အခန်း (၁၇၅၂)
Vol. 126 Ch. 1752
မျက်မှောက်ခေတ် အထွတ်အမြတ်နယ်မြေ၏ ကျင့်ကြံခြင်းစံနှုန်းအရ ရုပ်ခန္ဓာရတနာတစ်ခု ဖွင့်လှစ်ခြင်းသည် သွေးချီရွှမ်အဆင့် ဒုတိယအလွှာဆီသို့ ဝင်ရောက်ရန် လုံလောက်သည်။ အကယ်၍ တစ်စုံတစ်ယောက်က ဒုတိယမြောက် ရုပ်ခန္ဓာရတနာကို ဖွင့်လှစ်နိုင်မည်ဆိုလျှင် သွေးချီရွှမ်အဆင့်ကို ပြီးမြောက်ပြီး တတိယအလွှာဆီသို့ ဝင်ရောက်နိုင်လိမ့်မည်။
ကျင့်ကြံသူအများစုအတွက်တော့ ရုပ်ခန္ဓာရတနာနှစ်ခု ဖွင့်လှစ်ခြင်းက လုံလောက်ပေသည်။
သူတို့က ကျန်ရှိသော ဘဝသက်တမ်းကို ရုပ်ခန္ဓာရတနာနှစ်ခုထံမှ စွမ်းရည်များနှင့် အလားအလာကို အပြည့်အဝ ဆွဲထုတ်ရန် အသုံးပြုကြသည်။
တစ်စုံတစ်ယောက်မှာ ရုပ်ခန္ဓာရတနာများ နည်းပါးလေ အမွေအနှစ်ရွှမ်အဆင့်သို့ သူဝင်ရောက်သည့်အခါ ရွေးချယ်စရာများ နည်းပါးလေ ဖြစ်သည်။ ထို့အတူ အမွေအနှစ်ရွှမ်အဆင့်တွင် သူတို့ရပ်တန့်နေမည့် အခွင့်အရေးသည်လည်း နည်းပါးသွားလိမ့်မည်။
ထို့ကြောင့် ကျင့်ကြံသူအများစုသည် ရုပ်ခန္ဓာရတနာနှစ်ခုကို ဖွင့်လှစ်ပြီးနောက် ကျင့်ကြံခြင်းစွမ်းအားကို အခြေခိုင်မာအောင် သိပ်သည်းကာ အမွေအနှစ်ရွှမ်အဆင့်သို့ တိုက်ရိုက် ဝင်ရောက်ရန် ရွေးချယ်ကြသည်။
သို့သော်လည်း ထိုရွေးချယ်မှုတွင် ဆိုးကျိုးတစ်ခု ရှိသည်။ ထိုသို့ကျင့်ကြံသူများသည် အဆင့်တူတွင် အလွန်အားနည်းကြသည်။ နယ်ပယ်တူတွင် သူတို့၏ တိုက်ပွဲစွမ်းအားက ရွယ်တူများထက် အဆပေါင်းများစွာ ပိုပြီးအားနည်းသည်။
…..
