← Chapters

ဂုဏ်သတင်းကျော်ကြားခြင်း

Vol. 2 Ch. 18

ဂုဏ်သတင်းကျော်ကြားခြင်း

Vol. 2 Ch. 18

ရွှီလျန်သည် ခြံဝင်းထဲတွင် အဝတ်လှန်းနေစဉ် ရွှီနင်၏အသံကို ရုတ်တရက် ကြားလိုက်ရလေသည်။

ရွှီနင်က ခြံတံခါးကိုတွန်းဖွင့်ကာ ဝင်လာသည်ကို သူမ မြင်လိုက်ရသည်။ သူ၏လက်ထဲတွင် ဝိုင်အိုးတစ်လုံးကို ကိုင်ဆောင်ထားပြီး ကျောပေါ်တွင် ဓားကြီးတစ်လက်ကို လွယ်ထားလေသည်။ သူသည် အတော်ပင် ပင်ပန်းနွမ်းနယ်နေပုံရလေသည်။

“မောင်လေး ပြန်ရောက်လာပြီလား”

ရွှီလျန်၏မျက်နှာထက်တွင် အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

သူမသည် လက်ထဲမှ အဝတ်လျှော်ဇလုံကို မြေကြီးပေါ်သို့ အမြန်ချလိုက်ပြီး နှုတ်ဆက်လိုက်လေသည်။

ဤခရီးစဉ်သည် ရွှီနင်အတွက် ပထမဆုံးအကြိမ် ကုန်သည်လှည်းတန်းကို အစောင့်လိုက်ပါခြင်း ဖြစ်ပေသည်။ ထောင်ယွင်ကန်းနှင့် အတူပါသွားသည် ဆိုသော်ငြားလည်း သူမ စိတ်ပူနေမိသေးသည်။

ယခု ရွှီနင်တစ်ယောက် ဘေးမသီရန်မခ ပြန်ရောက်လာသည်ကို မြင်လိုက်ရမှသာ ရွှီလျန် စိတ်အေးသွားရချေသည်။

“ဒါ ယောက်ဖအတွက် ကျွန်တော် ဝယ်လာတဲ့ ဝိုင်ပါ”

ရွှီနင်က ဝိုင်အိုးကို ရွှီလျန်ထံ ကမ်းပေးလိုက်သည်။

ခန်းယွင်ခရိုင်မှ မထွက်ခွာမီက ရွှီနင်သည် ယောက်ဖဖြစ်သူ ထောင်ယွင်ချွမ်းအတွက် ဝိုင်နှစ်အိုး ဝယ်ယူခဲ့သည်။

သို့သော် နောက်ပိုင်း၌ တိုက်ပွဲဖြစ်ပွားစဉ်တွင် ဝိုင်အိုးတစ်လုံး ကွဲသွားခဲ့သဖြင့် တစ်လုံးသာ ပြန်သယ်လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“ပိုက်ဆံတွေ သုံးပြန်ပြီနော်”

ရွှီလျန်က ဝိုင်အိုးကို လှမ်းယူရင်း မောင်ဖြစ်သူကို ဆူပူလိုက်သည်။

သို့သော် သူမ၏လေသံမှာ ယခင်ကထက် ပိုမိုပေါ့ပါးနေ၏။

ယခုအခါ မိသားစုတွင် စုဆောင်းငွေလည်း ရှိလာပြီဖြစ်သလို မောင်လေးမှာလည်း သိုင်းပညာရှင်တစ်ယောက် ဖြစ်လာပြီဖြစ်၍ ရွှီလျန်သည် ငွေကြေးသုံးစွဲခြင်းနှင့် ပတ်သက်ပြီး ယခင်ကလောက် စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။

“ကျွန်တော် ရေချိုးပြီး အဝတ်အစား အရင်လဲလိုက်ဦးမယ်”

ရွှီနင်သည် တစ်ကိုယ်လုံး စေးကပ်ညစ်ပတ်နေသည်ဟု ခံစားနေရသည်။

“ဝတ်ထားတဲ့ အဝတ်တွေ ဇလုံထဲ ထည့်ထားလိုက်လေ၊ အစ်မ လျှော်ပေးမယ်” ဟု ရွှီလျန်က ဆိုသည်။

