သုံးကွက်ခံနိုင်ရင် မင်းအသက်ကို ငါအာမခံပေးမယ်
Vol. 33 Ch. 322
မြေခွေးနတ်ဆိုး၏ အော်ဟစ်သံသည် ပို၍ စူးရှလာသည်။
ကြွက်သားများ ဖောင်းကြွလာသည်နှင့်အမျှ ကြီးမားသောခန္ဓာကိုယ်ကြီးသည် တိမ်တိုက်များကြားတွင် နေရာယူသွားပြီး ကြည့်ရှုသူ၏ကျောရိုးထဲထိ စိမ့်သွားစေခဲ့၏။
ကောင်းကင်ပေါ်မှနေလုံးကိုပင် ဖုံးကွယ်သွားစေနိုင်သော ကြီးမားလှသည့် အမြီးကြီးသည် ဖြည်းညှင်းစွာ ယိမ်းနွဲ့နေ၏။
၎င်းသည် မဲမှောင်နေသော တိမ်တိုက်များကြားမှ ရှေ့လက်သည်းတစ်ဖက်ကို ထုတ်လိုက်ရာ နှင်းကဲ့သို့ ဖြူဖွေးသော အမွေးများပေါ်တွင် ထူးဆန်းသော သင်္ကေတများတွဲလောင်းကျနေပြီး မှိန်ဖျော့ဖျော့ အလင်းရောင်များ လက်နေသည်။
၎င်း၏ခေါင်းရှေ့တွင် တောက်ပသောပုလဲတစ်လုံး တွဲလောင်းကျနေပြီးလပြည့်ဝန်းကို ပါးစပ်ဖြင့် ကိုက်ချီထားသကဲ့သို့ပင်။
ထိုပုလဲမှ အဖြူရောင်မြူခိုးတန်းများ စီးဆင်းထွက်ပေါ်လာပြီး မြေခွေးနတ်ဆိုး၏ခန္ဓာကိုယ်ကို တန်ဖိုးကြီးသော ပိုးသားခြုံလွှာကဲ့သို့ ရစ်ပတ်ထားလေ၏။
...
"ကျွတ်... ဒီကောင်က ဒီလိုလည်း လုပ်တတ်သေးတာလား"
ချင်းဖုန်းတာအိုသခင်သည် ခေါင်းမော့လိုက်ပြီး သစ်သီးယိုဝါးနေခြင်းကို ရပ်တန့်လိုက်၏။
နတ်ဆိုးများကရတနာတွေကို သုံးလေ့ရှိပေမဲ့ အများစုက ကျင့်ကြံသူတွေဆီက လုယူထားသည့်အရာများပင်။ ယခုလို နတ်ဆိုးခန္ဓာကိုယ်အတွက် သီးသန့်ပြုလုပ်ထားသောအရာမျိုးက တကယ်ကို ရှားပါးပေသည်။
ပြိုင်ဘက်က သူ့ကိုယ်သူအားဖြည့်ဖို့အတွက် ကိုယ်ပိုင် အစီအရင်ကွက်ပင် ရှိသေး၏။ သူသာအမှတ်မမှားလျှင် ဤအရာဟာ ရွှီမိသားစု၏ နာမည်ကျော် နည်းစနစ်ပဲ ဖြစ်ရမည်။
ချင်းချိုမျိုးနွယ်စုက ကျင့်ကြံခြင်းအား တကယ်ပင် သေသေချာချာ လုပ်ခဲ့ပုံရပေသည်။
"သန်မာတဲ့ နတ်ဆိုးခန္ဓာကိုယ်အပြင် ကျင့်ကြံသူတွေရဲ့ နည်းလမ်းမျိုးစုံ သုံးနေတာ... ဒါ မတရားဘူးထင်တယ်"
ထန်ယွမ် အနည်းငယ်မကျေမနပ် ဖြစ်မိသည်။
နိုင်ငံငယ်လေးမှလာခဲ့သူပီပီ ဝူထုံတောင်မှလူများကဲ့သို့ အရာရာအားလျစ်လျူရှုနိုင်သော စိတ်ထားမျိုးမရှိဘဲ နတ်ဆိုးများကို ကြောက်ရွံ့သည့်စိတ်က အလိုလို ရှိနေတတ်သည်။
ချင်းချိုဘိုးဘေး၏ စစ်မှန်သော နတ်ဆိုးပုံစံကို ရင်ဆိုင်လိုက်ရသောအခါ ထန်ယွမ်သည် သူ့ကို သာမန် ကျင့်ကြံသူတစ်ဦးအဖြစ် မမြင်နိုင်တော့ပေ။
အထူးသဖြင့် ၎င်း၏ကျင့်ကြံခြင်းအဆင့်က ရှန်းယီကို လုံးဝ လွှမ်းမိုးထားသည်မဟုတ်လော။
