ထန်ထျန်း စလှုပ်ရှားခြင်း
Vol. 26 Ch. 287
"ဒါကလည်း ဟင်းလင်းပြင် နည်းလမ်းတစ်ခုပဲလား..."
ရွှေရောင်လမ်းကြောင်းအတွင်း၌ ထန်ထျန်းက ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအားကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
လော့ရှီး၏ ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းသည့် အောင်မြင်မှုကို မြင်ပြီးနောက်တွင် ထန်ထျန်းက လက်ထဲရှိ ရွှေရောင်နဂါးအကြေးခွံကို ချိုး ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ယံမှ ရွှေရောင်အလင်းတန်းတစ်ခု ကျဆင်းလာသည်နှင့်အမျှ ဟင်းလင်းပြင်စွမ်းအားများ ပေါ်ထွက်လာပြီး သူ့ရှေ့တွင် လမ်းကြောင်းတစ်ခု ပေါ်လာကာ သူ့ကို အတွင်းသို့ ဆွဲယူသွားတော့သည်။
ဟင်းလင်းပြင် နည်းလမ်းများမှာ ထန်ထျန်း အမြဲတမ်း စိတ်ဝင်စားခဲ့သည့်အရာများပင်။
အရင်က ချင်းယွဲ့ဂိုဏ်းတွင် ရှိစဉ်က သူသည် ဤကဲ့သို့သော နည်းလမ်းများကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ကြုံဖူးသည့် နှစ်ကြိမ်မှာလည်း နေရာကူးပြောင်းအစီအရင် နှင့် ဧကရာဇ်မြို့တွင် တွေ့ခဲ့သည့် ကောင်းကင် နယ်မြေတို့၌သာ ဖြစ်သည်။
ထျန်းဖူနန်းတော်သို့ ရောက်လာပြီးနောက်တွင်မူ ဤနည်းလမ်းမျိုးကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီ ဖြစ်သည်။
ကောင်းကင် နယ်မြေ၌ "အွန်လိုင်းစနစ်" ကို အသုံးပြုပြီး ပစ္စည်းဝယ်ယူခဲ့သည့်နေ့မှစ၍ သူက ထိုနည်းလမ်းကို စိတ်ထဲစွဲမြဲနေခဲ့ခြင်း ဖြစ်သည်။
အကယ်၍ သူသာ ဤအဓိကနည်းလမ်းကို တတ်မြောက်သွားပါက "ထျန်းရှထုန်ကုန်သွယ်ရေးအသင်း" အတွင်း၌ သေချာပေါက် အသုံးချနိုင်မည်ဖြစ်သည်။
အကယ်၍ နယ်မြေအကျယ်အဝန်းအလိုက် အွန်လိုင်းမှ ပစ္စည်းဝယ်ယူနိုင်သည့်စနစ်ကို တကယ်သာ အကောင်အထည်ဖော်နိုင်မည်ဆိုလျှင် သူ၏ စိတ်ကူးစိတ်သန်းများမှာ အဆုံးရှိတော့မည် မဟုတ်ပေ။
စဉ်းစားနေစဉ်မှာပင် ရွှေရောင်လမ်းကြောင်းမှာ အဆုံးသို့ ရောက်ရှိသွားသည်။
အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက် ထန်ထျန်းက သူ့အတွက် သိပ်မကျယ်လှသော ရင်ပြင်တစ်ခုပေါ်သို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။
လွင်ပျံ့သော ခေါင်းလောင်းသံများကတော့ အဆက်မပြတ် မြည်နေဆဲပင်။
မော့ကြည့်လိုက်သည့်အခါ ကြီးမားလှသော နဂါးတံခါးကြီးက မျက်စိရှေ့မှောက်သို့ ရောက်နေပြီ ဖြစ်သည်။
ကြည့်ရသည်မှာ ဤနေရာက နဂါးတံခါးအတွင်းသို့ ဝင်ရန် စောင့်ဆိုင်းရသည့် နေရာဖြစ်ပုံရသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ တပည့် ၁၀ ဦးကျော်မှာ ဤနေရာ၌ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်ကို တွေ့ရသည်။