“ဟုတ်ကဲ့ အစ်မ”

ရွှီနင်က ချက်ချင်းပင် သဘောတူလိုက်၏။

သို့သော် ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးသည်နှင့် ရွှီလျန်က ရွှီနင်ကို ရုတ်တရက် လှမ်းတားလိုက်လေသည်။

ရွှီနင်၏ဓားသွားပေါ်မှ သွေးစများကို သူမ သတိထားမိသွားပြီးနောက် ရွှီနင်၏အဝတ်အစားပေါ်မှ ခြောက်သွေ့နေသော သွေးကွက်များကိုပါ မြင်တွေ့သွားခြင်း ဖြစ်သည်။

“မောင်လေး ကိုယ်ပေါ်က ဟာတွေက သွေးတွေလား”

ရွှီလျန် မျက်မှောင်ကြုတ်သွားသည်။

ရွှီနင် ခေတ္တရပ်တန့်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်တယ်၊ လမ်းမှာ ဓားပြတစ်သိုက်နဲ့ တိုးမိလို့လေ။ အဲဒါ တိုက်ခိုက်ပြီး မောင်းထုတ်လိုက်ရတယ်”

ရွှီနင်သည် အဖြစ်အပျက်ကို ဖုံးကွယ်ရန် မကြိုးစားသော်လည်း အခြေအနေ၏ အန္တရာယ်ကြီးမားမှုကိုမူ လျှော့ပေါ့ပြောဆိုလိုက်သည်။

အစ်မဖြစ်သူ စိတ်မပူစေလို၍ ဖြစ်သည်။

သို့သော် ရွှီနင်က ပေါ့ပေါ့ပါးပါး ပြောလိုက်ငြားလည်း ရွှီလျန်၏မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားလေသည်။

“ဒဏ်ရာရလာသေးလား”

ရွှီလျန်က ရှေ့သို့ကိုင်းကာ ရွှီနင်၏ခန္ဓာကိုယ်ကို သေချာကြည့်ရှုစစ်ဆေးလေသည်။

ရွှီနင် ခေါင်းခါပြလိုက်သည်။ “လုံးဝ ဒဏ်ရာမရပါဘူး၊ ဒီမှာကြည့်...”

ရွှီနင်က တစ်ပတ်လှည့်ပြကာ ခုန်ပေါက်ပြလိုက်ရာ ကိုယ်လက်လှုပ်ရှားမှုမှာ ပုံမှန်အတိုင်းပင် ဖြစ်နေသည်။

ထိုအခါမှ ရွှီလျန် စိတ်သက်သာရာ ရသွားတော့သည်။ “တော်ပါသေးရဲ့...”

ထို့နောက် ရွှီနင်သည် အဝတ်အစားများချွတ်ကာ ရေမိုးချိုးသန့်စင်ပြီး ရွှီလျန်ပေးသော အဝတ်အစားသစ်များကို ဝတ်ဆင်လိုက်သည်။

အိမ်တွင် ခေတ္တမျှ အနားယူလိုက်ပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေများမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေသည်။

ရွှီနင်သည် လန်းဆန်းတက်ကြွလာခဲ့သည်။

“ဦးလေး ပြန်ရောက်ပြီလား”

အိမ်ထဲတွင် ဆံပင်သုတ်နေသော ရွှီနင်တစ်ယောက် ထောင်ထောင်၏အသံကို ကြားလိုက်ရသည်။

ထိုကလေးမလေးသည် သူငယ်ချင်းများနှင့် ကစားရာမှ ပြန်လာခြင်းဖြစ်သည်။

ထောင်ထောင်တစ်ယောက် တံခါးကိုတွန်းဖွင့်ကာ အိမ်ထဲသို့ ဝင်လာလေသည်။

“ဦးလေး”

ရွှီနင်ကို မြင်လိုက်သည်နှင့် ထောင်ထောင်မှာ ပြုံးဖြီးသွားသည်။ သူမသည် ရှေ့သို့ပြေးဝင်လာပြီး ရွှီနင်၏ခါးကို ဖက်တွယ်လိုက်လေသည်။

