← Chapters

လက်သီးတစ်ချက်၊ လှံတစ်ချက်

Vol. 33 Ch. 323

လက်သီးတစ်ချက်၊ လှံတစ်ချက်

Vol. 33 Ch. 323

ချင်းချိုဘိုးဘေး၏ အတွေးများက အတော်လေး ရိုးရှင်းပေသည်။ လူငယ်လေး၏ စောစောက လက်သီးချက်ကို ကြည့်ပြီးပြိုင်ဘက်၏ စစ်မှန်သော စွမ်းရည်ကို အကြမ်းဖျင်းသိရှိခဲ့ပြီး ဖြစ်လေ၏။

တခြားသူများနားမလည်နိုင်ပေမဲ့ ချင်းချိုကတော့ နည်းလမ်းပေါင်းစုံကို ကျွမ်းကျင်ထားသူများ ဖြစ်လေ၏။

ထူးဆန်းသည့်အရာ ဘာမှမရှိပေ။ ပြိုင်ဘက်က ကိုယ်ခန္ဓာသန့်စင်ခြင်းသိုင်းပညာရှင်တစ်ယောက်သာဖြစ်ပေသည်။

ကျင့်ကြံခြင်းအဆင့်အနေနှင့် ပြောရလျှင်တော့ သူ၏လက်ဝါးရိုက်ချက်ကိုပင် ခံနိုင်မည်မဟုတ်ပေ၊ ထို့ကြောင့် လောစရာမလိုပါဘူး။

ပြိုင်ဘက်၏ဝှက်ထားသော လှည့်ကွက်များဖြင့် အလစ်မတိုက်ခံရစေရန် သတိထားလျှင်ရလေပြီဖြစ်၏။

...

သူ ရင်ဆိုင်နေရသည်မှာ မည်သည့်အရာမှန်းသေချာသိသွားသည်နှင့် ဤကောင်လေးကို ကစားပြီးမှသတ်ပစ်၍ရလေ၏။

ရေညှိရောင် လိပ်ခွံပုံစံအစီအရင်ကွက်သည် လျင်မြန်စွာကျယ်ပြန့်လာပြီး အနက်ရောင်အလင်းတန်းကို ကြားဖြတ်ဟန့်တားကာ လွှမ်းခြုံရန် ကြိုးစားလိုက်၏။

သို့သော် အစီအရင်ကွက်သည် ပေါ်လာသည်ထက်ပင် ပိုမိုမြန်ဆန်စွာကြေမွသွားသည်။

အသက်တစ်ရှူစာ အချိန်လောက်တောင် ခံနိုင်ရည်မရှိလိုက်ပေ။

ရှန်းယီသည် ကြေမွသွားသော လိပ်ခွံအစီအရင်ကို ဖြတ်ကျော်ကာလေပေါ်တွင် ခြေလှမ်းလှမ်းရင်း မြေခွေးခေါင်းအောက်သို့ ရောက်ရှိလာသည်။

သူသည် အသံတစ်ချက်မျှ မထွက်စေဘဲ လက်ထဲမှ လှံတံကို သတ္တဝါ၏လည်ပင်းဆီသို့ ထိုးသွင်းရန် အာရုံစိုက်လိုက်၏။

ကျယ်ဝန်း၍ လှုပ်ရှားရလွယ်ကူသော အစိမ်းရောင်အင်္ကျီသည် လေတိုးသံတဝေါဝေါ မြည်နေ၏။

ဆိုးယုတ်ခြင်းအလင်းရောင်သည် အရေပြားများကြားတွင်တောက်ပလာပြီး သူ၏ပုံရိပ်တစ်ခုလုံးကို ပို၍ ဖြူဖျော့သွားစေသည်။

ဗြိ ဟူသော အသံနှင့်အတူ...

