← Chapters

ဝိညာဥ်ဆေးပင် ရှာမယ်

Vol. 14 Ch. 154

ဝိညာဥ်ဆေးပင် ရှာမယ်

Vol. 14 Ch. 154

နောက်ထပ် တစ်ရက် ကုန်ဆုံးသွားပြီး တတိယမြောက်နေ့ နံနက်တွင် စုန့်ဝမ်သည် ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် ဆေးဖော်ခန်းမှ ထွက်လာပြီး ချီစုစည်းဆေး ၁၅ လုံးပါသော ကျောက်စိမ်းပုလင်းကို စူးဟွာယွဲ့ထံ ကမ်းပေးလိုက်သည်။

“တာဝန်ခံစု ... ကျွန်တော် သတ်မှတ်ထားတဲ့အတိုင်း ချီစုစည်းဆေးတွေ ဖော်စပ်ပြီးပါပြီ”

စုဟွာယွဲ့သည် ပုလင်းကို ယူကြည့်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

“ဆရာယွမ် … ပင်ပန်းသွားပြီ။ ပြန်အနားယူနိုင်ပါပြီ။ သတ်မှတ်ထားတဲ့ရက်မှာ ဆေးဖော်ဆောင်ကို ပြန်လာဖို့ မမေ့ပါနဲ့ဦး”

နှုတ်ဆက်ပြီးနောက် စုန့်ဝမ် လှည့်ထွက်လာခဲ့သည်။ လမ်းတလျှောက် ပင်ပန်းနွမ်းလျဟန်ဖြင့် ပြန်လာပြီး နေအိမ်ရောက်မှပင် ပုံမှန်အတိုင်း လန်းဆန်းတက်ကြွဟန် ပြန်ဖြစ်သွားသည်။ စုမိသားစု အန္တရာယ်ကြုံပြီး သတိကြီးကြီးထားနေစဥ် အမှားခံ၍ မရပေ။

အိမ်ပြန်ရောက်သည်နှင့် ဝိညာဥ်ဆေးပင်များ သိမ်းဆည်းသည့် သိုလှောင်လက်စွပ်အတွင်း ဝိညာဥ်အာရုံ ပို့လွှတ်ကာ သွေးပေါက်ကွဲဆေး ဖော်စပ်ရာတွင် ပါဝင်သည့် ဆေးပင်များကို ဂရုတစိုက် ရှာဖွေလိုက်သည်။ သွေးပေါက်ကွဲဆေးလုံးမှာ ဒုတိယအဆင့်ဆေး ဖြစ်သော်လည်း ပါဝင်ပစ္စည်းအားလုံးမှာ ဒုတိယအဆင့် မဟုတ်ပေ၊ အချို့မှာ ပထမအဆင့် သစ်ပင်များ ဖြစ်ကြသည်။ ထိုသစ်ပင်များမှာ အသုံးများသဖြင့် သူ့ထံတွင် အမြောက်အမြား ရှိနေသည်။

စစ်ဆေးပြီးနောက် သွေးပေါက်ကွဲဆေးလုံး ဖော်စပ်ရန်အတွက် ဆေးပင်နှစ်မျိုးသာ လိုတော့သည်ကို တွေ့ရှိခဲ့သည်။ တစ်ခုမှာ ဒုတိယအဆင့်ဖြစ်သော တစ္ဆေအပ်မြက်ဖြစ်ပြီးဟ၎င်းမှာ အထောက်အကူပြုပစ္စည်း ဖြစ်သည်။ စျေးကွက်တွင် ရှာရမခက်သော်လည်း သူ့သိုလှောင်လက်စွပ်အတွင်း မရှိသဖြင့် ဝယ်ယူရမည်။

အခြားတစ်ခုမှာ အဓိကပါဝင်ပစ္စည်း ဖြစ်သော အဝါရောင်မှိုပင် ဖြစ်သည်။ စုန့်ဝမ်သည် စမ်းသပ်မှုတွင် အဝါရောင်မှိုကို အရင်ဆုံး အသုံးပြုရန် ဆုံးဖြတ်ထားသည်၊ ၎င်းမှာ စျေးအသက်သာဆုံးနှင့် ရရှိရန် အလွယ်ဆုံး ဖြစ်သောကြောင့် ဖြစ်သည်။

ဆေးပင်များ စစ်ပြီးသည်နှင့် အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီး စားသောက်ဆောင်သို့ ထွက်လာခဲ့သည်။ မွန်းတည့်ချိန်ဖြစ်သဖြင့် နေ့လယ်စာ စားချိန်ဖြစ်သည်။ စားသောက်ဆောင်သည် စုမိသားစုထံတွင် အလုပ်လုပ်နေသော ပြင်ပပညာရှင်များ ပုံမှန်စုစည်းရာ ဖြစ်သောကြောင့် သတင်းစုံလင်သည်။ ထို့ကြောင့် စုန့်ဝမ်သည် အားလပ်ချိန်များတွင် စားသောက်ဆောင်သို့ သွားကာ သူတို့နှင့် စကားပြောလေ့ရှိသည်။

စားသောက်ဆောင်ထဲ ဝင်လိုက်သောအခါ သွမ့်ကျားကို မတွေ့ရသော်လည်း သူသိကျွမ်းနေသော ချီရှုံဆိုသူနှင့် အခြားပညာရှင်အချို့ကို တွေ့လိုက်ရသည်။ စုန့်ဝမ်လည်း ချီရှုံတို့ကို နှုတ်ဆက်ရင်း လွတ်နေသော နေရာတွင် ဝင်ထိုင်လိုက်သည်။

ခဏအကြာတွင် အစေခံက ဟင်းလျာများကို လာချပေးသည်။ ဝိုင်းအတွင်းရှိ လူများ တိတ်ဆိတ်နေသည်ကို မြင်သောအခါ စုန့်ဝမ်သည် အစားစားရင်း စကားစလိုက်သည်။

