← Chapters

အခန်း (၁၇၅၈)

Vol. 126 Ch. 1758

အခန်း (၁၇၅၈)

Vol. 126 Ch. 1758

ကောင်းကင်ဘုံတာအိုသွေဖယ်သူ… ။

မိုးမြေနှင့် လိုက်လျောညီထွေရှိသော ပုဂ္ဂိုလ်ကို ကောင်းကင်ဘုံသားတော်ဟု သိကြပြီး မိုးမြေအား ဖီဆန်သူများကို ကောင်းကင်ဘုံတာအိုသွေဖယ်သူများဟု ခေါ်ကြသည်။

အထွတ်အမြတ်နယ်မြေက ကောင်းကင်ဘုံသားတော်များကို လိုအပ်နေသည်။ ကောင်းကင်ဘုံသားတော်တစ်ယောက်စီက အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြသည်။

ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်ဘုံတာအိုသွေဖယ်သူများသည် သူတို့၏ ကျင့်ကြံခြင်းခရီးတွင် အခက်အခဲများကို ရင်ဆိုင်ကြရသည်။ သူတို့၏ လမ်းကြောင်းအရှေ့တွင် တာအိုအစောင့်အရှောက်များ ထွက်ပေါ်လာကြလိမ့်မည်။ သူတို့က ကောင်းကင်ဘုံတာအိုသွေဖယ်သူများကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် တာဝန်ရှိသူများ ဖြစ်ကြသည်။

ကောင်းကင်ဘုံတာအိုသွေဖယ်သူတစ်ယောက်စီသည် ရှိန်လောက်ဖွယ်ကောင်းသော ကျင့်ကြံခြင်းစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ တာအိုအစောင့်အရှောက်များသည် ကောင်းကင်ဘုံတာအိုသွေဖယ်သူများ ရင်ဆိုင်ကျော်လွှားရမည့် စိန်ခေါ်မှုများ ဖြစ်ကြသည်။ ယင်းက သူတို့၏ ကံကြမ္မာလည်း ဟုတ်၏။

မှန်ပေသည်။ ကောင်းကင်ဘုံတာအိုသွေဖယ်သူအများစုသည် မကြီးထွားခင် တာအိုအစောင့်အရှောက်များ၏ သတ်ဖြတ်ခံကြရသည်။

တစ်စုံတစ်ယောက်က ကောင်းကင်ဘုံတာအိုသွေဖယ်သူကို သတ်ပစ်နိုင်လျှင် မိုးမြေ၏ မျက်နှာသာပေးမှုနှင့် ကြီးမားသော အကျိုးအမြတ်များကို ရရှိလိမ့်မည်။ သူတို့က ကောင်းကင်ဘုံသားတော် ဖြစ်လာနိုင်မည့် အခွင့်အရေးကိုပင် ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

“ ငါက ကောင်းကင်ဘုံချိပ်ပိတ်ဘုံကျောင်းရဲ့ လော့ကျန်းလင် ”

“ မင်းက ငါ့ရဲ့ သားကောင်ပဲ ”

သူက စကားနှစ်ခွန်းသာ ပြောသည်။

ပထမစကားကို သူပြောလိုက်စဉ် မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက လက်ဆန့်ထုတ်လိုက်ပြီး ဟန်မူယဲ့၏ လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။

ဒုတိယစကားကို သူပြောလိုက်စဉ် မီးခိုးရောင်ဝတ်စုံနှင့် အဖိုးအိုက အနောက်သို့ ခြေလှမ်းအနည်းငယ် တရစပ် ဆုတ်သွားသည်။ သူက မျက်လုံးပြူးသွားသည်။

ဟန်မူယဲ့က နေရာမှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲပင်။ သူက လက်သီးကို ဖြည်းဖြည်းချင်း ပြန်ရုပ်သိမ်းလိုက်သည်။

“ ပြီးပြည့်စုံတဲ့ ရုပ်ခန္ဓာကိုယ် ”

