အခန်း (၁၇၆၁)
Vol. 126 Ch. 1761
ပင်လန်တောင်ရိုးပေါ်မှ သတ္ထုတွင်းထဲတွင် ရွှေရောင်အလင်းပိုးအိမ်က ပြင်းထန်စွာ တုန်ယင်နေသည်။
အလင်းပိုးအိမ် တစ်ခါတုန်ယင်သွားတိုင်း ဘေးပတ်ဝန်းကျင်မှ မိုးမြေက ဖရိုဖရဲဖြစ်သွားသည်။
ဤသည်မှာ မိုးမြေက တစ်စုံတစ်ယောက်၏ လက်ဖြင့် ဆုတ်ဖြဲခံနေရသည့်အလားပင်။
သတ္ထုတွင်းကို စောင့်ကြပ်နေကြသော ယွင်လန်တာအိုပညာရှင်နှင့် တခြားလူများက သတ္ထုတွင်း၏ ဝင်ပေါက်ဆီသို့ ဆုတ်သွားကြသည်။ သို့မဟုတ်လျှင် သူတို့က အလင်းပိုးအိမ်မှ ထုတ်လွှတ်နေသော ဖိအားကြောင့် ခန္ဓာကိုယ်အက်ကွဲသွားလိမ့်မည်။
ဆန့်ကျင်ဘက်အနေဖြင့် မူလကောင်းကင်သံချပ်ကာသားရဲများက သတ္ထုတွင်းထဲမှ ထွက်မသွားကြချေ။ ထို့ပြင် ၎င်းတို့က ဟန်မူယဲ့ထုတ်လွှတ်နေသော ဖိအားကို ဝမ်းသာပျော်ရွှင်စွာ ခံယူနေကြသည်။
၎င်းတို့၏ အကြေးခွံများက စိတ်ကူးမယဉ်နိုင်အောင် အလွန်သန်မာလှသည်။ ဟန်မူယဲ့၏ အလင်းပိုးအိမ်ထံမှ ထုတ်လွှတ်နေသော ဖိအားက ၎င်းတို့၏ အကြေးခွံများကို ထုဆစ်သန့်စင်ပေးနိုင်သည်။ ယင်းက ၎င်းတို့၏ ရုပ်ခွန်အားကို သိသိသာသာ တိုးမြှင့်သွားစေသည်။
ဤအခိုက်အတန့်မှာ အလင်းပိုးအိမ်ထဲတွင် ဟန်မူယဲ့က မူလကျောက်တုံးသန်းသုံးဆယ်နှင့် ညီမျှသော စွမ်းအင်ကို စုပ်ယူသန့်စင်လိုက်ပြီ ဖြစ်၏။
…..
မူလစွမ်းအားက မြစ်ကြီးတစ်စင်းသဖွယ် သူ၏ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေပြီး သူ၏ သွေးကြောအမှတ်အားလုံးနှင့် မရီဒျန်အားလုံးကို အားဖြည့်ပေးနေသည်။
သူ၏ ရုပ်ခန္ဓာကိုယ်က အထွတ်အထိပ်သို့ ရောက်ရှိသွားသည့်အခါ သူ၏ ခန္ဓာကိုယ်ထဲ၌ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့သော ပုံရိပ်ယောင်စွမ်းအားက နိုးထလာသည်။
ပုံရိပ်ယောင်လောကထဲမှာ သူကျင့်ကြံခဲ့သော အတတ်ပညာအားလုံးက တဖန် ပြန်ပေါ်လျှိုးလာကြသည်။
ဤလောကက သူ့ကို နောက်ထပ် မဖိနှိပ်နိုင်တော့ပေ။ သူက စစ်မှန်သော ကောင်းကင်ဘုံတာအိုသွေဖယ်သူတစ်ယောက် ဖြစ်လာသည်။
“ အစစ်အမှန်… ပုံရိပ်ယောင်… အဲ့ဒီနှစ်ခုကြားမှာ ညီမျှမှုတစ်ခု ရှိတယ်… အစစ်အမှန်မှာပဲဖြစ်ဖြစ် ပုံရိပ်ယောင်မှာပဲဖြစ်ဖြစ် ဘယ်သူမဆို သူ့ကိုယ်ပိုင်စွမ်းအားကို ဗဟိုချက်အဖြစ် အသုံးပြုရမယ် ”
