← Chapters

ခေါင်းဖြတ်သတ်ခြင်း

Vol. 2 Ch. 16

ခေါင်းဖြတ်သတ်ခြင်း

Vol. 2 Ch. 16

“ပြီးတော့ မင်းအဲဒီကိုပြန်သွားရင် ဘယ်လိုလုပ် အန္တရာယ်ကင်းမှာလဲ”

ကောယယ်က ဦးလေးဖြစ်သူ ထောင်ယွင်ကန်းအတွက် စိတ်ပူနေသော်လည်း ရွှီနင်ကို အသေမခံနိုင်ပေ။

ကောယယ်၏ရင်ထဲ၌ ထောင်ယွင်ကန်း၏ သိုင်းပညာစွမ်းရည်အပေါ် အလွန်ယုံကြည်မှုရှိနေသည်။

ထောင်ယွင်ကန်း ဓားပြတိုက်ခံရသည်မှာ ဤသည်က ပထမဆုံးအကြိမ်မဟုတ်။ အဆုံး၌ ထောင်ယွင်ကန်းသည် အန္တရာယ်မှ အမြဲလွတ်မြောက်နိုင်ခဲ့စမြဲ ဖြစ်သည်။

သို့သော် ရွှီနင်အတွက်မူ ကုန်သည်အဖွဲ့ကို လိုက်လံစောင့်ရှောက်သည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် ရွှီနင်ပြန်လှည့်သွားမည့်ကိစ္စကို ကောယယ် အတော်လေးစိုးရိမ်နေမိ၏။

“စိတ်မပူပါနဲ့၊ ငါသူတို့ကို သေချာပေါက် မျက်နှာချင်းဆိုင်ပြီး တိုက်ခိုက်မှာမဟုတ်ပါဘူး”

ရွှီနင်က ရှင်းပြလိုက်သည်။ “စောစောကလိုပဲလေ၊ ငါရုတ်တရက် လှုပ်ရှားမှုတွေမလုပ်သရွေ့ သူတို့ငါ့ကို သတိထားမိလောက်မှာ မဟုတ်ဘူး။ စောစောကလူ ငါ့ကိုတွေ့သွားတာက ငါတို့ခြေရာတွေကို လိုက်ရှာနေလို့ပဲ။ ပြီးတော့ မြင်းစီးဓားပြတွေက ငါပြန်လာမယ်လို့ ထင်ထားကြမှာ မဟုတ်ဘူးလေ”

“ဒါပေမဲ့ မင်းပြန်သွားတော့ရော ဘာထူးမှာမို့လို့လဲ”

ကောယယ်က ရွှီနင်ကို နားချရန် ကြိုးစားနေဆဲပင်။

ရွှီနင် ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ “ကောယယ်... ကုန်သည်အဖွဲ့ကို ငါပထမဆုံးအကြိမ် လိုက်ပါစောင့်ရှောက်ဖူးတာ ဆိုပေမဲ့ အဲဒီဓားပြတွေက သာမန်ဓားပြတွေ မဟုတ်ဘူးလို့ ငါထင်တယ်”

“မင်း...”

ရွှီနင်၏ အလေးအနက်ထားပုံကို ကောယယ် မြင်လိုက်ရသည်။

“အရင်တုန်းက ဦးလေးကန်းကို လိုက်တိုက်တဲ့ ဓားပြတွေက ငွေလိုချင်လို့ တောင်းကြတာလို့ မင်းပြောဖူးတယ်မလား”

ရွှီနင်က ကောယယ်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ဟုတ်တယ်...”

ကောယယ် စကားရပ်တန့်သွားပြီး တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရသည်။

“ဒါပေမဲ့ ဒီတစ်ခါတော့ တစ်ဖက်လူက ဦးလေးကန်းနာမည်ကို ခေါ်ခဲ့သလို ဦးလေးကန်းကလည်း သူတို့ထဲက ရန်သူဟောင်းကို မှတ်မိနေခဲ့တယ်။ ဒါကြောင့် ဒီတစ်ခါ သူတို့ရည်ရွယ်ချက်က ငွေတောင်းဖို့မဟုတ်ဘဲ ကလဲ့စားချေဖို့ဆိုတာ ထင်ရှားနေပြီ။ သူတို့က ဦးလေးကန်းရဲ့အသက်ကို လိုချင်နေကြတာ”

