အနုပညာမြောက် လူသတ်မှု + တောက်ဓမ္မကိုနည်းပညာများနှင့် ပေါင်းစပ်ခြင်း (2)
Vol. 42 Ch. 411
ဟိုင်မင် ယခင်က မြင်တွေ့ခဲ့ရသော ‘အနာဂတ်အိပ်မက်’များမှာ ဟဲကျောင်ရှန်း စနစ်တကျ စီစဉ်ထားသော ဟိုင်မင်အတွက် ထင်ယောင်ထင်မှားဖြစ်စေမည့်အရာများ၊ အိပ်မက်များပင် ဖြစ်ပေ၏။
ဟိုင်မင်၏ အိပ်မက်ထဲတွင် မြင်တွေ့ရသော ပုံရိပ်များ၊ အဖြစ်အပျက်များအားလုံးက သူ့အား အိပ်မက်ထဲတွင် ပိတ်မိနေစေခဲ့ပြီး အိပ်မက်နှင့် အဖြစ်မှန်ကို မခွဲခြားနိုင်အောင် အကွက်ချ စီမံထားခြင်းသာဖြစ်သည်။
ထို့နောက် ဟိုင်မင်တစ်ယောက် အရူးကဲ့သို့ ပြိုလဲကျသွားသည်ကို စောင့်ကြည့်နေခဲ့ခြင်းသာဖြစ်သည်။
ပါမောက္ခချုပ်အိုကြီးကို မုန်းတီးခြင်းမှာလည်း နားလည်၍ ရနိုင်သည်။
ဟဲကျောင်ရှန်း၏ အမြင်တွင်တော့ ပါမောက္ခချုပ်ကြီးက ကျောင်း၏ အကြီးအကဲဖြစ်ပြီး ပန်းချီလောကတွင်လည်း ဆရာတစ်ဆူဖြစ်သည်။
သူသည်က မတရားမှုကို ထောက်ပြပြောဆိုပေးရမည်ဖြစ်သော်ငြား သူကိုယ်တိုင်၏ လောဘအတွက် မကောင်းမှုအား ထောက်ခံကူညီပေးခဲ့သည်။
သူက ဟိုင်မင်ကို ဖုံးကွယ်ပေးထားရုံသာမက ဟဲကျောင်ရှန်းကိုလည်း အရှက်ခွဲကာ ကျောင်းထုတ်ပစ်ခဲ့သည်။
ထို့ကြောင့် ဟဲကျောင်ရှန်းမှ သူ့အား လက်စားချေခဲ့ခြင်းပင်။
သူက အမှားအမှန်ကို ခွဲခြားမမြင်နိုင်သော ပါမောက္ခချုပ်ကြီး၏ မျက်လုံးများကို ဖောက်ထုတ်ခဲ့သည်။ အဖြူအမည်းကို ပြောင်းပြန်လှန်ကာ လိမ်လည်ပြောဆိုခဲ့သည့် လျှာအား ဖြတ်ထုတ်ခဲ့သည်။
ထို့နောက် အမှားကို အမှန်ပြင်နိုင်ရန်အတွက် သူ၏ လက်များဖြင့် ကိုယ်တိုင် ‘သေဆုံးခြင်းမှတ်စု’များအား ရေးသားစေခဲ့သည်။
အမည်မသိသော အကောင့်၏ နောက်ကွယ်မှ နာမည်: ‘တီတီယာ”
ကုကျစ်စုန့် ရှာဖွေပြီးနောက် အနောက်တိုင်း၏ ဒဏ္ဍာရီပုံပြင်များထဲတွင် တရားမျှတမှုချိန်ခွင်အား ကိုင်ဆောင်ထားသည့် မျက်လုံးကို ဖုံးအုပ်ထားသော နတ်ဘုရားမ၏ အမည်က ဂျက်စ်တီရှာ သို့မဟုတ် ဂျက်စ်တီတီယာ ဖြစ်သည်။
ထိုအချက်အလက်များမှ ဟဲကျောင်ရှန်း၏ ‘သေခြင်းမှတ်စု’က အချိန်ကြာကြာယူ၍ စီစဉ်ထားသော အရာတစ်ခုဖြစ်ကြောင်းမြင်နိုင်သည်။
ကိုယ့်ကိုကိုယ် သတ်သေလိုက်ပြီးနောက် အငြိုးကြီးတစ္ဆေဖြစ်လာပြီးချိန်တွင် သူက ရန်သူများအားလုံးကို ချိတ်ဆက်နိုင်မည့် လက်စားချေမှုကြီးတစ်ခုအား ခမ်းခမ်းနားနား ပြင်ဆင်ရန် နှစ်လခန့် အချိန်ယူခဲ့သည်။
ထိုလူသားက အနုပညာအတွက် အသက်ရှင်၍ အနုပညာအတွက် အသက်ဆုံးခဲ့သူဖြစ်သည်။
သူ၏ လက်စားချေခြင်းသည်ပင် အနုပညာသရုပ်ပြမှုတစ်ခုကဲ့သို့ ခံစားရစေသည်။
လက်စားချေပြီးနောက်တွင် မည်သည့်အရာရှိနေမည်နည်း?