မြေခွေးနတ်ဆိုး၏အမွေးများပေါ်ရှိ အစီအရင်ကွက်သည် ဆိုးယုတ်ခြင်းအလင်းရောင်ကြောင့် ပျော်ဝင်သွားပြီး ကြောက်မက်ဖွယ်ပုံစံရှိသော လှံသွားသည် အရေပြားနှင့် အသားကို ထိုးဖောက်ဝင်ရောက်သွား၏။ ဒဏ်ရာတစ်ခုလုံး အနက်ရောင်အလင်းတန်းများပြည့်နှက်နေသဖြင့် သွေးတစ်စက်မျှပင် မထွက်လိုက်ပေ။

"ရွှမ်ဖုန်း... ရွှမ်ဖုန်း..."

ချင်းချိုဘိုးဘေးသည် ဂါထာမန္တန်များကို ဆက်လက်ရွတ်ဆိုနေသော်လည်း အသံထွက်ရန် တဖြည်းဖြည်း ခက်ခဲလာသည်ကို တွေ့လိုက်ရ၏။

၎င်းသည် တွေဝေစွာငုံ့ကြည့်လိုက်ပြီး နုပျိုချောမောသော မျက်နှာကို စူးစိုက်ကြည့်လိုက်၏။ လူငယ်လေးက သူ့ကို ပြန်ကြည့်နေသည်ကို တွေ့လိုက်ရပြီး ကြည်လင်သောမျက်ဝန်းများထဲတွင် ဖောင်းကားလာသော မြေခွေးခေါင်းပုံရိပ်ကို ထင်ဟပ်နေသည်။

မူလကတည်းကကြီးမားသော နတ်ဆိုးခန္ဓာကိုယ်သည် ယခုအခါ သုံးပုံတစ်ပုံခန့် ဖောင်းကားလာပြီ ဖြစ်သည်။

ဆိုးယုတ်ခြင်းအလင်းတန်းများ အရေပြားကြားမှ စိမ့်ထွက်လာ၏။

ဂရစ် အထည်စုတ်ပြဲသံကဲ့သို့သော အသံများ ချင်းချိုဘိုးဘေး၏ ခန္ဓာကိုယ် အစိတ်အပိုင်းအသီးသီးမှ ဆက်တိုက်ထွက်ပေါ်လာသည်။ ၎င်း၏ နတ်ဆိုးခန္ဓာကိုယ်သည် အတွင်းပိုင်းမှကွဲထွက်တော့မည်ဖြစ်ပြီး နဂါးဟိန်းသံသဲ့သဲ့ ထွက်ပေါ်နေ၏။

ထို့နောက် ပေါက်ကွဲသွားသော ပူဖောင်းတစ်လုံးကဲ့သို့ ပြန်လည်ကျုံ့သွားသည်။

"..."

ရှန်းယီသည် ယိုဝေလှံကို ဆုပ်ကိုင်ထားသော လက်ကို ဖြည်းညှင်းစွာလျှော့လိုက်၏။

သုံးကွက်တို့ သုံးရာကွက်တို့ ဆိုတာတွေက အရေးမကြီးပေ။

သူ့တွင် အခွင့်အရေး တစ်ကြိမ်သာ ရှိကောင်းရှိမည်။ ချင်းချိုမြေခွေးသာ ယိုဝေလှံရှိနေသည်ကို သိသွားလျှင်နောက်တစ်ကြိမ် သူ့အနား အကပ်ခံတော့မှာ မဟုတ်ပါဘူး။

သူက နတ်ဆိုးလာသတ်တာ၊ သိုင်းပြိုင်ဖို့ လာတာ မဟုတ်ဘူးလေ။

ရှန်းယီ အနည်းငယ်ကိုင်းကာ ငုံ့ကြည့်လိုက်၏။

နတ်ဆိုးစွမ်းအားများ ကုန်ဆုံးသွားပြီး ကိုယ်တွင်းအင်္ဂါများ ဆိုးယုတ်ခြင်းအလင်းရောင်ကြောင့် ကြေမွသွားပြီဖြစ်သော မြေခွေးနတ်ဆိုးသည် အားမရှိတော့ဘဲ အောက်သို့ ပြုတ်ကျသွားသည်။

သတ္တဝါ၏ လည်ပင်းမှ လှံတံတစ်ချောင်း ထွက်ပေါ်လာပြီး လူငယ်လေး၏ခါးတွင် တပ်ဆင်ထားသော သိုလှောင်ရတနာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားသည်။

ဘုန်း...

