← Chapters

စမ်းသပ်ပွဲ စတင်ခြင်း

Vol. 26 Ch. 281

စမ်းသပ်ပွဲ စတင်ခြင်း

Vol. 26 Ch. 281

အချိန်တွေက ကုန်ဆုံးသွားခဲ့တာ မြန်ဆန်လွန်းလှသည်။

မကြာမီမှာပင် မွန်းတည့်ခါနီး အချိန်သို့ ရောက်ရှိလာခဲ့သည်။

ဝမ်ရှို့ ၏ အမိန့်ပေးမှုအောက်တွင် ဤနယ်မြေ အတွင်းရှိ တပည့်များအားလုံး စုဝေးလိုက်ကြသည်။

အနည်းဆုံး လူပေါင်း တစ်ထောင်ကျော်ခန့် ရှိပေလိမ့်မည်။

ယခုအချိန်တွင် ဝမ်ရှို့၏ မျက်နှာပေါ်၌ အင်မော်တယ်အရှင်ထျန်းယွမ်၏ လျှပ်စီးနှင်တံကြောင့် ရခဲ့သည့် အမာရွတ်များ ရှိနေဆဲပင်။

ထိုကဲ့သို့သော နိယာမစွမ်းအားများ ပါဝင်သည့် ဒဏ်ရာမျိုးမှာ အရှင်းပျောက်ကင်းရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူရပေမည်။

လူအုပ်ကြီးထဲတွင် ဝမ်ရှို့က ထန်ထျန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ချက်ချင်းပင် အကြည့်ကို လွှဲဖယ်လိုက်သည်။

ပြီးခဲ့သည့် အခေါက်က ကိစ္စပြီးကတည်းက ဤလူမှာ ထန်ထျန်းကို ပြဿနာ လုံးဝမရှာတော့သည့်အပြင် ထန်ထျန်း၏ ရှေ့သို့ပင် ပေါ်မလာတော့ပေ။

ကတိတည်ခြင်း အပိုင်းမှာတော့ သူက တကယ့်ကို တိကျသူဖြစ်ပေသည်။

"ဒီမှာပဲ စောင့်နေကြ၊ ခဏနေရင် မင်းတို့ကို လာခေါ်မယ့်သူ ရှိလိမ့်မယ်"

"ဒီနေ့ကစပြီး ငါတို့ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး"

ဝမ်ရှို့က အေးစက်စွာ ပြောလိုက်သည်။

မျက်နှာပေါ်က အမာရွတ်ကြောင့်လားတော့ မသိ၊ သူ၏ စိတ်ဓာတ်မှာ ယခင်ကထက် ပို၍ ဆိုးဝါးနေပုံရသည်။

သို့သော် သူပြောသကဲ့သို့ပင် ဝမ့်ယွဲ့လှိုဏ်ဂူမှ ထွက်ခွာသွားပြီးလျှင် နောက်နောင် ဆုံတွေ့ရန် အခွင့်အရေးမှာ မရှိသလောက်ပင် ဖြစ်ရာ သူ မည်သို့ဖြစ်နေသည်ကို မည်သူကမျှ ဂရုမစိုက်ကြပေ။

ခဏမျှ စောင့်ဆိုင်းပြီးနောက် ကောင်းကင်ယံမှ ကြီးမားလှသော သင်္ဘောပျံကြီး တစ်စင်း ဆင်းသက်လာခဲ့သည်။

သင်္ဘောပေါ်တွင် အခြားသော နယ်မြေ များမှ တပည့်များစွာ ရောက်ရှိနေကြပြီ ဖြစ်သည်။

သင်္ဘောပေါ်မှ တာဝန်ခံက ဝမ်ရှုးနှင့် စကားအနည်းငယ် ပြောပြီးနောက် လက်ဝှေ့ယမ်းကာ အားလုံးကို သင်္ဘောပေါ် တက်ခိုင်းလိုက်သည်။

ထန်ထျန်းက ကုရှောင်းရွှယ်တို့နှင့်အတူ လူအုပ်ထဲတွင် ရောနှော၍ တက်သွားခဲ့သည်။

ဤတစ်ကြိမ်တွင်တော့ ကိုယ်ရံတော်များကို ခေါ်ဆောင်ခွင့် ရှိသည်။

သင်္ဘောပေါ် ရောက်သည့်အခါ အားလုံးက စနစ်တကျ ရပ်နေကြသည်။

သို့သော် ထန်ထျန်း၏ ပတ်ဝန်းကျင်တွင်မူ လူများက အလိုအလျောက် နေရာလွတ် ချန်ထားပေးကြသည်။