“ဒီလူတွေက ဦးလေးကန်းရဲ့ သွားလာလှုပ်ရှားပုံကို သေသေချာချာ စုံစမ်းထားကြတာ။ ဒါက ရည်ရွယ်ချက်ရှိရှိ ဓားပြတိုက်တာပဲ။ သူတို့က ဦးလေးကန်းကို ဒုက္ခရောက်စေချင်နေကြတာ”

ရွှီနင်၏စကားများကြောင့် ကောယယ်၏ရင်ထဲ တင်းကျပ်သွားရသည်။

ဤသုံးသပ်ချက်အပေါ် အခြေခံကြည့်လျှင် ဤဓားပြတိုက်မှု၏ သဘောသဘာဝသည် အမှန်တကယ် ကွဲပြားနေသည်။

“ဦးလေးကန်းက ငါ့ကို လုပ်ခ ငွေပြား ၅၀ ပေးထားတာ၊ အဲဒီတော့ ငါက အဲဒီငွေနဲ့ထိုက်တန်ကြောင်း သက်သေပြရမယ်”

ရွှီနင် ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်သည်။

သူသည် မိုက်ရူးရဲဆန်သူမဟုတ်သလို သေလည်းမသေချင်ပါ။ သို့သော် ကောင်းကျိုးဆိုးကျိုးများကို ချိန်ဆပြီးနောက် မိမိကိုယ်ကိုယ် ကာကွယ်ရင်း ထောင်ယွင်ကန်းနှင့် အခြားသူများကို ကူညီနိုင်မည့် အခွင့်အရေးအချို့ ရှာတွေ့နိုင်မည်ဟု ရွှီနင် ခံစားမိသည်။

အခြေအနေ ဆိုးရွားသွားပါက ရွှီနင်သည် ရှေ့သို့တိုးဝင်ကာ အသက်စွန့်မည်မဟုတ်ချေ။ အခြေအနေကို ပြောင်းလဲပစ်ရန် သူ့စွမ်းရည်များကို အသုံးပြု၍ အခွင့်အရေးရယူမည်သာ ဖြစ်သည်။

သူ့ယခင်ခန္ဓာကိုယ်ပိုင်ရှင်ရော သူကိုယ်တိုင်ပါ ကောယယ်၏ အကူအညီကို ရယူခဲ့ဖူးပြီး ကောယယ်သည်လည်း ထောင်ယွင်ကန်း၏ ခွင့်ပြုချက်ရမှသာ ကူညီပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

လှည့်ထွက်သွားပြီး ပြန်မကြည့်တော့ဘဲ နေလိုက်လျှင် ရွှီနင်တစ်ယောက် စိတ်သန့်သန့်ဖြင့် နေနိုင်မည်မဟုတ်ပေ။

ထို့အပြင် ရွှီနင် ကောယယ်ကို မပြောပြခဲ့သော အချက်တစ်ချက်လည်း ရှိသေးသည်။

အကယ်၍ အဆိုးရွားဆုံးအခြေအနေသာ အမှန်တကယ် ဖြစ်လာခဲ့ပါက ရွှီနင်သည် သူတို့၏ အလောင်းများကို ထားပစ်ခဲ့ချင်မည် မဟုတ်ပေ။

ထို့ကြောင့် သူပြန်သွားမှ ဖြစ်မည်။

“ရွှီနင်၊ မင်း...”

ရွှီနင်၏ ပြတ်သားမှုကို မြင်လိုက်ရသောအခါ ကောယယ် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

ဤသူငယ်ချင်းကောင်းသည် အနစ်နာခံပေးရကျိုးနပ်သူဖြစ်ကြောင်း သူသိလိုက်သည်။

ရွှီနင်သည် ကောယယ်ထံမှ အကူအညီရဖူးသောကြောင့် ယခုအခါ သူ့မိသားစုအတွက် မားမားမတ်မတ် ရပ်တည်ပေးလိုနေခြင်း ဖြစ်သည်။

“ဒါဆိုလည်း သွားတော့”

