ဆက်တိုက် အဆင့်တက်ခြင်း
Vol. 2 Ch. 20
‘အရင်ဆုံး အတွင်းအားကို အဆင့်မြှင့်လိုက်တာ ကောင်းမယ်...’
ရွှီနင်သည် ခေတ္တမျှ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်လေသည်။
ပြင်ပသိုင်းပညာက မည်မျှပင် အံ့မခန်း ကောင်းမွန်နေပါစေ၊ ခိုင်မာသန်စွမ်းသော ခန္ဓာကိုယ်မရှိလျှင် ထုတ်ဖော်နိုင်သည့် စွမ်းအားမှာ အကန့်အသတ် ရှိနေမည်သာ ဖြစ်သည်။
ခန္ဓာကိုယ်သာ သန်မာနေမည်ဆိုလျှင် ပြင်ပသိုင်းပညာအဆင့် တစ်ဆင့်နိမ့်နေလျှင်ပင် ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းကို ထုတ်ဖော်နိုင်ပေလိမ့်မည်။
ရွှီနင်သည် သိုင်းပညာမျက်နှာပြင်ကို စိုက်ကြည့်ရင်း “လုပ်မည်” ဟု ပြောလိုက်သည်။
မျက်နှာပြင်သည် နောက်တစ်ကြိမ် ပြန်စသွားလေသည်။
—
အမည် - ရွှီနင်
သိုင်းပညာ- နွေဦးလေပြည်ကျင့်စဉ် (သာမန်လူသားနယ်ပယ် ဒုတိယအဆင့် - အရိုးအကြောနယ်ပယ်)+
လေပြင်းမုန်တိုင်းဓားနည်းစနစ် (အလယ်အလတ်အဆင့်)+
ရရှိနိုင်သော စွမ်းအင် - ၆ ယူနစ်
—
မျက်နှာပြင် ပြောင်းလဲသွားပြီးနောက် ရွှီနင်သည် သူ၏ခန္ဓာကိုယ်အတွင်း၌ ထူးဆန်းသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
သာမန်လေ့ကျင့်ရေးနယ်ပယ်ကို ချိုးဖျက်စဉ်ကနှင့် မတူဘဲ၊ ယခုတစ်ကြိမ်တွင် ရွှီနင်သည် သူ၏ အရွတ်များနှင့် အရိုးများထဲတွင် အေးစက်သော ခံစားမှုမျိုးကို ခံစားလိုက်ရသည်။
သူ၏အရိုးများကို မီးဖြင့် သံရည်ကျိုထားသကဲ့သို့၊ အရွတ်များကို ဆွဲဆန့်ထားသကဲ့သို့ ဖြစ်နေသည်။
ရွှီနင်သည် ခန္ဓာကိုယ်ကို အကြောဆန့်ကြည့်လိုက်ရာ သူ၏ ပျော့ပျောင်းမှုမှာ သိသိသာသာ တိုးတက်လာကြောင်း သတိပြုမိလိုက်သည်။
သာမန်လေ့ကျင့်ရေးနယ်ပယ်မှာ ခွန်အားကိုသာ တိုးစေခဲ့သော်လည်း အရိုးအကြောနယ်ပယ်သို့ ရောက်ရှိပြီးနောက်တွင်မူ သူသည် ပိုမိုပျော့ပျောင်းလာပြီး ပေါက်ကွဲအားကောင်းကာ လျင်မြန်ဖြတ်လတ်လာလေသည်။
“အရိုးအကြောနယ်ပယ်ကို ရောက်သွားပြီးတဲ့နောက်မှာ ငါ့ခန္ဓာကိုယ်ကို ပိုပြီး ချောချောမွေ့မွေ့ ထိန်းချုပ်နိုင်လာပြီ”
ရွှီနင်သည် သူ၏ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို ရှင်းလင်းစွာ နားလည်လိုက်သည်။
“ငါ့ရဲ့ လေပြင်းမုန်တိုင်းဓားနည်းစနစ် တိကျမှုကလည်း တိုးတက်လာသလို ခုတ်ချက်တွေရဲ့ အကွာအဝေးနဲ့ ထောင့်ချိုးတွေကလည်း ပိုကောင်းလာပြီ၊ ငါ့ရဲ့ တိုက်ခိုက်မှုတွေကို ရန်သူတွေ ကာကွယ်ဖို့ ပိုခက်ခဲသွားလိမ့်မယ်”
