည်။ ရှေးဦးစွာ တစ္ဆေအလံကို အသက်သွင်းကာ တစ္ဆေဘုရင်ကို လွှတ်ပေးလိုက်သည်။ တစ္ဆေဘုရင်၏ တစ္ဆေစွမ်းအင်များမှာ အလွန်အမင်း ကုန်ခမ်းနေပြီး တစ္ဆေအလံအတွင်း၌လည်း အင်အားကို ဖြည့်တင်းပေးရန် ဝိညာဉ်များ သိုလှောင်ထားခြင်း မရှိသဖြင့် ၎င်းမှာ အတော်ပင် အားနည်းနေသည်။

တစ္ဆေဘုရင်က ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကြီးမားသော ပါးစပ်ကြီးကို ဟကာ စုန့်ဝမ်ဆီ ဒေါသတကြီး ခုန်အုပ်လိုက်သည်။ စုန့်ဝမ်က ချက်ချင်းပင် တစ္ဆေထိန်းချုပ်မန္တန်ကို အသက်သွင်းလိုက်သည်နှင့် တစ္ဆေအလံမှ သွေးနီရောင်ဖျော့ဖျော့ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ တစ္ဆေဘုရင်မှာ ချက်ချင်းပင် နေရာ၌ အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့ပေ။

စုန့်ဝမ်လည်း ကိုးငရဲတစ္ဆေနည်းစနစ်ပါ နည်းလမ်းအတိုင်း မန္တန်လက်ကွက်များ အဆက်မပြတ် ဖော်ဆောင်ကာ ဝိညာဉ်စွမ်းအင်များကို မိုးစက်များကဲ့သို့ တစ္ဆေဘုရင်ပေါ်သို့ ပို့လွှတ်လိုက်သည်။

တချိန်တည်းမှာပင် အတွေးတစ်ချက်ဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်အလံကို ထုတ်ယူလိုက်သည်။ ဝိညာဉ်အလံမှ တစ္ဆေစွမ်းအင် အမြောက်အမြား ထွက်ပေါ်လာပြီး တစ္ဆေဘုရင်၏ ခန္ဓာကိုယ်ကို လွှမ်းမိုးသွားသည်။ ထို့နောက် ထောင်ချီသောဝိညာဉ်များ ထွက်ပေါ်လာပြီး တစ္ဆေဘုရင်ထံသို့ တိုးဝင်သွားသည်။ ထိုဝိညာဉ်များကို မြင်သောအခါ တစ္ဆေဘုရင်သည် ဆာလောင်နေသော သားရဲကဲ့သို့ လောဘတကြီး ဝါးမြိုပါတော့သည်။

ထိုအခိုက်အတန့်တွင် ဝိညာဉ်အလံသည် တစ္ဆေဘုရင်ကို ပတ်ပတ်လည် လှည့်ပတ်လိုက်ပြီး အလံပုံရိပ်ပေါင်းများစွာဖြင့် ဝန်းရံလိုက်သည်။ တစ်ခုခု မှားယွင်းနေသည်ကို ရိပ်မိသွားသော တစ္ဆေဘုရင်သည် ဝါးမြိုခြင်းကို ရပ်တန့်လိုက်ပြီး ထိုဝန်းရံမှုမှ ဖောက်ထွက်ရန် ကြိုးစားတော့သည်။

ချက်ချင်းဆိုသလို တစ္ဆေအလံမှ သွေးနီရောင်အလင်းတန်း ထပ်မံ ထွက်ပေါ်လာပြန်သဖြင့် တစ္ဆေဘုရင်မှာ နေရာ၌ပင် ထပ်မံ အေးခဲသွားပြန်သည်။ ထိတခဏတာ အချိန်လေးမှာပင် ဝိညာဥ်အလံပုံရိပ်ပေါင်းများစွာမှာ အလယ်ဗဟိုသို့ ရုတ်တရက် ကျုံဝင်စုစည်းသွားပြီး တစ္ဆေဘုရင်ကို တိုက်ခိုက်လိုက်သည်။ အလံပုံရိပ်များ ပျောက်ကွယ်သွားသည့် အချိန်တွင် ထိပ်တန်းအဆင့် ဝိညာဉ်အလံသည် တစ္ဆေဘုရင် ရပ်နေခဲ့သော နေရာတွင် ပြန်လည် ပေါ်လာသည်။ တစ္ဆေဘုရင်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ကာ ဝိညာဉ်အလံအတွင်း၌ ချုပ်နှောင်ခံလိုက်ရပြီ ဖြစ်သည်။

စုန့်ဝမ် ယခုမှ သက်ပြင်းချနိုင်တော့သည်။ ပင်ပန်းလွန်းသဖြင့် မျက်နှာမှာ သွေးရောင်မရှိတော့ဘဲ ဖြူဖျော့နေသည်။ တစ္ဆေအလံနှင့် ဝိညာဥ်အလံကို ပြိုင်တူအသက်သွင်းရခြင်းမှာ ဝိညာဉ်စွမ်းအင်ကို လွန်စွာ ကုန်ခမ်းစေခဲ့သည်။ ဝိညာဉ်အလံမှာ ကိုယ်တိုင် သန့်စင်ဖော်စပ်ထားခြင်း ဖြစ်၍သာ ယခုလို ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် တစ္ဆေဘုရင်ကို သန့်စင်ထိန်းချုပ်ရန် ဝိညာဥ်စွမ်းအင် မလုံလောက်တော့သဖြင့် နောက်မှ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