“တာဝန်ခံစုဟွာယွဲ့က အလုပ်တွေကို ၅၀ ရာခိုင်နှုန်း တိုးလုပ်ခိုင်းနေတယ်၊ ဆုကြေးလည်း မပေးဘူး။ ဒီလိုဖြစ်မယ်မှန်း သိရင် စုမိသားစုထဲ ဝင်ခဲ့မှာ မဟုတ်ဘူး”

အသက် ၃၀ ကျော်အရွယ် အမျိုးသမီး ဆေးပညာရှင်တစ်ဦးက စုန့်ဝမ်စကားကို ထောက်ခံဟန်ဖြင့် ခေါင်းညိမ့်လိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“ဟုတ်တယ် .. ဒီလ လစာရပြီးရင် ကျွန်မ စုမိသားစုကနေ ထွက်ဖို့ စဉ်းစားနေတယ်”

ဝိုင်းအတွင်းရှိ အခြားသူများမှာ လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး ထိုအမျိုးသမီးကို လှည့်ကြည့်လိုက်ကြသည်။

“ကောင်းယန် ... မင်း တကယ်ပဲ စုမိသားစုက ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီလား” ဟု တစ်ဦးက မေးလိုက်သည်။

ကောင်းယန်က ခေါင်းညိတ်ပြသည်။

“အင်း … စုမိသားစုနဲ့ တုမိသားစုက အနှေးနဲ့အမြန် တိုက်ပွဲဖြစ်ကြမှာပဲ။ ကျွန်မတို့လို ပြင်ပလူတွေ ဒီထဲမှာ မပါတာ အကောင်းဆုံးပဲ”

“အဲဒါလည်း ဟုတ်တာပဲ”ဟု တစ်ဦးက သဘောတူလိုက်သည်။

ခဏအကြာတွင် အမျိုးသား ကျင့်ကြံသူတစ်ဦးက “ဒါဆိုရင် ငါလည်း မင်းနဲ့အတူ လိုက်ထွက်မယ်”ဟု ပြောလာသည်။

ကောင်းယန်က ခေါင်းညိမ့်ရင်း “အဆင်ပြေတယ်၊ ခုတလော စုမိသားစု ပတ်ဝန်းကျင်က မလုံခြုံတော့ဘူး။ အဖော်နဲ့ သွားတာက ပိုပြီး စိတ်ချရလိမ့်မယ်”ဟု ပြောသည်။

ချက်ချင်းပင် နောက်ထပ် လူနှစ်ဦးကလည်း ထွက်ခွာရန် ဆုံးဖြတ်လိုက်ကြသည်။

စကားမပြောဘဲ ငြိမ်နေသော ချီရှုံမှာ စိုးရိမ်ပူပန်လာသည်။ ကောင်းယန်၏ ရွေးချယ်မှုမှာ မှန်ကန်ကြောင်း သူ သိသည်။ သို့သော် စုဟွာယွဲ့က သူ့အား အဆင့်ချိုးဖျက်ဆေးလုံး ပေးမည်ဟု ကတိပေးထားသည်ကို သတိရနေသည်။ ဆေးလုံး မရသေးသဖြင့် သူ့အနေဖြင့် ထွက်သွားလိုစိတ် မရှိပေ။

အခြားသူများက ချီရှုံကို သူတို့နှင့်အတူ ထွက်ခွာရန် စည်းရုံးကြသည်။

ချီရှုံသည် စိတ်ညစ်သွားဟန်ဖြင့် “တာဝန်ခံစုက နောက်တစ်လနေရင် အဆင့်ချိုးဖျက်ဆေးပေးမယ်လို့ ကတိပေးထားတယ်။ အဲဒါရပြီးမှပဲ ငါ ဆုံးဖြတ်ချင်တယ်”

ထွက်သွားရန် ဆုံးဖြတ်ထားသော အမျိုးသား ကျင့်ကြံသူတစ်ဦးက လှောင်ပြောင်လိုက်သည်။

“စုမိသားစုဆီက အကျိုးအမြတ်တွေကို ယူပြီးရင် အလွယ်တကူ ထွက်သွားလို့ရမယ် ထင်နေတာလား။ မင်းက အိမ်မက် မက်နေတာပဲ”

ထို့နောက်တွင် စကားဝိုင်းမှာ အခြအနေ တင်းမာသွားသည်။ တိတ်ဆိတ်စွာ စားသောက်ပြီးသည်နှင့် စားသောက်ဆောင်မှ ထွက်ခွာသွားကြသည်။ ချီရှုံမှာမူ အခြားသူများ၏ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရပြီး တစ်ယောက်တည်း ထွက်ခွာသွားခဲ့သည်။

ထွက်ခွာသွားသော ချီရှုံ၏ ပုံရိပ်ကို ကြည့်ရင်း စုန့်ဝမ်စိတ်ထဲတွင် စုမိသားစု၏ တားမြစ်နယ်မြေအတွင်းရှိ အစီအရင်ထဲသို့ သံကြိုးများဖြင့် ချည်နှောင်ပြီး ဆွဲခေါ်ခြင်း ခံနေရသော ကျင့်ကြံသူပေါင်းများစွာ၏ ပုံရိပ်က ရိပ်ခနဲ ပေါ်လာသည်။ တုမိသားစု၏ ဖိအားကြောင့် စုမိသားစုသည် ကိစ္စရပ်တိုင်းကို အရှိန်မြှင့်လုပ်ဆောင်နေပုံရသည်။

