← Chapters

လိုက်လံတိုက်ခိုက်ခြင်းနှင့် ပြန်လည်သတ်ဖြတ်ခြင်း

Vol. 2 Ch. 15

လိုက်လံတိုက်ခိုက်ခြင်းနှင့် ပြန်လည်သတ်ဖြတ်ခြင်း

Vol. 2 Ch. 15

ထောင်ယွင်ကန်းသည် ဝင်ရောက်လာသော မြင်းစီးဓားပြများကို ဦးဆောင်တိုက်ခိုက်လိုက်လေသည်။

သူသည် လေပေါ်သို့ ခုန်တက်လိုက်ပြီး မြင်းပေါ်ရှိနေဆဲဖြစ်သော ဓားပြတစ်ဦးကို ပိုင်းဖြတ်လိုက်သည်။

ထောင်ယွင်ကန်း၏ လှုပ်ရှားမှုများမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားပြီး သာမန်လူသားနယ်ပယ် အဆင့်သုံး အင်အားကို အပြည့်အဝ ထုတ်ဖော်ပြသလိုက်ခြင်း ဖြစ်၏။

“သိပ်သန်မာတာပဲ”

ဤသည်မှာ အတွင်းအားသိုင်းပညာရှင်တစ်ဦး မိမိအင်အားကို ထုတ်ဖော်ပြသသည်ကို ရွှီနင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

အလယ်အလတ်အဆင့် အပြင်အားသိုင်းပညာများသည် သာမန်လူသားနယ်ပယ် အဆင့်နှစ်ကိုပင် ယှဉ်နိုင်ရုံသာရှိရာ သာမန်လူသားနယ်ပယ် အဆင့်သုံးကိုမူ ဆိုဖွယ်ရာ မရှိတော့ချေ။

“ရွှီနင်... ကောယယ်ကိုခေါ်ပြီး မြန်မြန်သွားတော့”

ယခုလေးတင် တိုက်ခိုက်မှုသည် ရွှီနင်နှင့် ကောယယ်တို့အတွက် ထွက်ပြေးရန် လမ်းကြောင်းတစ်ခု ပွင့်သွားစေခဲ့သည်။

“ကောင်းပါပြီ”

ရွှီနင်သည် တုံဆိုင်းမနေပေ။ သူသည် အခွင့်အရေးကို အရယူကာ ကောယယ်ကို ဆွဲပြီး တောင်ကုန်းပေါ်သို့ ပြေးတက်သွားလေသည်။

တောင်ကုန်းပေါ်ရှိ သစ်ပင်များမှာ သစ်ကိုင်းသစ်ရွက်များဖြင့် ပြည့်နှက်နေသော်လည်း ထွက်ပြေးလွတ်မြောက်ရန် အခွင့်အလမ်း ရှိနေသေး၏။

ကောယယ်သည် ရွှီနင်၏ နောက်မှ ကပ်လိုက်ပါလာသည်။ သူသည် မိမိအင်အား နည်းပါးကြောင်း သိထားသဖြင့် ထောင်ယွင်ကန်း၏ အမိန့်ကို နာခံလိုက်ရခြင်း ဖြစ်သည်။

“ထွက်ပြေးချင်တဲ့ကောင်တွေ ရှိသေးတာလား”

ကျန်စန်းတောင်းက မဲ့ပြုံးပြုံးလိုက်သည်။ ထို့နောက် သူသည် ဓားထိပ်ဖျားဖြင့် ပုကွကွမြင်းစီးဓားပြတစ်ဦးကို တို့လိုက်ပြီး ပြောလိုက်သည်။

“သွား... ထွက်ပြေးဖို့ကြိုးစားနေတဲ့ အဲဒီကောင်နှစ်ကောင်ကို သွားရှင်းလိုက်စမ်း”

“ဟုတ်ကဲ့”

ပုကွကွမြင်းစီးဓားပြသည် အမိန့်ကို နာခံပြီးနောက် ရွှီနင်နှင့် ကောယယ်တို့နောက်သို့ တောင်ကုန်းပေါ် လိုက်ပါသွားတော့သည်။

