လူတစ်ယောက် တာအိုလမ်းစဉ်အောင်မြင်ရင် သူရဲ့အိမ်မွေးတိရစ္ဆာန်တွေတောင် ကောင်းကင်ဘုံကို တက်လှမ်းနိုင်တယ်
Vol. 33 Ch. 326
သန့်စင်ခြင်းအဆင့် ဖြစ်စေ၊ တာအိုဝိညာဉ်၏ နောက်ဆုံး ကြီးထွားမှု ဖြစ်စေ...
နှစ်ခုလုံးသည် အချိန်အလုံအလောက်နှင့်ထောက်ပံ့ပေးရန် များပြားလှသော အရင်းအမြစ်များ လိုအပ်ပေသည်။
သို့သော် ရှန်းယီသည် ထိုအရာနှစ်ခုလုံးကို စုဆောင်းထားပြီးသည်မှာ ကြာပြီဖြစ်လေ၏။
[၄၆၀၀ မြောက်နှစ်တွင် သင်သည် ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးသွေးကိုရေကန်သဖွယ် အသုံးပြုကာ သင့်ခန္ဓာကိုယ်ကိုပျိုးထောင်ခဲ့သည်။ ယခုအခါ သင်၏ ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများနှင့် အဓိကအချက်များအားလုံး ပြည့်စုံသွားပြီ ဖြစ်ရာ တစ်ချိန်က သင့်ကိုချည်နှောင်ထားသည့် အတားအဆီးများ နောက်ဆုံးတွင် ကျိုးပျက်သွားပြီဖြစ်သည်။ သင်သည် မိုးမြေ၏အနှစ်သာရကို အရှိန်အဟုန်ပြင်းစွာ စုပ်ယူနေသည်]
ရှန်းယီ၏ တာအိုဝိညာဥ်သည် တဖြည်းဖြည်း ကြီးထွားလာ၏။
...
ယခင်ကကဲ့သို့ မမြင်နိုင်သော အရာမဟုတ်တော့ဘဲ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ကဲ့သို့ပင် ခိုင်မာလာသည်။
ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ်နှင့် ရုပ်ခန္ဓာတို့ အပြည့်အဝ ပေါင်းစပ်သွားသည်အထိပင်။
[၇၃၀၀ မြောက်နှစ်တွင် သင်၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်က အလွန်အမင်းအားကောင်းလွန်းသဖြင့် ထိုးဖောက်မှုမှာ မယုံနိုင်လောက်အောင် နှေးကွေးနေခဲ့သည်။ နောက်ဆုံးတွင် ပထမဆုံးသော အရေပြားမျှင်များ စတင်ကွဲအက်လာပြီး တာအိုဝိညာဉ်နှင့် ပေါင်းစပ်သွားသည်]
ရှန်းယီသည် သူ၏လက်မောင်းမှာ အသားမျှင်များအဖြစ်ပြောင်းလဲသွားပြီး ၎င်းအောက်ရှိ အရေပြားအသစ်ပေါ်လာသည်ကို ကြည့်နေ၏။
ကောင်းကင်ဝါးမြို နတ်ဆိုးဝိညာဉ်သည် ယခင်ကကဲ့သို့ တောက်ပသော ကြက်သွေးရောင် မဟုတ်တော့ပေ။ ရုပ်ခန္ဓာနှင့် ပေါင်းစပ်ပြီးနောက် ၎င်းသည် ဖြူဖျော့ဖျော့နှင့် တောက်ပသော အသွင်အပြင်ကို ဆောင်ယူထားသည်။
[၁၄၀၀၀ မြောက်နှစ်တွင် သင် ယခင်က ကြုံတွေ့ခဲ့ရသောချောမွေ့မှုများသည် အခြားသော အတားအဆီးတစ်ခုနှင့် ရင်ဆိုင်ရပြန်သည်။ ရုပ်ခန္ဓာပျက်စီးသွားသည်နှင့်အမျှ သင့်ခန္ဓာကိုယ်အတွင်း၌ချုပ်နှောင်ထားသော မဟာအင်မော်တယ်နတ်ဆိုးကိုးပါးများသည် မိုးမြေဆီသို့ အလိုလို ပြန်သွားချင်ကြသည်။ သူတို့ကို လွှတ်ပေးသင့်မပေးသင့် သင် တွန့်ဆုတ်နေမိသည်]
"ရယ်စရာပဲ"
ရှန်းယီ၏မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းများ ယှမ်းတန်းသွား၏။
ငါ ဝါးမြိုထားတဲ့အရာတွေက ထွက်ပြေးချင်တယ် ဟုတ်လား။ ဒီလောကမှာ အဲဒီလောက် ကောင်းတဲ့ အခွင့်အရေးမျိုး မရှိဘူး။
သူ၏စိတ်အာရုံကို ပြောင်းလဲလိုက်ရာ...