“ မင်းက ငါမြင်ဖူးတဲ့ လူတွေထဲမှာ ရုပ်ခန္ဓာကိုယ်နဲ့ တာအိုကို ပေါင်းစပ်ထားနိုင်တဲ့ ပထမဆုံးလူပဲ ”

လော့ကျန်းလင်၏ မျက်လုံးထဲမှာ အံ့ဩထိတ်လန့်မှုဖြင့် ပြည့်နှက်သွားသည်။ သူက ဟန်မူယဲ့ကို သေချာစူးစိုက်ကြည့်လိုက်သည်။

တာအိုပေါ်ထွက်ခြင်းအဆင့်… ။

ယင်းက ဟန်မူယဲ့၏ ရုပ်ခန္ဓာကိုယ် လက်ရှိရောက်နေသော အဆင့်ဖြစ်သည်။ သူ၏ ရုပ်ခွန်အားက ပြီးပြည့်စုံပြီး မဟာတာအိုနှင့် တစ်သားတည်း ပေါင်းစပ်နေသည်။

သူ၏ ကျင့်ကြံခြင်းအမွေအနှစ်နှင့် စိတ်ဝိညာဉ်သည် မဟာတာအိုနှင့် မပေါင်းစပ်ရသေးပေ။ သို့သော်လည်း သူ၏ ရုပ်ခွန်အားက အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မဟာတာအိုနှင့် ပေါင်းစပ်နိုင်သည်။

ထို့ကြောင့် လက်ရှိ ဟန်မူယဲ့၏ ရုပ်ခွန်အားက စိတ်ကူးမယဉ်နိုင်အောင် အလွန်သန်မာပေသည်။

“ ကောင်းကင်ဘုံချိပ်ပိတ်ဘုံကျောင်း… ပြောကြတာက အဲ့ဒီဘုံကျောင်းက ကျင်းလန်မြို့တော်ရဲ့ ရှေးအကျဆုံး အင်အားစုဖြစ်တယ်တဲ့… ပြီးတော့ အဲ့ဒီဘုံကျောင်းထဲမှာ မိုးမြေကို ဖိနှိပ်နိုင်စွမ်းရှိတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး နေထိုင်တယ် ”

ဟန်မူယဲ့က လော့ကျန်းလင်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး အရှေ့သို့ လျှောက်သွားသည်။

သူ၏ လက်သီးက ပုံရိပ်ယောင်သဖွယ် ရွေ့လျားသွားသည်။ လက်သီးရွေ့လျားမှုအလျင်က အဆုံးစွန်ထိ ရောက်ရှိနေလေရာ မိုးခြိမ်းသံသဖွယ် မြည်သံက ပဲ့တင်ထပ်သွားသည်။

ယင်းက “ တိမ်ဖမ်းလေ ”မှလွဲ၍ တခြားမဟုတ်ပေ။ သူ၏ လက်ရှိအဆင့်အရ တိမ်ဖမ်းလေကို ထုတ်ဖော်လိုက်သည့်အခါ လေနှင့် မိုးကြိုးက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။

အနောက်မှာ ရပ်နေကြသော ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများက ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ထိုလက်သီးက တိမ်ဖမ်းလေဖြစ်ကြောင်း သူတို့သိကြသည်။ သို့သော်လည်း တိမ်ဖမ်းလေ၏ စွမ်းအားက ထိုမျှကြီးမားမည်ဟု သူတို့မမျှော်လင့်ထားကြချေ။

တိမ်ဖမ်းလေ၏ အမြန်နှုန်းနှင့် အင်အားက ပေါင်းစည်းသွားသည့်အခါ ယင်း၏ တိုက်ပွဲစွမ်းအားက သူတို့၏ နားလည်နိုင်စွမ်းထက် ကျော်လွန်သွားသည်။

“ ဗုန်း ”