သူတို့မှာ ထန်ထျန်းထက် စောစီးစွာ နဂါးအကြေးခွံကို ချိုး ခဲ့သူများ ဖြစ်ကြသည်။
ထန်ထျန်း ပေါ်လာသောအခါ တပည့်များက မျက်နှာရိပ်မျက်နှာကဲ အမျိုးမျိုးဖြင့် ကြည့်ကြသဖြင့် သူ့ကို မှတ်မိကြသည်မှာ သေချာပေသည်။
သို့သော် မည်သူမျှ စကားလာမပြောကြဘဲ လက်ရှိတွင် နဂါးတံခါးစမ်းသပ်ပွဲကိုသာ အာရုံစိုက်နေကြသည်။
လော့ရှီး ဖန်တီးခဲ့သည့် ခေါင်းလောင်းသံ အစဉ်ထာဝရ မြည်ဟည်းမှုမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်။
သူမ၏ စမ်းသပ်မှု ပြီးဆုံးသည်အထိ ဤအတိုင်း စောင့်နေရမည်လားဟု ထန်ထျန်း တွေးနေမိသည်။
သို့သော် ထိုသို့တွေးလိုက်ရုံရှိသေး၊ ခဏက ထွက်သွားသော လန်တင်း အင်မော်တယ်အရှင် ပြန်လည်ရောက်ရှိလာသည်ကို မြင်လိုက်ရသည်။
သူက မည်သည့်အရာမှန်း မသိရသော ကိရိယာတစ်ခုကို ထုတ်ယူကာ နတ်အလင်းတန်းတစ်ခုကို နဂါးတံခါးအတွင်းသို့ ပစ်သွင်းလိုက်သည်။
ခဏအကြာတွင် ခေါင်းလောင်းသံမှာ နောက်ဆုံး၌ ရပ်တန့်သွားပြီး နဂါးတံခါးမှ အလင်းတန်းများလည်း တဖြည်းဖြည်း မှိန်ဖျော့သွားကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လော့ရှီး၏ ပုံရိပ်မှာလည်း ပြန်လည်ပေါ်ထွက်လာခဲ့သည်။
သို့သော် သူမက ဤစောင့်ဆိုင်းရာနေရာသို့ ပြန်မလာဘဲ အခြားတစ်ဖက်သို့ လျှောက်သွားသည်။ ထိုနေရာမှာ စမ်းသပ်မှု ပြီးဆုံးသွားသော တပည့်များ စုဝေးရာနေရာ ဖြစ်ပုံရသည်။
အားလုံး ပြီးဆုံးသွားပြီးနောက် လန်တင်း အင်မော်တယ်အရှင်၏ အသံမှာ ကောင်းကင်ယံမှ ပျံ့လွင့်လာခဲ့သည်။
"စမ်းသပ်ပွဲ ဆက်လုပ် မယ်"
နဂါးတံခါး စမ်းသပ်ပွဲမှာ ပုံမှန်အတိုင်း ပြန်လည် လည်ပတ်လာသည်။
နောက်ထပ် တက်သွားသော တပည့်မှာလည်း ကောင်းကင်စာရင်းဝင် ပါရမီရှင်တစ်ဦး ဖြစ်ပုံရပြီး ခေါင်းလောင်းသံ ၆ ချက် တီးနိုင်ခဲ့သဖြင့် တော်တော်လေး မဆိုးလှပေ။
သို့သော် လော့ရှီးနှင့် ယှဉ်လိုက်သည့်အခါတွင်မူ သာမန်ကာလျှံကာသာ ဖြစ်သွားတော့သည်။
လက်ဖက်ရည်တစ်ခွက် သောက်စာလောက် အချိန်ကြာပြီးနောက်တွင် ထန်ထျန်း၏ ရှေ့မှ တပည့်များအားလုံး စမ်းသပ်မှု ပြီးဆုံးသွားကြသည်။
သူ့ရှေ့ရှိ နဂါးတံခါးကို ကြည့်ရင်း ထန်ထျန်းက တိုက်ရိုက် လျှောက်လှမ်းသွားလိုက်သည်။
ရွှေရောင် လှေကားထစ်များမှာ ကောင်းကင်သို့ တက်လှမ်းသည့် လှေကားသဖွယ်ပင်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထန်ထျန်းက နဂါးတံခါး၏ ခြေရင်းသို့ ရောက်ရှိသွားသည်။
သူက အပြင်ဘက်မှ မြင်ကွင်းများကို မမြင်ရသော်လည်း လက်ရှိတွင် လူတိုင်း၏ အကြည့်မှာ သူ့အပေါ်သို့ ရောက်နေမည်ကို ကောင်းကောင်း သိထားသည်။
