အခန်း (၁၇၆၃)
Vol. 126 Ch. 1763
“ အထွတ်အမြတ်နယ်မြေပဲဖြစ်ဖြစ် အံ့ဖွယ်ဝိညာဉ်နယ်မြေပဲဖြစ်ဖြစ် အဲ့ဒါတွေအားလုံးက အကျဉ်းချခံထားရတဲ့ ကုန်းမြေတွေ ဖြစ်ကြတယ် ”
“ အမှန်တရားကုန်းမြေရဲ့ စွမ်းအားတွေ နိမ့်ကျသွားရတဲ့ အဓိကတရားခံက ပုံရိပ်ယောင်စွမ်းအားရဲ့ ယိုယွင်းတိုက်စားမှုပဲ… ”
“ အမှန်တရားကုန်းမြေရဲ့ တကယ့်နာမည်က အံ့ဖွယ်အန္တိမကောင်းကင်ဘုံ ”
အတိတ်၌ ရှေးခေတ်ကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ လေ့ကျင့်ရန် ပုံရိပ်ယောင်လောကဆီသို့ ဝင်ရောက်သွားကြသည်။ ထိုရှေးခေတ်ကျင့်ကြံသူများက ပုံရိပ်ယောင်လောကမှ အမှန်တရားကုန်းမြေဆီသို့ ပြန်ရောက်လာကြသည့်အခါ သူတို့၏ ဝိညာဉ်ထဲတွင် ပုံရိပ်ယောင်စွမ်းအားတစ်စွန်းတစ်စ ကျန်ရှိနေကြောင်း သတိမထားမိကြချေ။ ယင်းကို နောက်ပိုင်းမှ ရှာတွေ့သွားကြသည်။
ထိုပုဂ္ဂိုလ်များ သေဆုံးသွားသည့်အခါ သူတို့၏ ဝိညာဉ်ထဲမှ ပုံရိပ်ယောင်စွမ်းအားက အံ့ဖွယ်အန္တိမကောင်းကင်ဘုံကို ဝါးမျိုတိုက်စားလိုက်သည်။
အစတွင် မသိသာသော်လည်း အချိန်ကြာလာသည့်အခါ အခြေအနေက အလွန်ဆိုးဝါးလာသည်။
ထို့ကြောင့် အရေးကြီးအချိန်တွင် အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များက စတင်လှုပ်ရှားလိုက်ကြသည်။ သူတို့က ပုံရိပ်ယောင်လောကနှင့် ဆက်စပ်နေသော ကျင့်ကြံသူအားလုံးကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အရှေ့ဘက်မူလပင်လယ်ထဲမှာ အကျဉ်းချလိုက်ကြသည်။
အထွတ်အမြတ်နယ်မြေ၊ အံ့ဖွယ်ဝိညာဉ်နယ်မြေ အစရှိသော နယ်မြေများက အရှေ့ဘက်မူလပင်လယ်ပေါ်မှာ အကျဉ်းချခံထားရသော ကျွန်းစုများသာ ဖြစ်ကြသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အမှန်တရားစွမ်းအားက အလွန်နက်နဲသိမ်မွေ့သည်။ အထွတ်အမြတ်နယ်မြေနှင့် အံ့ဖွယ်ဝိညာဉ်နယ်မြေထဲ၌ ပုံရိပ်ယောင်စွမ်းအားဖြင့် ယိုယွင်းတိုက်စားခံလိုက်ရသော အမွေအနှစ်များက အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ အသုံးမဝင်တော့ပေ။
အထွတ်အမြတ်နယ်မြေထဲမှ ရုပ်ခန္ဓာကိုယ်များသည် အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ မတည်ရှိနိုင်ကြပေ။ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ တည်ရှိရန် သူတို့က တာအိုသွေဖယ်မှော်အဆောင်များကို လိုအပ်ကြလိမ့်မည်။