ထို့နောက် ဝိညာဥ်အားဖြည့်ဆေး သောက်ပြီး သိမ်းဆည်းရမိသော သိုလှောင်လက်စွပ်နှင့် အိတ်များ ထုတ်ယူလိုက်သည်။ စုစုပေါင်း အခု ၂၀ ရှိသည်။ ယင်းတို့ထဲတွင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး စုစုပေါင်း ၁၇၀,၀၀၀ ရှိပြီး အများစုမှာ စုမိသားစု ကျင့်ကြံသူများ၏ လက်စွပ်များမှ ရရှိခြင်း ဖြစ်သည်။ လေလွင့်ကျင့်ကြံသူများ၏ သိုလှောင်အိတ်အတွင်း၌မူ ဝိညာဉ်ကျောက်တုံး သုံးထောင်မှ ငါးထောင်ခန့်သာ ပါရှိသည်။

ဤလေလွင့်ကျင့်ကြံသူများသည် အခြေတည်အဆင့် ရှိသော်လည်း ဘဝကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနေရပုံ မရပေ။ လုယက်ရရှိသမျှ ဝိညာဉ်ကျောက်တုံးများကိုလည်း အလျင်အမြန်ပင် သုံးစွဲပစ်ကြပုံ ရသည်။ အခြေတည်အဆင့် ကျင့်ကြံသူများသည် ကျင့်ကြံမှုအတွက် နေ့စဉ် ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို အသုံးပြုရသောကြောင့်လည်း ဖြစ်နိုင်သည်။

ဖောက်ထွင်းမြင်ရသည့် လက်သီးဆုပ်အရွယ် သလင်းကျောက်များလည်း ပါရှိပြီး ၎င်းတို့မှာ သွေးသလင်းကျောက်များ ဖြစ်သည်။ စုစုပေါင်း တစ်သောင်းကျော် ရှိသည်။ ဤသွေးသလင်းကျောက်များမှာ ဝိညာဉ်ကျောက်တုံး ၅၀၀,၀၀၀ ခန့် တန်ဖိုးရှိသဖြင့် ၎င်းမှာ ကြီးမားသော ရိတ်သိမ်းမှုပင် ဖြစ်သည်။

စုန့်ဝမ်သည် စစ်ဆေးပြီးသည်နှင့် ဝိညာဉ်ကျောက်တုံးများ၊ သွေးသလင်းကျောက်များ၊ ဆေးလုံးများ၊ ဝိညာဉ်လက်နက်များနှင့် ကျင့်စဉ်များကို အမျိုးအစားခွဲကာ သီးသန့်စီ သိမ်းဆည်းလိုက်သည်။

သိမ်းဆည်းရမိ ဆေးလုံးများထဲမှ သွေးရောင်ဆေးလုံး နှစ်လုံးပါသော ကျောက်စိမ်းပုလင်းငယ်တစ်ခုကို သေချာစူးစမ်းကြည့်ရာ ဆေးလုံးများ၏ အနံ့နှင့် ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်များအရ ၎င်းတို့မှာ သွေးပေါက်ကွဲဆေးလုံးများ ဖြစ်နိုင်ကြောင်း စုန့်ဝမ် ဆုံးဖြတ်လိုက်သည်။ ထိဆေးလုံးများကို သိုလှောင်လက်စွပ်အတွင်း သီးသန့် သိမ်းဆည်းလိုက်သည်။ ယခုအချိန်မှာ ဆေးလုံးများကို လေ့လာရမည့် အချိန်မဟုတ်ပေ။

ထို့နောက် သိမ်းဆည်းလားသော အလောင်းခြောက်လောင်းကို ထုတ်လိုက်သည်။ ၎င်းတို့ကို အစားထိုးရုပ်သေးများအဖြစ် သန့်စင်ရန် ရည်ရွယ်ထားသော်လည်း သုံးရက်သာ ခွင့်ယူထားခဲ့သဖြင့် ပြုလုပ်ရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် အဆင့်မြင့် အလောင်းရုပ်သေးခေါင်းတလားကြီးတစ်ခုကို ထုတ်လိုက်ပြီး အလောင်းခြောက်လောင်းစလုံးကို ထည့်သိမ်းလိုက်သည်။ ထို့နောက် အားလုံးကို လုံခြုံစွာ သိမ်းဆည်းခဲ့သည်။

အားလုံး လုပ်ဆောင်ပြီးမှ စုန့်ဝမ်သည် လှေပျံကို စီး၍ မြောက်ဘက်ရှိ စျေးမြို့သို့ ဦးတည်ထွက်ခွာလာခဲ့သည်။ စျေးနှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ လှေပျံကို သိမ်းဆည်းပြီး သူ့ရုပ်သွင်ကို ယွမ်ချန်အဖြစ် ပြောင်းလဲကာ စျေးအတွင်းသို့ ဝင်ရောက်ခဲ့သည်။

……….

All Chapters