ကောယယ်၏ ဖိတ်ခေါ်မှု
Vol. 2 Ch. 11
နွေဦးလေပြည်ကျင့်စဉ်အား အဆင့်မြှင့်တင်ရန် စွမ်းအင် ၃ ယူနစ် အသုံးပြုမည်လော။
လုပ်မည်/မလုပ်ပါ
—
“သာမန်အဆင့် ပထမအဆင့်ကို ရောက်ဖို့ စွမ်းအင် ၃ ယူနစ် လိုတာပဲ...”
ရွှီနင် တစ်ချက် စုပ်သပ်လိုက်သည်။
စွမ်းအင် ၃ ယူနစ်ဆိုသည်မှာ လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အခြေခံအဆင့်သို့ မြှင့်တင်ရာတွင် ကုန်ကျသည့် ပမာဏနှင့် တူညီနေ၏။ သိပ်မများလှသဖြင့် လက်ခံနိုင်ဖွယ်ရာ ရှိပေသည်။
သို့သော် လတ်တလောတွင် သူ့စွမ်းအင်လက်ကျန်များ ကုန်ဆုံးနေပြီဖြစ်ရာ ချက်ချင်း အဆင့်မမြှင့်တင်နိုင်သည်မှာ နှမြောစရာပင်။
“မလုပ်တော့ပါဘူး”
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို မချင့်မရဲ ပိတ်လိုက်လေသည်။
.
အနာဂတ်တွင် အဆင့်မြှင့်လိုပါက စွမ်းအင်ကို ဦးစွာ စုဆောင်းရပေမည်။
သို့သော် ရွှီနင်သည် စွမ်းအင်ယူနစ်အသစ်များ ရရှိရန်အတွက် ပူပန်ခြင်း မရှိတော့ချေ။
သူသည် လေပြင်းမုန်တိုင်းဓားနည်းစနစ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုအခါ ယွင်ဇယ်တောင်တန်း၏ အတွင်းသို့ ဝင်ရောက်နိုင်ပြီ ဖြစ်သည်။
ထိုနေရာမှ ရရှိနိုင်မည့် သဘာဝရင်းမြစ်များသည် ယခင်ကထက် ပိုမိုပေါများလာမည့်အပြင် တန်ဖိုးလည်း ပိုကြီးပေလိမ့်မည်။
သူ့သိုင်းပညာစွမ်းအားကို ယွင်ဇယ်တောင်တန်း၌ အပြည့်အဝ အသုံးချနိုင်တော့မည် ဖြစ်သည်။
“နှစ်ရက်လောက် နားပြီး ပြင်ဆင်စရာရှိတာပြင်ပြီး တောင်ပေါ် တက်ရမယ်”
ရွှီနင် အစီအစဉ် ချလိုက်သည်။
အချိန်များ ဖြည်းညင်းစွာ ကုန်ဆုံးသွား၏။
ထောင်ယွင်ချွမ်းနှင့် ရွှီလျန်တို့ အလုပ်သွားကြသဖြင့် အိမ်တွင်မရှိကြရာ ရွှီနင်မှာ ကလေးထိန်းအဖြစ် ကျန်ရစ်ခဲ့သည်။
အိမ်ခြံဝန်းထဲ၌ ဖြစ်၏။
ရွှီနင်နှင့် ထောင်ထောင်တို့ မျက်နှာချင်းဆိုင် ရပ်နေကြသည်။
ထောင်ထောင်သည် ယခုနှစ်တွင် သုံးနှစ်ပြည့်ပြီဖြစ်ပြီး အရပ်မှာ တစ်မီတာပင် မပြည့်သေးချေ။
သူမသည် ကြက်မောင်းသည့် သစ်သားတုတ်ချောင်းကို ကိုင်ဆောင်ထားပြီး ရွှီနင်အား လေးနက်သော အမူအရာဖြင့် ကြည့်နေလေသည်။
သူမက ဦးလေးဖြစ်သူနှင့် တိုက်ခိုက်တော့မည် ဖြစ်သည်။
ထောင်ထောင်သည် ပုံမှန်အားဖြင့် ရွှီလျန်ရှေ့တွင် လိမ္မာသော ကလေးတစ်ဦးဖြစ်သော်လည်း သူမ၏ စိတ်နေသဘောထားမှာ အတော်လေး ဆိုးသွမ်းတက်ကြွသူ ဖြစ်သည်။