လော့ကျန်းလင်က သူ၏ လက်နှစ်ဖက်ကို ရင်ဘက်အရှေ့တွင် မြှောက်လိုက်ပြီး ဟန်မူယဲ့၏ လက်သီးထိုးချက်ကို ခုခံတားဆီးလိုက်သည်။

သို့တိုင် သူ၏ ခန္ဓာကိုယ်က ပေတစ်ထောင်အဝေးသို့ တိုက်ရိုက် လွင့်စင်သွားပြီး သစ်ပင်များနှင့် ကျောက်ဆောင်များကို ဝင်ဆောင့်သွားသည်။

ဟန်မူယဲ့က အနောက်သို့ ပြေးလိုက်သွားပြီး နောက်တစ်ကြိမ် လက်သီးထိုးလိုက်သည်။

“ အတင့်ရဲလှချည်လား ”

လော့ကျန်းလင်က ဒေါသတကြီး အော်လိုက်သည်။ အစိမ်းရောင်ကျိုင်းတုတ်က သူ၏ လက်ဖဝါးထဲမှာ ထွက်ပေါ်လာသည်။ ကျိုင်းတုတ်က လေထဲမှာ လှည့်သွားသည့်အခါ ရွှေရောင်အလင်းက မိုးမြေကြားထဲမှာ ပေါ်လျှိုးလာသည်။

ရွှေရောင်အလင်းက ဒိုင်းကာတစ်ခုအဖြစ် ဖွဲ့စည်းသွားပြီး ဟန်မူယဲ့၏ လက်သီးအရှေ့မှာ ထွက်ပေါ်လာသည်။

ထိုရွှေရောင်ဒိုင်းကာက အစစ်အမှန်မဟုတ်ပေ။ သို့သော်လည်း ယင်းက မိုးမြေမဟာတာအိုစွမ်းအား၏ ဒြပ်ထည်ပုံစံ ဖြစ်သည်။

သွေးချီရွှမ်အဆင့်၊ အမွေအနှစ်ရွှမ်အဆင့်၊ ဝိညာဉ်ရွှမ်အဆင့်… ။

ရွှမ်အဆင့်သုံးဆင့်ကို ကျော်ဖြတ်ပြီးမှသာလျှင် တာအိုပေါ်ထွက်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်လိမ့်မည်။

တာအိုပေါ်ထွက်ခြင်းအဆင့်မှ ပုဂ္ဂိုလ်များသာလျှင် မဟာတာအိုစွမ်းအားကို ထိန်းချုပ်နိုင်ကြသည်။

လော့ကျန်းလင်က တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။

သူက ရှေးခေတ်မှ ပြန်နိုးလာသော ကျင့်ကြံသူမဟုတ်ပေ။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက တာအိုပေါ်ထွက်ခြင်းအဆင့်မှာ အမှန်တကယ် တည်ရှိသည်။ သူက မျက်မှောက်ခေတ် အထွတ်အမြတ်နယ်မြေ၏ မိုးမြေနှင့် လိုက်လျောညီထွေသော တာအိုပေါ်ထွက်ခြင်းအဆင့် စစ်မှန်သော ကျင့်ကြံသူဖြစ်သည်။

ထိုသို့ကျင့်ကြံသူက အထွတ်အမြတ်နယ်မြေ၏ အထွတ်အထိပ် ပုဂ္ဂိုလ်များအနက် တစ်ပါးဖြစ်သည်။

“ ဘန်း ”

ရွှေရောင်ဒိုင်းကာက ဟန်မူယဲ့၏ လက်သီးနှင့် တွေ့ဆုံသွားသည့်အခိုက် ကျယ်လောင်သော မြည်သံ ထွက်ပေါ်လာသည်။ စွမ်းအင်စီးကြောင်းများက ဒိုင်းကာ၏ မျက်နှာပြင်ပေါ်မှာ ဖြန့်ကြက်သွားသည်။

