စုမိသားစု အခက်တွေ့နေပြီ
Vol. 14 Ch. 153
စုန့်ဝမ် စျေးအတွင်းသို့ ဝင်လိုက်သည်နှင့် သွေးသလင်းကျောက်မိုင်းတွင်းအကြောင်း ပြောဆိုနေသံများ နားထဲ ဝင်ရောက်လာသည်။ သတင်းအချက်အလက် အသစ်ရလိုရငြား နားထောင်ကြည့်သောအခါ သူမသိသေးသော သတင်းများကိုပါ ကြားလိုက်ရသည်။
စုမိသားစုသည် မိုင်းတွင်းကို သိမ်းပိုက်ထားသည်မှာ နှစ်အတန်ကြာ ရှိပြီဖြစ်ကာ လွန်ခဲ့သည့် တစ်လအတွင်း အင်အားစု အတော်များများက မိုင်းတွင်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့ကြသည်။ ကျင့်လုကဲ့သို့ တိုက်ခိုက်လုယက်ရုံ ကြိုးစားသည့် လေလွင့်ကျင့်ကြံသူများအပြင် မိုင်းတွင်းကို အပြီးအပိုင် သိမ်းပိုက်ပြီး တူးဖော်လိုကြသော ရွှေအမြုတေအဆင့် အင်အားစုများလည်း ပါဝင်သည်။
လွန်ခဲ့သော တစ်နှစ်အတွင်း စုမိသားစုအနေဖြင့် မိုင်းတွင်းကို အကြိမ်အနည်းငယ် သိမ်းပိုက်ခံခဲ့ရသော်လည်း အလျင်အမြန် ပြန်လည်ရယူနိုင်ခဲ့သည်။
လွန်ခဲ့သော နှစ်ရက်က စုဝမ်ရှီသည် မိုင်းတွင်းကို ပြန်လည် တည်ဆောက်ရန်အတွက် အဖွဲ့တစ်ခုကို ဦးဆောင်၍ မိုင်းတွင်းနယ်မြေသို့ သွားရောက်ခဲ့သည်။ ထိုနေ့မှာပင် သူတို့သည် တုမိသားစု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
တုမိသားစုသည် အခြေတည်အဆင့် ကျင့်ကြံသူ ၂၀ ကျော်ကို စေလွှတ်ခဲ့ပြီး ၎င်းမှာ သူတို့ မိသားစု၏ အခြေတည်အဆင့် ကျင့်ကြံသူ အားလုံးနီးပါး ဖြစ်သည်။ ထိုတိုက်ပွဲတွင် စုမိသားစု အရေးနိမ့်ခဲ့သည်။ စုမိသားစုမှ အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး သေဆုံးခဲ့ပြီး၊ အတော်များများ ဒဏ်ရာရရှိခဲ့ကာ စုဝမ်ရှီကိုယ်တိုင် ဒဏ်ရာ အနည်းငယ် ရရှိပြီး အရှက်တကွဲ ထွက်ပြေးခဲ့ရသည်။
လူတိုင်းက စုမိသားစုသည် ခဏတာ ရှုံးနိမ့်သွားခြင်းသာ ဖြစ်သည်ဟု ထင်ခဲ့ကြသည်။ အင်အားစုစည်းပြီးနောက် တုမိသားစုကို တိုက်ခိုက်ကာ မိုင်းတွင်းကို ပြန်လည် သိမ်းပိုက်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ အကြောင်းမှာ တုမိသားစုသည် ရွှေအမြုတေအဆင့် မိသားစုသစ်တစ်ခုသာ ဖြစ်သောကြောင့် ဖြစ်သည်။ တုမိသားစု၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူသည် လွန်ခဲ့သော ၁၀ နှစ်ကျော်ကမှ ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သဖြင့် သူတို့၏ အခြေခံမှာ မခိုင်မာသေးပေ။ သူတို့၏ အခြေတည်အဆင့် ကျင့်ကြံသူ အရေအတွက်မှာလည်း အခြားသော ရွှေအမြုတေအဆင့် အင်အားစုများနှင့် ယှဉ်လျှင် သိသိသာသာ နည်းပါးလှသည်။