မရေမတွက်နိုင်သော ထိုနှစ်များတွင် အရှေ့ဘက်မူလပင်လယ်ပေါ်မှ အကျဉ်းသားကျင့်ကြံသူများသည် အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲသို့ ထိုးဖောက်ဝင်ရောက်ရန် အမြဲမပြတ် ကြိုးစားနေကြသည်။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားမော့ကို တင်းကျပ်စွာ ဆုပ်လိုက်လေရာ သူ၏ ဘေးပတ်ဝန်းကျင်၌ အလွန်အားကောင်းသော အရှိန်အဝါ ထွက်ပေါ်လာသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များ၏ တိုက်ပွဲစွမ်းအားက အလွန်ကြောက်စရာကောင်းသည်။ သူတို့က ပုံရိပ်ယောင်လောကထဲမှ တိုက်ပွဲစွမ်းအားနှင့် နှိုင်းယှဉ်နိုင်ကြသည်။
သူတို့က အမှန်တရားစွမ်းအား၏ အားဖြည့်ပေးမှုအောက်မှာ လက်တစ်ဖက်ဝှေ့ယမ်းရုံဖြင့် တောင်တန်းများကို ဖြိုချဖျက်ဆီးပစ်နိုင်ပြီး ပင်လယ်သမုဒ္ဒရာများကို မှောက်လှန်ပစ်နိုင်ကြသည်။
တာအိုပေါ်ထွက်ခြင်းအဆင့် ကျင့်ကြံသူများက အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ ထိပ်တန်းပုဂ္ဂိုလ်များ မဟုတ်ကြချေ။
တာအိုသွေဖယ်စွမ်းအား ပိုင်ဆိုင်ထားကြသော ပုဂ္ဂိုလ်များကို အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲတွင် အံ့ဖွယ်တာအိုနယ်ပယ်မှ ပညာရှင်များဟု ခေါ်ဆိုကြသည်။
အံ့ဖွယ်တာအိုနယ်ပယ်မှ ပညာရှင်များသည် တောင်တန်းများကို ဖြိုချပစ်နိုင်ပြီး ကောင်းကင်ဘုံကို မှောက်လှန်ပစ်နိုင်ကြသည်။
အံ့ဖွယ်တာအိုနယ်ပယ်ကို ကျော်လွန်သွားသော တည်ရှိမှုများကိုတော့ အံ့ဖွယ်အန္တိမကောင်းကင်ဘုံ၏ အုပ်ချုပ်သူများ သို့မဟုတ် ကောင်းကင်ဘုံတာအိုအရှင်သခင်များဟု ခေါ်ကြသည်။
လက်ရှိ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲတွင် ကောင်းကင်ဘုံတာအိုအရှင်သခင်က စုစုပေါင်း ဆယ့်နှစ်ပါးရှိကြသည်။ ကောင်းကင်ဘုံတာအိုအရှင်သခင်တစ်ပါးစီက ဒေသကြီးတစ်ခုကို အုပ်ချုပ်ကြသည်။
အရှေ့ဘက်မူလပင်လယ်ကို စောင့်ကြပ်နေသူသည် ကောင်းကင်ဘုံတာအိုအရှင်သခင်(၁၂)ပါးထဲမှ တစ်ပါးဖြစ်သော ဝူယွမ်တာအိုအရှင်သခင် ဖြစ်သည်။
သူ၏ မှော်သင်္ကေတနှစ်ခုက စွမ်းအားကုန်ဆုံးသွားပြီး အထွတ်အမြတ်နယ်မြေဆီသို့ သူပြန်ရောက်လာခြင်းက အလွန်ကံကောင်းသည်ဟု ဟန်မူယဲ့ ခံစားမိသွားသည်။