ကုကျစ်စုန့် မျက်လွှာချကာ ဖုန်းမျက်နှာပြင်ကို ကြည့်ရင်း စဉ်းစားနေခဲ့မိသည်။
ဟဲကျောင်ရှန်း အင်တာနက်ပေါ် တင်ခဲ့သည့်အရာများထဲတွင် ‘ဘုရားသခင်များ’၏ ဖြစ်တည်မှုအကြောင်းလည်း ပါရှိသည်။
သူ၏ ချဲ့ကားပြောဆိုမှုများအောက်တွင် အင်တာနက်ပေါ်မှ ယုံကြည်သူများသည်လည်း ထိုစတင်ဖြစ်တည်မှုမှ ဘုရားသခင်အား ယုံကြည်စပြုလာခဲ့သည်။
ယုံကြည်မှု၏ စွမ်းအင်၊ ထိုအရာသည် လူမမြင်နိုင်ဘဲ မည်မျှ ပျံ့နှံ့နေပြီနည်း? ထိုအရာ၏ စွမ်းအင်သည်က မည်မျှ ဖွံ့ဖြိုးနေပြီနည်း?
ယခုအဖြစ်အပျက်က ‘အနက်ရောင်မြူခိုး’မှ မကောင်းဆိုးဝါးနတ်ဘုရား၏ ထိန်းချုပ်မှုအား ဖြန့်ကျက်နိုင်ရန်၊ မကောင်းဆိုးဝါး ဝိဉာဉ်များ၊ မကောင်းသည့် စိတ်ခံစားချက်များအား ဖြန့်နိုင်ရန် စီစဉ်ထားသကဲ့သို့ပင်။
ထိုသို့ဖြစ်ပါက ဟဲကျောင်ရှန်း ကြုံတွေ့ခဲ့ရသမျှ အဖြစ်အပျက်များသည်လည်း ‘အနက်ရောင်မြူခိုး’၏ လှုံ့ဆော်မှုကြောင့် ဖြစ်လိမ့်မည်ဟု ကုကျစ်စုန့် သံသယဝင်မိသည်။
ဤ ဉာဏ်ကြီးရှင်ကောင်လေးက အသုံးချခံသာဖြစ်သည်။
အဖြစ်အပျက်အား ပြန်လည်စစ်ဆေးကြည့်ချိန်တွင် ဟဲကျောင်ရှန်းမှာ လွယ်အိတ်နှင့် ပန်းချီကားတို့အား ဟိုင်မင်၏ ရုံးခန်းထဲတွင် ချန်ထားခဲ့ချိန်က ထိုပန်းချီကားအား လိပ်၍ သားရေပင်ဖြင့် စည်းနှောင်ထားခဲ့သည်။
ဟိုင်မင်မှ ထိုပန်းချီကား မည်မျှ အဖိုးတန်ကြောင်း၊ လက်ရာမြောက်ကြောင်း မသိနိုင်ပေ။
သူသည် အဘယ်ကြောင့် ထိုနေ့က ပန်းချီကားလိပ်ကို ဖြန့်ကြည့်ကာ ‘ပန်ဒိုရာ၏ သေတ္တာ’အား ဖွင့်ခဲ့မိပါသနည်း?
