← Chapters

အင်မော်တယ် ရှန်းယွမ်စင်မြင့် တပည့်

Vol. 26 Ch. 285

အင်မော်တယ် ရှန်းယွမ်စင်မြင့် တပည့်

Vol. 26 Ch. 285

"ဟမ်... ဒါက ဘယ်သူလဲ၊ ငါ ဘာလို့ သူ့ကို လုံးဝ မမှတ်မိတာပါလိမ့်"

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်လေးတစ်ယောက် နဂါးတံခါးခြေရင်းတွင် ပေါ်လာသောအခါ တပည့်များအားလုံး သံသယဝင်သွားကြသည်။

လူများက ကောင်းကင်စာရင်းနှင့် မြေကြီးစာရင်းတစ်ခုလုံးကို ရှာဖွေကြည့်သော်လည်း ထိုလူငယ်နှင့် ကိုက်ညီသူကို ရှာမတွေ့ခဲ့ကြပေ။

"ဒီနေ့က ကောင်းကင်စာရင်းနဲ့ မြေကြီးစာရင်းဝင်တွေအတွက် သီးသန့်ပွဲလို့ ပြောထားတာ မဟုတ်လား၊ ဘာလို့ တခြားတပည့် ပေါ်လာတာလဲ"

"ဘယ်သူသိမှာလဲ၊ တစ်ခုခု မှားသွားတာလည်း ဖြစ်နိုင်တာပဲ။ သူ ဘယ်လောက် စွမ်းဆောင်နိုင်မလဲဆိုတာ အရင်ကြည့်ရအောင်"

တပည့်များက သူ့ကို သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။

သို့သော် ထန်ထျန်းကတော့ တစ်စုံတစ်ခုကို စဉ်းစားမိသွားသည့် ပုံစံမျိုး ဖြစ်နေ၏။

တကယ်တော့ တိတိကျကျ ပြောရလျှင် ယနေ့ ပထမဆုံးနေ့၏ နဂါးတံခါးစမ်းသပ်ပွဲမှာ "အစွမ်းအထက်ဆုံးသူများအတွက် သီးသန့်ပွဲ" ဖြစ်သည်။

လူအများစု၏ အသိထဲတွင် ကောင်းကင်စာရင်းနှင့် မြေကြီးစာရင်းဝင်များက အစွမ်းအထက်ဆုံးသူများဟု ထင်ထားကြသဖြင့်သာ ထိုသို့ ခေါ်နေကြခြင်းဖြစ်သည်။

သို့သော် ထန်ထျန်းကတော့ သိထားသည်၊ ကောင်းကင်နှင့် မြေကြီးစာရင်းအပြင် ပို၍ လျှို့ဝှက်ပြီး အစွမ်းထက်သည့် တည်ရှိမှုတစ်ခု ရှိနေသေးကြောင်းကိုပင်။

အဲ့ဒါကတော့ အင်မော်တယ် ရှန်းယွမ်စင်မြင့် ပင် ဖြစ်တော့သည်။

လော့ရှီး ပြောပြချက်အရ ယခုနှစ်တွင် ရှန်းယွမ်စင်မြင့်ထဲသို့ သူမကိုယ်တိုင် အပါအဝင် စုစုပေါင်း ၄ ဦး ဝင်ခွင့်ရထားသည်။

သို့ဆိုလျှင် ဤခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ကျန်သည့် ၃ ဦးထဲမှ တစ်ဦး ဖြစ်နေနိုင်ပေသည်။

ထန်ထျန်းက စိတ်ကို တည်ငြိမ်အောင် ထားပြီး သေချာစွာ ကြည့်လိုက်သည်။

ထိုအချိန်မှာပင် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်က နဂါးတံခါးထဲသို့ လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီပင်။

နဂါးတံခါးက ပုံမှန်အတိုင်း စတင်စစ်ဆေးသော်လည်း နောက်တစ်ခဏတွင်တော့ ဘယ်ညာ တစ်ဖက်စီရှိ မီးအိမ် ၁၈ လုံးမှာ ရုတ်တရက် အလွန်တောက်ပသည့် အလင်းရောင်များကို ထုတ်လွှတ်လိုက်လေသည်။

"ဘုရားရေ ဒါ ဘာဖြစ်တာလဲ"

"ဒီလူက ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလား။ ဘယ်ကဏ္ဍမှာမဆို ဒီလောက်အထိ ထူးချွန်နေတာလား"