သို့မဟုတ်ဘဲ သူက ထိုနေရာမှာ အချိန်အနည်းငယ်ကြာ ဆက်နေမည်ဆိုလျှင် ဝူယွမ်တာအိုအရှင်သခင်၏ လက်အောက်မှ အံ့ဖွယ်တာအိုအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက် ရောက်လာသည့်အခါ သူက နေရာမှာတင် အသတ်ခံရလိမ့်မည်။
သူ၏ လက်ရှိစွမ်းအားအရ သူက အံ့ဖွယ်တာအိုအဆင့် တတိယအလွှာမှ ကျင့်ကြံသူတစ်ယောက်ကိုသာ တိုက်ခိုက်နိုင်လိမ့်မည်။
ပိုပြီးအရေးကြီးသည်မှာ လက်ရှိ သူကျင့်ကြံထားသော မူလစွမ်းအားက အထွတ်အမြတ်နယ်မြေနှင့်သာ သက်ဆိုင်ပေသည်။ သို့ဖြစ်၍ အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ အမှန်တရားစွမ်းအား၏ ဖိနှိပ်မှုအောက်မှာ သူ၏ တိုက်ပွဲစွမ်းအားက သိသိသာသာ နိမ့်ကျသွားလိမ့်မည်။
သူက အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲသို့ တိတ်တဆိတ် ဝင်ရောက်ပြီး ထိုနေရာမှာ အချိန်အတော်ကြာ ကျင့်ကြံနိုင်မည်ဆိုလျှင် သူ့အတွက် အခွင့်အရေးရှိလိမ့်မည်။
ဟန်မူယဲ့၏ မျက်လုံးထဲမှာ အဆုံးမဲ့သော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှာ အချိန်အတော်ကြာ နေထိုင်နိုင်ရန် တစ်စုံတစ်ယောက်က အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်များကို လိုအပ်လိမ့်မည်။
ယင်းက အမွေအနှစ်ကျောက်စိမ်းတုံကင်ထဲမှာ ဟန်မူယဲ့ ရှာတွေ့ခဲ့သော မှော်သင်္ကေတများ၏ မူလဇစ်မြစ် ဖြစ်သည်။
ထျန်းရွှမ်တာအိုဂိုဏ်းမှ ရှာတွေ့ခဲ့သော ထိုအမွေအနှစ်ကျောက်စိမ်းတုံကင်က စစ်မှန်သော အမွေအနှစ်မဟုတ်ပေ။ တစ်နည်းဆိုရလျှင် ယင်းက မပြည့်စုံပေ။ ယင်းက အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်၏။
ထိုတာအိုမှော်အဆောင်က အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ အစွမ်းထက်ပုဂ္ဂိုလ်များကို အထွတ်အမြတ်နယ်မြေနှင့် အံ့ဖွယ်ဝိညာဉ်နယ်မြေထဲသို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်စေသည်။
တစ်စုံတစ်ယောက်က ထိုမှော်အဆောင်ကို လက်ထဲမှာ ကိုင်ထားလျှင် အံ့ဖွယ်အန္တိမကောင်းကင်ဘုံထဲမှ မဟာတာအိုစွမ်းအား၏ တွန်းထုတ်မှုကို ခံစားရလိမ့်မည် မဟုတ်ချေ။
ယခု အခြေအနေအရ ထျန်းရွှမ်တာအိုဂိုဏ်းမှ ကျင်းပသော မှော်အဆောင်သခင်များစုဝေးပွဲကို မဖြစ်မနေ သူတတ်ရောက်ရလိမ့်မည်။
…..