စုမိသားစုကဲ့သို့ သက်တမ်းရင့် ရွှေအမြုတေအဆင့် မိသားစုနှင့် ယှဉ်လျှင် စုမိသားစုတွင် တုမိသားစုထက် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဆနီးပါး ပိုများနေသဖြင့် ကွာခြားချက်မှာ ထင်ရှားလှသည်။ ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုယ်တိုင် မလှုပ်ရှားသရွေ့ တုမိသားစုသည် စုမိသားစု၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။ နှစ်ဖက်စလုံးက သူတို့၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို အသုံးပြုခဲ့လျှင်ပင် တုမိသားစု၏ ကျင့်ကြံသူသစ်သည် စုမိသားစု၏ ဝါရင့် ဘိုးဘေးကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် နှစ်ရက်တာ ကုန်ဆုံးသွားခဲ့သော်လည်း စုမိသားစုဘက်မှ မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့ပေ။ ၎င်းမှာ သူတို့သည် မိုင်းတွင်းကို လက်လျှော့လိုက်သကဲ့သို့ ဖြစ်နေသည်။
ဤဖြစ်ရပ်ကြောင့် စုမိသားစုဘိုးဘေးသည် သူ့သက်တမ်း နောက်ဆုံးနှစ်များသို့ ရောက်ရှိနေပြီဖြစ်ကာ အသက်ကြီး၍ ကွယ်လွန်ရန် အချိန်အနည်းငယ်သာ လိုတော့သည်ဆိုခြင်းကို လူတိုင်း သတိပြုမိသွားကြသည်။ စုမိသားစု၏ တိတ်ဆိတ်နေမှုက မုန်တိုင်းမလာမီ ငြိမ်သက်နေသကဲ့သို့ဖြစ်ကာ စုမိသားစုနယ်မြေအတွင်းရှိ လေလွင့်ကျင့်ကြံသူများအား စိတ်မသက်မသာ ဖြစ်စေပြီး မကောင်းသော နိမိတ်တစ်ခုကို ခံစားနေရစေသည်။
စုမိသားစုနှင့် တုမိသားစုတို့ကြား ကြီးမားသည့်တိုက်ပွဲတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ထို့ကြောင့် စျေးအတွင်းရှိ လေလွင့်ကျင့်ကြံသူများအကြား စိုးရိမ်မှုများ မြင့်တက်လာပြီး အတော်များများမှာ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေကြတော့သည်။
……..
သူဂူအောင်းနေချိန်အတွင်း တုမိသားစုက သွေးသလင်းကျောက်မိုင်းတွင်းကို သိမ်းပိုက်လိုက်သည့် သတင်းမှာ စုန့်ဝမ်အတွက် အလွန်ထူးခြားသော သတင်းဖြစ်သည်။