သူမသည် သူငယ်ချင်းများနှင့် ကစားသည့်အခါ ခေါင်းဆောင်လုပ်လေ့ရှိပြီး ပြဿနာဖြေရှင်းရန် အာင်းအားကိုသုံးကာ ယောက်ျားလေးများနှင့် ရန်ဖြစ်တတ်လေသည်။
တစ်နေ့က ရွှီနင် သိုင်းပညာစစ်ဆေးမှုကို အောင်မြင်ခဲ့ခြင်းက ထောင်ထောင်၏ သိုင်းပညာအပေါ် ရူးသွပ်မှုကို ပိုမိုနက်ရှိုင်းသွားစေခဲ့သည်။
ထို့နောက်ပိုင်းတွင် ထောင်ထောင်သည် ရွှီနင်နောက်သို့ လိုက်ကာ သိုင်းပညာ လေ့ကျင့်သင်ယူလာတော့သည်။
အမှန်စင်စစ် ရွှီနင်သည် သူမအား စနစ်တကျ သင်ပေးနေခြင်း မဟုတ်ပေ။ ထောင်ထောင်မှာ ငယ်ရွယ်လွန်းသေးပြီး သူမကို ပံ့ပိုးပေးရန် အရင်းအမြစ်များလည်း မရှိသေးချေ။ သိုင်းပညာကို အလျင်စလို လေ့ကျင့်ပါက ခန္ဓာကိုယ် ထိခိုက်လွယ်ပေသည်။
ထောင်ထောင်က ဤအချက်ကို လက်မခံဘဲ ရွှီနင်နှင့် ယှဉ်ပြိုင်တိုက်ခိုက်ရန် ပူဆာနေတော့၏။
“လာလေ”
ရွှီနင်က ရင်ဘတ်ကို လက်ပိုက်ကာ ခေါင်းငုံ့လျက် ထောင်ထောင်ကို ကြည့်လိုက်သည်။
ထောင်ထောင်က သူ့စကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်၏။
သူမကို ရန်စလိုက်သည်ဟု ခံစားမိသွားသည်။
“အား...”
ထောင်ထောင် အော်ဟစ်ကာ တုတ်ချောင်းကို ကိုင်လျက် ရှေ့သို့ ပြေးဝင်လာသည်။
သူမ၏ သိုင်းပညာပါရမီကို ဦးလေးဖြစ်သူအား ပြသချင်နေပုံရသည်။
ထောင်ထောင်၏ ရူးရူးမူးမူး ပုံစံကို မြင်သောအခါ ရွှီနင် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။
ထောင်ထောင် ပြေးဝင်လာသည်နှင့် ရွှီနင်က ခြေထောက်ကို မလိုက်ပြီး ထောင်ထောင်၏ ဗိုက်ကို ဖိထောက်ကာ ရှေ့ဆက်မတိုးနိုင်အောင် တားလိုက်လေသည်။
ထို့နောက် ရွှီနင်က ညင်သာစွာ တွန်းထုတ်လိုက်သည်။
ထောင်ထောင်တစ်ယောက် ယိုင်လဲကာ မြေကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။
“နောက်တစ်ခါ”
ထောင်ထောင်က အရှုံးမပေးပေ။ သူမ မတ်တပ်ရပ်ကာ ကိုယ်ပေါ်မှ ဖုန်များကို ပုတ်ခါပြီး ရှေ့သို့ တဖန် ပြေးဝင်လာပြန်သည်။
ဖြစ်ပျက်ပုံချင်းက အတူတူပင်။
ထောင်ထောင် မြေကြီးပေါ်သို့ ထပ်မံ လဲကျသွားပြန်သည်။
သူမ ပြန်ထရန် ပြင်လိုက်စဉ် ကြီးမားသော လက်တစ်ဖက်က သူမကို မြေကြီးပေါ်သို့ ဖိချလိုက်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ရွှီနင်က ဆောင့်ကြောင့်ထိုင်ကာ ထောင်ထောင်၏ ဗိုက်ကို ဖိထားသဖြင့် သူမ မလှုပ်ရှားနိုင်တော့ပေ။
“အခုရော”
ရွှီနင်က ထောင်ထောင်ကို ကြည့်လိုက်သည်။
“မရဘူး”
ထောင်ထောင်က ရုန်းကန်နေဆဲပင်။
“ဟား...”