ဟန်မူယဲ့သည် ထျန်းရွှမ်တာအိုဂိုဏ်း၏ မှော်အဆောင်သခင်များစုဝေးပွဲ မစတင်ခင်အထိ အခန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေရန် စီစဉ်ထားသည်။
မမျှော်လင့်ထားသည်မှာ ငါးရက်ကြာပြီးလျှင် ကျောက်စိမ်းမှော်အဆောင်စံအိမ်မှ အစေခံတစ်ယောက်က သူ့ဆီသို့ ရောက်လာပြီး ဖိတ်ကြားသည်။
ထျန်းရွှမ်တာအိုဂိုဏ်းမှ ဦးဆောင်ကျင်းပသော မှော်အဆောင်သခင်များစုဝေးပွဲကြောင့် အနယ်နယ်အရပ်ရပ်မှ မှော်အဆောင်သခင်များက တုန်လင်းမြို့တော်ဆီသို့ စုဝေးရောက်ရှိလာကြသည်။
ထိုထဲမှ မှော်အဆောင်သခင်အများစုက ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ အလည်ရောက်လာကြသည်။
ယနေ့တွင် နယ်လှည့်ခရီးသွား မှော်အဆောင်သခင်တစ်ယောက်က သူ့ကိုယ်ပိုင်မှော်အဆောင်များကို ရောင်းချရန် ကျောက်စိမ်းမှော်အဆောင်စံအိမ်ဆီသို့ ရောက်လာခဲ့သည်။
ပုံမှန်အားဖြင့် ထိုသို့ကိစ္စများက ကျောက်စိမ်းမှော်အဆောင်စံအိမ်အတွက် သာမန်အရေးကိစ္စသာ ဖြစ်သည်။ မည်သို့ဖြစ်ပါစေ မှော်အဆောင်သခင်တစ်ယောက်အတွက် အဆက်အသွယ်များ တည်ဆောက်ခြင်းနှင့် မိတ်ဆွေရှာဖွေခြင်းက အရေးကြီးပေသည်။
သို့သော်လည်း ထိုမှော်အဆောင်သခင်၏ လက်ထဲမှ မှော်အဆောင်များက တခြားမှော်အဆောင်များနှင့် သိသာစွာ ကွဲပြားခြားနားနေသည်။
သူ၏ မှော်အဆောင်များကို ဝယ်ယူသွားခဲ့သော ကျင့်ကြံသူနှစ်ယောက်သည် မှော်အဆောင်များထဲမှ စွမ်းအားကို အသက်မသွင်းနိုင်ကြပေ။ ထို့ကြောင့် သူတို့က ကျောက်စိမ်းမှော်အဆောင်စံအိမ်ထံသို့ သူတို့၏ မကျေနပ်မှုကို ထုတ်ဖော်ပြောကြသည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်သည် မှော်အဆောင်များ ရောင်းဝယ်ခြင်းတွင် တရားမျှတမှုနှင့် လွတ်လပ်မှုကို အဓိကအလေးထားသည်။ ထို့ကြောင့် သူတို့က ထိုမှော်အဆောင်သခင်ကို မူလကျောက်တုံးများ ပြန်ပေးခိုင်းသည်။
သို့သော်လည်း နယ်လှည့်ခရီးသွား ထိုမှော်အဆောင်သခင်က မူလကျောက်တုံးများ ပြန်ပေးရန် ငြင်းဆန်သည်။ ထို့ပြင် သူက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ မှော်အဆောင်သခင်များက အရည်အချင်းမရှိကြောင်း သူတို့ကို အလွယ်တကူ သူအနိုင်ယူနိုင်ကြောင်း မောက်မာထောင်လွှားစွာ ပြောသည်။
ယခု ထိုမှော်အဆောင်သခင်က ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှ မှော်အဆောင်သခင်များကို စိန်ခေါ်လိုက်ပြီး အဓိကခန်းဆောင်ထဲတွင် မှော်အဆောင်ရေးထွင်းနေသည်။