သူ၏ ကျော်ကြားမှုမှာ လူတိုင်း သိရှိပြီးသား မဟုတ်ပါလား။

သင်္ဘောတာဝန်ခံပင်လျှင် ဤဘက်သို့ အကြိမ်ကြိမ် လှမ်းကြည့်နေမိသည်။

လူအများစုမှာ နဂါးတံခါး စမ်းသပ်ပွဲတွင် ထန်ထျန်း မည်သို့သော အဆင့်သတ်မှတ်ချက်မျိုး ရရှိမည်ကို ရင်ခုန်စွာ စောင့်စားနေကြသည်။

သင်္ဘောပျံကြီးက ကောင်းကင်သို့ ပျံတက်သွားပြီး အခြားသော နယ်မြေ အနည်းငယ်သို့ သွားရောက်ကာ တပည့်များကို အပြည့်တင်ဆောင်ပြီးနောက် အထက်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားခဲ့သည်။

ဝမ့်ယွဲ့တောင်ထိပ်ကို ကျော်ဖြတ်ကာ ဝမ့်ယွဲ့လှိုဏ်ဂူ၏ အဝင်ပေါက်မှ ထွက်လာပြီးနောက် ထျန်းဖူ နန်းတော်၏ အတွင်းပိုင်းဆီသို့ ဦးတည်မောင်းနှင်သွားတော့သည်။

ထန်ထျန်းက သင်္ဘော၏ ဘေးဘောင်နားတွင် ရပ်လျက် အပြင်ဘက် ရှုခင်းများကို စိတ်ဝင်တစား ကြည့်နေမိသည်။

ဤသည်မှာ သူ ထျန်းဖူနန်းတော်သို့ ရောက်ရှိလာပြီးကတည်းက တကယ့် ထျန်းဖူနန်းတော်၏ အသွင်အပြင်ကို ပထမဆုံး မြင်တွေ့ရခြင်း ဖြစ်သည်။

ခြေဖဝါးအောက်ရှိ မြေပြင်ပေါ်တွင် မြစ်ချောင်းများစွာ စီးဆင်းနေပြီး ကြီးမားလှသော တောင်တန်းကြီးများက ခန့်ညားစွာ ရှိနေသည်။

ကောင်းကင်ယံမှ ကြည့်လိုက်လျှင် သဘာဝနှင့် တစ်သားတည်း ဖြစ်နေသော အဆောက်အဦးများစွာကို မြင်တွေ့ရပြီး လူအမြောက်အမြား သွားလာလှုပ်ရှားနေသည်ကိုလည်း မြင်ရသည်။

အကယ်၍ ဤ ထျန်းဖူနန်းတော်မှာ ကောင်းကင်ယံတွင် ပျံသန်းနေသော ကျွန်းကြီးတစ်ကျွန်း ဖြစ်ကြောင်း ကြိုမသိခဲ့ပါက ဤသည်မှာ တကယ့် ကမ္ဘာကြီးတစ်ခုဟုပင် ထန်ထျန်း ထင်မှတ်မိပေလိမ့်မည်။

တောင်များစွာကို ဖြတ်ကျော်ပြီးနောက် ရုတ်တရက် ဟင်းလင်းပြင်ထဲတွင် မျောလွင့်နေသော ကုန်းမြေကြီးတစ်ခုမှာ လူတိုင်း၏ ရှေ့မှောက်သို့ ပေါ်ထွက်လာခဲ့သည်။

ထိုကုန်းမြေမှာ လေထဲတွင် အလိုအလျောက် မျောလွင့်နေပြီး ပတ်ဝန်းကျင်တွင် နတ်ဘုံနတ်နန်း တိမ်တိုက်များဖြင့် ဝန်းရံနေသည်။

ကြိုးကြာငှက်များမှာလည်း တိမ်တိုက်များကြားတွင် အုပ်လိုက် ပျံသန်းနေကြသည်။

ကျွန်း၏ ဘေးအစွန်းများမှ ကြီးမားလှသော ရေတံခွန်ကြီး အခုပေါင်းများစွာ စီးဆင်းနေပြီး နေရောင်အောက်တွင် သက်တံရောင်များ လင်းလက်နေသည်။