စုမိသားစုမှာ ပျက်စီးခါနီး အခြေအနေသို့ ရောက်ရှိနေပုံရသည်။ စုမိသားစုကဲ့သို့ ရှေးဟောင်း ရွှေအမြုတေအဆင့်မိသားစုကြီးသည် ယခုအခါ တုမိသားစုကဲ့သို့ အင်အားသစ် မိသားစု၏ ဖိနှိပ်မှုကို ခံနေရပြီး သိက္ခာကိုပင်မထောက် သည်းခံနေရသည် မဟုတ်ပါလား။
စုန့်ဝမ် ချင်းဖျင်တောင်၏ တောင်တံခါးသို့ ရောက်သောအခါ မွန်းတည့်ချိန် ရှိနေပြီ ဖြစ်သည်။ တံခါးဝရှိ အစောင့်အရေအတွက်မှာ ပုံမှန်ထက် သိသိသာသာ ပိုများနေပြီး အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးပင် ပါဝင်နေသည်။
စုန့်ဝမ်သည် အစောင့်များထဲမှ စုရှန်းကို ချဥ်းကပ်ပြီး သူ့တံဆိပ်ပြားကို ပြလိုက်သည်။ စုရှန်းက စုန့်ဝမ်ဖြစ်ကြောင်း မြင်သောအခါ တံဆိပ်ပြားကို မစစ်ဆေးဘဲ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ဆရာယွမ် ... တက်သွားပါ၊ စစ်ဆေးနေဖို့ မလိုပါဘူး”
စုန့်ဝမ်က တံဆိပ်ပြားကို ပြန်သိမ်းပြီး တောင်ပေါ်သို့ တက်လာခဲ့သည်။ စုရှန်းအနား ဖြတ်သွားစဉ် စုရှန်းထံမှ ပုပ်ပွနေသော အလောင်းနံ့ အနည်းငယ် ရနေသည်ကို သတိပြုမိခဲ့သည်။ ထိုအနံ့မှာ အလွန်သိမ်မွေ့သော်လည်း အလောင်းများနှင့် နတ်ဆိုးကျင့်စဉ်များကို အကျွမ်းတဝင်ရှိသော စုန့်ဝမ်အတွက်မူ အလွန်ရင်းနှီးနေသည်။ စုရှန်းသည် လောဘဇောဖြင့် နတ်ဆိုးကျင့်စဉ်များကို စတင်လေ့ကျင့်နေပုံရသည်။ ကြည့်ရသည်မှာ အစပျိုးရုံသာ ရှိသေးပုံရသည်။
စုန့်ဝမ်သည် တောင်ပေါ်သို့ ဆက်တက်လာပြီး ဆေးဖော်စပ်ဆောင်သို့ ရောက်သောအခါ ထိုင်ခုံပေါ်တွင် အေးစက်စွာ ထိုင်နေသော စုဟွာယွဲ့ကို တွေ့လိုက်ရသည်။
စုန့်ဝမ်ကို မြင်သည်နှင့် “ဆရာယွမ်... ရှင်က သုံးရက်ခွင့်ယူထားတာဆို၊ ဒီနေ့မနက် ဆေးဖော်ဆောင်ကို အရောက်လာရမှာလေ။ အခုတော့ မွန်းတည့်နေပြီ”ဟု အေးစက်စက်လေသံနှင့် ပြောလာသည်။
စုန့်ဝမ်သည် စိတ်ထဲမှ ကျိန်ဆဲလိုက်မိသာ်လည်း ဟန်ဆောင်ပြုံးရင်း ချိုချိုသာသာ ပြန်ဖြေလိုက်ရသည်။
“ကျွန်တော် သူငယ်ချင်းနဲ့ စကားကောင်းနေလို့ နောက်ကျသွားတာပါ။ တာဝန်ခံအနေနဲ့ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
စုဟွာယွဲ့လေသံက အေးစက်နေဆဲပင်။
