ရန်သူနှင့် ရင်ဆိုင်ခြင်း
Vol. 2 Ch. 14
နောက်ပိုင်း သုံးရက်တာကာလအတွင်း ရွှီနင်သည် ထောင်ယွင်ကန်းနှင့် အခြားသူများနောက်သို့ လိုက်ပါကာ ကုန်ပစ္စည်းများ ပို့ဆောင်ပေးခဲ့လေသည်။
ဤကာလအတွင်း ထောင်ယွင်ကန်းသည် ဖောက်သည်များနှင့် ဆက်ဆံရေးကောင်းမွန်စေရန် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့ရသဖြင့် အချိန်များစွာ ကုန်ဆုံးခဲ့ရသည်။
နောက်ဆုံးတွင် သုံးရက်မြောက်နေ့ နံနက်ခင်း၌ ကိစ္စအဝဝပြီးစီးသွားသဖြင့် အပြန်ခရီးကို စတင်ခဲ့ကြလေသည်။ သူတို့ အိမ်မှထွက်ခွာလာသည်မှာ ငါးရက်ခန့် ရှိခဲ့ချေပြီ။
ခန်းယွင်ခရိုင်နှင့် ဝေးကွာသွားလေ လူသူအရောက်အပေါက် နည်းပါးလာလေ ဖြစ်သည်။
“ဒါက နောက်ဆုံးအကြိမ် မြည်းလှည်းစီးရတာပဲ၊ နောက်တစ်ခေါက်ဆိုရင် ငါ့ဦးလေးက မြင်းလှည်းတွေနဲ့ အစားထိုးတော့မှာ”
ကောယယ်နှင့် ရွှီနင်တို့သည် ရှေ့ဆုံးမှ ဦးဆောင်သွားသော လှည်း၏နောက်ဘက်ရှိ မြည်းလှည်းပေါ်တွင် ထိုင်လိုက်ပါလာကြ၏။
“ဦးလေးကန်း ဒီတစ်ခေါက် ပိုက်ဆံအများကြီး ရလိုက်လား” ရွှီနင်က မေးလိုက်သည်။
“ငွေပြား ၂၀၀၀ တောင်ကွ” ကောယယ်က အသံနှိမ့်လျက် ပြောလိုက်သည်။ “ပြီးတော့ အဲဒါက ကုန်ကျစရိတ်တွေ နှုတ်ပြီးသား အသားတင်အမြတ်ငွေနော်”
“ငွေပြား ၂၀၀၀ တောင်လား” ရွှီနင် အံ့အားသင့်သွားမိသည်။ “ဒီလိုစီးပွားရေးခရီးစဉ်မျိုးက သုံးလတစ်ခါဆိုတော့ ဦးလေးကန်းက တစ်နှစ်ကို ငွေပြား ၈၀၀၀ လောက် ရှာနိုင်တာပေါ့”
“အဲဒီလောက်လည်း မဟုတ်ပါဘူးကွာ” ကောယယ်က လက်ကာပြလိုက်သည်။ “အခြေအနေပေါ် မူတည်ပါသေးတယ်... လွန်ခဲ့တဲ့ လအနည်းငယ်က ဆောင်းဦးရာသီဆိုတော့ ဆေးဖက်ဝင်ပစ္စည်းတွေကို ပိုပြီးရိတ်သိမ်းနိုင်ခဲ့တာလေ။ နှစ်ကုန်ပိုင်းကျရင်တော့ ရိတ်သိမ်းရတာ နည်းသွားတဲ့အတွက် ဝင်ငွေလည်း လျော့သွားမှာပဲ”
“ပြီးတော့ ငါတို့လှည်းတန်းက လုယက်မခံရဘဲ ဘေးကင်းကင်းနဲ့ ရောက်လာလို့လေ” ကောယယ်က ဆက်ပြောသည်။ “တကယ်လို့ ရက်စက်တဲ့ ဓားပြတွေနဲ့သာ တိုးခဲ့ရင် တစ်နှစ်လုံး ဝင်ငွေမရှိ ဖြစ်သွားနိုင်သလို ငါတို့အသက်အန္တရာယ်တောင် စိုးရိမ်ရတယ်”
ရွှီနင်သည် ကောယယ်၏ စကားများကို တွေးတောမိလိုက်သည်။ “အဲဒါတော့ ဟုတ်သားပဲ...”