ကံကောင်းသည်မှာ မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားက အလွန်အားနည်းသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် ရုပ်ခန္ဓာရတနာနှစ်ခုဖြင့် အမွေအနှစ်ရွှမ်အဆင့်သို့ ဝင်ရောက်ရန် ရွေးချယ်ကြသည်။ သူတို့က အဆင့်တူတွင် တခြားလူများနှင့် ကွာခြားချက်အလွန်ကြီးမားနေမည်ကို စိုးရိမ်ရန် မလိုကြချေ။
သို့သော် ဟန်မူယဲ့က တခြားလူများနှင့် ကွဲပြားခြားနားသည်။ အစစ်အမှန်ကုန်းမြေဆီသို့ သူရောက်လာရသည့် ရည်ရွယ်ချက်က အစစ်အမှန်မိုးမြေ၏ ကျင့်ကြံခြင်းလမ်းစဉ်ကို ကိုယ်တိုင်တွေ့ကြုံခံစားချင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူ့ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားကို အစစ်အမှန်အဖြစ် ပြောင်းလဲချင်သည်။
ရုပ်ခန္ဓာရတနာသိုက် ဖွင့်လှစ်ခြင်းက သူ့အတွက် တံခါးတစ်ချပ် ဖွင့်လှစ်လိုက်ခြင်းပင်။
ရွှေရောင်အလင်းတန်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲ၌ ဓားပုံသဏ္ဍာန် အရိုးတစ်ချောင်း ဖွဲ့စည်းသွားသည့်အခိုက် သူ၏ သွေးချီစွမ်းအားက ပရမ်းပတာ လှုပ်ခတ်သွားသည်။
“ ဘန်း ”
သူ၏ အရှေ့၌ စုပုံထားသော မူလကျောက်တုံးများက တစ်ခုပြီးတစ်ခု အက်ကွဲသွားကြသည်။
မူလစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားစဉ် သူ၏ ကျင့်ကြံခြင်းစွမ်းအားက ဆက်လက် မြင့်တတ်သွားသည်။
သူ့ခန္ဓာကိုယ်၏ အပြင်ဘက်မှ မူလစွမ်းအားအလင်းလွှာများကို ကြည့်နေစဉ် ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
အရမ်းနှေးတယ်… ။
ထိုမူလကျောက်တုံးများသည် မူလကျောက်စိမ်းကို မယှဉ်နိုင်ပေ။
သူမတ်တတ်ရပ်လိုက်သည်နှင့်ချက်ချင်း “ ဝီး ”ဟူသော ပဲ့တင်သံက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက တူညီသော ပဲ့တင်သံကို ထုတ်ဖော်လိုက်သည်။ ထိုနှစ်ခုက အပြန်အလှန် ပဲ့တင်ပြန်နေသည်။
ယင်း၏ ဆိုလိုရင်းမှာ ဟန်မူယဲ့၏ လက်ရှိ ကျင့်ကြံခြင်းစွမ်းအားက မျက်မှောက်ခေတ်မှ ကျင့်ကြံသူများနည်းတူ အထွတ်အမြတ်နယ်မြေ၏ မိုးမြေစွမ်းအားကို ဆွဲယူရန် လုံလောက်သွားပြီ ဖြစ်၏။
တစ်ခုတည်းသော ခြားနားချက်မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားက မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုပေါ်မှာ မမှီခိုပေ။ မိုးမြေစွမ်းအားနှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားကြားမှာ နက်ရှိုင်းသော ဆက်သွယ်မှု မရှိပေ။
ယင်းက အစစ်အမှန်တာအိုဂိုဏ်း၏ သွေးနီရောင်ပိုက်ကွန်ကို သူလေ့လာခဲ့စဉ်က ရှာတွေ့ခဲ့သော ဉာဏ်အလင်း ဖြစ်သည်။ ထိုတိုက်ပွဲတွင် မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားက သူ့ကို စိတ်မသက်မသာခံစားရစေသည်။ ထို့ကြောင့် သူက သူ့ကိုယ်ပိုင် ရုပ်ခန္ဓာရတနာနှစ်ခုကို ဖွင့်လှစ်ခဲ့စဉ်တွင် မိုးမြေစွမ်းအားကို ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