ရွှီနင်က အေးစက်စက် ရယ်မောလိုက်သည်။
သူက ထောင်ထောင်ကို လက်တစ်ဖက်ဖြင့် ဖိထားပြီး ကျန်လက်တစ်ဖက်ဖြင့် ထောင်ထောင်ကို ကလိထိုးပေးလိုက်သည်။
“အခုရော”
ရွှီနင်က ထပ်မေးလိုက်သည်။
“မရ... ဘူး”
ထောင်ထောင်၏ လေသံ သိသိသာသာ ပျော့သွား၏။
သူမအသံများ တုန်ရီနေသည်။ သူမ အလွန်ဒေါသထွက်နေသော်လည်း ရယ်ချင်စိတ်ကို မထိန်းနိုင်ဖြစ်နေသည်။
“အခုရော”
ရွှီနင် မေးလိုက်သည်။
“မရ... မဟုတ်ဘူး... ရပြီ... ရပြီလို့”
ထောင်ထောင် လက်မြှောက် အရှုံးပေးလိုက်ရသည်။
“ကောင်းပြီ”
ရွှီနင်က ထောင်ထောင်ကို လွှတ်ပေးလိုက်သည်။
သူ နေလုံးကို တစ်ချက် ကြည့်လိုက်ရာ မွန်းတည့်ချိန်နီးနေပြီ ဖြစ်သည်။
ထောင်ယွင်ချွမ်းနှင့် ရွှီလျန်တို့ နေ့လယ်စာ စားရန် ပြန်လာကြတော့မည်ဖြစ်ရာ သူ ထမင်းချက်ရမည့် အချိန်ပင်။
ရွှီနင် မီးဖိုချောင်ထဲသို့ ဝင်ကြည့်လိုက်ရာ ထင်းသိပ်မကျန်တော့သည်ကို တွေ့ရသဖြင့် ထင်းအရင် ခွဲရန် စိတ်ကူးလိုက်သည်။
ရွှီနင်ကြောင့် ရှုံးနိမ့်သွားသော ထောင်ထောင်မှာ မကျေမနပ် ဖြစ်နေရှာသည်။ သူမက မျက်လုံးကစားလိုက်ရာ ခြံဝင်းထဲရှိ အိုမင်းနေသော ကြက်မကြီးကို သွားတွေ့လေသည်။
ကြက်မအိုကြီးမှာ ဂဏာမငြိမ် ဖြစ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခု၏ စိုက်ကြည့်ခြင်းကို ခံနေရသလို ခံစားလိုက်ရသဖြင့် ၎င်းက အော်ဟစ်ကာ ထွက်ပြေးတော့သည်။
“ရပ်စမ်း”
ထောင်ထောင်က ကြက်မကြီးနောက်သို့ လိုက်လေတော့သည်။
ထောင်ထောင် ပြဿနာရှာနေဆဲအချိန်တွင် ရွှီနင် ထင်းခွဲပြီးသွားပြီ ဖြစ်သည်။
ဟင်းသီးဟင်းရွက်များကို ဆေးကြောရန် ပြင်နေစဉ်မှာပင် အိမ်တံခါးဝမှ တစ်စုံတစ်ယောက် လှမ်းခေါ်သံကို ရွှီနင် ကြားလိုက်ရသည်။
“ရွှီနင်”
ထို့နောက် ခြံဝင်းတံခါး ပွင့်သွားပြီး ကောယယ် ဝင်လာလေသည်။
သူသည် ကျောတွင် ဓားတစ်ချောင်းကို လွယ်ထားပြီး လက်ထဲတွင် ဆီစိမ်စက္ကူထုပ်ကို ကိုင်ထားသည်။
ကောယယ်က ရွှီနင်ကို ကြည့်ကာ မေးလိုက်၏။
“အလုပ်ရှုပ်နေလား”
“နေ့လယ်စာ ချက်နေတာလေ”
ရွှီနင်က ကောယယ်ကို တစ်ချက် ကြည့်လိုက်သည်။ “မင်းက ထမင်း အလကားလာစားတာလား”
“မဟုတ်ပါဘူး”
ကောယယ်က ခေါင်းခါသည်။ “သိုင်းပညာ လာလေ့ကျင့်တာ”