"အဲ့ဒါက နဂါးကျွန်း ပဲ"

"နဂါးတံခါးက အဲ့ဒီ နဂါးကျွန်းပေါ်မှာ ရှိတာ"

လီဟုန်က ပြောသည်။

ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။

ထျန်းဖူနန်းတော်၏ အရေးအကြီးဆုံး နေရာတစ်ခု ဖြစ်သည်နှင့်အညီ ဟင်းလင်းပြင်ကျွန်းတစ်ခုကို သီးသန့် ပိုင်ဆိုင်ထားခြင်းမှာ တကယ့်ကို ခန့်ညားလှပေသည်။

သင်္ဘောပျံကြီးမှာ ရှေ့သို့ ဆက်လက်ခုတ်မောင်းကာ တိမ်တိုက်များကို ဖြတ်ကျော်ပြီးနောက် နဂါးကျွန်းပေါ်သို့ ဆင်းသက်လိုက်သည်။

ထို့နောက် ကျွန်း၏ အလယ်ဗဟို နေရာသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် ကြီးမားလှသော စက်ဝိုင်းပုံစံ အဆောက်အဦးကြီးတစ်ခုကို တည်ဆောက်ထားသည်။

ကောင်းကင်မှ ကြည့်လျှင် ထိုင်ခုံများစွာမှာ အဆင့်လိုက် စီထားသည်မှာ စင်မြင့် ကျယ်ကြီး တစ်ခုကဲ့သို့ပင်။

သို့သော် ဤစင်မြင့် ကြီးမှာ အလွန်ပင် ကျယ်ဝန်းလှသည်။

အကယ်၍ တစ်စုံတစ်ယောက်က အလယ်ဗဟိုတွင် တိုက်ခိုက်နေမည်ဆိုပါက အဝေးမှ ကြည့်လျှင် သေချာပင် မြင်ရမည် မဟုတ်ပေ။

"နဂါးတံခါးက ဘယ်မှာလဲ"

ထန်ထျန်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း နဂါးတံခါးနှင့် တူသည့်အရာကို မတွေ့ရချေ။

"ဒီနေရာပဲ"

လီဟုန်က ပြော သည်။ "သတင်းအချက်အလက် တွေအရဆိုရင် နဂါးတံခါးဆိုတာ ကောင်းကင်ဘုံက ပစ္စည်းတစ်ခုပဲ။"

" သူ ပေါ်လာတဲ့ အချိန်ကျမှပဲ လူတွေက သူ့ရဲ့ ပုံစံကို မြင်တွေ့ရမှာပါ"

ထန်ထျန်း နှုတ်ခမ်းမဲ့လိုက်သည်။

နောက်ထပ် နက်နဲတဲ့ အရာတစ်ခုပေါ့။

သို့သော် နေရာကတော့ ဤနေရာပင် ဖြစ်သည်။

သင်္ဘောပျံမှာ ဖြည်းညှင်းစွာ ဆင်းသက်လိုက်ပြီး တာဝန်ခံ၏ ညွှန်ကြားမှုအောက်တွင် လူတိုင်း အောက်သို့ ဆင်းကြသည်။

"ကိုယ်စီ နေရာရှာကြ။ "

"နောက်လာမယ့် ရက်အနည်းငယ်မှာ မင်းတို့ ဒီနေရာမှာပဲ အချိန်ဖြုန်းရလိမ့်မယ်"

တာဝန်ခံက အော်ပြောလိုက်သည်။

ထို့နောက် သူက သင်္ဘောပျံကို မောင်းနှင်ကာ တိုက်ရိုက် ထွက်ခွာသွားတော့သည်။

စေ့နေအောင် စီထားသည့် ထိုင်ခုံများကို ကြည့်ပြီး ထန်ထျန်းက လီဟုန်ကို လှမ်းကြည့်လိုက်သည်။

"မင်း အရင်က ပြောခဲ့တဲ့ နားဖို့ နေရာဆိုတာ..."

"ဒါကြီးကို ပြောတာတော့ မဟုတ်ပါဘူးနော်"

လီဟုန်က အားနာစွာဖြင့် ရယ်လိုက်ပြီး "ကြည့်ရတာတော့ ဒါပဲ ထင်တယ်..."

