← Chapters

အလွန်များပြားသော ယုံကြည်မှုစွမ်းအား

Vol. 33 Ch. 327

အလွန်များပြားသော ယုံကြည်မှုစွမ်းအား

Vol. 33 Ch. 327

"တာအိုရောင်းရင်းကျူးကျွယ်ရဲ့ ကျယ်ပြန့်တဲ့ ဗဟုသုတနဲ့ အမြင်တွေက တကယ်ကို လေးစားဖို့ ကောင်းလှပါတယ်" ဟု ရွှီဟုန်တဲက စစ်မှန်သော ရိုသေမှုဖြင့် ဆိုလိုက်၏။

လီပြည်နယ် လက်နက်ဂိုဏ်း၏ အတော်အတန် မပျက်မစီးပဲကျန်ရှိနေသေးသော ခန်းမဆောင်တစ်ခုအတွင်းတွင်ဖြစ်ပေ၏။

ရွှီဟုန်တဲသည် အသာအယာဦးညွှတ်လိုက်ပြီး သူ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေကာ ဝမ်းသာပီတိဖြစ်မှုကို ဖုံးကွယ်ရန် ကြိုးစားနေလေသည်။ နှစ်ပေါင်းများစွာ လူမသိသူမသိအဖျောက်ခံထားရသော ရွှီမိသားစုမှာ ထင်ရှားကျော်ကြားလှသော မဟာချန်မင်းဆက်ကြီး၌ပင် ဤမျှလူသိများနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ခရီးအနှံ့လှည့်လည်သွားလာတော့လည်း အမြင်ကျယ်လာတာပေါ့ဗျာ၊ ဒါက ထူးခြားတဲ့ အရည်အချင်းတော့ မဟုတ်ပါဘူး" ဟု ကျူးကျွယ်က ပြုံးလျက် ပြန်လည်နှုတ်ဆက်လိုက်၏။

သူ၏နောက်ကွယ်တွင်မူ ဝူတောက်အန်းက တိတ်တဆိတ် မျက်လုံးလှန်လိုက်မိသည်။

ဘဏ္ဍာတိုက်ထဲမှာ နှစ်ပေါင်းထောင်ချီကြာအောင် ဟောင်းနွမ်းနေတဲ့စာအုပ်တွေကို ဖတ်နေရတာကိုး၊ ဒါမျိုးတွေ သိနေတာ မထူးဆန်းပါဘူးလေ။

...

ခရီးအနှံ့လှည့်လည်သွားလာသည်ဟုပြောရအောင်လည်း... ဝူတောက်အန်းတစ်ယောက် ကျူးကျွယ် သူ့နေအိမ်ကနေ ထွက်တာကို တစ်ခါမှ မမြင်ဖူးပေ။

"စိတ်ချပါ၊ကျုပ်တို့ ရွှီမိသားစုရဲ့ အစီအရင်တွေက ထိပ်တန်းပညာရှင်တွေကို မခုခံနိုင်ရင်တောင်မှ အချိန်အလုံအလောက်ရမယ်ဆိုရင် သာမန် နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူတွေကို သုံးရက်ကနေ ငါးရက်အထိ သေချာပေါက် တောင့်ခံထားနိုင်ပါတယ်" ဟု ရွှီမိသားစု၏ဆဋ္ဌမမြောက်ဘိုးဘေးက ဝိုင်ကို တစ်ကျိုက်တည်း သောက်လိုက်ရင်း မဆင်မခြင် ကြွားဝါပြောဆိုလိုက်၏။

သူသည် မျိုးနွယ်စုခေါင်းဆောင် ရွှီဟုန်တဲကိုပင် ကျော်လွန်၍ မဟာမိတ်ကိစ္စများကို စတင်ဆွေးနွေးနေတော့သည်။