မြေခွေးနတ်ဆိုး မြေကြီးပေါ်သို့ ပြုတ်ကျသွားမှသာ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။

ချင်းဖုန်းတာအိုသခင်သည် လက်ညှိုးတစ်ချောင်း ထောင်လျက်သား ကျန်နေခဲ့သည်။

နှစ်ကွက်တည်း။

ချင်းချိုဘိုးဘေး၏ နည်းလမ်းပေါင်းစုံကို ရင်ဆိုင်ရာတွင် ရှန်းရီသည် လက်သီးတစ်ချက်နှင့် လှံတစ်ချက်သာ အသုံးပြုခဲ့လေ၏။

အကယ်၍ သူ့အဆင့် နိမ့်ကျနေမှုကြောင့် မြေခွေးနတ်ဆိုးအနားကပ်ဖို့ ခက်ခဲနေသည်နှင့်၊ သတိထားလွန်းအားကြီးပြီး ပုလဲရတနာကိုချေမှုန်းဖို့ လက်သီးတစ်ချက် အလဟသ အသုံးပြုလိုက်ရခြင်း မရှိလျှင်...အမှန်တကယ်တော့ သူသည် လှံတစ်ချက်တည်းဖြင့် မြေခွေးအား သတ်နိုင်လိမ့်မည်။

သို့သော်လည်း ချင်းဖုန်းတာအိုသခင်ကို တိတ်ဆိတ်သွားစေသည်က ချင်းချိုဘိုးဘေး ကျဆုံးသွားခြင်းကြောင့် မဟုတ်ပေ။ ဘိုဘေးကို သတ်လိုက်သော နတ်လက်နက်မှာ မည်သို့သောအမျိုးအစားဖြစ်ကြောင်း သူသိနေ၍ပင်။ ထို့အပင် သူကိုယ်တိုင်ပင် ထိုအရာအားကိုင်တွယ်နိုင်ပါ့မည်လောဆိုတာ မသေချာပေ။

သူ့ကို အံ့အားသင့်စေသည်မှာ ယိုဝေလှံက ရှန်းယီ၏လက်ထဲတွင် အဘယ်ကြောင့် ငြိမ်သက်ကာအမိန့်နာခံနေရသနည်းဆိုတာဖြစ်ပေ၏။

ထိုအရာက သာမန်လက်နက် မဟုတ်ပေ။

နတ်ဆိုးတစ်ထောင်ဂူ၏ အမှတ် ၁၆ နတ်ဆိုးအိုကြီး၏အမြီးကို ဆိုးယုတ်ခြင်းစွမ်းအင်ဝိညာဉ်အမြစ် နှင့် နှစ်ပေါင်းများစွာပြုစုပျိုးထောင်ထားခဲ့ခြင်းဖြစ်သည်။ ထိုအရာက အလွန်ကြာပြီဖြစ်ရာ အထွတ်အထိပ် ရက်စက်ကြမ်းကြုတ်သော အရာတစ်ခုဖြစ်နေလေပြီ။

ထိုအရာအား ထိရဲသည့်မည်သူမဆို ဒဏ်ပြန်ခြင်းမခံရလျှင်ပင် ကံကောင်းလှပြီ။ တခြားသူ၏ အမိန့်အား မည်သို့နာခံနိုင်မည်နည်း။

"ခန္ဓာကိုယ်သန့်စင်ခြင်း နတ်ဘုရားအသွင်ပြောင်း အစောပိုင်းအဆင့် နဲ့ ယှဉ်နိုင်တယ်... ပြီးတော့ ယိုဝေလှံလည်း ရှိနေသေးတယ်"