“ ဘိုးဘေး ”
“ ဘိုးဘေးကို နှုတ်ဆက်ပါတယ် ”
ဟန်မူယဲ့က ခြံဝန်းအပြင်သို့ ထွက်လျှောက်လာစဉ် ဘေးပတ်ဝန်းကျင်မှ တပည့်များက သူ့ကို ရိုသေလေးစားစွာ ဂါရဝပြုလိုက်ကြသည်။
သူက အမြင့်တစ်နေရာဆီသို့ လျှောက်သွားပြီး အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ခမ်းနားထည်ဝါပုံကို ကြည့်ရှုခံစားလိုက်သည်။
သုံးနှစ်ကြာပြီးနောက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သိသိသာသာ ပြောင်းလဲသွားသည်။
မူလက ဟာလာဟင်းလင်းဖြစ်နေသော ခြံဝန်းထဲတွင် ယခု အဆောက်အဦးသုံးခု ထပ်တိုးရှိလာသည်။ ခန်းဆောင်များသည် ယခင်ကဲ့သို့ ဟောင်းနွမ်းမနေဘဲ သစ်လွင်တောက်ပနေကြသည်။
အဓိကခန်းဆောင်ကိုလည်း ထပ်တိုးချဲ့လိုက်သည်။ ယခု အဓိကခန်းဆောင်က အများကြီး ပိုခမ်းနားထည်ဝါလာသည်။
လွန်ခဲ့သော သုံးနှစ်တွင် ဂိုဏ်းထဲမှာ တပည့်ဒါဇင်ခန့်သာ ရှိခဲ့သည်။ သို့သော်လည်း ယခု ဂိုဏ်းထဲမှာ အနည်းဆုံး တပည့်တစ်ထောင်ခန့် ရှိသည်။
“ ဘိုးဘေး ”
အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တင်းသော ရွှင်းဟောင်က အရှေ့သို့ ပြေးလာပြီး ဟန်မူယဲ့ကို အရိုအသေပေးလိုက်သည်။
အတိတ်မှာ သူက တတိယမျိုးဆက်၏ တပည့်ဖြစ်သော်လည်း ယခု ဒုတိယမျိုးဆက်၏ တပည့်ဖြစ်လာသည်။
ဝူမင်ကြွယ်ကဲ့သို့ ဒုတိယမျိုးဆက် တပည့်များက ယခု ပထမမျိုးဆက် တပည့်များ ဖြစ်လာကြပြီး ဂိုဏ်း၏ ကိစ္စအဝဝကို စီမံဆောင်ရွက်နေကြသည်။
တာအိုပညာရှင်ဟူယုနှင့် မကြာသေးခင်ကမှ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲသို့ ဝင်ရောက်လာကြသော ရှေးခေတ်ကျင့်ကြံသူများသည် ဂိုဏ်း၏ အကြီးအကဲများနှင့် ဘိုးဘေးများ ဖြစ်လာကြသည်။ သို့သော် သူတို့က ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကြပြီး ဂိုဏ်း၏ တခြားကိစ္စများကို စိတ်မဝင်စားကြချေ။
ယခု အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဂိုဏ်းချုပ်က ဝူမင်ကြွယ် ဖြစ်သည်။ သို့သော် ဝူမင်ကြွယ်သည် မကြာသေးခင်က သမီးတစ်ယောက်ရှိသွားသည်။ ထို့ကြောင့် လက်တလောတွင် သူက သမီးကို အဖော်ပြုပေးရန် တောင်အောက်သို့ မကြာမကြာ ဆင်းသွားလေ့ရှိသည်။ သူ့ကို ဂိုဏ်းထဲမှာ မြင်တွေ့ရခြင်းက အလွန်ရှားပါးသည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲတွင် ပထမမျိုးဆက် တပည့်များ၏ ကျင့်ကြံခြင်းစွမ်းအားက ဤသုံးနှစ်အတွင်းမှာ သိသိသာသာ တိုးမြှင့်သွားသည်။ သူတို့ထဲမှာ အားအနည်းဆုံးလူက ပြန်လည်မွေးဖွားခြင်းအဆင့် အဌမအလွှာမှာ ရှိသည်။
