မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(1)
Vol. 42 Ch. 417
ဒေါသကြောင့် မျက်လုံးများ နီရဲနေခဲ့ပြီး မုတ်ဆိတ်ဖြူများဖြင့် လူအိုကြီးသည် ချန်ချင်းဂိုဏ်း၏ လက်ရှိခေါင်းဆောင်ပင် ဖြစ်ပေသည်။
သူ၏ မျိုးရိုးနာမည်က ယွမ်ဖြစ်ပြီး သူသည်က ဒုဂိုဏ်းချုပ်၏ စီနီယာအစ်ကိုလည်း ဖြစ်သည်။
သူ့အနေဖြင့် သူ့ညီ၏ အဆင့်နှင့် စွမ်းအားကို သဘောပေါက်သည်။
သူ၏ ညီလေးအား တိုက်ရိုက် ဖျက်ဆီးပစ်လိုက်နိုင်သူက သူ့ထက်လည်း ပို၍ စွမ်းအားမြင့်ကာ လုပ်နိုင်စွမ်းရှိသူသာ ဖြစ်လိမ့်မည်!
ဂိုဏ်းချုပ်ယွမ်အနေဖြင့် အလိုရှိဝရမ်းထုတ်ချိန်တွင် အင်မတန် တွေဝေ၍ ဒွိဟများနေခဲ့သည်။
ဝရမ်းထုတ်လိုက်မည်ဆိုပါက သူသည်က လူငယ်ပညာရှင် ကုကျစ်စုန့်အား စိန်ခေါ်လိုက်သကဲ့သို့ ဖြစ်သွားမည်။
သို့သော် မထုတ်ပြန်ပါလျှင်လည်း ဂျူနီယာညီလေး၏ ဒေါသကို ကုစားမပေးနိုင်သကဲ့သို့ အပြင်လူများကလည်း ချန်ချင်းဂိုဏ်းကို ကြောက်တတ်ပြီး အသုံးမကျသူများဟု ရယ်မောလှောင်ပြောင်ကြလိမ့်မည်ဖြစ်သည်။
နည်းမျိုးစုံ၊ ဘက်ပေါင်းစုံမှ စဉ်းစားခဲ့ပြီးနောက် ဂိုဏ်းချုပ်ယွမ်တစ်ယောက် အံကို ကြိတ်ကာ အလိုရှိဝရမ်းအား ရေးသားထုတ်ပြန်ခဲ့ခြင်းပင်။
သူ၏ အတွေးမှာ ချန်ချင်းဂိုဏ်းတွင် ကမ္ဘာပေါ်၌ အင်အားအကြီးဆုံးလူ၊ ယခင် ချန်ချင်းဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်သော သူ၏ ဆရာရှိနေသည်။
ဆရာဖြစ်သူက ဂူပိတ်ကျင့်ကြံနေသော်လည်း ကုကျစ်စုန့်မှ ဂုဏ် မောက်ပြီးသူတို့အား မိုက်ရူးရဲဆန်စွာ လာရောက်တိုက်ခိုက်လိမ့်မည်မဟုတ်ချေ။
သူ မထင်ထားခဲ့သည်မှာ ကုကျစ်စုန့်သည်က မာနထောင်လွှားစွာပင် ရောက်ရှိလာခဲ့ပြီး ချန်ချင်းဂိုဏ်းအား ပြောင်းပြန်လှန်နေခဲသည်။
ယခုအချိန်က သူ ဝင်ရောက်စွက်ဖက်ရမည့် အချိန်ပင်။
သူက ကုကျစ်စုန့်၏ လှောင်ပြောင်လိုသော မေးခွန်းအား ပြန်လည်ဖြေကြားခြင်းမရှိ၊ မသိချင်ယောင်ဆောင်၍ ကျော်လိုက်ပြီးနောက် ဒေါသမျက်လုံးဖြင့် စူးစိုက်ကြည့်လိုက်သည်။
“မစ်စ်ကု၊ မင်းက ချန်ချင်းဂိုဏ်းကို ရုတ်တရက်လည်း ရောက်လာသေးတယ်၊ အခုလို ပြဿနာတွေလည်း ရှာနေသေးတယ် မင်း ဘာတွေဖြစ်ချင်နေတာလဲ?”
“ကျွန်မမှာ အခြားရည်ရွယ်ချက်တော့ မရှိပါဘူး၊ ကျွန်မက ပထမဆုံး တောက်ဓမ္မကျောင်းဆောင်ရဲ့ ပုံစံအတိုင်း ရှင်တို့ ဂိုဏ်းဆီကို လာတယ် ပြီးတော့ စာအုပ်လေး နည်းနည်း လာငှားရုံသက်သက်ပါပဲ၊ အခုလို စတိုင်မျိုးက ရှင်တို့တွေ ပိုပြီး ရင်းနှီးနေတဲ့ စတိုင်မျိုး ဖြစ်မှာပေါ့၊ မဟုတ်ဘူးလား?”