မူလက စုဟွာယွဲ့သည် ချီရှုံကို သုံးလအကြာမှ အဆင့်တက်ဆေးပေးမည်ဟု ပြောခဲ့သော်လည်း ယခုမူ တစ်လအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ယခုအချိန်ထိ စုမိသားစုက သက်ရှည်ကျင့်စဉ် ကျင့်ကြံသူများကို ဖမ်းဆီးနေသည့် အကြောင်းရင်းကို စုန့်ဝမ် မသိရသေးပေ။ စုမိသားစုမှ အဓိကအဖွဲ့ဝင် တစ်ယောက်ယောက်ကို ဝိညာဉ်ရှာဖွေရန် အခွင့်သာပါက သိနိုင်မည်ဟု တွေးမိသော်လည်း ယင်းမှာ မဖြစ်နိုင်သလောက် ခက်ခဲနေသည်။

စားသောက်ဆောင်မှ ထွက်လာပြီးနောက် စုန့်ဝမ်သည် ရုပ်ဖျက်လိုက်ပြီး စုမိသားစုဝင် သာမန်လူများ နေထိုင်ရာ မြို့ငယ်လေးသို့ ရောက်ရှိလာခဲ့သည်။ ထိုမြို့တွင် ကျင့်ကြံသူများ ဖွင့်လှစ်ထားသော ဆိုင်အချို့ ရှိသည်။ စုန့်ဝမ်က တစ္ဆေအပ်မြက်နှင့် အဝါရောင်မှို ရလိုရငြား ဆင်းလာခဲ့ခြင်း ဖြစ်သည်။

ထိုမြို့တွင် သေမျိုးများနှင့် အဆင့်နိမ့်ကျင့်ကြံသူများ ရောနှောနေထိုင်ကြပြီး ဆိုင်များမှာလည်း စနစ်တကျမရှိဘဲ ရှုပ်ထွေးစွာ တည်ရှိနေသည်။ မြို့တွင်းရှိ ဆေးဆိုင်အားလုံးကို တစ်နာရီနီးပါး ပတ်ကြည့်ခဲ့သော်လည်း တစ္ဆေအပ်မြက်ကိုသာ တွေ့ရှိခဲ့ပြီး အဝါရောင်မှိုကိုမူ ရှာမတွေ့ခဲ့ပေ။

တစ္ဆေအပ်မြက်မှာ ဒုတိယအဆင့် ဝိညာဉ်ဆေးပင် ဖြစ်သော်လည်း အသုံးဝင်မှု နည်းပါးသဖြင့် တန်ဖိုးလည်း နည်းသည်။

အဝါရောင်မှိုမှာ သိပ်မရှားပါးသော အသုံးများသည့် ဒုတိယအဆင့် ဆေးပင်ဖြစ်သော်လည်း မည်သည့်ဆိုင်တွင်မှ ရောင်းချခြင်း မရှိပေ။ တစ်စုံတစ်ယောက်က တမင်ထိန်းချုပ်ထားသည့် အနေအထားမျိုး တွေ့ရသည်။

စုန့်ဝမ်သည် မြို့ထဲရှိ လမ်းကြားများအတိုင်း လျှောက်လာရင်း စုရှန်း၏ နေအိမ်ရှေ့သို့ ရောက်နေကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။ ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ စုရှန်း အိမ်တွင် ရှိနေကြောင်း သိလိုက်ရသည်။ စုရှန်းတစ်ယောက် မည်သည့်နတ်ဆိုးကျင့်စဉ်မျိုး ကျင့်ကြံနေသည်ကို သိချင်စိတ်ဖြင့် ရုပ်ဖျက်ထားမှုကို ပယ်ဖျက်ကာ ဆေးဆရာယွမ်အသွင်သို့ ပြောင်းလဲပြီး တံခါးကို အသာအယာ ခေါက်လိုက်သည်။

ခဏအကြာတွင် စုရှန်း၏ ဇနီးဖြစ်သူ ချန်ဟုန်က တံခါးလာဖွင့်ပေးသည်။ သူမသည် စုန့်ဝမ်ကို ခြံဝန်းအတွင်းသို့ ခေါ်ဆောင်လာပြီးနောက် အိမ်ထဲသို့ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည်။

“ယောက်ျားရေ ... ဆရာယွမ် ရောက်နေတယ်”

ထို့နောက် ပထမအကြိမ် ဆုံတွေ့စဉ်ကကဲ့သို့ပင် အိမ်ထဲသို့ ပြန်ဝင်သွားတော့သည်။

ဆုံတွေ့ခဲ့သည့် နှစ်ကြိမ်စလုံးကို ကြည့်ခြင်းဖြင့် ဤအမျိုးသမီးမှာ အနေအေးပြီး သူစိမ်းများရှေ့တွင် ပေါ်ထွက်လာရန် ဝန်လေးတတ်သည့် ရှေးရိုးဆန်သော အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း စုန့်ဝမ် ခန့်မှန်းလိုက်မိသည်။

ခဏအကြာတွင် ဘေးအခန်းမှ စုရှန်း ထွက်လာသည်။ သူ ပေါ်လာသည်နှင့် တပြိုင်နက် စုန့်ဝမ်သည် စုရှန်းထံမှ ပြင်းထန်သော အလောင်းနံ့ကို သိသိသာသာ ရလိုက်သည်။ စုရှန်းသည် အလောင်းတစ်ခုနှင့် ယခုလေးမှာပင် ထိတွေ့ထားခဲ့ခြင်း ဖြစ်ရမည်။ ၎င်းမှာ စုရှန်း၏ နေအိမ်အတွင်း၌ အလောင်းများ ဝှက်ထားကြောင်း ပြနေပြီး တစ်ခုထက်မက ရှိနေနိုင်သည်။

“ဆရာယွမ်... ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ”ဟု စုရှန်းက တွေ့တွေ့ချင်း မေးလိုက်သည်။