မည်သို့ဖြစ်ပါစေ ဂိုဏ်းထဲမှာ တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူနှစ်ရာကျော် ရှိနေသည်မဟုတ်ပါလော။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မျက်မှောက်ခေတ်၏ မိုးမြေစွမ်းအားနှင့် သဟဇာတမဖြစ်သော်လည်း သူတို့၏ အတွေ့အကြုံများက ဆက်လက် ကျန်ရှိနေဆဲပင်။
သူတို့ထံမှ သာမန်ကာလျှံကာ အကြံပေးမှုက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များကို ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာနှင့် အထက်အလွှာများဆီသို့ သုံးနှစ်အတွင်း တတ်လှမ်းသွားစေရန် လုံလောက်သည်။
ပထမမျိုးဆက် တပည့်များထဲတွင် ပါရမီအကောင်းဆုံးဖြစ်သော ပိုင်ကျန်းထင်က ပြန်လည်မွေးဖွားခြင်းအဆင့် နဝမအလွှာဆီသို့ ဝင်ရောက်သွားပြီ ဖြစ်၏။
“ ဘိုးဘေး… အကြီးအကဲယန်ချီနဲ့ တခြားအကြီးအကဲတွေက ဖီးနစ်ချိုင့်ဝှမ်းထဲမှာ မူလသတ္ထုတွင်းတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်… အခု သူတို့က သတ္ထုတွင်းကို သိမ်းပိုက်ဖို့အတွက် တခြားဂိုဏ်းနှစ်ဂိုဏ်းနဲ့ ယှဉ်ပြိုင်နေကြပါတယ် ”
ရွှင်းဟောင်က ဟန်မူယဲ့အနားသို့ လျှောက်လာပြီး လက်တလောအတွင်း ဂိုဏ်း၏ ကိစ္စများကို တင်ပြသည်။
ယခု သူက ပြန်လည်မွေးဖွားခြင်းအဆင့် ဆဌမအလွှာမှာဖြစ်ပြီး ဂိုဏ်းထဲတွင် ထိပ်တန်းပညာရှင်တစ်ပါးအဖြစ် မှတ်ယူနိုင်သည်။
သို့သော် ဟန်မူယဲ့နှင့် ဆက်ဆံရေးကောင်းမွန်သော တပည့်များသည် အရင်းအမြစ်များရှာဖွေရသော တာဝန်များကို မဆောင်ရွက်ကြရချေ။ ယင်းအစား သူတို့က ဂိုဏ်းကို စောင့်ကြပ်ရပြီး ဟန်မူယဲ့ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ ဂိုဏ်း၏ အခြေအနေကို တင်ပြပေးရသည်။
“ မူလသတ္ထုတွင်းလား ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။
အထွတ်အမြတ်နယ်မြေတစ်ခုလုံးတွင် ကျင့်ကြံသူအားလုံးသည် မူလကျောက်တုံးများ ပြတ်လပ်နေကြသည်။ ထို့ကြောင့် မူလသတ္ထုတွင်းတစ်တွင်းက မရေမတွက်နိုင်သော ရွှမ်အဆင့်ကျင့်ကြံသူများကို အသေအကြေ တိုက်ခိုက်စေရန် လုံလောက်ပေသည်။
“ ကျောက်စိမ်းမှော်အဆောင်စံအိမ်က ဘိုးဘေးကို ခဏခဏ ဖိတ်ကြားနေပါတယ် ”
ရွှင်းဟောင်က ကျောက်စိမ်းတုံကင်တချို့ကို ဟန်မူယဲ့ထံ ကမ်းပေးလိုက်သည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် မှော်အဆောင်များ ရောင်းဝယ်ခြင်းကို အဓိက လုပ်ကိုင်သည်။ သူတို့က ဟန်မူယဲ့ကို ဖိတ်ခေါ်ခြင်းမှာ မှော်အဆောင်များ ဖန်တီးခြင်းတွင် ပါဝင်ခိုင်းရန်နှင့် ဟန်မူယဲ့ဖန်တီးထားသော မှော်အဆောင်များကို ဝယ်ယူရန် ဖြစ်သည်။
ကျောက်စိမ်းတုံကင်များထဲမှ သတင်းစကားကို ဖတ်ရှုပြီးနောက် ဟန်မူယဲ့၏ မျက်နှာပေါ်မှာ အပြုံးတစ်ခု ထွက်ပေါ်လာသည်။
မည်သူဖြစ်ပါစေ ကိုယ်ပိုင်တာအိုကို ကာကွယ်စောင့်ရှောက်ရန် အရံကျင့်ကြံခြင်းနည်းစနစ်များကို လိုအပ်ပေသည်။