ဂိုဏ်းချုပ်ယွမ်၏ မျက်လုံးများ လှုပ်ခတ်သွားခဲ့ပြီးနောက် သူ စကားပြန်မပြောနိုင်သေးခင်မှာပင် အင်မတန် ဂုဏ်မောက်နေသော စုန်းမ၏ စကားကို ဆက်ကြားလိုက်ရပြန်သည်။
“အစတုန်းကတော့ ကျွန်မက စာအုပ်လေး နှစ်အုပ်ပဲ ငှားမလို့ပါ၊ ဒါပေမဲ့ ရှင်တို့ ကျောင်းဆောင်ရဲ့ ကမ္ဗည်းကို မြင်လိုက်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ”
“ဒီပစ္စည်း ဘယ်ကနေလာတယ်ဆိုတာ ဂိုဏ်းချုပ်ယွမ် အသိဆုံးဖြစ်မှာပေါ့ ဒါက ပထမဆုံး တောက်ကျန့်ဖြစ်တဲ့ တောက်ကျန့် ကျွင်းဟုန်ရဲ့ ပိုင်ဆိုင်မှုဖြစ်ရမှာ မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး ချန်ချင်းဂိုဏ်းပိုင်တဲ့ ရတနာဖြစ်သွားရတာလဲ”
ဂိုဏ်းချုပ်ယွမ်၏ မျက်နှာက ကုကျစ်စုန့်အား ဝါးစားတော့မတတ် စိုက်ကြည့်နေရင်းမှ သိသိသာသာ အမူအယာ ပြောင်းသွားခဲ့သည်။
ဤ အသိပညာမပြည့်ဝသေးသော မိန်းမငယ်လေးသက အဘယ်ကြောင့် လွန်ခဲ့သော နှစ်ပေါင်း ရာကျော်ခန့်က ဖုံးကွယ်ထားသည့် ကိစ္စများကို သိနေရပါသနည်း?
သူ မလုံမလဲဖြစ်စွာ ပြောလိုက်သည်။
“မင်း ဘာကို ပြောချင်တာလဲ?”
ကုကျစ်စုန့် ပြုံးလိုက်သည်။
“ကျွင်းဟုန်က အသက်ရှိနေတုန်းက တောက်ဓမ္မကျောင်းဆောင်ရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်၊ သူ တစ်ခါပြောဖူးတယ် သူသာ ပေါက်မြောက်မှုကို ရရှိနိုင်ပြီး ကောင်းကင်ဘုံကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် တောက်ဓမ္မကျောင်းဆောင်မှာ ရှိတဲ့ ပစ္စည်းတွေအကုန်လုံးကို တောက်ကျန့်တွေအားလုံး ငှားယူနိုင်တယ်တဲ့”
“ရှင်က ဒီကမ္ဗည်းကို ‘ချန်ချင်းဂိုဏ်း’အတွက် ငှားထားတာ နှစ်ပေါင်း ရာကျော်နေပြီ. ဒီတော့ တခြားလူတွေ ငှားရမယ့် အလှည့်မဖြစ်သင့်ဘူးလား?”
သူမ၏ စကားကြောင့် ဂိုဏ်းချုပ်ယွမ်က အံ့အားသင့်သွားခဲ့ရကာ ဒေါသတကြီးဖြင့် ပြောဆိုလိုက်သည်။
“အမွှေးအတောင်မစုံသေးတဲ့ မင်းလိုမျိုး ကလေးမလေးကများ ငါတို့ ချန်ချင်းဂိုဏ်းရဲ့ ကမ္ဗည်းကို လိုချင်တပ်မက်ပြီး ညစ်ညမ်းအောင် လုပ်ချင်နေသေးတယ်! ကြည့်ရတာ ဒီနေ့တော့ မင်းကို ငါ သင်ခန်းစာ ပေးမှကို ရတော့မှာပဲ!”
ဂိုဏ်းချုပ်ယွမ်က ကုကျစ်စုန့်ဖြင့် ထိပ်တိုက် ရင်ဆိုင်ချင်စိတ်မရှိ။ သူသည်က ဂျူနီယာညီလေး၏ သနားစရာအဖြစ်အား မြင်တွေ့ပြီးချိန်တွင် ချက်ချင်းပင် နောက်ပြန်ဆုတ်ချင်ခဲ့သည်။
အသက်ကြီး၍ ရာထူးကြီးကြီးရှိသော သူသာ မိန်းမငယ်လေးတစ်ဦးအား ရှုံးနိမ့်သည်ဆိုပါက အင်မတန် ရှက်ဖွယ်ရာကောင်းလိမ့်မည်မဟုတ်ပါလော?
သို့သော် ရွေးချယ်ရာလမ်းမရှိတော့ပေ။ သူကိုယ်တိုင်၏ သိက္ခာနှင့် ဂိုဏ်း၏ သိက္ခာတို့အတွက် မတတ်နိုင်စွာ ဆုံးဖြတ်ချက်ချခဲ့ရသည်။
နှစ်ပေါင်းများစွာ ရှင်သန်ခဲ့သော ဤလူအိုကြီးသည်က သာမန်လူငယ်တောက်ကျန့်များထက် ပို၍ စွမ်းအားကြီးကာ ရက်စက်သည်။