ထောင်ယွင်ကန်းသည် ဤခရီးစဉ်တွင် အမြတ်အစွန်းများစွာ ရရှိခဲ့သော်လည်း ၎င်းမှာ ခရီးမထွက်မီကတည်းက ကြိုးစားအားထုတ်ခဲ့ရမှုများကြောင့် ဖြစ်ပေသည်။ ထို့ပြင် သူသည် စွန့်စားရမှုများကိုလည်း ရင်ဆိုင်ခဲ့ရ၏။
မြည်းလှည်းများသည် လမ်းအတိုင်း ရှေ့ဆက်သွားကြပြီး နှစ်နာရီခန့်အကြာတွင် ဘေးတစ်ဖက်တစ်ချက်၌ သစ်ပင်များပေါက်ရောက်နေသော တောင်ပေါ်လမ်းမသို့ ရောက်ရှိလာကြသည်။
“နိုးနိုးကြားကြား ရှိကြနော်၊ သတိထားကြ”
ထောင်ယွင်ကန်းက လူတိုင်းကို သတိပေးလိုက်သည်။
ရွှီနင်သည် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို သတိထားကာ သူ၏ သံမဏိဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်၏။
ကောင်းကင်ထက်၌ နေမင်းသည် တောက်ပပူပြင်းနေသည်။
တောင်စောင်းများဆီမှ သားရဲဟိန်းသံများ၊ ငှက်အော်မြည်သံများကို ရံဖန်ရံခါ ကြားနေရပြီး ခြောက်သွေ့အထီးကျန်ဆန်သော ခံစားမှုကို ပေးစွမ်းနေလေသည်။
“ဒီနေရာကနေ လွတ်သွားရင် တစ်ခုခု စားကြတာပေါ့”
ထောင်ယွင်ကန်းက သူ့နောက်မှ လူများကို ပြောလိုက်သည်။ လူတိုင်း ခေါင်းညိတ်ထောက်ခံလိုက်ကြ၏။
ရုတ်တရက် တောင်စောင်းမှ မြင်းဟီသံတစ်ခု ထွက်ပေါ်လာပြီးနောက် ခွာသံများ ဆက်တိုက်ကြားလိုက်ရသည်။ လူတိုင်း ထိုနေရာသို့ လှမ်းကြည့်လိုက်ကြ၏။
မြင်းစီးသမားတစ်သိုက်သည် တောင်၏ ဘေးတစ်ဖက်တစ်ချက်ဆီမှ ဒုန်းစိုင်းဆင်းလာကြသည်။
သူတို့၏ ခန္ဓာကိုယ်တွင် လက်နက်များကို ချိတ်ဆွဲထားပြီး မျက်လုံးများက လောဘဇောတိုက်နေကြ၏။ သူတို့သည် မြည်းလှည်းလေးစီးလုံးကို အပြည့်အဝ ဝိုင်းရံလိုက်ကြလေသည်။
လူဦးရေမှာ တစ်ဒါဇင်ကျော်ခန့် ရှိသည်။
‘ဒါ မြင်းစီးဓားပြတွေ တိုက်ခိုက်တာလား’
ရွှီနင် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
ရွှီနင်သည် ရန်လိုနေသော မြင်းစီးဓားပြများကို ကြည့်လိုက်သည်။ သူသည် ဓားရိုးကို ဆုပ်ကိုင်လိုက်ပြီး လာမည့်တိုက်ပွဲအတွက် အဆင်သင့်ပြင်လိုက်သည်။
အမှန်တကယ်တွင်မူ ရွှီနင်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ ဤသို့ဖြစ်လာနိုင်ကြောင်း ကြိုတင်မျှော်လင့်ထားသော်လည်း လက်တွေ့အခြေအနေနှင့် ရင်ဆိုင်ရချိန်တွင် လုံးဝ တည်ငြိမ်မနေနိုင်ခဲ့ပေ။
သူသည် ကြမ်းတမ်းသော သားရဲကောင်များကို ရင်ဆိုင်ဖူးသော်လည်း အသက်နှင့်ရင်း၍ တိုက်ခိုက်မည့် သိုင်းပညာရှင်များနှင့်မူ မကြုံဖူးသေးချေ။
“ကျစ်...”