ထိုအတွေးဖြင့် ထန်ယွမ်သည် သူ့နောက်ဘက်ရှိ စိတ်ဆင်းရဲနေသော မဟာချန်မှလူများကို တိတ်တဆိတ် လှည့်ကြည့်လိုက်သည်။
ချင်းချိုစုဆောင်းခဲ့သော နှစ်ပေါင်းများစွာသော အရာများအား မြေခွေးနတ်ဆိုး၏ အရည်အချင်းဟု သတ်မှတ်ပြီး၊ ရှန်းယီအား ကူညီပေးချင်သောသူများစွာရှိနေသည်ကိုတော့ အခြားသူများအကူအညီယူသည်ဟုဆိုပြီး အဘယ်ကြောင့် အပြစ်တင်နေကြသနည်း။
ဆရာက စီနီယာတစ်ယောက် ဖြစ်နေပါလျက်နဲ့ ဘာလို့ မျက်နှာလိုက်နေရတာလဲ။
"မင်း စိတ်ထဲကနေ ပွစိပွစိ ပြောနေတာ ရပ်လိုက်တော့"
ချင်းဖုန်းတာအိုသခင်သည် သူ့တပည့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံတွင် လက်ကို ဘေးချလျက် ရပ်နေသော ပုံရိပ်ထံသို့ အကြည့်ပို့လိုက်၏။
တိမ်တိုက်များကြားတွင် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသော မြေခွေးနတ်ဆိုး၏ရှေ့မှောက်၌ ရှန်းယီ၏ တည်ရှိမှုသည် မပြောပလောက်အောင်ပင် သေးငယ်နေသည်။
သူက နောက်ထပ်အဆင့်တစ်ခုဆီ ရောက်ခါနီးနေတဲ့ ဟွမ်ယွမ်အရှင်သခင် တစ်ယောက်ပင်။
ချင်းဖုန်းတာအိုသခင် အနေနှင့် သူ့မျက်လုံးများကို လှည့်စားနိုင်သော အသက်ရူသံဖုန်းကွယ်ခြင်း နည်းစနစ်ရှိမည်ဟု မထင်ပေ။
ရှန်းယီထံတွင် လျှို့ဝှက်လက်နက်တစ်ခုခု ရှိနေမည်ဆိုတာ သူ သိနေ၏။
သို့သော် မည်သို့သောကျင့်ကြံခြင်းနည်းစနစ်ပင် ဖြစ်ပါစေ၊ ယခုလိုကြီးမားသော အဆင့်ကွာဟချက်ကိုဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။
ချင်းဖုန်းတာအိုသခင်ကို အမှန်တကယ် စိတ်ဝင်စားစေသည်မှာ ရှန်းယီ၏ အမူအရာပင်။
ထိုလူငယ်သည် ပေါ့ပေါ့ပါးပါး ရှိပုံရသော်လည်း တကယ်တမ်းတွင် မြေခွေးနတ်ဆိုး၏ခန္ဓာကိုယ်ပေါ်ရှိ ရှုပ်ထွေးပွေလီနေသော အရာများကို အာရုံစိုက် လေ့လာနေခြင်း ဖြစ်သည်။
သူက... ဒီမြေခွေးကို ဘယ်လို ဖြိုချရမလဲ ဆိုတာကို တကယ် စဉ်းစားနေတာပဲ။
"ငါ ရုတ်တရက် စိတ်ဝင်စားသွားပြီ"
"သုံးကွက်"
ချင်းဖုန်းတာအိုသခင်သည် သစ်သီးယိုထုပ်ကို ချလိုက်ပြီး လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်၏။
"သူ့ကို ပြောလိုက်... သူသာ တိုက်ကွက်သုံးကွက်ကို တောင့်ခံနိုင်ရင် ငါ သူ့အသက်ကို အာမခံတယ်လို့"
ရှစ်မျက်နှာစားသောက်ခန်းမတွင် တွေ့ဆုံခဲ့စဉ်က ထိုလူငယ်အပေါ် လေးစားမှုအချို့ ဖြစ်ပေါ်ခဲ့သည်။
ယနေ့ သူ့ကိုပြန်တွေ့ရသည့်အချိန်တွင်...
