ချန်ချင်းဂိတ်ကို ဝင်ရောက်စီးနင်းခြင်း နှင့် ကမ္ပည်းပြားကို သိမ်းဆည်းခြင်း(2)
Vol. 42 Ch. 414
ဒုတိယအနေဖြင့် ဂါထာမန္တာန်ကုတ်များ၏ ဒုတိယအလွှာတွင် မကောင်းဆိုးဝါးအား ဖိနှိပ်ကာ ချုပ်ထိန်းထားနိုင်သော ဖြန့်ကြက်နိုင်သည့် ဂါထာမျိုး လိုအပ်လိမ့်မည်။
ဟဲကျောင်ရှန်း၏ တည်နေရာအား ချုပ်ထိန်းထားပြီးသည်နှင့် သူက ဖွဲ့စည်းပုံထဲတွင် ပိတ်မိသွားလိမ့်မည်။ ထိုသို့ဖြစ်မှသာလျှင် အင်တာနက်မှတဆင့် ထွက်မပြေးနိုင်မည်ဖြစ်သည်။
နောက်ဆုံးတွင်တော့ ‘မကောင်းဆိုးဝါးသတ်ဖြတ်ခြင်းဂါထာ’အား သေချာပေါက်ထည့်သွင်းရမည်ဖြစ်သည်။
ဖမ်းမိထားသော ဟဲကျောင်ရှန်းသာ ထွက်ပြေးရန်ကြိုးစားပါက သို့မဟုတ် မကောင်းသည့် အကြံအစည်တစ်ခု ရှိနေမည်ဆိုပါက နောက်ပိုင်းတွင် ပြဿနာမဆိုးဝါးစေရန် သူ့အား သုတ်သင်ရှင်းလင်းရပေလိမ့်မည်။
ထိုဂါထာဖွဲ့စည်းပုံသုံးခုက သာမန်လူများ၏ ကိုယ်ခန္ဓာ၊ စိတ်တို့အား ထိခိုက်စေခြင်းမရှိ။ သရဲတစ္ဆေများကိုသာ ဦးတည်ထားခြင်းဖြစ်သည်။
အစီအစဉ်များ ချောချောမွေ့မွေ့ အောင်မြင်နိုင်ပြီးနောက် အလွှာသုံးလွှာရှိသည့် ဖွဲ့စည်းပုံကုတ်အား system အသစ်တွင်း ထည့်သွင်းနိုင်ပြီး အီလက်ထရောနစ်ပစ္စည်းများတွင် အသုံးပြုနိုင်သည်ဆိုလျှင်ပင် ဟဲကျောင်ရှန်းအား ဖမ်းမိရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပေ။
အဓိက သော့ချက်သည်က ‘ခြေရာခံကျမ်းစာ’အား အသုံးပြု၍ ဟဲကျောင်ရှန်း၏ တည်နေရာအား မည်သို့ရှာဖွေမည်ဆိုသော အချက်ဖြစ်သည်။
အင်တာနက်ပေါ်တွင်ဖြစ်စေ၊ အပြင်လောကတွင်ဖြစ်စေ ကျမ်းစာတစ်ခုတည်းဖြင့် လုံလောက်နိုင်စွမ်းမရှိပေ။
အသုံးပြုမည့် တောက်ကျန့်၏ စွမ်းအင်သည်လည်း အဓိကနေရာတွင် ပါဝင်သည်။
သူတို့၏ တိုင်းပြည်သည်က ကျယ်ပြန့်၍ မြေနေရာအကျယ်အဝန်းမှာလည်း ကီလိုမီတာပေါင်း သိန်းသောင်းချီ ကျယ်ပြန့်သည်။ လူဦးရေသည်လည်း တစ်ဘီလီယံကျော် နေထိုင်ကြသည်။
ဟဲကျောင်ရှန်းက အင်တာနက်မှတဆင့် ပုန်းအောင်းနေသောကြောင့် သူ၏ တည်နေရာမှာ နယ်မြေတိုင်း၊ ဒေသတိုင်းမှ မည်သူ၏ အိမ်တွင်မဆို ရှိနေနိုင်သည်။
သူ့အား တိတိကျကျ ချုပ်ထိန်းနိုင်ရန်ဆိုသည်က ‘ခြေရာခံကျမ်းစာ’အား နိုင်ငံအနှံ့တွင် တစ်ချိန်တည်း အသက်သွင်းရန် လိုအပ်ပြီး အသုံးပြုသူ၏ အသိစိတ်စွမ်းအားသည်လည်း ကီလိုမီတာ သန်းပေါင်းများစွာအား ဖြန့်ကြက်ကြည့်ရှု့နိုင်ရန် လိုအပ်သည်။
မသေမျိုးအစစ်အမှန်များသာလျှင် လုပ်ဆောင်နိုင်မည့် ကိစ္စတစ်ခုဖြစ်ပေသည်။
ကပ်ဆိုးအား ကျော်ဖြတ်ရာတွင် ကျရှုံးခဲ့ပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိဉာဉ် တစ်သားတည်းမဖြစ်သေးသော ‘မြေကမ္ဘာအဆင့် မသေမျိုး’တစ်ဦးသာဖြစ်သည့် ကုကျစ်စုန့်အနေဖြင့် လုပ်ဆောင်နိုင်စွမ်းမရှိပါချေ။
သူမ၏ အသိစိတ်ဖြန့်ကျက်နိုင်စွမ်းသည် ပြည်နယ်ငယ်တစ်ခု သို့မဟုတ် မြို့အနည်းငယ်ခန့်သာ ရှိသည်။