"ဒီစွမ်းဆောင်ရည်က ခုနက ခေါင်းလောင်း ၅ ချက်တီးနိုင်တဲ့ ကောင်းကင်စာရင်းက ပါရမီရှင်ထက်တောင် ပိုပြီး ကြောက်ဖို့ကောင်းနေပြီ"

လူများက အလန့်တကြား အော်ဟစ်လိုက်ကြသည်။

ထန်ထျန်းကတော့ သူ၏ ခန့်မှန်းချက် မှန်ကန်သွားကြောင်း ပို၍ ယုံကြည်သွားသည်။

ဤလူငယ်မှာ သေချာပေါက် ရှန်းယွမ်စင်မြင့် တပည့်များထဲမှ တစ်ဦးသာ ဖြစ်ရမည်။

သူကရော နောက်ဆုံးတွင် ဘယ်လောက်အထိ စွမ်းဆောင်နိုင်မည်နည်း။

ထန်ထျန်း နည်းနည်းတော့ မျှော်လင့်မိသွားသည်။

နဂါးတံခါး၏ ဘေးတစ်ဖက်စီရှိ မီးအိမ် ၉ လုံးမှာ အလွန်မြန်ဆန်စွာ လင်းထိန်လာခဲ့သည်။

ခဏအကြာတွင် စူးရှတောက်ပသည့် အလင်းတန်းများ စုစည်းပြီး နဂါးတံခါး၏ ထိပ်ဆုံးနေရာဆီသို့ စီးဝင်သွားတော့သည်။

ပထမမီးအိမ်၊ ဒုတိယမီးအိမ်၊ တတိယ...

နဂါးတံခါး၏ မီးအိမ် ၉ လုံးစလုံးမှာ အသက်ရှူရုံ အချိန်အတောအတွင်းမှာပင် အကုန်လုံး လင်းထိန်သွားခဲ့ပြီ။

ထို့နောက် ခေါင်းလောင်းသံတစ်ချက်မှာ မြေကြီး နှင့် ကောင်းကင်အနှံ့ ဟိန်းထွက်သွားတော့သည်။

"ဒေါင်"

ဟင်းလင်းပြင်လှိုင်းများက ဒီရေလှိုင်းများလို အရှိန်အဟုန်နှင့် ပျံ့နှံ့သွားသည်။

ထွက်ပေါ်လာသည့် စွမ်းအင်များမှာ အရင်က ဝင်သွားသူများထက် အဆ ၁၀ ကျော် ပို၍ မြင့်မားနေ၏။

အောက်တွင် ထိုင်နေသည့် ထန်ထျန်းပင်လျှင် ထိုသို့ ဟိန်းထွက်လာသည့် အော်ရာ ကို ခံစားလိုက်ရသည်။

"တကယ်ကို သာမန်မဟုတ်ဘူးပဲ"

ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း ဟင်းလင်းပြင် ခေါင်းလောင်းကို ဆက်ကြည့်နေသည်။

မကြာခင်မှာပင် ဒုတိယမြောက် ခေါင်းလောင်းသံ ကောင်းကင်တွင် မြည်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် တတိယ၊ စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ

လက်ဖက်ရည်တစ်ခွက် သောက်စာလောက် အချိန်အတွင်းမှာပင် ခရမ်းရောင်ဝတ်စုံနှင့် လူငယ်မှာ ခေါင်းလောင်းသံ ၆ ချက်ကို တီးခတ်နိုင်ခဲ့ပြီး အရင်က တပည့်များအားလုံးကို ကျော်တက်သွားခဲ့သည်။

ကြောက်စရာအကောင်းဆုံးမှာ ခေါင်းလောင်းသံ ၆ ချက်ကြားတွင် လုံးဝ ရပ်တန့်သွားခြင်းမျိုး မရှိခြင်းပင်။

တောက်ပသည့် အလင်းတန်းများထဲတွင် အားအင်များ အပြည့်အဝ ကျန်ရှိနေသေးသည်။

"ဒေါင်"

သတ္တမမြောက် ခေါင်းလောင်းသံ ထွက်လာသည်။

မကြာခင်မှာပင် အဋ္ဌမမြောက် ခေါင်းလောင်းသံ ထပ်မံ မြည် လာပြန်၏။

ထို့နောက် ကျန်ရှိနေသည့် စွမ်းအင်အားလုံးမှာ ဟင်းလင်းပြင် ခေါင်းလောင်းဆီသို့ အရူးအမူး တိုးဝင်သွားကြပြီး ကိုးကြိမ်မြောက် အသံထွက်လာအောင် ကြိုးစားကြသည်။

သို့သော် ဤတစ်ခါတွင်မူ အချိန်အတော်ကြာအောင် ကြိုးစားနေရသည်။

လူများအားလုံးက သူသည် အရင်က မင်ကိုင်လိုပင် အားကုန်ပြီး ရပ်တန့်သွားတော့မည်ဟု ထင်နေကြသည့် အချိန်မှာပင်...

