အခန်း (၁၇၅၆)
Vol. 126 Ch. 1756
ဟန်မူယဲ့၏ အမူအရာကို မြင်သောအခါ မှော်အဆောင်သခင်လင်းဟုန်က ရယ်လိုက်ပြီး လက်မြှောက်လိုက်သည်။
“ ကျေးဇူးပြုပြီး ထိုင်ပါ ”
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားပြီး ခုံရှည်ပေါ်မှာ ထိုင်လိုက်သည်။ ထို့နောက် သူက မှော်အဆောင်သခင်လင်းဟုန်၏ အရှေ့မှ အစိမ်းရောင်ဓားရှည်တစ်လက်ကို စစ်ဆေးလေ့လာလိုက်သည်။ ဓားကိုယ်ထည်ပေါ်တွင် မဟူရာရွှေမှော်သင်္ကေတတစ်ခုက မီးတောက်သဖွယ် ရွေ့လျားစီးဆင်းနေသည်။
ယင်းက အမှန်တရားချိပ်တံဆိပ် ဖြစ်သည်။
ထိုဓားပေါ်မှာ ရေးထွင်းထားသော အမှန်တရားချိပ်တံဆိပ်က မပြီးမြောက်သေးပေ။
“ အံ့ဖွယ်ဝိညာဉ်နယ်မြေက တကယ်တော့ အထွတ်အမြတ်နယ်မြေနဲ့ ဇစ်မြစ်တစ်ခုတည်းဖြစ်တယ် ”
မှော်အဆောင်သခင်လင်းဟုန်က အစိမ်းရောင်ဓားရှည်ကို စားပွဲခုံ၏ ဘေးမှာ ချလိုက်ပြီး လက်ဖက်ရည်အိုးကို ကောက်ယူလိုက်သည်။ သူက ဟန်မူယဲ့အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
ခွက်ထဲမှ လက်ဖက်ရည်သည် ကြည်လင်ပြီး ငြိမ်သက်သည်။ ယင်းက တစ်စုံတစ်ယောက်၏ တည်ငြိမ်သော နှလုံးသားကို ပုံရိပ်ပြန်နေဟန် ရ၏။
“ အထွတ်အမြတ်နယ်မြေက ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးဖို့ ရွေးချယ်ခဲ့ပြီး မိုးမြေမဟာတာအိုကို ပြန်လည်ဖွဲ့စည်းခဲ့တယ်… အခြားတစ်ဖက်မှာတော့ အံ့ဖွယ်ဝိညာဉ်နယ်မြေက ကျင့်ကြံသူတွေက ကွဲပြားခြားနားတဲ့ လမ်းကြောင်းကို ရွေးချယ်ခဲ့ကြတယ် ”
မှော်အဆောင်သခင်လင်းဟုန်က လက်ဖက်ရည်ခွက်ကို ကောက်ယူလိုက်ပြီး ဟန်မူယဲ့၏ အရှေ့သို့ တွန်းပို့လိုက်သည်။
အထွတ်အမြတ်နယ်မြေသည် မဟာတာအိုကို စွန့်လွှတ်လိုက်သည်။ ယင်း၏ အဓိပ္ပာယ်မှာ ကျင့်ကြံခြင်းလောက၏ အမွေအနှစ်တစ်ခုလုံးကို ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် အစွမ်းထက်ပုဂ္ဂိုလ်များက သေဆုံးသွားကြသည်။ နှစ်သန်းပေါင်းဘီလီယံနှင့်ချီ ကြာမြင့်ပြီးမှသာလျှင် မဟာတာအိုကို ပြန်လည်ဖွဲ့စည်းနိုင်ခဲ့သည်။ ယင်းက မိုးမြေကြားမှ ကျင့်ကြံသူများကို သူတို့၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း လျှောက်လှမ်းရန် တွန်းအားဖြစ်စေသည်။
အံ့ဖွယ်ဝိညာဉ်နယ်မြေဆီမှာ ထိုသို့သတ္တိမရှိပေ။ သူတို့က မိုးမြေကို ထောက်ပံ့ပေးရန် အစွမ်းထက်ကျင့်ကြံသူများကို နည်းပါးစေမည့်အစား မဟာတာအိုကို သူတို့၏ လက်ထဲမှာသာ ဆက်လက် ထိန်းချုပ်ထားကြသည်။