ကျန်စန်းတောင်းသည် သူ၏ ဓားမကြီးကို ကိုင်ဆောင်ကာ ထောင်ယွင်ကန်းထံသို့ လျှောက်သွားလိုက်သည်။

“ထောင်ယွင်ကန်း... ဒါ မင်းရဲ့ နောက်ဆုံးတိုက်ပွဲပဲ”

ကျန်စန်းတောင်းနှင့် ထောင်ယွင်ကန်းတို့ စတင် တိုက်ခိုက်ကြလေပြီ။

…

ထူထပ်သော တောအုပ်ကြီးထဲတွင် ဖြစ်သည်။

ရွှီနင်နှင့် ကောယယ်တို့သည် သုတ်ခြေတင် ပြေးနေကြသည်။

“ငါတို့နောက်က မြင်းခွာသံတွေ ကြားနေရတယ်”

ရွှီနင် ချက်ချင်း သတိပြုမိလိုက်သည်။

“ဘယ်လိုလုပ်ကြမလဲ”

ကောယယ်က မေးလိုက်သည်။ သူသည် ရွှီနင်ကိုသာ အားကိုးရမည်ဖြစ်ကြောင်း ကောင်းစွာ နားလည်ထား၏။

“ငါတို့က မြင်းတွေထက် သေချာပေါက် နှေးတာပေါ့”

မြင်းခွာသံများမှာ ပို၍ နီးကပ်လာလေသည်။ ရွှီနင်သည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဘေးနားရှိ သစ်ပင်မြင့်တစ်ပင်ကို လှမ်းကြည့်လိုက်၏။

“သစ်ပင်ပေါ် တက်ရအောင်”

ရွှီနင်သည် ရန်သူကို ရှောင်တိမ်းရန် ကြိုးစားကြည့်လိုခြင်း ဖြစ်သည်။

ကောယယ်သည် တုံဆိုင်းမနေဘဲ သူတို့နှစ်ဦးလုံး သစ်ပင်ပေါ်သို့ လျင်မြန်စွာ တက်ရောက်သွားကြသည်။

မကြာမီတွင် မြင်းခွာသံ ရပ်တန့်သွားလေသည်။

“ဟမ်... ဘယ်ရောက်သွားကြတာလဲ”

ပုကွကွမြင်းစီးဓားပြသည် မျက်မှောင်ကြုတ်လိုက်သည်။ လွန်ခဲ့သော စက္ကန့်ပိုင်းအလိုက သူတို့ကို မြင်လိုက်ရသော်လည်း ယခုအခါ ထူထပ်သော တောအုပ်ထဲ၌ ပျောက်ကွယ်သွားကြချေပြီ။

“သူတို့က အဲဒီလောက်တောင် မြန်လို့လား”

ပုကွကွမြင်းစီးဓားပြသည် မြင်းပေါ်မှ ဆင်းလိုက်သည်။

သူသည် ကိုယ်ကိုကိုင်းကာ မြေပြင်ကို စတင်လေ့လာကြည့်ရှုလိုက်၏။

မကြာမီတွင် မြေကြီးပေါ်မှ ခြေရာများကို တွေ့ရှိသွားသည်။

“‌တော်တော် အ တာပဲ”

ဓားပြသည် ပြုံးလိုက်ပြီး ခြေရာများအတိုင်း လိုက်ပါသွားသည်။

ခြေရာများသည် သစ်ပင်တစ်ပင်၏ ရှေ့တွင် ပျောက်ကွယ်သွားကြောင်း သူ တွေ့ရှိလိုက်ရ၏။

“တွေ့ပြီ”

ဓားပြသည် အောင်နိုင်သူအပြုံးဖြင့် မော့ကြည့်လိုက်သည်။

ရုတ်တရက် မည်းနက်သော အရိပ်တစ်ခု ခုန်ဆင်းလာလေသည်။

ရွှီနင်သည် သတ်ဖြတ်လိုသော အကြည့်များဖြင့် သံမဏိဓားတစ်လက်ကို ကိုင်ဆောင်ထားကာ ပုကွကွဓားပြထံသို့ ဓားဖြင့် ခုတ်ပိုင်းချလိုက်သည်။