ကူးချခိုးယူခြင်းအဖြစ်အပျက် ပျံ့နှံ့သွားချိန်တွင်လည်း ဟဲကျောင်ရှန်းက ဖြစ်စဉ်တစ်ခုလုံးကို အပြည့်အဝ ရေးသားခဲ့သော်လည်း ဖန်းချန်းပြည်နယ်ရှိ လူသန်းပေါင်းများစွာတွင်းမှ အနည်းငယ်သာလျှင် အဖြစ်မှန်ကို စောင့်ကြည့်နေခဲ့ကြသည်။
ကျန်ရှိသော လူများအားလုံးကည ချက်ချင်းပင် သူ့အား ဝိုင်း၍ တိုက်ခိုက်ခဲ့ကြသည်။
သူတို့ အဘယ်ကြောင့် ထိုမျှ ဒေါသထွက်နေရပါသနည်း?
အဘယ်ကြောင့် ဟဲကျောင်ရှန်းက လိမ်လည်နေခဲ့ပြီး ဆရာဖြစ်သူအား ပုတ်ခတ်နေသူဖြစ်ကြောင်း သေချာနေရပါသနည်း?
ထို့အပြင် ဖခင်ဟဲ၏ဆေးရုံသို့ သွားရောက်ကာ အကြောင်းအရင်းသိရှိထားခြင်းမရှိသော၊ အသက်အရွယ်ကြီးမြင့်နေပြီဖြစ်သော လူကြီးတစ်ဦးအား သွားရောက်တိုက်ခိုက်ခဲ့ကြသည်ထိ အင်မတန် ‘တရားမျှတစိတ်’ ပြင်းထန်လွန်းလှသော လူအချို့က အမှန်တကယ် ရှိနိုင်ပါ၏လော?
လူသားများ၏ သဘာဝတွင် အမြဲလိုလို မကောင်းသည့်အခြမ်း ရှိနေတတ်သည်။
ဟိုင်မင်၏ လောဘဖြစ်စေ၊ အန်းမို၏ မနာလိုစိတ်ဖြစ်စေ၊ ထိုမကောင်းသော စိတ်ခံစားချက်များအား အဆမတန် ချဲ့ကားခံထားရသည်။အနက်ရောင်မြူခိုးထဲတွင် ပိတ်မိနေသော ဖန်းချန်းပြည်နယ်တွင်းမှ လူများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များမှာပင် အမှောင်ဖုံးနေခဲ့ရသည်။
•
မကြာခင်မှာပင် ဟိုင်မင်အား သွားရောက်ရှာဖွေသည့် ရဲအရာရှိက ပြန်ရောက်လာခဲ့ပြီး ဟိုင်မင်အသက်မရှိတော့ကြောင်း အကြောင်းကြားလာခဲ့သည်။
ဟိုင်မင် ပြုတ်ကျသွားသည့် နေရာတွင် သစ်ဆူးချွန်တစ်ချောင်းရှိနေခဲ့ပြီး ခန္ဓာကိုယ်အား ဖောက်ထုတ်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် သတင်းအသစ် တက်လာခဲ့သည်။
“ကုတောက်ကျန့်၊ လိုင်းပေါ်မှာ တက်ကြည့်လိုက်ပါဦး”
ကုကျစ်စုန့် ဖုန်းကို ထုတ်လိုက်ပြီးနောက် ထိပ်တန်းရှာဖွေမှုတွင် ပို့စ်အသစ်များ တက်နေသည်အား တွေ့လိုက်ရသည်။
“ရေဝဲဂယက် ကူးချမှု”
ထိပ်တန်းရှာဖွေမှုနေရာသို့ ဝင်ကြည့်လိုက်ချိန်တွင် ထိပ်ဆုံးမှ ပို့စ်များအားလုံးက ကူးချခြင်းကိစ္စနှင့် ပတ်သတ်သည့်အကြောင်းအရာများအကြောင်းကို တင်ထားကြသည့် ပို့စ်များသာဖြစ်ကြသည်။
ဟိုင်မင်အကြောင်းသာမက၊ ပါမောက္ခချုပ်အိုကြီး၊ အန်းမိုနှင့် အခြားလူများအကြောင်းပါ ပါရှိသည်။
ဗီဒီယိုတစ်ပုဒ်လည်း နာမည်ကျော်နေခဲ့သည်။
ဗီဒီယိုထဲတွင် ညအချိန်ဖြစ်ပြီး လုံခြုံရေးကင်မရာတွင် မြင်တွေ့နိုင်သည်မှာ မျက်လုံးများမှိတ်ထားပြီး အင်မတန် ကြောက်လန့်နေဟန်ပေါ်သည့် ဟိုင်မင်က အိပ်မက်ယောင်၍ လမ်းလျှောက်နေသည့်အလား ရှေ့နောက် လမ်းလျှောက်နေခဲ့သည်။
သူက ကြောက်လန့်တုန်လှုပ်နေသော အသံဖြင့် အော်ဟစ်ငိုယိုနေခဲ့သည်။
“ငါမှားပါပြီ၊ ငါ မင်းရဲ့ ပန်းချီကားကို မခိုးခဲ့သင့်ပါဘူး! ငါ.. ငါ မင်းကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး!”
