မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့
Vol. 2 Ch. 13
စကားသံကို ကြားသောအခါ ထိပ်ပြောင်နှင့်လူက မဲ့ပြုံးပြုံးလိုက်သည်။ “မင်းက အကုန်စုံစမ်းထားတာပဲ”
“ဒါပေါ့” လက်တစ်ဖက်ပြတ်နေသူ၏ လေသံတွင် အမုန်းတရားတို့ ပြည့်နှက်နေသည်။ “လွန်ခဲ့တဲ့ သုံးလတုန်းက သူပဲ ကျုပ်လက်ကို ဖြတ်ပစ်ခဲ့တာလေ... ကျုပ်သာ မြင်းပေါ်တက်ပြီး ချက်ချင်းထွက်မပြေးခဲ့ရင် သူက ကျုပ်အသက်ကိုပါ ယူသွားမှာ”
“သနားစရာကောင်းတဲ့ ကျုပ်ညီအစ်ကိုတွေ.. အကုန်လုံး ထောင်ယွင်ကန်းတို့လက်ချက်နဲ့ သေကုန်ကြပြီ.. ဒီတစ်ခါတော့ သူတို့အမှားအတွက် ပြန်ပေးဆပ်စေရမယ်”
ထိပ်ပြောင်နှင့်လူသည် လက်ပြတ်နေသူ စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရ၏။ သူက ပခုံးကိုပုတ်လိုက်ရင်း “မပူပါနဲ့ကွာ.. သူတို့ ကုန်သွားရောင်းပြီး ပြန်လာတဲ့အခါ အကုန်သတ်ပစ်ပြီး မင်းနဲ့ မင်းညီအစ်ကိုတွေအတွက် လက်စားချေပေးပါ့မယ်” ဟု ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်”
လက်ပြတ်နေသူက ခေါင်းငုံ့ကာ ပြောလိုက်သည်။
“ရပါတယ်ကွာ” ထိပ်ပြောင်နှင့်လူက ရယ်မောလိုက်သည်။ “ညီအစ်ကိုသာ ငါတို့ဆီဝင်လာရင် ငါတို့တပ်ဖွဲ့က အခြေခိုင်သွားပြီ.. ဓားရှည်မြင်းစီးအဖွဲ့တို့ ပန်းလိပ်ပြာအဖွဲ့တို့လောက် မမီရင်တောင် သမိုင်းမှာ နာမည်ကျန်ရစ်မှာပါ”
“ခေါင်းဆောင်သာ ဦးဆောင်မယ်ဆိုရင်တော့ သေချာပေါက် ဖြစ်လာမှာပါ”
လက်ပြတ်နေသူက ခေါင်းဆောင်ကို မြှောက်ပင့်ပြောဆိုလိုက်လေသည်။
ထိပ်ပြောင်နှင့်လူက ပြုံးလိုက်ပြီး လက်အောက်ငယ်သားတစ်ဦးကို “ဒီမှာ လူနှစ်ယောက်နဲ့နေခဲ့ပြီး စောင့်ကြည့်နေ.. ထောင်ယွင်ကန်းတို့ ပြန်လာတာနဲ့ ချက်ချင်းလာသတင်းပို့” ဟု မှာကြားလိုက်သည်။
“ဟုတ်ကဲ့ပါ”
မြင်းစီးဓားပြက ခေါင်းငြိမ့်လက်ခံလိုက်သည်။
“ပြီးတော့ တခြားစခန်းက လူတွေနဲ့တွေ့ရင် ပြဿနာမဖြစ်စေနဲ့ဦး” ထိပ်ပြောင်နှင့်လူက ထပ်ပြောလိုက်၏။ “ငါတို့စခန်းက အခုမှထောင်ကာစဆိုတော့ တခြားစခန်းတွေနဲ့ယှဉ်ရင် အင်အားကွာခြားချက် ရှိနေသေးတယ်”
“စိတ်ချပါ”
မြင်းစီးဓားပြက ခေါင်းငြိမ့်လိုက်သည်။
ထိပ်ပြောင်နှင့်လူလည်း လှည့်ထွက်သွားလေတော့သည်။
လက်ပြတ်နေသူသည် အဝေးတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်ရင်း မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။
…
နေမင်းက အနောက်ဘက်သို့ ရောက်နေလေပြီ။
ထောင်ယွင်ကန်း၏ လှည်းတန်းသည် ခန်းယွင်ခရိုင်မြို့တံခါးပေါက်အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