“လမ်းကြုံတုန်း ဝင်လာတာ။ ဆေးဖော်စပ်ဆောင်က ရုတ်တရက်ကြီး အလုပ်တွေ တိုးခိုင်းလိုက်လို့ အကြာကြီး ဂူအောင်းပြီး ဆေးဖော်နေရတာ၊ အဲဒါနဲ့ ပင်ပန်းနေလို့ အပြင်ထွက်ပြီး လမ်းလျှောက်ရင်း အကြောလျှော့တာပါ။ မင်းအိမ်ရှေ့က ဖြတ်လာရင်းနဲ့ လမ်းကြုံလို့ ဝင်ကြည့်တာ၊ ရှိနေတာနဲ့ အတော်ပဲပေါ့” ဟု စုန့်ဝမ်က လိမ်ညာလိုက်သည်။

သူ့လေသံက စုရှန်းကို သူငယ်ချင်းတစ်ဦးကဲ့သို့ ရင်းနှီးစွာ ဆက်ဆံနေခြင်း ဖြစ်သည်။ စုန့်ဝမ်၏ ရင်းနှီးသော လေသံကြောင့် စုရှန်းလည်း သတိလျှော့ချလိုက်ပြီး ရင်ဖွင့်တော့သည်။

“တူတူပါပဲဗျာ။ လွန်ခဲ့တဲ့ ငါးရက်ကတင် လုံခြုံရေးကို ရုတ်တရက် တိုးမြှင့်လိုက်တာ။ ကျွန်တော်ဆို တောင်တံခါးမှာ သုံးရက်သုံးညလုံး စောင့်ခဲ့ရတာ၊ မနေ့ကမှ နားခွင့်ရတယ်”

စုန့်ဝမ်သည် အတွင်းခန်းဘက်သို့ ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

“မင်းဇနီးရဲ့ ဗိုက်က တော်တော်လေး ကြီးနေပြီပဲ။ မွေးဖို့ နီးပြီလား”

စုရှန်းက ခေါင်းညိတ်သည်။

“ဟုတ်တယ်၊ နောက်နှစ်ပတ်လောက်ဆိုရင် မွေးတော့မယ် ထင်တယ်”

စုန့်ဝမ်က ပြုံးပြီး “ဒါဆိုရင်တော့ သားရတနာလေး ရတော့မှာမို့လို့ ညီအစ်ကိုစုကို ကြိုတင် ဂုဏ်ပြုပါတယ်”ဟု ပြောလိုက်သည်။

စုရှန်း၏ အမူအရာမှာ မသိမသာ ပြောင်းလဲသွားသော်လည်း ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်သည်။

“ကျေးဇူးပါပဲ”

ခဏမျှ စကားစမြည် ပြောဆိုပြီးနောက် စုန့်ဝမ်သည် ပြန်ရန် ထလိုက်သည်။ ခြံဝန်းထဲမှ ထွက်လာစဉ် ဘေးအခန်းဘက်သို့ ဝိညာဥ်အာရုံ ဖြန့်ကြတ်ကြည့်လိုက်သည်။ ထိုအခန်း၏ အောက်ဘက်တွင် လျှို့ဝှက်ခန်းတစ်ခု ရှိနေပြီး ၎င်းအတွင်း၌ ပုပ်ပွစပြုနေသော အလောင်းသုံးလောင်း ရှိနေသည်။ ၎င်းတို့မှာ အဆင့်နိမ့် ဖုတ်ကောင်သာ ဖြစ်သည်။ စုရှန်းသည် အလောင်းမွေးမြူနည်းကို ကောင်းကောင်း နားလည်ပုံမရ၊ ဖုတ်ကောင်အလောင်းများမှာ လုံးဝ ပုပ်သိုးပျက်စီးတော့မည့် အခြေအနေတွင် ရှိနေသည်။

အတန်ငယ် ဝေးရာသို့ ရောက်သောအခါ စုန့်ဝမ်သည် တံခါးပြန်ပိတ်သွားသော အိမ်ဝန်းကို ပြန်လှည့်ကြည့်ပြီး ရေရွတ်လိုက်သည်။

“မင်းက ဒီလောက် ဆုံးဖြတ်ချက် ခိုင်မာနေမှတော့ ငါက တစ်ဖက်တစ်လမ်းက ကူညီပေးရတာပေါ့”

…..

ထိုညတွင် စုရှန်းသည် သူ၏ ဘေးအခန်းနံရံပေါ်ရှိ သစ်သားပြားတစ်ခုမှာ ပိုးကိုက်ခံထားရသဖြင့် အက်ကွဲကြောင်း ဖြစ်နေသည်ကို မတော်တဆ တွေ့ရှိခဲ့သည်။ ထိုအက်ကွဲကြောင်းမှတဆင့် နံရံအတွင်း၌ ဝှက်ထားသော အလွန်ဟောင်းနွမ်းသည့် အဝတ်အိတ်တစ်ခုကို သူ တွေ့လိုက်ရသည်။ စုရှန်းလည်း သစ်သားပြားကို ခွာပြီး အဝတ်အိတ်ကို ထုတ်ယူလိုက်သည်။ အိတ်မှာ သိမ်းဆည်းထားသည်မှာ ကြာပြီ ဖြစ်ပုံရသည်၊ အသာအယာ ထိလိုက်ရုံဖြင့် အစွန်းတစ်ဖက်မှာ ပြဲထွက်သွားပြီး စာအုပ်တစ်အုပ် ပေါ်လာသည်။ အမြန်ဖွင့်ကြည့်လိုက်ရာ သားရဲသားရေဖြင့် ပြုလုပ်ထားသော အလွန်ရှေးကျဟန် ရှိသည့် စာအုပ်အဟောင်းတစ်အုပ် ဖြစ်နေသည်။