သူ၏ ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲများကို အာရုံခံမိသွားသည့်အခါ ဟန်မူယဲ့က ရုတ်တရက် ဉာဏ်အလင်းပွင့်သွားသည်။
ရှေးခေတ်၌ အမှန်တရားကုန်းမြေမှ ကျင့်ကြံသူများက သူတို့ကိုယ်သူတို့ လေ့ကျင့်ရန် ပုံရိပ်ယောင်လောကဆီသို့ ဆင်းသက်သွားကြသည်မှာ မထူးဆန်းတော့ပေ။
ထိုသို့လေ့ကျင့်မှုသည် သူတို့၏ စိတ်ဝိညာဉ်ကို မြန်ဆန်စွာ ကြီးထွားစေနိုင်ပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို အလွန်လျှင်မြန်စွာ တိုးမြှင့်ပေးနိုင်သည်။
အကယ်၍ သူတို့က အမှန်တရားကုန်းမြေဆီသို့ ပြန်သွားသည့်အခါ မှတ်ဉာဏ်များကို ဆုံးရှုံးသွားလျှင်ပင် သူတို့၏ ခန္ဓာကိုယ်က မှတ်မိနေဦးလိမ့်မည်။
“ ဝုန်း ”
မူလစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲ၌ ပြည့်လျှံသွားသည့်အခါ မိုးခြိမ်းသံသဖွယ် ကျယ်လောင်သော မြည်ဟိန်းသံက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
မြည်ဟိန်းသံတစ်သံက ရုပ်ခန္ဓာရတနာသိုက်တစ်ခု ဖွင့်လှစ်သွားသော အဓိပ္ပာယ်ဖြစ်သည်။
ရုပ်ခန္ဓာရတနာသိုက်တစ်ခု ဖွင့်လှစ်သွားခြင်းက မူလစွမ်းအားတစ်မျိုး ပြန်နိုးထလာသော လက္ခဏာ ဖြစ်သည်။
ဓားတာအို… ။
လျှပ်စီး… ။
မီးတောက်… ။
အလျင်… ။
…..
တခြားကျင့်ကြံသူများက ရုပ်ခန္ဓာရတနာ တစ်ခုနှစ်ခုသာ ဖွင့်လှစ်နိုင်စဉ် ဟန်မူယဲ့က ရုပ်ခန္ဓာရတနာတစ်ထောင် ဖွင့်လှစ်လိုက်သည်။
သို့ဖြစ်၍ တခြားကျင့်ကြံသူများနှင့် ဟန်မူယဲ့ကြားမှ စွမ်းအားကွာခြားမှုသည် မိုးနှင့် မြေပမာ ကြီးမားလှ၏။
အမှန်မှာ တာအိုပေါ်ထွက်ခြင်းအဆင့်၏ အထွတ်အထိပ်သို့ ဟန်မူယဲ့ ရောက်သွားသည့်အချိန်တွင် သူ၏ တိုက်ပွဲစွမ်းအားက ဤလောက၏ အချုပ်အနှောင်များနှင့် မိုးမြေဖိနှိပ်မှုအောက်မှ ကင်းလွတ်သွားသည်။ တစ်ချိန်တည်းမှာ သူက အထွတ်အမြတ်နယ်မြေ၏ စစ်မှန်သော အထွတ်အထိပ် တိုက်ပွဲစွမ်းအားက တာအိုပေါ်ထွက်ခြင်းအဆင့်မဟုတ်ကြောင်း အာရုံခံမိသွားသည်။
စစ်မှန်သော ထိပ်တန်းကျွမ်းကျင်ပညာရှင်များက ဤလောက၏ အချုပ်အနှောင်များမှ စောစီးစွာ လွတ်မြောက်သွားကြပြီ ဖြစ်၏။
အံ့ဖွယ်ဝိညာဉ်နယ်မြေ… ။
အံ့ဖွယ်ဝိညာဉ်နယ်မြေနှင့် အထွတ်အမြတ်နယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ်များကြားတွင် သေချာပေါက် ဆက်နွယ်မှုရှိရမည်။
“ ဝီး ”