“ရောက်ပြီဟေ့”
ကောယယ်က အားရပါးရ ရယ်မောလိုက်သည်။
ရွှီနင်သည် မြို့တံခါးပုံသဏ္ဌာန်ကို ကြည့်လိုက်မိသည်။ သူသည် စူးစမ်းချင်စိတ်များ ပြည့်နှက်နေ၏။
ထောင်ရွာသို့ ရောက်ရှိလာပြီးကတည်းက ယွင်ဇယ်တောင်တန်းမှလွဲ၍ သူဘယ်မှ မသွားခဲ့ဖူးပေ။
ဤသည်မှာ ခန်းယွင်ခရိုင်သို့ သူပထမဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်သည်။
မြို့ထဲသို့ မဝင်ရသေးသော်လည်း မြို့တံခါးမှ ဝင်ထွက်သွားလာနေသူများ များပြားလှပေသည်။
ထောင်ရွာပြင်ပတွင် ဤမျှထူထပ်သော လူအုပ်ကြီးကို ရွှီနင်ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
“ကုန်ပစ္စည်းတွေ မြို့ထဲသွင်းချင်ရင် အခွန်အရင်ဆောင်ရမယ်”
သံချပ်ကာဝတ်ဆင်ထားသော စစ်သည်တစ်ဦးက အော်ပြောလိုက်သည်။
ထောင်ယွင်ကန်းက ဤကိစ္စများတွင် အတွေ့အကြုံရှိပြီးသားဖြစ်၍ မြို့ဝင်ကုန်ပစ္စည်းစစ်ဆေးသည့် တန်းစီနေသည့် လူတန်းကြီးထဲသို့ ဝင်လိုက်သည်။
ထောင်ယွင်ကန်းတစ်ယောက် အခွန်ဆောင်ပြီးနောက် သူတို့အဖွဲ့ မြို့ထဲသို့ ဝင်ရောက်နိုင်ခဲ့ကြလေသည်။
“ခမ်းနားလိုက်တာ”
“ဒီနေရာက ထောင်ရွာထက်စာရင် တကယ်ကို စည်ကားတာပဲ”
“…”
ရွှီနင်မှလွဲ၍ ကျန်လူအားလုံး မြို့ပေါ်သို့ ရောက်ဖူးကြသော်လည်း ဤသို့သက်ဝင်လှုပ်ရှားနေသော မြင်ကွင်းကို မြင်လိုက်ရတိုင်း ချီးကျူးမဆုံး ဖြစ်နေကြရသည်။
ရွှီနင်ကမူ တည်ငြိမ်နေ၏။ ထောင်ရွာထက် ပိုမိုစည်ကားသော်လည်း ယခင်ဘဝက သူနေထိုင်ခဲ့ဖူးသော မြို့ပြကြီးများကို မှတ်မိနေသေးသဖြင့် ဤမြို့က သူ့ကို အထင်ကြီးလောက်အောင် မဆွဲဆောင်နိုင်ခဲ့ပေ။
“အားလုံးပဲ ပင်ပန်းသွားကြပြီ”
ရှေ့ဆုံးမှ လှည်းပေါ်တွင်ထိုင်ရင်း ထောင်ယွင်ကန်းက ပြောလိုက်သည်။ “တည်းခိုခန်းရှာပြီး ကောင်းကောင်းမွန်မွန် စားသောက်ကြတာပေါ့.. မနက်ဖြန်ကျမှ ဆေးဆိုင်ကိုဆက်သွယ်ပြီး ပစ္စည်းချကြမယ်”
“ကောင်းပါပြီ”
နားရမည်၊ စားရမည်ဟု ကြားလိုက်ရသဖြင့် အားလုံးက သဘောတူလိုက်ကြသည်။
ထောင်ယွင်ကန်းက အတွေ့အကြုံရှိသူပီပီ တည်းခိုခန်းရှိရာသို့ ဦးတည်သွားလိုက်သည်။
ခွပ် ခွပ် ခွပ်။
ရုတ်တရက် အဝေးမှ မြင်းခွာသံများကို ကြားလိုက်ရ၏။
ထို့နောက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။
“ဖယ်ကြ.. လမ်းမပိတ်နဲ့”
ထောင်ယွင်ကန်းတစ်ယောက် ထိုအရာကို မြင်လိုက်ရသောအခါ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် မြည်းလှည်းကို ဘေးသို့ကပ်လိုက်ပြီး အနောက်မှလူများကို “လမ်းဘေးကပ်လိုက်ကြ.. လမ်းမပိတ်စေနဲ့” ဟု ပြောလိုက်သည်။