ထောင်ထောင်၏မျက်နှာလေးကို မြင်လိုက်ရသဖြင့် ရွှီနင် မပြုံးဘဲ မနေနိုင်တော့ပေ။

သို့သော် သူက ထောင်ထောင်၏ ကျစ်ဆံမြီးလေးများကို ဆွဲကိုင်ကာ သူ့ကိုယ်နှင့် ခွာလိုက်သည်။

“ထောင်ထောင်... ဦးလေးနား မကပ်နဲ့ဦး၊ သမီးတကိုယ်လုံး ဖုန်တွေပေနေတာပဲ၊ ဦးလေးက ခုနလေးကမှ ရေချိုးထားတာကွ”

ထောင်ထောင်ကတော့ ရွှီနင်၏စကားကို ဂရုမစိုက်ပေ။

“ဒီကိုလာခဲ့”

ရွှီနင်က ထောင်ထောင်ကို ခွာလိုက်ပြီးနောက် စားပွဲဆီသို့ ခေါ်သွားလိုက်သည်။

ထောင်ထောင်သည် စားပွဲကို မှီကာ ခြေဖျားထောက်ရပ်လိုက်သော်လည်း သူမ၏ခေါင်းမှာ စားပွဲအမြင့်လောက်သာ ရှိလေသည်။

“ရော့... ကြိုက်ရဲ့လား ကြည့်လိုက်ဦး”

ရွှီနင်က သူ့အိတ်ထဲမှ သစ်သားဆံထိုးလေး တစ်ချောင်းကို ထုတ်ပြလိုက်သည်။

ထိုသစ်သားဆံထိုးလေးမှာ အစိမ်းရောင်ရှိပြီး ရိုးရှင်းသော ဒီဇိုင်းပုံစံလေး ပါရှိသည်။ ကြည့်ရသည်မှာ အတော်လေး လက်ရာမြောက်ပြီး လှပနေလေ၏။

“ဒါ သမီးအတွက်လားဟင်”

ထောင်ထောင်သည် ခေါင်းလေးစောင်းကာ ပါးစပ်အဟောင်းသားဖြင့် ရွှီနင်ကို မော့ကြည့်နေသည်။

“သမီးအတွက်ပေါ့”

ရွှီနင်က ဆံထိုးလေးကို ထောင်ထောင်လက်ထဲ ထည့်ပေးလိုက်သည်။

ထောင်ထောင်သည် အစိမ်းရောင် သစ်သားဆံထိုးလေးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားလိုက်သည်မှာ ရှားပါးရတနာတစ်ခုကို ကိုင်ဆောင်ထားသည့်အလားပင်။

သူမသည် ဆံထိုးလေးကို စိုက်ကြည့်နေပြီး မျက်လုံးများပင် အရောင်တောက်နေလေသည်။

ခဏကြာသောအခါ ထောင်ထောင်က အသံကျယ်ကြီးဖြင့် ရယ်မောလိုက်လေသည်။

သူမသည် နောက်သို့လှည့်ကာ အိမ်ပြင်သို့ ပြေးထွက်သွားရင်း “မေမေ... ကြည့်ပါဦး၊ ဦးလေးက သမီးကို လက်ဆောင်ပေးတယ်” ဟု အော်ပြောလေတော့သည်။

“ဒီကလေးမလေးကတော့...”

ထောင်ထောင်၏အပြုအမူကြောင့် ရွှီနင် သဘောကျသွားရသည်။

ယခင်က သူတို့မိသားစုမှာ အလွန်ဆင်းရဲခဲ့သဖြင့် ရွှီလျန်ပိုင်ဆိုင်သော တစ်ခုတည်းသော သစ်သားဆံထိုးမှာ မင်္ဂလာဆောင်စဉ်က ထောင်ယွင်ချွမ်း ပေးခဲ့သည့် ဆံထိုးသာ ရှိခဲ့ဖူးသည်။

ရွှီလျန်က ထိုဆံထိုးကို ရတနာတစ်ပါးကဲ့သို့ တယုတယ သိမ်းဆည်းထားတတ်သည်။ ထောင်ထောင်မှာ ကိုင်ကြည့်ချင်သော်လည်း ရွှီလျန်က ခွင့်မပြုခဲ့ပေ။ ထို့ကြောင့် ထောင်ထောင်သည် သစ်သားဆံထိုးဆိုလျှင် အလွန်တန်ဖိုးရှိသော ပစ္စည်းတစ်ခုဟု အမြဲမှတ်ယူထားခဲ့လေသည်။

