လေ့ကျင့်ရေးအဆင့်
Vol. 2 Ch. 19
“သိပ်လည်း နှိမ့်ချမနေပါနဲ့”
ထောင်ရဲ့က ပြောလေသည်။
“ရှင့်ရဲ့ သတ္တိကို ကြားပြီး အဖိုးကတောင် ချီးကျူးနေတာ”
ထိုစကားကို ကြားလိုက်ရသဖြင့် ရွှီနင် အတော်လေး အံ့အားသင့်သွားမိသည်။
သူမ၏အဖိုး ထောင်ကျင်ရှင်သည် ထောင်မျိုးနွယ်စု၏ ခေါင်းဆောင်ဖြစ်ပြီး ထောင်ရွာတွင် အာဏာအရှိဆုံးနှင့် ဂုဏ်သရေအရှိဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ ချီးကျူးခြင်းကို ခံရလိမ့်မည်ဟု ရွှီနင် ထင်မှတ်မထားခဲ့မိပေ။
စကားအနည်းငယ်ပြောပြီးနောက် သူတို့နှစ်ဦး လမ်းခွဲလိုက်ကြသည်။
‘ငါ့ရဲ့ ဂုဏ်သတင်းက ဘယ်လိုဖြစ်သွားတာပါလိမ့်...’
ထောင်ရဲ့နှင့် လမ်းခွဲပြီးနောက် ရွှီနင်တစ်ယောက် စိတ်လှုပ်ရှားနေမိသည်။
ယခင်ကဆိုလျှင် မျိုးနွယ်စုခေါင်းဆောင်၏ မြေးမနှင့် စကားပြောခွင့်ရရန် မဆိုထားနှင့်၊ မျက်နှာချင်းဆိုင် ဆုံတွေ့ခွင့်ပင် မရှိခဲ့ပေ။ ယခုမူ ထောင်ရွာ၏ ခေါင်းဆောင်ဖြစ်သူကပင် သူ့ကို ချီးကျူးနေလေပြီ။
သူသည် အပြင်လူတစ်ယောက် ဖြစ်သော်လည်း ဤအချိန်မှစ၍ မည်သူကမျှ သူ့အပေါ် အာဃာတထားခြင်း၊ နှိမ်ချဆက်ဆံခြင်းများ ပြုလုပ်ရဲတော့မည် မဟုတ်ပေ။
ရွှီနင်သည် ထင်းစည်းကို ကျောပိုးလျက် အိမ်သို့ ပြန်လာခဲ့သည်။
တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ခြံဝင်းထဲတွင် ပုံထားသော ပစ္စည်းအများအပြားကို မြင်လိုက်ရသည်။
ဆန်အိတ်များ၊ အသားများနှင့် အဝတ်အထည် စသည့် ပစ္စည်းမျိုးစုံ ရှိနေလေသည်။
‘ဒါတွေက ဘာတွေလဲ...’
ရွှီနင်တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။
‘အစ်မနဲ့ ယောက်ဖက အိမ်မှာမရှိဘူး၊ ထောင်ထောင်ကလည်း အပြင်ထွက်ကစားနေတာဆိုတော့ ဒီပစ္စည်းတွေက ဘယ်လိုလုပ် ဒီရောက်နေတာလဲ’
“ရွှီနင်”
ခြံဝင်းတံခါးဝဆီမှ ကောယယ်၏အသံ ထွက်ပေါ်လာလေသည်။
“မင်း ပြန်ရောက်ပြီလား”
ကောယယ်သည် လက်ထဲတွင် သစ်သားသေတ္တာတစ်လုံးကို ကိုင်လျက် ဝင်လာသည်။
“ဒီပစ္စည်းတွေကို မင်း ယူလာတာလား”
ရွှီနင် မေးလိုက်သည်။
ကောယယ်က ခေါင်းညိတ်ပြသည်။ “ငါ့ဦးလေး လာပို့ခိုင်းလိုက်တာ... ငါ ရောက်လာတော့ ခြံတံခါးက ပွင့်နေပေမဲ့ အိမ်ထဲမှာ လူမရှိဘူး၊ အဲဒါနဲ့ပဲ ပစ္စည်းတွေကို ဒီမှာ ဒီအတိုင်း ထားခဲ့လိုက်တာ”
“ဦးလေးကန်းက အရမ်းကြင်နာတတ်တာပဲ”
ထောင်ယွင်ကန်းတစ်ယောက် ဘာကြောင့် ဤလက်ဆောင်ပစ္စည်းများကို ပေးပို့ရသလဲဆိုသည်ကို ရွှီနင် ရိပ်မိလိုက်သည်။