ထို့နောက် မဟူရာသံချပ်ကာဝတ် မြင်းစီးတပ်ဖွဲ့တစ်ဖွဲ့သည် သူတို့ဘေးမှ ဖြတ်ကျော်သွားကြသည်။
ထိုသူများသည် အနက်ရောင် သံချပ်ကာနှင့် ဝတ်စုံများကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတို၊ ဓားရှည်များကို ချိတ်ဆွဲကာ မျက်နှာဖုံးများ တပ်ဆင်ထားကြသည်။
မြင်နေရသော မျက်လုံးများတွင် အေးစက်မှုနှင့် မောက်မာမှုတို့ ပြည့်နှက်နေ၏။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ဖြတ်သွားသောအခါ လမ်းဘေးတစ်ဖက်တစ်ချက်စီသည် ချက်ချင်း တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
သူတို့ ပျောက်ကွယ်သွားသောအခါမှ လမ်းမကြီးသည် ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။
“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့...”
ထောင်ယွင်ကန်းသည် အဝေးသို့ ထွက်ခွာသွားသော မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ကို ကြည့်ရင်း မျက်လုံးထဲတွင် အားကျစိတ်များ ပြည့်နှက်နေလေသည်။
ခန်းယွင်ခရိုင်တွင် သူတို့ကို တစ်စုံတစ်ယောက်က သွားပြစ်မှားမိပါက ရလဒ်မှာ အလွန်ဆိုးရွားပေလိမ့်မည်။
“မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ ဟုတ်လား”
ရွှီနင် ကြားလိုက်သောအခါ သူ့မှတ်ဉာဏ်ထဲမှ သက်ဆိုင်ရာ အချက်အလက်များကို ပြန်ရှာကြည့်လိုက်သည်။
မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့သည် ဖေးယွင်ပြည်နယ်၏ အရှင်သခင်ဖြစ်သော ယွမ်ရှန်းဂိုဏ်း၏ လက်အောက်ခံတပ်ဖွဲ့ဖြစ်သည်။
သူတို့သည် ဖေးယွင်ပြည်နယ်ကို အုပ်စိုးထားသော ယွမ်ရှန်းဂိုဏ်း၏ အဓိကအင်အားစု ဖြစ်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းသုံးရာက ယခင်မင်းဆက် ပျက်သုဉ်းသွားခဲ့ပြီးနောက်တွင် စစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မိသားစုများ၊ ဂိုဏ်းများ အချင်းချင်း တိုက်ခိုက်ခဲ့ကြသည်။
ထိုကာလအတွင်း စုစည်းညီညွတ်သော မင်းဆက်သစ် ပေါ်ပေါက်မလာခဲ့ဘဲ ပြည်နယ်မြို့တော်များကို ဂိုဏ်းများ၊ မိသားစုများက ထိန်းချုပ်ကာ နယ်မြေအရှင်သခင်များ ဖြစ်လာကြသည်။
ဖေးယွင်ပြည်နယ်၏ ဦးဆောင်သူမှာ ယွမ်ရှန်းဂိုဏ်းပင် ဖြစ်သည်။
“ခမ်းနားလိုက်တာကွာ”
ကောယယ်က အားကျသောမျက်လုံးများဖြင့် ကြည့်နေသည်။ “ငါသာ မဟူရာသံချပ်ကာဝတ်တပ်ဖွဲ့ထဲ ဝင်ခွင့်ရရင် သိပ်ကောင်းမှာပဲ...”