လော့ကျန်းလင်၏ မောက်မာထောင်လွှားသော မျက်နှာအမူအရာက ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်မှုက အစားထိုး ထွက်ပေါ်လာသည်။ ထို့နောက် ကြောက်လန့်မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အဘယ့်ကြောင့်ဆိုသော် သူ၏ အရှေ့မှ ရွှေရောင်ဒိုင်းကာက မြန်ဆန်စွာ ပျောက်ကွယ်သွားနေသောကြောင့်ပင်။

မဟာတာအိုစွမ်းအားက ဟန်မူယဲ့၏ လက်သီးကို မခုခံနိုင်ပေ။

“ အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ကောင်းကင်ဘုံတာအိုသွေဖယ်သူတစ်ယောက်က ဘယ်လိုလုပ် မဟာတာအိုစွမ်းအားကို ချိုးဖြတ်နိုင်တာလဲ ”

“ မင်း… မင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားက ဘယ်အဆင့်မှာလဲ ”

လော့ကျန်းလင်က အံ့ဩထိတ်လန့်စွာ အော်လိုက်သည်။ သူက လက်နှစ်ဖက်ကို မြှောက်၍ ရှုပ်ထွေးနက်နဲသော ချိပ်တံဆိပ်လက်သင်္ကေတများကို ဖွဲ့စည်းလိုက်သည်။ နောက်အခိုက်အတန့်မှာ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက သူ့အပေါ်သို့ ကျဆင်းလာသည်။

တာအိုပေါ်ထွက်ခြင်းအဆင့်၌ တစ်စုံတစ်ယောက်သည် သူ့ကိုယ်ပိုင်စွမ်းအားကို မဟာတာအိုစွမ်းအားနှင့် ပေါင်းစပ်နိုင်သည်။

ထို့နောက် လော့ကျန်းလင်၏ ရင်ဘက်ပေါ်တွင် ရွှေရောင်မီးတောက်တစ်ခု ပေါ်လျှိုးလာသည်။

ရုပ်ခန္ဓာရတနာ… နှလုံးသားလန်မီးတောက်… ။

နှလုံးသားလန်မီးတောက်သည် မိုးမြေစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ အနက်ရောင်မီးတောက်သားရဲတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ ၎င်းက ကျယ်လောင်စွာ ပါးစပ်ဟ၍ ဟိန်းဟောက်လိုက်လေရာ အချင်းမိုင်တစ်ထောင်ဧရိယာက တုန်ယင်သွားသည်။

မီးတောက်သားရဲ ထွက်ပေါ်လာသည့်အခိုက် ဘေးပတ်ဝန်းကျင်မှ တောင်တန်းများနှင့် တောအုပ်များက မီးလောင်ကျွမ်းသွားကြသည်။

ဟန်မူယဲ့၏ အနောက်တွင် ယွင်လန်တာအိုပညာရှင်က တုန်ယင်သွားသည်။ သူ၏ လက်ထဲတွင် ဓားရှည်တစ်လက် ထွက်ပေါ်လာသည်။

ဓားရှည်ပေါ်တွင် ရွှေရောင်အလင်း ထွန်းလင်းသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားက ဓားပေါ်မှာ စုဝေးသွားသည်။ တစ်ဆက်တည်းမှာ ဓားကိုယ်ထည်ပေါ်မှ အမှန်တရားချိပ်တံဆိပ်က အသက်ဝင်လာပြီး မီးတောက်များကို ကာကွယ်ပေးမည့် အကာအကွယ်အလွှာတစ်ခုကို ဖွဲ့စည်းပေးလိုက်သည်။

သူ့အနောက်တွင် ဝူချွမ်းနှင့် တခြားလူများက မျက်နှာနီရဲသွားကြပြီး ခန္ဓာကိုယ်တုန်ယင်သွားကြသည်။