"သတိထားဦးလေ၊ ပြန်ရောက်လို့ ပဉ္စမမြောက်ဘိုးဘေးကမင်းကို ဆူနေဦးမယ်" ရွှီဟုန်တဲက အံကြိတ်နေသည့် အပြုံးဖြင့် သတိပေးလိုက်ပြီး အခြားသူများကိုတစ်ချက်ကြည့်ကာ ဆဋ္ဌမမြောက်ဘိုးဘေးထံသို့ ငန်းဥကျောက်တုံးမှတစ်ဆင့် တိတ်တဆိတ် သတင်းပို့လိုက်၏။ ဆဋ္ဌမမြောက်ဘိုးဘေးမှာမူ ရယ်မောလွန်းသဖြင့် မျက်နှာပင် ပြဲထွက်တော့မတတ် ဖြစ်နေလေသည်။

သူသည် အတွေ့အကြုံနည်းပါးလှသဖြင့် အခြားသူများနှင့် ဆက်ဆံရာတွင် အားနည်းလှပေသည်။

ကံကောင်းထောက်မစွာဖြင့် မဟာချန်မှ တာအိုရောင်းရင်းကျူးမှာ နားလည်မှုရှိပုံရပြီး မဟာမိတ်ဆွေးနွေးမှု အသေးစိတ်ကို အတင်းအကျပ် အလောတကြီး မလုပ်ဆောင်ပေ။

"..."

ကျူးကျွယ် တံခါးဝဆီသို့ တိတ်တဆိတ် လှမ်းကြည့်လိုက်မိ၏။

ဂျူနီယာညီလေးရှန်း အဘယ်ကြောင့် ယခုချိန်ထိရောက်မ‌လာသေးသနည်း။ သူ တောင့်ခံထားနိုင်စွမ်း မရှိတော့ပေ။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးခါနီး အချိန်ခန့်တွင်...

နောက်ဆုံး၌ ထိုပုံရိပ်မှာ အေးအေးလူလူပင် ထွက်ပေါ်လာတော့သည်။

"ဆွေးနွေးနေကြတာလား"

ရှန်းယီ လူအုပ်စုကို ကြည့်ကာ အသာအယာ ခေါင်းညိတ်လိုက်ပြီး "အလုပ်ကိစ္စ စလို့ရပါပြီ" ဟု ဆို၏။

သူသည် ရွှီမိသားစုအား ပြသလိုသည့် အရာအားလုံးနီးပါးကို ပြသပြီးပြီဖြစ်သည်။ အကယ်၍ ထိုအရာက လုံလောက်မှုမရှိသေးလျှင် ဤမဟာမိတ်ဖွဲ့ခြင်းမှာ အမှန်တကယ်ပင် မလိုအပ်တော့ပေ။

"အရာရှိရှန်းရဲ့စီစဉ်မှုတွေကို ကူညီဖို့ ဆဋ္ဌမမြောက်ဘိုးဘေးကို မဟာချန်မှာ ထားခဲ့ဖို့ ကျုပ် စီစဉ်ထားပါတယ်" ဟု ရွှီဟုန်တယ်က မတ်တတ်ရပ်ကာ ပြောလိုက်၏။

"ကျုပ် ပဉ္စမမြောက်ဘိုးဘေးနဲ့ ထပ်ပြီး ဆွေးနွေးပြီးရင် ခင်ဗျားကို အမြန်ဆုံးအကြောင်းပြန်ပေးပါ့မယ်" ဟု သူက ဆက်ပြောသည်။

ရှန်းယီ အပြင်ဘက်ကို တစ်ချက်ကြည့်လိုက်ပြီး "ကျုပ် ခင်ဗျားတို့ကို လမ်းတစ်ဝက်လောက်အထိ လိုက်ပို့ပေးပါရစေ" ဟု ဆို၏။

ယခု အချိန်အနည်းငယ်ပေးလိုက်ခြင်းက အနာဂတ်တွင် လွတ်လပ်မှုကိုအာမခံနိုင်သည်ဖြစ်ရာ ဤတွက်ချက်မှုကို သူ ကောင်းကောင်းနားလည်ပေသည်။