ဟန်မူယဲ့က မျက်လုံးဖွင့်လှစ်လိုက်သည်။ တောက်ပသော ဓားအလင်းစီးကြောင်းများက သူ၏ မျက်လုံးအနက်ပိုင်းထဲမှ ပေါ်လျှိုးလာကြသည်။
ရုပ်ခန္ဓာရတနာများ၏ စွမ်းအားပံ့ပိုးမှုအောက်မှာ ထိုဓားအလင်းက သူ့အရှေ့မှ လောကကို အလွယ်တကူ ဖြတ်တောက်ပစ်နိုင်ဟန် ရ၏။
“ အမှန်တရားဓား ”
ယင်းက အမှန်တရားကုန်းမြေတွင် သူအသုံးပြုနိုင်သော ဓားနည်းစနစ် ဖြစ်သည်။
ထိုဓားအလင်းထဲမှ စွမ်းအားက အမှန်တရားကုန်းမြေ၏ မိုးမြေကို ဖျက်ဆီးပစ်နိုင်သည်။
“ ဗုန်း ”
အလင်းပိုးအိမ် အက်ကွဲသွားသည့်အခါ ဟန်မူယဲ့၏ ပုံရိပ်က သတ္ထုတွင်းထဲမှာ ထွက်ပေါ်လာသည်။
ဤအခိုက်အတန့်မှာ သတ္ထုတွင်းက အနည်းငယ် မည်းမှောင်သွားသည်။
ကျောက်နံရံများပေါ်မှ မူလသလင်းကျောက်အများစုက သာမန်ကျောက်တုံးများအဖြစ် ပြောင်းလဲသွားကြသည်။
ယင်းတို့ထဲမှ မူလစွမ်းအားက ဟန်မူယဲ့၏ စုပ်ယူဝါးမျိုခံလိုက်ရသည်။
သူလက်မြှောက်လိုက်သည့်အခါ ဓားအလင်းတစ်ခု ပေါ်လျှိုးလာသည်။
ကျန်ရှိသော မူလသလင်းကျောက်များက ကျောက်နံရံများပေါ်မှ ပြုတ်ကျလာကြပြီး ဟန်မူယဲ့၏ အရှေ့မှာ စုပုံသွားကြသည်။
သူက နောက်တစ်ကြိမ် လက်ဝှေ့ယမ်းလိုက်ပြီး ယင်းတို့ကို သူဖန်တီးထားသော လေဟာနယ်ထဲသို့ ပို့လွှတ်လိုက်သည်။
တာအိုပေါ်ထွက်ခြင်းအဆင့်ကို ကျော်လွန်သွားသော ကောင်းကင်ဘုံတာအိုသွေဖယ်သူများသည် မိုးမြေစွမ်းအားဖိနှိပ်မှုကို လွန်ဆန်နိုင်ကြပြီး ကိုယ်ပိုင်လေဟာနယ်တစ်ခုကို ဖွင့်လှစ်နိုင်ကြသည်။
အထွတ်အမြတ်နယ်မြေတစ်ခုလုံးတွင် ထိုသို့စွမ်းဆောင်နိုင်သူများက အယောက်တစ်ရာမပြည့်ပေ။
“ ဝူး… ဝူး… ”
ဘေးပတ်ဝန်းကျင်မှ မူလကောင်းကင်သံချပ်ကာသားရဲများက ဟန်မူယဲ့ကို ကြည့်နေရင်း အော်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ ၎င်းတို့အားလုံးက တုန်ယင်နေကြသည်။
ဟန်မူယဲ့ထံမှ ရှိန်လောက်ဖွယ်ကောင်းသော အရှိန်အဝါက အသိဉာဏ်ရှိသော ထိုသန္ဓေပြောင်းသားရဲများကို ကြောက်လန့်သွားစေသည်။
“ အခုကစပြီး မင်းတို့အားလုံးက ငါ့အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းရဲ့ အစောင့်အရှောက်နတ်သားရဲတွေအဖြစ် အမှုထမ်းရမယ် ”
ဟန်မူယဲ့က မူလကောင်းကင်သံချပ်ကာသားရဲများကို ကြည့်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက သတ္ထုတွင်းအပြင်သို့ လျှောက်သွားသည်။
…..