“ အဲ့ဒါ တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားပဲ… သွေးချီရွှမ်အဆင့်ကို မရောက်သေးတဲ့ မင်းတို့လူငယ်တွေက တိုက်ပွဲမှာ ပါဝင်ဖို့မဆိုထားနဲ့ တိုက်ပွဲအနားကပ်ရင်တောင် ပြာဖြစ်သွားလိမ့်မယ် ”

ယွင်လန်တာအိုပညာရှင်က သူ့အရှေ့မှ ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။ ထွန်းလင်းတောက်ပသော နတ်ဘုရားအလင်းက သူ၏ မျက်လုံးထဲမှာ ဝင်းလက်နေသည်။

အစမှ ယခုအထိ ဟန်မူယဲ့က လက်သီးနှစ်ခါသာ ထိုးရသေး၏။

သို့သော် သူ၏ လက်သီးထိုးချက်များက အစွမ်းထက်ရန်သူ၏ အကာအကွယ်ရတနာကို အက်ကွဲသွားစေခဲ့ရုံသာမက ရန်သူအား မဟာတာအိုစွမ်းအားနှင့် ရုပ်ခန္ဓာရတနာကို ထုတ်သုံးရစေသည်အထိ ဖိအားပေးနိုင်ခဲ့သည်။

ယင်းက ရန်သူအတွက် အလွန်ကြီးမားသော မူလစွမ်းအား အသုံးပြုမှု ဖြစ်သည်။ အထွတ်အမြတ်နယ်မြေထဲတွင် မူလစွမ်းအားက အလွန်ရှားပါးသည်။ သို့ဖြစ်၍ ထိုသို့ကုန်ဆုံးမှုကို ပြန်လည်အားဖြည့်ရန် အနည်းဆုံး အနှစ်တစ်ရာတံခါးပိတ်ကျင့်ကြံရလိမ့်မည်။

ထို့ကြောင့် တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများသည်‌ သေခြင်းရှင်ခြင်းအခြေအနေမှာ မဟုတ်လျှင် ထိုမျှများပြားသော မူလစွမ်းအားကို အသုံးပြုဝံ့ကြလိမ့်မည် မဟုတ်ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ဟန်မူယဲ့သည် ယခုအထိ ဓားကို အသုံးမပြုရသေးပေ။

ဟန်မူယဲ့က အလွန်အစွမ်းထက်သော ဓားကောင်းတစ်လက်ကို ပိုင်ဆိုင်ထားကြောင်း ယွင်လန်တာအိုပညာရှင် သိသည်။

ထိုဓားကို ဟန်မူယဲ့က သူ့ကိုယ်သူအတွက် အထူးသန့်စင်ထားခြင်း ဖြစ်သည်။

“ ဘန်း ”

မီးတောက်သားရဲက ဟန်မူယဲ့ဆီသို့ ပြေးဝင်လာစဉ် သူက နောက်ထပ် လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။

မင်းဆီမှာ ဘယ်လောက်များတဲ့ ဝှက်ဖဲကတ်တွေ ရှိနေပါစေ ကိစ္စမရှိဘူး… ။

ငါ့ရဲ့ လက်သီးက အားလုံးကို ဖျက်ဆီးပစ်လိမ့်မယ်… ။

စွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာပြီး သူ၏ သွေးကြောအမှတ်အားလုံးကို ထွန်းလင်းသွားစေသည်။

မူလစွမ်းအားက သွေးကြောအမှတ်များထဲတွင် ပေါင်းစည်းသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားကို ထုတ်လွှတ်လိုက်သည်။

ယင်းက တိုက်ရိုက် ပေါက်ကွဲမှုမဟုတ်ပေ။ ယင်းအစား ယာယီစွမ်းအားစုဝေးမှု ဖြစ်သည်။

သွေးကြောအမှတ်တစ်သိန်းထဲမှ ပေါ်လျှိုးထွက်လာသော မူလစွမ်းအား… ။

ယင်းက မည်မျှအားကောင်းကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။

ထိုသို့စွမ်းအားထုတ်ဖော်ရန် တစ်စုံတစ်ယောက်က ရှိန်လောက်ဖွယ်ကောင်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရမည်။