"ဒုက္ခမရှာပါနဲ့တော့ဗျာ" ရွှီဟုန်တယ်က ရယ်မောရင်း ခေါင်းခါလိုက်၏။

"ရွှီမိသားစုမှာ အိမ်ပြန်ဖို့အရည်အချင်းနဲ့ သတ္တိတောင်မရှိဘူးဆိုရင် အပြင်ထွက်ဖို့ ကြိုးစားနေတာက အဓိပ္ပာယ် မရှိတော့ပါဘူး"

"လမ်းခရီးမှာ ဂရုစိုက်ပါဦး" ဟု ရှန်းယီက ပြောရင်း အတန်ကြာ စဉ်းစားလိုက်ကာ အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သဖြင့်...

"ဆက်သွယ်ဖို့အတွက် အစီအရင်တစ်ခုခု ရှိလား"

ငန်းဥကျောက်တုံး၏ အကွာအဝေးမှာ အလွန်အကန့်အသတ် ရှိပေသည်။ အခြားသူများက ၎င်း၏လှိုင်းကို ကြားဖြတ်ဖမ်းယူရန် ခက်ခဲသော်လည်း အကွာအဝေးမှာ ပြဿနာရှိပေ၏။

ရွှီဟုန်တဲက ခေါင်းညိတ်ကာ "တစ်ခုခု အဆင်မပြေရင် ကျုပ်ဆဋ္ဌမမြောက်ဘိုးဘေးကို အကြောင်းကြားပါ့မယ်၊ သူကလည်း မဟာချန်မင်းဆက်မြို့တော်မှာ သတင်းပို့အစီအရင်တစ်ခု တည်ဆောက်နိုင်ပါတယ်" ဟု ဆို၏။

ထို့နောက် အချိန်မဆွဲတော့ဘဲ လူတိုင်းကို နှုတ်ဆက်ကာ သူ၏ပျံသန်းသော လှေဖြင့် လက်နက်ဂိုဏ်းမှ ထွက်ခွာသွားတော့သည်။

"ငါတို့ အခု ချင်းကျိုးကို ပြန်ကြမလား" ဟု ရွှီဝမ်ယွင်က သူမ၏တူမလေးကို စိုးရိမ်စွာဖြင့် မေးလိုက်၏။

"ခင်ဗျား အရင်သွားပြီးအခြေအနေ ကြည့်ထားနှင့်ပါ၊ ကျုပ် လုပ်စရာ ကိစ္စလေးတွေ ရှိသေးလို့" ရှန်းယီက ပြန်ဖြေလိုက်ပြီး မဟာချန်မှလူများဘက်သို့ လှည့်ကာ ပျက်စီးနေသော ရွှေရောင်ပုတီးစေ့ တစ်ခုကို ဆင့်ခေါ်လိုက်သည်။

ကျူးကျွယ်သည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာမှာ လေးနက်သွား၏။

ခဓမ္မကိုယ်ထည် ဤမျှအထိ ပျက်စီးနေသည်ကိုမြင်ရသဖြင့် ဂျူနီယာညီလေးရှန်း မည်မျှအထိ ဘေးဒုက္ခကြီးစွာ ရင်ဆိုင်ခဲ့ရသလဲ ဆိုသည်ကို သူ စိတ်ကူးပင် မယဉ်နိုင်တော့ပေ။

သို့သော်လည်း ရှန်းယီ၏ တည်ငြိမ်သော အမူအရာမှာ ယခင်က ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို လုံးဝ ဖော်ပြခြင်း မရှိပေ။

ကျူးကျွယ်၏ ရင်ထဲတွင် မမျှော်လင့်ဘဲ ဝမ်းနည်းမှုများ တိုးဝင်လာ၏။

သူတို့၏ သက်တောင့်သက်သာရှိမှုမှာ အမြဲတမ်း တစ်စုံတစ်ယောက်၏ တိတ်တဆိတ် ပေးဆပ်မှုကြောင့် ရရှိလာရခြင်း ဖြစ်ပေသည်။

