နောက်ခံအသိုင်းအဝိုင်း မရှိသူ
Vol. 33 Ch. 329
မဟာချန်နန်းတော် ကျီအိမ်တော်
မှောင်မိုက်နေသော အခန်းဆောင်၏နက်ရှိုင်းသော နေရာတွင် တင့်တယ်လှပသော အမျိုးသမီးတစ်ဦးသည် သူမ၏လက်ထဲမှ စာကို ထပ်ခါတလဲလဲ ဖတ်ရှုနေပြီး စာရွက်ပေါ်ရှိ အလျင်အမြန်ရေးခြစ်ထားသော လက်ရေးများကို စေ့စေ့စပ်စပ်ကြည့်ရှူနေသည်။
ကြင်ယာတော်ကျီ(အစပိုင်းမှာ မင်းသမီးကျီပါ အခုမှမူရင်းဆရာကပြင်သွားပါတယ်) အနေဖြင့် သူမသည် ဆက်သွယ်ရေးကျောက်စိမ်းပြားများကို သေချာပေါက် သုံးစွဲနိုင်၏။
သို့သော် အေးစက်သောကျောက်စိမ်းပြားနှင့် ယှဉ်လျှင် သူမ၏သားဖြစ်သူထံမှ လက်ရေးမူစာတစ်စောင်ကို ပိုမိုတောင့်တမိသည်။
ငယ်ရွယ်စွာဖြင့် ပျင်းရိဖွယ်ကောင်းသော မသေမျိုး ဂိုဏ်းထံသို့ ပို့လိုက်ရခြင်းမှာ မည်မျှပင်ပန်းလိုက်မည်နည်း။
သူမသည်ပင် လောကီစည်းစိမ်၏သွေးဆောင်မှုများကို မလွန်ဆန်နိုင်ဘဲ မဟာချန်သို့ခေါင်းမာမာဖြင့် ရောက်လာခဲ့၏။
ကြင်ယာတော်ကျီစာကို ဂရုတစိုက် ခေါက်လိုက်၏။
ကျင်းကျန်း သည် မဟာချန်၏ဘုန်းအသရေကို ခံစားရန်၊သာမန် အမွေခံမင်းသား တစ်ဦးကဲ့သို့ ကြီးပြင်းရန်၊ လက်ထပ်ပြီး သားသမီးများရရှိကာ သူမ၏ဘေးတွင် ရှိနေရန် အခွင့်အရေး ရှိခဲ့ပေ၏။
သို့သော် အားလုံးကို ထိုမိန်းမက ဖျက်ဆီးပစ်ခဲ့သည်။
ကျင်းကျန်း သူ၏ သဘောထားကို စတင် ပြောင်းလဲခါစရှိသေးချိန်တွင် ကျန်းချိုလန်သည် သူ့ကို ကစားစရာ တစ်ခုလို သဘောထားကာ အစားအသောက် ပျက်စေသည်အထိ ဖြစ်စေခဲ့ပြီး ယခင်ကထက် ပိုမို စိတ်ဓာတ်ကျစေခဲ့သည်။
သူ၏ထူးဆန်းသော အကျင့်များကြောင့် နန်းတော်တွင် အရှက်ရဖွယ်ကိစ္စရပ်များ မဖြစ်ပေါ်စေရန် သူမတွင် သူ့ကို အဝေးသို့ ပို့ဆောင်ရုံမှတစ်ပါး ရွေးချယ်စရာ မရှိခဲ့ပေ။
သူမ၏ ဩဇာအာဏာသည် အလွန် သေးငယ်နေခြင်းက ဝမ်းနည်းစရာ ကောင်းလှသည်။ မဟာချန်တွင် နှစ်ပေါင်းများစွာ နေခဲ့သော်လည်း အကျိုးအမြတ်မရရှိခဲ့ဘဲ ရွှမ်ကွမ်းဂူတွင် သူမ၏ အသံသည် ပို၍ပင် အရာမရောက် ဖြစ်လာ၏။
မဟုတ်လျှင် သူမအခြေအနေကို ပြတ်ပြတ်သားသား ရှင်းလင်းလိုက်ပြီးပြီ။
ကြင်ယာတော်ကျီ သူမ၏ အသက်ရှူသံကို တည်ငြိမ်အောင်လုပ်လိုက်ပြီး အစောင့်နှစ်ဦးကို ကြည့်ကာ "ပြောကြ" ဟု ပြောလိုက်၏။
"ကြင်ယာတော်ကျီကို ပြန်လည်တင်ပြပါရစေ၊ ကျွန်တော်တို့ အကောင်းဆုံးရှာဖွေခဲ့ပေမဲ့ အရှင်မင်းသားရဲ့သတင်းအစအန မရသေးပါဘူး..."