ထောင်ယွင်ကန်း မျက်မှောင်ကြုတ်သွားသည်။
သို့သော် ဤသည်မှာ ထောင်ယွင်ကန်းအတွက် ပထမဆုံးကြုံတွေ့ဖူးခြင်း မဟုတ်သည်မှာ ထင်ရှားလှ၏။ သူက လူတိုင်းကို ငြိမ်ငြိမ်နေရန် လက်ပြလိုက်သည်။
“ဘယ်သူများ ကျုပ်တို့ကို မိတ်ဆွေလာဖွဲ့တာပါလိမ့်”
ထောင်ယွင်ကန်းသည် မည်သည့်လက်နက်ကိုမျှ မကိုင်ဆောင်ဘဲ လက်ဗလာဖြင့် လှည်းပေါ်မှ ခုန်ဆင်းကာ မြင်းစီးဓားပြခေါင်းဆောင်ရှိရာသို့ လျှောက်သွားလိုက်သည်။
“မင်းက ထောင်ယွင်ကန်းလား”
မြင်းစီးဓားပြခေါင်းဆောင်က မေးလိုက်သည်။
ထိုခေါင်းဆောင်မှာ ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက် ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တွင် ကြွက်သားများ ပြည့်နှက်နေပြီး မျက်နှာထားမှာ ရက်စက်ကြမ်းကြုတ်မည့်ဟန် ပေါ်နေ၏။
သူသည် မြို့ထဲသို့ မဝင်မီကတည်းက ထောင်ယွင်ကန်း၏ လှည်းတန်းကို ချောင်းမြောင်းနေခဲ့သော ထိပ်ပြောင်ပြောင် ခေါင်းဆောင်ပင် ဖြစ်သည်။
“ဘာ...”
တစ်ဖက်လူက သူ့နာမည်ကို ခေါ်လိုက်သဖြင့် ထောင်ယွင်ကန်း၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။
တစ်ခုခု လွဲချော်နေပြီဖြစ်ကြောင်း သူ့အလိုလို အာရုံခံမိလိုက်၏။
သူတို့သည် ကြိုတင် ပစ်မှတ်ထားခံခဲ့ရပုံ ပေါ်လေသည်။
“ကျွန်တော်က ထောင်ရွာက ထောင်ယွင်ကန်းပါ”
ထောင်ယွင်ကန်းသည် အတွင်းစိတ်၌ စိုးရိမ်နေသော်လည်း အပေါ်ယံတွင်မူ အလွန်အမင်း တည်ငြိမ်နေသည်။
သူသည် လက်နှစ်ဖက်ကို ယှက်ကာ ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် ဆိုလိုက်၏။
တစ်ဖက်လူ သတိရစေရန်အတွက် သူသည် ထောင်ရွာမှ ဖြစ်ကြောင်း တမင်တကာ ထည့်ပြောလိုက်ခြင်း ဖြစ်သည်။
ခန်းယွင်ခရိုင်၏ အဓိကရွာကြီးသုံးရွာအနက် တစ်ရွာဖြစ်သည့် ထောင်ရွာသည် နာမည်ကောင်းရှိပေသည်။
“ငါသိတယ်၊ ကောင်းပြီ...”