“ငါ့ကိုမသတ်ပါနဲ့ ကျောင်ရှန်း!!”
ပို့စ်အောက်မှ မှတ်ချက်များမှာလည်း ဆက်တိုက် တက်နေခဲ့သည်။
[ဖာ့ခ်? အဲဒာက တကယ်ကို ခိုးယူတာကြီးဖြစ်နေတာလား? ဒါဆိုရင် အရင်က ငါတို့တွေ အကုန် ဟဲကျောင်ရှန်းကို မှားပြီး စွပ်စွဲခဲ့တာပေါ့...]
[ငါတော့ ဘယ်လို ခံစားရမှန်းတောင် မသိတော့ဘူး ဟိုင်မင်က သူ့တပည့်ရဲ့ ပန်းချီကို ခိုးယူတဲ့ လူယုတ်မာကောင်ဖြစ်ပြီး သူက သူ့ကျောင်းသားကို ပြန်ပြီး ချောက်ချတတ်တာဆိုရင်တော့
ငါတို့တွေက ကြားထဲကနေ လက်နက်အဖြစ် အသုံးချခံရပြီး တကယ့် ပါရမီရှင် ပန်းချီဆရာလေးကို သတ်လိုက်မိတာမဟုတ်ဘူးလား!]
[ဒီလူတွေက တကယ့်ကို အသိတရား၊နောင်တ ရမှာတော့ မဟုတ်ဘူး ဒါက တစ်ယောက်ယောက်က ဖိအားပေးပြီး ဝန်ခံခိုင်းနေတာ မဟုတ်ဘူးလား?
ငါမှတ်မိသလောက်ဆိုရင်တော့ ဟဲကျောင်ရှန်းက သတ်သေသွားတာလေ ဘာလို့ ဟိုင်မင်က ဗီဒီယိုထဲမှာ သူ့နာမည်ကို အော်နေရတာလဲ?]
[ဟဲကျောင်ရှန်း၊ ငါ မင်းကို တကယ်တောင်းပန်ပါတယ်! ]
[နောင်အနာဂတ်မှာ ဒီလိုမျိုး ထူးချွန်လက်ရာမြောက်တဲ့ ပန်းချီဆရာမျိုး ရှိနိုင်မှာမဟုတ်တော့ဘူး...]
[အားလုံးပဲ ငါ ကြောက်စရာကောင်းတာတစ်ခုကို ပြောပြမယ်နော် အခုလေးတင် ဖန်းချန်းက သူငယ်ချင်းတစ်ယောက်ဆီက ကြားရတာ
အဲဒီအကောင့်ထဲကို ဝင်ပြီး ပို့စ်တင်ခဲ့တဲ့ လူတွေ တော်တော်များများ သေကုန်ကြပြီတဲ့!]
[စဉ်းစားကြည့်ရင် တကယ် ကြောက်စရာကြီးနော် ဖန်းချန်းမှာ ဟောကိန်းတွေနဲ့ ကိစ္စတစ်ခု ဖြစ်နေတာတဲ့
ငါအခုမှ ရှာကြည့်တော့ အဲဒီသတင်းက အင်တာနက်မှာတောင် အရမ်းမသိကြဘူး အဲဒါက ပုံမှန်ရော ဟုတ်ရဲ့လား?]
