ရွှီမိသားစုနှင့် မဟာချန်
Vol. 33 Ch. 324
ရွှီဟုန်တဲသည် မျိုးနွယ်စုခေါင်းဆောင် ဖြစ်သောကြောင့် အရာရာ၏သဘောသဘာဝအမှန်ကို ပို၍ ရှင်းလင်းစွာမြင်နိုင်သည်။
အကယ်၍ ရှန်းယီသည် အားနည်းလွန်းနေလျှင် တဖက်လူ၏ ကတိစကားများသည် တန်ဖိုးရှိမည် မဟုတ်ပေ။
အကယ်၍ သူသည် အလွန်အမင်း အားကောင်းလွန်းလျှင် ရွှီမိသားစုအပေါ် မည်သည့်ကတိစကားမှပေးရန် လိုအပ်မည် မဟုတ်ပေ။
မဟာချန်၏လက်ရှိအခြေအနေမှာ ထိုအတိုင်းပင်။
ရွှီမိသားစုအနေဖြင့် ဆုံးဖြတ်ချက်ချရမည့် အချိန် ရောက်လာပြီ ဖြစ်သည်။
ရွှီဟုန်တဲသည် အဝေးမှ ခြောက်သွေ့နေသော မြေခွေးနတ်ဆိုး၏ အလောင်းကို တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း ဆုံးဖြတ်ချက် ချလိုက်လေ၏။
...
"ဂျူနီယာညီလေးရှန်း... အဆင်ပြေရဲ့လား"
ကျူးကျွယ်သည် ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်အတွင်းမှ ပြန်ထွက်လာပြီး ၎င်းကိုရွှေရောင်ပုတီးစေ့အဖြစ် ပြောင်းလဲလိုက်၏။
သူသည် အထွတ်အထိပ်အဆင့် သိုင်းဝိဇ္ဇာဖြစ်ပြီး ဓမ္မကိုယ်ထည်၏အနှစ်သာရအစစ်အမှန်ကို အနည်းငယ် ထိတွေ့ဖူးသော်လည်း ရှေးဘိုးဘေးတစ်ဦး၏ ရွှေရောင်ခန္ဓာကိုယ် အကြွင်းအကျန်ကို အချိန်ကြာမြင့်စွာ ထိန်းချုပ်ရခြင်းသည် သူ့အတွက် စွမ်းအင်များစွာ ကုန်ဆုံးစေသည်။
တစ်ဖက်တွင်မူ ဂျူနီယာညီလေးရှန်းသည် ကိုယ်ပိုင်ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို ဖွဲ့စည်းနိုင်ရုံသာမက ဟွမ်ယွမ်အဆင့်နှင့် ကိုယ်ခန္ဓာသန့်စင်ခြင်းအနည်းငယ်ကို လေ့ကျင့်ရန် အချိန်ရခဲ့ပြီး နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့် မြေခွေးနတ်ဆိုးကို ပေါ့ပေါ့ပါးပါး သတ်ဖြတ်နိုင်ခဲ့သည်။
ဤမြင်ကွင်းသည် အမှန်တကယ်ပင် ရှက်ရွံ့အားနာစရာ ကောင်းလှပေ၏။
ရှန်းယီ ခေါင်းညိတ်ပြလိုက်သည်ကို မြင်မှ ကျန်ရှိနေသော လူအုပ်စုသည် သူတို့၏ စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ခဲ့သည်။
ဝူတောက်အန်းသည် ချင်းဖုန်းတာအိုသခင် ထွက်ခွာသွားသော နေရာကို ငေးကြည့်နေပြီး သူ၏ ပါးလွှာသော ယင်ဝိညာဉ်သည် လေထဲတွင် တုန်ခါနေသည်။
လူတိုင်းက သူ့အပြုအမူကို သတိထားမိနေမှန်း သိလိုက်မှသာ သူ၏ အကြည့်ကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်၏။
သူတို့သည် စိတ်ရှည်သည်းခံနိုင်သမျှ ကာလပတ်လုံး ပြန်လည်ထကြွလာမည့် အခွင့်အရေး ရှိလာမည်ဟု သူတစ်ချိန်က ထင်ခဲ့ဖူးသည်။
ထို့ကြောင့် ယာယီအဆင်မပြေမှုများကို လျစ်လျူရှုထားနိုင်ပြီးအရာရာကို အကြီးစား ရည်မှန်းချက်အပေါ်သာ အာရုံစိုက်ခဲ့၏။