နောက်ဆုံးတွင် မည်သို့သော ရလဒ် ထွက်ပေါ်လာမည်နည်း။
ထန်ထျန်းက အသက်ကို ခပ်ဖွဖွ ရှူသွင်းလိုက်ပြီး ရှေ့ရှိ အလင်းမျက်နှာပြင် အတွင်းသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
ပြင်းထန်သော ဟင်းလင်းပြင်စွမ်းအားကို ထပ်မံ ခံစားလိုက်ရပြီး မြင်ကွင်းများ ပြန်လည် ကြည်လင်လာသည့်အခါ ထန်ထျန်းက နဂါးတံခါး၏ အတွင်းဘက်သို့ တကယ် ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။
ဘယ်ညာ တစ်ဖက်စီတွင် ကြီးမားသော မီးအိမ် ၉ လုံးစီ ချိတ်ဆွဲထားပြီး မီးအိမ်တစ်ခုချင်းစီပေါ်တွင် သိပ်သည်းလှသော ကွဲပြားသည့် နယ်မြေ များကို ပိုင်းခြားထားသည်။
သူ၏ ဦးခေါင်းထက်ရှိ ဟင်းလင်းပြင် ခေါင်းလောင်းကြီးမှာမူ အပြင်ဘက်မှ မြင်ရသည်ထက် အဆပေါင်း ရာနှင့်ချီ၍ ပိုမိုကြီးမားနေ၏။
"ဒါက ဘယ်လို အလုပ်လုပ်တာလဲ"
စပ်စုလိုသော စိတ်ဖြင့် ထန်ထျန်းက ရှေ့သို့ ဖြည်းညှင်းစွာ ခြေတစ်လှမ်း လှမ်းလိုက်သည်။
"ဝုန်း..."
ရုတ်တရက်ဆိုသလို ဝိညာဉ်အထိ ထိုးဖောက်သွားသော တုန်ခါသံတစ်ခု ဦးခေါင်းထက်မှ ထွက်ပေါ်လာသည်။
ထို့နောက် ကြီးကျယ်ခမ်းနားလှပြီး အတိုင်းအဆမရှိသော ကြောက်မက်ဖွယ် အသိစိတ်တစ်ခု ကောင်းကင်မှ ကျဆင်းလာကာ သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံထားလိုက်သည်။
ဤအသိစိတ်မှာ တစ်စုံတစ်ရာသော ကမ္ဘာ၏ အမြင့်ဆုံး အသိစိတ်နှင့် တူလှသည်။ ဆိုလိုသည်မှာ "ကြောင်ကလေး" ကဲ့သို့သော ကမ္ဘာ့ဝိညာဉ် မျိုးပင်။
သို့သော် ကြောင်ကလေးနှင့် မတူသည်မှာ ၎င်းက အလွန်အမင်း ကြီးမားလှပြီး ကြောင်ကလေးမှာ ၎င်း၏ရှေ့တွင် သဲကန္တာရထဲမှ ဖုန်မှုန့်တစ်စက်ကဲ့သို့သာ ရှိပေသည်။
သို့သော် ၎င်းတွင် ကြောင်ကလေးကဲ့သို့သော အသိဉာဏ်မျိုး ရှိပုံမရဘဲ သန့်စင်သော နိယာမ တစ်ခုကဲ့သို့သာ ဖြစ်နေသည်။
စဉ်းစားနေစဉ်မှာပင် ဤလျှို့ဝှက်ဆန်းပြားသော အသိစိတ်က ထန်ထျန်းကို အထပ်ထပ် ဝိုင်းရံထားလိုက်ပြီ ဖြစ်သည်။
ထို့နောက် နဂါးတံခါး ဘေးတစ်ဖက်စီရှိ ကြီးမားသော မီးအိမ်များ လည်ပတ်လာပြီး မီးအိမ်ပေါ်ရှိ ဧရိယာတစ်ခုချင်းစီမှ အလင်းတန်းများ ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားတော့သည်။
အလင်းတန်းများအတွင်း၌ အဆုံးမရှိသော နိယာမ စွမ်းအားများ ပါရှိနေ၏။
ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော နိယာမ များကို သေချာ ခံစားကြည့်ရင်း ထန်ထျန်း၏ မျက်လုံးများမှာ တဖြည်းဖြည်း သဘောပေါက် နားလည်သွားသည့် ပုံစံမျိုး ဖြစ်လာသည်။
"ဪ... ဒီလိုကိုး"
.....