ကိုးကြိမ်မြောက် ခေါင်းလောင်းသံမှာ အဝေးတစ်နေရာအထိ ပျံ့လွင့်သွားခဲ့ပြီ ဖြစ်သည်။

"ဒေါင်"

လေးနက်သည့် အသံကြီးမှာ ကောင်းကင်ယံအထိ ဟိန်းထွက်သွားသလို တပည့်များအားလုံး၏ စိတ်ထဲသို့လည်း ရိုက်ခတ်သွားခဲ့သည်။

လူများအားလုံး မှင်တက်သွားကြသည်။ နာမည်မသိသည့် ဤလူငယ်လေးက ဟင်းလင်းပြင် ခေါင်းလောင်းကို ကိုးကြိမ်တောင် တီးခတ်နိုင်ခဲ့သည်လား။

အရင်က လူများ ပြောနေကြသည်မှာ ဤသို့သော စွမ်းဆောင်ရည်ကို ကောင်းကင်စာရင်း နံပါတ် (၁) လျှို့ဝှက်မိန်းကလေး လော့ရှီး တစ်ဦးတည်းသာ လုပ်နိုင်မည်ဟု ထင်ထားကြခြင်းဖြစ်သည်။

သို့သော် လော့ရှီး မပေါ်လာခင်မှာပင် တစ်စုံတစ်ယောက်က ဤစံချိန်ကို အရင်တင်သွားခဲ့သည်။

ဒါက... တကယ့်ကို အံ့သြစရာပင်။

လူများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြရင်း မှင်တက်နေကြသလို ထျန်းဖူနန်းတော်၏ နက်ရှိုင်းလှသည့် အခြေခံအင်အားကိုလည်း ပို၍ ကြောက်ရွံ့ လေးစားသွားကြသည်။

ထန်ထျန်းကိုယ်တိုင်ပင် ခေါင်းအသာအယာ ညိမ့်လိုက်ပြီး ၎င်းကို အသိအမှတ်ပြုလိုက်သည်။

မိုရှောင်းရှောင်း၏ အဆိုအရ ခေါင်းလောင်းသံ ကိုးချက် တီးနိုင်ခြင်းမှာ ထိုကျင့်ကြံသူသည် အနည်းဆုံးတော့ "ကံကြမ္မာသားတော်" အဆင့်တွင် ရှိနေသည်ဟု အဓိပ္ပာယ်ရသည်။

ဤသို့အဆင့်မျိုးမှာမူ သူ့အတွက် ပြိုင်ဘက်အဖြစ် သတ်မှတ်ရန် အနည်းဆုံး အရည်အချင်း ပြည့်မီနေပြီဖြစ်သည်။

ထန်ထျန်း ပြုံးလိုက်မိသည်။

ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ စွမ်းဆောင်ရည်ကို မြင်ပြီးနောက်တွင် သူက လော့ရှီးကို ပို၍ မျှော်လင့်မိသွားသည်။

ဘာလို့လဲဆိုတော့ လော့ရှီး၏ စကားအရ ကျန်သည့် ရှန်းယွမ်စင်မြင့် တပည့် ၃ ဦးမှာ သူမ၏ ပြိုင်ဘက်များ မဟုတ်ကြသောကြောင့်ပင်။

ဤမိန်းကလေးမှာ ဘယ်လောက်အထိတောင် အစွမ်းထက်မည်နည်း။

ထန်ထျန်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်၌ ခရမ်းရောင်ဝတ်စုံနှင့် လူငယ်၏ ထူးချွန်သည့် စွမ်းဆောင်ရည်ကြောင့် လူများ စကားပြောလာကြသည်။

"မဆိုးဘူး"