ချင်းဖုန်းတာအိုသခင်က သူ၏ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ လူတိုင်းကို တားဆီးလိုက်သည့် အချိန်ကျမှသာ ဝူတောက်အန်းသည် သူတို့အနေဖြင့် မသေမျိုးဂိုဏ်းများနှင့် ပခုံးချင်းယှဉ်နိုင်ခွင့် ဆုံးရှုံးခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း ရုတ်ခြည်း သဘောပေါက်သွားခဲ့သည်။
တာအိုဝတ်ရုံဝတ်ဆင်ထားသော ထိုလူငယ်၏ ရှေ့မှောက်တွင် သူတို့သည် သာမန်ပြည်သူများနှင့် မခြားနားဘဲ ပေါင်းပင်များကဲ့သို့ အရေးမပါတော့ပေ။
ဂျူနီယာညီလေးရှန်းကို ထောက်ပံ့ပေးရန် ရွေးချယ်ခွင့်ပင် သူတို့၌မရှိတော့ပေ။
မည်မျှထိပင် ကြေကွဲဖွယ်ကောင်းလိုက်ပါသနည်း။
ထိုအချိန်တွင် ကြည်လင်ပြတ်သားသော အသံတစ်ခု ဝူတောက်အန်း၏နားထဲသို့ ရောက်လာ၏။
"အားလုံး အဆင်ပြေသွားမှာပါ"
သူ တွန့်ဆုတ်စွာ လှမ်းကြည့်လိုက်ရာ ရှန်းယီသည် ဝတ်ရုံလက်များကို ဆန့်ထုတ်နေပြီး ကြီးမားသော တိုက်ပွဲတစ်ခုကို တိုက်ခိုက်ခဲ့ခြင်း မရှိသကဲ့သို့ တည်ငြိမ်နေသည်ကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်ပေါ်မှ အစိမ်းရောင်ဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေပြီး ဝူတောက်အန်း၏ မျက်စိကို ဖမ်းစားထားသည်။
"ဟုတ်ပါပြီ..."
ဝူတောက်အန်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှု လှိုင်းတံပိုးတစ်ခု ထွက်ပေါ်လာ၏။
မဟာချန်၏ သိုင်းဘုံကျောင်းများတွင် ဂျူနီယာညီလေးရှန်း ရှိနေသေးသည် မဟုတ်ပါလား။ ချင်းဖုန်းတာအိုသခင်ကဲ့သို့ လူစားမျိုးအား သူမည်သို့ ရှုံးနိမ့်နိုင်မည်နည်း။
"ကျေးဇူးတင်ပါတယ် စီနီယာရှန်း"
မဟာချန် မဟာသိုင်းပညာရှင် အများအပြားသည် နောက်ဆုံးတွင် စကားပြောခွင့် ရကြပြီး လက်သီးဆုပ်ကာ အရိုအသေပြုရင်း ကျေးဇူးတင်စကား ပြောလိုက်ကြ၏။
"အရာရှိရှန်းပါ" ဝူတောက်အန်းက စိတ်မရှည်စွာဖြင့် ပြင်ပေးလိုက်ပြီး ထိုလူအနည်းငယ်ကို စိုက်ကြည့်လိုက်၏။
ဤ ဦးနှောက်မရှိ ရိုင်းစိုင်းသော သိုင်းသမားများ... မဟာချန်၏ကိုယ်ပိုင် ကျွမ်းကျင်သူများမှလွဲ၍ သူတို့၏အသက်ကို ကာကွယ်ပေးပြီး နှစ်စဉ် အသီးအနှံများပေးသနားမည့်သူ မည်သူ ရှိဦးမည်နည်း။
ချန်ကျုံးသည် အနည်းငယ် မျက်နှာပူသွားပြီး "အရာရှိရှန်း" ဟု ပြင်ပြောလိုက်၏။
အမှန်တော့ ဤအရာက သူတို့အပြစ် မဟုတ်ပေ။
ပြီးခဲ့သည့်အကြိမ် သူတို့ ပြန်ရောက်လာစဉ်က မဟာချန်တွင် မဟာသိုင်းပညာရှင် အနည်းငယ်သာ ကျန်ရှိတော့သည်။
ဤမျှတိုတောင်းသော အချိန်အတွင်း အခြေအနေကိုပြောင်းလဲနိုင်စွမ်းရှိသော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာလိမ့်မည်ဟု မည်သူက မျှော်လင့်ထားမည်နည်း။
"ဘယ်လိုခေါ်ခေါ် ရပါတယ်"
ရှန်းယီ လက်ကာပြလိုက်ပြီး ရွှီဟုန်တဲနှင့် အခြားသူများကို လှည့်ကြည့်လိုက်၏။
ဤမြင်ကွင်းကို သတိထားမိလိုက်သောအခါ...