တစ်ချိန်တည်းမှာပင် အပြင်ဘက်၌
လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ထန်ထျန်းက နဂါးတံခါးအတွင်းသို့ ဝင်သွားခဲ့သည်။
ထို့နောက် လူတိုင်း၏ မြင်ကွင်းတွင် ကြီးမားလှသော နေမင်းကြီးတစ်စင်း တိုက်ရိုက် ပေါက်ကွဲထွက်လာသကဲ့သို့ ဖြစ်သွားတော့သည်။
"အား... ငါ့မျက်လုံးတွေ"
"ဒါ ဘာကြီးလဲ၊ ဒီကောင်က နဂါးတံခါးကို ဖောက်ခွဲလိုက်တာလား"
"သွားပြီ၊ သွားပြီ၊ ငါက သေချာမြင်ရအောင်ဆိုပြီး ဝိညာဉ်မျက်စိ နည်းစနစ်ကို သုံးထားတာ၊ အခုတော့ ငါ ကန်းသွားပြီ ထင်တယ်"
"မင်းက ဘာပြောတာလဲ၊ ငါက စွမ်းအားတောင် သုံးလိုက်သေးတယ် အခု ငါ့မျက်လုံးထဲက သွေးတွေ ပန်းထွက်နေပြီ"
လူအုပ်ကြီးမှာ ခဏချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
မတတ်နိုင်ပေ၊ ထန်ထျန်း နဂါးတံခါးအတွင်း ဝင်သွားပြီးနောက် ထွက်ပေါ်လာသော အလင်းတန်းမှာ အလွန်အမင်း ပြင်းထန်လှသောကြောင့်ပင်။
အကယ်၍ ခုနက လော့ရှီး၏ စွမ်းဆောင်ရည်မှာ နေမင်းငယ်လေးတစ်စင်းနှင့် တူသည်ဆိုလျှင် ထန်ထျန်းမှာမူ နေမင်းကြီးကို တိုက်ရိုက် ဖောက်ခွဲလိုက်သည့်အပြင် မှန်ဘီလူးတစ်ခုကို သုံးကာ အလင်းအမှတ်ကို စုစည်းပြီး ထိုး ထုတ်လိုက်သကဲ့သို့ ဖြစ်နေသည်။
သူက ဤမျှအထိ လှုပ်ရှားမှုကြီးမားလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။
"ထန်ထျန်းက ဘေးတစ်ဖက်စီက မီးအိမ် ၉ လုံးပေါ်မှာရှိတဲ့ ဧရိယာအားလုံးကို လင်းထိန်သွားစေတာပဲ"
"ပြီးတော့ အစွန်းကုန် တောက်ပနေတာ"
"သူက တကယ့်အဓိပ္ပာယ်အရကို ကဏ္ဍစုံမှာ ထူးချွန်တဲ့ ပါရမီရှင်ပဲ"
ခွန်အား လုံလောက်သော လူအချို့မှာ ခုနက ဘာဖြစ်သွားသည်ကို မြင်လိုက်ရသဖြင့် အံ့သြတကြီး ဖြစ်နေကြသလို မယုံကြည်နိုင်လောက်အောင်လည်း ဖြစ်နေကြသည်။
ကဏ္ဍစုံထူးချွန်သည့် ပါရမီရှင် ဆိုသည်မှာ အမှန်တကယ်တော့ ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။
ကျင့်ကြံခြင်းလောကမှာ အလွန် ကျယ်ပြောလှသဖြင့် မည်သည့်သက်ရှိမျှ အရာအားလုံးကို တတ်ကျွမ်းနားလည်နိုင်ခြင်း မရှိပေ။
ခုနက လော့ရှီးတောင်မှ နယ်မြေ ၃ ပုံ ၁ ပုံ ခန့်ကိုသာ လင်းထိန်စေနိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာပင် လူတိုင်းကို အံ့သြသွားစေခဲ့ပြီ ဖြစ်သည်။
သို့သော် ထန်ထျန်းမှာမူ...