ကောယယ်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော ခံစားမှုများ ပေါ်လာသည်။ သူ ရွှီနင်၏ ပခုံးကို ပုတ်လိုက်ပြီး “ရွာကို အသက်ရှင်လျက် ပြန်လာခဲ့ရမယ်နော်... ဂရုစိုက်ပါ” ဟု မှာကြားလိုက်သည်။

“ကောင်းပြီ”

ရွှီနင် ခေါင်းညိတ်ပြလိုက်၏။

ကောယယ်သည် အချိန်ဆွဲမနေတော့ဘဲ သူ့ဓားကိုယူ၍ မြင်းပေါ်တက်လိုက်သည်။

သူရှိနေလျှင် ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို သူသိသည်။

ကောယယ် မြင်းဇက်ကြိုးကိုကိုင်ကာ ရွှီနင်ကို ပြန်လှည့်ကြည့်ပြီးနောက် မောင်းထွက်သွားတော့သည်။

ရွှီနင်သည် ကောယယ် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးမှ လှည့်ထွက်လာခဲ့သည်။

…

နေရောင်ခြည်က ပူပြင်းတောက်လောင်နေသည်။

တောင်ပေါ်လမ်းမှ တိုက်ပွဲကတော့ ဆက်လက်ဖြစ်ပွားနေဆဲပင်။

မြေပြင်ပေါ်၌ လူအများအပြား လဲကျနေကြသည်။

တိုက်ပွဲတွင် သေဆုံးသွားသူအများစုမှာ မြင်းစီးဓားပြများဖြစ်သော်လည်း ထောင်ရွာမှ လူသုံးဦးမှာ မြေပြင်ပေါ် လဲကျနေပြီး အသက် ရှင်မရှင်ကိုမူ ဘုရားသာ သိနိုင်ပေလိမ့်မည်။

ကွမ်ရင်းကုန်းနှင့် လက်အောက်ငယ်သားအချို့သည် ထောင်ယွင်ချွမ်နှင့် အခြားထောင်ရွာသားတစ်ဦးကို ဝိုင်းထားကြပြီး ထိုနှစ်ဦးစလုံး၏ ခန္ဓာကိုယ်အနှံ့တွင် သွေးများနှင့် ဒဏ်ရာများ ပြည့်နှက်နေသည်။

ထောင်ယွင်ကန်း ကိုယ်တိုင်မှာမူ ကျန်စန်းတောင်းနှင့် တစ်ယောက်ချင်း တိုက်ခိုက်နေရသည်။

အခြေအနေကို ကြည့်ရသည်မှာ နှစ်ယောက်သား ခွန်အားချင်း သိပ်မကွာလှပေ။ ကျန်စန်းတောင်းသည်လည်း အတွင်းအားပြည့်ဝအဆင့်သို့ ရောက်ရှိထားပြီး အလယ်အလတ်အဆင့် အပြင်အားသိုင်းပညာ ရှိထားသော်လည်း သူ၏ လက်တွေ့တိုက်ပွဲအတွေ့အကြုံက သိသိသာသာ ပိုမိုများပြားလေသည်။

“ထောင်ယွင်ကန်း၊ ခင်ဗျားမှာ ဝှက်ဖဲတွေ ရှိသားပဲ၊ ဒါကြောင့်လည်း ကျုပ်ညီရဲ့လက်မောင်းကို ဖြတ်နိုင်ခဲ့တာကိုး။ ခဏနေ ခင်ဗျားကို သတ်တဲ့အခါကျရင် အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်”

ကျန်စန်းတောင်းသည် ထောင်ယွင်ကန်းနှင့် တိုက်ခိုက်ရသည်ကို စိတ်လှုပ်ရှားနေပုံရသည်။

ထောင်ယွင်ကန်းက ကျန်စန်းတောင်းကို ပြန်မပြောပေ။ တိုက်ခိုက်မှုများကို ခုခံရန်သာ အစွမ်းကုန် ကြိုးစားနေရသည်။

တောင်ကုန်းတစ်ဖက်မှ လူတစ်ယောက် တိတ်တဆိတ် ဆင်းလာသည်ကို မည်သူမျှ သတိမထားမိကြပေ။

ရွှီနင် သတိထား၍ လှုပ်ရှားနေသည်။ ခြေလှမ်းမလှမ်းမီ လူတိုင်း၏ မြင်ကွင်းကို အကဲခတ်ပြီး မည်သူမျှ သူ့ကို သတိမထားမိကြောင်း သေချာအောင် လုပ်သည်။