ချင်းဖုန်းတာအိုသခင် ဖြည်းညှင်းစွာပြောလိုက်ပြီး လက်ကိုပြန်ရုပ်သိမ်းလိုက်ကာ ကောင်းကင်မှဆင်းသက်လာသော လူငယ်လေးကို အသစ်တစ်ဖန် ပြန်ကြည့်လိုက်၏။

ဤကဲ့သို့တည်ရှိမှုကို သာမန်နည်းလမ်းများဖြင့် အကဲဖြတ်ဖို့အတွက်ခက်ခဲပါသည်။ ကြိုတင်ပြင်ဆင်ထားမည်ဆိုလျှင် နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်ကျင့်ကြံသူ မည်သူမဆို သူ့အား နည်းစနစ်များဖြင့် ချက်ချင်း ဖိနှိပ်နိုင်လေ၏။ သို့သော်လည်း တစ်ဖက်မှ ပြန်ကြည့်လျှင် အခွင့်အရေးသာရမည်ဆိုပါက ရှန်းယီကလည်း သူ့ပြိုင်ဘက်များကို တိုက်ကွက်တစ်ချက်တည်းဖြင့် အနိုင်ယူနိုင်စွမ်း ရှိလေ၏။

"ငါ့ကို တစ်ခုလောက် ကူစဉ်းစားပေးပါဦး" ချင်းဖုန်းတာအိုသခင် ဂရုမစိုက်သလိုပြောလိုက်၏။

"ဘာကို စဉ်းစားရမှာလဲ" ထန်ယွမ် အံ့အားသင့်မှုမှ ပြန်လည်သတိဝင်လာသည်။ တခြားသူများနှင့် ယှဉ်လျှင် သူကပိုပြီး ထုံထိုင်းနေသလို ခံစားရသည်။

မကြာသေးခင်ကမှ အစ်ကိုရှန်းက အဲဒီလှံရဲ့ လွှမ်းမိုးမှုအောက်မှာ အနက်ရောင်အကြေးခွံတွေ ဖုံးလွှမ်းပြီးနတ်ဆိုးအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်သွားတာကို သူ ကိုယ်တိုင် မြင်ခဲ့ရတာလေ။

အခုတော့ အဲဒီလှံကိုပဲ လက်ထဲမှာ ကိုင်ထားပြီး သူ့ရဲ့နယ်ပယ်ကလည်း အများကြီးခုန်တက်သွားတယ်တဲ့။ဒါပေမဲ့ ထူးဆန်းတာက လှံရှည်က ဘယ်လိုဖြစ်ပြီး အရမ်း လိမ္မာသွားရတာလဲ။

"စောစောကပြောခဲ့တဲ့ သုံးကွက် ငါးကွက်အတွင်း ကိစ္စဖြတ်မယ်ဆိုတဲ့ ကြွားလုံးကို သူ မေ့သွားအောင် သိပ်မသိသာတဲ့ နည်းလမ်းလေး ရှာချင်လို့ပါ"

ချင်းဖုန်းတာအိုသခင် လည်ချောင်းရှင်းလိုက်၏။

ကိုယ့်စကားကိုယ် တာဝန်မယူနိုင်တဲ့ ကိစ္စမျိုးက သူနဲ့ ဘယ်လိုလုပ် သက်ဆိုင်နိုင်မှာလဲ။

"ဆရာ... ဆရာ တွေးပူလွန်းနေပါပြီ... ဆရာသာ သူ့ဆီမသွားရင် အစ်ကိုရှန်းက ဆရာ့ကို ဂရုစိုက်မှာ မဟုတ်ပါဘူး" ထန်ယွမ် အလေးအနက် ခေါင်းညိတ်ရင်း ပြောလိုက်၏။

"အဲဒါက ပိုတောင် နေရခက်သေးတယ်"ချင်းဖုန်းတာအိုသခင် ကလေးဆန်ဆန် မျက်လုံးလှန်လိုက်သည်။