လန်တင်း အင်မော်တယ်အရှင်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ဘေးနားရှိ ဆံပင်ကျဲကျဲ၊ ခန္ဓာကိုယ် ကုန်းကုန်းနှင့် အဘိုးအိုတစ်ယောက်ကို ကြည့်ကာ ပြောလိုက်သည်။ "အကြီးအကဲ မုန့် ... "

"ဒီလူငယ်လေးက ခင်ဗျားတို့ရဲ့ ချန်တာအို ခန်းမ က တပည့်ပဲ မဟုတ်လား"

အကြီးအကဲ မုန့် က လှည့်ကြည့်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။ "ချန်တာအိုခန်းမ က ဘယ်တုန်းကမှ သီးသန့်အင်အားစုအဖြစ် မရပ်တည်ခဲ့ပါဘူး။ ငါတို့ ပျိုးထောင်ပေးတဲ့ တပည့်တွေက နန်းတော်ရဲ့ တပည့်တွေပါပဲ။ "

"ယင်းချန် အခုလို အောင်မြင်မှု ရတာက နန်းတော်ရဲ့ ပျိုးထောင်ပေးမှုကြောင့်ပါ"

လန်တင်း အင်မော်တယ်အရှင်က ပြုံး ကာ "အဲ့ဒီလို ပြောလို့ ရပေမဲ့ အဓိက ပျိုးထောင်ပေးတာက ခင်ဗျားတို့ပဲလေ။"

" စိတ်ချပါ၊ ထျန်းဖူနန်းတော်က အစွမ်းထက်တဲ့ ပါရမီရှင်တွေကို ပျိုးထောင်ပေးတဲ့ ဘယ်သူ့ကိုမဆို၊ ဘယ်အင်အားစုကိုမဆို အမြဲ မှတ်သားထားမှာပါ"

အကြီးအကဲ မုန့်က ခေါင်းညိမ့်ပြပြီး စကားဆက်မပြောတော့ပေ။

ဤမြေခွေးအိုကြီးများက ဘာပြောရမည်၊ ဘာမပြောရဘူးဆိုသည်ကို ကောင်းကောင်း သိကြသည်။

ထိုအချိန်မှာပင် တခြား အင်မော်တယ်အရှင် တစ်ဦးက ပြုံးပြီး မေးလိုက်သည်။ "အရှင်ချီလန်... အရင်က အရှင် ပြောခဲ့သည်မှာ ထန်ထျန်း ဆိုသည့်ကလေးကလည်း ရှန်းယွမ်စင်မြင့်ကို တက်လှမ်းနိုင်သည့် အရည်အချင်း ရှိတယ်ဆို။"

" ဒါဆို အရှင့်အမြင်အရ သူက ယင်းချန်လိုမျိုး ထူးချွန်သည့် စွမ်းဆောင်ရည် ပြနိုင်မည် ထင်ပါသလား"

လန်တင်း အင်မော်တယ်အရှင်က မျက်ခုံးအသာ ပင့်လိုက်သော်လည်း သူ စကားမပြောခင်မှာပင် အင်မော်တယ်အရှင် ထျန်းယွမ် က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "မဖြစ်နိုင်ဘူး။ "

"ထန်ထျန်းက အပြင်လောကက လာတာ၊ အခြေခံပိုင်းမှာ သေချာပေါက် ဟာကွက်တွေ ရှိမှာပဲ။ "

"သူ့ကို နှစ်အနည်းငယ်လောက် အချိန်ပေးပြီး ပြင်ခိုင်းရင်တော့ မပြောတတ်ဘူး။ "

"ဒါပေမဲ့ အခုတော့ သူ ခေါင်းလောင်း ၉ ချက် မြည်အောင် ဘယ်လိုမှ မလုပ်နိုင်ဘူး။ "

"အများဆုံး ၆ ချက်လောက်ပဲ တီးနိုင်လိမ့်မယ်"

သူက ထန်ထျန်းအပေါ် အထက်လူကြီးများ အထင်မကြီးစေရန် အစွမ်းကုန် ဟန့်တားနေခြင်း ဖြစ်သည်။

သို့သော် ပဉ္စမမြောက် အင်မော်တယ်အရှင် က ချက်ချင်း ပြန်ပြောလိုက်သည်။ "အဲ့ဒါကလည်း မသေချာပါဘူး။ "