ချင်းချို၏ဘိုးဘေးသခင်ရှေ့ရောက်နေသည်ကိုပင် ကိုယ့်အတွက် မည်သို့လွတ်အောင်ပြေးရမည်နည်း တွေးနေမည့်အစား မည်ကဲ့သို့အနိုင်တိုက်ရမည်နည်းအား တွေးနေသောအချက်က သူအတော်လေး သဘောကျမိသော စိတ်ဓာတ်မျိုးပင်။
သုံးကွက်ဆိုတာ အကန့်အသတ်တစ်ခုပင်။
ဤအရာက ရှန်းယီတွင် ယုံကြည်မှုနေရှိသည်လော၊ မောက်မာနေသည်လောဆိုတာကို သက်သေပြလိမ့်မည်။ထို့အတူ သူက နတ်ဘုရားဘုရားအသွက်ပြောင်းအလယ်အလတ်အဆင့် မြေခွေးနတ်ဆိုးကို တကယ်ယှဉ်ပြိုင်နိုင်စွမ်း ရှိမရှိဆိုတာကိုပါ သက်သေပြလိမ့်မည်။
ထိုစကားကို ကြားသော် ထန်ယွမ်သည် အလင်းအကာအကွယ်ထဲတွင် ကြောင်တောင်တောင် ဖြစ်နေသော မဟာချန်မှလူများကို ကပျာကယာ လက်ပြလိုက်ပြီးနောက် အပေါ်သို့ မော့ကြည့်ကာ အော်ပြောလိုက်၏။
"အစ်ကိုရှန်း... အစ်ကိုရှန်း ကြားလား... သုံးကွက် တောင့်ခံထားနော်"
ထိုစကားသံ လွင့်ပျံသွားသည်။
သတ်ဖြတ်လိုစိတ် အထွတ်အထိပ်သို့ ရောက်နေသော မြေခွေးနတ်ဆိုးအိုကြီးသည် ရုတ်တရက် ရပ်တန့်သွားပြီး မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်၏။
ဝူထုံတောင်က လူတွေက သူ့ကိုနားပင်းနေတယ်လို့ ထင်နေတာလား။
"အော"
၎င်း၏ မျက်နှာထားသည် လျင်မြန်စွာရက်စက်ကြမ်းကြုတ်သွားပြီး ဒေါသများက ဟိန်းဟောက်သံအဖြစ် ပြောင်းလဲသွား၏။ သတိထားနေခြင်း မရှိတော့ဘဲ အကြည့်ကိုရုပ်သိမ်းကာ ရှေ့သို့ စူးစိုက်ကြည့်လိုက်သည်။
ထိုစဉ်မှာပင် ၎င်း၏ မျက်လုံးများထဲ၌ ဇဝေဇဝါဖြစ်မှု အရိပ်အယောင်များ ပေါ်လာ၏။
အဘယ်ကြောင့်ဆိုသော်ခုနက လက်ကို ဘေးချလျက်ရပ်နေသော လူငယ်လေးသည် ထိုနေရာမှ ပျောက်ကွယ်သွားသောကြောင့်ပင်။
မူလကတည်းက မှိန်ဖျော့နေသော အရှိန်အဝါသည် လုံးဝရှာဖွေ၍မရနိုင်အောင် ဖြစ်သွား၏။
ချင်းချိုဘိုးဘေးသည် အလစ်တိုက်ခိုက်ခံရနိုင်ဆုံး နေရာကို အလိုအလျောက် လှည့်ကြည့်လိုက်သော်လည်း ထိုနေရာ၌ ဘာမျှမရှိပေ။
မျက်စိတစ်မှိတ်အတွင်း လေပြေညင်းတစ်ခု ဖြစ်ပေါ်လာ၏။
ရှန်းယီသည် ဘယ်ဘက်လက်တွင် ဖုန်းကွယ်ခြင်းအစီအရင်ပြားကို ကိုင်ထားပြီး ညာဘက်လက်ကို လက်သီးဆုပ်ထားသည်။
သူသည် သူ့ရှေ့ရှိချောမွတ်နေသော ပုလဲကို စူးစိုက်ကြည့်လိုက်သည်။
ကျယ်ဝန်းသောဝတ်ရုံလက်များအတွင်း ကြွက်သားများချက်ချင်း တင်းမာသွားပြီး အနီရောင်အစင်းကြောင်းများ သက်ဝင်လှုပ်ရှားလာ၏။
ဘုန်း...