ယခု ရွှီနင်က ပိုမိုလှပသော သစ်သားဆံထိုးကို ပေးလိုက်သောအခါ ထောင်ထောင်တစ်ယောက် အတိုင်းထက်အလွန် ပျော်ရွှင်သွားခြင်း ဖြစ်သည်။

ရွှီနင်သည် ကျန်ရှိနေသော သစ်သားဆံထိုးတစ်ချောင်းကို ရွှီလျန်အား ပေးလိုက်သည်။

ရွှီလျန်၏တုံ့ပြန်မှုမှာ ထောင်ထောင်လောက် မကြီးကျယ်သော်လည်း လက်ဆောင်ရရှိပြီးနောက်တွင်မူ သူမလည်း မပြုံးဘဲ မနေနိုင်ပေ။

“ဖေဖေရောဟင်”

ညစာစားပွဲတွင် သုံးယောက်သား ထောင်ယွင်ချွမ်းအပြန်ကို စောင့်ဆိုင်းနေကြသည်။

ထောင်ထောင်သည် သစ်သားဆံထိုးလေးကို လက်မှမချဘဲ ကိုင်ထားဆဲပင်။ ရွှီလျန်က ချထားရန် ပြောသော်လည်း ထောင်ထောင်က ငြင်းဆန်လေသည်။

“ခဏနေရင် ပြန်ရောက်လောက်ပါပြီ”

ရွှီလျန်က တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုစဉ် ထောင်ယွင်ချွမ်းက တံခါးဖွင့်၍ ဝင်လာလေသည်။

သူ၏ခြေလှမ်းများမှာ နှေးကွေးလေးလံနေသော်လည်း အလျင်လိုနေသည့်ပုံ ပေါက်နေသည်။

“ရွှီနင်... ရွှီနင် ပြန်ရောက်ပြီလား”

အိမ်ထဲသို့ မဝင်မီကပင် ထောင်ယွင်ချွမ်းက စိုးရိမ်ပူပန်မှု ပြည့်နေသည့်အသံဖြင့် မေးမြန်းလိုက်သည်။

“ယောက်ဖ... ကျွန်တော် ဒီမှာ ရှိပါတယ်”

ရွှီနင်သည် စားပွဲမှ အလျင်အမြန်ထကာ ထောင်ယွင်ချွမ်းကို တွဲကူပေးရန် အပြင်သို့ ထွက်သွားလိုက်သည်။

“တော်သေးတာပေါ့ကွာ...”

ထောင်ယွင်ချွမ်းမှာ အသက်ပြင်းပြင်းရှူနေရပြီး နဖူးပေါ်တွင် ချွေးများပင် သီးနေလေပြီ။

ရွှီလျန်က မျက်နှာသုတ်ပဝါတစ်ထည် ယူလာပြီး သူ့ချွေးများကို သုတ်ပေးလိုက်သည်။ “ဘာလို့ ဒီလောက်တောင် အလျင်စလို ဖြစ်နေရတာလဲရှင်”

“ငါ ရွှီနင်အတွက် စိတ်ပူနေလို့ဟ”

ထောင်ယွင်ချွမ်းက ချောင်းဟန့်ရင်း ရှင်းပြလေသည်။ “ထောင်ယွင်ကန်းတို့ အပြန်လမ်းမှာ မြင်းစီးဓားပြတွေ ဓားပြတိုက်တာ ခံလိုက်ရတယ်ဆိုပြီး ကြားလာလို့လေ။ လူတွေလည်း အတော် ဒဏ်ရာရကုန်ကြပြီး သုံးယောက်တောင် သေသွားသတဲ့လေ။ ငါကြားကြားချင်း လန့်ဖျပ်ပြီး အမြန်ပြန်လာခဲ့တာ၊ ရွှီနင် တစ်ခုခု ဖြစ်သွားပြီလားလို့ တွေးနေတာ”

“သတင်းက ပျံ့တောင် ပျံ့နေပြီလား...”