လူသားမှ ဟုတ်ရဲ့လားဟုပင် ထင်ရပေသည်။
ကောင်းကင်ယံရှိ အကြီးအကဲများပင်လျှင် ဤအလင်းတန်းကြောင့် မှင်တက်သွားကြသည်။
"ဒါက..."
"နဂါးတံခါးမှာ တစ်ခုခု ပြဿနာတက်သွားတာများလား"
လူတစ်ယောက်က တိုးတိုးလေး ပြောလိုက် သည်။
လန်တင်း အင်မော်တယ်အရှင်က အံ့သြနေသော မျက်နှာထားဖြင့် ခေါင်းခါလိုက်သည်။
"နဂါးတံခါးက ဘယ်တော့မှ ပြဿနာမတက်ဘူး။ သူက ကမ္ဘာဦးရဲ့ မူလ..."
"ဘာပဲဖြစ်ဖြစ်၊ ဒီလို အခြေအနေမျိုးမှာ ရလဒ်တစ်ခုပဲ ရှိတယ်။ ထန်ထျန်းက ကျင့်ကြံခြင်းလောကမှာ ကမ္ဘာဦးကစလို့ ယနေ့အထိ တစ်ယောက်တည်းသော မဟာပါရမီရှင်ပဲ"
သူက အလွန်အမင်း အံ့သြသွားသဖြင့် စကားပြောမှားပြီး လျှို့ဝှက်ချက် ပါသွားလုနီးပါး ဖြစ်သွားသည်။
နဂါးတံခါးနှင့် ပတ်သက်သည့် ကိစ္စမှာ ထျန်းဖူနန်းတော်၏ အကြီးမားဆုံး လျှို့ဝှက်ချက်များထဲမှ တစ်ခု ဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင်မူ မည်သူမျှ ထိုအချက်ကို သတိမထားမိကြတော့ဘဲ နဂါးတံခါး၏ လှုပ်ရှားမှုအပေါ်၌သာ အာရုံစိုက်နေကြသည်။
နဂါးတံခါး ဘေးတစ်ဖက်စီရှိ နတ်မီးအိမ် ၁၈ လုံးစလုံးကို လင်းထိန်စေနိုင်ခဲ့သည့် ထန်ထျန်းမှာ နောက်ဆုံးတွင် မည်သို့သော စွမ်းဆောင်ရည်ကို ပြသမည်နည်း။
လူတိုင်း၏ စောင့်ကြည့်မှုအောက်တွင် အလွန်တောက်ပလှသော အလင်းတန်းများမှာ နဂါးတံခါး၏ ထိပ်ဆုံးဆီသို့ အရှိန်အဟုန်ဖြင့် စတင် ပြေးဝင်သွားတော့သည်။
T/N မူရင်းတရုတ်စာရေးသူက သူ နာမည်အချို့က ခနခန ပြောင်းမိတယ့်အတွက် ဒီအပိုင်း အဆုံးမှာ တောင်းပန်စကားဆိုထားပါတယ်ဗျ