အခန်း (၁၇၆၀)
Vol. 126 Ch. 1760
“ ဘိုးဘေး ”
ပင်လန်တောင်ရိုးပေါ်မှ သတ္ထုတွင်းထဲတွင် စိတ်လှုပ်ရှားသော အော်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်အများအပြားက သတ္ထုတွင်းအပြင်သို့ အမြန်ပြေးထွက်လာကြသည်။
တာအိုပညာရှင်ဟူယုနှင့် တခြားလူများသည် ကောင်းကင်ပေါ်မှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ကို မြင်သောအခါ ဝမ်းသာပျော်ရွှင်သွားကြသည်။
သူတို့က သတ္ထုတွင်းထဲတွင် အင်အားစုအသီးသီးထံမှ ဖိအားပေးမှုကို ခံနေကြရသည်။ သူတို့က လက်လျော့ရန် ဆန္ဒမရှိသော်လည်း ရန်သူအားလုံးကို ဆန့်ကျင်တိုက်ခိုက်နိုင်သော အင်အားက သူတို့ဆီမှာမရှိပေ။
အကယ်၍ ယနေ့ ဟန်မူယဲ့ ရောက်မလာလျှင် သူတို့က ဤနေရာမှ အသက်ရှင်လျက် ပြန်နိုင်မည်လော သေချာမပြောနိုင်ပေ။
ယခု ဟန်မူယဲ့ရောက်လာသည့်အခါ သူတို့က ကိုယ့်ကိုယ်ကိုယ် စိတ်မပူကြတော့ပေ။
…..
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေးလား ”
ပိုင်ရှောက်ထင်က သူ၏ ဓားပြားကို ကိုင်မြှောက်လိုက်သည်။ သူက ခေါင်းလှည့်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်လေရာ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ မင်းဘယ်လောက်သန်မာလဲ ငါ့ကို ပြစမ်းပါ ”
သူ့စကားဆုံးသွားသည်နှင့် ထွန်းလင်းတောက်ပသော အလင်းက ဓားပြားထံမှ ပေါ်လျှိုးလာသည်။
အနည်းဆုံး အလင်းတန်းတစ်သောင်းက အရှေ့သို့ ပျံသန်းသွားကြပြီး ဟန်မူယဲ့ထံသို့ တန်းမတ်စွာ ဦးတည်သွားကြသည်။
ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများက ဒေါသထွက်သွားကြသည်။ တောက်ပသော ဓားအလင်းက သူတို့၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
လက်နှစ်ဖက်ကို အနောက်ပို့ထားသော ဟန်မူယဲ့က သူ့ဆီသို့ ဦးတည်လာနေသော ဓားမော့အလင်းကို ကြည့်နေရင်း တည်ငြိမ်စွာ အော်လိုက်သည်။
“ အက်ကွဲစမ်း ”
“ ဘန်း ”
အဆုံးမဲ့မိုးကြိုးက ဟန်မူယဲ့၏ နဖူးထဲမှ ပေါ်လျှိုးလာပြီး သံကြိုးများအဖြစ် ပြောင်းလဲသွားကာ ဓားမော့အလင်းကို အပိုင်းပိုင်းအစစ ဖျက်ဆီးလိုက်သည်။ တစ်ဆက်တည်းမှာ သံကြိုးများက အောက်သို့ ဆင်းသက်သွားကြပြီး ပိုင်ရှောက်ထင်ကို ရစ်ပတ်ချုပ်နှောင်လိုက်သည်။
ထို့နောက် သံကြိုးက ပိုင်ရှောက်ထင်၏ ခန္ဓာကိုယ်ကို အပေါ်သို့ မြှောက်တင်လိုက်ပြီး ပေတစ်ရာအဝေးသို့ အားပြင်းပြင်းဖြင့် ပစ်ပေါက်လိုက်သည်။
“ ဝုန်း ”
ကျောက်ဆောင်က အက်ကွဲသွားပြီး ဧရာမတွင်းနက်တစ်ခုက တောအုပ်ထဲမှာ ထွက်ပေါ်လာသည်။
ဘေးပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများက မြန်ဆန်စွာ ဖြန့်ကြက်သွားကြပြီး အချင်းမိုင်တစ်ထောင်အတွင်းမှ လေဟာနယ်ကို အက်ကွဲသွားစေသည်။
အနီးနားမှာ ရှိနေကြသော ကျင့်ကြံသူများသည် ထိုလျှပ်စီးကြောင်းများဖြင့် ထိတွေ့သွားသည့်အခါ ခန္ဓာကိုယ်တောင့်တင်းသွားကြပြီး မြေကြီးပေါ်သို့ လဲကျသွားကြသည်။
တစ်ချက်တည်းလား… ။
မိုးကြိုးစွမ်းအားတိုက်ခိုက်မှု… ။
ရွှမ်အဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က တစ်ချက်တည်းဖြင့် မြေကြီးပေါ်မှာ မှောက်သွားသည်လော။
ပိုင်ရှောင်ထင်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက မည်မျှရုန်းကန်ပါစေ နောက်တစ်ကြိမ် ပြန်မတ်တတ်မရပ်နိုင်တော့ပေ။
တောအုပ်ထဲတွင် ကျင့်ကြံသူအများအပြားက တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။
ဟန်မူယဲ့၏ တိုက်ခိုက်မှုနည်းစနစ်က လွှမ်းမိုးဖိနှိပ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ ယင်းက လူတိုင်းကို စိတ်မသက်မသာ ခံစားရစေသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ ဘိုးဘေး… ခင်ဗျားရဲ့ တိုက်ခိုက်ရေးနည်းစနစ်က ရက်စက်လှချည်လား ”
အဝေးတွင် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားကြသော တာအိုပညာရှင်နှစ်ယောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောသည်။
ဟန်မူယဲ့က ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်။
“ သတိထား ”
ဝတ်စုံနက် တာအိုပညာရှင်နှစ်ယောက်၏ အနောက်မှ တစ်စုံတစ်ယောက်က အလျင်စလို အော်ပြောလိုက်သည်။
“ ရွှတ် ”
အပြာရောင်ဓားရှည်တစ်လက်က လေထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ဓားအလင်းရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ ဓားဖျားပေါ်တွင် သွေးစက်များ စီးကျလာသည်။
ဝတ်စုံနက် တာအိုပညာရှင်နှစ်ယောက်၏ ခန္ဓာကိုယ်က မြေကြီးပေါ်သို့ လဲကျသွားသည်။ ထုတ်ချင်းပေါက်နေသော ဓားဒဏ်ရာက သူတို့၏ ရင်ဘက်ပေါ်မှာ ထွက်ပေါ်နေပြီး သွေးက ဒလဟော စီးဆင်းနေသည်။
ဓားတစ်ချက်ဖြင့် သွေးချီရွှမ်အဆင့် ကျင့်ကြံသူနှစ်ယောက်က အသတ်ခံလိုက်ရသည်။
အစောနက ပိုင်ရှောင်ထင်အပေါ် ဟန်မူယဲ့၏ တိုက်ခိုက်မှုက ရက်စက်ကြမ်းကြုတ်မှု၏ စစ်မှန်သောအဓိပ္ပာယ် မဟုတ်သေးပေ။ ယခု ထိုဓားချက်က ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို အမှန်တကယ် ကြောက်လန့်တုန်လှုပ်သွားစေသည်။
တိတ်ဆိတ်ငြိမ်သက်မှုက ပင်လန်တောင်ရိုးတစ်လျှောက် ပျံ့နှံ့သွားသည်။
အစောနက ဆူညံ့စွာ စကားပြောနေကြသော ကျင့်ကြံသူများက ယခု တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။