ထိပ်ပြောင်နှင့်လူက သူ့ခေါင်းကို ပွတ်သပ်လိုက်သည်။ “မင်းလူတွေကို လက်နက်ချပြီး လှည်းပေါ်က ဆင်းခိုင်းလိုက်စမ်း”
ထိုစကားကို ကြားသောအခါ ထောင်ယွင်ကန်း မျက်မှောင်ကြုတ်သွား၏။
ထိပ်ပြောင်နှင့်လူသည် အန္တရာယ်ရှိသော အမူအရာမျိုး ရှိနေပြီး သူဘယ်သူလဲ ဆိုတာကို ဂရုစိုက်ပုံမရပေ။
“ကျွန်တော် ဘယ်သူနဲ့ စကားပြောနေတာလဲဆိုတာ သိလို့ရမလား”
ထောင်ယွင်ကန်းသည် ထိပ်ပြောင်နှင့်လူ ပြောသည်ကို လျစ်လျူရှုကာ မည်သူမည်ဝါဖြစ်ကြောင်း မေးမြန်းလိုက်သည်။
ထိပ်ပြောင်နှင့်လူက မဲ့ပြုံးပြုံးလိုက်သည်။ “ငါ့မျိုးရိုးနာမည်က ကျန်၊ ညီအစ်ကိုတွေကတော့ ငါ့ကို ကျန်စန်းတောင်း လို့ ခေါ်ကြတယ်”
“အစ်ကိုကြီးကျန်စန်းတောင်း...” ထောင်ယွင်ကန်းက တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ရေစက်တစ်ခုလို့ပဲ မှတ်ယူလိုက်ကြတာပေါ့။ မိတ်ဆက်လက်ဆောင်အနေနဲ့ ငွေပြား ၅၀၀ ပေးပါမယ်၊ သဘောကျရဲ့လား”
“ငွေပြား ၅၀၀ ဟုတ်လား”
ကျန်စန်းတောင်းက မျှော်လင့်ထားပုံမရဘဲ ပြုံးလိုက်သည်။
လှည်းပေါ်တွင် ရှိနေဆဲဖြစ်သော ကောယယ်၏ မျက်နှာထားမှာ လေးနက်သွား၏။
“ရွှီနင်... ငါတို့တော့ ပြဿနာကြီး တက်ပြီနဲ့တူတယ်”
ကောယယ်က နှုတ်ခမ်းကိုစေ့ကာ အသံတိုးတိုးဖြင့် ပြောလိုက်သည်။
“ဘာဖြစ်လို့လဲ”
ရွှီနင်က ပြန်မေးလိုက်သည်။
“အရင်တုန်းက ဓားပြတွေတွေ့ရင် ဦးလေးက ပြန်သွားအောင်လို့ ငွေပြား ၂၀၀ ပဲ ပေးတာ။ ဒီတစ်ခါ ၅၀၀ တောင် ပေးတယ်ဆိုတော့ တစ်ဖက်လူက ရှင်းရခက်တဲ့ပုံပဲ၊ ငွေပြား ၂၀၀ လောက်နဲ့ သူတို့ရဲ့ လောဘကို ဖြည့်ဆည်းမပေးနိုင်ဘူးလို့ ယူဆရတယ်”
ကောယယ်က ရှင်းပြလေသည်။
“သြော်... အဲဒီလိုကိုး”
ရွှီနင်သည် ယခင်ကထက် ပိုမို နိုးကြားသွားသည်။
တကယ်လို့များ ထောင်ယွင်ကန်းသာ တစ်ဖက်လူနှင့် သဘောတူညီမှု မရခဲ့လျှင် ဒီနေ့တော့ သူ ဓားထုတ်သုံးရတော့မည်ကို သိလိုက်သည်။
“ငွေပြား ၅၀၀ က နည်းလွန်းတယ်ကွာ”
ကျန်စန်းတောင်းက ပြုံးလိုက်သော်လည်း သူ၏ လေသံမှာ စူးရှနေသည်။ “ထပ်တိုးပေးစမ်းပါဦး”
ထောင်ယွင်ကန်း မျက်လုံးကျဉ်းမြောင်းသွားသော်လည်း အပြုံးက မပျက်ပေ။ “ကောင်းပါပြီ၊ ဒါက ကျွန်တော်တို့ ပထမဆုံးအကြိမ် တွေ့ဖူးတာဆိုတော့ မိတ်ဆက်လက်ဆောင်အနေနဲ့ ငွေပြား ၁၀၀၀ ပေးပါ့မယ်”
“ငွေပြား ၁၀၀၀...”
ကျန်စန်းတောင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။ “ကောင်းတယ်၊ ကောင်းတယ်”
“ဒါဆိုရင်...”