ဤသည်မှာ ယခင်က အနက်ရောင်ဝံပုလွေများကို ရင်ဆိုင်စဉ်က သစ်ပင်ပေါ်မှ ခုန်ဆင်းကာ တိုက်ခိုက်ခဲ့သော နည်းစနစ်အတိုင်းပင် ဖြစ်သည်။

ရွှီနင်၏ ဓားသွားသည် ဓားပြ၏ နဖူးဆီသို့ ခုတ်ပိုင်းလုနီးပါး ဖြစ်နေချေပြီ။

“သောက်ကျိုးနည်း”

ဓားပြသည် အန္တရာယ်ရှိကြောင်း ချက်ချင်း သတိပြုမိသွားသည်။

သူသည် နောက်သို့ လှန်ချလိုက်ပြီး ရွှီနင်၏ သေစေနိုင်သော တိုက်ခိုက်မှုမှ ရှောင်တိမ်းလိုက်နိုင်လေသည်။

‘မြန်လိုက်တာ’

ရွှီနင် တုန်လှုပ်သွားရသည်။

ပုကွကွဓားပြ၏ ရှောင်တိမ်းနိုင်သော အမြန်နှုန်းမှာ ထောင်ယွင်ကန်းလောက် မမြန်ဆန်သော်လည်း မိမိထက်မူ များစွာ သာလွန်နေပေသည်။

ထို့ပြင် ထိုဓားပြသည် ခန္ဓာကိုယ်ကို ဆန့်ထုတ်ကာ အလွန်လျင်မြန်သော လှုပ်ရှားမှုကို ပြသလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ ကြွက်သားနှင့် အရိုးများ၏ မြည်ဟီးသံကို ရွှီနင် ကြားလိုက်ရသည်။

ရွှီနင်သည် အတွင်းအားအကြောင်း ကောင်းစွာ နားလည်ထားသဖြင့် ဤသည်မှာ အဆင့်နှစ် ကြွက်သားနှင့် အရိုးအဆစ်နယ်ပယ် သိုင်းပညာရှင်များသာ ထုတ်ဖော်နိုင်သော အခြေအနေတစ်ခုဖြစ်ကြောင်း သိလိုက်သည်။

ဆိုလိုသည်မှာ သူ၏ ပြိုင်ဘက်သည် အတွင်းအားသိုင်းပညာရှင်တစ်ဦး ဖြစ်နေခြင်းပင်။

“မဆိုးဘူးပဲ ကောင်လေး”

ရွှီနင်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်သော ဓားပြမှာလည်း လန့်ဖျပ်သွားရသည်။ ရွှီနင်၏ မျက်နှာတွင် သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်နေ၏။

ဓားပြသည်လည်း ဓားတစ်လက်ကို ကိုင်ဆောင်ထားပြီး ရွှီနင်ကို ပြန်လည်ခုတ်ပိုင်းလိုက်သည်။

ဤခေတ်ကာလတွင် လက်တွေ့အကျဆုံး လက်နက်များအနက် တစ်ခုဖြစ်သည့်အလျောက် ဓားအသုံးပြုခြင်းမှာ အလွန် တွင်ကျယ်လှပေသည်။

ဓားပြက ဓားကို ဝှေ့ယမ်းလိုက်သည်။

‘ပေါက်ကွဲထွက်လာတဲ့ အင်အားပဲ’

လေပြင်းမုန်တိုင်းဓားနည်းစနစ်၏ အလယ်အလတ်အဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့် ရွှီနင်သည် ထိုပုကွကွဓားပြမှာ အခြေခံအဆင့် ဓားသိုင်းကို တတ်မြောက်ထားကြောင်း တစ်ချက်ကြည့်ရုံဖြင့် ပြောနိုင်လေသည်။