“လောလောဆယ် မိသားစုက ဒဏ်ရာပျောက်ဆေးနဲ့ အင်အားဖြည့်ဆေးတွေ အရေးပေါ် လိုအပ်နေတယ်။ ရှင်က အဲဒီဆေးတွေကို မဖော်တတ်တော့ အခြား အဂ္ဂိရတ်ပညာရှင်တွေကို သုံးနေရတယ်။ ဒီတော့ ချီစုစည်းဆေးဖော်ဖို့ တာဝန်ယူရမယ်၊ ဒီလအတွက် ချီစုစည်းဆေး အရေအတွက်ကို ၅၀ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်တယ်”
ငါးဆယ်ရာခိုင်နှုန်း၊ စုန့်ဝမ်၏ အပြုံးပင် ပျောက်ကွယ်သွားရသည်။
“တာဝန်ခံ ... ဒါက ကျွန်တော်တို့ အစောပိုင်းက သဘောတူထားတာနဲ့ …”
“ဘုန်း”
စုဟွာယွဲ့က လက်ဝါးဖြင့် ဘေးနားရှိ ကျောက်စားပွဲကို အားပြင်းပြင်း ရိုက်ချလိုက်ရာ စားပွဲမှာ ဖုန်မှုန့်အဖြစ် ကြေမွသွားသည်။
ထို့နောက် သူမက ဆေးဖော်ဆောင်အတွင်း သွားလာနေသသည့် အခြားသော ဆေးပညာရှင်များကိုပါ ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“အားလုံး နားထောင်ပေးပါ။ စုမိသားစုက ရှင့်တို့ကို ရက်ရက်ရောရော ထောက်ပံ့ပေးထားတာ။ အခု စူးမိသားစု အခက်အခဲနဲ့ ကြုံရချိန်မှာ ကူညီဖို့ တွန့်ဆုတ်နေကြတာလား။ စုမိသားစုကို အနိုင်ကျင့်လို့ရမယ် ထင်နေကြတာလား”
ချက်ချင်းပင် ဆေးဖော်ဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး အပ်ကျသံပင် ကြားနိုင်လောက်အောင် ငြိမ်သက်သွားသည်။
စုဟွာယွဲ့၏ ဒေါသကို မြင်သောအခါ ဒဏ်ရာပျောက်ဆေးနဲ့ အင်အားဖြည့်ဆေးများ အရှိန်မြှင့်ထုတ်လုပ်ကာ တုမိသားစုနဲ့ တိုက်ပွဲကြီး ဆင်နွှဲရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
စုန့်ဝမ်က ပြုံးပြရင်း “တာဝန်ခံ ... စိတ်မဆိုးပါနဲ့။ ကျွန်တော်က စုမိသားစုရဲ့ ဆေးဆရာတစ်ယောက် ဖြစ်တဲ့အတွက် စုမိသားစုဝင်လိုပါပဲ၊ မိသားစုငသာ လိုအက်တယ်ဆိုရင် အစွမ်းကုန် ကြိုးစားမှာပါ။ စိတ်ချပါ .. သတ်မှတ်ပမာဏကို အချိန်မီ အပြီးသတ်ပေးပါ့မယ်”
စုဟွာယွဲ့လည်း စုန့်ဝမ်စကားကြောင့် ဒေါသ အနည်းငယ် လျော့ကျသွားသည်။ ယမန်နေ့က အကြီးအကဲစုဝမ်ရှီဆီမှ တစ်လအတွင်း ဒဏ်ရာပျောက်ဆေးနှင့် အင်အားဖြည့်ဆေး အမြောက်အမြား ထုတ်လုပ်ရန်နှင့် အခြားဆေးများ ထုတ်လုပ်မှုကိုလည်း မလျှော့ချရန် အမိန့်ပေးချက် လက်ခံရရှိခဲ့သဖြင့် စုဟွာယွဲ့လည်း ဆေးပညာရှင်များအား ဤလတွင် ဆေးပိုမိုထုတ်လုပ်ရန် ဖိအားပေးနေခြင်း ဖြစ်သည်။ အပိုဆုကြေးမရဘဲ အလုပ်ပိုလုပ်ရမည်ကို သိသောအခါ ပြင်ပမှလာရောက်သော ဆေးပညာရှင် အများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။