တိုက်ပွဲအတွင်း ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်ကြောင်း ပြသခြင်းပင်။
“တကယ်တော့ ငါ့ဦးလေးကိုယ်တိုင် လာပြီး ကျေးဇူးတင်စကား ပြောမလို့ပါပဲ၊ ဒါပေမဲ့ သူ့ညီအစ်ကိုတွေရဲ့ နာရေးကိစ္စတွေ၊ ဒဏ်ရာရတဲ့ကိစ္စတွေနဲ့ ရှုပ်နေလို့ ငါ့ကိုပဲ ကိုယ်စားလွှတ်လိုက်တာ”
ကောယယ်က ရှင်းပြသည်။
“တကယ်တော့ ဒီလိုတွေ လုပ်စရာ မလိုပါဘူးကွာ”
ရွှီနင်က ယဉ်ကျေးမှုအရ ပြောလိုက်ခြင်း မဟုတ်ဘဲ တကယ်ပင် ထိုကိစ္စကို ခေါင်းထဲထည့်မထားခြင်း ဖြစ်သည်။
“ဒါနဲ့... ဒီပစ္စည်းတွေအပြင် ဦးလေးက မင်းကို ပေးခိုင်းလိုက်တဲ့ ပစ္စည်းတစ်ခု ကျန်သေးတယ်”
ကောယယ်က လက်ထဲမှ သစ်သားသေတ္တာကို ရွှီနင်အား ကမ်းပေးလိုက်သည်။
ရွှီနင်က လှမ်းယူလိုက်ပြီး စူးစမ်းလိုစိတ်ဖြင့် သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ဒါက... ပျံလွှားမြီးမြက်တွေပါလား”
ရွှီနင် မျက်ခုံးပင့်သွားမိသည်။
ပျံလွှားမြီးမြက် ငါးပင်ကို သစ်သားသေတ္တာထဲတွင် သပ်ရပ်စွာ စီစီရီရီ ထည့်ထားလေသည်။
“ဒါက ဈေးကြီးလွန်းတယ်”
ရွှီနင် သက်ပြင်းချလိုက်မိသည်။
ယခင်က သူသည် ပျံလွှားမြီးမြက်တစ်ပင်မှ စွမ်းအင် ၃ ယူနစ်ကို စုပ်ယူခဲ့ပြီး လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အလယ်အလတ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့ဖူးသည်။
ထိုစဉ်က ပျံလွှားမြီးမြက်တစ်ပင်အတွက် ကောယယ်က ဈေးလျော့ပေးခဲ့လျှင်တောင်မှ ငွေစ ၁၈၀ ပေးခဲ့ရသည်။
သာမန်ပေါက်ဈေးဆိုလျှင် ငွေပြား ၂၀၀ ခန့် ရှိပေသည်။
ယခု သစ်သားသေတ္တာထဲတွင် ပျံလွှားမြီးမြက် ငါးပင်ရှိနေရာ တန်ဖိုးအားဖြင့် ငွေပြား ၁၀၀၀ နှင့် ညီမျှလေသည်။
“ငါ လက်မခံနိုင်ဘူး”
ရွှီနင် စိတ်လှုပ်ရှားသွားသော်လည်း အံကြိတ်၍ ငြင်းဆန်လိုက်သည်။
ငွေပြား ၁၀၀၀ ဆိုသည်မှာ များပြားလွန်းလှသည်။
“မင်း လက်ခံမှ ဖြစ်မယ်” ကောယယ်က ဆက်ပြောသည်။ “ဦးလေးက မှာလိုက်တယ်၊ မင်းက သူ့အသက်ရော ငါ့အသက်ကိုပါ ကယ်ခဲ့တာမို့လို့ ငါတို့မိသားစုက မင်းအပေါ် အကြွေးတင်နေတာတဲ့၊ ငါ့ဦးလေးအကြောင်း မင်းသိပါတယ်၊ မင်းသာ ဇွတ်ငြင်းနေမယ်ဆိုရင် ဦးလေးဆီကို ကိုယ်တိုင်သွားပြီး ပြန်ပေးလိုက်တော့”
“ပြီးတော့ မင်းက အခု အတွင်းအားပညာရပ်ကို လေ့ကျင့်နေပြီဆိုတော့ ဒီပျံလွှားမြီးမြက်တွေက မင်းအတွက် အများကြီး အသုံးဝင်မှာပါ”
“ဒါပေမဲ့...”
“ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့ကွာ” ကောယယ်က ဖြတ်ပြောလိုက်သည်။ “ယူသာ ယူထားလိုက်ပါ၊ ငါ သွားတော့မယ်၊ ဦးလေးကို သွားကူစရာတွေ ရှိသေးတယ်”
ခေတ္တမျှ တွေဝေနေပြီးနောက် ရွှီနင်သည် နောက်ဆုံးတွင် ထိုရက်ရောလှသော လက်ဆောင်ကို လက်ခံလိုက်တော့သည်။
တစ်ဖက်တွင် ထောင်ယွင်ကန်း၏ ကျေးဇူးတုံ့ပြန်မှုကို လက်ခံလိုက်ခြင်းဖြစ်သလို အခြားတစ်ဖက်တွင်လည်း ရွှီနင်သည် စွမ်းအင်အရင်းအမြစ်ကို အမှန်တကယ် လိုအပ်နေခြင်းကြောင့် ဖြစ်သည်။
အတွင်းအားပညာရှင်များနှင့် တိုက်ခိုက်ပြီးနောက် ရွှီနင်သည် မိမိ၏ အားနည်းချက်များကို ရှင်းလင်းစွာ သိမြင်လာခဲ့သည်။
သူသည် လေပြင်းမုန်တိုင်းဓားနည်းစနစ်၏ အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူ၏ ခန္ဓာကိုယ်အလားအလာမှာ အသက်ဝင်ခြင်း မရှိသေးပေ။ တစ်နည်းအားဖြင့် သူသည် အားနည်းနေသေးသည်။
အတွင်းအားကို လေ့ကျင့်ပြီး ပြင်ပသိုင်းပညာနှင့် ပေါင်းစပ်လိုက်မှသာလျှင် သူ၏ အကြီးမားဆုံးသော စွမ်းရည်ကို ထုတ်ဖော်နိုင်မည် ဖြစ်သည်။
ကောယယ် ပြန်သွားပြီးနောက် ရွှီနင်သည် ကောယယ်လာပို့ထားသော ဆန်၊ အသားနှင့် အဝတ်အစားများကို အိမ်ထဲသို့ သယ်ယူလိုက်သည်။
ထို့နောက် ရွှီနင်သည် ထင်းစည်းကို ချထားခဲ့ပြီး ပျံလွှားမြီးမြက် ငါးပင်ပါသော သေတ္တာကိုကိုင်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။
“ပျံလွှားမြီးမြက် ငါးပင်...”