“ဒါ့အပြင် ငါ့ခန္ဓာကိုယ်က ယခင်ကထက် အများကြီး ပိုသန်မာလာပြီ။ အခုဆိုရင် ငါ့ရဲ့ ပြင်ပသိုင်းပညာကို မသုံးရင်တောင် လက်သီးသက်သက်နဲ့တင် သာမန်လူ ဆယ်ယောက်လောက်ရဲ့ တိုက်ခိုက်မှုကို အလွယ်လေး ခုခံနိုင်နေပြီ”
ရွှီနင် အသက်ပြင်းပြင်း ရှူလိုက်သည်။
ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများက သူ့ကို အတိုင်းထက်အလွန် ပျော်ရွှင်စေလေသည်။
“သိုင်းပညာရှင်တွေက ပိုမြင့်တဲ့ နယ်ပယ်တွေကို လိုက်စားနေကြတာက အံ့ဩစရာမရှိတော့ဘူး။ သူတို့က စွမ်းအားနဲ့ ခွန်အားကိုသာ လိုက်စားနေကြတာ မဟုတ်ဘဲ ထိန်းချုပ်နိုင်စွမ်းကိုပါ ရှာဖွေနေကြတာပဲ”
အတွင်းအားပညာရပ်၏ စွမ်းအားကို လက်တွေ့ခံစားပြီးနောက် ရွှီနင်သည် သိုင်းပညာအပေါ် ဆာလောင်မွတ်သိပ်မှု ပိုမိုမြင့်မားလာခဲ့သည်။
“ပျံလွှားမြီးမြက် ငါးပင်ကို ကျေးဇူးတင်ရမယ်၊ အခုဆိုရင် ငါက အရင်ကထက် နယ်ပယ်နှစ်ဆင့်တောင် တက်သွားပြီ”
ရွှီနင်၏ လေပြင်းမုန်တိုင်းဓားနည်းစနစ်နှင့် အရိုးအကြောနယ်ပယ်တို့ ပေါင်းစပ်လိုက်သောအခါ ထောင်ရွာရှိ လူငယ်များကြားတွင် သူသည် ထူးချွန်သူတစ်ဦးအဖြစ် သတ်မှတ်နိုင်ပြီ ဖြစ်သည်။
ထောင်ရွာတွင် ရွှီနင်နှင့် ရွယ်တူများထဲ၌ သူ့ကို ယှဉ်နိုင်သူ များများစားစား မရှိတော့ပေ။
ရွှီနင်၏ လက်ရှိခွန်အားဖြင့် ထောင်ရွာမှ ထွက်ခွာပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်ကာ အသက်မွေးဝမ်းကျောင်း ပြုနိုင်ပြီဖြစ်သည်။
ယခုအခါ ရွှီနင်သည် လွတ်လပ်စွာ ရှင်သန်ရပ်တည်နိုင်ရန် အခြေခံအရည်အချင်းများ ပြည့်မီနေပြီဖြစ်သည်။
“နောက်ထပ် အဆင့်တက်ဖို့ စွမ်းအင်ယူနစ် ဘယ်လောက်လိုမလဲ ကြည့်ရအောင်...”
ရွှီနင်သည် နွေဦးလေပြည်ကျင့်စဉ် ဘေးရှိ “+” သင်္ကေတကို ကြည့်လိုက်သည်။
—
နွေဦးလေပြည်ကျင့်စဉ်ကို အဆင့်မြှင့်တင်ရန် စွမ်းအင် ၁၂ ယူနစ် သုံးစွဲမည်လား။
လုပ်မည်/မလုပ်ပါ
—
“၁၂ ယူနစ်တောင်...”
သုံးဆင့်ဆက်တိုက် အဆင့်တက်ရန် သူ့တွင် စွမ်းအင်ယူနစ် မလုံလောက်မှန်း သိထားသော်လည်း လိုအပ်ချက်က ၆ ယူနစ်တိတိ တိုးလာလိမ့်မည်ဟု ရွှီနင် မထင်ထားခဲ့ပေ။
“လေပြင်းမုန်တိုင်းဓားနည်းစနစ်ရဲ့ ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ဖို့လိုတဲ့ စွမ်းအင်ပမာဏနဲ့ အတူတူပဲ...”