“ထမင်းစားပြီးမှ ပြောကြတာပေါ့”
ရွှီနင်က ရှောင်လွှဲလိုက်သည်။
“ချက်မနေပါနဲ့တော့... ဒါပဲ စားလိုက်”
ကောယယ်က ပြုံးလျက် ဆီစိမ်စက္ကူကို ဖြန့်ပြလိုက်ရာ အတွင်း၌ ထုပ်ပိုးထားသော ဝက်အူချောင်းအချို့ ပေါ်လာသည်။ “ငါ့ဦးလေး ဝယ်လာတာလေ... ငါ နည်းနည်း ယူလာခဲ့တယ်”
ကောယယ်၏ ဦးလေးဖြစ်သူ ထောင်ယွင်ကန်းသည် ခန်းယွင်ခရိုင်တစ်ဝိုက် လှည့်လည်သွားလာလေ့ရှိပြီး ကောယယ်အတွက် စားစရာကောင်းများ မကြာခဏ ဝယ်လာတတ်သည်။
“ဒါဆိုရင်လည်း ကျေးဇူးပဲကွာ”
ရွှီနင်က မငြင်းတော့ပေ။ သူက ဝက်အူချောင်းကို ယူလိုက်ပြီး “ဒါဆိုရင် ငါ ဝက်အူချောင်းကို ပေါင်းလိုက်မယ်... ပြီးရင် မင်းကို လေပြင်းမုန်တိုင်းဓားနည်းစနစ် သင်ပေးမယ်” ဟု ပြောလိုက်သည်။
“ကောင်းပြီ”
ကောယယ်က ပြုံးဖြဲဖြဲ လုပ်လိုက်သည်။
ရွှီနင် မီးဖိုချောင်ထဲသို့ ဝင်သွားချိန်တွင် ထောင်ထောင်က ကောယယ်ကို နှုတ်ဆက်လိုက်သည်။
“ဦးလေးယယ်”
ထောင်ထောင်က ယဉ်ကျေးစွာ ခေါ်လိုက်သည်။
“ဟေး...”
ကောယယ်မှာ ယခုနှစ်မှ ၁၇ နှစ်သာ ရှိသေးရာ ဦးလေးဟု အခေါ်ခံရရန် ငယ်လွန်းနေသေးသည်။
“ရော့...”
ကောယယ်က သူ့အိတ်ကပ်ထဲမှ သကြားလုံးအချို့ကို ထုတ်ကာ ထောင်ထောင်ကို ပေးလိုက်သည်။
ဒါတွေကိုလည်း အိမ်ကနေ ယူလာခြင်း ဖြစ်သည်။
“ကျေးဇူးပါ ဦးလေးယယ်”
ထောင်ထောင် မျက်လုံးများ အရောင်တောက်သွားပြီး လှမ်းယူလိုက်သည်။
သူမသည် ကြက်ကို ဆက်မလိုက်တော့ဘဲ ခြံဝန်းထောင့်တွင် ထိုင်ကာ သကြားလုံး စတင်စားတော့သည်။
“ဦးလေးကန်းက သာမန်လူသားအဆင့်ရဲ့ တတိယအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သလို လေပြင်းမုန်တိုင်းဓားနည်းစနစ် အလယ်အလတ်အဆင့် ရောက်နေတာပဲ... ဘာလို့ သူ့ကို မသင်ခိုင်းတာလဲ”
ရွှီနင်က ဝက်အူချောင်းများကို ပေါင်းရင်း မီးဖိုချောင်ထဲမှ ထွက်လာသည်။
“ငါ့ဦးလေးက အနီးနားရွာတွေမှာ ဆေးဖက်ဝင်ပစ္စည်း လိုက်စုနေလို့ အလုပ်ရှုပ်နေတာ... ငါ့ကို သင်ပေးဖို့ အချိန်မရှိဘူး”
ကောယယ်က ညည်းတွားလိုက်သည်။ “ငါ့ကို ဈေးကူစစ်ခိုင်းတုန်းကကျတော့ စိတ်ပါလက်ပါနဲ့... ပြီးတော့ကျ ငါ့ကို ဂရုမစိုက်တော့ဘူး”
ရွှီနင်က ကောယယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