ရွှီနင်သည် သစ်သားသေတ္တာကို စားပွဲပေါ် တင်လိုက်သည်။ သူ အနည်းငယ် တွေဝေနေမိသည်။
ပျံလွှားမြီးမြက် တစ်ပင်သည် စွမ်းအင် ၃ ယူနစ် ပေးစွမ်းနိုင်ရာ ငါးပင်ဆိုပါက စွမ်းအင် ၁၅ ယူနစ်နှင့် ညီမျှပေသည်။
လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အလယ်အလတ်အဆင့်မှ ပြီးပြည့်စုံသောအဆင့်သို့ မြှင့်တင်ရန်အတွက် စွမ်းအင် ၁၂ ယူနစ် လိုအပ်သည်။
သို့သော် အကယ်၍ နွေဦးလေပြည်ကျင့်စဉ် အတွင်းအားပညာရပ်အတွက် အသုံးပြုမည်ဆိုပါက တစ်ကြိမ်တည်းနှင့် အဆင့်နှစ်ဆင့် တက်လှမ်းနိုင်မည် ဖြစ်သည်။
ရွှီနင် ဆက်လက်မတွေဝေတော့ဘဲ ပျံလွှားမြီးမြက်တစ်ပင်ကို လက်ထဲ ဆုပ်ကိုင်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် သိုင်းပညာမျက်နှာပြင်သည် သူ၏ မြင်ကွင်းထဲ၌ ပေါ်လာလေသည်။
—
စွမ်းအင် ရှာတွေ့သည် - ၃ ယူနစ်
စုပ်ယူမည်လား။
စုပ်ယူမည်/မစုပ်ယူပါ
—
“စုပ်ယူမည်”
ရွှီနင့်လက်ထဲမှ ပျံလွှားမြီးမြက်သည် ညှိုးနွမ်းသွားပြီး စွမ်းအင် ၃ ယူနစ် ရရှိလိုက်သည်။
ရွှီနင်တစ်ယောက် မရပ်တန့်လိုက်ပေ။ ကျန်ရှိနေသော ပျံလွှားမြီးမြက် လေးပင်ကိုပါ ဆက်လက်စုပ်ယူလိုက်သည်။
သိုင်းပညာမျက်နှာပြင်သည် ပြောင်းလဲသွားသည်။
—
အမည် - ရွှီနင်
သိုင်းပညာ -နွေဦးလေပြည်ကျင့်စဉ် (အခြေခံအဆင့်)+
လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+
ရရှိနိုင်သော စွမ်းအင် - ၁၅ ယူနစ်
—
“စွမ်းအင် ၁၅ ယူနစ်...”
စွမ်းအင်များ ဖောဖောသီသီ ရှိနေခြင်း၏ အရသာကို ရွှီနင် နောက်ဆုံးတွင် ခံစားလိုက်ရသည်။
သူသည် သိုင်းပညာမျက်နှာပြင်ပေါ်သို့ အာရုံစိုက်လိုက်သည်။
စွမ်းအင် ၁၅ ယူနစ် ရရှိပြီးနောက် ရွှီနင် ပထမဆုံး လုပ်ဆောင်ရမည်မှာ နွေဦးလေပြည်ကျင့်စဉ်ကို မြှင့်တင်ရန် ဖြစ်သည်။
ရွှီနင်သည် နွေဦးလေပြေကျင့်စဉ် ဘေးနားရှိ “+” လက္ခဏာကို ကြည့်လိုက်သည်။
—
နွေဦးလေပြေကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၃ ယူနစ် အသုံးပြုမည်လား။
လုပ်မည်/မလုပ်ပါ
—
“လုပ်မည်”
ရွှီနင် အတည်ပြုလိုက်သည်။
—
အမည် - ရွှီနင်
သိုင်းပညာ-နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် ပထမအဆင့် - လေ့ကျင့်ရေးအဆင့်)+
လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+
ရရှိနိုင်သော စွမ်းအင် - ၁၂ ယူနစ်
—
မျက်နှာပြင် ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် ရွှီနင်သည် မိမိခန္ဓာကိုယ်အတွင်းရှိ သွေးများ ရုတ်တရက် ဆူပွက်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဖော်ပြ၍မရနိုင်သော အားအင်များသည် ခန္ဓာကိုယ်၏ နက်ရှိုင်းသော နေရာများမှ စီးဆင်းထွက်ပေါ်လာသည်။
သူ၏ ခြေလက်များ၊ ခန္ဓာကိုယ်နှင့် ဦးခေါင်းတို့သည် ကြီးထွားလာနေသကဲ့သို့၊ သူကိုယ်တိုင် လူထွားကြီးတစ်ယောက် ဖြစ်လာသကဲ့သို့ ခံစားလိုက်ရသည်။
‘ဒီခံစားမှုက...’