ထိုအချိန်တွင်တော့ ဖန်းချန်းတွင် နာမည်ကျော်နေသည့် သေခြင်းမှတ်စုများက ဖုံးကွယ်ထား၍ မရနိုင်တော့ပေ။
အင်တာနက်အသုံးပြုသူများက ထိုပိုစ့်များကို ပို၍ ကြည့်ရှုလေလေ၊ ထိုပို့စ်များနှင့် သက်ဆိုင်သော အခြားပို့စ်များသည်လည်း လူသိများလာလေလေ ဖြစ်သည်။
ရဲအရာရှိများက ဒေသခံဝက်ဘ်ဆိုက်အတွင်း၌ အမည်မသိ ပို့စ်တစ်ခုအား ထပ်မံ ရှာတွေ့ခဲ့သည်။
“ခြောက်ယောက်မြောက်လူက အိပ်မက်ထဲမှာ သေဆုံးခဲ့တယ်”
ခန့်မှန်းစရာပင် မလိုပါချေ။ ထိုပို့စ်သည်က ထွက်ပြေးသွားခဲ့သော ဟဲကျောင်ရှန်း တခြားအကောင့်များကို သုံးကာ ရေးသားခြင်းပင် ဖြစ်သည်။
ချက်ချင်း နာမည်ကျော်လာသော အမည်မသိပို့စ်အား ကြည့်ရင်း ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ဝင်များ အံကြိတ်နေမိသည်။
“ဒါကြီးက နည်းနည်း မောက်မာလွန်းနေပြီ”
ဘေးမှ ရဲအရာရှိက သက်ပြင်းချလိုက်သည်။
“ကျွန်တော်တို့တွေ အရင်ဆုံး မှုခင်းနေရာကို ရှင်းလင်းကြရအောင်”
ထိုညက ဖန်းချန်းရဲအရာရှိများမှာ ‘ကူးချခြင်း’အမှု၏ အဖြစ်မှန်အား ပြန်လည်ရေးသားခဲ့ပြီးနောက် ‘ရေဝဲဂယက်’က လွန်ခဲ့သော သုံးလခန့်က လူအများ၏ ကဲ့ရဲ့ရှုံ့ချခံခဲ့ရပြီး သေဆုံးခဲ့သော ဟဲကျောင်ရှန်းကိုယ်တိုင် ရေးဆွဲထားသည့် ပန်းချီကားဖြစ်ကြောင်း အတည်ပြုခဲ့သည်။
ယခုအချိန်တွင်တော့ အင်တာနက်ပေါ်မှ လူအများက ဟဲကျောင်ရှန်းအတွက် စိတ်မကောင်းဖြစ်နေကြပြန်သည်။ အရှက်ရခြင်း၊ ဝမ်းနည်းဒေါသဖြစ်ခြင်းတို့အား မခံစားနိုင်တော့၍ သတ်သေခဲ့သော လူငယ်ပညာရှင်လေးအား နှမြောတသဖြစ်နေကြသည်။
ယခင်က သူ့အား ကျိန်ဆဲခဲ့သော၊ သူ၏ ဓာတ်ပုံများအား အသုဘဓာတ်ပုံအဖြစ် edit ကာ ပို့စ်တင်ခဲ့ကြသော၊ ဖခင်ဟဲ၏ ဆေးရုံသို့ သွားကာ ပြဿနာရှာခဲ့ကြသော ‘တာဝန်သိ၊ တရားမျှတမှုရှိသော ပြည်သူ’များအား ဖော်ထုတ်၍ လူအများက ရှုံချခဲ့ကြသည်။
တချို့လူများမှာ လူအများ၏ အပြစ်တင်ခြင်းအား မခံစားနိုင်ကြသောကြောင့် ဟဲကျောင်ရှန်းအား တောင်းပန်စကား ဆိုခဲ့ကြသည်။သူတို့၏ အပြစ်ကို ဝန်မခံလိုသူများလည်း ရှိပြီး ထိုလူများက ကောမန့်များကို ဖျက်၊ အကောင့်များကိ ဖျက်၍ လူထုအမြင်မှ ထွက်ပြေးနိုင်မည်ဟု ထင်ခဲ့ကြသည်။
သို့သော် သူတို့မသိသည်မှာ သူတို့က ဝဋ်ကြွေးများကို စုဆောင်းနေခြင်းသာဖြစ်ပြီး ထိုဝဋ်ကြွေးအား တစ်ချိန်ချိန်တွင် ပြန်လည်ပေးဆပ်ရမည်ပင်။