ကျူးကျွယ် ဦးဆောင်သော မဟာချန်မှ လူများသည် လေးလေးနက်နက် ဦးညွှတ်လိုက်ကြသည်။
ဤလူများက မည်သူပင်ဖြစ်စေ ဂျူနီယာညီလေးရှန်း၏မိတ်ဆွေ ဖြစ်နေသမျှကာလပတ်လုံး အမြင့်ဆုံးသောလေးစားမှုကို ခံထိုက်ပေ၏။
"မိတ်ဆက်ပေးပါရစေ... ဒါက ရွှီမိသားစုရဲ့ ခေါင်းဆောင်ပါ" ရှန်းယီ အသာအယာ လက်ဟန်ပြလိုက်၏။
သူ စကားမဆုံးခင်မှာပင် လူတိုင်း၏ မျက်နှာပေါ်ရှိ အပြုံးများသည် ချက်ချင်း အေးခဲသွားသည်။
ရွှီ... ရွှီမိသားစုလား။ သူတို့ တွေးနေတဲ့ မိသားစုတော့ မဖြစ်နိုင်ဘူးမလား။
ကျူးကျွယ်သည် ရွှီဟုန်တဲ၏ လက်ထဲမှ အစီအရင်ပြားကို တိတ်တဆိတ် ကြည့်လိုက်ရာ ရင်ထဲ ထိတ်ခနဲ ဖြစ်သွား၏။
"..."
ဂျူနီယာညီလေးရှန်းက ရွှီမိသားစုနဲ့ ထူးဆန်းသောရွှမ်းကွမ်းဂူကြားက ရန်ငြိုးကို မသိတာများလား။ စာရွက်စာတမ်းတွေအရ မဟာချန်က ရွှမ်ကွမ်းဂူ နဲ့ မဟာမိတ်ဖွဲ့ထားတုန်းပဲလေ။
စည်းမျဉ်းများအရသူတို့သည် ဤလူများနှင့် မဟာမိတ်မဖွဲ့သင့်ရုံသာမက လုံးဝ ပြိုကွဲမသွားစေရန်အကြောင်းပြချက် မပေးမိစေဖို့ သူတို့ကို ရွှမ်ကွမ်းဂူထံ ပို့ဆောင်ခြင်းလည်း မပြုလုပ်သင့်ပေ။
"ဟုန်တဲက မဟာချန်က လေးစားရတဲ့ စီနီယာတွေကို နှုတ်ခွန်းဆက်သပါတယ်"
ရွှီဟုန်တဲသည် တူညီသောယဉ်ကျေးမှုဖြင့် တုံ့ပြန်လိုက်ပြီး လေထုအပြောင်းအလဲကို သတိထားမိလိုက်၏။
သို့သော် သူ သိပ်အရေးမစိုက်ပေ။
ဤည အဖြစ်အပျက်များပြီးသွားသည့်နောက် ရွှီမိသားစု ခိုလှုံခွင့်တောင်းလျှင်ပင် မဟာချန်ဝူသိုင်းဘုံကျောင်းကို သစ္စာခံမည်မဟုတ်ဘဲ ရှန်းယီ တစ်ဦးတည်းကိုသာ သစ္စာခံမှာ ဖြစ်သည်။
"ရွှီမျိုးနွယ်ဝင် အားလုံးကို မဟာချန်ဆီ ခေါ်သွားဖို့ စီစဉ်ထားတယ်"
ရှန်းယီက ချန်ကျုံးကို ကြည့်ပြီး "စီနီယာနှစ်ယောက်က ကျိုကျိုးဒေသရဲ့ကာကွယ်ရေးကို မြှင့်တင်ဖို့ ရွှီမိသားစုရဲ့အစီအရင်တွေကို ဘယ်လို အသုံးပြုမလဲ ဆိုတာ ဆွေးနွေးလို့ ရပါတယ်" ဟု ပြောလိုက်၏။
"ယဉ်ကျေးနေစရာ မလိုပါဘူး... ကျုပ်ကို ချန်ကျုံးလို့ပဲ ခေါ်ပါ"
ချန်ကျုံး လက်ကို အကြိမ်ကြိမ် ဝှေ့ယမ်းလိုက်၏။ သူသည်အခြားသူများနှင့် မတူဘဲ အခြေအနေကို လုံးဝ ဂရုမစိုက်ပေ။
ရွှီမိသားစုက ဘာအရေးစိုက်စရာ ရှိလို့လဲ။ သူတို့က ရွှမ်ကွမ်းဂူက နတ်ဘုရားအသွင်ပြောင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးကို ထောင်ချောက်ဆင် သတ်ဖြတ်ဖို့ အစီအရင်သုံးခဲ့ရုံလေးပါ။
အရာရှိရှန်းသည် ကျန်းမင်ယန်ကို ကိုယ်တိုင် သတ်ဖြတ်ခဲ့ပြီး ရွှမ်ကွမ်းဂူကို နက်နက်ရှိုင်းရှိုင်း ပြစ်မှားထားပြီးပြီဖြစ်ရာ ဤကိစ္စသေးသေးလေးက ပြောပလောက်စရာ မဟုတ်တော့ပေ။
ရှန်းယီ ဆုံးဖြတ်ချက်ချပြီးကြောင်း မြင်လိုက်သောအခါ...