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ ဘိုးဘေးသည် တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာပြီးနောက် ယုတာအိုဂိုဏ်းမှ အကြီးအကဲဝမ်ထန်း၏ စိတ်ခေါ်မှုကို လက်ခံလိုက်သည်။
သို့သော် ထိုတိုက်ပွဲကို နောင်ဆယ်နှစ်ကြာပြီးမှ ကျင်းပမည်။
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများအတွက်တော့ ဆယ်နှစ်ဟူသောအချိန်က မျက်တောင်တစ်ခတ်ကြာချိန်မျှသာ ဖြစ်၏။
ဟန်မူယဲ့သည် တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာပြီးနောက် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ပြန်သွားသည်။ သူက ဂိုဏ်းထဲမှာ ကျောက်စိမ်းမှော်အဆောင်များနှင့် လက်နက်များကို သန့်စင်လိုက်သည်။
တာအိုပေါ်ထွက်ခြင်းအဆင့်သို့ ဝင်ရောက်သွားပြီးနောက် ဟန်မူယဲ့သည် ကျောက်စိမ်းမှော်အဆောင်များ သန့်စင်ခြင်းနှင့် လက်နက်သန့်စင်ခြင်းတွင် ဉာဏ်အလင်းအသစ်များ ရှာတွေ့သွားသည်။ ယင်းက သူ၏ လက်မှုအတတ်ပညာကို နောက်တစ်ဆင့်သို့ တိုးမြှင့်သွားစေသည်။
…..
တုန်လင်းမြို့တော်… ။
ယင်းက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသနှင့် မိုင်တစ်သိန်းအဝေးမှာ တည်ရှိသော ကုန်သွယ်ရေးမြို့တော် ဖြစ်သည်။
အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်း၏ ကုန်သွယ်ရေးယာဉ်တန်းသည် နှစ်လကြာခရီးဆက်ပြီးနောက် တုန်လင်းမြို့တော်ဆီသို့ ရောက်ရှိလာသည်။
ကျင့်ကြံခြင်းအရင်းအမြစ်များအတွက်မူ ဟန်မူယဲ့၏ အနောက်မှာ ကျောက်စိမ်းမှော်အဆောင်စံအိမ်နှင့် လေပြင်းမျှော်စင်ရှိသည်။ ထို့ကြောင့် ဟန်မူယဲ့က တုန်လင်းမြို့တော်ဆီသို့ ရောက်လာခြင်းမှာ ကုန်သွယ်ရန်သက်သက် မဟုတ်ပေ။ အဓိကက တုန်လင်းမြို့တော်၏ မှော်အဆောင်ဆွေးနွေးပွဲမှာ ပါဝင်ရန် ဖြစ်သည်။
အစက ဟန်မူယဲ့သည် တုန်လင်းမြို့တော်ဆီသို့ သွားရောက်ရန် ဆန္ဒမရှိပေ။
သို့သော်လည်း သူက ထျန်းရွှမ်တာအိုဂိုဏ်း၏ ဖိတ်ကြားမှုကို ရရှိခဲ့သည်။ ထျန်းရွှမ်တာအိုဂိုဏ်းသည် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းနှင့် ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသော ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။
ရှေးခေတ်၌ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း ပြိုကွဲသွားစဉ် အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းတစ်ခုတည်းက အံ့ဖွယ်ကိုးပါးတောင်တန်းဒေသထဲမှာ ဆက်လက် တည်ရှိခဲ့သည်။ အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်း၏ လက်အောက်မှ တခြားဂိုဏ်းများသည်တော့ နေရာဒေသအသီးသီးသို့ ထွက်သွားကြသည်။
