← Chapters

အခန်း (၁၇၅၉)

Vol. 126 Ch. 1759

အခန်း (၁၇၅၉)

Vol. 126 Ch. 1759

ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများ ထွက်သွားပြီးနောက် ဟန်မူယဲ့က တံခါးပိတ်ကျင့်ကြံခြင်းကို စတင်လိုက်သည်။

ယနေ့ သူက တာအိုအစောင့်အရှောက်တစ်ပါးကို အလွယ်တကူ အနိုင်ရခဲ့သည်။ သို့သော် ထိုတိုက်ပွဲက အထွတ်အမြတ်နယ်မြေထဲမှာ အစွမ်းထက်ပုဂ္ဂိုလ်များရှိနေသေးကြောင်း သူ့ကို အသိပေးခဲ့သည်။

ကျင်းလန်မြို့တော်မှ လော့ကျန်းလင်က တာအိုပေါ်ထွက်ခြင်းအဆင့်မှာဖြစ်ပြီး အံ့ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသည်။

သို့ဖြစ်၍ တခြားမြို့ကြီးများနှင့် တခြားအင်အားစုကြီးများတွင် လော့ကျန်းလင်ထက် ပိုပြီးအစွမ်းထက်သော ကျင့်ကြံသူများရှိနိုင်သည်။

သူက ပြိုင်ဘက်ကင်းစွာ အစွမ်းထက်နေရန် သူ၏ တိုက်ပွဲစွမ်းအားကို ထပ်မံ တိုးမြှင့်ရလိမ့်မည်။

လက်ရှိအချိန်တွင် ဟန်မူယဲ့၏ ဝိညာဉ်က အကန့်အသတ်သို့ ရောက်ရှိနေသည်။ နောက်ထပ် တိုးတတ်ရန် နေရာအလွတ်မရှိပေ။ သူ၏ ရုပ်ခန္ဓာကိုယ်သည်လည်း အထွတ်အထိပ်အခြေအနေမှာ ရှိသည်။

ထို့ကြောင့် အကယ်၍ သူက သူ၏ တိုက်ပွဲစွမ်းအားကို နောက်ထပ် တိုးမြှင့်ချင်သည်ဆိုလျှင် အမွေအနှစ်များနှင့် ရုပ်ခန္ဓာရတနာများပေါ်မှာ အာရုံစိုက်ရလိမ့်မည်။

ယခု ဟန်မူယဲ့က ရုပ်ခန္ဓာရတနာသုံးခုကို ဖွင့်လှစ်ပြီးပြီ ဖြစ်၏။ ယင်းတို့က ဓားအရိုး၊ ကောင်းကင်ဘုံမျက်လုံးနှင့် အနန္တမီးတောက်တို့ ဖြစ်ကြသည်။

သို့တိုင် ထိုရုပ်ခန္ဓာရတနာသုံးခုကို မည်သို့ပေါင်းစည်းပြီး မည်သို့အစွမ်းမြှင့်တင်ပေးရမည်ကို ဂရုတစိုက် သူလေ့လာရဦးမည်။

အထွတ်အမြတ်နယ်မြေတွင် ရုပ်ခန္ဓာရတနာများကို အထူးပြုလေ့လာရန် ရည်ရွယ်သော ကျင့်ကြံခြင်းအမွေအနှစ်များ ရှိသည်။

“ လေပြေအသွင်(၃၆)မျိုးမှာ နောက်ထပ် တိုးတတ်ဖို့ အလားအလာရှိသေးတယ် ”

ဟန်မူယဲ့က အခန်းထဲမှာ တင်ပျဉ်ခွေထိုင်နေရင်း နူးညံ့စွာ ရေရွတ်လိုက်သည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းသည် နှစ်ပေါင်းထောင်ချီသက်တမ်းရှိသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ရှေးခေတ်ကျင့်ကြံခြင်းနည်းစနစ်များက မျက်မှောက်ခေတ် ကောင်းကင်ဘုံတာအိုနှင့် သဟဇာတမဖြစ်သော်လည်း ယင်းတို့ကို ကိုးကားချက်အဖြစ် အသုံးပြုနိုင်ပေသည်။