တပ်ဖွဲ့ဝင်များ လမ်းမပေါ် ဖြတ်မောင်းသွားချိန် လူတိုင်းက လမ်းဖယ်ပေးရသည့် မြင်ကွင်းသည် လူငယ်လေး၏ စိတ်ကို ဆွဲဆောင်သွားခဲ့ခြင်းဖြစ်သည်။
ကောယယ်၏ စကားကိုကြားပြီးနောက် ထောင်ယွင်ကန်းက ရယ်မောလိုက်သည်။ “စိတ်ကူး မယဉ်စမ်းပါနဲ့ကွာ... မင်းရဲ့ သိုင်းပညာပါရမီနဲ့ဆို မျှော်လင့်ချက်မရှိဘူး”
ဦးလေးဖြစ်သူ၏ ဝေဖန်တိုက်ခိုက်မှုကို ခံလိုက်ရသော်လည်း ကောယယ်က ခေါင်းသာခါလိုက်သည်။ သူက သိပ်ဂရုမစိုက်လှပေ၊ သူလည်း နေသားကျနေပြီ ဖြစ်သည်။
“ကဲ.. တော်ကြတော့.. ရှေ့ဆက်သွားပြီး တည်းခိုခန်းရှာကြစို့”
ထောင်ယွင်ကန်းက မြည်းလှည်းကို ဆက်လက်မောင်းနှင်လိုက်သည်။
၁၅ မိနစ်အတွင်းမှာပင် ထောင်ယွင်ကန်းသည် တည်းခိုခန်းတစ်ခု ရှာတွေ့သွားသည်။
ဤနေရာသို့ ပထမဆုံးအကြိမ် လာဖူးခြင်းမဟုတ်ကြောင်း သိသာလှ၏။ ဆိုင်ရှင်နှင့် အကူကောင်လေးတို့သည် ထောင်ယွင်ကန်းနှင့် မိတ်ဆွေများ ဖြစ်ကြသည်။ သူတို့သည် ဧည့်ခန်းများကို လျင်မြန်စွာ စီစဉ်ပေးရုံသာမက မြည်းလှည်းများနှင့် ကုန်ပစ္စည်းများကိုပါ သေချာဂရုတစိုက် ထိန်းသိမ်းပေးကြသည်။
ထို့နောက် လူတိုင်း သီးသန့်အခန်းကျယ်တစ်ခုထဲသို့ ဝင်ရောက်ထိုင်လိုက်ကြပြီး မကြာမီ အစားအသောက်နှင့် အရက်များ ရောက်ရှိလာလေသည်။
ကောယယ်က ရွှီနင်ဘေးတွင် ဝင်ထိုင်ကာ ပြောလိုက်သည်။
“ရွှီနင်.. အားမနာနဲ့ ကြိုက်သလောက်စား”
“အင်း...”
စားပွဲအပြည့် တည်ခင်းထားသော ဟင်းကောင်းများကို ကြည့်ရင်း ရွှီနင် စတင်စားသောက်လေတော့သည်။
ဤလောကသို့ ရောက်လာကတည်းက အသားစားရန် အခွင့်အရေး များများစားစား မရှိခဲ့ပေ။
‘ဦးလေးကန်းက တော်တော်ရက်ရောတာပဲ...’
ရွှီနင် အစားအသောက်များကို ကြည့်ရင်း တွေးလိုက်မိသည်။
စားပွဲပေါ်မှ အစားအသောက်နှင့် အရက်များသည် ဈေးမပေါကြောင်း သိသာလှ၏။ ထို့အပြင် ဤနေရာရှိ လူတိုင်းမှာ အစားကြီးသော သိုင်းပညာရှင်များ ဖြစ်ကြသည်။ ဤတစ်နပ်စာအတွက် သေချာပေါက် ပိုက်ဆံအများကြီး ကျသင့်ပေလိမ့်မည်။
သူထင်သည့်အတိုင်းပင် စားသောက်ပြီးနောက် ကျသင့်ငွေ ငွေစ ၄၀ ဖြစ်ကြောင်း ဆိုင်အကူကောင်လေးထံမှ ကြားလိုက်ရသည်။
ရွှီနင် စိတ်ထဲက ကြိုတင်ပြင်ဆင်ထားသော်လည်း ဈေးနှုန်းကြောင့် စကားမပြောနိုင် ဖြစ်သွားရသည်။
ဤထမင်းတစ်နပ်စာ ကုန်ကျစရိတ်သည် သူ့မိသားစု လေးလစာ ဝင်ငွေနှင့် ညီမျှနေသည်။
‘ဒီကမ္ဘာမှာ အင်အားရှိတဲ့သူက သာမန်လူတွေ လက်လှမ်းမမီနိုင်တဲ့ အရင်းအမြစ်တွေကို ထိန်းချုပ်ထားနိုင်တာပဲ...’