ဟန်မူယဲ့က ထိုသို့ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။

သို့မဟုတ်လျှင် သွေးကြောအမှတ်တစ်သိန်းထဲမှ တစ်ပြိုင်နက် ပေါ်လျှိုးထွက်လာသော မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမွှာမွှာ အက်ကွဲစေလိမ့်မည်။

“ ဘန်း ”

ဤအခိုက်အတန့်မှာ သူ၏ လက်သီးက မီးတောက်သားရဲနှင့် တွေ့ဆုံသွားသည့်အခါ ၎င်း၏ ဧရာမခန္ဓာကိုယ်က တုန်ယင်သွားပြီး ပေါက်ကွဲသွားသည်။

မီးတောက်မီးလျှံများက လေထဲမှာ ပြန့်ကျဲသွားကြသည်။

လော့ကျန်းလင်က မျက်လုံးပြူးကျယ်သွားသည်။ သူ၏ ရင်ဘက်မှ ရုပ်ခန္ဓာရတနာက လက်သီးတစ်ချက်ကြောင့် ထိုသို့အက်ကွဲသွားသည်လော။

ရုပ်ခန္ဓာရတနာအက်ကွဲသွားသော တန်ပြန်သက်ရောက်မှုကြောင့် သူက အဝေးသို့ လွင့်စင်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။ ထို့နောက် သူက ပါးစပ်အပြည့် သွေးအန်လိုက်ရပြီး သတိမေ့သွားသည်။

သူ၏ ရုပ်ခန္ဓာရတနာအက်ကွဲသွားသည့်အခါ သူ၏ ရုပ်ခန္ဓာကိုယ်က မဟာတာအိုနှင့် ပေါင်းစပ်နိုင်သော ဝိညာဉ်စွမ်းအား သို့မဟုတ် မူလစွမ်းအားကို နောက်ထပ် မထောက်ပံ့ပေးနိုင်တော့ပေ။

ထို့ကြောင့် ယခု လော့ကျန်းလင်သည် ရှေးခေတ်မှ ပြန်နိုးလာသော တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများ၏ အခြေအနေသို့ ဝင်ရောက်သွားသည်။

အကယ်၍ သူသာ တခြားရုပ်ခန္ဓာရတနာများကို ဖွင့်လှစ်ထားမည်ဆိုလျှင် သူ့မှာ အခွင့်အရေးတစ်ခု ရှိနိုင်သည်။ သို့သော်လည်း သူ့ဆီမှာ တခြားရုပ်ခန္ဓာရတနာများမရှိကြောင်း ထင်ရှား၏။

ထို့ကြောင့် ရုပ်ခန္ဓာရတနာတစ်ခု ပျက်စီးသွားသည့်အခါ သူ၏ ကျင့်ကြံခြင်းအဆင့်က နိမ့်ကျသွားသည်။

အဆင့်နိမ့်ကျသွားသော နာကျင်မှုက သူ့အား သတိမေ့သွားစေရန် လုံလောက်သည်။

“ တာအိုပေါ်ထွက်ခြင်းအဆင့်က ဒီလောက်ပဲလား ”

“ တာအိုအစောင့်အရှောက်လို့တော့ ပြောတာပဲ… ထင်သလောက်လဲ မဟုတ်ပါလား ”

ဟန်မူယဲ့က ပေါ့ပါးစွာ အော်ရယ်လိုက်ပြီး သူ၏ အဝတ်အစားကို သပ်ရပ်စွာ ပြုပြင်လိုက်သည်။

ထို့နောက် သူက အဝေးသို့ လျှောက်သွားသည်။

သူ၏ အနောက်တွင် ဝူချွမ်းနှင့် တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ တောက်ပသော နတ်ဘုရားအလင်းက ပေါ်လျှိုးနေသည်။