ကျန်စန်းတောင်းက သူတို့ကို လွှတ်ပေးရန် ရည်ရွယ်သည်ဟု ထောင်ယွင်ကန်း ထင်မှတ်လိုက်သဖြင့် ပိုက်ဆံထုတ်ရန် ပြင်လိုက်စဉ် ကျန်စန်းတောင်းက ထပ်ပြောလာသည်။
ကျန်စန်းတောင်းက သူ့ထိပ်ပြောင်ပြောင်ကို ပွတ်လျက် ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ငွေပြား ၁၀၀၀ ဆိုတာ သဘောကျစရာ ကောင်းပေမယ့် ငါ့မိတ်ဆွေ... ငါ သဘောမတူနိုင်ဘူးကွ”
လက်တစ်ဖက်ပြတ်နေသော လူတစ်ယောက်သည် ကျန်စန်းတောင်း၏ ဘေးသို့ မြင်းစီးကာ ရောက်လာလေသည်။
သူသည် ဉာဏ်များစွာ ပြုံးလျက် ထောင်ယွင်ကန်းကို စိုက်ကြည့်လိုက်သည်။ “ထောင်ယွင်ကန်း... မတွေ့တာ ကြာပြီနော်”
“မင်း...”
ထိုလူကို မြင်လိုက်ရသည့်အခါ ထောင်ယွင်ကန်း၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။
“ကွမ်ရင်းကုန်း... မင်းကိုး”
ထောင်ယွင်ကန်း ထိုလူကို မှတ်မိလိုက်သည်၊ ကွမ်ရင်းကုန်းဆိုသည်မှာ ယခင်က သူ့ကို ဓားပြတိုက်ဖူးသူ ဖြစ်သည်။
လွန်ခဲ့သော သုံးလက သူ ဤနေရာကို ဖြတ်သန်းစဉ် ကွမ်ရင်းကုန်းက ငွေပြား ထောင်ပေါင်းများစွာ တောင်းခံခဲ့ဖူးသည်။
သို့သော် ထောင်ယွင်ကန်းက မပေးဘဲ အခွင့်အရေးယူကာ ပြန်လည်တိုက်ခိုက်ခဲ့သဖြင့် သူ့လက်အောက်ငယ်သားများ သေကြေဒဏ်ရာရခဲ့ပြီး ကွမ်ရင်းကုန်း၏ လက်တစ်ဖက်ကိုပါ ဖြတ်ပစ်ခဲ့ခြင်း ဖြစ်သည်။
လက်တစ်ဖက် ပြတ်သွားပြီးနောက် ကွမ်ရင်းကုန်း၌ လက်အောက်ငယ်သား မကျန်တော့ဟု ထင်ခဲ့မိသည်။ ယခုလို နောက်တစ်ကြိမ် လာတိုက်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
“ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ မင်းဆီက ငွေပြား ၁၀၀၀ တောင်းတာ မင်းမပေးဘူး။ ဒီတစ်ခါတော့ ငွေပြား ၁၀၀၀ တင်မကဘူး၊ မင်းခေါင်းကိုပါ လိုချင်တယ်”
ကွမ်ရင်းကုန်းသည် လက်တစ်ဖက်တည်းဖြင့် ဓားကို ဆွဲထုတ်လိုက်သည်။
ထောင်ယွင်ကန်းသည် လက်ရှိအခြေအနေကို နားလည်သွားပြီး သံသယ မရှိတော့ချေ။
ဒီတစ်ကြိမ် သူတို့ ရောက်လာသည်မှာ သူ့ကို သတ်ရန်ပင် ဖြစ်သည်။
“လက်နက်တွေ ထုတ်ကြ”
ထောင်ယွင်ကန်းသည် ကွမ်ရင်းကုန်းနှင့် ကျန်စန်းတောင်းတို့အနားမှ ချက်ချင်း ခွာလိုက်သည်။
သူသည် မြည်းလှည်းပေါ်မှ ဓားမကြီးကို ဆွဲထုတ်လိုက်၏။