ထို့ကြောင့် သူမက သတင်းပို့ချိန် နောက်ကျနေသော စုန့်ဝမ်ကို စံနမူနာပြအဖြစ် အပြစ်ပေးကာ အခြားသူများကို သတိပေးရန် ရည်ရွယ်ခဲ့သော်လည်း စုန့်ဝမ်က ချက်ချင်းပင် အလျှော့ပေးသောအခါ ဆက်လုပ်မရ ဖြစ်သွားသည်။ သို့သော် နာခံတတ်သည့် ဆေးပညာရှင် ရှိနေခြင်းမှာလည်း ကောင်းမွန်သောအရာ ဖြစ်သည်။ မိသားစုပြင်ပမှ ဆေးပညာရှင်များမှာ စုစည်းမှု မရှိကြပေ၊ အချို့ကို အသာတကြည် နာခံစေနိုင်လျှင် ကျန်သူများမှာလည်း လိုက်ပါလာကြလိမ့်မည်။
စုဟွာယွဲ့သည် စုန့်ဝမ်ထံ သိုလှောင်အိတ်တစ်အိတ် ပေးလိုက်ပြီး “ဒီမှာ ချီစုစည်းဆေး သုံးကြိမ်စာအတွက် ကုန်ကြမ်းတွေ ရှိတယ်။ ဒါတွေကို အပြီးဖော်ပြီးမှ ဆေးဖော်ဆောင်က ထွက်ခွင့်ရှိမယ်”ဟု ပြောလိုက်သည်။
စုန့်ဝမ်လည်း သိုလှောင်အိတ်ကို လက်ခံရယူကာ သူ့ဆေးဖော်စပ်ခန်းသို့ ဝင်ခဲ့သည်။ ချီစုစည်းဆေး တစ်သုတ်ဖော်ရန် နှစ်နာရီမှ သုံးနာရီခန့် ကြာသော်လည်း ချီစုစည်းခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူအတွက် မနားတမ်း လုပ်လျှင်ပင် သုံးသုတ်စာအတွက် နှစ်ရက်ခန့် ကြာမြင့်မည် ဖြစ်သည်။ ဆေးဖော်ခြင်းမှာ ဝိညာဉ်စွမ်းအင်နှင့် စိတ်စွမ်းအားကို အလွန်အမင်း ကုန်ခမ်းစေသည်။ တစ်သုတ်ဖော်ပြီးတိုင်း ခွန်အား ပြန်လည်ဖြည့်တင်းရန် ကျင့်ကြံဖို့ လိုအပ်သည်။
သို့သော် အခြေတည်အဆင့်ရှိသော စုန့်ဝမ်အတွက်မူ ၎င်းမှာ ပြဿနာ မဟုတ်ပေ။ ခြောက်နာရီအတွင်းမှာပင် သတ်မှတ်ပမာဏ ဖော်စပ်ပြီးသွားပြီး ကုန်ကြမ်းတချို့ပင် ပိုနေသေးသည်။ သို့သော် စုန့်ဝမ်သည် ဆေးဖော်စပ်ခန်းမှ ချက်ချင်း ထွက်ခွာ၍ မရပေ။ ထိုသို့လုပ်ပါက ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူအဖြစ် ဟန်ဆောင်မှု ပေါ်သွားပေလိမ့်မည်။ ထို့ကြောင့် ယုတ္တိတန်အောင် အချိန်ဖြုန်းရဦးမည်။
အဆင်ပြေသွားသည်မှာ ဆေးဖော်စပ်ခန်းများသည် ဆေးမီးဖိုပေါက်ကွဲခြင်းကဲ့သို့သော မမျှော်လင့်ထားသည့် အခြေအနေများနှင့် ရင်ဆိုင်ရလေ့ ရှိသဖြင့် အခန်းတိုင်းတွင် အကာအကွယ်နှင့် အသံလုံအစီအရင်များ တပ်ဆင်ထားသည်။ ဆေးဖော်ခန်းအတွင်း၌ သွေးပေါက်ကွဲဆေးလုံးကို လေ့လာ၊ စမ်းသပ်ရန် အခွင့်ကောင်း ဖြစ်လာသည်။