"ကျုပ်အတွက် ယုံကြည်မှုစွမ်းအား ပမာဏ တော်တော်များများ လိုအပ်တယ်" ဟု ရှန်းယီက တိုက်ရိုက်ပင် ဆိုလိုက်၏။

မတုံ့ဆိုင်းဘဲ ကျူးကျွယ်သည် ရွှေရောင် ကျောက်စိမ်းသော့တစ်ချောင်းကို ထုတ်ပေးလိုက်သည်။ "ကျုပ်ရဲ့ ဝေစုက မင်းအတွက်ပဲ"

သို့သော် ရှန်းယီက ၎င်းကို မယူဘဲ ညင်သာစွာ ဆို၏။ "အစ်ကိုကြီးကျူး... ကျုပ် ပြောတာက တော်တော်များများလို့ ပြောတာပါ"

ထို့နောက် သူသည် ထိုနေရာတွင် ရှိနေသော ဘုံကျောင်းစောင့်အများအပြားကို အသာအယာ ကြည့်လိုက်သည်။

"..."

ဘုံကျောင်းတာဝန်ခံများ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

သူတို့တွင် ကန့်ကွက်စရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် သူတို့ပြောသမျှသည် အရာမရောက်သောကြောင့်ပင်။ ထို့အပြင် ရှန်းယီသည် ဝတ်ပြုဆုတောင်းခြင်း အရှိန်အဝါ အများအပြားဖြင့် ဘာလုပ်မည်ကိုလည်း သူတို့ နားမလည်ကြပေ။

ဝူတောက်အန်း တစ်ဦးသာ အနည်းငယ် အံ့အားသင့်သွားသည်။

ထို့နောက် သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးသွား၏။

ဒါက... နောက်ထပ် အဆင့်ထိုးဖောက်မှုတစ်ခုလား။

...

မဟာချန် မင်းဆက်မြို့တော်အတွင်း၌မူ...

မြို့ထဲတွင် ယခင်ကကဲ့သို့ပင် အလုပ်ရှုပ်နေကြဆဲ ဖြစ်သော်လည်း အဆင့်အတန်း မြင့်မားသူများ၏ စိတ်ထဲတွင်မူ စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။

မည်သည့်အရာကိုပဲ လုပ်နေပါစေ၊ သူတို့သည် ခဏခဏ အဝေးသို့ လှမ်းကြည့်မိနေကြ၏။

သို့သော် ထိုအချိန်တွင် ဝူသိုင်းဘုံကျောင်းအတွင်း၌မူ လူအုပ်စုမှာပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ ကျယ်ဝန်းလှသော ခန်းမဆောင်ကြီးအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်နှင့် ယဇ်ပလ္လင်ပေါ်တွင် ထိုင်နေသော ကျူးကျွယ်တို့သာ ရှိပြီး ကျူးကျွယ်မှာ ဘိုးဘေး၏ခြေထောက်ကို အသာအယာ ပုတ်ပေးနေ၏။

ဝူတောက်အန်းမှာမူ လက်ပိုက်လျက် တံခါးအပြင်ဘက်တွင် စိတ်မရှည်စွာဖြင့် ရပ်နေသည်။

ကျင့်ကြံခြင်းအဆင့် နည်းနည်း ပိုမြင့်တာက ဒီလောက်တောင်ဟုတ်နေလို့လား။

ဘိုးဘေးတွေကို ရိုသေမှုမရှိဘဲ ယဇ်ပလ္လင်ပေါ်မှာ ဘယ်လိုလုပ် သွားထိုင်နေနိုင်တာလဲ။

ကျူးကျွယ်သည် ဘိုးဘေးနားမလည်မှာ စိုးသဖြင့် ကိစ္စရပ်တိုင်းကို အကြိမ်ကြိမ် ထပ်ခါတလဲလဲ ရှင်းပြနေ၏။