အခြားသူများကလည်း နောက်ဆုတ်မည့်အရိပ်အယောင်မပြဘဲ လက်နက်အသီးသီးကို ထုတ်လိုက်ကြသည်။
နောက်ဆုံးတွင်တော့ ထောင်ယွင်ကန်း၏ သက်တော်စောင့်များ အသုံးဝင်လာခဲ့ချေပြီ။
ကျန်စန်းတောင်းနှင့် သူ့လက်အောက်ငယ်သားများက ထောင်ယွင်ကန်း၊ ရွှီနင်နှင့် အခြားသူများကို ဝိုင်းရံလာကြသည်။
“ဒီကောင်တွေက အန္တရာယ်များတယ်၊ အားလုံး အသင့်ပြင်ထားကြ” အခြေအနေ အရေးတကြီး ဖြစ်နေသော်လည်း ထောင်ယွင်ကန်း တည်ငြိမ်နေဆဲပင်။ “တိုက်ပွဲဖြစ်လို့ တစ်ယောက်ယောက် သေသွားတာ၊ ဒဏ်ရာရတာမျိုး ဖြစ်ခဲ့ရင် မင်းတို့ရဲ့ မိသားစုဝင်တွေကို ငါတစ်သက်လုံး တာဝန်ယူ စောင့်ရှောက်ပေးမယ်။ ဒီနေ့ ငါဒီမှာ သေသွားရင်တောင် ငါ့မိန်းမက မင်းတို့အားလုံးကို စောင့်ရှောက်ပေးလိမ့်မယ်၊ စိတ်ချကြပါ”
သူ စကားပြောပြီးသည်နှင့် လှည်းတန်းကို လိုက်ပါစောင့်ရှောက်သူများအားလုံး ပိုမို စိတ်ဓာတ်ခိုင်မာသွားကြသည်။
“ရွှီနင်”
ထောင်ယွင်ကန်းက ခေါင်းကို ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။ “ဒီထဲမှာ မင်းက အားအနည်းဆုံးပဲ၊ ဒါကြောင့် မင်းက အသက်အသေခံပြီး တိုက်ခိုက်စရာ မလိုဘူး။ မင်း ကောယယ်ကို ခေါ်ပြီး တောင်ပေါ်ကို ပြေးပေတော့။ နောက်လှည့်မကြည့်နဲ့”
ရွှီနင်သည် ထိုစကားကို ကြားသော် ခေါင်းညိတ်လိုက်ပြီး လက်ရှိအခြေအနေသည် အလွန်အမင်း အရေးကြီးနေမှန်း သိလိုက်သည်။ “ဟုတ်ကဲ့... ဦးလေးကန်း”
“ယွင်ချွမ်... ဒီနေရာမှာ ငါနဲ့မင်းက အသန်မာဆုံးပဲ” ထောင်ယွင်ကန်းက ပြောသည်။ “ငါ ရွှီနင်နဲ့ ကောယယ်အတွက် လမ်းရှင်းပေးပြီးရင် မင်းက ကွမ်ရင်းကုန်းကို တိုက်၊ ငါက ကျန်စန်းတောင်းကို ရှင်းမယ်”
“သဘောပေါက်ပါပြီ အစ်ကိုကြီးကန်း”
ထောင်ယွင်ချွမ်သည် ထောင်ယွင်ကန်း၏ နှစ်ရှည်လများ လက်တွဲဖော်ဖြစ်ပြီး ဝါရင့်တစ်ဦးဖြစ်သည့်အားလျော်စွာ လုံးဝ ထိတ်လန့်ခြင်း မရှိပေ။
“ကျန်တဲ့လူတွေ... အခွင့်အရေးရတာနဲ့ ထွက်ပြေးကြ၊ ကိုယ့်အသက်ကိုယ် ဉာဏ်ရှိသလို ကာကွယ်ကြ”
ရန်သူများ မတိုက်ခိုက်မီလေးတွင် ထောင်ယွင်ကန်းက နောက်ဆုံးအမိန့် ပေးလိုက်သည်။
“သတ်ကြစမ်း”
ကျန်စန်းတောင်းနှင့် သူ့မြင်းစီးဓားပြများ စတင်တိုက်ခိုက်ကြလေတော့သည်။