စုန့်ဝမ်သည် တင်ပျဉ်ခွေထိုင်ကာ သွေးပေါက်ကွဲဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။ ဆေးလုံး ဗိုက်ထဲသို့ ရောက်သည်နှင့် သွေးများမှာ ပြင်းထန်စွာ ဆူပွက်လာပြီး တိုက်ခိုက်လိုစိတ်များ ထကြွလာသည်။ ပြင်းထန်သော ဝိညာဉ်စွမ်းအင်တစ်ခု ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်လာပြီး ရှိရင်းစွဲ ဝိညာဉ်စွမ်းအင်၏ လမ်းညွှန်မှုဖြင့် ထိုစွမ်းအင်သစ်မှာ အကြောများအတွင်းမှတဆင့် ဒန်တန်အတွင်းသို့ ချောမွေ့စွာ စီးဝင်သွားသည်။
ကျင့်စဉ်အဆင့်မှာလည်း ချက်ချင်းပင် မြင့်တက်လာသည်။ အခြေတည် အလယ်အလတ်အဆင့်သို့ မရောက်ရှိသော်လည်း အလွန်ပင် နီးကပ်သွားသည်။
စုန့်ဝမ် ဝမ်းသာသွားသည်။ သွေးပေါက်ကွဲဆေးလုံး၏ အာနိသင်မှာ မျှော်လင့်ထားသည်ထက် ကောင်းမွန်လှသည်။ ၎င်းကို အသက်လုရမည့် အခြေအနေများတွင် အရေးကြီးဆေးအဖြစ် သတ်မှတ်ခြင်းမှာ မဆန်းပေ။ ခဏအကြာတွင် စုန့်ဝမ်သည် သူ့ဝိညာဉ်စွမ်းအင်များ လျင်မြန်စွာ အားနည်းလာသည်ကို သတိပြုမိလိုက်သည်။ တိုက်ပွဲမဝင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်၊ ခဏအကြာတွင် ဝိညာဉ်စွမ်းအင်မှာ မူလအခြေအနေသို့ ပြန်ရောက်သွားပြီး ပုံမှန်အတိုင်း ပြန်တည်ငြိမ်သွားသည်။ သွေးစွမ်းအင်ကတော့ သိသိသာသာ ကုန်ခမ်းသွားသည်။ ၎င်းမှာ သွေးပေါက်ကွဲဆေးလုံး၏ ဘေးထွက်ဆိုးကျိုးပင် ဖြစ်သည်။ သို့သော် သွေးစွမ်းအင် ကုန်ခမ်းသွားခြင်းက စုန့်ဝမ်အတွက် အရေးလုပ်စရာ သိပ်မလိုချေ။
သွေးပေါက်ကွဲဆေးလုံးကြောင့် တက်လာသော ဝိညာဉ်စွမ်းအင်မှာ ခဏသာ ခံပြီး ၎င်းကို ကျင့်ကြံ၍ မရနိုင်ပေ။ ၎င်းမှာ စွမ်းအင်ကို တိုးမြှင့်ပေးနိုင်သော သွေးချီဆေးလုံးနှင့် အလွန်ကွာခြားသည်။ သွေးပေါက်ကွဲဆေးလုံး၏ အဓိကပါဝင်ပစ္စည်းမှာ ဝိညာဉ်ဆေးပင်မဟုတ်ဘဲ တတိယအဆင့် မိစ္ဆာသားရဲ၏ သွေးဖြစ်သည်။ ကျင့်ကြံမှုအဆင့်ကို ခေတ္တ တိုးပေးနိုင်ခြင်းမှာ သားရဲသွေးအတွင်းရှိ အစွမ်းကို သောက်သုံးသူထံသို့ ကူးပြောင်းပေးလိုက်ခြင်းကြောင့် ဖြစ်သည်။ သားရဲသွေးမှ အစွမ်းကုန်သွားသည်နှင့် တက်လာသော ခွန်အားမှာလည်း ပြန်ကျသွားမည် ဖြစ်သည်။ ခွန်အားကို တိုးတက်စေရန်အတွက် ဤစွမ်းအင်ကို ဒန်တန်အတွင်း သိုလှောင်နိုင်မည့် နည်းလမ်းကို ရှာဖွေနိုင်မှသာ ဖြစ်နိုင်မည်။