ထန်ထျန်း ချက်ချင်းပင် ဆွံ့အသွားရသည်။

လမ်းတစ်လျှောက်မှာ သူတွေ့ခဲ့တဲ့ ရှုခင်းတွေက တစ်ခုထက်တစ်ခု ပိုပြီး ခန့်ညားခဲ့တာ။

ဒါပေမဲ့ နဂါးကျွန်းလို အရေးကြီးတဲ့ နေရာမှာတော့ နန်းတော်က တပည့်တွေကို ထိုင်ခုံ တစ်လုံးစီပဲ ပေးထားတာလား။

လူတွေ ဘာလို့ နဂါးတံခါးကို စောစောဝင်ချင်ကြသလဲဆိုတာ အံ့သြစရာ မရှိတော့ပေ။

ဒီလိုနေရာမျိုးမှာ ၁၀ ရက်တိတိ ထိုင်နေရမည်ဆိုပါက တကယ်ပင် ဒုက္ခရောက်ပေလိမ့်မည်။

"ဖြစ်နိုင်တာက... တပည့်တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်ချင်လို့နေမှာပါ..."

လီဟုန်က မဆီမဆိုင် ဆင်ခြေတစ်ခု ပေးလိုက်သည်။

ထန်ထျန်းကတော့ ဘာမှပြန်မပြောတော့ပေ။

ထျန်းဖူနန်းတော်၏ စွမ်းဆောင်ရည်နှင့်ဆိုလျှင် ကောင်းမွန်သော နေရာများ ဖန်တီးပေးရန်မှာ လုံးဝ ပြဿနာ မဟုတ်ပေ။

အနည်းဆုံး တပည့်တွေကို အသုတ်လိုက် ခွဲခေါ်လို့ ရသည် မဟုတ်ပါလား။

ဤကဲ့သို့ ရိုးရှင်းလွန်းသော စီစဉ်မှုနောက်ကွယ်တွင် ထူးခြားသော အကြောင်းရင်းတစ်ခုခု ရှိနိုင်သော်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်သည် ဆိုသည်မှာတော့ မဖြစ်နိုင်ပေ။

ထန်ထျန်း သက်ပြင်းတစ်ချက်ချကာ ရောက်မှတော့ ဖြစ်သမျှ ကြုံရမည်သာဟု တွေးလိုက်သည်။

ဘာပဲဖြစ်ဖြစ် သူကတော့ ယနေ့မှာတင် စမ်းသပ်ပွဲကို အပြီးသတ်မည် မဟုတ်ပါလား။

ကုရှောင်းရွှယ်မှာလည်း ယခင် စမ်းသပ်မှုများတွင် စွမ်းဆောင်ရည် ကောင်းခဲ့သူဖြစ်ရာ သူမလည်း သိပ်နောက်ကျမည် မဟုတ်ပေ။

ခဏလေး သည်းခံလိုက်ရုံသာ ဖြစ်သည်။

ထို့နောက် ထန်ထျန်းနှင့် လီဟုန်တို့အဖွဲ့မှာ လူမရှိသည့် ထိုင်ခုံအချို့တွင် ဝင်ထိုင်လိုက်ကြသည်။

သူတို့က စောစောရောက်လာသဖြင့် နေရာလွတ်များစွာ ရှိနေဆဲပင်။ သို့သော် ခဏအကြာတွင် နောက်ထပ် သင်္ဘောပျံများစွာ ဆိုက်ရောက်လာပြီး လူအမြောက်အမြား ဆင်းလာခဲ့ရာ နေရာများမှာ ချက်ချင်းပင် ပြည့်လုနီးပါး ဖြစ်သွားသည်။

ဆူညံသံများလည်း စတင်ထွက်ပေါ်လာသဖြင့် ထန်ထျန်းက နားထင်ကို အသာဖိလိုက်မိသည်။

သူ စိတ်ကူးထားသည့် စမ်းသပ်ပွဲမှာ ဤကဲ့သို့ ဈေးရောင်းပွဲတော်နှင့် တူနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ဟားဟား ငါကတော့ ဒီတစ်ခါ ဟင်းလင်းပြင် ခေါင်းလောင်း ကို တီးပြီး အဓိကတပည့် ဖြစ်လာမှာကွ"