အနည်းဆုံးတော့ ကျင့်ကြံခြင်းနည်းစနစ်များကို ပြန်လည်ပြုပြင်ပြီး အသစ်ဖန်တီးနိုင်ပေသည်။

အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ရှေးဟောင်းစာအုပ်အများအပြားကို ဂရုတစိုက် ဖတ်ရှုပြီးနောက် ဟန်မူယဲ့က ကျင့်ကြံခြင်းနည်းစနစ်များကို ဆင်ခြင်သုံးသပ်လိုက်သည်။

နှစ်လကြာပြီးနောက် ဟန်မူယဲ့က ဓားသိုင်းအသစ်နှင့် ရုပ်ခန္ဓာကိုယ်ထုဆစ်ခြင်းနည်းစနစ်အသစ်ကို ဖန်တီးနိုင်သွားသည်။

သူက ထိုဓားသိုင်းအသစ်ကို “ အံ့ဖွယ်ကိုးပါး ”ဟု နာမည်ပေးလိုက်သည်။

ရုပ်ခန္ဓာကိုယ်ထုဆစ်ခြင်းနည်းစနစ်ကိုတော့ “ ကျူးနင် ”ဟု ခေါ်သည်။

အံ့ဖွယ်ကိုးပါးဓားသိုင်းသည် လေပြေအသွင်(၃၆)မျိုးကို အခြေခံ၍ ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ယင်း၏ ဓားလမ်းစဉ်နှင့် သတ်ဖြတ်ခြင်းစွမ်းအားက အလွန်ကြောက်မက်ဖွယ်ကောင်းလေရာ ဟန်မူယဲ့သည်ပင် ယင်းကို ထိန်းချုပ်ရန် အားစိုက်ရသည်။

ကျူးနင်ကျင့်စဉ်သည်တော့ ရုပ်ခန္ဓာကိုယ်နှင့် ရုပ်ခန္ဓာရတနာကို တစ်ပြိုင်နက် ထုဆစ်သန့်စင်ပေးနိုင်သော အတတ်ပညာ ဖြစ်သည်။

“ ဂျိန်း ”

မိုးခြိမ်းသံသဖွယ် မြည်ဟိန်းသံများက အခန်းထဲမှာ ပဲ့တင်ထပ်သွားသည်။ တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။

ရွှေရောင်မီးတောက်များက သူ၏ ခန္ဓာကိုယ်တစ်ဝိုက်မှာ ထွက်ပေါ်လာကြသည်။ တစ်ချိန်တည်းမှာ ဓားပုံရိပ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသည်။

ဟန်မူယဲ့သည် ကောင်းကင်ဘုံမျက်လုံးနှင့် ဓားအရိုး၏ စွမ်းအားကို အနန္တမီးတောက်နှင့် ပေါင်းစပ်၍ သူ့ကိုယ်သူ သန့်စင်နေသည်။

ထိုသို့ရုပ်ခန္ဓာကိုယ်ထုဆစ်ခြင်းနည်းစနစ်က အထွတ်အမြတ်နယ်မြေထဲမှ ကျင့်ကြံခြင်းအမွေအနှစ်များထက် အများကြီး ပိုအားကောင်းသည်။

ယခု သူ့ဆီမှာ ရုပ်ခန္ဓာကိုယ်ကျင့်စဉ်၊ ဓားတာအိုအမွေအနှစ်နှင့် တိုက်ခိုက်ရေးအတတ်ပညာများ ရှိသွားသည်။ ထို့ကြောင့် ယခု အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ အမွေအနှစ်က ပြီးပြည့်စုံသွားသည်။

“ ခရက် ”