သူ လှည့်ကြည့်လိုက်သောအခါ မဟာချန်မှ လူအများစုသည် ပါးစပ်အဟောင်းသား ဖြစ်နေကြပြီး ယက္ခဓမ္မကိုယ်ထည်အပါအဝင် အားလုံး ကြောင်ငေးနေကြသည်ကို တွေ့လိုက်ရသည်။

ဒါ ဘာသဘောလဲ။

ဆိုတော့ ဒီလူအုပ်စုက သူ့လိုပဲ ဘာမှ မသိကြဘူးပေါ့လေ။ ဒါတောင် ရှန်းယီနောက်လိုက်ပြီး ချင်းချိုဘိုးဘေးကို သွားသတ်ရဲကြတယ်ပေါ့။

ခဏတာမျှ ချင်းဖုန်းတာအိုသခင်ပြောစရာ စကားမဲ့သွားပြီး အလင်းအကာအကွယ်ကို ဖယ်ရှားရန် လက်ဝှေ့ယမ်းလိုက်၏။

"သူက ဂျူနီယာညီလေးရှန်း ဟုတ်ရဲ့လားတောင် ငါ မသေချာတော့ဘူး"

ကျူးကျွယ်သည် ယခင်ကလို အလျင်စလိုပြေးထွက်မသွားဘဲ ငြိမ်သက်စွာ ရပ်နေရင်း ခေါင်းခါလိုက်သည်။ ဝူတောက်အန်းလည်း ပါးစပ်ဟသွား၏။

ရှန်းယီ သိုင်းဘုံကျောင်းသို့ စရောက်စဉ်က ယင်ဝိညာဉ်ကို စုစည်းကာစ၊ ကနဦးအဆင့် သိုင်းဝိဇ္ဇာပင် မရောက်သေးကြောင်းဆိုတာကို သူ သတိရလိုက်သည်။

ထို့အတူ သူထွက်သွားလိုက် ပြန်ရောက်လာလိုက် ဖြစ်တိုင်း ပိုပိုပြီး စိမ်းသက်လာသလိုပင်။

ယခင်ကတော့ အနည်းဆုံး အဆင့်ခုန်တက်သွားခြင်းသာ ရှိလေ၏။

ဤတစ်ခါတော့ ပိုဆိုးသွားလေပြီ။ ယင်ဝိညာဉ် ကျင့်ကြံသူမှ မူလနယ်ပယ် (Primordial)အဖြစ် ပြောင်းလဲသွား၏။၊ထို့အတူ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်ကိုပင် ပူးတွဲကျင့်ကြံပြီး ချင်းချိုဘိုးဘေးကိုပင် သတ်ဖြတ်လိုက်နိုင်သေးသည်။

"မင်းတို့ တစ်ခုခု သတိထားမိလား"

ဝူတောက်အန်း ကြောင်တောင်တောင်ဖြင့် ခေါင်းလှည့်ကြည့်လိုက်၏။ "ဂျူနီယာညီလေးရှန်းက ချင်းချိုဖြစ်ချင်နေတဲ့ ပုံစံအတိုင်း ဖြစ်မနေဘူးလား"

နည်းလမ်းပေါင်းစုံကိုကျွမ်းကျင်ပြီး ဘာမဆို အကောင်းဆုံး လုပ်ပြနိုင်တယ်။ သူက ချင်းချိုးရဲ့ စစ်မှန်တဲ့တည်ထောင်သူ ဘိုးဘေးပဲ။

"ဟွန့်"

ရှန်းယီသည် အကြည့်ချင်း ဖလှယ်နေကြသော လူအုပ်ကြီးကို ကြည့်ရင်း အေးအေးလူလူ လျှောက်လာသည်။သူ့စိတ်ထဲမှာ သိပ်ပြီး တွေးမနေတော့ပေ။