ကျူးကျွယ် ဘာမှ ဝင်မပြောတော့ပေ။
မဟာချန်၏အသက်သွေးကြောကို ယခု မည်သူ ကိုင်ထားကြောင်း သူကောင်းကောင်းသိပေ၏။ အစောပိုင်းက ချင်းချိုမြေခွေးနတ်ဆိုးကို သတ်ဖြတ်လိုက်သလိုမျိုး ဂျူနီယာညီလေးရှန်း ပြောသမျှ တခြားသူတွေက လိုက်နာရုံသာ ရှိသည်။
"ဝူသိုင်းဘုံကျောင်းက ကျူးကျွယ် ပါ"
ရှန်းယီကို ထောက်ထားသောအားဖြင့် နှစ်ဖက်စလုံးမှ သူစိမ်းများအပြန်အလှန် နှုတ်ဆက်ကြသည်။
"ခင်ဗျားတို့ စကားပြောနှင့်ကြ... ကျုပ် လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့"
အခြေအနေကို မြင်တော့ ရှန်းယီ ခေါင်းညိတ်ပြီး လူတိုင်းကို နှုတ်ဆက်လိုက်သည်။
ထို့နောက် ကောင်းကင်သို့ ပျံတက်သွားပြီး နတ်ဘုရားအသွင်ပြောင်းအဆင့် မြေခွေးနတ်ဆိုး အလောင်းနှစ်ခုကို ယူဆောင်လျက် လက်နက်ဂိုဏ်း မှ ထွက်ခွာသွားသည်။
သူ ယခုလုပ်သမျှ လုပ်ရပ်များသည် စစ်ဆေးမေးမြန်းမှုများမှ လွတ်ကင်းနိုင်ဖွယ် ရှိသော်လည်း...ဖြောင့်မတ်သောပုဂ္ဂိုလ်တစ်ဦးဟူသည့် သူ၏ပုံရိပ်ကို ထိခိုက်စေနိုင်ဆဲပင်။
နောက်တစ်ကြိမ် သူလှုပ်ရှားသည့်အခါ ထိုနတ်ဆိုးမှာ အရာရှိရှန်းပဲဟု ကိုယ့်လူများက အော်ဟစ်တာသည့်အဖြစ်မျိုး သူသေချာပေါက်မကြားချင်ပေ။
"..."
ရွှီမိသားစုဆီကနေ ထွက်လာပြီးခါစတွင် နတ်ဆိုးသက်တမ်း မလုံလောက်မှာကို သူ စိုးရိမ်နေခဲ့သည်။
ဤမျှများစွာထိ သူ့ထံအလိုလို ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရှန်းယီ ဤကဲ့သို့ကံကောင်းမှုမျိုးနှင့် မကြုံတွေ့ရသည်မှာ ကြာပြီဖြစ်သည်။ သူ့စနစ်ဘောင်ကွက်ပေါ်ရှိ စာရင်းရှည်ကြီးကို ကြည့်ရင်း စိတ်လှုပ်ရှားမှု လှိုင်းတံပိုးတစ်ခု ခံစားလိုက်ရသည်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၁၃၉၀၀၀ နှစ်။]
သူ့တွင်အစကတည်းက ရှိနေသော နှစ် ၁၀၀၀၀ အပြင် ကျန်သည့်အရာများက ချင်းချိုများမှ ပေါင်းထည့်ထားခြင်း ဖြစ်သည်။
အများဆုံးအပိုင်းမှာတော့ ဟွမ်ယွမ်အဆင့် မြေခွေးနတ်ဆိုးအုပ်စုထံမှ ရရှိမှုဖြစ်လေ၏။
ချင်ကျိုးမှ တစ်ကောင် အပါအဝင် စုစုပေါင်း ၁၂ ကောင်ရှိပြီး ကနဦးအဆင့်မှ အဆင့်မြင့်အထိ ပါဝင်ပေသည်။ စုစုပေါင်း နှစ် ၅၈၀၀၀ အထိ ရရှိခဲ့ရာ နတ်ဆိုးတစ်ထောင်ဂူမှ နတ်ဆိုးဧကရာဇ်နှင့်ပင် ယှဉ်နိုင်သော ပမာဏ ဖြစ်သည်။