စာအုပ်ကို ဖွင့်ဖတ်ကြည့်သောအခါ သူအလိုရှိနေသော အလောင်းရုပ်သေးမွေးမြူနည်းစနစ် ဖြစ်နေကြောင်း သိလိုက်ရသည်။ ဤအလောင်းရုပ်သေးမွေးမြူနည်းမှာ စုန့်ဝမ်က လွန်ခဲ့သောအချိန်က ခြောက်ခမ်းသွေးဘုံ လျှို့ဝှက်နယ်မြေအတွင်းရှိ သိုလှောင်အိတ်တစ်ခုမှ ရှာတွေ့ထားခဲ့ခြင်း ဖြစ်သည်။

နတ်ဆိုးနယ်မြေများတွင် ဤနည်းစနစ်မှာ ရှားပါးသည်ဟု မဆိုနိုင်သော်လည်း၊ လမ်းမှန်ဂိုဏ်းနယ်မြေတွင် ရှားပါးသည်။ ထိုနည်းစနစ်မှာ အလောင်းရုပ်သေးများစွာကို တပြိုင်နက် ထိန်းချုပ်နိုင်သည့် နည်းလမ်းများ ပါဝင်သည်။ သို့သော် အလောင်းရုပ်သေးများစွာ မွေးမြူရခြင်းမှာ အရင်းအမြစ်များစွာ ကုန်ခမ်းစေပြီး၊ အကျိုးရလဒ်နဲ့ မကာမိသဖြင့် စုန့်ဝမ်က အသုံးမပြုဘဲ ပစ်ပယ်ထားခဲ့ခြင်း ဖြစ်သည်။

...

စုရှန်းအိမ်မှ ထွက်လာပြီးနောက် စုန့်ဝမ်သည် သူ့နေအိမ်သို့ မပြန်သေးဘဲ ရုပ်ဖျက်ကာ အဝါရောင်မှိုကို ရှာရန် မြောက်ဘက်စျေးသို့ ဦးတည်ခဲ့သည်။ အင်အားစုကြီးများ ပိုင်ဆိုင်သည့် ဆေးဆိုင်ကြီးများသို့ သွားခဲ့သော်လည်း မည်သည့်ဆိုင်တွင်မှ အဝါရောင်မှိုကို မရောင်းချပေ။

ထို့နောက် လေလွင့်ကျင့်ကြံသူများ၏ ဆိုင်ခန်းများနှင့် ဆိုင်ငယ်လေးများတွင် လိုက်လံ ရှာဖွေခဲ့သည်။ နောက်ဆုံးမှ မထင်မရှား ဆိုင်ငယ်လေးတစ်ခုတွင် သဲလွန်စကို တွေ့ရှိခဲ့သည်။ ဆိုင်ရှင်မှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ကာ ချီစုစည်းခြင်း သတ္တမအဆင့် ရှိသည်။ သူ့မျက်နှာမှာ ကြွက်နှင့်တူကာ နှုတ်ခမ်းမွေးပါးပါးနှင့် မရိုးသားသော အမူအရာ ရှိသည်။ မှောင်ခိုလောကသား ပီသသည့်ရုပ်ပင် ဖြစ်သည်။

စုန့်ဝမ်က အဝါရောင်မှိုကို ဝယ်ချင်သည်ဟု ပြောသောအခါ ဆိုင်ရှင်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး အသံကို နှိမ့်ကာ ပြောလိုက်သည်။

“မိတ်ဆွေ... အဝါရောင်မှိုက အသုံးများတဲ့ ဒုတိယအဆင့် ဆေးပင်လေ၊ အင်အားကြီး မိသားစုတွေကပဲ ဒါကို လက်ဝါးကြီး အုပ်ထားကြတာ။ အပြင်မှာ ရှာဖို့ ခက်လိမ့်မယ်။ ဒါပေမဲ့ မိတ်ဆွေက နေရာမှန်ကို ရောက်လာတာပါ။ ငါ့ဆီမှာ အဝါရောင်မှို ရှိတယ်၊ နောက်လည်း ရောင်းပေးနိုင်တယ်၊ ဒါပေမဲ့ ဈေးနှုန်းကတော့...”

ဆိုင်ရှင်သည် ဈေးတင်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း စုန့်ဝမ် သိသည်၊ သို့သော် သူသည်လည်း ဤမှိုကို အရေးတကြီး လိုအပ်နေသဖြင့် အလွန်အမင်း စျေးမများလျှင် လက်ခံရန် ဆုံးဖြတ်ထားသည်။

“ဈေးနှုန်းကိုသာ ပြောပါ။ သင့်တော်ရင် ဝယ်မယ်၊ အရမ်းများရင်တော့ မဝယ်ဘူး”

“သက်တမ်း ဘယ်လောက်ရှိတာကို လိုချင်လဲ” ဟု ဆိုင်ရှင်က မေးသည်။

“နှစ် ၅၀ အထက်”ဟု စုန့်ဝမ်က ပြန်ဖြေသည်။

ဆိုင်ရှင်က လက်နှစ်ချောင်း ထောင်ပြလိုက်သည်။

“တစ်ပွင့်ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်ထောင်”

စုန့်ဝမ် မျက်မှောင်ကြုတ်သွားသည်။ ဒါက နည်းနည်း များလွန်းမနေဘူးလား။ ရုံကျင့်ယွမ်၏ မှတ်တမ်းများအရ အဝါရောင်မှိုမှာ ဂိုဏ်းကြီးများက စိုက်ပျိုးကြပြီး တောထဲတွင်လည်း ပေါက်တတ်သဖြင့် ၎င်းမှာ ဝိညာဉ်ကျောက်တုံး နှစ်ထောင် မတန်ပေ၊ နှစ်ရာခန့်ဆိုလျှင် ပို၍ သင့်တော်သည်။