ကောယယ်သည် သိုင်းပညာ၌ ပါရမီမပါသော်လည်း ကုန်ပစ္စည်း အရောင်းအဝယ်ပြုလုပ်ရာတွင်မူ အထာနပ်ပေသည်။
သူက အခြားရွာများနှင့် အရောင်းအဝယ် ညှိနှိုင်းရာတွင် ဈေးနှုန်း သက်သာရုံသာမက ဖောက်သည်ဆက်ဆံရေးလည်း ကောင်းမွန်စေသည်။
ဤစွမ်းရည်ကြောင့်ပင် ကောယယ်သည် ဦးလေးဖြစ်သူရှေ့၌ မားမားမတ်မတ် ရပ်နေနိုင်ခြင်းဖြစ်ပြီး သိမ်ငယ်စရာမလိုခြင်း ဖြစ်သည်။
“တော်ပါတော့... စကားမများနဲ့တော့... မင်းရဲ့ လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အရင်ပြစမ်းပါ”
ရွှီနင်က ကောယယ်ကို ပြောလိုက်သည်။
ကောယယ်က သိုင်းပညာကို တကယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သူ တိုးတက်ချင်နေမှတော့ ရွှီနင် ကူညီရပေမည်။
“ကောင်းပြီ”
ကောယယ်က ကျောနောက်မှ သံမဏိဓားကို ထုတ်လိုက်ပြီး လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်ထားလိုက်သည်။
သူ့သံမဏိဓား၏ အရည်အသွေးမှာ ရွှီနင် ဆုကြေးအဖြစ် ရရှိထားသော ဓားထက် တစ်ဆင့်နိမ့်သည်။ လေးငါးပေါင်ခန့်သာ လေးပြီး လေ့ကျင့်ရေးဓား အရွယ်အစားခန့်သာ ရှိသည်။
“အား...”
ကောယယ်က ကိုယ့်ကိုယ်ကိုယ် အားပေးသကဲ့သို့ တိုးတိုးလေး အော်ဟစ်လိုက်သည်။
ထို့နောက် လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို စတင် ထုတ်ဖော်ပြသလေသည်။
ရွှီနင်က ဘေးမှရပ်ကာ ကောယယ်၏ လှုပ်ရှားမှုများကို ကြည့်ရင်း ခေါင်းကို ညင်သာစွာ ယမ်းလိုက်မိသည်။
ထောင်ယွင်မန် ပြောခဲ့သလိုပင် သူက လေပြင်းမုန်တိုင်းဓားနည်းစနစ်၏ အခြေခံသဘောတရားများကို နားမလည်ထားပေ။
“ဘယ်လိုလဲ”
သိုင်းကွက် ပြီးဆုံးသွားသောအခါ ကောယယ်က ရွှီနင်၏ အမြင်ကို မေးလိုက်သည်။
“သိပ်မကောင်းဘူး”
ရွှီနင်က ညှာတာမနေပေ။ “ဒီမှာ... ငါ လုပ်ပြမယ်”
ရွှီနင်က စိတ်ရှည်လက်ရှည်ပင်။ သူက ကောယယ်မြင်သာအောင် သိုင်းကွက်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။
ထို့နောက် ကောယယ်၏ လေပြင်းမုန်တိုင်းဓားနည်းစနစ်မှ အားနည်းချက်များကို ထောက်ပြပြီး တိုးတက်စေရန် အကြံဉာဏ်များ ပေးလိုက်သည်။
ကောယယ်သည် ရွှီနင်ကြောင့် စိတ်ဓာတ်တက်ကြွလာပြီး သင်ယူရန် အလေးအနက်ထားနေပုံရလေသည်။