အကယ်၍ သူသာ မှော်အဆောင်များကို သန့်စင်နိုင်ပြီး ယင်းတို့ကို မူလကျောက်တုံးများဖြင့် မလဲလှယ်လျှင် ယခု သူက မွဲပြာကျနေလိမ့်မည်။
“ ဘိုးဘေး ”
သတင်းကြားထားသော ယွင်လန်တာအိုပညာရှင်က ဟန်မူယဲ့ထံသို့ ဝမ်းသာပျော်ရွှင်သော မျက်နှာဖြင့် ချဉ်းကပ်လာသည်။ သူက အရိုအသေပေးလိုက်ပြီး နူးညံ့စွာ ပြောသည်။
“ ဘိုးဘေးရဲ့ ကျင့်ကြံခြင်းစွမ်းအားက နောက်ထပ် တိုးမြှင့်သွားပြီ… အဲ့ဒါက ကျုပ်တို့အတွက် ကောင်းချီးတစ်ခုပါပဲ ”
ဟန်မူယဲ့၏ မျက်လုံးထဲမှ ရွှေရောင်အလင်းကို မြင်သောအခါ တာအိုပညာရှင်ယွင်လန်က ပိုပြီးဝမ်းသာသွားသည်။
ဟန်မူယဲ့က ရွှမ်အဆင့် ကျင့်ကြံခြင်းသို့ ပြန်တတ်လှမ်းသွားလေရာ ယခု သူတို့အားလုံးက စိတ်အေးလက်အေး ကျင့်ကြံနိုင်သွားတော့မည်။
ယွင်လန်တာအိုပညာရှင်သည် ဟန်မူယဲ့ကို နှုတ်ဆက်ရန် တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူဒါဇင်ခန့်ကို ခေါ်ဆောင်လာသည်။
ထိုပုဂ္ဂိုလ်အားလုံးသည် ရှေးခေတ်မှ ပြန်နိုးလာသူများ ဖြစ်ကြသည်။ ဤမတိုင်ခင် သူတို့က နေရာအသီးသီး၌ ပုန်းအောင်းနေခဲ့ကြရသည်။ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းသို့ ဝင်ရောက်ပြီး လေပြေအသွင်(၃၆)မျိုးကို ကျင့်ကြံပြီးမှသာ သူတို့က အပြင်သို့ ပေါ်ပေါ်ထင်ထင် ထွက်ဝံ့ကြသည်။ ယခု သူတို့က အစစ်အမှန်တာအိုဂိုဏ်း၏ လိုက်ဖမ်းမည့် အန္တရာယ်ကို စိုးရိမ်ရန် မလိုတော့ပေ။
ထို့ပြင် ဤအတောအတွင်းမှာ သူတို့က အပြန်အလှန် အသိပညာဖလှယ်ပြီး ကိုယ်ပိုင်ကျင့်ကြံခြင်းကို တိုးတတ်ရန် ဆောင်ရွက်ကြသည်။
“ အစစ်အမှန်တာအိုဂိုဏ်းရဲ့ အနောက်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း ရှိပါတယ်… အခု သူတို့က အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို စတင်အာရုံစိုက်လာပါပြီ ”
“ ပြီးတော့ ပြန်လည်ကျင့်ကြံဖို့ အရင်းအမြစ်အများကြီး လိုအပ်ပါတယ် ”
ယွင်လန်တာအိုပညာရှင်က ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ လေသံထဲမှာ စိုးရိမ်ကြောင့်ကြသော အရိပ်အမြွက်ရှိသည်။
အစစ်အမှန်တာအိုဂိုဏ်းက တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူများကို မကြောက်မရွံ့ လိုက်ဖမ်းနေခြင်းမှာ သူတို့၏ အနောက်၌ မှီခိုအားထားစရာ ရှိနေသောကြောင့် ဖြစ်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လက်တလောမှာ အင်အားကြီးမားလာသော်လည်း သူတို့ဆီမှာ အစစ်အမှန်ပညာရှင်များ ရှားပါးနေသည်။
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများသည် လေပြေအသွင်(၃၆)မျိုးနှင့် သူတို့၏ ကိုယ်ပိုင်ဝိညာဉ်စွမ်းအားကို အသုံးပြုမည်ဆိုလျှင် ရွှမ်အဆင့် ကျင့်ကြံသူများကို ရင်ဆိုင်နိုင်ကြလိမ့်မည်။ သို့သော်လည်း သူတို့၏ နည်းစနစ်များက ရိုးရှင်းနေဆဲပင်။ စစ်မှန်သော ကျွမ်းကျင်ပညာရှင်များ၏ အရှေ့မှာ ယင်းတို့က ထိရောက်မှုမရှိပေ။