ထိုအစွမ်းထက်ကျင့်ကြံသူများအတွက်တော့ မဟာတာအိုက သူတို့ကိုယ်တိုင် ဖြစ်သည်။
ထိုရွေးချယ်မှု၏ ကောင်းကျိုးသည် ရှေးခေတ်ကျင့်ကြံသူများကို အံ့ဖွယ်ဝိညာဉ်နယ်မြေထဲမှာ သူတို့၏ မူလစွမ်းအားအတိုင်း ထုတ်ဖော်နိုင်စေသည်။
သို့သော် ဆိုးကျိုးများလည်း ရှိသည်။ အံ့ဖွယ်ဝိညာဉ်နယ်မြေကို အစွမ်းထက်ပညာရှင်တချို့က ထောက်ပံ့ထားသည်။ သူတို့၏ ထိခိုက်ပျက်စီးမှုက လူတိုင်းအပေါ် သက်ရောက်မှုရှိသည်။
အစွမ်းထက်ပညာရှင်တစ်ယောက် စွမ်းအားနိမ့်ကျသွားသည့်အခါ သို့မဟုတ် သေဆုံးသွားသည့်အခါ အံ့ဖွယ်ဝိညာဉ်နယ်မြေက ဖရိုဖရဲဖြစ်သွားလိမ့်မည်။
“ ဒီတော့… ”
မှော်အဆောင်သခင်လင်းဟုန်က ပေါ့ပါးစွာ ရယ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ …တာအိုရောင်းရင်းဟန် အံ့ဖွယ်ဝိညာဉ်နယ်မြေကို စိတ်ဝင်စားလား ကျုပ်သိချင်မိတယ် ”
အံ့ဖွယ်ဝိညာဉ်နယ်မြေကို စိတ်ဝင်စားလား… ။
တစ်စုံတစ်ယောက်က အံ့ဖွယ်ဝိညာဉ်နယ်မြေကို ဝင်ရောက်မည်ဆိုလျှင် သူ၏ ယခင်တိုက်ပွဲစွမ်းအားကို ပြန်ပိုင်ဆိုင်နိုင်လိမ့်မည်။ ယင်းက အပြည့်အဝ မဟုတ်လျှင်ပင် အနည်းဆုံး သူ၏ တိုက်ပွဲစွမ်းအားအများစုကို ပြန်ပိုင်ဆိုင်နိုင်လိမ့်မည်။
သို့သော် အံ့ဖွယ်ဝိညာဉ်နယ်မြေသို့ ဝင်ရောက်လျှင် ပိုပြီးအစွမ်းထက်သော ကျင့်ကြံသူများ၏ ဖိနှိပ်ခံရလိမ့်မည်။ တစ်စုံတစ်ယောက်၏ မဟာတာအိုစွမ်းအားသည်ပင် ဆွဲထုတ်ခံရပြီး သူ့ကိုယ်ပိုင်လွတ်လပ်မှုကို ဆုံးရှုံးသွားလိမ့်မည်။
“ ကျုပ်တစ်ခုသိချင်မိတယ်… တာအိုပေါ်ထွက်ခြင်းအဆင့်ကို ဝင်ရောက်သွားတဲ့ ကျင့်ကြံသူအားလုံးက အံ့ဖွယ်ဝိညာဉ်နယ်မြေကို သွားရောက်ဖို့ ဆန္ဒမရှိကြဘူးမဟုတ်လား ”
ဟန်မူယဲ့က လက်ဖက်ရည်ခွက်ကို ကိုင်ထားရင်း နူးညံ့စွာ ပြောသည်။
ထိုစကားကို ကြားသောအခါ သူ့အရှေ့မှ မှော်အဆောင်သခင်လင်းဟုန်က ပြုံးလိုက်သည်။
“ လူတိုင်းက သွားဖို့ ဆန္ဒမရှိတာ မဟုတ်ပါဘူး… ဘာပဲပြောပြော လက်ရှိ အထွတ်အမြတ်နယ်မြေမှာ သူတို့ရဲ့ နေ့ရက်တွေက ပိုပြီးခက်ခဲကြမ်းတမ်းလာတယ်မလား ”
အထွတ်အမြတ်နယ်မြေတွင် ရှေးခေတ်ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအားနှင့် အတွေ့အကြုံများကို အာဟာရဓာတ်အဖြစ် အသုံးချချင်ကြသော ဂိုဏ်းများနှင့် ကျင့်ကြံသူများ အများကြီး ရှိသည်။