ရွှီနင်၏ အမြင်တွင်မူ ဓားပြ၏ ဓားသိုင်းကွက်များမှာ ကြမ်းတမ်းပြီး ခုတ်ပိုင်းသည့် ထောင့်ချိုးများမှာ အကောင်းဆုံး မဟုတ်ပေ။

သို့သော် သူ၏ ဓားအမြန်နှုန်းမှာ အလွန်မြန်ဆန်ပြီး အင်အားမှာလည်း ကြီးမားလှသည်။ အကယ်၍ တိုက်ခိုက်မှုကို မရှောင်တိမ်းနိုင်ပါက ချက်ချင်း သေဆုံးသွားရလိမ့်မည်။

ရွှီနင်သည် အထူးသတိရှိနေသဖြင့် ဓားပြ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းလိုက်နိုင်၏။

“မင်းမှာ လှည့်ကွက်လေးတွေ ရှိသားပဲ... ဒါပေမဲ့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”

ဓားပြသည် စကားပြောနေရင်း သူ၏ လက်များက ဆက်တိုက် လှုပ်ရှားနေသည်။

သူ၏ ဓားသွားသည် ပိုက်ကွန်တစ်ခုသဖွယ် ရွှီနင်၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားသယောင် ရှိလေသည်။

ကလန်…

ရွှီနင်သည် တုံ့ပြန်သောအားဖြင့် သူ၏ ဓားကို မြှောက်ကာ ကာကွယ်လိုက်သည်။

ဓားသွားမှတစ်ဆင့် ကြီးမားသော အင်အားတစ်ခု ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

သူ၏ လက်မောင်းများ ခေတ္တမျှ ထုံကျင်သွားပြီး ခန္ဓာကိုယ်ထဲတွင်လည်း ပြင်းထန်သော မအီမသာဖြစ်မှုကို ခံစားလိုက်ရသည်။

“အသုံးမကျတဲ့ ခန္ဓာကိုယ်ပဲ”

ဓားပြသည် ရွှီနင်၏ အခြေအနေကို သတိပြုမိသွားသည်။

သူသည် ရှေ့သို့ ကန်ချက်တစ်ချက် ထုတ်လိုက်သည်။ ရွှီနင်သည် တိုက်ခိုက်မှုကို မရှောင်နိုင်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

“ငါ အရမ်းအားနည်းနေသေးတာပဲ”

ရွှီနင် နာကျင်နေရသည်။

သူ၏ အလယ်အလတ်အဆင့် အပြင်အားသိုင်းပညာသည် အပြင်အားမလေ့ကျင့်ထားသော ကြွက်သားနှင့် အရိုးအဆစ်နယ်ပယ် သိုင်းပညာရှင်များကိုသာ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ အကယ်၍ ကြွက်သားနှင့် အရိုးအဆစ်နယ်ပယ် သိုင်းပညာရှင်သည် အခြေခံအဆင့် အပြင်အားသိုင်းပညာကိုပါ တတ်မြောက်ထားပါက ခန္ဓာကိုယ်အခြေခံကွာခြားချက်မှာ ကြီးမားလွန်းသဖြင့် အသာစီးရမှုသည် ပြိုင်ဘက်ဘက်သို့ ပါသွားမည် ဖြစ်သည်။

“ဒါ မင်းရဲ့ ဇာတ်သိမ်းပဲ”

ဓားပြသည် ချက်ချင်းပင် ဓားကို မြင့်မြင့်မြှောက်လိုက်သည်။

“သေလိုက်တော့”

ဓားပြသည် အော်ဟစ်လိုက်သည်။

သို့သော် ရွှီနင်အား ခုတ်ပိုင်းမည့်အရှိန်ကို ရပ်တန့်လိုက်ပြီး မသိစိတ်အရ ခေါင်းမော့ကြည့်လိုက်မိသည်။

သူ ခေါင်းမော့လိုက်သည်နှင့် နောက်ထပ်လူတစ်ယောက် သစ်ပင်ပေါ်မှ ခုန်ဆင်းလာသည်ကို တွေ့လိုက်ရသည်။