သို့ဖြစ်၍ အကောင်းဆုံး ရွေးချယ်မှုက ရုပ်ခန္ဓာကိုယ်ကို ပြန်လည်ကျင့်ကြံပြီး ဝိညာဉ်စွမ်းအားကို ပြန်လည်ဖွဲ့စည်းရန် ဖြစ်သည်။
အတိတ်မှာ သူတို့က ပြန်လည်ကျင့်ကြံရန် တစ်ခါမှ မတွေးခဲ့ကြပေ။ အဘယ့်ကြောင့်ဆိုသော် သူတို့က အစစ်အမှန်တာအိုဂိုဏ်း၏ လိုက်ဖမ်းခံနေရလေရာ ပြန်လည်ကျင့်ကြံရန် အချိန်မပေးနိုင်ပေ။
ယခု သူတို့၏ အနောက်မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ရှိသွားပြီဖြစ်၏။ ထို့ကြောင့် သူတို့သည် အစစ်အမှန်တာအိုဂိုဏ်း၏ အန္တရာယ်ကို စိုးရိမ်ရန်မလိုဘဲ ပြန်လည်ကျင့်ကြံနိုင်ပြီ ဖြစ်၏။
“ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီ ငါခရီးထွက်မယ်… အရင်ဆုံး မှော်အဆောင်တချို့ကို သန့်စင်ပြီး အရင်းအမြစ်တွေအတွက် လဲလှယ်မယ် ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။
“ ပြီးတော့ ကျောက်စိမ်းမှော်အဆောင်စံအိမ်ရဲ့ အဆက်အသွယ်တွေကို အသုံးပြုပြီး တခြားလူတွေ ပြန်ကျင့်ကြံနိုင်ဖို့အတွက် အရင်းအမြစ်တွေ ရှာဖွေပေးနိုင်မလား ငါမေးမြန်းကြည့်မယ် ”
…..
ဤတစ်ကြိမ်တွင် ဟန်မူယဲ့က ဖီးနစ်ငိုသံမြို့တော်၏ ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ မသွားပေ။ ယင်းအစား သူက မိုင်ငါးသောင်းအကွာအဝေးမှာ တည်ရှိသော ကျင်းလန်မြို့တော်ဆီသို့ တိုက်ရိုက် သွားသည်။
ကျင်းလန်မြို့တော်၏ ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် မှော်အဆောင်စံအိမ်တစ်ရာကျော်၏ ဌာနချုပ် ဖြစ်သည်။ ထိုနေရာမှာ အခြေချနေထိုင်ကြသော မှော်အဆောင်သခင်များ၏ ကျင့်ကြံခြင်းက ရှိန်လောက်ဖွယ်ကောင်း၏။
ကျင်းလန်မြို့တော်သည် အချင်းမိုင်တစ်သန်းဧရိယာထဲ၌ အင်အားအကြီးမားဆုံးနှင့် အရင်းအမြစ်အကြွယ်ဝဆုံး မြို့တော် ဖြစ်သည်။
မြို့တော်ထဲမှာ ကျင့်ကြံသူသုံးသန်းခန့် တည်ရှိကြသည်။ သူတို့ထဲမှာ အစွမ်းထက်ကျွမ်းကျင်သူများ အများကြီး ရှိသည်။
ဤခရီးစဉ်တွင် ဟန်မူယဲ့၏ အနောက်သို့ ယွင်လန်တာအိုပညာရှင်၊ ဝူချွမ်းနှင့် တခြားလူနှစ်ဆယ်ကျော်က လိုက်ပါလာကြသည်။ သူတို့အုပ်စုက လဝက်ကြာ ခရီးဆက်ပြီးနောက် ကျင်းလန်မြို့တော်ဆီသို့ ရောက်လာသည်။
“ ဟား ဟား… တာအိုရောင်းရင်းဟန် ကျုပ်ရဲ့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က ခင်ဗျားရောက်လာမှာကို မျှော်နေတာပါ… ခင်ဗျားရောက်လာတာက ကျုပ်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာကိစ္စပါပဲ ”
“ ဒီနေ့က မှော်အဆောင်သခင်ရှန်းချန် မှော်အဆောင်သန့်စင်မယ့် နေ့ပါ… စောစောကတင် သူက ခင်ဗျားနဲ့ တွေ့ချင်တယ်လို့ ပြောနေတာပါ ”
ကျင်းလန်မြို့တော်၏ အပြင်ဘက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်က ရယ်ရယ်မောမော ပြောသည်။