“ တာအိုရောင်းရင်းဟန်… အဲ့ဒီလူက တကယ်ပဲ အရည်အချင်းရှိပါတယ် ”
အကြီးအကဲကျူးဝူတိုင်က ဟန်မူယဲ့ရောက်လာသည်ကို မြင်သောအခါ တည်ကြည်လေးနက်စွာ ပြောသည်။
အဓိကခန်းဆောင်၏ အရှေ့တွင် တာအိုပညာရှင်ပိုင်ကျိနှင့် မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲတစ်ယောက်က မျက်နှာချင်းဆိုင် ရပ်နေကြသည်။ သူတို့နှစ်ယောက်စလုံးက တည်ကြည်လေးနက်သော အမူအရာဖြင့် မှော်အဆောင် ရေးထွင်းနေကြသည်။
ခန်းဆောင်၏ မျက်နှာကြက်ပေါ်မှ အလင်းအမှောင်မြင်ကွင်းထဲတွင် သူတို့နှစ်ယောက် ရေးထွင်းနေကြသော မှော်အဆောင်များကို ကြည်လင်ပြတ်သားစွာ ဖော်ပြပေးနေသည်။
မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲ၏ အရှေ့မှ မှော်အဆောင်ထဲတွင် အလင်းတန်းတစ်ခုက ရွေ့လျားနေသည်။
ထိုမှော်အဆောင်၏ အသွင်အပြင်တစ်ခုတည်းကပင် တာအိုပညာရှင်ပိုင်ကျိ၏ မှော်အဆောင်နည်းစနစ်ထက် သာလွန်နေပေသည်။
ဘေးပတ်ဝန်းကျင်မှ ထောင်သောင်းချီသော ကျင့်ကြံသူများက ခေါင်းမော့လိုက်ကြပြီး အလင်းအမှောင်မြင်ကွင်းထဲမှ မှော်အဆောင်များကို ဂရုတစိုက် ကြည့်လိုက်ကြသည်။ ရံဖန်ရံခါ သူတို့က တီးတိုးဆွေးနွေးကြသည်။
ကျောက်စိမ်းမှော်အဆောင်စံအိမ်၏ မှော်အဆောင်အတတ်ပညာက တုန်လင်းမြို့တော်တွင် နံပါတ်တစ်ဟု အမြဲတမ်း သတ်မှတ်ခံရသည်။ ယခု သူတို့၏ ဂုဏ်သတင်းက နယ်လှည့်မှော်အဆောင်သခင်တစ်ယောက်၏ နင်းခြေခံရတော့မည်လော။
“ အံ့ဖွယ်ဝိညာဉ်နယ်မြေက မှော်အဆောင်အမွေအနှစ်လား ”
ဟန်မူယဲ့၏ မျက်လုံးထဲ၌ တောက်ပသော နတ်ဘုရားအလင်း ထွက်ပေါ်လာသည်။
အတိတ်မှာ သူက ဓားကျိုးတစ်လက်၏ မှတ်ဉာဏ်ထဲတွင် အံ့ဖွယ်ဝိညာဉ်နယ်မြေမှ မှော်အဆောင်နည်းစနစ်များကို မြင်တွေ့ခဲ့သည်။
ထိုမြင်ကွင်းထဲတွင် နတ်ဘုရားအလင်းနှင့် ဝိညာဉ်အလင်းကဲ့သို့ ထွန်းလင်းတောက်ပသော မှော်အဆောင်များ ပါဝင်သည်။
“ အံ့ဖွယ်ဝိညာဉ်နယ်မြေက လူလား ”
အကြီးအကဲကျူးဝူတိုင်က အံ့ဩထိတ်လန့်သွားသည်။ ကြောက်ရွံ့မှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
ရှေးဟောင်းအမွေအနှစ်များကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့သောကြောင့် အံ့ဖွယ်ဝိညာဉ်နယ်မြေ၏ မှော်အဆောင်အတတ်ပညာများနှင့် လက်နက်သန့်စင်ခြင်းအတတ်ပညာများက အထွတ်အမြတ်နယ်မြေထက် အဆပေါင်းများစွာ ပိုပြီးသာလွန်သည်။