ဆိုင်ရှင်က ပြုံးစိစိဖြင့် ပြောလိုက်သည်။

“ဝိညာဉ်ကျောက်တုံး နှစ်ထောင်ပဲ၊ ဈေးဆစ်လို့ မရဘူး။ ပြီးတော့ အခု လောလောဆယ် ဆိုင်မှာ ပစ္စည်းမရှိဘူး။ အရင်ဆုံး စရန်ငွေ ဝိညာဉ်ကျောက်တုံး ငါးဆယ် ပေးခဲ့ရမယ်၊ မနက်ဖြန်မှ လာယူလို့ ရမယ်”

စုန့်ဝမ် ပို၍ သံသယ ဝင်သွားသည်။ ကျင့်ကြံခြင်းလောကတွင် ပစ္စည်းနှင့် ငွေ တိုက်ရိုက်လဲလှယ်ကြသည်သာ ရှိသည်၊ မည်သူမှ စရန်ငွေ အရင်မပေးကြပေ။

စုန့်ဝမ် ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ ဆိုင်ရှင်က ဆိုင်တံခါးဝကို ညွှန်ပြကာ ပြောလိုက်သည်။

“ဈေးကြီးတယ် ထင်ရင် ထွက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒီမြောက်ဘက်စျေးမှာ အဝါရောင်မှိုကို ရောင်းတာ ငါ တစ်ယောက်ပဲ ရှိတယ်။ လေလွင့်ကျင့်ကြံသူတွေဆီမှာ သွားပြီး ကံစမ်းကြည့်လို့ ရတယ်။ တစ်ပွင့် နှစ်ပွင့်လောက်တော့ တွေ့ရင် တွေ့မှာပေါ့”

ဆိုင်ရှင်သည် စုန့်ဝမ် လက်ခံလိမ့်မည်ဟု ယုံကြည်ချက် ရှိနေပုံရသည်။ စျေးတစ်ခုလုံးတွင် အဝါရောင်မှိုကို မည်သူမှ ရောင်းချလိမ့်မည် မဟုတ်ပေ။ လေလွင့်ကျင့်ကြံသူတစ်ဦး တောထဲတွင် တွေ့ခဲ့လျှင်ပင် သူတို့သည် သိကျွမ်းသူချင်းသာ သီးသန့်ရောင်းချခြင်း သို့မဟုတ် အင်အားကြီးသူများထံ ဈေးနည်းနည်းဖြင့် ရောင်းချခြင်းသာ ပြုလုပ်ကြသည်။ စျေးထဲတွင် ပေါ်တင်ရောင်းခြင်းမှာ ပြဿနာကို ဖိတ်ခေါ်ခြင်းပင် ဖြစ်သည်။

ဒုတိယအဆင့် ဝိညာဉ်သစ်ပင်များကို အင်အားကြီး အင်အားစုများက လက်ဝါးကြီးအုပ်ထားခြင်းမှာ နောက်ပြောင်နေခြင်း မဟုတ်ပေ။ ချိုးဖောက်ပါက ထိုသူမှာ သေလမ်းရှာခြင်းပင် ဖြစ်လိမ့်မည်။

စုန့်ဝမ်မျက်လုံးများတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင် ခဏမျှ ဖြတ်ပြေးသွားသည်။ ချက်ချင်းပင် စိတ်ထိန်းပြီး သူ့ခါးရှိ သိုလှောင်အိတ်မှ ဝိညာဉ်ကျောက်တုံး ငါးဆယ်ကို ထုတ်ပေးလိုက်သည်။

“တစ်ပွင့် ကြိုမှာမယ်”

ဆိုင်ရှင်သည် ဝမ်းသာအားရဖြင့် ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းလိုက်သည်။

“မနက်ဖြန် မနက်ကျရင် လာယူလို့ ရပြီ”

စုန့်ဝမ် ခေါင်းညိမ့်ပြပြီး ထွက်လာခဲ့သည်။

ညနေစောင်းသောအခါ ကြွက်မျက်နှာနှင့် ဆိုင်ရှင်သည် ဆိုင်ပိတ်ပြီး ထွက်လာခဲ့သည်။ ပထမဆုံး ကျင့်ကြံသူများ၏ စားသောက်ဆိုင်သို့ သွားကာ သားရဲသားနှင့် ဝိညာဉ်အရက်တို့ကို စိတ်ကြိုက် စားသောက်ပြီးနောက် စျေးအရှေ့ဘက်ခြမ်းရှိ လူနေရပ်ကွက်သို့ ဦးတည်သွားသည်။

ဤအချိန်တွင် ညနက်လာပြီ ဖြစ်သည်။ ဆိုင်ရှင်သည် မှောင်မည်းနေသော လမ်းကြားတစ်ခုသို့ ဝင်သွားပြီး အိမ်ဝန်းငယ်လေးတစ်ခု၏ တံခါးဝသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင် ကြည့်ပြီးနောက် သူသည် တံခါးကို အသာအယာ ခေါက်လိုက်သည်။

ခဏအကြာတွင် အတွင်းမှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“ဘယ်သူလဲ”

“မရီး... ကျွန်တော်ပါ၊ နံပါတ် ၆ လေ”

အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက တံခါးဖွင့်ပေးသည်။ ဆိုင်ရှင်သည် တွန့်ဆုတ်မနေဘဲ အိမ်အတွင်းသို့ ဝင်သွားပြီး အမျိုးသမီးကို ဖက်လိုက်သည်။ တံခါးပြန်ပိတ်သွားပြီး ခဏအကြာတွင် အိမ်အတွင်းမှ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာသည်။