အစောင့်တစ်ဦးက တိုးညှင်းစွာ ပြန်ဖြေသည်။
ထိုအရာကို ကြားတော့ ကြင်ယာတော်ကျီ၏ မျက်နှာတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။
ထိုအသုံးမကျသော လူကို သူမကြာမြင့်စွာကတည်းက ကျင့်သားရနေခဲ့ပြီ။ အပြင်မှာ သေသွားရင်တောင် သူမအတွက် အရေးမကြီးပေ။
"အရှင်မင်းသမီးရဲ့အမိန့်အတိုင်း ကျွန်တော်တို့ အပြင်မှာ ပျောက်ဆုံးနေတဲ့ နောက်ထပ်သခင်မလေးတစ်ယောက်ကို တွေ့ထားပါတယ်။ ပြီးတော့ နောက်တစ်ယောက် အတွက်ကတော့..."
အစောင့်က ဆက်မပြောဘဲ ရပ်လိုက်၏။ တော်ဝင်အိမ်တော်တွင် သခင်မလေးများမရေမတွက်နိုင်အောင် ရှိသော်လည်းကျင်းကျန်းသည် တစ်ဦးတည်းသော အမျိုးသား အမွေခံမင်းသား ဖြစ်သည်။ အရှင်မင်းသားတွင် ပြဿနာ တစ်စုံတစ်ရာ ရှိနေသောကြောင့်တော့ မဟုတ်ပေ။
"သူမ ဘယ်မှာလဲ" ကြင်ယာတော်ကျီ မျက်လုံးအနည်းငယ် ပင့်ကာကြည့်လိုက်၏။
"ချင်ကျိုး နတ်ဆိုးနှိမ်နင်းရေးတပ်ဖွဲ့ မှာပါ"
အစောင့်က ဦးညွှတ်ပြီး ပြောလိုက်၏။ "ဒီလူငယ်လေးက အခုနတ်ဆိုးနှိမ်နင်းရေး အဆင့်မြင့်အရာရှိ ဖြစ်နေပြီး ချန်ကျင်းယွီလို့ အမည်ရတဲ့ သခင်မလေးကလည်း နတ်ဆိုးနှိမ်နင်းရေးဌာနမှာ အောက်ခြေသိမ်း အလုပ်တွေ လုပ်နေပါတယ်"
"ဟမ်... ချင်ကျိုးမှာပဲလား" ကြင်ယာတော်ကျီ အေးစက်စွာပြောလိုက်ပြီး မျက်နှာပေါ်တွင် ပြုံးရိပ်သမ်းသွားသည်။ နတ်ဆိုးနှိမ်နင်းရေးဌာနကို ဝင်ရောက်ခြင်းက သူ့ကိုမွေးဖွားပေးခဲ့သော မိန်းမယုတ်အတွက် တစ်ခုခုလုပ်ပေးနိုင်ရန် သိုင်းဘုံကျောင်း၏ မျက်နှာသာပေးမှုကို မျှော်လင့်နေခြင်းလော။
"အဲဒီကောင်မလေးကို ပြန်ခေါ်လာခဲ့၊ ဒါမှ သူ အပြင်မှာ အရှက်မကွဲဘဲ တော်ဝင်အိမ်တော်ရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေမှာ။ နောက်တစ်ယောက်အတွက်ကတော့ သန့်သန့်ရှင်းရှင်းနဲ့ မြန်မြန်ဆန်ဆန် လုပ်... ဟို အသားမည်းခွေးတွေအနံ့ခံပြီး ငါတို့ဆီ ဘာအပြစ်မှ မရောက်စေနဲ့"
"နားလည်ပါပြီ" အစောင့်နှစ်ဦး သူတို့၏ကိုယ်နေဟန်ထားကို ပြန်လည် တည့်မတ်လိုက်ကြ၏။