ရုတ်တရက် တိုးပွားလာသော အားအင်များကြောင့် ရွှီနင် မူးဝေသွားသည်။
“ဒါက အတွင်းအားရဲ့ အစွမ်းပဲ”
ရွှီနင် သူ့ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
သူသည် ပိန်ပါးမြဲ ပိန်ပါးနေဆဲပင်။ ခန္ဓာကိုယ် ကြီးထွားလာသလို ခံစားချက်မှာ စိတ်ထင်ယောင်ထင်မှား ဖြစ်ပုံရသည်။
သို့သော် ခန္ဓာကိုယ် ပြောင်းလဲမသွားသော်လည်း အားအင်ပြည့်ဝနေသည့် ခံစားချက်ကတော့ အမှန်တကယ် တည်ရှိနေသည်။
ရွှီနင်သည် သူ့ဘေးနားရှိ သံမဏိဓားကို ကြည့်လိုက်သည်။
ဤသံမဏိဓားသည် ဆယ်ပေါင်ခန့် လေးလံသဖြင့် အသုံးပြုသည့်အခါ သူ မြဲမြံစွာ ဆုပ်ကိုင်ထားရလေ့ ရှိသည်။
သူ၏ လက်မောင်းအား နည်းပါးသောကြောင့် လေ့ကျင့်ရာတွင် အဆင်ပြေသော်လည်း တကယ့်တိုက်ပွဲတွင်မူ အကန့်အသတ် ဖြစ်စေသည်။ တိုက်ပွဲ ကြာရှည်လာသည်နှင့်အမျှ လက်မောင်းအား ကျဆင်းလာပြီး ဓားကွက်ပုံစံ ပျက်ယွင်းသွားတတ်သည်။
ယခုမူ လေ့ကျင့်ရေးအဆင့်ကို ချိုးဖျက်ကျော်လွှားပြီးပြီ ဖြစ်သော ရွှီနင်သည် နောက်တစ်ကြိမ် ထပ်မံစမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
ရွှီနင်သည် သံမဏိဓားရှိရာသို့ လျှောက်သွားပြီး ကောက်ယူလိုက်သည်။
‘ပေါ့သွားပါလား’
ယခင်နှင့် ကွာခြားချက်ကို ရွှီနင် ရှင်းလင်းစွာ သိလိုက်သည်။
သစ်သားဓားကို ကိုင်ထားသကဲ့သို့ ခံစားနေရသည်။
ရွှီနင်သည် ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။
“ဟူး...”
ရွှီနင် သူ့စိတ်သူ မထိန်းချုပ်နိုင်တော့ပေ။ သူသည် အိမ်ထဲမှာပင် လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို စတင်လေ့ကျင့်လိုက်တော့သည်။
ရွှပ်... ရွှပ်... ရွှပ်...
ဓားချက်များသည် လေကိုခွင်းလျက် ပြင်းထန်စွာ ရွေ့လျားသွားသည်။
ကံကောင်းစွာဖြင့် အိမ်ထဲတွင် ပစ္စည်းများ သိပ်မရှိသောကြောင့် ရွှီနင်အတွက် နေရာကျဉ်းကျပ်မနေပေ။
လေ့ကျင့်ခန်း တစ်ခုလုံး ပြီးဆုံးသွားသောအခါ ရွှီနင် အတိုင်းထက်အလွန် ပျော်ရွှင်နေမိသည်။
‘ငါ့ရဲ့ အတွင်းအား တိုးတက်လာမှုက လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို ဖျက်ဆီးနိုင်စွမ်း ပိုတိုးစေခဲ့တာပဲ’
နွေဦးလေပြေကျင့်စဉ်ကို အောင်မြင်လိုက်ခြင်းကြောင့် ရရှိလာသော ခွန်အားတိုးပွားမှုအပြင် ရွှီနင်၏ ခန္ဓာကိုယ် ထိန်းချုပ်နိုင်စွမ်းသည်လည်း ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားခဲ့သည်။
“ထင်တဲ့အတိုင်းပဲ၊ အတွင်းအားက အဓိကသော့ချက်ကိုး”
ရွှီနင် ရေရွတ်လိုက်သည်။