လူတစ်ယောက်က ကျယ်လောင်စွာ ရယ်ပြောလိုက်သည်။

"တော်စမ်းပါကွာ၊ မင်းပုံစံနဲ့ မီးအိမ် ၇ လုံး လင်းအောင်တောင် မနည်းလုပ်ရမှာကို ခေါင်းလောင်းတီးမယ် ဟုတ်လား"

နောက်တစ်ယောက်က လှောင်ပြောင်လိုက်သည်။

ထိုလူက ချက်ချင်း မျက်မှောင်ကြုတ်ကာ "မင်းက မကျေနပ်ဘူးလား"

" လာလေ၊ ငါနဲ့ တစ်ပွဲလောက် နွှဲကြည့်မလား"

အခြားတစ်ယောက်ကလည်း မလျှော့ဘဲ "လာစမ်းပါ"

နှစ်ယောက်သား တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။

သို့သော် သူတို့ စတင်ထိတွေ့လိုက်သည်နှင့် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး နှစ်ဦးလုံး ပျောက်ကွယ်သွားတော့သည်။

ခန့်ညားသော ရုပ်ရည်ရှိသည့် လူလတ်ပိုင်းတစ်ဦးမှာ လူအုပ်ကြီး၏ အထက် ဟင်းလင်းပြင်တွင် ပေါ်လာခဲ့သည်။

"ဒီနေရာမှာ တိုက်ခိုက်တာကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်။ ရန်ဖြစ်ချင်ရင် အောက်ကိုဆင်းပြီး အပြီးသတ်ခဲ့ကြ၊ ပြီးမှ ပြန်တက်လာခဲ့"

သူက အေးစက်စွာ ပြောလိုက်သည်။

လူတိုင်းမှာ ချက်ချင်းပင် ငြိမ်ကျသွားကြသည်။

စီမံသူ ပေါ်လာသဖြင့် ပတ်ဝန်းကျင်မှာ ယခင်ကကဲ့သို့ ဈေးဆိုင်တန်းလို မဆူညံတော့ဘဲ တိတ်ဆိတ်သွားသည်။

ထန်ထျန်း အသက်ပြင်းပြင်း ရှူလိုက်မိသည်။ သူလည်း ဤမျှ ဆူညံသည့် ပတ်ဝန်းကျင်ကို သဘောမကျပေ။

လအင်မော်တယ် ဝိုင်တစ်ခွက် သောက်လိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။

ခဏမျှ ငြိမ်သက်စွာ စောင့်ဆိုင်းနေပြီးနောက် ရုတ်တရက် စင်မြင့် ကျယ်ကြီး၏ အလယ်ဗဟို ဟင်းလင်းပြင်တွင် အစိမ်းရောင် ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

သူက ထိုနေရာတွင် ရပ်နေရုံမျှဖြင့် ကောင်းကင်ဘုံမှ နတ်မင်းတစ်ပါး ဆင်းသက်လာသကဲ့သို့ ခံစားရစေသည်။

အတိုင်းအဆမရှိသော ဖိအားများက လူတိုင်း၏ စိတ်နှလုံးထဲသို့ ကျရောက်လာသည်။

အင်မော်တယ်ဧကရာဇ်

ထန်ထျန်း၏ စိတ်ထဲတွင် တုန်လှုပ်စရာကောင်းသော ဤစကားလုံးကြီး နှစ်လုံး ပေါ်ထွက်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်၏ အခြားတစ်ဖက်မှ အစွမ်းထက်သော ပုံရိပ်အချို့လည်း ရောက်ရှိလာကြသည်။

အဲ့ဒီအထဲတွင် ချင်းယွဲ့ဂိုဏ်းမှ ပါရမီရှင်တစ်ဦးလည်း ပါဝင်နေသည်။

သူမမှာ အင်မော်တယ် လင်းလျို့ ပင် ဖြစ်သည်။

သူမ၏ ဘေးတွင်မူ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားပြီး မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု အမြဲရှိနေသည့် လူငယ်တစ်ဦး ရှိနေသည်။

"ပျော်စရာတွေကို ကြည့်ရတာ အကြိုက်ဆုံးပဲ"

သူက ပြုံး၍ ပြောလိုက်သည်။

All Chapters