ထျန်းရွှမ်တာအိုဂိုဏ်းသည် အချင်းမိုင်တစ်သိန်းဧရိယာထဲ၌ နာမည်ကျော်ကြားသော ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ သူတို့က မှော်အဆောင်တာအိုတွင် ရှိန်လောက်ဖွယ်ကောင်းသော အင်အားနှင့် အမွေအနှစ်ကို ပိုင်ဆိုင်ထားကြသည်။
ထျန်းရွှမ်တာအိုဂိုဏ်း၏ ပြောစကားအရ ဤတစ်ကြိမ်တွင် သူတို့က အံ့ဖွယ်ကိုးပါးကောင်းကင်တာအိုဂိုဏ်းမှ ခွဲထွက်သွားခဲ့သော ဂိုဏ်းအားလုံးကို ပြန်စုဝေးရန် ဖိတ်ကြားထားသည်။
အကြောင်းအရင်းမှာ ထျန်းရွှမ်တာအိုဂိုဏ်းက ရှေးဟောင်းကျောက်စိမ်းတုံကင်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သို့သော်လည်း သူတို့က ထိုကျောက်စိမ်းတုံကင်ကို နားမလည်ကြချေ။
ကောလဟာလအရ ထျန်းရွှမ်တာအိုဂိုဏ်းသည် အစွမ်းထက်အင်အားစုကြီးတစ်ခုနှင့် အပြင်းအထန် တိုက်ခိုက်နေစဉ် ထိုကျောက်စိမ်းတုံကင်ကို လုယက်ခဲ့သည်။
ဤတစ်ကြိမ်တွင် ဟန်မူယဲ့တို့အုပ်စုထဲမှာ စုစုပေါင်း လူနှစ်ဆယ် ပါဝင်ကြသည်။ သူတို့ထဲမှာ ယွင်လန်တာအိုပညာရှင်ကဲ့သို့ အကြီးအကဲများနှင့် ဝူချွမ်းကဲ့သို့ ဂျူနီယာတပည့်များ ပါဝင်ကြသည်။
ဟန်မူယဲ့ အသစ်ပြုပြင်ထားသော ကျင့်ကြံခြင်းနည်းစနစ်များ၊ မှော်အဆောင်များနှင့် မှော်လက်နက်များ၏ ထောက်ပံ့ပေးမှုအောက်မှာ တာအိုပေါ်ထွက်ခြင်းအဆင့် ထိုအကြီးအကဲများသည် ရှေးခေတ်မှ သူတို့၏ တိုက်ပွဲစွမ်းအား(၈၀)ရာခိုင်နှုန်းကို ပြန်ပိုင်ဆိုင်သွားကြသည်။
ထိုသို့တိုက်ပွဲစွမ်းအားကြောင့် သူတို့က တာအိုပေါ်ထွက်ခြင်းအဆင့်နှင့် အထွတ်အထိပ် ဝိညာဉ်ရွှမ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းကြသည်။
လူအယောက်နှစ်ဆယ်ပါဝင်သော သူတို့အုပ်စုက တုန်လင်းမြို့တော်ဆီသို့ အရင်းအမြစ်များစွာဖြင့် ရောက်ရှိလာသည်။ သူတို့က ဟန်မူယဲ့ ဖန်တီးသန့်စင်ထားသော ကျောက်စိမ်းမှော်အဆောင်နှစ်ရာနှင့် လက်နက်သုံးဆယ်ကို သယ်ဆောင်လာကြသည်။ ထို့ပြင် သူတို့က မူလသလင်းကျောက်တစ်ထောင်ကျော်ကိုလည်း ယူဆောင်လာကြသည်။
သူတို့က ဤနေရာ၌ နာမည်ကျော်ကြားသော အရင်းအမြစ်များကို အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းဆီသို့ ပြန်သယ်ဆောင်သွားရန် ရည်ရွယ်ထားကြသည်။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထျန်းရွှမ်တာအိုဂိုဏ်းရဲ့ ဖိတ်ကြားမှုအရ ရောက်လာပါပြီ ”
တုန်လင်းမြို့တော်၏ တောင်ဘက်အရပ်မှ အရွယ်အစားကြီးမားသော ကျောက်စိမ်းဂိတ်တံခါးတစ်ခု၏ အရှေ့သို့ ရောက်သွားသည့်အခါ ဝူချွမ်းက အရှေ့သို့ လျှောက်သွားပြီး ဖိတ်စာကို ကမ်းပေးလိုက်သည်။
ထိုနေရာသည် တုန်လင်းမြို့တော်ထဲမှ ထျန်းရွှမ်တာအိုဂိုဏ်း၏ ဌာနဖြစ်သည်။
ထျန်းရွှမ်တာအိုဂိုဏ်းသည် အချင်းမီတာတစ်ရာခန့် ကျယ်ပြောသည်။ ဂိုဏ်း၏ ဘေးပတ်ဝန်းကျင်နှင့် ဂိုဏ်းထဲတွင် အကာအကွယ်ဝင်္ကပါအမျိုးမျိုးကို ခင်းကျင်းထားသည်။