ဤတစ်ကြိမ်တွင် သူတို့က မည်သည့်စကားမှ မပြောဝံ့ကြတော့ချေ။
အပြာရောင်ဓားရှည်သည် ဟင်းလင်းပြင်ထဲမှာ လွင့်မျောနေပြီး ဓားဖျားပေါ်တွင် သွေးတစ်စက်ပြီးတစ်စက် စီးကျနေသည်။
တောအုပ်ထဲမှ ကျင့်ကြံသူအားလုံး ပြန်ထွက်သွားသည့်အခါမှ တာအိုပညာရှင်ဟူယုနှင့် တခြားလူများက ဟန်မူယဲ့ထံသို့ ချဉ်းကပ်သွားကြပြီး ရိုသေလေးစားစွာ ဦးညွတ်လိုက်ကြသည်။
“ ဘိုးဘေး ”
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး သတ္ထုတွင်းတည်ရှိသော ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။
“ သွားကြစို့… ဒီလောက် အားစိုက်ထုတ်ရတဲ့ သတ္ထုတွင်းက ဘယ်လိုမျိုးလဲ ငါကြည့်ချင်တယ် ”
အတိတ်၌ ပင်လန်တောင်ရိုးပေါ်မှာ ရှာတွေ့ခဲ့သော သတ္ထုကြောများက ထိုမျှအားကောင်းသော မူလစွမ်းအားသိပ်သည်းမှုကို မဖြစ်ပေါ်စေခဲ့ပေ။
ဤတစ်ကြိမ်တွင် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက သတ္ထုကြောတစ်ခုကို သိမ်းပိုက်လိုက်ပြီး အလွန်နက်ရှိုင်းသော တွင်းနက်တစ်ခုကို တူးဖော်လိုက်သည့်အခါ အရွယ်အစားအလွန်ကြီးမားသော သတ္ထုတွင်းကို မမျှော်လင့်ဘဲ သူတို့ရှာတွေ့သွားကြသည်။
ဟန်မူယဲ့သည် တာအိုပညာရှင်ဟူယုနှင့် တခြားလူများနောက်သို့ လိုက်၍ တွင်းနက်ထဲသို့ ဆင်းသွားသည်။ မကြာမီ သတ္ထုတွင်း၏ ဘေးတစ်ဖက်စီမှ နံရံများပေါ်မှာ အစိမ်းရောင်မူလကျောက်တုံးများ နစ်မြုပ်နေကြောင်း သူသတိထားမိသွားသည်။
ထိုမူလကျောက်တုံးများက အရည်အသွေး အလွန်ကောင်းမွန်သည်။ ယင်းတို့ထဲမှ အများစုက ထွန်းလင်းတောက်ပသော ရွှေရောင်အလင်းကို ထုတ်လွှတ်နေလေရာ ထိပ်တန်းအရည်အသွေးရှိကြောင်း ထင်ရှား၏။
သတ္ထုတွင်း၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားသည့်အခါ မူလကျောက်တုံးများက သလင်းကျောက်သဖွယ် ကြည်လင်ထင်ရှားလာသည်။
မူလကျောက်စိမ်း… ။
“ ဘိုးဘေး… အရှေ့မှာ ပိုရှိပါသေးတယ်… ပြီးတော့ အရည်အသွေးက ပိုမြင့်ပါတယ် ”
ယွင်လန်တာအိုပညာရှင်က သတ္ထုတွင်း၏ အနက်ပိုင်းထဲသို့ လက်ညှိုးညွှန်ပြလိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ ဒါပေမဲ့ သန္ဓေပြောင်းသားရဲသုံးကောင်က အဲ့ဒီနေရာကို စောင့်ကြပ်နေကြပါတယ်… ကျုပ်တို့ရဲ့ အင်အားက သူတို့ကို အနိုင်ယူဖို့ မလုံလောက်ပါဘူး ”
သန္ဓေပြောင်းသားရဲတွေလား… ။
ထိုသန္ဓေပြောင်းသားရဲက မည်မျှသန်မာသောကြောင့် ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများကို အရှုံးပေးစေခဲ့သနည်း။