ရွှီနင် ခေတ္တမျှ စဉ်းစားပြီးနောက် သိုင်းပညာမျက်နှာပြင်ကို ပိတ်လိုက်သည်။
“ဒီတစ်ခါ ဦးလေးကန်းနဲ့ ကောယယ်တို့က ငါ့ကို အများကြီး ကူညီပေးခဲ့တာပဲ”
ရွှီနင် သက်ပြင်းချလိုက်မိသည်။
ဤပျံလွှားမြီးမြက် ငါးပင်ကြောင့် သူ၏ အတွင်းအားပညာရပ်သည် နှစ်ဆင့်ဆက်တိုက် တိုးတက်လာခဲ့ပြီး စွမ်းအင် ၆ ယူနစ်ပင် ပိုနေသေးသည်။
ထောင်ယွင်ကန်းက ကျေးဇူးဆပ်သည့်အနေဖြင့် ပေးခဲ့ခြင်းဖြစ်သော်လည်း ရွှီနင်ကမူ ထောင်ယွင်ကန်းအပေါ် အကြွေးတင်နေသည်ဟု ခံစားရဆဲပင်။
“အခု ငါ့ခွန်အားတွေ တိုးလာပြီဆိုတော့ ယွင်ဇယ်တောင်တန်းထဲ ဝင်ရင် သေချာပေါက် အရင်းအမြစ်တွေ ပိုရလာမှာပဲ”
ရွှီနင်တစ်ယောက် ယုံကြည်မှု အပြည့်ရှိနေသည်။
ခွန်အားတိုးတက်မှုနှင့် အရင်းအမြစ်များ ရရှိမှုသည် အပြန်အလှန် အကျိုးပြုနေသော သံသရာတစ်ခု ဖြစ်သည်။
“မနက်ဖြန် တောင်ပေါ်တက်မယ်”
ရွှီနင် ဆုံးဖြတ်ချက် ချလိုက်သည်။
…
လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။
ထိုကာလအတွင်း ရွှီနင်သည် ယွင်ဇယ်တောင်တန်းထဲသို့ ရက်ခြားဆိုသလို ဝင်ရောက်ခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရွှီနင်သည် အတွင်းပိုင်းဧရိယာ၏ အပြင်ဘက်အစပ်ကို ဂရုတစိုက် စူးစမ်းလေ့လာခဲ့ပြီး မြေပြင်အနေအထားနှင့် ပတ်ဝန်းကျင်ကို ရင်းနှီးကျွမ်းဝင်လာပြီးနောက် ပိုမိုနက်ရှိုင်းသော နေရာများသို့ စတင်ဝင်ရောက်ခဲ့သည်။
အပြင်ဘက်တွင် ရှားပါးသော ဆေးဖက်ဝင်ပစ္စည်းများနှင့် အခြားနေရာများတွင် တွေ့ရခဲသော သားရဲတိရစ္ဆာန်အချို့ကို ရွှီနင် ရှာဖွေတွေ့ရှိခဲ့သည်။ သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝမှုမှာ အံ့မခန်းပင် ဖြစ်သည်။
ယခင်က ရွှီနင်သည် တောင်ခြေအစပ်နားတွင်သာ ဆေးမြစ်ခူးခဲ့သဖြင့် တစ်လဝင်ငွေမှာ ငွေစ ၃ ပြားခန့်သာ ရှိခဲ့သည်။
သို့သော် ယခုအခါ လဝက်အတွင်း၌ပင် ရွှီနင်၏ ဆေးမြစ်ရောင်းရငွေမှာ ငွေစ ၆၀ အထိ ရှိလာခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသာ ဆက်လက်လုပ်ကိုင်ပါက လစဉ်ဝင်ငွေသည် ငွေစ ၁၀၀ ကျော်အထိ ရှိလာနိုင်ပြီး ၎င်းသည် သူတို့မိသားစု၏ တစ်နှစ်စာဝင်ငွေနှင့် ညီမျှပေသည်။