ယခင်တုန်းက ရှင်းပြရမှာ ရှုပ်ထွေးသောကြောင့် ရှောင်နေခဲ့ခြင်းပင်။

ယခုတော့ အခြေအနေကများစွာကြီး ကောင်းလာလေပြီ။

မဟာချန်က မည်သူမှ သူ့ကိုရှင်းပြချက် တောင်းရဲတော့မည် မဟုတ်ပေ။

သူသည် ချင်းဖုန်းတာအိုသခင်၏ ဘေးသို့ လျှောက်သွားပြီး တိတ်ဆိတ်စွာ စောင့်ကြည့်နေလိုက်၏။

ယနေ့ သူပြသလိုက်သော စွမ်းရည်ဖြင့်ဆိုလျှင် သူ့အား မဟာချန်ပိုင်ဆိုင်သည့်သူတစ်ယောက်အဖြစ် တစ်ဖက်လူက အသိအမှတ်ပြုလောက်ပါပေမည်။

"..."။

ဘာဖြစ်တာလဲ... ရန်လာစနေတာလား။

ချင်းဖုန်းတာအိုသခင်အကြည့်လွှဲလိုက်ပြီး တခြားတစ်နေရာကို မတော်တဆ ကြည့်မိသလို ဟန်ဆောင်လိုက်၏။

"ဆရာ... ဆရာ လုပ်တာ သိပ်သိသာလွန်းနေတယ်"ထန်ယွမ် ခေါင်းငုံ့ပြီး တိုးတိုးလေး သတိပေးလိုက်သည်။

"ဟား ဟား ဟား"

ချင်းဖုန်းတာအိုသခင် အားပါးတရ ရယ်မောလိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်ကာကျန်လက်တစ်ဖက်ဖြင့် ထန်ယွမ်ကို ဆွဲယူလိုက်သည်။ ထို့နောက် တိမ်တိုက်ပေါ်သို့ တက်ကာ အဝေးသို့ လျင်မြန်စွာ ထွက်ခွာသွားလေ၏။

ရွှီဟုန်တဲသည် လူငယ်လေးထွက်ခွာသွားရာ အရပ်ကို ကြည့်နေသည်။ ထို့နောက် အကြည့်ကို ရုပ်သိမ်းပြီး ရှန်းယီကို ပြန်ကြည့်လိုက်၏။

ပြင်ပကမ္ဘာတွင် အပြောင်းအလဲများစွာဖြစ်ပေါ်နေကြောင်းထင်ရှား၏။ အနည်းဆုံးတော့ မဟာချန်ဟာ ချင်းချိုအတွက် ရန်စ၍ရသော အဆင့်အတန်းမျိုးမဟုတ်ကြောင်း သေချာသွားစေ၏။

ဤအရာက သိပ်တော့ကျေနပ်စရာ ကောင်းမနေသည့် အချက်တစ်ခုဖြစ်နေသလိုပင်။

မည်သို့ပင်ဖြစ်စေ ရှန်းယီက သူတို့အားခေါ်ထုတ်လာစဉ်က ဤသတင်းများအကြောင်း တစ်ခွန်းမှဟခဲ့ကြောင်းမရှိမဟုတ်လော။

သို့သော် ယခုလေးတင်ဖြစ်ပျက်သွားသည်များကို မြင်လိုက်ရပြီးနောက်...

မကျေနပ်မှုအားလုံး ချက်ချင်း ပျောက်ကွယ်သွား၏။

ရှန်းယီ တချိန်က ပြောဖူးသလိုပင် ရွှီဟုန်တဲ ယခုတော့ သူမည်သူဖြစ်ကြောင်းသိသွားလေပြီဖြစ်သည်။

သူ တစ်ယောက်တည်းရှိနေလျှင် လုံလောက်ပေ၏။

မဟာချန်ယိုယွင်းနေ၍သာလျှင် ရွှီမိသားစုဝင်ရောက်ပူးပေါင်းဖို့အခွင့်အရေးရခဲ့ခြင်း ဖြစ်သည်။

All Chapters