သို့တိုင် အံ့ဖွယ်ဝိညာဉ်နယ်မြေမှ ထိုမှော်အဆောင်သခင်က အထွတ်အမြတ်နယ်မြေထဲမှာ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာဝံ့သည်လော။ သူက အမဲလိုက်ခံရမည်ကို မစိုးရိမ်ဘူးလော။
“ အဲ့ဒါက အမွေအနှစ်ဖြစ်ရုံပဲ… သူက အံ့ဖွယ်ဝိညာဉ်နယ်မြေကလူ မဟုတ်ဘူး ”
ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။ သူ၏ အကြည့်က မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲ၏ အရှေ့မှ ထွန်းလင်းတောက်ပသော မှော်အဆောင်ပေါ်သို့ ကျရောက်သွားသည်။
“ သူ့ရဲ့ မှော်အဆောင်သန့်စင်နည်းက တာအိုပညာရှင်ပိုင်ကျိထက် တကယ်သာတယ် ”
“ ဒီပွဲမှာ ကျောက်စိမ်းမှော်အဆောင်စံအိမ် ရှုံးသွားပြီ ”
ကျောက်စိမ်းမှော်အဆောင်စံအိမ်က အမှန်တကယ် ရှုံးသွားသည်။
မှော်အဆောင်နှစ်ခုကို အောင်မြင်စွာ သန့်စင်ပြီးနောက် ယင်းတို့၏ စွမ်းအားကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်သည်။
တာအိုပညာရှင်ပိုင်ကျိ၏ မှော်အဆောင်က နွယ်ပင်အဖြစ် ပြောင်းလဲသွားပြီး မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲကို ရိုက်ချလိုက်သည်။
မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲက ရယ်လိုက်သည်။ သူ၏ လက်ထဲမှ မှော်အဆောင်က နွားတစ်ကောင်အဖြစ် ဖွဲ့စည်းသွားပြီး နွယ်ပင်ကို ဆုတ်ဖြဲလိုက်သည်။ ထို့နောက် နွားက တာအိုပညာရှင်ပိုင်ကျိထံသို့ ပြေးသွားသည်။
တာအိုပညာရှင်ပိုင်ကျိက မျက်နှာသုန်မှုန်သွားပြီး နွားကို ခုခံတားဆီးရန် ကျောက်စိမ်းမှော်အဆောင်နှစ်ခုကို ဆက်တိုက် ပစ်လွှတ်လိုက်သည်။
ယင်း၏ အဓိပ္ပာယ်မှာ သူက ရန်သူ၏ မှော်အဆောင်တစ်ခုကို တားဆီးရန် သူ့ကိုယ်ပိုင်မှော်အဆောင်သုံးခုကို အသုံးပြုလိုက်ရသည်။
ထိုတိုက်ပွဲက ဘေးပတ်ဝန်းကျင်မှ စောင့်ကြည့်နေကြသော ကျင့်ကြံသူများကို အံ့ဩမှင်သက်သွားစေသည်။
တာအိုပညာရှင်ပိုင်ကျိ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ကျသော အမူအရာ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး မူလကျောက်စိမ်းအိတ်တစ်လုံးကို ထုတ်ကာ စားပွဲခုံပေါ်သို့ တင်လိုက်သည်။ ထို့နောက် သူက အဝေးသို့ လျှောက်သွားသည်။
မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲက ပြုံးလိုက်ပြီး မူလကျောက်စိမ်းအိတ်ကို သူ့ကိုယ်ပိုင်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် သူက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို ဝေ့ဝိုက်ကြည့်လိုက်ပြီး မေးသည်။