ဤဝင်ငွေပမာဏသည် ထောင်ယွင်ကန်း၏ ဆေးကုန်သည်လုပ်ငန်းနှင့် ယှဉ်လျှင် မပြောပလောက်သော်လည်း လူအများစုထက်တော့ များစွာ သာလွန်နေပြီဖြစ်သည်။
ရွှီနင် ယွင်ဇယ်တောင်တန်းမှ ပြန်ရောက်လာခဲ့ပြန်သည်။
ထုံးစံအတိုင်း သူသည် ဆေးဖက်ဝင်ပစ္စည်းများကို ကောယယ်၏ဆိုင်၌သာ ရောင်းချလိုက်သည်။
လွန်ခဲ့သည့် လဝက်အတွင်း ထောင်ယွင်ကန်းသည် ကျဆုံးသွားသော ညီအစ်ကိုများ၏ ကိစ္စရပ်များကို စီမံဆောင်ရွက်ခဲ့သည်။
ထောင်ယွင်ကန်းသည် သေဆုံးသွားသူ သုံးဦး၏ မိသားစုများကို တစ်အိမ်လျှင် ငွေစ ၅၀၀ စီ လျော်ကြေးပေးခဲ့ပြီး သူတို့၏ ကလေးများ အိမ်ထောင်ကျသည့်အချိန်အထိ နေထိုင်စရိတ်များကိုလည်း ထောက်ပံ့ပေးမည်ဟု ဆိုသည်။
လက်တစ်ဖက် ဆုံးရှုံးခဲ့ရသော ထောင်ယွင်ချွမ်ကိုလည်း ထောင်ယွင်ကန်းက ဆေးကုသစရိတ် အမြောက်အမြား ပေးခဲ့ပြီး ဒဏ်ရာသက်သာစေရန် တန်ဖိုးကြီး ဆေးမြစ်များကိုပါ ထောက်ပံ့ပေးခဲ့သည်။
ထောင်ယွင်ကန်းသည် သူ့တာဝန်ဝတ္တရားများကို အပြစ်ဆိုဖွယ်မရှိအောင် ကျေပွန်ခဲ့သည်။
ထို့ကြောင့် အနာဂတ်တွင် ထောင်ယွင်ကန်း၏ လှည်းတန်းကို လိုက်ပါစောင့်ရှောက်လိုသူများ ရှိနေဦးမည်မှာ အသေအချာပင်။
လူတို့သည် ရက်ရောသော ခေါင်းဆောင်များအတွက် အလုပ်လုပ်ပေးရသည်ကို ပျော်ရွှင်ကြစမြဲဖြစ်သည်။
ယနေ့ ရွှီနင်သည် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းချရာမှ ငွေစ ၆ ပြား ရရှိခဲ့သည်။
ဤပမာဏသည် လွန်ခဲ့သော ရက်ပိုင်းက ဘက်စုံသုံးဆေးပင်များ ရောင်းချ၍ရသော အမြတ်အစွန်းနှင့် ယှဉ်လျှင် နည်းပါးသော်လည်း နည်း များ မဟူ စုဆောင်းရမည်သာ။
ရံဖန်ရံခါ ဝိညာဉ်ဆေးပင်များ ရှာတွေ့ခဲ့လျှင် သူ ပို၍ပင် ချမ်းသာလာဦးမည်။
ကောယယ်သည် ရွှီနင်၏ ဝင်ငွေ ရုတ်တရက် တိုးလာမှုကို ယဉ်ပါးနေပြီဖြစ်သည်။
ယခုအခါ ရွှီနင်သည် ရွာထဲရှိ ဝါရင့်ဆေးမြစ်ရှာဖွေသူများနှင့် ယှဉ်နိုင်နေပြီဖြစ်ပြီး ဆေးမြစ်ရှာဖွေရေး ဆရာတစ်ဆူအဖြစ်ပင် သတ်မှတ်နိုင်နေပြီ ဖြစ်သည်။
ဆေးမြစ်များ ရောင်းချပြီးနောက် ရွှီနင် အိမ်ပြန်ရောက်လာသည်။
မကြာသေးမီက သူတို့မိသားစုဝင်ငွေ သိသိသာသာ တိုးတက်လာခဲ့သဖြင့် ရွှီနင်က ရွှီလျန်နှင့် ထောင်ယွင်ချွမ်းတို့ကို အလုပ်ထွက်ပြီး အနားယူကြရန် တိုက်တွန်းခဲ့သည်။