ထို့ကြောင့် အဓိကပါဝင်ပစ္စည်းဖြစ်သည့် မိစ္ဆာသားရဲသွေးအစား ဝိညာဉ်ဆေးပင်တစ်မျိုးမျိုးကို အစားထိုးရန် စိတ်ကူးပေါ်လာသည်။ စုန့်ဝမ် ပထမဆုံး တွေးမိသည်မှာ သွေးနီနွယ်ပင် ဖြစ်သည်။ ၎င်းသည် သွေးချီဆေးလုံး၏ အဓိကပါဝင်ပစ္စည်း ဖြစ်ကာ သွေးစွမ်းအင်ကို သုံး၍ ဝိညာဉ်စွမ်းအင် ထုတ်ပေးနိုင်သည်။ သို့သော် သွေးနီနွယ်ပင်မှာ ပထမအဆင့် ဝိညာဥ်ဆေးပင်သာ ဖြစ်သည်။ ၎င်းကို အစားထိုး အသုံးပြုပါက အောင်မြင်လျှင်ပင် ဆေးအစွမ်းမှာ အားနည်းနေလိမ့်မည်။
သွေးနီနွယ်ပင်နဲ့ အာနိသင်ဆင်တူတဲ့ ဒုတိယအဆင့် ဝိညာဉ်ဆေးပင်တစ်မျိုး ရှာဖွေရန် တွေးမိပြီး၊ စုန့်ဝမ် ဦးနှောက်မုန်တိုင်းဆင်တော့သည်။ ရုံကျင့်ယွမ်ထံမှ ရရှိထားသော ဆေးဖော်မှတ်တမ်းတွင် ဆေးနည်း ၁၀၀ ကျော်နှင့် ဝိညာဉ်ဆေးပင်များ၏ ဂုဏ်သတ္တိများကို အသေးစိတ် ဖော်ပြထားသည်။
မှတ်တမ်းများကို အစအဆုံး ပြန်လည်သုံးသပ်ပြီးနောက် အစားထိုးသုံးနိုင်မည့် ဒုတိယအဆင့် ဝိညာဉ်ဆေးပင် သုံးမျိုးကို တွေ့ရှိခဲ့သည်။ မီးသလဲသီး၊ မိုးပြာဆူးနှင့် အဝါရောင်မှိုတို့ ဖြစ်သည်။ ရရှိရန် အလွယ်ဆုံးမှာ အဝါရောက်မှို ဖြစ်ပြီး၊ ထို့နောက်တွင် မိုးပြာဆူး ဖြစ်ကာ မီးသလဲသီးမှာမူ ရရှိရန် အခက်ခဲဆုံး ဖြစ်သည်။ စုန့်ဝမ်သည် မီးသလဲသီးကို ချက်ချင်းပင် ပယ်ချလိုက်သည်။ ၎င်းမှာ ရှားပါးဆေးပင်ဖြစ်ပြီး အမြင်အာရုံပညာများ လေ့ကျင့်ရာတွင် အထောက်အကူပြုသဖြင့် တတိယအဆင့် ဝိညာဉ်ဆေးပင်များထက်ပင် ဈေးကြီးတတ်သည်။
မီးသလဲသီးမှာလည်း အတော်ပင် ရှားပါးသဖြင့် ဆေးလုံးပမာဏ အမြောက်အမြား ထုတ်လုပ်ရန် မဖြစ်နိုင်ပေ။ သွေးပေါက်ကွဲဆေးလုံးကို အဆင့်မြှင့်တင်ရန် နည်းလမ်းကို ရရှိပြီးနောက် စမ်းသပ်ချင်စိတ် ပြင်းပြနေသော်လည်း လောလောဆယ် လိုအပ်သော ဝိညာဉ်ဆေးပင်များ မရှိသေးပေ။ ဆေးဖော်ခန်းထဲ ရောက်နေသည်မှာ တစ်ရက်ပင် မပြည့်သေးသဖြင့် ယခုထွက်သွားလျှင် သံသယဖြစ်ခံရမည်မှာ သေချာသည်။
ထို့ကြောင့် ကျန်ရှိနေသော ကုန်ကြမ်းများကို သုံး၍ ဆေးများကို ဆက်လက် ဖော်စပ်ရန် ဆုံးဖြတ်လိုက်သည်။ မထွက်သွားနိုင်သေးသဖြင့် နောင်တွင် စူးဟွာယွဲ့ တောင်းဆိုလာမည့် ဆေးများအတွက် ကြိုတင် ပြင်ဆင်ထားခြင်းက အကောင်းဆုံး အချိန်ဖြုန်းနည်း ဖြစ်သည်။
………..