အဝေးမှ လှမ်းကြည့်လျှင် ဂိုဏ်းထဲ၌ သွေးချီအလင်းတိုင်များ အများကြီး ပေါ်ထွက်နေကြောင်း မြင်ရလိမ့်မည်။ ရှင်းလင်းစွာပင် အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက ဤနေရာမှာ စုဝေးနေကြသည်။
ဂိုဏ်း၏ အရှေ့ဂိတ်တံခါးကို စောင့်ကြပ်နေကြသော တပည့်များသည် ပြန်လည်မွေးဖွားခြင်းအဆင့် ပဉ္စမအလွှာမှာ ဖြစ်ကြသည်။
အတိတ်မှ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းထဲတွင် ဂိုဏ်းချုပ်ဖြစ်သော တာအိုပညာရှင်ဟူယုတစ်ယောက်တည်းသာ ထိုအဆင့်မှာ ဖြစ်၏။
“ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းလား ”
အစောင့်တစ်ယောက်က ဖိတ်စာကို စစ်ဆေးကြည့်လိုက်သည်။ သူက အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းမှ တပည့်များအနောက်တွင် ကုန်သွယ်ရေးမြင်းလှည်းများ လိုက်ပါလာကြောင်း မြင်သောအခါ ခေါင်းညိတ်လိုက်သည်။
“ အဲ့ဒီလက်ဆောင်တွေကို စာရင်းမှတ်ဖို့အတွက် သိုလှောင်ခန်းဆီ ပို့လိုက်ပါ ”
လက်ဆောင်လား… ။
ဝူချွမ်းက အံ့ဩသွားသည်။
အစည်းအဝေးကို တတ်ရောက်ရန် လက်ဆောင်များ ယူဆောင်လာရမည်လော။
ဝူချွမ်း၏ အမူအရာကို မြင်သောအခါ အစောင့်က ပြုံးလိုက်သည်။
“ ဒီမှာ မိတ်ဆွေ… မင်းတို့ရဲ့ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းကို ဒီဆွေးနွေးပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တာက ငါတို့ထျန်းရွှမ်တာအိုဂိုဏ်း မင်းတို့အပေါ် ပေးအပ်ထားတဲ့ မဟာအခွင့်အရေးကြီးပဲ ”
“ ဒီကျေးဇူးကို တုံ့ပြန်ဖို့ လက်ဆောင်နည်းနည်း ယူဆောင်လာတာက ဖြစ်သင့်တဲ့ကိစ္စ မဟုတ်ဘူးလား ”
အစောင့်က လက်ငါးချောင်းထောင်ပြလိုက်ပြီး ပြောသည်။
“ တကယ်လို့ တခြားဂိုဏ်းဆိုရင် သူတို့က မူလသလင်းကျောက်ငါးရာမပေးနိုင်ရင် ဒီဆွေးနွေးပွဲကို တတ်ရောက်လို့မရဘူး ”
မူလသလင်းကျောက်ငါးရာ… ။
အတိတ်မှ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထိုပမာဏကို မထုတ်ပေးနိုင်ပေ။
သို့သော်လည်း လက်ရှိ အံ့ဖွယ်ကိုးပါးတာအိုဂိုဏ်းက ထိုမျှပမာဏကို စကားထဲ ထည့်မပြောပေ။
ဝူချွမ်းက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်သည်။
“ တကယ်လို့ လက်ဆောင်မပေးဘူးဆိုရင် ငါတို့ဘာဖြစ်မလဲ ”
ဟန်မူယဲ့က အစောင့်ကို ကြည့်လိုက်ပြီး မထူးမခြားနား ပြောသည်။
အစောင့်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ သူက ဟန်မူယဲ့ကို အထင်သေးရှုံ့ချစွာ ကြည့်လိုက်ပြီး ပြောသည်။
“ အဲ့ဒါဆိုရင် မင်းက ဆွေးနွေးပွဲကို အပြင်ကနေပဲ ကြည့်နိုင်လိမ့်မယ် ”
ဟန်မူယဲ့က ထျန်းရွှမ်တာအိုဂိုဏ်း၏ ဝင်ပေါက်ကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက အဝေးသို့ လျှောက်သွားသည်။
ဝူချွမ်းနှင့် တခြားလူများက ဟန်မူယဲ့အနောက်သို့ အမြန်လိုက်သွားကြသည်။
“ တောသားတစ်သိုက်ပါလား ”
အစောင့်က ဟန်မူယဲ့တို့အုပ်စု ထွက်သွားသည်ကို ကြည့်နေရင်း မကျေနပ်စွာ ရေရွတ်လိုက်သည်။