ရွှေရောင်မိုးကြိုးသွားတစ်စင်းက ဟင်းလင်းပြင်ကို ချိုးဖြတ်သွားပြီး ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ လှည့်ပတ်သွားသည်။

သူ၏ နဖူးပေါ်တွင် ရွှေရောင်မိုးကြိုးအမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။ မိုးကြိုးအမှတ်အသားသည် မှိတ်တုတ်မှိတ်တုတ် လင်းလက်ပြီးနောက် ပျောက်ကွယ်သွားသည်။

စတုတ္ထမြောက် ရုပ်ခန္ဓာရတနာ… ရွှေရောင်မိုးကြိုး… ။

သူ၏ ရုပ်ခန္ဓာကိုယ်ကျင့်စဉ်က သူ၏ ခန္ဓာကိုယ်ကို မိုးကြိုးစွမ်းအားအား ဆွဲဆောင်နိုင်သည်အထိ အစွမ်းမြှင့်တင်ပေးမည်ဟု ဟန်မူယဲ့ မမျှော်လင့်ထားပေ။ ယခု သူက ရုပ်ခန္ဓာရတနာသိုက်လေးခုကို ဖွင့်လှစ်နိုင်သွားသည်။

မိုးကြိုးစွမ်းအားနှင့် မီးတောက်စွမ်းအားက ဓားအရိုးထဲမှာ ပေါင်းစည်းသွားသည်။ ယခု သူက အလွန်ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်သွားသည်။ သူ၏ အတွေးတစ်ချက်က မိုးမြေကို ဖရိုဖရဲဖြစ်စေနိုင်သည်ဟုပင် သူခံစားမိသွားသည်။

ကောင်းကင်ဘုံတာအိုသွေဖယ်သူ… အဲ့တော့ ဘာဖြစ်လဲ… ။

တစ်စုံတစ်ယောက်၏ စွမ်းအားက ဤနယ်မြေမှ မိုးမြေဖိနှိပ်မှုထက် ကျော်လွန်သွားသည့်အခါ သူက ကောင်းကင်ဘုံတာအိုသွေဖယ်သူ ဖြစ်လာလိမ့်မည်။

ကောင်းကင်ဘုံသားတော်က ထိုသို့ကြီးမားသော စွမ်းအားကို မည်သည့်အခါမှ ပိုင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ဖြစ်၍ အထွတ်အမြတ်နယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်များက ကောင်းကင်ဘုံတာအိုသွေဖယ်သူများ ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

…..

“ ဘိုးဘေး… ယွင်လန်ဘိုးဘေးက စကားပါးလိုက်ပါတယ်… ပင်လန်တောင်ရိုးမှာ အရွယ်အစားကြီးမားတဲ့ မူလသတ္ထုတွင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်… အခု ဂိုဏ်းက အကြီးအကဲတွေက သတ္ထုတွင်းကို သိမ်းပိုက်ဖို့ တခြားပုဂ္ဂိုလ်တွေနဲ့ ယှဉ်ပြိုင်နေကြပါတယ် ”

ဟန်မူယဲ့ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ ဝူမင်ကြွယ်က သတင်းတင်ပြသည်။

အရွယ်အစားကြီးမားတဲ့ မူလသတ္ထုတွင်းလား… ။

ထုံးစံအားဖြင့် ထိုသို့သတ္ထုတွင်းထဲမှာ မူလကျောက်တုံးပမာဏအများကြီး ရှိလိမ့်မည်။

အကယ်၍ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထိုသတ္ထုတွင်းကို သိမ်းပိုက်နိုင်မည်ဆိုလျှင် ဟန်မူယဲ့နှင့် ဂိုဏ်းတပည့်များသည် မူလကျောက်တုံးများ ပြတ်လပ်သွားမည်ကို နောက်ထပ် စိုးရိမ်ရန် မလိုတော့ပေ။

“ ငါတစ်ချက် သွားကြည့်မယ် ”

ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက နေရာမှ ရွေ့လျားလိုက်သည့်အခါ ဓားအလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။

ထိုမြင်ကွင်းကို မြင်သောအခါ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှ တပည့်များက အံ့ဩမှင်သက်သွားကြသည်။

ခန္ဓာကိုယ်ကို ဓားတစ်လက်အဖြစ် အသွင်ပြောင်းလဲခြင်း… ။

ထိုသို့အတတ်ပညာကို တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူများသာ ထုတ်ဖော်နိုင်ကြသည်။

သူတို့၏ ဘိုးဘေးက တာအိုပေါ်ထွက်ခြင်းအဆင့်သို့ ပြန်ရောက်သွားပြီလော။

လေပြင်းမုန်တိုင်းကဲ့သို့ အလျင်နှင့်အတူ ဟန်မူယဲ့က ကောင်းကင်ပေါ်မှာ ပျံသန်းနေသည်။ တစ်ရက်ကြာပြီးနောက် သူက ပင်လန်တောင်ရိုးဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သတ္ထုတွင်းလုယက်သော တိုက်ပွဲက ဖြစ်ပွားနေသည်။

သူက သတ္ထုတွင်းဆီသို့ မရောက်သေးသော်လည်း မိုးမြေကြားထဲ၌ သိပ်သည်းနေသော မူလစွမ်းအားကို အာရုံခံနိုင်သွားသည်။

သူ၏ အရှေ့မှ တောင်တန်းဒေသထဲတွင် မူလစွမ်းအားက ကောင်းကင်ပေါ်သို့ မြှောက်တတ်နေသည်။

ရှင်းလင်းစွာပင် သတ္ထုတွင်းက မြေကြီးပေါ်မှာ ထွက်ပေါ်လာပြီ ဖြစ်၏။ ထို့ကြောင့် မူလစွမ်းအားက လေထဲမှာ ထိုမျှအားကောင်းစွာ သိပ်သည်းနေခြင်းပင်။

ထိုမျှကြီးမားသော မူလစွမ်းအားအရှိန်အဝါအရ အချင်းမိုင်တစ်သန်းအတွင်းမှ မည်သည့်ကျွမ်းကျင်ပညာရှင်မဆို ယင်းကို အာရုံခံမိကြလိမ့်မည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း… မင်းတို့က ပင်လန်တောင်ရိုးပေါ်က မူလသတ္ထုတွင်းကို သိမ်းပိုက်ချင်တယ်လား… ဒါပေမဲ့ ငါတို့က မူလသတ္ထုတွင်းကို မင်းတို့လက်ထဲ ထည့်မပေးနိုင်ဘူး ”

“ အခု မူလစွမ်းအားက ကောင်းကင်ပေါ်ကို မြှောက်တတ်သွားပြီ… အချင်းမိုင်တစ်သန်းအတွင်းက ဂိုဏ်းတွေက အဲ့ဒါကို အာရုံခံမိကြလိမ့်မယ်… ငါတို့မရရင် မင်းတို့လည်း မပိုင်ဆိုင်စေရဘူး ”

“ မင်းတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက မရေမတွက်နိုင်တဲ့ ဂိုဏ်းတွေရဲ့ လက်ထဲကနေ သတ္ထုတွင်းကို သိမ်းပိုက်နိုင်ဦးမလား ငါစောင့်ကြည့်မယ် ”

ရယ်မောသံက မိုးပြာရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။

ဘေးပတ်ဝန်းကျင်မှ တောင်တန်းများထဲတွင် ပုံရိပ်အများအပြားက ပြန့်ကျဲနေကြသည်။ သူတို့က မူလစွမ်းအား လွင့်ပြယ်နေသော နေရာဆီသို့ ကြည့်နေကြသည်။