ထိုသူသည် လက်နက်ကိုင်ဆောင်ထားခြင်း မရှိသဖြင့် ဓားပြ အနည်းငယ် အံ့အားသင့်သွားသည်။

သို့သော် နောက်ပိုင်းတွင် ထိုသူက မြေကြီးတစ်ဆုပ်ကို ရုတ်တရက် ပစ်ပေါက်လိုက်သည်ကို တွေ့လိုက်ရ၏။

“ညစ်ပတ်တဲ့ လှည့်ကွက်တွေ သုံးနေတာပဲ”

ဓားပြတစ်ယောက် အချိန်မီ ပြန်လည်တုံ့ပြန်ခြင်း မပြုနိုင်မီမှာပင် သူ၏ မျက်လုံးများသည် မြေကြီးများ ဖုံးအုပ်သွားတော့သည်။

‘ဒါ ငါ့အတွက် အခွင့်အရေးပဲ’

ဓားပြသည် မျက်နှာကို သုတ်သင်နေဆဲအချိန်တွင် ရွှီနင်သည် ချက်ချင်း ထရပ်လိုက်ပြီး ဓားဖြင့် ထိုးစိုက်လိုက်လေသည်။

ရွှီနင်၏ ဓားထိပ်ဖျားသည် ဓားပြ၏ နှလုံးသားတည့်တည့်ကို ဖောက်ဝင်သွား၏။

“မင်း...”

ဓားပြသည် လှည့်ကြည့်ချင်သော်လည်း သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေသွားလေသည်။

ရွှီနင်သည် ဓားကို ကိုင်ထားလျက် လှည့်လိုက်ရာ ဓားပြသည် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားတော့သည်။

“လုပ်တာကောင်းတယ် ကောယယ်”

တိုက်ပွဲမှာ အလွန်လျင်မြန်စွာ ပြီးဆုံးသွားသော်လည်း ရွှီနင်သည် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေဆဲ ဖြစ်သည်။

အထူးသဖြင့် ကန်ချခံရပြီး ဓားပြ၏ ဓားသွားသည် ရင်ဘတ်ကို ဖောက်ဝင်လုနီးပါးအချိန်တွင် ရွှီနင်သည် သေမင်းနှင့် မျက်နှာချင်းဆိုင်လိုက်ရသလို ခံစားခဲ့ရသည်။

ကောယယ်၏ အချိန်ကိုက် ကူညီမှုသာ မပါဝင်ခဲ့ပါက သူသည် ဤနေရာ၌ပင် သေဆုံးသွားရပေလိမ့်မည်။

“ကျေးဇူးပါကွာ...”

ကောယယ်သည် နောက်ဆုံးတွင် တည်ငြိမ်သွားသည်။

သစ်ပင်ပေါ် မတက်မီက သူသည် မြေကြီးတစ်ဆုပ်ကို ကောက်ယူထားခဲ့သည်။ အကယ်၍ ရန်သူနှင့် တွေ့ဆုံပါက ရန်သူ့မျက်လုံးကို ပိတ်ကာရန် အခွင့်အရေးရမည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။

လက်တွေ့အခြေအနေက ကောယယ်၏ အကြံဉာဏ် မှန်ကန်ကြောင်း သက်သေပြလိုက်လေပြီ။

သူ၏ ရုတ်တရက် ချောင်းမြောင်းတိုက်ခိုက်မှုသည် ဓားပြကို မျက်စိမြင်ကွင်း ကွယ်သွားစေခဲ့ပြီး ရွှီနင်အတွက် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး ရရှိစေခဲ့သည်။

“ဒါတွေအားလုံး မင်းကြောင့်ပါပဲ”

ရွှီနင်က ကောယယ်ကို လက်မထောင်ပြလိုက်သည်။

ကောယယ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။ “တော်ပါကွာ... မင်းသာမရှိရင် ငါ့ရဲ့ ချောင်းတိုက်တာက ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး... ငါ့အသက်ကို ကယ်ခဲ့တဲ့အတွက် မင်းကိုသာ ကျေးဇူးတင်ရမှာ”