မကြာမီ ရွှီနင်သည် တောင်ပေါ်လမ်းဘေးရှိ သစ်ပင်ကြီးတစ်ပင်၏ အနောက်သို့ ရောက်လာသည်။

သူနှင့် တိုက်ပွဲမြေပြင်မှာ မီတာ ၅၀ ပင် မကွာတော့ချေ။

“ငါတို့ဘက်က အရေးနိမ့်နေတာပဲ”

ရွှီနင် အခြေအနေကို အနီးကပ် စောင့်ကြည့်လိုက်သည်။

သူတို့လူ သုံးယောက် လဲကျသွားပြီဖြစ်ကာ ထောင်ယွင်မန်နှင့် ကျန်ရစ်သူများသည်လည်း အသက်ရှင်ရပ်တည်နိုင်ရန် မနည်းရုန်းကန်နေရသည်။

သူတို့လည်း မကြာခင် လဲကျသွားမည့်ပုံ ပေါက်နေသည်။

“အရှုံးပေးလိုက်တော့ ထောင်ယွင်ကန်း”

ကျန်စန်းတောင်းသည် မြင်းပေါ်မှ ဆင်းထားပြီးဖြစ်သည်။ သူ၏ ဓားမကြီးကို ဝှေ့ယမ်းခုတ်ထစ်လိုက်တိုင်း စူးရှသော သတ္တုချင်းရိုက်ခတ်သံများ ထွက်ပေါ်လာသည်။

ကျန်စန်းတောင်း၏ တိုက်ခိုက်မှုများက ပြင်းထန်လွန်းသဖြင့် ထောင်ယွင်ကန်းမှာ ခံစစ်သက်သက်သာ ပြုလုပ်နေရသည်။

‘ငါ ဒီနေ့ ဒီမှာပဲ မြေမြှုပ်ခံရတော့မှာလား’

ထောင်ယွင်ကန်းသည် အပြင်ပန်းတွင် တည်ငြိမ်ပြတ်သားနေပုံရသော်လည်း ရင်ထဲတွင်မူ အဆိုးမြင်စိတ်များ ဝင်ရောက်လာနေပြီဖြစ်သည်။

ဆေးဖက်ဝင်အပင်လုပ်ငန်း လုပ်ကိုင်လာသည်မှာ ဆယ်နှစ်ကျော်ရှိပြီဖြစ်သော်လည်း ယခုအချိန်သည် သူကြုံတွေ့ဖူးသမျှထဲတွင် အန္တရာယ်အများဆုံး အခြေအနေဖြစ်သည်။

“အား...”

စစ်မြေပြင်၏ အခြားတစ်ဖက်တွင် ထောင်ယွင်ချွမ်၏ လက်ပြတ်သွားသဖြင့် နာကျင်စွာ အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။

“ယွင်ချွမ်”

ထောင်ယွင်ကန်း စိတ်ပူသွားသည်။

ဤအခိုက်အတန့်လေးကို ကျန်စန်းတောင်းတစ်ယောက် အမိအရ အသုံးချလိုက်သည်။

ကျန်စန်းတောင်းက ထောင်ယွင်ကန်း၏ ဘယ်ဘက်လက်မောင်းကို ခုတ်ပိုင်းလိုက်ရာ သွေးများ ပန်းထွက်ကုန်၏။

ဒဏ်ရာပြင်းထန်စွာ ရသွားသော ထောင်ယွင်ကန်းမှာ တစ်လှမ်းချင်း နောက်ဆုတ်ရတော့သည်။

တိုက်ဆိုင်စွာပင် ထောင်ယွင်ကန်း နောက်ဆုတ်လိုက်သော နေရာသည် ရွှီနင်ပုန်းနေသော သစ်ပင်ကြီးရှိရာဘက်သို့ ဖြစ်နေသည်။

“သူတို့လာနေပြီ...”