နောက်ဆုံးတော့ သူက နောက်ခံအသိုင်းအဝိုင်း မရှိသေ နတ်ဆိုးနှိမ်နင်းရေးအရာရှိ တစ်ယောက်သာဖြစ်သည်။
မဟုတ်လျှင် သူ့ညီမကို တခြားသူတွေအတွက် အဝတ်လျှော်ထမင်းချက် အလုပ်တွေလုပ်ခိုင်းမည် မဟုတ်ပေ။ သူ့ကို ရှင်းပစ်ဖို့က အလွန်လွယ်ကူပါလိမ့်မည်။
ထိုနှစ်ဦး ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ထိပ်ပြောင်သောလူတစ်ဦး ခြံဝင်းထဲသို့ ဝင်ရောက်လာသည်။
ထိုအရာကို မြင်တော့ ကြင်ယာတော်ကျီ ဒေါသမထွက်ဘဲ ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်၏။
"ဘာကိစ္စနဲ့ လာတာလဲ"
ရွှမ်ကွမ်းဂူမှ လူတစ်ယောက် အနေဖြင့် သူသည်လည်း မသေမျိုးဂိုဏ်းအတွက် တစ်ခုခုလုပ်ပေးရန် စဉ်းစားနေပုံရသည်။
ဤထိပ်ပြောင်သော လူသည် သူမဂရုတစိုက် ရွေးချယ်ပြီး သိုင်းဘုံကျောင်းတွင် ထည့်သွင်းထားသော တပည့်တစ်ဦးဖြစ်သည်။ ရှန်းယီ စစ်ဆေးရေးမှူး ရာထူးတိုးခြင်းနောက်ဆုံး သတင်းကို သူပေးပို့ခဲ့ခြင်း ဖြစ်လေ၏။
"သူတို့ကို ထွက်သွားခိုင်းလိုက်"
ထိပ်ပြောင်သောလူသည် အခန်းထဲသို့ မဝင်မီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
သူ့အမူအရာကို ကြည့်ပြီး ကြင်ယာတော်ကျီ၏ နှလုံးခုန် မြန်လာသည်။
ဤလောက်ကြာမြင့်စွာစောင့်ပြီး နောက်ဆုံးတော့ အကျိုးအမြတ် တစ်ခုခုရတော့မည်ာလော။
ယခုအချိန်မှာ သူမ သား၏အနာဂတ် အတွက်၊ ရွှမ်ကွမ်းဂူ အတွင်း သူမ၏အဆင့်အတန်းကို မြှင့်တင်ဖို့ အရေးတကြီး လိုအပ်နေသည်။
ထိပ်ပြောင်သောလူသည် တိုးညှင်းသော အသံဖြင့် ပြောလိုက်၏။ "ရွှီမိသားစု "
ထိုစကားနှစ်လုံး ကြားသည်နှင့် ကြင်ယာတော်ကျီ အံ့အားသင့်စွာ ခေတ္တငြိမ်သက်သွားသည်။ ဘယ်ရွှီမိသားစု ဖြစ်နိုင်မလဲ ဆိုတာ ခန့်မှန်းမိသောအခါ သူမ၏ နှလုံးခုန်သံ ပိုမို မြန်ဆန်လာ၏။
"အခြေအနေ အတိအကျက ဘာလဲ" သူမ အမြန် လျှောက်သွားရင်း မေးလိုက်သည်။