အကယ်၍ သူတို့မပိုင်ဆိုင်နိုင်လျှင် တခြားလူများကို အလွယ်တကူ ပေးလိမ့်မည်မဟုတ်ချေ။

ယင်းက ဤလောကမှ ကျင့်ကြံသူအများစု၏ စိတ်ထားဖြစ်သည်။

“ ပင်လန်တောင်ရိုးရဲ့ မူလသတ္ထုတွင်းလား… ငါ့ရဲ့ မူလထူးခြားတာအိုဂိုဏ်းက ဝေစုတစ်ခု လိုချင်တယ်… ဘယ်သူ ငြင်းဆန်ချင်လဲ ”

အဝေးတွင် အသံတစ်သံ ပဲ့တင်ထပ်လာသည်။

အပြာရောင်အလင်းစီးကြောင်းများက အဝေးမှ မြန်ဆန်စွာ ချဉ်းကပ်လာနေကြသည်။

သူတို့က အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသော တာအိုပညာရှင်အုပ်စု ဖြစ်သည်။ သူတို့က ဘေးပတ်ဝန်းကျင်မှ မိုးမြေစွမ်းအားကို ဖိနှိပ်နိုင်ဟန် ရ၏။

သူတို့ထဲမှာ အနည်းဆုံး ငါးယောက်က ရွှမ်အဆင့်မှာ ဖြစ်ကြသည်။ ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်စွမ်းအင်လှိုင်းက မထင်မရှား ထွက်ပေါ်နေသည်။ ရှင်းလင်းစွာပင် သူက ဝိညာဉ်ရွှမ်အဆင့်မှာ ဖြစ်သည်။

ထိုသို့အစွမ်းထက်ပုဂ္ဂိုလ်က အချင်းမိုင်တစ်သန်းဧရိယာထဲတွင် ထိပ်တန်းအဆင့်မှာ ရှိသည်။

“ အဲ့ဒါ မူလထူးခြားတာအိုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကျန်းရီ ”

“ ဂိုဏ်းချုပ်ကျန်းရီက ဝိညာဉ်ရွှမ်အဆင့်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဝင်ရောက်ခဲ့တာ ”

အံ့ဩသော စကားသံများက တောအုပ်ထဲမှ ထွက်ပေါ်လာသည်။

ပုံရိပ်အများအပြားက တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။

“ ဟား ဟား… အခု အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း ဒုက္ခရောက်ပြီ ”

တစ်စုံတစ်ယောက်က ရယ်လိုက်ပြီး ပြောသည်။

“ ဘန်း ”

တောင်တန်းများကြားတွင် ခန္ဓာကိုယ်ထွားကြိုင်းသော ကျင့်ကြံသူတစ်ယောက်က အရှေ့သို့ ခုန်ဆင်းလိုက်သည်။ သူ၏ ပခုံးပေါ်တွင် အနက်ရောင်ဓားပြားကြီးကို သယ်ဆောင်ထားသည်။

“ ငါက ပိုင်ရှောက်ထင်… ဒီမူလသတ္ထုတွင်းက ငါနဲ့ ကံစပ်တယ်… ငါဝေစုတစ်ခု တောင်းမယ်ဆိုရင် မလွန်ဘူးမလား ”

သူ၏ စကားသံက မိုးခြိမ်းသံသဖွယ် ပေါက်ကွဲသွားပြီး တောအုပ်ကို တုန်ခါသွားစေသည်။

ရှင်းလင်းစွာပင် ထိုသူက ရုပ်ခန္ဓာကိုယ်ကို အထွတ်အထိပ်အထိ ကျင့်ကြံထားနိုင်သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

တောအုပ်ထဲတွင် လူတိုင်း၏ အကြည့်က သတ္ထုတွင်း၏ ဦးတည်ရာဆီသို့ ကျရောက်သွားသည်။

အစွမ်းထက်ပုဂ္ဂိုလ် တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည်။ သူတို့အားလုံးက မူလသတ္ထုတွင်းထံမှ ဝေစုတစ်ခု လိုချင်ကြသည်။