အစပိုင်းတွင် သူတို့နှစ်ဦး တွန့်ဆုတ်နေခဲ့ကြသော်လည်း နောက်တစ်ရက်တွင် ရွှီနင် ယူဆောင်လာသော ဝင်ငွေပမာဏကို မြင်လိုက်ရပြီးနောက် လက်ခံလိုက်ကြလေသည်။
ဆောင်းရာသီသို့ ဝင်ရောက်လာပြီဖြစ်ရာ ဇနီးမောင်နှံနှစ်ဦးသည် ဆောင်းရာသီကို အေးအေးလူလူ ဖြတ်သန်းရန် စီစဉ်ထားကြသည်။
လာမည့်နှစ် နွေဦးပေါက်မှသာ လယ်စိုက်ပျိုးခြင်းကို ပြန်လည်လုပ်ကိုင်ကြမည်။ အစားအစာရောင်းချ၍ ငွေရှာရန် မလိုအပ်တော့ဘဲ အပျင်းပြေ သဘောမျိုးသာ လုပ်ကိုင်ကြတော့မည် ဖြစ်သည်။
ညစာတည်ခင်းရာတွင်လည်း ဟင်းပွဲများ၏ အရည်အသွေးမှာ သိသိသာသာ ကောင်းမွန်လာသည်။
ယခင်က တစ်လမှ တစ်ခါသာ အသားစားရသော်လည်း ယခုအခါ ရက်ခြားဆိုသလို စားလာရသည်။
အိမ်ကိုလည်း ပြုပြင်မွမ်းမံမှုများ စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။
မိသားစုတစ်စုလုံး ဘဝသစ်တစ်ခုကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင်။
“ယောက်ဖ... အိမ်မှာ အသားကျန်သေးလား”
ညစာစားပြီးနောက် ရွှီနင် မေးလိုက်သည်။
“ရှိတယ်လေ၊ ဘာလုပ်မလို့လဲ”
ထောင်ယွင်ချွမ်း၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ ယခင်နှင့် အလွန်ကွာခြားနေပြီ ဖြစ်သည်။
ဘဝအမောများကြောင့် ဖြစ်ပေါ်ခဲ့သော ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“သိုးသား နှစ်ပေါင်လောက်ယူပြီး ဦးလေး ထောင်ယွင်မန်အိမ်ကို သွားမလို့”
ရွှီနင်က ပြောလိုက်သည်။
တောင်တန်းအတွင်းပိုင်း၌ ဆေးမြစ်ရှာဖွေသော ကာလတစ်လျှောက်တွင် ရွှီနင်သည် ရက်စက်ကြမ်းကြုတ်သော သားရဲအမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည်။
ရွှီနင်မှာ သန်မာသည် ဆိုသော်လည်း သားရဲများ အနားကပ်လာပါက ဒဏ်ရာရနိုင်ခြေ ရှိနေဆဲပင်။
ထိုပြဿနာကို စဉ်းစားပြီးနောက် ရွှီနင်သည် ခပ်ဝေးဝေးမှ ပစ်ခတ်နိုင်သော လေးမြားပညာ ပြင်ပသိုင်းကွက်တစ်ခုကို သင်ယူရန် ဆုံးဖြတ်လိုက်သည်။
တောင်ပေါ်သားရဲများကို အဝေးမှ တိုက်ခိုက်ခြင်းဖြင့် သူသည် ပိုမိုဘေးကင်းပေလိမ့်မည်။
စိတ်ကူးကောင်းသော်လည်း လေးမြားပညာကို ဘယ်နေရာမှာ သင်ယူရမည်မှန်း သူ မသိပေ။
ထောင်ရွာတွင် လူအတော်များများက သူ့နာမည်ကို သိနေကြသော်လည်း အများစုမှာ သူစိမ်းများသာ ဖြစ်ကြသည်။