"သိုင်းဘုံကျောင်းက ရွှီမိသားစုဝင်တစ်ယောက်ကို ဖိတ်ကြားထားတယ်။ အဲဒီလူက လူငယ်မဟုတ်ဘူး၊ ပြီးတော့ ယင်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်လည်း သူတို့နဲ့ ပါလာတယ်။ သေချာပေါက် အဆင့်နိမ့်တဲ့သူ မဟုတ်ဘူး။ သူတို့ စကားဝိုင်းကို နားထောင်ရတာ... သူတို့က ရွှီမိသားစုဝင်ကို တစ်ခုခု ကူညီပေးစေချင်နေပုံပဲ" ဟု ထိပ်ပြောင်သော လူက ပြောလိုက်ပြီး စဉ်းစားရန် ခေတ္တရပ်နားလိုက်၏။
"ဘာပဲဖြစ်ဖြစ် သိုင်းဘုံကျောင်းက လူတွေက သူ့အထောက်အထားကို သေချာပေါက်သိကြတယ်။ သူတို့က ငါတို့ကိုဖုံးကွယ်ထားပြီး သတင်းမပို့ဘူး ဆိုတာ ငြင်းလို့မရဘူး"
ထိုအရာကို ကြားတော့ ကြင်ယာတော်ကျီ၏ မျက်နှာထား တည်ငြိမ်သွား၏။
သူမ မျက်လုံးမှိတ်ပြီး သေချာစဉ်းစားလိုက်သည်။
"တစ်ခုခုတော့ လွဲနေပြီ"
ရွှီမိသားစုဝင် တစ်ယောက်ကို အစီအရင်ဆောက်ဖို့ ဖိတ်ခေါ်ရုံ သက်သက်ဖြင့်တော့ သိုင်းဘုံကျောင်း အနေနှင့် ရွှမ်ကွမ်းဂူကို စော်ကားရဲသောစွန့်စားမှုမျိုး လုပ်မည် မဟုတ်ပေ။
ဒါ့အပြင် ဆုံးရှုံးမှုကြီးကြီးမားမားကြုံတွေ့ပြီးနောက် ထိုဂူအောင်းအဘိုးကြီးများက လုံလောက်သော အကျိုးအမြတ်နှင့် ယုံကြည်မှုမရှိလျှင် ထွက်လာကြမည်မဟုတ်တာသေချာ၏။
ပိုကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိရမည်။
"လောစရာ မလိုဘူး၊ သိုင်းဘုံကျောင်းမှာပဲ ဆက်နေဦး။ ငါ ပိုခိုင်လုံတဲ့ သတင်း လိုတယ်"
ကြင်ယာတော်ကျီ လက်ဝှေ့ယမ်းလိုက်သော်လည်း ထိပ်ပြောင်သောလူသည် နေရာတွင် ဆက်ရှိနေသည်ကို သတိပြုမိလိုက်၏။ သူမ မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"မပူပါနဲ့။ ငါ့ဂိုဏ်းကို အသိပေးရမယ့် အချိန်ရောက်ရင် မင်းကသတင်းပို့မယ့်သူ ဖြစ်လာမှာပါ"
"ကျေးဇူးတင်ပါတယ် ကြင်ယာတော်ကျီ"
ထိုလူသည် နောက်ဆုံးတွင် အပြုံးတစ်ခု ထုတ်ဖော်လိုက်၏။
ယင်ဝိညာဉ်အား အဓိက ကျင့်ကြံသော သိုင်းဘုံကျောင်းတော်၌သစ္စာခံထားရသည့် တာအိုဝိညာဉ် ကျင့်ကြံသူတစ်ဦး အနေဖြင့် သူ၏ အနာဂတ် လမ်းကြောင်း ပြတ်တောက်သွားသကဲ့သို့ ဖြစ်နေသည်။
စောစီးစွာပိုကောင်းမွန်သော လမ်းစရှာသည်က ပိုကောင်းပါလိမ့်မည်။
...