တစ်ခဏအတွင်းမှာပင် ကွဲအက်နေသော ကြက်သွေးရောင်ပုံရိပ်များသည် ခန္ဓာကိုယ်အသစ်၏မျက်နှာပြင်ပေါ်တွင် တင်းကျပ်စွာ ချိတ်ပိတ်ခြင်း ခံလိုက်ရ၏။
သူသည် သူတို့ကို နတ်ဆိုးသွေးများ ထပ်မံ မကျွေးတော့ဘဲသွေးမြစ်ကြီးဖြင့် တိုက်ရိုက်ရစ်ပတ်ထားလိုက်တော့၏။
ကြက်သွေးရောင်ပုံရိပ်များအထက်တွင် များပြားလှသော သွေးချီများ ကောင်းကင်သို့ မြင့်တက်လာသည်။
သာမန်မျက်စိဖြင့် မြင်နိုင်သည်မှာ ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော သားရဲကိုးကောင်အဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်အနှံ့ လက်သည်းများကို ဝှေ့ယမ်းကာ ဟိန်းဟောက်နေကြခြင်းပင်။
ရေနဂါးသည် တိမ်ပင်လယ်ထဲတွင် လှုပ်ရှားနေကြပြီး သူတို့၏ဦးချိုတစ်ခုတည်းမှာ ကျွတ်ကျသွားကာ ခန့်ညားသောသစ်ကိုင်းပုံ ဦးချိုနှစ်ခုအဖြစ် ပြောင်းလဲသွား၏။ နဂါးလက်ဖဝါး တစ်ခုချင်းစီတွင်လည်း အသစ်စက်စက်ချွန်ထက်သော လက်သည်းတစ်ခုစီ ပေါ်ထွက်လာသည်။
တောသခင်သည် တောင်ပေါ်မှ ဆင်းလာသော ကျားတစ်ကောင်၏အရှိန်အဝါကို ပြသနေပြီး ပခုံးများမှသွေးနီရောင် အတောင်ပံများကို ရုတ်တရက် ဖြန့်လိုက်ရာ ၎င်း၏သန်မာသော ခြေလက်များသည် အနှိုင်းမဲ့ခွန်အားများဖြင့် ပြည့်နှက်နေပုံရသည်။
အဆိပ်ဖားပြုတ်၏ အဖုအထစ်များ ရှိသော အရေပြားမှာ လျင်မြန်စွာပင်ချောမွေ့သွားပြီး အဖြူရောင်ကျောက်စိမ်းရုပ်တုကဲ့သို့ ဖြစ်လာကာ အတွင်း၌အနီရောင် သွေးကြောမျှင်များ သဘာဝအတိုင်း ဖွဲ့စည်းထားသည်။
တစ်ချိန်က သာမန်နတ်ဆိုးများ ဖြစ်ခဲ့သော ဤအုပ်စုသည် ယခုအခါကြောက်မက်ဖွယ်ကောင်းသော မှော်သားရဲများအဖြစ် ပြောင်းလဲနေကြပြီ ဖြစ်သည်။
ဒေါင်းသည် ဧကရာဇ်၏သရဖူကဲ့သို့ လှပသော အမြီးကို ဖြန့်လိုက်၏။ မိုးပြာခြင်္သေ့(မျက်နှာပြခြင်္သေ့)က ပျင်းရိစွာ ရှေ့သို့ လှမ်းလာပြီး ဝံပုလွေဘုရင်၏ခန္ဓာကိုယ်မှာ ဖြူဖွေးသောရောင်ဖြစ်သွားကာ လမင်းကိုမော့ကြည့်လျက် ဟိန်းဟောက်နေလေသည်။
"..."