ကြမ်းကြုတ်သောအာဟတ်အိပ်ပျော်သွားတော့မည့် အချိန်တိုင်းတွင်...သူသည် ဂါထာတစ်ခုကို ရွတ်ဆိုကာ တစ်ဖက်လူကို နှိုးလိုက်ပြီး ဆက်လက် ရှင်းပြနေလေသည်။

"ကောင်းပြီ သိပြီ ငါ" ကြမ်းကြုတ်သောအာဟတ်က ဟိန်းဟောက်လိုက်၏။

"တွေ့တယ်မဟုတ်လား....အလောတကြီး မလုပ်ပါနဲ့ဦး" ကျူးကျွယ်သည် သူ၏ ၆၄ ကြိမ်မြောက် ရှင်းပြချက်ကို အေးအေးဆေးဆေး စတင်ပြန်သည်။

"လုပ်နိုင်တယ်...အားလုံး" ဒေကြမ်းကြုတ်သောအာဟတ်မှာ စိတ်ဓာတ်ကျလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

"ဒါပေမဲ့ ယုံကြည်မှုစွမ်းအင် မရှိရင် မင်းဆက်မြို့တော်က ဗလာဖြစ်သွားလိမ့်မယ်၊ တကယ်လို့ ရန်သူတွေ ကျူးကျော်လာရင်..." ကျူးကျွယ်က မော့ကြည့်လိုက်၏။

"သတ်ပစ်...ငါ့ကိုနှိုး...အကုန်လုံးကို ပိုင်းဖြတ်ပစ်မယ်" ဝူသိုင်းဘုံကျောင်းအတွင်းမှ စကားသံများကို ကြားရသောအခါ ဝူတောက်အန်းသည် သူ၏ လုပ်ဖော်ကိုင်ဖက်များထံ လက်ကမ်းလိုက်၏။

ကျန်ရှိနေသော ဘုံကျောင်းတာဝန်ခံများသည် ရွှေရောင်စာလိပ်ကို ထုတ်ပေးလိုက်ကြသည်။

နောက်ဆုံးအကြိမ် သူတို့ ရှန်းယီကို မြင်စဉ်က သူသည် မင်းဆက်မြို့တော်တွင် ကျင့်ကြံသူအသစ်လေးသာဖြစ်ပြီး ထို တစ္ဆေအိုဝူကြီး၏ မျက်နှာသာပေးမှုကိုသာ ရရှိထားသူ ဖြစ်သည်။

ယခုကြည့်ရသည်မှာ မျက်နှာသာပေးမှုတင် မဟုတ်ဘဲထူးခြားလှသော အမြော်အမြင်ရှိမှုဟု ဆိုရပေမည်။

အတိတ်တုန်းက ရှန်းယီ ယုံကြည်မှုစွမ်းအားကို ယူသွားပြီး မဟာချန်ကို သစ္စာဖောက်မည်ဟု သူတို့ စိုးရိမ်ခဲ့ကြသော်လည်း ယခုမူ စိုးရိမ်စရာ မလိုတော့ပေ။ အဘယ်ကြောင့်ဆိုသော် လီပြည်နယ် လက်နက်ဂိုဏ်းမှ တိုက်ပွဲကို ကြည့်ခြင်းအားဖြင့် သူသည် မဟာချန်ကို ဒုက္ခပေးရန် ယုံကြည်မှုစွမ်းအားမလိုအပ်သောကြောင့်ပင်။

ဝူတောက်အန်း ကျူးကျွယ်ကို တစ်ချက် ပြန်ကြည့်လိုက်၏။

ဘိုးဘေးနဲ့အတူ နေရတာက ဘာထူးခြားတဲ့ အရည်အချင်းလို့လဲ။

ငါ့မှာ ရှန်းယီ ရှိတယ်။

ဤသို့ တွေးမိသောအခါ သူ၏မျက်နှာတွင် ဝမ်းသာမှုများတစ်ဖန် ပေါ်လာပြန်ပြီး ဝူသိုင်းဘုံကျောင်းအတွင်းသို့ လွင့်မျောသွားရင်း သီချင်းတစ်ပုဒ်ကို ညည်းဆိုနေလေ၏။