မဟာချန်၊ ချင်ကျိုးမြို့
လူတစ်စုနှင့်အတူ လိုက်ပါလာသော အားချင်း သည် စိတ်လှုပ်ရှားစွာဖြင့် လမ်းမများကို လှည့်ပတ်ကြည့်ရှုနေသည်။
သူမ ယရင်က ခိုးထွက်ဖူးသော်လည်း ကမ္ဘာလောကကြီးထဲတွင် ဤမျှပွင့်ပွင့်လင်းလင်း လမ်းလျှောက်ခွင့် ရခဲလှသည်။ အရာရာတိုင်းသည် သူမအတွက် အလွန် ဆန်းသစ်နေ၏။
"မဟာချန်ကို ယင်ဝိညာဉ်ကျင့်ကြံသူတွေရဲ့ မြင့်မြတ်နယ်မြေလို့ သတ်မှတ်တာ အံ့သြစရာ မဟုတ်ပါဘူး၊ ဘုရားကျောင်းတွေကိုတောင် မြို့လယ်ခေါင်မှာ တည်ဆောက်ထားကြတာပဲ"
သူမသည် အမွှေးတိုင်များမပြတ်တမ်း ထွန်းညှိထားသော ပင်မခန်းမကြီးတစ်ခုကို ကြည့်လိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် ချဉ်းကပ်ကာ လူအုပ်ကြားမှ ခန်းမထဲသို့ ချောင်းကြည့်လိုက်၏။
"သူတစ်ယောက်တည်းပဲ ဘုရားကျောင်း တည်ဆောက်နိုင်တာပါ"
လင်းပိုင်ဝေ့ ပြုံးလျက် ရှင်းပြလိုက်၏။
အစောပိုင်းများက တက်ကြွမှုနှင့် ယှဉ်လျှင် အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည် ပိုမိုတည်ငြိမ်လာပြီး သူမ၏လှုပ်ရှားမှုတိုင်းသည် အေးချမ်းမှုနှင့် တည်ငြိမ်မှုကို ထင်ဟပ်နေသည်။
သူမသည် အစ်မကြီးကျန်း၏ ပုံရိပ်ကို တမင်တကာ တုပနေသကဲ့သို့ပင်။
"သူ"
အားချင်းသည် လင်းပိုင်ဝေ့နှင့် လက်ချင်းချိတ်လိုက်၏။ ရက်အနည်းငယ်ကြာ ထိတွေ့ဆက်ဆံပြီးနောက် လင်းမိန်းကလေးအပေါ် သူမ၏ ခင်မင်ရင်းနှီးမှု သိသိသာသာ တိုးလာခဲ့သည်။
ခန်းမကြီး အတွင်းတွင် ခမ်းနားထည်ဝါသော နတ်ဘုရားတစ်ပါး ထိုင်နေပြီး အခမ်းအနားဓား ကို ပေါင်ပေါ်တွင် တင်ထားသည်။ ကြမ်းပြင်ပေါ်ထိ ဝဲကျနေသော ဇိမ်ခံအနက်ရောင်ရွှေရောင်စပ်ဝတ်စုံကို ဝတ်ဆင်ထား၏။
သူ့မျက်နှာသည် တည်ငြိမ်ပြီးမျက်လုံးများတွင် လူ့လောကကို လျစ်လျူရှုထားသကဲ့သို့ ဂရုမစိုက်သော အကြည့်များရှိ၏။
"သူ့ကို ရင်းနှီးသလိုပဲ"
အားချင်း ပါးစပ်အနည်းငယ် ဟကာ မျက်တောင်ခတ်လိုက်၏။
ထိုအချိန်မှာပင် သူမရုတ်တရက် အာမေဋိတ်သံ တစ်ခု ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ လွန်ခဲ့သော ခဏကတည်ငြိမ်သောမျက်နှာထား ရှိခဲ့သည့် လင်းမိန်းကလေးသည် ယခုအခါ မျက်နှာကိုရှုံ့မဲ့နေပြီး ဝမ်းနည်းပက်လက် အကြည့်ဖြင့်ခေါင်းနောက်ဘက်ကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရပေ၏။
သူမ၏ နောက်တွင် ချောမောသောလူငယ်လေး တစ်ဦးသည် လက်ကိုဖြည်းညှင်းစွာ ပြန်ရုပ်လိုက်၏။
"မင်းကို ဒီအဓိပ္ပာယ်မရှိတာတွေလျှောက်လုပ်ဖို့ ဘယ်သူ ပြောလို့လဲ"
"ကျွန်မ မဟုတ်ပါဘူး..."