“ လူကြီးမင်းတို့ခင်ဗျား… ကျုပ်တို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ဒီမူလသတ္ထုတွင်းကို သိမ်းပိုက်လိုက်ပါပြီ… ကျုပ်တို့မှာ ဒီဟာကို လက်လျော့ဖို့ အတွေးမရှိပါဘူး… ”

“ ဒါပေမဲ့ ဒီနေ့ ရောက်လာကြတဲ့ ပုဂ္ဂိုလ်တွေက နာမည်ကျော်ကြားတဲ့လူတွေ ဖြစ်ကြပါတယ်… ဒီတော့ ကျုပ်တို့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက အနောက်ကို ခြေတစ်လှမ်း ဆုတ်ပေးပါမယ် ”

သတ္ထုတွင်းထဲတွင် ယွင်လန်တာအိုပညာရှင်၏ အသံက ထွက်ပေါ်လာသည်။

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သတ္ထုတွင်းရဲ့ အကျိုးအမြတ်သုံးဆယ်ရာခိုင်နှုန်းကို ခင်ဗျားတို့ကို ပေးဖို့ ဆန္ဒရှိပါတယ် ”

သုံးဆယ်ရာခိုင်နှုန်း ပေးမယ်… ။

အကယ်၍ ယနေ့ အစွမ်းထက်ပုဂ္ဂိုလ်အများကြီး ရောက်လာသောကြောင့် မဟုတ်လျှင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက တစ်ရာခိုင်နှုန်းကိုပင် လက်လျော့လိမ့်မည် မဟုတ်ချေ။

သုံးဆယ်ရာခိုင်နှုန်းက အနည်းဆုံး မူလကျောက်တုံးဆယ်သန်းတန်ကြေး ရှိသည်။

“ သုံးဆယ်ရာခိုင်နှုန်းပဲလား ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ငါတို့ကို သူတောင်းစားတွေလို့ ထင်နေတာလား ”

“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက လက်တလော အင်အားကြီးမားလာလို့ ငါတို့ကို မျက်စိထဲ မထည့်တော့ဘူးပဲ ”

တောအုပ်ထဲတွင် ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာသည်။

ပိုင်ရှောက်ထင်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက လေထဲသို့ ခုန်လိုက်ပြီး သူ၏ ဓားပြားကြီးကို ကိုင်မြှောက်၍ သတ္ထုတွင်းထံသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

“ တကယ်လို့ မင်းမပေးရင် ငါ့ဘာသာယူမယ် ”

ကျယ်လောင်သော လေခွင်းသံနှင့်အတူ မိုးမြေက ဖရိုဖရဲဖြစ်သွားသည်။

ထိုဓားချက်က အလွန်အမင်း အားကောင်းသည်။

“ ထန် ”

သုံးပေရှည်လျားသော ဓားအလင်းက သတ္ထုတွင်းထဲမှ ထွက်ပေါ်လာပြီး ဓားမော့အလင်းကို ခုခံတားဆီးလိုက်သည်။ ထို့နောက် ဓားအလင်းက သတ္ထုတွင်းထဲသို့ ပြန်ကန်ထွက်သွားသည်။

တောအုပ်ထဲတွင် အစွမ်းထက်ပုဂ္ဂိုလ်များက သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြပြီး သတ္ထုတွင်းကို ဖိနှိပ်လိုက်ကြသည်။

“ သုံးဆယ်ရာခိုင်နှုန်းကို မကျေနပ်ဘူးလား ”

“ ဒါဆိုရင် ဘာမှရဖို့ မမျှော်လင့်နဲ့တော့ ”

ထိုစဉ် အသံတစ်သံက ကောင်းကင်ပေါ်မှ ထွက်ပေါ်လာသည်။

ဟန်မူယဲ့က လေထဲမှာ မတ်တတ်ရပ်နေရင်း မထူးမခြားနား ပြောသည်။

All Chapters