တစ်ခုသိထားရမည်မှာ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲမှ တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူဒါဇင်ခန့်က ဤနေရာမှာ စုဝေးရှိနေကြသည်။ သူတို့၏ တိုက်ပွဲစွမ်းအားက သူတို့၏ ကျင့်ကြံခြင်းအဆင့်နှင့် မကိုက်ညီသော်လည်း သူတို့က လေပြေအသွင်(၃၆)မျိုးနှင့် အစွမ်းထက် ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ သာမန်ရွှမ်အဆင့် ကျင့်ကြံသူများက သူတို့၏ ပြိုင်ဘက်မဟုတ်ပေ။
ရွှမ်အဆင့် ကျင့်ကြံသူများသည် မျက်မှောက်ခေတ် အထွတ်အမြတ်နယ်မြေထဲတွင် ထိပ်တန်းပုဂ္ဂိုလ်များ ဖြစ်ကြသည်။
“ အဲ့ဒါ မူလကောင်းကင်သံချပ်ကာသားရဲတွေပါ ”
ယွင်လန်တာအိုပညာရှင်က အကူအညီမဲ့စွာ ပြောသည်။
မူလကောင်းကင်သံချပ်ကာသားရဲတွေလား… ။
ထိုသန္ဓေပြောင်းသားရဲကို ဟန်မူယဲ့ ကောင်းမွန်စွာ သိသည်။ သို့သော်လည်း ၎င်းတို့ကို ပင်လန်တောင်ရိုး၏ သတ္ထုတွင်းထဲမှာ မြင်တွေ့ရလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
လူအများပြောကြသည်မှာ မူလကောင်းကင်သံချပ်ကာသားရဲများက အထွတ်အမြတ်နယ်မြေ၏ မိုးမြေမဟာတာအို ပြောင်းလဲသွားကတည်းက တည်ရှိနေခဲ့သည်ဟု ဆိုကြသည်။ ၎င်းတို့၏ ရုပ်ခွန်အားက မဟာတာအို၏ အပြောင်းအလဲကြောင့် အားနည်းသွားပြီး ၎င်းတို့က တာအိုပေါ်ထွက်ခြင်းအဆင့်အောက်မှ တိုက်ပွဲစွမ်းအားကိုသာ ထုတ်ဖော်နိုင်ကြတော့သည်။
သို့တိုင် ထိုသားရဲများ၏ ခုခံကာကွယ်မှုက အလွန်သန်မာသည်။ အထူးသဖြင့် ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာသဖွယ် အကြေးခွံများ ဖြစ်သည်။ ယင်းတို့က မိုးမြေမဟာတာအို၏ ပြောင်းလဲမှုနှင့်အတူ ဆင့်ကဲပြောင်းလဲသွားခဲ့သည်။
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများသည်ပင် ထိုအကြေးခွံများကို မဖျက်ဆီးပစ်နိုင်ပေ။
ထို့ကြောင့် အထွတ်အမြတ်နယ်မြေတွင် မူလကောင်းကင်သံချပ်ကာသားရဲများကို “ မသေမျိုးသားရဲများ ”ဟုလည်း သိကြသည်။
၎င်းတို့ကို မသတ်ပစ်နိုင်ပေ။
ဟန်မူယဲ့က အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားသည်။ ပိုပြီးနက်ရှိုင်းသော အတွင်းထဲသို့ ရောက်သွားသည့်အခါ သူက ထွန်းလင်းတောက်ပသော မြင်ကွင်းတစ်ခုကို မြင်တွေ့သွားသည်။
“ မူလသလင်းကျောက်လား ”
“ ဒီသတ္ထုတွင်းက မူလကောင်းကင်သံချပ်ကာသားရဲတွေကို ဆွဲဆောင်နိုင်တာ မထူးဆန်းတော့ပါဘူး ”
ဟန်မူယဲ့က သူ့အရှေ့မှ ဧရာမသားရဲများကို ကြည့်လိုက်သည်။ ၎င်းတို့က ဆယ်ပေခန့် ရှည်လျားကြပြီး ၎င်းတို့၏ တစ်ကိုယ်လုံးကို သံချပ်ကာသဖွယ် အကြေးခွံများဖြင့် ဖုံးအုပ်ထားသည်။ အနက်ရောင်အလင်းက ၎င်းတို့၏ အကြေးခွံများပေါ်မှာ လင်းလက်တောက်ပနေသည်။