“ငါတို့ ဆက်ပြီး ဘာလုပ်ကြမလဲ”

ကောယယ်က ဓားပြအလောင်းကို ကြည့်လိုက်သည်။

“သူ့ဆီမှာ တန်ဖိုးရှိတာ ပါမပါ ကြည့်ရအောင်”

ရွှီနင်နှင့် ကောယယ်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ပြီး ဓားပြအလောင်းကို စစ်ဆေးရှာဖွေကြတော့သည်။

ခေတ္တမျှ ရှာဖွေပြီးနောက် မည်သည့်အရာမှ မတွေ့ရှိရပေ။

“ကြည့်ရတာ ဒီဓားပြတွေက လူတွေကို လုယက်တဲ့အချိန် ကိုယ့်ဆီမှာ ဘာမှ သယ်မလာကြဘူးနဲ့ တူတယ်...”

ကောယယ်က ညည်းညူလိုက်သည်။

“ဒါပေမဲ့ ငါတို့အတွက် တစ်ခုတော့ ကျန်သေးတယ်”

ရွှီနင်သည် မြေပြင်ပေါ်မှ ဓားကို ကောက်ယူလိုက်သည်။

ဓားပြ၏ ဓားမှာ သူ၏ သံမဏိဓားနှင့် အရည်အသွေး တူညီပြီး တန်ဖိုးကြီးပစ္စည်း မဟုတ်ပေ။

သူ့မြင်းလည်း ရှိနေသေးသည်။

ဤမြင်းမှာ သာမန်ကာလျှံကာသာဖြစ်ပြီး သိပ်ခွန်အားရှိပုံ မပေါ်ချေ။

သို့သော် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် ရွှီနင်နှင့် ဓားပြ တိုက်ခိုက်နေစဉ်အတွင်း ထွက်မပြေးဘဲ ရှိနေခဲ့သည်။

“ကောယယ်... မင်း မြင်းစီးတတ်လား”

ရွှီနင်က မေးလိုက်သည်။

“နည်းနည်းပါးပါးတော့ တတ်တယ်”

ကောယယ် ခေါင်းညိတ်လိုက်သည်။

ထောင်ယွင်ကန်းနှင့် မလုပ်ကိုင်မီက သူသည် မြင်းစီးဖူးသည့် အတွေ့အကြုံ အနည်းငယ် ရှိခဲ့ဖူးသည်။

“ကောင်းပြီ...” ရွှီနင်သည် ဓားပြ၏ ဓားကို ကောယယ်အား ပေးလိုက်ပြီး ပြောလိုက်သည်။ “မင်း ဒီဓားကို ယူ... ဒီမြင်းကို စီးပြီး ရွာကို တန်းတန်းမတ်မတ် ပြန်တော့”

“မင်းကရော”

ကောယယ် နားမလည်နိုင် ဖြစ်သွားသည်။

“ငါ ပြန်သွားမယ်”

ရွှီနင်၏ စကားကြောင့် ကောယယ် အံ့သြသွားရသည်။

“ဘာပြောလိုက်တာ” ကောယယ်က သူ သေချာမကြားလိုက်ရဟု ထင်မှတ်နေ၏။ “မင်း ငါ့ဦးလေးကို ရှာဖို့ ပြန်သွားမလို့လား”

“ဟုတ်တယ်”

ရွှီနင် ခေါင်းညိတ်ပြလိုက်သည်။

“မင်း ရူးနေပြီလား ရွှီနင်”

ကောယယ်က စိုးရိမ်တကြီး ကြည့်နေသည်။ “ငါတို့ ဓားပြတစ်ယောက်တည်းကို သတ်ဖို့တောင် တော်တော်လေး ကြိုးစားလိုက်ရတာ... မင်းသာ အဲဒီကို ပြန်သွားရင် ဘာများလုပ်ပေးနိုင်မှာမလို့လဲ”

All Chapters