‘သာမန်လူသားနယ်ပယ် ဒုတိယအဆင့် ဒါမှမဟုတ် တတိယအဆင့်ထိများ တက်လှမ်းနိုင်ရင် ငါ့ခန္ဓာကိုယ်ရဲ့ ခွန်အားတွေက ဘယ်လောက်တောင် ပိုစွမ်းအားကြီးလာမလဲ’
ရွှီနင်သည် နွေဦးလေပြည်ကျင့်စဉ် ဘေးနားရှိ “+” လက္ခဏာပေါ်သို့ နောက်တစ်ကြိမ် အာရုံစိုက်လိုက်သည်။
—
နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၆ ယူနစ် အသုံးပြုမည်လား။
လုပ်မည်/မလုပ်ပါ
—
အတွင်းအားအဆင့်ကို ပထမအဆင့်မှ ဒုတိယအဆင့်သို့ မြှင့်တင်ရန်အတွက် စွမ်းအင်နှစ်ဆ လိုအပ်လေသည်။
ရွှီနင် ချက်ချင်း အတည်မပြုလိုက်ပေ။ သူ စဉ်းစားချင့်ချိန်နေသည်။
သူ့တွင် စွမ်းအင် ၁၂ ယူနစ် ကျန်ရှိနေသေးသည်။ ၎င်းသည် သာမန်လူသားနယ်ပယ် ဒုတိယအဆင့်ဖြစ်သော ကြွက်သားနှင့်အရိုးအဆင့်သို့ ရောက်ရှိရန် လုံလောက်သော်လည်း အဆင့်တက်ပြီးပါက စွမ်းအင် ၆ ယူနစ်သာ ကျန်ရှိတော့မည် ဖြစ်သည်။ ထိုပမာဏသည် သာမန်လူသားနယ်ပယ် တတိယအဆင့်ဖြစ်သော အတွင်းအားပြည့်ဝခြင်းအဆင့်သို့ ရောက်ရှိရန် သေချာပေါက် လုံလောက်မည် မဟုတ်ပေ။
လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိရန် စွမ်းအင် ၁၂ ယူနစ် လိုအပ်ကြောင်း သူသိထားသည်။ ၎င်းသည် သူ့လက်ထဲတွင် ကျန်ရှိနေသော စွမ်းအင်ပမာဏနှင့် အတိအကျ တူညီနေသည်။
‘လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို အမြင့်ဆုံးအဆင့်ရောက်အောင် မြှင့်တင်မလား၊ ဒါမှမဟုတ် အတွင်းအားကိုပဲ မြှင့်တင်မလား’
ရွှီနင် အနည်းငယ် တွေဝေသွားသည်။
မြင်းစီးဓားပြနှင့် တိုက်ခိုက်စဉ်က ကြွက်သားနှင့်အရိုးအဆင့် သိုင်းပညာရှင်တစ်ဦး၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ရွှီနင် မျက်မြင်ကိုယ်တွေ့ ကြုံဖူးသည်။
အကယ်၍ ခန္ဓာကိုယ်၏ အတွင်းအားအဆင့်က ပြင်ပသိုင်းပညာအဆင့်ထက် မြင့်မားနေပါက ခန္ဓာကိုယ်၏ ခွန်အားများကို အလွယ်တကူ ထုတ်ဖော်နိုင်ပြီး အစွမ်းထက်သော တိုက်ခိုက်နိုင်စွမ်းကို ရရှိစေနိုင်သည်။
သို့သော် ပြင်ပသိုင်းပညာတစ်ခု၏ ပြီးပြည့်စုံသောအဆင့်က မည်မျှ အစွမ်းထက်ကြောင်းကိုမူ ရွှီနင် မသိရှိသေးပေ။
လေပြင်းမုန်တိုင်းဓားနည်းစနစ်ကို ပြီးပြည့်စုံသောအဆင့်အထိ လေ့ကျင့်နိုင်သော မျိုးနွယ်စုအကြီးအကဲ အနည်းငယ်သာ ရှိပုံရသည်။
သာမန်သိုင်းပညာရှင်များအတွက်မူ ပြင်ပသိုင်းပညာကို ပြီးပြည့်စုံသောအဆင့်ထိ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုအပေါ်တွင် များစွာ မှီခိုနေရသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပေသည်။