ဘေးမှ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေပြီးနောက် ရွှီနင်အတွက် တိုက်ပွဲမြေပြင်ထဲ ဝင်ရောက်ကာ အခြေအနေကို ပြောင်းလဲပစ်နိုင်မည့် အခွင့်အရေး ရလာပုံရသည်။

ရွှီနင်သည် အသက်ရှူနှုန်းကို ညှိလိုက်ပြီး စိတ်ကိုငြိမ်အောင်ထားကာ အာရုံစူးစိုက်မှု အမြင့်ဆုံးအခြေအနေသို့ ပို့ဆောင်လိုက်သည်။

ကျန်စန်းတောင်း၏ နောက်ထပ်ဓားချက်ကြောင့် ထောင်ယွင်ကန်း၏ ပခုံးတွင် ဒဏ်ရာရသွားပြန်သည်။

တောင်ယွင်ကန်းတစ်ယောက် အခြေအနေဆိုးရွားနေပုံရလေသည်။

“နှမြောစရာပဲ၊ ဒီလောက်ပါပဲကွာ”

ထောင်ယွင်ကန်းတစ်ယောက် ထောင်ရွာရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ့မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။

“ဘာလဲ”

ကျန်စန်းတောင်း ထိုအပြောင်းအလဲကို သတိထားမိလိုက်သည်။ “မသေခင် နောက်ဆုံးအနေနဲ့ တစ်ခါလောက် ပြန်ချချင်သေးတာလား”

ထင်ထားသည့်အတိုင်းပင် ထောင်ယွင်ကန်း ပြန်လည်တိုက်ခိုက်လာသောအခါ သူ၏ဓားလမ်းကြောင်းမှာ အလွန်တိကျနေသည်။

သူသည် ခံစစ်ကို လုံးဝစွန့်လွှတ်လိုက်ပြီး ရှေ့သို့တိုးဝင် တိုက်ခိုက်တော့သည်။

ထောင်ယွင်ကန်း၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ ပိုမိုများပြားလာသည်။

နောက်ဆုံးတွင် သူသည် အနောက်မှသစ်ပင်ကို မှီလျက်သား ဖြစ်သွားသည်။ ထောင်ယွင်ကန်းတွင် ဆုတ်ခွာစရာနေရာ မရှိတော့ချေ။

“ခင်ဗျားက တကယ်မလွယ်ပါလား”

ထောင်ယွင်ကန်း၏ နောက်ဆုံးခုခံမှုကို မြင်ပြီးနောက် ကျန်စန်းတောင်း အတော်လေး အထင်ကြီးသွားသည်။

သို့သော် ထိုအချက်က ထောင်ယွင်ကန်းကို သတ်မည့်အဖြစ်မှန်ကိုတော့ ပြောင်းလဲသွားစေမည် မဟုတ်ပေ။

ကျန်စန်းတောင်းသည် နောက်ဆုံးပိတ် ဓားချက်အတွက် ဓားကို မြှောက်လိုက်သည်။

ထောင်ယွင်ကန်း သေမင်းကို စောင့်ဆိုင်းနေချိန်မှာပင် သစ်ပင်ကြီးနောက်မှ ရွှီနင်၏ ပုံရိပ် ထွက်ပေါ်လာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။

သူသည် လက်နှစ်ဖက်လုံးဖြင့် ဓားကိုင်လျက် ရှေ့သို့ ခုန်ထွက်လာ၏။

“ရွှီနင်”

ထောင်ယွင်ကန်း၏ စိတ်နှလုံး တုန်လှုပ်သွားရသည်။

“ဘယ်သူလဲ”

အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ကျန်စန်းတောင်းသည် အန္တရာယ်ကို အာရုံခံမိလိုက်သည်။

သို့သော် သူ၏ခါးမှ အရေပြားထဲသို့ ဓားတစ်ချောင်း စိုက်ဝင်လာသည်ကို ခံစားလိုက်ရချိန်၌ သူ၏လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးသွားခဲ့ချေပြီ။

‘ငါပေါ့ဆမိသွားတာပဲ’

ကျန်စန်းတောင်း အလွန်စိုးရိမ်ထိတ်လန့်သွားသည်။

ပုံမှန်ဆိုလျှင် အလစ်ဝင်တိုက်ခိုက်ခံရပါက သူ ကြိုတင်အာရုံခံမိလေ့ရှိသည်။

သို့သော် သူ၏အာရုံတစ်ခုလုံးသည် ထောင်ယွင်ကန်းအပေါ် ရောက်နေပြီး မည်သူကမျှ သူ့ကို ချုံခိုတိုက်ခိုက်လိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကျန်စန်းတောင်း၏ ခါးနှင့် ဝမ်းဗိုက် စုတ်ပြဲသွားပြီး ခန္ဓာကိုယ်မှ သွေးများ စီးကျလာသည်။

တိုက်ခိုက်သူ၏ မျက်နှာကို သူအတိအလင်း မြင်လိုက်ရသည်။

“မင်း...”