လက်သီးချက်သည် တောင်များကို ဖြိုခွင်းနိုင်ပြီး ပင်လယ်များကို ခွဲနိုင်သော အားအင်များ ပါဝင်နေသည်။ ၎င်းသည် ကြီးမားသော ပုလဲကို ပြင်းထန်စွာ ဝင်ဆောင့်လိုက်၏။
မပြောပလောက်သော တဂျွတ်ဂျွတ်မြည်သံ ထွက်ပေါ်လာသည်။
သူ၏ လက်သီးထိပ်မှ အက်ကွဲကြောင်းတစ်ခု စတင်ဖြစ်ပေါ်လာပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အမြန်နှုန်းဖြင့် ပုလဲ၏ မျက်နှာပြင်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။
လပြည့်ဝန်း ကြွေမွသွားသကဲ့သို့ပင်။
မူလကတည်းက ဝေဝါးနေသော ကောင်းကင်သည် ပို၍ မှိန်ဖျော့သွားလေ၏။
"ဒါက တစ်ကွက်လို့ သတ်မှတ်လို့ရမလား"
ထန်ယွမ်၏ မျက်နှာတွင် ဝမ်းသာမှုများ ပေါ်လာပြီး သူ့ဆရာထံသို့ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
"..."
ချင်းဖုန်းတာအိုသခင် တိတ်ဆိတ်နေသည်။
သူက သုံးကွက်တောင့်ခံပါလို့ ပြောခဲ့တာလေ။
ဒါပေမဲ့ ရှန်းယီရဲ့အခု လုပ်ဆောင်ချက်က မြေခွေးနတ်ဆိုးရဲ့ခံစစ်ကို အရင် ချိုးဖျက်ချင်တယ်ဆိုတာ ရှင်းနေတာပဲ။
သူက သူ့စကားကို လုံးဝ ဂရုမစိုက်ဘဲ မြေခွေးနတ်ဆိုးကို ဘယ်လိုသတ်ရမလဲ ဆိုတာကိုပဲ တွေးနေတုန်းပဲ။
ချင်းချိုဘိုးဘေးသည် ခေါင်းလှည့်လိုက်သည့် အချိန်လေးအတွင်းမှာပင် မှော်ရတနာသည် လက်သီးချက်ကြောင့် ပျက်စီးသွားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ ပုလဲ၏ ဖြည့်ဆည်းပေးမှု မရှိတော့သဖြင့် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် မြူခိုးလွှာသည် ရုတ်တရက် ပါးလွှာသွား၏။
"တောက်... သေစမ်း"
ထိတ်လန့်ခြင်းနှင့် ဒေါသထွက်ခြင်းတို့ကြောင့် ၎င်း၏ လက်သည်းများပေါ်ရှိ အစီအရင်သင်္ကေတများသည် ခြေထောက်များဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။
အစီအရင်ကွက်၏ မြှင့်တင်ပေးမှုဖြင့် ၎င်း၏ နတ်ဆိုးခန္ဓာကိုယ်သည် မယုံကြည်နိုင်လောက်အောင်ကြောက်မက်ဖွယ် အခြေအနေသို့ ရောက်ရှိသွား၏။
"ငါ့အတွက် ချုပ်နှောင်ပေးစမ်း"
မြေခွေးနတ်ဆိုးသည် ဂါထာမန္တန်တစ်ခု ရွတ်ဆိုကာ ဟိန်းဟောက်လိုက်သည်။
မိုးမြေ၏စွမ်းအင်များ လှုပ်ရှားသွားပြီး နဂါးဖီးနစ်လက် ၅ ခုအဖြစ် ပြောင်းလဲသွားကာ ဆန်းကြယ်သောအလင်းရောင်များတောက်ပလျက် လူငယ်လေး၏ခြေလက်များနှင့် လည်ပင်းကို တိတ်တဆိတ် ချုပ်နှောင်လိုက်၏။
၎င်း၏ လက်သည်းကို ဝှေ့ယမ်းလိုက်သည့် တစ်ခဏ၌ပင်...