ဤအရာအားလုံးကို ဝိညာဉ်အာရုံဖြင့် ကြည့်နေသော စုန့်ဝမ်မှာ အနည်းငယ် စိတ်ပျက်သွားသည်။ ဆိုင်ရှင် ဆိုင်ပိတ်ပြီး ထွက်လာကတည်းက စုန့်ဝမ်သည် အဆင့်မြင့်ကူကို ဆိုင်ထဲ လွှတ်ကာ စစ်ဆေးစေခဲ့သော်လည်း အဖိုးတန်ပစ္စည်း သို့မဟုတ် အဝါရောင်မှို၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပေ။

ထို့ကြောင့် စုန့်ဝမ်သည် ဆိုင်ရှင် အဝါရောင်မှိုကို မည်သည့်နေရာမှ သွားယူမည်ကို သိလိုသဖြင့် နောက်ယောင်ခံ လိုက်လာခဲ့ခြင်း ဖြစ်သည်။ မမျှော်လင့်ဘဲ ဆိုင်ရှင်က မှိုသွားမယူဘဲ သူ့မရီးအိပ်ခန်းထဲသို့ ခိုးဝင်သွားခဲ့သည်။

တစ်နာရီခန့်အကြာတွင် မရီးဖြစ်သူမှာ ကုတင်ပေါ်တွင် မောဟိုက်လျက် ကျန်ရစ်ခဲ့သည်။ ဆိုင်ရှင်သည် အဝတ်အစားများ ပြန်ဝတ်ကာ အိမ်မှ ထွက်လာသည်။

ယခုမှသာ အဝါရောင်မှို သွားယူတော့မည်ဟု စုန့်ဝမ် ထင်ခဲ့သော်လည်း၊ ဆိုင်ရှင်က အခြားလမ်းကြားတစ်ခုသို့ ဝင်ကာ ဆေးလုံးတစ်လုံး မျိုချပြီး နောက်ထပ် အိမ်ဝန်းတစ်ခု၏ တံခါးကို ခေါက်ပြန်သည်။ ဤတစ်ကြိမ်တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးက တံခါးဖွင့်ပေးသည်။ ဆိုင်ရှင်ကို မြင်သောအခါ ထိုအမျိုးသမီး၏ မျက်လုံးများတွင် ဝမ်းသာရိပ်များ ပေါ်လာပြီး အိမ်အတွင်းသို့ ချက်ချင်း ဆွဲခေါ်သွားတော့သည်။

ခဏအကြာတွင် အိမ်အတွင်းမှ ချစ်ရည်လူးသံများ ပေါ်ထွက်လာရာ စုန့်ဝမ်မှာ ငုတ်တုတ်မေ့နေပါတော့သည်။

...

စုန့်ဝမ် ပို၍ စိတ်ပျက်လာကာ ဤဆိုင်ရှင်ကို ဖမ်းပြီး ဝိညာဉ်ရှာဖွေမှု ပြုလုပ်ရမလားဟုပင် စဉ်းစားမိလာသည်။ သို့သော် ဝိညာဉ်ရှာဖွေမှုမှာ မှတ်ဉာဏ်အပိုင်းအစများကိုသာ ပြသသဖြင့် တိကျသော သတင်းကို ရရှိရန် အာမခံချက် မရှိပေ။ ထို့ကြောင့် ထိုင်စောင့်ရန်သာ ရွေးချယ်ရတော့သည်။

သို့သော် နောက်ထပ် တစ်နာရီကြာအောင် သူ၏ တတိယမရီးနှင့် ပျော်ပါးပြီးနောက် ဆိုင်ရှင်သည် အိမ်မှ ထွက်လာကာ နောက်ထပ် ဆေးနှစ်လုံးကို ထပ်မျိုပြီး နောက်ထပ် မရီးတစ်ယောက်၏ အိမ်တံခါးကို သွားခေါက်ပြန်သည်။

နောက်တစ်နေ့ နံနက်အစော ၄ နာရီခန့်တွင် တစ်ညလုံး အလုပ်ရှုပ်ထားသဖြင့် ပင်ပန်းနေသော ဆိုင်ရှင်သည် သူ့ခါးကို နှိပ်နယ်ရင်း စျေး၏ အခြားတစ်ဖက်သို့ ဦးတည်သွားသည်။ စျေး၏ တစ်ဝက်ခန့်ကို ဖြတ်ကျော်ပြီးနောက် စုမိသားစုက ဖွင့်လှစ်ထားသော ဆေးဆိုင်ကြီးတစ်ခု၏ ခြံဝန်းအပြင်ဘက်သို့ ရောက်ရှိလာသည်။ ဆိုင်ရှင်က ခြံဝင်းတံခါးမကြီးနား မသွားဘဲ ဘေးဘက်သို့ သွားကာ ဘေးတံခါးငယ်တစ်ခုကို ခေါက်လိုက်သည်။

ခဏအကြာတွင် တံခါးပွင့်လာသည်နှင့် အတွင်းဘက်သို့ ဝင်သွားသည်။ ဆေးဆိုင်ခြံဝန်းမှာ အလွန်ကျယ်ဝန်းပြီး အစောင့်များ ထူထူထပ်ထပ် ချထားသည်။

ဆိုင်ရှင်သည် သုံးထပ်တိုက်တစ်ခုသို့ ရောက်သောအခါ အပြင်ရှိ အစောင့်များအား သူ့ကိစ္စကို ပြောပြလိုက်ပြီး ခွင့်ပြုချက်ရမှ ဝင်သွားခဲ့သည်။ ထို့နောက် တတိယထပ်သို့ တိုက်ရိုက်သွားကာ အခန်းတစ်ခုထဲသို့ ဝင်လိုက်သည်။ အတွင်း၌ အသက်လေးဆယ်ကျော်အရွယ် အခြေတည် နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး ထိုင်နေသည်။

ဆိုင်ရှင်က ထိုကျင့်ကြံသူကို အရိုအသေပေးလိုက်သည်။

“ပဉ္စမအကြီးအကဲကို ဂါရဝပြုပါတယ်”