ထိုသို့ဆိုမှတော့ အံ့ဖွယ်ဝိညာဉ်နယ်မြေဆီသို့ သွားရောက်ခြင်းက ဆိုးဝါးသော ရွေးချယ်မှုမဟုတ်ပေ။ အနည်းဆုံးတော့ ထိုနေရာမှာ သူတို့က ယခင်တိုက်ပွဲစွမ်းအားကို ပြန်ပိုင်ဆိုင်နိုင်လိမ့်မည်။
“ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက အံ့ဖွယ်ဝိညာဉ်နယ်မြေက အထွတ်အမြတ်နယ်မြေကို အထင်သေးရှုံ့ချခဲ့တယ် ”
“ မျက်မှောက်ခေတ်မှာတော့ နယ်မြေနှစ်ခုကြားက စွမ်းအားက မျှခြေညီသွားပြီ ”
မှော်အဆောင်သခင်လင်းဟုန်က စိတ်ခံစားချက်ပါသော လေသံဖြင့် ပြောသည်။
တစ်ခုက မည်သည့်အခါမှ မပျောက်ကွယ်သွားမည့် ရှေးဟောင်းအမွေအနှစ်ကို သယ်ဆောင်ထားစဉ် အခြားတစ်ခုက အမွေအနှစ်အသစ်နှင့် ကျင့်ကြံခြင်းလမ်းစဉ်အသစ်ကို ရှာဖွေနေသည်။
အမှန်မှာ ယခု ထိုနှစ်ခုက အင်အားမျှခြေညီသွားလေရာ အတိတ်၌ အထွတ်အမြတ်နယ်မြေ၏ ခရီးလမ်းက မည်မျှခက်ခဲကြမ်းတမ်းခဲ့ကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
ဆန့်ကျင်ဘက်အနေဖြင့် အံ့ဖွယ်ဝိညာဉ်နယ်မြေက ၎င်း၏ အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းရန် ရှေးခေတ်ကျင့်ကြံသူများကို လိုအပ်နေသည်။
အထွတ်အမြတ်နယ်မြေဖြစ်စေ သို့မဟုတ် အံ့ဖွယ်ဝိညာဉ်နယ်မြေဖြစ်စေ ယင်းတို့က လက်ရှိ ဟန်မူယဲ့အတွက် သိပ်အရေးမကြီးပေ။
အဓိက သူလိုအပ်နေသည်မှာ မူလကျောက်တုံးဖြစ်သည်။
“ အံ့ဖွယ်ဝိညာဉ်နယ်မြေနဲ့ အထွတ်အမြတ်နယ်မြေရဲ့ ကိစ္စတွေက တာအိုရောင်းရင်းဟန်နဲ့ ဘာမှမသက်ဆိုင်ဘူးလို့ ခင်ဗျားတွေးနေတယ်မလား ”
မှော်အဆောင်သခင်လင်းဟုန်သည် ဟန်မူယဲ့၏ အတွေးကို သတိပြုမိသည့်အလား ထပ်မံ ပြောသည်။
သူလက်ဝှေ့ယမ်းလိုက်သည့်အခါ အပြာရောင်အလင်းလွှာက မှော်အဆောင်သခင်လင်းဟုန်၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။ ထို့နောက် အလင်းလွှာက ဤအခန်းကို ချိပ်ပိတ်လိုက်သည်။
“ ကျုပ်ထင်တာ မမှားရင် မကြာသေးခင်က မိုးမြေအပြောင်းအလဲကို ဖြစ်ပေါ်စေခဲ့တဲ့လူက တာအိုရောင်းရင်းဟန်ဖြစ်မယ်… ခင်ဗျားက ကောင်းကင်ဘုံတာအိုသွေဖယ်သူမလား ”
မိုးမြေအပြောင်းအလဲ… ။
ကောင်းကင်ဘုံတာအိုသွေဖယ်သူ… ။
နက်နဲသိမ်မွေ့သော အလင်းက ဟန်မူယဲ့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ကောင်းကင်ဘုံတာအိုသွေဖယ်သူ၏ နာမည်ကို ယခင်က သူကြားဖူးသည်။