ဆူးလက်ကောက်တစ်ခုသည် လေနှင့်အတူ ပြင်းထန်စွာကြီးထွားလာပြီး ၎င်း၏ ထက်ရှသော လက်သည်းများကို ရုတ်တရက် ဖုံးအုပ်သွားသည်။
နှစ်ဖက်စလုံးသည် တစ်ဖက်လူကို ချုပ်နှောင်ရန် နည်းလမ်းများကို တစ်ပြိုင်နက်တည်း ရွေးချယ်ခဲ့ကြလေ၏။
သို့သော် ကွာခြားချက်က အလွန် ရှင်းလင်းလှသည်။
အစီအရင်ကွက်၏ မြှင့်တင်ပေးမှုအောက်တွင် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ချုပ်နှောင်နိုင်သည့် ဆူးလက်ကောက်သည် ၁၀ ကြိမ်ခန့် အသက်ရှူချိန်သာခံနိုင်ရည်ရှိပြီး မြေခွေးနတ်ဆိုး၏လက်သည်းများဖြင့် တိုက်ရိုက် ဆွဲဖြတ်ခြင်း ခံလိုက်ရလေ၏။
ထန်ယွမ်သည် မြေခွေးနတ်ဆိုး၏ကြောက်မက်ဖွယ် ခွန်အားကြောင့် တုန်လှုပ်သွားသည်။
မူလက ဤအကြီးအကဲဟာ ချင်းလင်နတ်ဆိုးဧကရာဇ်လောက် မစွမ်းဘူးဟု သူထင်ခဲ့သော်လည်း ဤနည်းလမ်းများဖြင့်ဆိုလျှင် များစွာ တိုးတက်လာသည်တွေ့ရပေ၏။
ရှန်းယီ တစ်နေရာတည်းတွင် အချုပ်ခံထားရသည်ကို မြင်လိုက်ရသဖြင့် သူချက်ချင်းပင် လုပ်ဇာတ်ခင်းလိုက်သည်။
"ချုပ်နှောင်တဲ့ဂါထာက တစ်ကွက်၊ လက်သည်းနဲ့ ကုတ်တာက နောက်တစ်ကွက်၊ ဆိုတော့ စုစုပေါင်း သုံးကွက် ပြည့်ပြီလေ"
"..."
ချင်းဖုန်းတာအိုသခင်သည် ထောင်ထားသော လက်ချောင်း ၃ ချောင်းထဲမှ တစ်ချောင်းကို ပြန်ရုပ်သိမ်းလိုက်ရင်း တိတ်ဆိတ်နေ၏။
လက်ရှိအချိန်ထိ ရှန်းယီ၏ ယုံကြည်မှုကို သက်သေပြနိုင်မည့် အစစ်အမှန်နည်းစနစ်ကို သူ မမြင်ရသေးပေ။
ထိုအချိန်၌ ချင်းဖုန်းတာအိုသခင်၏ မျက်လုံးအိမ်များ ရုတ်တရက်ကျဉ်းမြောင်းသွားသည်။
မြေခွေးနတ်ဆိုးသည် ချုပ်နှောင်မှုအား ဖန်တီးလိုက်သည်နှင့် တစ်ပြိုင်နက်...