ထောင်ယွင်ကန်းသည် ဉာဏ်ကောင်းပြီး အဆက်အသွယ်ရှိသဖြင့် ဆေးဘက်ဝင်ပစ္စည်း စီးပွားရေးကို လုပ်ကိုင်နိုင်သည်။
ထို့အပြင် သူက အတော်လေးသန်မာပြီး ငွေသုံးရဲကာ သိုင်းပညာရှင်များနှင့် မိတ်ဆွေဖွဲ့တတ်သည်။ သူ့လုပ်ငန်းကို ဆက်လက်လည်ပတ်နိုင်ရန် အရင်းအနှီးလည်း ရှိပေသည်။
သူတို့ စားသောက်ပြီးစီးသွားကြ၏။
“ရွှီနင်.. မင်းက ခရိုင်မြို့ကို လာခဲတယ်မလား” ထောင်ယွင်ကန်း၏ မျက်နှာသည် အရက်သောက်ထား၍ ရဲနေသော်လည်း အသိစိတ်က ကြည်လင်နေဆဲဖြစ်သည်။ “ဒီအခွင့်အရေးကို အသုံးချပြီး ကောယယ်နဲ့အတူ ခရိုင်မြို့ရဲ့ ညဘက်အခြေအနေကို သွားကြည့်လိုက်ဦးလေ”
“ဟုတ်ကဲ့.. ဦးလေးတို့ နားလိုက်ကြပါဦး”
ရွှီနင်နှင့် ကောယယ်တို့သည် မူးနေသောလူများကို အခန်းပြန်ရောက်အောင် ကူညီပို့ဆောင်ပေးလိုက်ကြသည်။
ညစာစားပွဲတွင် ကျန်လူများက အလွန်အကျွံ သောက်စားခဲ့ကြသော်လည်း သူတို့နှစ်ယောက်သာ အရက်ကို မထိခဲ့ကြပေ။
“ညရောက်နေပြီကို လူတွေအများကြီး ရှိနေတုန်းပဲ”
တည်းခိုခန်းမှ ထွက်လာပြီးနောက် လမ်းမပေါ်တွင် လရောင်ဖြာကျနေသည်။ ကောယယ်က လမ်းသွားလမ်းလာများကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။
ရွှီနင်လည်း သက်ပြင်းချလိုက်မိသည်။
ထောင်ရွာတွင်ဆိုလျှင် ဤအချိန်၌ လူတိုင်း အိမ်ပြန်ရောက်နေကြလောက်ပြီ ဖြစ်သည်။ ရွာတွင် ညဘက်သွားလာလှုပ်ရှားမှုဟူ၍ မရှိပေ။
“ထောင်ထောင်နဲ့ ငါ့အစ်မအတွက် ပစ္စည်းလေးဘာလေး သွားဝယ်လိုက်ဦးမယ်”
ကောယယ်၏ လမ်းပြမှုဖြင့် သူတို့ ညဈေးတန်းသို့ ရောက်လာကြသည်။
ရွှီနင်သည် ဈေးသည်များနှင့် လင်းထိန်နေသော လမ်းမီးများကို ကြည့်ရင်း ခေတ်သစ်ကမ္ဘာသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
“ဒီဆံထိုးက ဘယ်လောက်လဲ”
အရောင်စုံ သစ်သားဆံထိုးများပေါ်တွင် ရိုးရှင်းသော ပုံစံငယ်လေးများ ထွင်းထုထားသည်ကို ဆိုင်တစ်ဆိုင်ရှေ့၌ ရွှီနင် တွေ့လိုက်ရ၏။ တော်တော်လေး လှပပေသည်။
“တစ်ချောင်းကို ငွေတစ်ပြားပါ”
ဆံထိုးသည်မှာ အဘိုးအိုတစ်ဦးဖြစ်ပြီး မျက်နှာပေါ်တွင် အပြုံးကြီးတစ်ခု ပန်ဆင်ထားသည်။
“ငွေတစ်ပြားတောင်လား” ရွှီနင်က ပြောလိုက်သည်။ “လျှော့ပါဦးဗျာ”
“မရလို့ပါ လူလေးရယ်”
အဘိုးအိုက မူလအတိုင်း ပြုံးရင်း လက်ကာပြလိုက်သည်။
“ကောင်းပါပြီဗျာ...”