သူတို့၏ ဘိုးဘေးဟန်မူယဲ့က သူတို့စိတ်ကူးမယဉ်နိုင်အောင် အလွန်အမင်း သန်မာသည်။

တစ်ခဏကြာပြီးနောက် ပုံရိပ်အများအပြားက တိုက်ပွဲနေရာဆီသို့ ဆင်းသက်လာကြသည်။

“ ကောင်းကင်ဘုံချိပ်ပိတ်ဘုံကျောင်းက လော့ကျန်းလင် ”

“ တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ ရုပ်ခန္ဓာရတနာက အက်ကွဲသွားတယ်… ဘယ်သူလုပ်တာ ဖြစ်နိုင်မလဲ ”

လူတိုင်းက မျက်နှာတည်ကြည်သွားကြသည်။ ယင်းက သူတို့လက်ခံနိုင်ရန် အလွန်ခဲယဉ်းသည်။

မည်သူက တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို အဆင့်နိမ့်ကျသွားသည်အထိ ဒဏ်ရာရစေခဲ့သနည်း။

…..

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ သူတို့ပြန်ရောက်လာသည့်အခါ ဂိုဏ်း၏ ကိစ္စအဝဝကို စီမံဆောင်ရွက်နေသော ဝူမင်ကြွယ်က စိုးရိမ်ကြောင့်ကြသော မျက်နှာဖြင့် သတင်းလာတင်ပြသည်။

“ ဘိုးဘေး… သတ္ထုတွင်းကို သိမ်းပိုက်ဖို့ ထွက်သွားကြတဲ့ ဘိုးဘေးတွေနဲ့ အကြီးအကဲတွေဆီကနေ လအတော်ကြာအောင် ဘာသတင်းမှမကြားရသေးပါဘူး ”

ယင်းက စွန့်ပစ်သတ္ထုတွင်းမဟုတ်ပေ။ ယင်းအစား အစစ်အမှန်တာအိုဂိုဏ်းက သိမ်းပိုက်ထားသော သတ္ထုတွင်းတစ်ခု ဖြစ်သည်။ သတ္ထုတွင်း၏ တည်နေရာသည် အံ့ဖွယ်ကိုးပါးတောင်တန်းနှင့် အတန်ငယ် အလှမ်းဝေးသည်။

တာအိုပညာရှင်ဟူယုနှင့် တခြားလူများက လအနည်းငယ်ကြာအောင် ပျောက်ဆုံးနေလေရာ ဝူမင်ကြွယ်က မစိုးရိမ်ဘဲမနေနိုင်ပေ။

“ သူတို့ပြန်မလာသေးဘူးလား ”

ဟန်မူယဲ့က မျက်မှောင်ကြုတ်လိုက်သည်။

“ ကျုပ် တစ်ချက်သွားကြည့်မယ် ”

ယွင်လန်တာအိုပညာရှင်က စိတ်အားထက်သန်စွာ ပြောသည်။

ဟန်မူယဲ့ကိုယ်တိုင် သန့်စင်ထားသော ဓားတစ်လက်ကို ပိုင်ဆိုင်သွားပြီးနောက် သူ၏ တိုက်ပွဲစွမ်းအားက ယခင်ကထက် သိသိသာသာ တိုးမြှင့်သွားသည်။

“ ကောင်းပြီ… မင်းနဲ့အတူ အကြီးအကဲတချို့ကို ခေါ်သွားပါ ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။

ဤတစ်ကြိမ်တွင် လက်နက်အသစ် ပိုင်ဆိုင်ထားကြသော တာအိုပေါ်ထွက်ခြင်းအဆင့် ရှေးခေတ်ကျင့်ကြံသူရှစ်ဦးသည် ယွင်လန်တာအိုပညာရှင်နှင့်အတူ သတ္ထုတွင်းဆီသို့ ခရီးထွက်သွားကြသည်။

All Chapters