“ဘာကိစ္စ ရှိလို့လဲ”

“ပဉ္စမအကြီးအကဲကို တင်ပြစရာ ရှိလို့ပါ။ မနေ့က နေ့လယ်မှာ လေလွင့်ကျင့်ကြံသူတစ်ယောက် အဝါရောင်မှို လာဝယ်ပါတယ်။ သူက ဒုတိယအဆင့် ဆေးပညာရှင် ဖြစ်နိုင်သလို၊ ဆေးပညာရှင် တစ်ယောက်အတွက် အလုပ်လုပ်ပေးနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လာပြီး တင်ပြတာပါ”

ပဉ္စမအကြီးအကဲသည် မျက်လုံးဖွင့်လိုက်ပြီး ဆိုင်ရှင်ကို စူးစိုက်ကြည့်လိုက်သည်။

“သူက လေလွင့်ကျင့်ကြံသူဆိုတာ သေချာလား”

“သူက ကျွန်တော် တစ်ခါမှ မမြင်ဖူးတဲ့သူပါ၊ စျေးကို အခုမှ ရောက်လာပုံရပါတယ်။ ပြီးတော့ သူက မြောက်ဘက်စျေးရဲ့ စည်းကမ်းတွေကို ဘာမှ မသိဘူး။ အင်အားကြီးအဖွဲ့တွေက ဆေးပညာရှင်ဆိုရင် အဝါရောင်မှိုလို အသုံးများတဲ့ ဒုတိယအဆင့် ဝိညာ်ဆေးပင်တွေကို အပြင်မှာ ရောင်းချခွင့် ပိတ်ထားမှန်း သိကြပါတယ်။ ဒါကို ပေါ်တင်လာမေးတာ ကြည့်ရင် လူသစ် ဖြစ်ရမယ်”

ပဉ္စမအကြီးအကဲက ခေါင်းညိတ် ထောက်ခံလိုက်သည်။

“မင်းပြောတာ ကျိုးကြောင်းဆီလျော်ပါတယ်။ သူနဲ့အတူ ခြေရာခံ အမှတ်အသား ထားခဲ့လား”

“ရိပ်မိသွားမှာ စိုးရိမ်လို့ မထားခဲ့ပါဘူး။ ဒါပေမဲ့ သူက ဝိညာဉ်ကျောက်တုံး ၅၀ စရန်ပေးထားခဲ့ပြီး မနက်ဖြန် မနက်မှာ ပစ္စည်းလာယူဖို့ သဘောတူထားပါတယ်”

ပဉ္စမအကြီးအကဲက “ကောင်းတယ်၊ မင်းက ဉာဏ်ကောင်းသလို သတိလည်း ရှိတာပဲ”ဟု ချီးကျူးသည်။

“နောက်နှစ်ရက်အတွင်းမှာ ငါ စုဝေနဲ့ စုကူကို မင်းနောက် လိုက်ခိုင်းထားမယ်။ အဲဒီ ဆေးပညာရှင်ကို ငါတို့ စုမိသားစုထဲ ဆွဲဆောင်နိုင်ရင် ဒါက မင်းရဲ့ အောင်မြင်မှုပဲ။ ဒါပြီးရင် မင်း ငါ့အောက်မှာ တိုက်ရိုက် အလုပ်လုပ်ရလိမ့်မယ်”

ဆိုင်ရှင်သည် အလွန်ဝမ်းသာသွားပြီး ဦးညွှတ်လိုက်သည်။

“ပဉ္စမအကြီးအကဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ကျွန်တော် အစွမ်းကုန် သစ္စာရှိရှိ အလုပ်အကျွေး ပြုပါ့မယ်”

စုဝေနှင့် စုကူတို့မှာ ပဉ္စမအကြီးအကဲ၏ လက်အောက်မှ အခြေတည် အစောပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့အကူအညီဖြင့် ထိုဆေးပညာရှင်ကို စုမိသားစုထဲ ခေါ်ဆောင်နိုင်လိမ့်မည်ဟု ဆိုင်ရှင် ယုံကြည်နေသည်။

...

သို့သော် စုန့်ဝမ်သည် အဆောက်အဦးအတွင်း မည်သည်တို့ ဖြစ်ပျက်နေသည်ကို မသိရှိပေ။ အဆောက်အဦးကို အကာအကွယ် အစီအရင်တစ်ခုက ဝန်းရံထားသည်။ ၎င်းမှာ အဆင့်မြင့် အစီအရင် မဟုတ်သော်လည်း အဆင့်မြင့်ကူ မဝင်ရောက်နိုင်အောင် တားဆီးထားနိုင်သည်။ စုန့်ဝမ် လုပ်နိုင်သည်မှာ အဆင့်မြင့်ကူကို အပြင်မှ စောင့်ကြည့်ခိုင်းထားခြင်းသာ ဖြစ်သည်။

ဆိုင်ရှင်သည် စုမိသားစု၏ ဆေးဆိုင်အတွင်းသို့ ဝင်သွားသည့် အချိန်မှပင် စုန့်ဝမ်သည် ဤဆိုင်ရှင်မှာ သာမန်ဆိုင်ရှင်တစ်ဦး မဟုတ်ဘဲ စုမိသားစု၏ သတင်းပေးတစ်ဦး ဖြစ်ကြောင်း သိရှိသွားခဲ့သည်။

ဆယ့်ငါးမိနစ်ခန့်အကြာတွင် ဆိုင်ရှင်သည် အဆောက်အဦးတွင်းမှ ထွက်လာခဲ့သည်။ သူထွက်လာပြီး မကြာမီမှာပင် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦးလည်း ထွက်လာကာ ဆိုင်ရှင်နောက်သို့ လိုက်ပါသွားကြတော့သည်။

………

All Chapters