ရှန်းယီ၏ညာဘက်လက်မောင်းရှိ နဂါးဖီးနစ်လက်သည်လည်း ကြေမွသွားပြီး သူ၏လက်ဝါးထဲတွင် တစ်ကျန်းကျော် ရှည်လျားသော လှံတစ်ချောင်းပေါ်လာ၏။ လက်ချောင်းထိပ်များမှစ၍ လက်မောင်းတစ်ခုလုံးကို ဆိုးယုတ်ခြင်းအလင်းရောင်များ ဖုံးလွှမ်းသွားသည်။
မှောင်မိုက်နေသော ညဉ့်နက်သန်းခေါင်တွင် ယိုဝေလှံတံသည် ထူးကဲစွာ ထင်းလင်းနေ၏။
ချင်းဖုန်းတာအိုသခင်၏ နှုတ်ခမ်းများ တွန့်သွားသည်။
ထိုလှံပေါ်တွင်သူပင် ရန်မစရဲသော အရာတစ်ခု၏ ရင်းနှီးနေသော အရှိန်အဝါကို သူ အာရုံခံလိုက်မိလေ၏။
သောက်ကျိုးနည်း....
မျက်စိတစ်မှိတ်အတွင်း ဆိုးယုတ်ခြင်းအလင်းရောင်သည် နဂါးဖီးနစ်လက် အားလုံးကို ဖြိုခွင်းပစ်လိုက်၏။
ရှန်းယီသည် သူ့ရှေ့ရှိကြမ်းတမ်းသော နတ်ဆိုးကြီးကို မော့ကြည့်လိုက်ရာ တောင်ကဲ့သို့ ကြီးမားသော လက်သည်းကြီး သူ့အပေါ်သို့ နောက်တစ်ကြိမ် ဖိကျလာသည်ကို တွေ့လိုက်ရသည်။
သူ ရှောင်တိမ်းရန် မရွေးချယ်တော့ပေ။
အဘယ်ကြောင့်ဆိုသော် မြေခွေးနတ်ဆိုး၏ သာမန်ဟု ထင်ရသော လက်ဝါးရိုက်ချက်တွင် မြင့်မားသော အဆင့်တစ်ခု၏ ဖိနှိပ်မှုများ ပါဝင်နေပြီးကြီးမားသော ဖိအားအောက်တွင် ရှောင်တိမ်း၍ မလွတ်နိုင်သော တိုက်ခိုက်မှု ဖြစ်သောကြောင့်ပင်။
ရှန်းယီသည် ခန္ဓာကိုယ်သန့်စင်ခြင်း နည်းစနစ်အတွက် နတ်ဆိုးသွေးအများအပြားကို ရင်းနှီးမြှုပ်နှံထားခဲ့ခြင်းမှာ ယခုကဲ့သို့ အခြေအနေမျိုးတွင်သူ့ခန္ဓာကိုယ်ကို ပုံမှန်အတိုင်း လှုပ်ရှားနိုင်စေရန် သေချာစေဖို့အတွက် ဖြစ်ပေ၏။
သူသည် လှံကိုလက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး သူ့ပုံရိပ်သည် ပေါက်ကွဲထွက်သွားသကဲ့သို့ ပြေးဝင်သွားသည်။
ဆန့်ကျင်ဘက်အနေဖြင့် ချင်းချိုဘိုးဘေးသည် အန္တရာယ်ရှိသော အရှိန်အဝါတစ်ခုကို ခံစားလိုက်ရပြီး သူ၏လက်သည်းကို အလိုအလျောက် ပြန်ရုပ်သိမ်းလိုက်သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အစီအရင်ကွက်သည် တိုက်စစ်မှ ခံစစ်သို့ ပြောင်းလဲသွားပြီး သူ့ပုံသဏ္ဌာန်ကို လွှမ်းခြုံလိုက်သည်။
"ဒဏ္ဍာရီလာ ချီလင်လိပ်... ငါ့ကို ကာကွယ်ပေးစမ်း"
အစီအရင်ကွက်အပြင် သူ အကျွမ်းကျင်ဆုံးသော အသက်ကယ်ဂါထာမန္တန်ကိုပါ ကပျာကယာ ထုတ်သုံးလိုက်လေ၏။