လင်းပိုင်ဝေ့ လက်ကိုအားမပါဘဲလျှော့ချလိုက်သော်လည်း သူမ၏နှုတ်ခမ်းများတွင် ဖုံးကွယ်မရသော ပျော်ရွှင်မှုအပြုံးတစ်ခု ပေါ်လာသည်။
"ရှင် ပြန်ရောက်လာပြီလား"
ထိုအရာကိုကြားတော့ အားချင်းအနည်းငယ် အံ့သြသွားသည်။
သူမ၏အတွေ့အကြုံအရ တချို့က အစ်ကိုကြီးရှန်းကို အရာရှိရှန်း၊ တချို့က ညီအစ်ကို သို့မဟုတ် အစ်ကိုကြီးဟု ခေါ်ကြလေ၏။ မခေါ်ချင်ဘဲ ခေါ်ရခြင်းအပါအဝင်ပင်။
တစ်ယောက်ယောက်က သူ့ကို ရှင် ဟု တိုက်ရိုက် ခေါ်တာ ဒါပထမဆုံး မြင်ဖူးခြင်းပင်။
ပိုပြီးထူးဆန်းတာက အစ်ကိုကြီးရှန်းမှာ ထိုအရာကို လုံးဝ မသင့်တော်ဘူးဟု မထင်ခြင်းဖြစ်ပေ၏။
ထိုသို့တွေးမိရင်း အားချင်းသံသယဖြင့် မျက်လုံးကျဉ်းလိုက်သည်။
"ငါ တစ်ချက် လာကြည့်တာပါ"
ရှန်းယီ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်၏။
"သူ့ပုံစံကို အမြဲလိုက်မလုပ်နဲ့၊ မင်းက ကံဆိုးမိုးမှောင်ကျနေတဲ့ အေးစက်စက်ရေခဲတုံးတစ်တုံးနဲ့ တူနေပြီ"
"ကျွန်မ သူ့ကိုလိုက်တုနေတာ မဟုတ်ပါဘူး"
လင်းပိုင်ဝေ့ နှုတ်ခမ်းဆူပြီး ပြုံးလိုက်၏။
ရှန်းယီ တစ်ယောက်သာ အစ်မကြီးကျန်းကို ယခုလို ပြောရဲလေသည်။
"မင်းအခု မင်းဆက်မြို့တော်ကို ပြန်ချင်လား၊ ဒါမှမဟုတ် ဒီမှာပဲ နေခဲ့မလား" ရှန်းယီ အားချင်းကို လှမ်းကြည့်လိုက်၏။
"အမ်..." အားချင်း သူ၏စကားလုံးများတွင် တစ်စုံတစ်ခုကိုအာရုံခံမိသဖြင့် အမြန် တည်ငြိမ်အောင် လုပ်လိုက်သည် "အစ်ကိုရှန်းက ကျွန်မကို ခေါ်မသွားဘူးလား"
ရှန်းယီ ခေါင်းခါလိုက်၏။ "ငါ လုပ်စရာ ကိစ္စတချို့ ရှိလို့"
ဤတစ်ခါသူ့ခရီးစဉ်မှာ ဂူအတွက် မဟုတ်ဘဲ နတ်ဆိုးတွေဆီက သက်တမ်း ပိုစုဆောင်းဖို့ ဖြစ်သည်။