ဟန်မူယဲ့ ရောက်လာသည်ကို သတိထားမိသောအခါ ထိုသားရဲများက ခေါင်းလှည့်လိုက်ကြသည်။
“ ဂရား ”
သားရဲတစ်ကောင်က ရက်စက်ကြမ်းကြုတ်စွာ ဟိန်းဟောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်သည်။
၎င်း၏ အလျင်က ကြယ်ကြွေတစ်စင်းကဲ့သို့ မြန်ဆန်လှ၏။
ဟန်မူယဲ့က လက်မြှောက်လိုက်ပြီး လက်သီးထိုးလွှတ်လိုက်သည်။ သားရဲ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်သွားပြီး အဝေးမှ ကျောက်နံရံပေါ်သို့ လွင့်စင်သွားသည်။
“ ဘန်း ”
ကျောက်နံရံက ကွဲထွက်သွားသည်။ ပေတစ်ရာရှည်လျားသော အက်ကွဲကြောင်းများက ကျောက်နံရံ၏ အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။
သားရဲက ခေါင်းယမ်းလိုက်ပြီး ဟန်မူယဲ့ကို သေချာစိုက်ကြည့်လိုက်သည်။
အစောနက ၎င်းထုတ်လွှတ်ခဲ့သော အင်အားက သွေးချီရွှမ်အဆင့် သာမန်ကျင့်ကြံသူတစ်ယောက်ကို နေရာမှာတင် သေဆုံးသွားစေရန် လုံလောက်သည်။ သို့တိုင် ယင်းက ဟန်မူယဲ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။
တစ်ဖက်တွင် ဟန်မူယဲ့၏ အကြည့်က တည်ငြိမ်နေသည်။ မူလကောင်းကင်သံချပ်ကာသားရဲ၏ ခုခံကာကွယ်နိုင်စွမ်းက အမှန်တကယ် ရှိန်လောက်ဖွယ်ကောင်းသည်။ ၎င်းက သူ၏ လက်သီးချက်အောက်မှာ မသေဆုံးသွားခဲ့ပေ။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တာအိုပေါ်ထွက်ခြင်းအဆင့် ထိုကျင့်ကြံသူအုပ်စု လက်လျော့သွားရခြင်းက မထူးဆန်းတော့ပေ။
မည်သို့ဖြစ်ပါစေ သူတို့က ပြန်လည်ကျင့်ကြံခြင်းကို မကြာသေးခင်ကမှ စတင်ခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအားက အလွန်သန်မာသော်လည်း သူတို့၏ ရုပ်ခန္ဓာကိုယ်က အလုံအလောက်မသန်မာသေးပေ။ ထို့ကြောင့် ခုခံကာကွယ်မှု အလွန်အားကောင်းသော မူလကောင်းကင်သံချပ်ကာသားရဲများကို သူတို့မယှဉ်နိုင်ကြပေ။
“ ဝီး ”
ဟန်မူယဲ့၏ အပြာရောင်ဓားရှည်က အရှေ့သို့ ပျံသန်းထွက်သွားသည်။ ဓားအလင်းက လေထဲမှာ ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားပြီး တောက်ပသော အလင်းစီးကြောင်းက ထွက်ပေါ်လာသည်။
ဓားပျံသန်းသွားသည်နှင့် ဘေးပတ်ဝန်းကျင်မှ မိုးမြေက တုန်ယင်သွားသည်။
“ ဘန်း ”
ဟန်မူယဲ့ကို အရင်ဦးစွာ တိုက်ခိုက်ခဲ့သော မူလကောင်းကင်သံချပ်ကာသားရဲက ဓားနှင့် တွေ့ဆုံသွားသည်။ ဓားက ၎င်း၏ သားရဲခန္ဓာကိုယ်ကို တိုက်ရိုက် ထိုးဖောက်သွားပြီး ကျောက်နံရံပေါ်မှာ တန်းလန်းစိုက်လိုက်သည်။ သွေးနီရောင်အလင်းက ကျောက်နံရံပေါ်မှာ လျှပ်တစ်ပြက် ဝင်းလက်သွားသည်။
ထိုဓားချက်က အနီးနားဝန်းကျင်မှ သန္ဓေပြောင်းသားရဲများကို ကျောက်ရုပ်ဖြစ်သွားစေသည်။