သူတို့က ဤလောက၏ မိုးမြေမဟာတာအိုစွမ်းအားနှင့် လိုက်လျောညီထွေမရှိသူများ ဖြစ်ကြသည်။ သို့သော် သူတို့က မိုးမြေစွမ်းအားနှင့် ပတ်သက်ဆက်နွယ်မှုရှိကြသည်။ တစ်စုံတစ်ယောက်က မဟာတာအိုစွမ်းအားနှင့် လိုက်လျောညီထွေဖြစ်ရန် ရွေးချယ်မည်ဆိုလျှင် မိုးမြေ၏ မျက်နှာသားပေးမှုခံရသော ကလေး သို့မဟုတ် ကောင်းကင်ဘုံသားတော် ဖြစ်လာလိမ့်မည်။
သို့မဟုတ်ဘဲ ကောင်းကင်ဘုံတာအိုကို ဖီဆန်ရန် ကြိုးစားလျှင် ကောင်းကင်ဘုံတာအိုသွေဖွယ်သူ ဖြစ်လာလိမ့်မည်။
ကောင်းကင်ဘုံသားတော်ဖြစ်စေ ကောင်းကင်ဘုံတာအိုသွေဖယ်သူဖြစ်စေ သူတို့နှစ်ယောက်စလုံးက ကျင့်ကြံသူများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြသည်။ သို့သော် ဤလောက၏ ကောင်းကင်ဘုံတာအိုကို ထိန်းချုပ်ထားသော လူများ၏ မျက်လုံးထဲတွင် ကောင်းကင်ဘုံတာအိုသွေဖယ်သူများက သေချာပေါက် သုတ်သင်ခံရမည်။
“ စိတ်ချပါ… တာအိုရောင်းရင်းဟန်… ကျုပ်နဲ့ လေပြင်းမျှော်စင်က ကောင်းကင်ဘုံသားတော်နဲ့ ကောင်းကင်ဘုံတာအိုသွေဖယ်သူကြားက ပြဿနာတွေထဲမှာ ဝင်မပါပါဘူး ”
မှော်အဆောင်သခင်လင်းဟုန်က ပြုံးလိုက်သည်။ သူ၏ ဘေးပတ်ဝန်းကျင်မှ အပြာရောင်အလင်းလွှာက ပျောက်ကွယ်သွားသည်။
“ တာအိုရောင်းရင်းဟန်… ခင်ဗျားကို ဒီနေ့ ဖိတ်ခေါ်လိုက်တာက ခင်ဗျား လက်နက်သန့်စင်တာကို စိတ်ဝင်စားမလား ကျုပ်သိချင်လို့ပါ ”
လက်နက်သန့်စင်ခြင်း… ။
ဟန်မူယဲ့က သူ၏ ဘေးပတ်ဝန်းကျင်၌ ချထားသော လက်နက်သေတ္တာများကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ကျောက်စိမ်းမှော်အဆောင်များ သန့်စင်ခြင်းထက် လက်နက်များ သန့်စင်ခြင်းက ပိုပြီးဝင်ငွေများသည်။
မှော်အဆောင်သခင်လင်းဟုန်၏ ပြောစကားအရ လေပြင်းမျှော်စင်သည် လက်နက်များပေါ်မှာ အမှန်တရားချိပ်တံဆိပ် ရေးထွင်းနိုင်သော မှော်အဆောင်သခင်များကို အမြဲတမ်း လိုက်ရှာဖွေနေသည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ မှော်အဆောင်သခင်များသည်ပင် ထိုအခွင့်အရေးကို မငြင်းဆန်ချင်ကြပေ။
သို့သော်လည်း လက်နက်သန့်စင်ခြင်းသည် မှော်အဆောင်များရေးထွင်းခြင်းနှင့် ကွဲပြားခြားနားသည်။ လက်နက်သန့်စင်ရန် တစ်စုံတစ်ယောက်မှာ ပါရမီရှိရမည်။
“ လက်နက်တစ်ခုကို လက်ထဲမှာ ဆုပ်ကိုင်ထားရင်း လက်နက်ထဲက မရီဒျန်တွေကို အာရုံခံရမယ်… ဝိညာဉ်စွမ်းအားကို မရီဒျန်တွေတစ်လျှောက် စီးဆင်းစေပြီးရင် အမှန်တရားချိပ်တံဆိပ်ကို စတင်ရေးထွင်းနိုင်ပြီ ”