ရှန်းယီသည် ကောင်းကင်ရှိ အပြောင်းအလဲများကို ကြည့်နေသော်လည်း အမှန်တကယ်တွင် ထိုနတ်ဆိုးကိုးကောင်လုံးမှာ သူ၏ခန္ဓာကိုယ်အတွင်း၌ ရှိနေခြင်းဖြစ်သည်။
သူ၏ ကိုယ်ပိုင်ခန္ဓာကိုယ်က သူတို့၏ထူးခြားသော အသွင်ပြောင်းလဲမှု နိမိတ်များကို ဖုံးကွယ်မထားနိုင်တော့သဖြင့် ဤကောင်းကင်ပြင်ကြီးတွင် လာရောက် ထင်ဟပ်နေခြင်းသာ ဖြစ်ပေ၏။
[၂၄၀၀၀ မြောက်နှစ်တွင် သင်သည် နတ်ဆိုးကိုးကောင်ကို ပြန်လည်သိမ်းဆည်းလိုက်ပြီး သင်၏ ကိုယ်ပိုင်နယ်ပယ်ကို ဆက်လက် ထိုးဖောက်ခဲ့သည်။နောက်ဆုံးသော အသားစများအထိ ကောင်းကင်ဝါးမြိုနတ်ဆိုးဝိညာဉ်နှင့် ပေါင်းစပ်သွားသည့်အချိန်တွင် သင်သည် လူသားခန္ဓာကိုယ်မှ လုံးဝကင်းကွာသွားပြီ ဖြစ်သည်]
တိုတောင်းသော အသိပေးချက်တစ်ခု။
ရှန်းယီ၏မျက်လုံးများတွင် အံ့သြမှုများ လှိုင်းထနေ၏။
ပထမဆုံး ဝိညာဉ်အမြစ်ကို သန့်စင်ပြီးနောက်တွင် ပထမဆုံးအကြိမ်အဖြစ် သူသည် မိုးမြေကြားရှိ လွတ်လပ်သောအရာများကို တိုက်ရိုက် မြင်တွေ့ခွင့် ရခဲ့သည်။
ယခုမူ သူသည်ထိုလွတ်လပ်သော အရာများ၏ အသိစိတ်ကိုအာရုံခံနိုင်ရုံသာမက သူတို့ကိုပင် ဆင့်ခေါ်နိုင်ပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်၏။
"လီမီးလျှံနှလုံးလောင်ကျွမ်းလက်ဝါး"
ရှန်းယီ သူ၏လက်ဖဝါးကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ရာ နောက်တစ်ခဏ၌ မိုင်တစ်ရာအတွင်းရှိ လေထုက တုံ့ပြန်လာ၏။
လီမီးလျှံနေမင်းကိုးစင်းသည် သူ၏ ဘေးတွင် ပေါင်းစည်းလာသည်။
ယခင်ကနှင့် ယှဉ်လျှင် တုန်ရီနေသော ထိုပုံစံများသည် ပိုမိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပုံရသည်။
ရှန်းယီ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ လီမီးလျှံနေမင်းများသည် မိုးမြေ၏လေထုအတွင်းသို့ ပြန်လည် ပျံ့နှံ့သွားကြသည်။
ဤဖြစ်စဉ်တစ်ခုလုံးတွင် သူသည် သူ၏ကိုယ်ပိုင် အရန်စွမ်းအင်ကို အသုံးမပြုခဲ့ပေ။
မိုးမြေကို လှည့်စားကာ ၎င်း၏အစိတ်အပိုင်းတစ်ခု ဖြစ်လာခြင်း။
ရှန်းယီ နောက်ဆုံးတွင် ဤအချက်ကို သဘောပေါက်သွားခဲ့ပြီဖြစ်ပေ၏။
"ဒါဆို တစ်ယောက်ယောက်နဲ့တိုက်ခိုက်ရမယ်ဆိုရင် ဝိညာဉ်အမြစ်ရဲ့အရည်အသွေး ပိုမြင့်လေလေ ငါက မိုးမြေရဲ့သက်ရှိတစ်ခုနဲ့ ပိုတူလေလေပဲ။ မိုင်တစ်ရာအတွင်း ဝိညာဉ်စွမ်းအင်လှုပ်ရှားနိုင်တဲ့ ပြိုင်ဘက်က ငါနဲ့ တူညီနေမယ်ဆိုရင်တောင် သူတို့က ငါ့ကိုဘယ်လိုမှ မယှဉ်နိုင်ဘူး။ သူတို့က သူတို့ရဲ့ ကိုယ်ပိုင်အရန်စွမ်းအင်ကိုပဲ သုံးနိုင်လိမ့်မယ်။"