“ မသေမျိုးသားရဲတောင် အသတ်ခံလိုက်ရတယ်လား ”
“ အဲ့ဒါ မူလကောင်းကင်သံချပ်ကာသားရဲလေ… ”
ဟန်မူယဲ့၏ အနောက်မှာ ရပ်နေကြသော ယွင်လန်တာအိုပညာရှင်နှင့် တာအိုပေါ်ထွက်ခြင်းအဆင့် တခြားအကြီးအကဲများက မယုံကြည်နိုင်စွာ ရေရွတ်လိုက်ကြသည်။ အံ့အားသင့်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ စွမ်းအားက သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။
ဟန်မူယဲ့က အရှေ့သို့ လျှောက်သွားသည်။ မူလကောင်းကင်သံချပ်ကာသားရဲများက အနောက်သို့ ကြောက်လန့်စွာ ဆုတ်သွားကြသည်။
ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သန္ဓေပြောင်းသားရဲများက ကြောက်လန့်တကြား အဝေးသို့ ထွက်ပြေးသွားကြသည်။
သူက ထိုသန္ဓေပြောင်းသားရဲများနောက်သို့ လိုက်မဖမ်းပေ။ ယင်းအစား သူက ဓားအလင်းတစ်ခုကို ကျောက်နံရံပေါ်သို့ ထည့်သွင်းလိုက်ပြီး မူလသလင်းကျောက်တစ်ခုကို တူးဖော်လိုက်သည်။ မူလသလင်းကျောက်ထဲမှ မူလစွမ်းအားက လေပြင်းမုန်တိုင်းသဖွယ် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
“ ဘန်း ”
အလွန်သိပ်သည်းသော မူလစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်တစ်ဝိုက်၌ ပေါက်ကွဲသွားပြီး ပိုးအိမ်တစ်ခုအဖြစ် သိပ်သည်းသွားသည်။
ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်၌ ရပ်ကြည့်နေကြသော အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များကို အံ့ဩမှင်သက်သွားစေသည်။
ထိုမျှအားကောင်းသော မူလစွမ်းအားကို ခံနိုင်ရည်ရှိရန် ဟန်မူယဲ့၏ ရုပ်ခန္ဓာကိုယ်က မည်မျှသန်မာလိုက်သနည်း။
“ ဘိုးဘေးကို စောင့်ရှောက်ကြမယ် ”
တာအိုပညာရှင်ဟူယုက တိုးညင်းစွာ အော်လိုက်သည်။ သူ၏ မျက်လုံးက ဘေးပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးကြည့်လိုက်သည်။
ဟန်မူယဲ့က မူလစွမ်းအား အလွန်သိပ်သည်းသော ဤနေရာမှာ တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း ထင်ရှားသည်။
…..
ပင်လန်တောင်ရိုးပေါ်၌ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ဘိုးဘေး၏ စွမ်းအားပြသမှုက အချင်းမိုင်တစ်တစ်သောင်းအတွင်း၌ ကောလဟာလအမျိုးမျိုး ထွက်ပေါ်စေသည်။
တစ်လကြာပြီးနောက် စိန်ခေါ်စာတစ်ဆောင်က ပင်လန်တောင်ရိုးပေါ်သို့ ရောက်ရှိလာသည်။
မိုင်တစ်သောင်းအဝေးမှ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ တာအိုပေါ်ထွက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူဝမ်ထန်းက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ဘိုးဘေးဟန်မူယဲ့ကို စိန်ခေါ်လိုက်သည်။