မှော်အဆောင်သခင်လင်းဟုန်က အစိမ်းရောင်ဓားရှည်တစ်လက်ကို ဟန်မူယဲ့၏ အရှေ့မှာ ထားလိုက်ပြီး ပြောသည်။
“ တကယ်လို့ တာအိုရောင်းရင်းဟန်က ဒီဓားထဲက မရီဒျန်တွေကို အာရုံခံနိုင်မယ်… ပြီးတော့ ဝိညာဉ်စွမ်းအားကို မရီဒျန်တွေထဲမှာ စီးဆင်းစေမယ်ဆိုရင် ခင်ဗျားက လက်နက်သန့်စင်သူတစ်ယောက် ဖြစ်လာဖို့ အရည်အချင်းပြည့်မီလိမ့်မယ် ”
“ အပိုတွေ မပြောတော့ဘူး… ခင်ဗျားကို အသက်တစ်ရာရှူချိန် ကျုပ်ပေး… ”
သူ၏ စကားမဆုံးခင်မှာ သူ့အရှေ့မှ ဟန်မူယဲ့က ကြားဖြတ်ပြောသည်။
“ အဲ့ဒီဓားထဲမှာ စုစုပေါင်းမရီဒျန်ဆယ့်နှစ်ခု ရှိတယ်… အထူးမရီဒျန်ရှစ်ခုအပေါ် အခြေခံပြီး သွန်းလုပ်ထားတာ ဖြစ်တယ်… မူလစွမ်းအားဆုံမှတ်က သုံးဆယ့်နှစ်ခုရှိတယ်… ငါးခုက ဓားရိုးပေါ်မှာဖြစ်ပြီး ကျန်တာတွေက ဓားကိုယ်ထည်ပေါ်မှာ ဖြစ်တယ် ”
ဟန်မူယဲ့၏ စကားများက မှော်အဆောင်သခင်လင်းဟုန်ကို အံ့ဩမှင်သက်သွားစေသည်။
သူက ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ခေါင်းငုံ့လိုက်ပြီး သူ့အရှေ့မှ ဓားကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို ကြည့်လိုက်သည်။
“ တာအိုရောင်းရင်းဟန်… ခင်ဗျား ဒီဓားကို အရင်က သန့်စင်ဖူးတာလား ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။
သူက ပုံရိပ်ယောင်လောကတွင် ထိပ်တန်းပန်းပဲပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ သို့သော်လည်း အမှန်တရားကုန်းမြေထဲတွင် မည်သည့်လက်နက်ကိုမှ သူမသန့်စင်ဖူးပေ။
သို့တိုင် ထိုဓားက သူ၏ အရှေ့မှာ မည်သည့်လျှို့ဝှက်ချက်မှ မရှိပေ။
လက်နက်သန့်စင်ခြင်းအပေါ် သူ၏ အတွေ့အကြုံများနှင့် နည်းစနစ်များက သာမန်လူများ စိတ်ကူးမယဉ်နိုင်သော အဆင့်မှာရှိသည်။
“ အင်း… ဒါပေမဲ့ မူလစွမ်းအားဆုံမှတ်က စုစုပေါင်း သုံးဆယ့်တစ်ခုပဲ ရှိတယ်… ခင်ဗျားမြင်တာ မှားနေတယ် ”
မှော်အဆောင်သခင်လင်းဟုန်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ပြောသည်။ ထို့နောက် ဟန်မူယဲ့ကို သူကြည့်လိုက်သည့်အခါ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ခင်ဗျားက တချို့နေရာမှာ မှားသွားပေမဲ့ ဒီလိုပါရမီက တစ်သိန်းမှာတစ်ယောက် မြင်တွေ့ရခဲတယ် ”