ရွှီနင်က ဈေးဆစ်တတ်သူမဟုတ်သဖြင့် ပိုက်ဆံရှင်းရန် ပြင်လိုက်သည်။
ရွှီလျန်က ဒီသစ်သားဆံထိုးလေးကို သဘောကျလိမ့်မည်ဟု သူတွေးလိုက်မိသည်။
“ဟိတ် အဘိုးကြီး.. ခင်ဗျား ဘယ်လိုလုပ် လိမ်စားနေတာလဲ” ကောယယ်က ပိုက်ဆံထုတ်ရန်ပြင်နေသော ရွှီနင်၏လက်ကို ဖိချလိုက်သည်။ “ငွေတစ်ပြားနဲ့ နှစ်ချောင်းပေး။ ရောင်းနိုင်ရင် ရောင်း၊ မရောင်းနိုင်ရင် မရောင်းနဲ့။ တခြားဆိုင်တွေမှာ ဒီလောက်ဈေးမကြီးဘူးဆိုတာ ကျုပ်မသိတာမှတ်လို့”
ရွှီနင်သည် ယုံကြည်မှုရှိသော ကောယယ်၏မျက်နှာကို ငေးကြည့်နေမိသည်။
“ပြီးတာပဲကွာ” အဘိုးအိုက လက်ကာပြလိုက်သည်။ “ယူသွားလိုက်တော့”
ထိုသို့ဖြင့် ကောယယ်က ရွှီနင်အတွက် ငွေတစ်ပြား သက်သာအောင် လုပ်ပေးလိုက်လေသည်။
သူက သစ်သားဆံထိုး နှစ်ချောင်းရွေးလိုက်ပြီး တစ်ချောင်းက ရွှီလျန်အတွက်၊ နောက်တစ်ချောင်းက ထောင်ထောင့်အတွက် ဖြစ်သည်။
ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်းအတွက်မူ ခန်းယွင်ခရိုင်မှ မပြန်ခင် အရက်နှစ်အိုး ဝယ်သွားရန် ရွှီနင် စီစဉ်ထားသည်။
ရွှီနင် နောက်ထပ် ပိုက်ဆံထပ်မသုံးတော့ပေ။ ပြန်ရောက်သောအခါ ရွှီလျန်၏ ဆူပူကြိမ်းမောင်းခြင်းကို ခံရမည်စိုးသောကြောင့် ဖြစ်သည်။
ကောယယ်ကမူ ထောင်ရွာတွင်မရှိသော အစားအစာများနှင့် ဆန်းပြားသောပစ္စည်းများကို အများအပြား ဝယ်ယူခဲ့သည်။ သူသည် ဤပစ္စည်းအများစုကို ရွာရှိ ကလေးများနှင့် ဝေမျှရန် ဖြစ်သည်။
ထို့ကြောင့်လည်း ကောယယ်သည် ထောင်ရွာရှိ ကလေးများကြားတွင် ရေပန်းစားသူ ဖြစ်နေခြင်းဖြစ်သည်။
တစ်နာရီကျော်ကြာ ဈေးဝယ်ပြီးနောက် သူတို့နှစ်ဦး အနားယူရန် တည်းခိုခန်းသို့ ပြန်လာခဲ့ကြသည်။
လာမည့်ရက်အနည်းငယ်အတွင်း သူတို့ အတော်လေး အလုပ်ရှုပ်ကြပေတော့မည်။