"ထန်ထျန်းက ဝမ့်ယွဲ့လှိုဏ်ဂူမှာ ၂ လလောက် ကျင့်ကြံခဲ့တာဆိုတော့ အခြေခံ ဟာကွက်တွေကို အများကြီး ပြင်ဆင်ပြီးသား ဖြစ်မှာပါ။ "

"အကယ်၍ ပါရမီကသာ တကယ် ထူးချွန်မည်ဆိုလျှင် ခေါင်းလောင်း ၉ ချက် တီးနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး"

ထျန်းယွမ်က အေးစက်စွာ ပြောလိုက်သည်။ "ဒါက စိတ်ကူးယဉ်နေတာပဲ။"

" ငါ့အမြင်အရဆို ထန်ထျန်းက ခေါင်းလောင်း ၅ ချက် မြည်ဖို့တောင် အနိုင်နိုင်ပဲ။ အဓိကတပည့် နေရာလောက်ပဲ ရမှာ"

ပဉ္စမမြောက် အင်မော်တယ်အရှင်က နှုတ်ခမ်းမဲ့ကာ "အဲ့ဒါက ခင်ဗျားရဲ့ မျက်လုံးတွေ ပြဿနာ ရှိနေလို့ပါ။"

" ပြီးတော့ အရှင် ချီလန်ကိုယ်တိုင်က အဲ့ဒီလို ပြောထားတာကို ခင်ဗျားက ထန်ထျန်းရဲ့ နာမည်ကို အတင်း ပုတ်ခတ်နေတာက အရှင် ချီလန် ရဲ့ ဆုံးဖြတ်ချက်ကို စော်ကားနေတာ မဟုတ်လား"

ထျန်းယွမ်က မျက်မှောင်ကြုတ်ပြီး ဒေါသတကြီးနှင့် "မင်း..."

သူတို့နှစ်ဦး ထပ်ပြီး အငြင်းပွားတော့မည့် အချိန်မှာပင် လန်တင်း အင်မော်တယ်အရှင်က စိတ်ပျက်လက်ပျက်နှင့် တားလိုက်လေသည်။ "ထန်ထျန်းက ဘယ်လောက်အထိ တော်လဲဆိုတာ ဒီနေ့ပဲ သိရမှာပါ။"

" အချင်းချင်း ငြင်းမနေကြနဲ့တော့။ "

"ထျန်းဖူနန်းတော်က လူတိုင်းကို တန်းတူ ဆက်ဆံတယ်။ အကယ်၍ ထန်ထျန်းက ဂိုဏ်းရဲ့ ဥပဒေတွေကို ချိုးဖောက်ထားတာ ရှိရင်လည်း ဥပဒေအတိုင်း စီရင်မယ်။ "

"ဒါပေမဲ့ သူက အပြစ်ကင်းစင်ပြီး ထူးချွန်တယ်ဆိုရင်လည်း သူ့ရဲ့ အောင်မြင်မှုကို ဘယ်သူမှ လုယူလို့ မရစေရဘူး။ "

"အခုတော့ ငြိမ်ငြိမ်လေးပဲ ကြည့်ကြရအောင်"

ဤစကားက ထျန်းယွမ်ရော ပဉ္စမမြောက် အင်မော်တယ်အရှင်ကိုပါ သတိပေးလိုက်ခြင်း ဖြစ်သည်။

ပဉ္စမမြောက် အင်မော်တယ်အရှင်ကတော့ ဘာမှ မဖြစ်သော်လည်း ထျန်းယွမ်ကတော့ ထန်ထျန်းကို အထက်လူကြီးများ၏ အာရုံစိုက်မှုထဲ မရောက်စေချင်သည်မှာ အမှန်ပင်။

အငြင်းပွားမှု ပြီးနောက်တွင် လူတိုင်း ခဏလောက် တိတ်ဆိတ်သွားကြသည်။

ရုတ်တရက် ပုံရိပ်တစ်ခု ပေါ်လာသည့်အခါ လူတိုင်း၏ အကြည့်များမှာ ထိုဆီသို့ ရောက်သွားကြတော့သည်။

"လော့ရှီး လာပြီ"

ထန်ထျန်း မျက်လုံးများ ဝင်းလက်သွားပြီး မတ်မတ် ထိုင်လိုက်သည်။

ဤလျှို့ဝှက်သည့် မိန်းကလေးက ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်မည်နည်း၊ သူ သေချာ ကြည့်ချင်နေပြီဖြစ်သည်။

All Chapters