ရှန်းယီသည် ဤနယ်ပယ်အသစ်အတွင်း အသာစီးရမှုကို မည်သို့တိုင်းတာရမည်ကို အကြမ်းဖျင်း နားလည်သွားသည်။
ပထမအချက်မှာ ဝိညာဉ်စွမ်းအင်ကို လှုံ့ဆော်နိုင်သောအကွာအဝေးဖြစ်သည်။
ဒုတိယအချက်မှာ ဝိညာဉ်စွမ်းအင်နှင့် မည်သူက ပိုမိုနီးစပ်မှုရှိသနည်း ဆိုသည့် အချက်ဖြစ်သည်။
နောက်ဆုံးတွင် အရေးကြီးဆုံးအချက်မှာ လုံလောက်သော ဝိညာဉ်စွမ်းအင် ရရှိပြီးနောက် အသုံးချနိုင်မည့် သက်ဆိုင်ရာကျင့်စဉ် ရှိမရှိ ဆိုသည့် အချက်ပင်။
[လက်ကျန် နတ်ဆိုးသက်တမ်း - ၃၆၆၀၀ နှစ်]
အများစုမှာ နတ်ဆိုးသိုင်းပညာရပ်များအတွက် အသုံးပြုခဲ့သဖြင့် ပြုစုပျိုးထောင်ရန် စောင့်ဆိုင်းနေသောရွှေရောင်ခန္ဓာကိုယ်ကိုပင် သူ မေ့လုနီးပါး ဖြစ်သွားခဲ့သည်။
ရှန်းယီ မတ်တတ်ရပ်လိုက်၏။ သူသည် တည်ငြိမ်ပြီး အေးဆေးစွာရှိနေသည်။
ချင်ကျိုးမှ သူ့အကူအညီကို စောင့်နေရသည့် ဟွမ်ယွမ်အဆင့်သို့ ထိုးဖောက်စဉ်ကနှင့် ယှဉ်လျှင်...ဤ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ထိုးဖောက်မှုမှာ အလွန်ပင် တည်ငြိမ်လွန်းလှသည်။
သို့သော် သူ့အတွက်မူ ဤသည်မှာ ကမ္ဘာသစ်တစ်ခုသို့ တံခါးဖွင့်လိုက်ခြင်းပင်။ သူသည် စစ်မှန်သော ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ နောက်ဆုံးတွင် ခြေချနိုင်ခဲ့ပြီး အချို့သောနယ်ပယ်များ၏ အနှစ်သာရကို စတင် ဆုပ်ကိုင်နိုင်ခဲ့ပြီ ဖြစ်သည်။
လူသူကင်းမဲ့သော တောင်ထိပ်ပေါ်တွင်...
အစိမ်းရောင်ဝတ်ရုံနှင့် ပုံရိပ်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေပြီး မိုးမြေအကြား တစ်သားတည်းဖြစ်နေကာ ကျေနပ် အားရနေပုံလေ၏။
နောက်တစ်ခဏတွင် သူသည် ထိုနေရာမှ တိတ်တဆိတ် ပျောက်ကွယ်သွားတော့ပေသည်။
...
"ဆရာ ကြည့်ပါဦး"
ထန်ယွမ်သည် မီးတိမ်တိုက်ပေါ်တွင် ချင်းဖုန်းတာအိုသခင်၏နောက်မှ လိုက်လာ၏။
သူသည် ရုတ်တရက်မျက်လုံးများ ပြူးသွားကာ မိုးကုတ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
ကောင်းကင်အနှံ့ လျှောက်လှမ်းနေသော ထူးဆန်းပြီးဆန်းကြယ်သော သားရဲကိုးကောင်၏ ခန့်ညားထည်ဝါသော မြင်ကွင်းကို သူ တွေ့လိုက်ရလေ၏။
"အဲဒါ တာအိုနန်းတော် လား"
"..."
ချင်းဖုန်းတာအိုသခင်၏ မျက်နှာထားမှာ လေးနက်သွားသော်လည်း သူ၏ တပည့်ကိုမူ နှုတ်ဆတ်စွာဖြင့် ကဲ့ရဲ့လိုက်သေး၏။
"မင်းက တာအိုနန်းတော်အကြောင်း ဘာသိလို့လဲ"
ထန်ယွမ်က တိုးတိုးလေး ရေရွတ်လိုက်၏။ "ကျွန်တော် စီနီယာနီရဲ့ ခရမ်းရောင်ကောင်းကင် နတ်ဘုရားမိုးကြိုးဓားနန်းတော်ကို မြင်ဖူးတယ်..."