မှော်အဆောင်သခင်လင်းဟုန်က ကျောက်စိမ်းတုံကင်တစ်ခုကို ထုတ်လိုက်ပြီး စားပွဲခုံပေါ်မှာ တင်လိုက်သည်။ သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။
“ တာအိုရောင်းရင်းဟန်… ဒီဟာက ကျုပ်တို့လေပြင်းမျှော်စင်ရဲ့ လက်နက်သန့်စင်ခြင်းနည်းစနစ်ပါ… တကယ်လို့ ခင်ဗျားက ဆယ်နှစ်အတွင်းမှာ လက်နက်သန့်စင်သူတစ်ယောက် ဖြစ်လာနိုင်မယ်ဆိုရင် ကျင်းလန်မြို့တော်ရဲ့ လေပြင်းမျှော်စင်က ခင်ဗျားရဲ့ ထိန်းချုပ်မှုအောက်မှာ ဖြစ်သွားလိမ့်မယ် ”
“ ခင်ဗျားလုပ်ပေးရမှာ လေပြင်းမျှော်စင်ရဲ့ အကျိုးအမြတ်လေးဆယ်ရာခိုင်နှုန်းကို ထျန်းရှုမြို့တော်ရဲ့ ဌာနချုပ်ဆီ ပို့ပေးဖို့ပဲ ”
မှော်အဆောင်သခင်လင်းဟုန်၏ စကားကို ကြားသောအခါ ဟန်မူယဲ့က ခေါင်းမော့လိုက်သည်။
“ ထျန်းရှုမြို့တော်လား ”
“ ဟုတ်တယ်… အထွတ်အမြတ်နယ်မြေရဲ့ နံပါတ်တစ်မြို့တော်ဖြစ်တဲ့ ထျန်းရှုမြို့တော် ”
မှော်အဆောင်သခင်လင်းဟုန်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
“ လေပြင်းမျှော်စင်ရဲ့ အင်အားက ခင်ဗျားစိတ်ကူးနိုင်တာထက် ပိုတယ် တာအိုရောင်းရင်းဟန် ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး နောက်ထပ် မပြောတော့ပေ။
သူက လက်ဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းတုံကင်ကို သူ၏ လက်ဖဝါးထဲမှာ ဆုပ်လိုက်သည်။
တစ်ခဏကြာပြီးနောက် သူက မှော်အဆောင်သခင်လင်းဟုန်ကို ကြည့်လိုက်သည်။
“ တာအိုရောင်းရင်းလင်း… ကျုပ် လေပြင်းမျှော်စင်မှာ မလေ့ကျင့်နိုင်ဘူး… ကျုပ် ဒီလက်နက်သန့်စင်တဲ့ နည်းစနစ်ကို တတ်ကျွမ်းသွားတော့မှ လေပြင်းမျှော်စင်ဆီ ပြန်လာခဲ့မယ် ”
ထိုစကားကို ကြားသောအခါ မှော်အဆောင်သခင်လင်းဟုန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
“ ကိစ္စမရှိပါဘူး… ခင်ဗျားအဆင်ပြေသလို လုပ်ပါ ”
လေပြင်းမျှော်စင်၏ အပြင်သို့ လျှောက်သွားပြီးလျှင် အပြုံးက ဟန်မူယဲ့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အမှန်တရားကုန်းမြေ၏ လက်နက်သန့်စင်ခြင်းနည်းစနစ်က ပုံရိပ်ယောင်လောကနှင့် ကွဲပြားခြားနားသည်။ သို့သော်လည်း အခြေခံသဘောတရားက အတူတူပင်။
ယခု သူလုပ်ရမည်မှာ လက်နက်သန့်စင်ခြင်းကို ပြန်စတင်ရန် ဖြစ်၏။
သူက သူ့ကိုယ်သူအတွက် ဓားတစ်လက်ကို သန့်စင်မည်။
ယင်းက အမှန်တရားကုန်းမြေမှာ ပထမဆုံး သူသန့်စင်မည့် ဓားဖြစ်လိမ့်မည်။