ရွှီနင်က ကောယယ်မှတစ်ဆင့် ထောင်ယွင်ကန်းကို မေးမြန်းခဲ့ရာ ထောင်ယွင်ကန်းက သူ့နည်းပြဟောင်း ထောင်ယွင်မန်ထံ သွားရောက်ရန် လမ်းညွှန်ခဲ့သည်။
ထို့ကြောင့် ယခုကဲ့သို့ သွားရောက်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
“ကောင်းပြီ၊ ထမင်းစားပြီးရင် ငါ သိုးသားတုံးတွေကို ထုပ်ပေးမယ်”
ထောင်ယွင်ချွမ်းက ချက်ချင်း တုံ့ပြန်လိုက်သည်။ ရွှီနင်၏ ကိစ္စရပ်များသည် သူ့အတွက် အလွန်အရေးကြီးပေသည်။
“ဦးလေးယွင်ကန်း ပေးထားတဲ့ လက်ဆောင်တချို့ကိုပါ ယူသွားလိုက်လေ”
ရွှီလျန်က ဝင်ပြောလိုက်သည်။ ရွှီနင် သိုင်းပညာသွားသင်မည်ကို သူမ သိထားသောကြောင့် ဖြစ်သည်။
…
ညစာစားပြီးနောက် ရွှီနင်သည် လက်ဆောင်ပစ္စည်းများကို ယူဆောင်လျက် ထောင်ယွင်မန်၏ အိမ်သို့ ထွက်လာခဲ့သည်။
ထောင်ယွင်မန်၏ နေအိမ်မှာ အတော်လေး ခမ်းနားထည်ဝါသည်။
ညအချိန် ရောက်နေပြီဖြစ်ရာ ထောင်ယွင်မန်၏ အိမ်ရှေ့တံခါးဝတွင် မီးအိမ်နှစ်လုံးကို မြင့်မားစွာ ချိတ်ဆွဲထားပြီး ဝင်ပေါက်ကို လင်းထိန်နေစေသည်။
ထောင်ယွင်မန်သည် စွမ်းအားကြီးမားသော သာမန်လူသားနယ်ပယ် လေးဆင့်မြောက် ချီနယ်ပယ်မှ သိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ သူ့ဝင်ငွေမှာ ထောင်ယွင်ကန်းနှင့် မတိမ်းမယိမ်း ရှိသည်။
သူသည် ခေါင်းဆောင်နည်းပြအဖြစ် တာဝန်ယူပြီး ရွာမှ လူငယ်မျိုးဆက်သစ်များကို သင်ကြားပေးခြင်းမှာ လစာအတွက် မဟုတ်ဘဲ ရွာသားများ၏ သားသမီးများကို လေ့ကျင့်ပေးလိုသော စေတနာကြောင့်သာ ဖြစ်သည်။
ဒေါက်... ဒေါက်... ဒေါက်...
ရွှီနင် တံခါးကို ခေါက်လိုက်သည်။
“ဘယ်သူလဲ”
မကြာမီ ခြံဝင်းထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ကြည်လင်ပြတ်သားသော လူငယ်တစ်ဦး၏ အသံဖြစ်သည်။
“ကျွန်တော် ရွှီနင်ပါ၊ ဦးလေးမန်ကို လာနှုတ်ဆက်တာပါ”
ရွှီနင်က တံခါးဝမှနေ၍ ကျယ်လောင်စွာ ပြန်ဖြေလိုက်သည်။
ခြံဝင်းတံခါး ပွင့်သွားသည်။
လူငယ်တစ်ဦး ထွက်လာပြီး သူ့မျက်နှာပေါက်မှာ ထောင်ယွင်မန်နှင့် အနည်းငယ် ဆင်တူသည်။
“ရွှီနင်လား”
လူငယ်က ရွှီနင်ကို တစ်ချက်ကြည့်လိုက်သည်။
“ဟုတ်ပါတယ်”
ရွှီနင် ပြန်ဖြေလိုက်သည်။
လူငယ်က ပြုံးလိုက်ပြီး “ဝင်ခဲ့လေ” ဟု ဖိတ်ခေါ်လိုက်သည်။