ထို့အပြင်ပြီးခဲ့သောအကြိမ် ယိုဝေနတ်ဆိုးဧကရာဇ် နှင့် ရင်ဆိုင်စဉ်က ဝူထုံတောင်၏ကျင့်ကြံသူ ဝင်မပါခဲ့လျှင် သူအားချင်းကို ကာကွယ်နိုင်ခဲ့မည်မဟုတ်ပေ။
"ကောင်းပါပြီ..." အားချင်း စိတ်ပျက်လက်ပျက် ခေါင်းငုံ့လိုက်သော်လည်း လင်းမိန်းကလေးကို ခိုးကြည့်လိုက်၏။
"ကျွန်မ ဒီမှာပဲ နေခဲ့ချင်တယ်"
"ကောင်းပြီလေ"
ရှန်းယီ ဘာမှသံသယမဝင်ဘဲ ပြတ်ပြတ်သားသား ခေါင်းငြိမ့်လိုက်သည်။
ရွှီဝမ်ယွင်လည်း ချင်ကျိုးတွင်ရှိနေရာ အထွတ်အထိပ်အဆင့် ဟွမ်ယွမ်အရှင်သခင်၏အကာအကွယ်ဖြင့် သူမပြဿနာ ရှိမည်မဟုတ်ပေ။
သူတို့အစောက ကျန်းချိုလန်အကြောင်း ပြောခဲ့ကြခြင်းကြောင့် တိုက်ဆိုင်သွားလေ၏။
လင်းပိုင်ဝေ့ စိုးရိမ်စိတ်အချို့ဖြင့် ခေါင်းမော့လိုက်သည်။
"အစ်မကြီးကျန်း ထွက်သွားကတည်းက ကျွန်မတို့ကို မဆက်သွယ်ဘူး၊ သူ ဘယ်လို နေလဲ မသိဘူး"
ထိုအရာကိုကြားတော့ ရှန်းယီ ခေါင်းငြိမ့်လိုက်၏။
"နောက်တစ်ခါ သူ့ကိုတွေ့ရင် မင်းဆီ သတင်းပို့ခိုင်းလိုက်မယ်"
ထိုအမျိုးသမီး တစ်ခုခုဖြစ်သွားနိုင်သည်ဟုတော့ သူလုံးဝမထင်မြင်ပေ။
သူ့သိုလှောင်အိတ်ထဲမှ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်မှာ အရာအားလုံးကို သက်သေပြပြီးဖြစ်နေ၏။
သူမ ကောင်းကောင်းနေရုံသာမက တခြားသူများကိုပင် တွေးပေးနိုင်သောစွမ်းရည်လည်း ရှိသေးသည်။
သူမက စစ်မှန်သောပါရမီရှင် တစ်ယောက်ဖြစ်ပေ၏။
သူမ၏ကျင့်ကြံခြင်း အဆင့်နိမ့်ချင် နိမ့်နိုင်သော်လည်း စိတ်ဓာတ်ကတော့ မည်သူ့အကူအညီမှ မလိုလောက်အောင် သန်မာပေသည်၊ အကြိမ်တစ်ထောင်သွေးထားသော ဓားတစ်လက်ကဲ့သို့ မာကျောနေပေ၏။
"ကဲ၊ ငါ သွားတော့မယ်"
ရှန်းယီ ဘေးဘက်သို့ တစ်ချက်ကြည့်ကာ နှုတ်ဆက်လိုက်ပြီး နတ်ဆိုးတိမ်တိုက်စီးကာ ကောင်းကင်သို့ ပျံတက်သွားလေ၏။ သူ့တွင် လုပ်စရာကိုယ်ပိုင်ကိစ္စတွေ ရှိသေးသည်။