"စီနီယာအစ်ကိုနီရဲ့ နန်းတော်ကလည်း တာအိုနန်းတော်အစစ်မဟုတ်သေးဘူး၊ ပုံစံဖော်ခါစပဲ ရှိသေးတာ"
ချင်းဖုန်းတာအိုသခင်သည် ထိုနေရာသို့ မသွားခင် ခဏမျှ တွန့်ဆုတ်နေသေး၏။
ရယ်စရာပဲ။ ဒါက သူ့ဆရာမှာပဲ ရှိတဲ့ အရာမျိုးလေ၊ လမ်းဘေးမှာ ဒီအတိုင်း အလွယ်တကူ တွေ့နိုင်တဲ့ အရာမဟုတ်ဘူး။
ဒါက ပုံရိပ်ယောင် သက်သက်ပါပဲ။
သို့သော် ဤပုံရိပ်ယောင်ဆိုတာကလည်း မည်သူမဆိုဖန်တီးနိုင်သော အရာတော့ မဟုတ်ပေ။
ချင်းဖုန်းတာအိုသခင်သည် ဂရုတစိုက် ချဉ်းကပ်သွား၏။
ထန်ယွမ်က တိတ်တဆိတ် လိုက်လာရင်း "ဆရာ... ဆရာ ကြောက်နေတာတော့ မဟုတ်ပါဘူးနော်"
"ဘာကွ အဓိပ္ပာယ်မရှိတာ"
ချင်းဖုန်းတာအိုသခင်သည် သူ၏ဝတ်ရုံလက်အိုးကြီးများကို လိပ်တင်လိုက်ပြီး မျက်နှာမှာ နီမြန်းနေ၏။
"ငါက နီကျွင်းကိုတောင် မကြောက်တာ၊ နာမည်မသိတဲ့ ကျင့်ကြံသူတစ်ယောက်ကို ဘာလို့ ကြောက်ရမှာလဲ"
သူသည် သတ္တိမွေးကာ ရှေ့သို့ ခြေလှမ်းအနည်းငယ် ထပ်တိုးလိုက်ပြီး "ဒါက... ရောင်းရင်းကျင့်ကြံသူတစ်ယောက်ရဲ့ တရားထိုင်မှုကို အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ"
"ဆရာ... ကျုပ်တို့ သွားပြီး နှုတ်ဆက်ကြမလား"
ထန်ယွမ်သည် စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပြီး စမ်းကြည့်ချင်နေပုံရသည်။
"ဒါဆိုလည်း သွားကြတာပေါ့"
ချင်းဖုန်းတာအိုသခင်သည် သူ၏တာအိုဝတ်ရုံကို ပြန်လည် ပြင်ဆင်လိုက်၏။
သူသည် ဝတ်ရုံအနားသတ်များကို ပုတ်ခတ်ပြီး သေချာအောင် လုပ်လိုက်သည်။
ရုတ်တရက် နတ်ဆိုးကိုးကောင်၏ မြင်ကွင်း ပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သောအခါ သူသက်ပြင်းတစ်ချက် ချလိုက်မိသည်။
"တွေ့လား... သူတို့ ငါ့ရဲ့တည်ရှိမှုကို အာရုံခံမိသွားပြီ၊ ဒါက ဆက်ဆံရေးမလုပ်ချင်ဘူးလို့ အဓိပ္ပာယ်ရတယ်"
"ဒါပေမဲ့ ကျုပ်တို့က အဝေးကြီးမှာ ရှိနေသေးတာလေ"
ထန်ယွမ် စကားမဆုံးခင်မှာပင် သူ၏ဆရာက သူ့ခေါင်းကို နှစ်ချက်ပြင်းပြင်းထန်ထန် ခေါက်လိုက်လေတော့သည်။
"မင်း အပြင်ထွက်သွားပြီးကတည်းက တော်တော်လေး စကားများလာတာပဲ။ ငါ့နောက်ကနေ တောင်ပေါ်ကို ပြန်လိုက်ခဲ့ပြီး အချုပ်ထဲဝင်တော့၊ မင်းရဲ့ စိတ်ဓာတ်ကို သေချာပြန်ပြီး သွေးရမယ့် အချိန်ရောက်ပြီ"
ချင်းဖုန်းတာအိုသခင်သည် ထန်ယွမ်၏ ကော်လာကို ဆွဲကိုင်ကာ ဝူထုံတောင်ဘက်သို့ တိမ်စီးလျက် ပြန်လည် ပျံသန်းသွားတော့၏။
သူ ပြန်ရောက်သောအခါကျလျှင် တာအိုနန်းတော်နှင့် ဆင်တူသော မြင်ကွင်းမျိုးကို ဖန်တီးနိုင်သည့် ထိုနည်းလမ်းကမည်သည့်အရာဖြစ်ကြောင်း သူ့စီနီယာအစ်ကိုများကို မေးကြည့်ရမည်။
တကယ်၍ သူသာ ထိုနည်းလမ်းကို တတ်မြောက်သွားလျှင်...
အပြင်ထွက်သည့်အခါ တခြားသူများကို ခြောက်လှန့်ဖို့အတွက် တော်တော်လေး အဆင်ပြေမှာ အသေအချာပင်။