ဤအရာက အံ့သြစရာကောင်းသော တွေ့ရှိချက်ပင်။
ဆိုလိုသည်မှာ အားကောင်းသော ပုဂ္ဂိုလ်များ ရှားပါးမှုမှလွဲ၍ သူတို့၏အလားအလာသည် ယခုအခါ အထွတ်အထိပ်အင်အားစုများနှင့် တန်းတူ ဖြစ်နေပြီ။
မျိုးဆက်သစ် လူငယ်များသည် ထူးချွန်သော ပါရမီများကို ပိုင်ဆိုင်ထားကြသည်။
သူတို့ အဘယ်ကြောင့်ကြားနေအဆင့်အား စွန့်လွှတ်ပြီး ဝူထုံတောင်ထံ ခိုလှုံချင်ကြသနည်းဆိုသည်မှာ အံ့သြစရာမဟုတ်တော့ပေ။ ဖြစ်နိုင်သည်မှာ အမွေအနှစ်မလုံလောက်မှုကြောင့် သူတို့မျိုးနွယ်စုကို ဆက်လက် တည်တံ့စေရန် အရင်းအမြစ်များ ပိုရရှိနိုင်ရန်မျှော်လင့်တာ ဖြစ်လိမ့်မည်။
နတ်ဘုရားအသွင်ပြောင်း ကနဦးအဆင့် ဘိုးဘေးနှစ်ယောက်မဏ္ဌတော့ သာမန်ပင်။
နှစ်ယောက်ပေါင်းမှ ၄၃၀၀၀ နှစ်သာ ရလေ၏။
ဘိုးဘေးအိုကြီးမှာ ပိုပင်ကပ်စေးနည်းသေးလေသည်။ နတ်ဘုရားအသွင်ပြောင်း အလယ်အလတ်အဆင့်နတ်ဆိုးကြီးဖြစ်ကာ လက်ကျန်သက်တမ်း ၁၈၀၀၀ နှစ် ဆိုသည်မှာ ချင်းလင်နတ်ဆိုးဧကရာဇ် ၏ တစ်ဝက်လောက်သာ ရှိပေ၏။
သို့သော်လည်း ဘိုးဘေးအိုကြီး၏သက်တမ်းနှင့် ယှဉ်လျှင် ရှန်းယီ အတန်ဖိုးထားဆုံးမှာ သူ့၏ အတွေ့အကြုံပင်။
သူ၏အကူအညီနှင်ဆိုပါက ရှန်းယီ၏ကျင့်ကြံခြင်းလမ်းခရီးက ပိုပြီးချောမွေ့လာပါလိမ့်မည်။
"နတ်ဆိုးဝိညာဉ်ကို ပြန်လည်ပုံဖော်မယ်"
ရှန်းယီ ဆင်းသက်ရန်အတွက် လူသူကင်းမဲ့သော နေရာတစ်ခု ရှာလိုက်၏။
မတုံ့ဆိုင်းတော့ဘဲ နတ်ဆိုးသက်တမ်း နှစ် ၁၀၀၀၀ ကို အသုံးပြုပြီး နတ်ဆိုးမူလတစ်ခုနှာင့် လဲလှယ်လိုက်သည်။
တောင်ဝှေးကို မှီထားသော အဘိုးအိုတစ်ယောက်၏ဝိညာဉ် သူ့ရှေ့တွင် နှေးကွေးစွာဖြစ်ပေါ်လာသည်ကို သူကြည့်နေလိုက်လေ၏။
ရှန်းယီချက်ချင်း အရေးမလုပ်ဘဲ နတ်ဆိုးအလောင်းများကို အာရုံစိုက်လိုက်သည်။
အလောင်းများအားလုံးကို ထုတ်ပြီးမြေကြီးပေါ် ချလိုက်၏။
သူ၏အားဖြည့်ထားသော သွေးပြောင်းလဲခြင်း နတ်စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်လိုက်၏။
ပါးစပ်အနည်းငယ် ဟလိုက်ရုံဖြင့် ထိတွေ့၍ပင်ရသော နတ်ဆိုးသွေးမြစ်တစ်စင်းဟာ သူ့ရှေ့တွင် စုဝေးလာတော့လေသည်။