သိုင်းကွက်ကို နှစ်ကြိမ်သုံးကြိမ်ခန့် ထပ်ခါတလဲ လေ့ကျင့်ပြီးနောက် ကောယယ်သည် အမှားအယွင်းများစွာကို ပြင်ဆင်နိုင်ခဲ့သည်။
“ငါ တိုးတက်လာသလို ခံစားရတယ်ကွ”
ကောယယ်က ၎င်းကို သတိပြုမိပုံရသည်။
“ဟုတ်တယ်... မင်း တိုးတက်လာတယ်”
ရွှီနင် ခေါင်းညိတ်လိုက်သည်။
ကောယယ် ရယ်မောလိုက်သည်။ ထို့နောက် ဓားကို ပစ်ချကာ ခြံဝန်းထဲရှိ ကျောက်တုံးပေါ်တွင် ထိုင်ချလိုက်သည်။
သူသည် ချွေးများ ရွှဲနစ်နေ၏။ “ဒီနေ့တော့ ဒီလောက်ပဲကွာ... ငါ ခဏလောက် နားဦးမယ်”
“ထောင်ထောင်... ရေနည်းနည်းလောက် ခပ်ပေးပါဦး”
ရွှီနင်က ထောင့်နားတွင် ရှိနေသော ထောင်ထောင်ကို လှမ်းအော်ပြောလိုက်သည်။
ထောင်ထောင် အခန်းထဲသို့ ပြေးဝင်သွားပြီး ရေအိုးထဲမှ ရေခပ်လာခဲ့သည်။ သို့သော် ကောယယ်ကို မပေးဘဲ ရွှီနင်ကို အရင်ကမ်းပေးလိုက်သည်။ “ဦးလေး... ရေ”
“ဦးလေးယယ်ကို ပေးလိုက်လေ”
ရွှီနင်က လက်ကာပြလိုက်သည်။
“ဦးလေးယယ်... ရေ”
ထောင်ထောင်က ရေကို ကောယယ်ထံ ကမ်းပေးလိုက်သည်။
“ကျေးဇူးပဲ ကလေးမရာ...” ကောယယ်က ရေခွက်ကို ယူလိုက်ပြီး ရေရွတ်လိုက်သည်။ “ငါက ဒီမှာ မောလွန်းလို့ သေတော့မယ်... နင်က နင့်ဦးလေးကို အရင် ရေတိုက်သေးတယ်... တကယ့် တူမအရင်းခေါက်ခေါက်ပဲ”
ကောယယ် ရေမော့သောက်လိုက်ပြီး ရေခွက်ကို ထောင်ထောင်အား ပြန်ပေးလိုက်သည်။
ထောင်ထောင်က ကောယယ်ကို ပြုံးပြပြီး လှည့်ထွက်ကာ ပြေးသွားလေသည်။
“ရွှီနင်... မင်း ဒီရက်ပိုင်း ထောင်ထောင်ကို ထိန်းပေးဖို့ စိတ်ကူးထားတာလား”
ကောယယ်က ပြေးထွက်သွားသော ထောင်ထောင်ကို ကြည့်ရင်း မေးလိုက်သည်။
“မဟုတ်ဘူး... ငါ နောက်နှစ်ရက်နေရင် တောင်ပေါ်တက်တော့မလို့... ငါ့အင်အားလည်း ပိုမြင့်လာပြီဆိုတော့ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ရှာဖွေနိုင်ပြီလေ”
ရွှီနင် ပြန်ဖြေလိုက်သည်။
“ဩော်...”
ကောယယ် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားသည်။ သူ ရုတ်တရက် ပြောလိုက်၏။ “အင်း... ငါ့ဦးလေးက နောက်နှစ်ရက်နေရင် ကုန်ပစ္စည်းပို့ဖို့ မြို့ထဲသွားမှာ... မင်းများ လှည်းအဖွဲ့နဲ့အတူ လိုက်ပြီး စောင့်ရှောက်ပေးဖို့ စိတ်ဝင်စားမလားလို့”