ထောင်ယွင်ကန်း၏ ကုန်သည်လှည်းတန်း တိုက်ခိုက်ခံရသည့်သတင်းမှာ နာရီဝက်ပင် မကြာလိုက်ဘဲ ထောင်ရွာတစ်ရွာလုံးသို့ ပျံ့နှံ့သွားလိမ့်မည်ဟု ရွှီနင် ထင်မထားခဲ့မိချေ။

“လူသုံးယောက်တောင် သေသွားတယ် ဟုတ်လား”

ရွှီလျန် လန့်သွားပြီး ရွှီနင်ကို လှမ်းကြည့်လိုက်သည်။

ရွှီနင်က ဤအကြောင်းကို လုံးဝ မပြောပြခဲ့ပေ။

လျှို့ဝှက်ထား၍ မရတော့မှန်း သိလိုက်သဖြင့် ရွှီနင်သည် ထောင်ယွင်ချွမ်းနှင့် ရွှီလျန်အား ဖြစ်ပျက်ခဲ့သမျှကို အမှန်အတိုင်း ဖွင့်ပြောလိုက်ရတော့သည်။

“အန္တရာယ်များလိုက်တာ...”

အကြောင်းစုံကို ကြားပြီးနောက် ရွှီလျန်၏အပြုံးများ ပျောက်ကွယ်သွားလေသည်။ သူမသည် မောင်ဖြစ်သူကို ကြောက်လန့်တကြား ကြည့်နေမိသည်။

ထောင်ထောင်မှာ ငယ်ရွယ်သေးသော်လည်း လက်ထဲမှ သစ်သားဆံထိုးလေးသည် ဦးလေးဖြစ်သူ၏ အန္တရာယ်များသော စွန့်စားခန်းမှ ရရှိလာသည်ကို ဝိုးတဝါး နားလည်နေပုံရ၏။

“မောင်လေး... နောက်ဆို ကုန်သည်လှည်းတန်းကို လိုက်မကာကွယ်ပေးနဲ့တော့”

ရွှီလျန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ သူမ၏လေသံမှာ ရွှီနင်အတွက် ညှိနှိုင်းခွင့်မရှိသည့် အမိန့်သံမျိုး ဖြစ်နေသည်။

ထောင်ယွင်ချွမ်းကလည်း စကားမပြောဘဲ ရွှီနင်ကို စိုက်ကြည့်နေသည်မှာ သူ့ဇနီး၏စကားကို ထောက်ခံနေကြောင်း သိသာနေသည်။

ရွှီနင်သည် သူတို့ကို ငြင်းဆန်၍မရနိုင်ကြောင်း သိသဖြင့် ပြန်ဖြေလိုက်သည်။ “ဟုတ်ပါပြီဗျာ... ကုန်သည်လှည်းတန်း‌ကို လိုက်မကာကွယ်တော့ပါဘူး”

သူသည် ယွင်ဇယ်တောင်တန်းထဲသို့ဝင်၍ သဘာဝဆေးဖက်ဝင်ပစ္စည်းများ ရှာဖွေရောင်းချလျှင်လည်း ဝင်ငွေကောင်းကောင်း ရနိုင်သေးသည်။ အစ်မနှင့် ယောက်ဖကို စိတ်ပူအောင် လုပ်စရာမလိုတော့ပေ။

ရွှီနင် သဘောတူလိုက်မှသာ ထောင်ယွင်ချွမ်းနှင့် ရွှီလျန်တို့၏ မျက်နှာထားများ လျော့ကျသွားတော့သည်။

“ကဲ... စားကြစို့”

ထောင်ယွင်ချွမ်းက လက်ကာပြလိုက်ပြီး မိသားစု ညစာ စတင်စားသောက်လိုက်ကြလေသည်။

…

ရွှီနင်သည် တောင်ပေါ်သို့ တစ်ဖန်မတက်မီ နှစ်ရက်ခန့် အနားယူရန် စီစဉ်ထားလိုက်သည်။

နောက်တစ်နေ့မနက်တွင် ရွှီနင်သည် ရေအနည်းငယ် ခပ်လိုက်ပြီး ရွာပြင်သို့ ထွက်သွားလေသည်။ တောထဲတွင် ထင်းခုတ်ပြီးနောက် ရွာထဲသို့ ပြန်သယ်လာခဲ့သည်။