“ ကျောက်စိမ်းမှော်အဆောင်စံအိမ်က ဘယ်တာအိုရောင်းရင်းကများ ကျုပ်နဲ့ ပညာယှဉ်ပြိုင်ချင်ပါသလဲ ”
“ အခုလို ပညာဖလှယ်မှပဲ ကျုပ်တို့ရဲ့ မှော်အဆောင်စွမ်းရည်ကို နောက်ထပ် တိုးမြှင့်နိုင်မှာပါ… ”
“ မူလကျောက်တုံးတစ်သောင်းက သေးငယ်တဲ့ အလောင်းအစားလေးပါ ”
သူ၏ စကားသံက ကျောက်စိမ်းမှော်အဆောင်စံအိမ်ထဲမှာ ပဲ့တင်ထပ်သွားသည်။
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ဟန်မူယဲ့နှင့် အကြီးအကဲကျူးဝူတိုင်ကို လှည့်ကြည့်လိုက်ကြသည်။
အကြီးအကဲကျူးဝူတိုင်က မျက်မှောင်ကြုတ်လိုက်သည်။
“ ဟား ဟား… တကယ်လို့ ကျောက်စိမ်းမှော်အဆောင်စံအိမ်က ကျုပ်နဲ့ မယှဉ်ပြိုင်ရဲဘူးဆိုရင် ထျန်းရွှမ်တာအိုဂိုဏ်းရဲ့ မှော်အဆောင်သခင်စုဝေးပွဲအတွက် အဆုံးအဖြတ်အခွင့်အာဏာကို လက်လျော့လိုက်ပါ ”
မီးခိုးရောင်ဝတ်စုံဝတ် အကြီးအကဲ၏ မျက်နှာပေါ်မှ အပြုံးက ပျောက်ကွယ်သွားသည်။ သူ၏ အရှိန်အဝါက ဤအခိုက်အတန့်မှာ တောင်ကြီးတစ်တောင်သဖွယ် ကြီးမားလေးလံလာသည်။
တာအိုပေါ်ထွက်ခြင်းအဆင့်… ။
သူက ထျန်းရွှမ်တာအိုဂိုဏ်းမှ မှော်အဆောင်သခင်စုဝေးပွဲ၏ အဆုံးအဖြတ်အခွင့်အာဏာအတွက် ရောက်လာခြင်းပင်။
ဟန်မူယဲ့က အကြီးအကဲကျူးဝူတိုင်ကို လှည့်ကြည့်လိုက်သည်။
အဆုံးအဖြတ်အခွင့်အာဏာကို ထိုနယ်လှည့်မှော်အဆောင်သခင်ဆီ ပေးမည်လော။ အဆုံးအဖြတ်အခွင့်အာဏာကို ပိုင်ဆိုင်ထားလျှင် ထိုသူက အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်နှင့် ထိတွေ့နိုင်လိမ့်မည်။
ထိုသူ၏ ပစ်မှတ်က အံ့ဖွယ်အန္တိမတာအိုမှော်အဆောင်လော။
အကြီးအကဲကျူးဝူတိုင်က အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ သူက အင်္ကျီကို သပ်ရပ်စွာ ပြုပြင်လိုက်ပြီး အဓိကခန်းဆောင်ထဲသို့ လျှောက်သွားသည်။
“ ကျုပ်အရှေ့ထွက်မှ ဖြစ်မယ် ”
“ မဟုတ်ရင် ကျောက်စိမ်းမှော်အဆောင်စံအိမ်ရဲ့ ဂုဏ်သိက္ခာက မြောင်းထဲ ရောက်သွားလိမ့်မယ် ”
သူ့စကားဆုံးသည်နှင့်ချက်ချင်း အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။
“ ဒီတစ်ပွဲကို ကျုပ်ယှဉ်ပြိုင်ပါရစေ ”
ယင်းက ဟန်မူယဲ့၏ အသံဖြစ်သည်။
( ဘာသာပြန်သူရဲ့ မှတ်ချက်: ဒီတစ်အုပ်မှာ (၁၃)ပိုင်းပဲ ပါပါတယ်… စာအုပ်ဇာတ်သိမ်းဖို့ (၂၆)ပိုင်းပဲ လိုတော့တာဖြစ်လို့ (၁၃)ပိုင်းတစ်အုပ်စီ ခွဲလိုက်တာပါ… နောက်တစ်အုပ်ဆို ဇာတ်သိမ်းပါပြီ )