ဤမျှ အရေးကြီးသော ဆုံးဖြတ်ချက်ကို စိတ်လိုက်မာန်ပါ ချလိုက်ခြင်းအပေါ်... ဝူသိုင်းဘုံကျောင်းအတွင်း ကျင့်ကြံနေသူများ မကျေမနပ် ဖြစ်နိုင်သည်မှာ သဘာဝပင်။ သို့သော် ငမိုက်သားမဟုတ်သူတိုင်း ဤယာယီ စောင့်ဆိုင်းရမှုမှာ မည်မျှအထိ တန်ဖိုးရှိသည်ကို နားလည်ကြလိမ့်မည်။

ရွှီမိသားစုနှင့် ရှန်းယီ၏ကျော်ကြားသော အမည်နာမတို့ ပေါင်းစည်းလိုက်လျှင် ကျိုကျိုးဒေသတွင် ရွှေတံတိုင်းကဲ့သို့ ခိုင်ခံ့သွားမည်ဖြစ်ပြီး နတ်ဆိုးများနှင့် မိစ္ဆာများ ကျူးကျော်ရန် မဝံ့ရဲတော့ပေ။

ဤသည်မှာ အမှန်တကယ် ငြိမ်းချမ်းသာယာသော ခေတ်ကောင်းတစ်ခု ဖြစ်လာပေလိမ့်မည်။ ထိုကဲ့သို့သောခေတ်ကာလတွင် ယုံကြည်မှုစွမ်းအားစုဆောင်းနိုင်မှုနှုန်းမှာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

ဝူတောက်အန်းသည် ရွှေရောင်စာလိပ်နှင့် ဘဏ္ဍာတိုက်သော့ နှစ်ခုလုံးကို ကမ်းပေးလိုက်၏။

"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုဝူ" ရှန်းယီ ထိုပစ္စည်းများကို လက်ခံလိုက်ပြီး တင်ပျဉ်ခွေထိုင်ချလိုက်သည်။

"မင်းငါ့ကို မျက်နှာပူအောင် လုပ်နေတာလား။ မင်းနဲ့ ယှဉ်ရင် မဟာချန် တစ်ခုလုံးမှာ ဘယ်သူကများ ပင်ပန်းနေပါပြီလို့ ပြောရဲမှာလဲ"

ဝူတောက်အန်း၏ မျက်နှာမှာ ပျော်ရွှင်မှုကြောင့် ပွင့်လန်းနေသော်လည်း တည်ငြိမ်ဟန်ဆောင်ရန် ကြိုးစားနေသေးသည်။

သူသည် အခန်းပြင်သို့ ထွက်လာပြီး နောက်ကွယ်မှ ရှန်းယီ၏တံခါးကို ပိတ်ပေးလိုက်၏။

ဤတစ်ကြိမ်တွင်မူ ဝူတောက်အန်းသည် ရှန်းယီ မည်မျှကြာအောင် ရှိနေမည်ကို မမေးတော့ပေ။ ပြင်ပကမ္ဘာအတွက်မူ ရှန်းယီ၏ လှုပ်ရှားမှုများကို ခန့်မှန်းရခက်လေလေ မဟာချန်အတွက် ပိုမို ဘေးကင်းလေလေ ဖြစ်ပေသည်။

တစ်ဖက်လူ မည်သည့်နေရာတွင်ရှိကြောင်း သူကိုယ်တိုင်ပင် မသိတာက အကောင်းဆုံးပင်။

သစ္စာဖောက်မှုဖြစ်နိုင်ခြေ မှန်သမျှကို ဖယ်ရှားပစ်ရန် အတွက်ပင် ဖြစ်လေ၏။

All Chapters