ရွာထဲတွင် လမ်းလျှောက်နေစဉ် ရွာသူရွာသားများက သူ့အပေါ် ပိုမိုဖော်ရွေလာကြောင်း ရွှီနင် ခံစားမိလိုက်သည်။

သူစိမ်းများကပင် သူ့ထံ အရောက်လာကာ ဦးစွာနှုတ်ဆက်ကြပြီး အသိမိတ်ဆွေများကလည်း စကားစမြည် ပြောဆိုလာကြသည်။ မနေ့က ထောင်ယွင်ကန်းနှင့် အဖွဲ့သားများကို အသက်စွန့် ကယ်တင်ခဲ့သည့် သူ၏သတ္တိရှိမှုကို ချီးကျူးနေကြခြင်း ဖြစ်သည်။

ရွှီနင်က မြင်းစီးဓားပြခေါင်းဆောင်ကို တိုက်ထုတ်ပြီး လူများကို ကယ်တင်ခဲ့သည့် သတင်းစကားမှာ ထောင်ရွာတစ်ရွာလုံးသို့ ပျံ့နှံ့နေပြီဖြစ်သည်။

“ရွှီနင်”

ရွှီနင်သည် ကျောပေါ်တွင် ထင်းများကို သယ်ပိုးထားရင်း အိမ်မရောက်မီ သူ့နာမည်ကို ခေါ်သံကြားလိုက်ရသည်။

လှံတစ်လက် ကိုင်ဆောင်ထားသော မိန်းကလေးတစ်ဦးက သူ့ဆီ လျှောက်လာနေ၏။

“ထောင်ရဲ့လား”

ရွှီနင်က သူမကို မှတ်မိလိုက်သည်။

သူမသည် ထောင်မျိုးနွယ်စုခေါင်းဆောင် ထောင်ကျင်ရှင်၏ မြေးမဖြစ်သည်။ သူမသည် ရွှီနင်နှင့်အတူ နွေဦးလေပြည်ကျင့်စဉ် ဆုလာဘ်ကို သွားရောက်ရယူခဲ့ဖူးသူ ဖြစ်လေသည်။

“အစ်ကိုနင်... ရှင်က အံ့ဩစရာပဲ”

ထောင်ရဲ့က အနားရောက်လာပြီး ရွှီနင်၏ရင်ဘတ်ကို ပုတ်လိုက်သည်။

ရွှီနင်မှာ အနည်းငယ် နေရခက်သွားသည်။

“အလယ်အလတ်အဆင့် လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို သုံးပြီး အတွင်းအားပြည့်ဝခြင်းအဆင့် သိုင်းပညာရှင်ကို ယှဉ်တိုက်ရဲတယ်ဆိုတော့ ဘယ်လောက်သတ္တိရှိလိုက်လဲ”

ထောင်ရဲ့သည် ရွှီနင်ကို လေပြင်းမုန်တိုင်းဓားနည်းစနစ် အခြေခံအဆင့်တွင်သာ ရှိသေးသည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် ဆုလာဘ်များ လက်ခံရရှိခဲ့ချိန်ကတည်းက ရွှီနင်သည် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မနေ့ကမှ သူမ သိလိုက်ရခြင်း ဖြစ်ပေသည်။

၁၇ နှစ်အရွယ် ပြင်ပအားကျင့်စဉ် အခြေခံအဆင့် သိုင်းပညာရှင်တစ်ယောက်သည် ထူးခြားလှသည် မဟုတ်သော်လည်း ၁၇ နှစ်အရွယ်နှင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေခြင်းမှာမူ ကွာခြားလေသည်။

ဤမျှကောင်းမွန်သော ပြင်ပအားကျင့်စဉ် အခြေခံရှိထားမှတော့ သူ့၏ အတွင်းအားကျင့်စဉ် အလားအလာသည်လည်း တောက်ပနေမည်မှာ အမှန်ပင်။

“အားလုံးက ကျွန်တော့်ကို မြှောက်လွန်းနေကြပါပြီဗျာ...” ရွှီနင်က နှိမ့်ချစွာ ပြောလိုက်သည်။ “ရန်သူကို သတ်လိုက်တာက ဦးလေးကန်းပါ၊ ကျွန်တော်က ရန်သူ အာရုံပြောင်းသွားအောင် လုပ်ပေးလိုက်ရုံပါပဲ”

All Chapters