အလစ်ဝင်တိုက်ခိုက်သူမှာ ယခင်က ထွက်ပြေးလွတ်မြောက်သွားသော ဓားကိုင်လူငယ်ဖြစ်ကြောင်း ကျန်စန်းတောင်း မှတ်မိလိုက်သည်။

“မင်းက ဘယ်လိုလုပ်ပြီး...”

ကျန်စန်းတောင်းခမျာ မယုံကြည်နိုင် ဖြစ်နေသည်။

ဤလူငယ်သည် သူ့လက်အောက်ငယ်သားကို အနိုင်ယူခဲ့သည်သာမက နားလည်ရခက်သော သတ္တိမျိုးဖြင့် တိုက်ပွဲမြေပြင်သို့ ပြန်ရောက်လာခဲ့သည်တဲ့လား။

“အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်ထိုက်ပါပေတယ်”

ရွှီနင်သည် အတွင်းအားပြည့်ဝအဆင့်တစ်ယောက်၏ ကြောက်မက်ဖွယ် ကာယခွန်အားကို သတိထားမိလိုက်သည်။

သာမန်လူတစ်ယောက်သာဆိုလျှင် ရွှီနင်တစ်ယောက် ခါးကို ပိုင်းဖြတ်လိုက်နိုင်ပြီ ဖြစ်သည်။

သို့သော် အရေပြားကို ဖောက်ဝင်သွားပြီးနောက် သူ၏ဓားသည် ကျန်စန်းတောင်း၏ ကြွက်သားများကြားတွင် ညပ်နေပြီး ဆက်လက်ခုတ်ပိုင်းရန် ခက်ခဲနေသည်။

အတွင်းအားပြည့်ဝအဆင့် သိုင်းပညာရှင်၏ ခန္ဓာကိုယ်သည် ကြောက်ခမန်းလိလိပင်။

“ကျန်စန်းတောင်း၊ သေလိုက်တော့”

ထောင်ယွင်ကန်းသည် အခြေအနေ ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်လိုက်ရာ တိုက်ခိုက်လိုစိတ်များ နိုးကြားလာပြီး ကြမ်းတမ်းလာတော့သည်။

ထောင်ယွင်ကန်းသည် ကျန်စန်းတောင်းကို ဓားဖြင့် ထိုးသွင်းလိုက်သည်။

ရွှီနင်သည် နောက်မဆုတ်ဘဲ ရှေ့သို့တိုးကာ မူလနေရာကိုပင် ထပ်မံခုတ်ပိုင်းလိုက်ရာ ကျန်စန်းတောင်းမှာ လုံးဝ ဒဏ်ရာအကြီးအကျယ် ရသွားတော့သည်။

ကျန်စန်းတောင်း ယိုင်နဲ့နဲ့ ဖြစ်သွား၏။

“ကယ်... ကယ်ကြပါဦး”

အသက်ဝိဉာဉ် လွင့်ပါးလုနီးပါး ဖြစ်လာသည်ကို ခံစားလိုက်ရသဖြင့် ကျန်စန်းတောင်း အော်ဟစ်အကူအညီတောင်းလေသည်။

သို့သော် ထောင်ယွင်ကန်းက ထိုအခွင့်အရေးကို မပေးတော့ပေ။ ထောင်ယွင်ကန်းသည် သူ၏ခွန်အားများကို စုစည်း၍ ဓားဖြင့် တစ်ချက်တည်း ပိုင်းချလိုက်သည်။

ကျန်စန်းတောင်း၏ ခေါင်းသည် ခန္ဓာကိုယ်ပေါ်မှ ပြတ်ကျသွားလေတော့သည်။

All Chapters