ကျန်နေရာများအား ထိန်းချုပ်ရန်အတွက် အတော်ပင် ခက်ခဲနေဦးမည်။
ကံကောင်းထောက်မစွာပင် ကုကျစ်စုန့်က မြေအောက်ကမ္ဘာမှ တမန်တော်တစ်ဦးဖြစ်သည်။ သူမ၏ အသိစိတ်ဖြန့်ကျက်စွမ်း အားနည်းမှုအား တခြားနည်းလမ်းများဖြင့် ဖြည့်၍ လုပ်ဆောင်နိုင်စွမ်းရှိသည်။
သူမက ယင်နှင့်ယန် ချိတ်ဆက်ထားသော တစ္ဆေဂိတ်တံခါးဝအား အသုံးပြု၍ မည်သည့်နေရာကိုမဆို မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်သည်။
ထိုနည်းအားဖြင့် သူမက နေရာများ ခွဲခြား၍ တစ်မြို့ပြီးတစ်မြို့ ရှာဖွေနိုင်ပေသည်။
ဖမ်းဆီးနိုင်မည့် နည်းလမ်းအား စဉ်းစားမိသွားပြီးနောက် ကုကျစ်စုန့် သက်ပြင်းချနိုင်ပြီးနောက် အသုံးပြုမည့် ဂါထာများ၊ မန္တာန်များအား စာရင်းပြု၍ ယန်ချန်ထံသို့ ပေးလိုက်သည်။
“ကူညီပေးလို့ ကျေးဇူးတင်ပါတယ်”
“ အကောင်းဆုံးကြိုးစားပါ့မယ်၊ ကိုယ်လည်း တစ္ဆေတွေကို ဘယ်လိုဖမ်းရမလဲ၊ မကောင်းဆိုးဝါး ဝိဉာဉ်တွေကို ဘယ်လိုနှင်ရမလဲဆိုတာကို မသိဘူးဆိုတော့ ဒါက ကိုယ် လုပ်ပေးနိုင်သလောက်ပါပဲ၊
မင်းကို ကူညီပေးနိုင်တာကိုပဲ ဝမ်းသာနေပါပြီ ၊ ပြီးတော့ မင်းလည်း ကိုယ့်ကို အကြိမ်တွေအများကြီး ကယ်ပေးထားတာလေ၊ အဲဒီကျေးဇူးကိုတောင် ဘယ်လိုဆပ်ရမှန်း မသိသေးဘူး”
သူ စကားပြောဆိုနေချိန်တွင် သူ၏ မျက်လုံးမျက်ခုံးများက အင်မတန် နူးညံ့နေခဲ့သည်။
ကုကျစ်စုန့် နားထဲသို့ ထိုစကားကြားလိုက်ရပြီးချိန်တွင် သူမ ကြောင်အမ်းသွားရပြန်သည်။
သူမ၏ မှတ်ဉာဏ်များတွင် ပုန်းကွယ်နေသော ရင်းနှီးနေသည့် ခံစားချက်တစ်ခုက ပြန်ပေါ်လာခဲ့ပြန်သည်။
သူမတို့၏ တောင်ထိပ်တွင် ကောင်လေးဘဝမှ လူငယ်လေးအရွယ်ထိ နေထိုင်ခဲ့ဖူးသော နေမကောင်းသည့် မင်းသားလေး ယန်ဟွိုင်ရှန်း၏ မျက်နှာတွင်လည်း အမြဲလိုလိုပင် နူးညံ့ ကြင်နာသည့် အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
သူက တော်ဝင်ရတနာများ၊ စားကောင်းသောက်ဖွယ်များအား သူမတို့၏ တောင်ထိပ်ဂိတ်တံခါးဝထံသို့ အမြဲယူလာပေးတတ်သည်။
သူမ သရဲတစ္ဆေများ နှိမ်နင်းရန် တောင်အောက်သို့ ဆင်းလာပြီးချိန်တွင် အရက်ပြင်းပြင်းသောက်၍ ထိုအရက်အား ဓားပေါ်သို့ လောင်းချရသည်ကို နှစ်သက်လေ့ရှိသည်။
တောင်ထိပ်မှ မထွက်ခွာမီအချိန်တိုင်း တွင် သူမ၏ ဧည့်ခန်းအပြင်ဘက်တွင် စနစ်တကျ စီရီထားသော အထုတ်အပိုးငယ်လေးများ အမြဲလိုလို ရှိနေခဲ့သည်။
ထိုအထုတ်လေးများတွင် ရွှေစ၊ငွေစများနှင့်အတူ ထောင်ချီတန်ဖိုးရှိသည့် တော်ဝင်ကျောက်စိမ်းဝိုင်တစ်အိုး ပါဝင်သည်။သူမ၏ ခန္ဓာကိုယ်အား ပြန်လည်ကုစားရန် တောင်ပေါ်တွင် ကိုယ်တိုင် ရှာဖွေခူးလေ့ရှိသော ဆေးရွက်များလည်း ရှိသည်။
မင်းသားငယ်လေးက နှစ်စဉ်နှစ်တိုင်း ထိုဆေးရွက်သေတ္တာများအား မုန်လာထုပ်များသဖွယ် သယ်ဆောင်လာတတ်ပြီး လက်ဝှေ့ရမ်းကာ နှုတ်ဆက်လေ့ရှိပေသည်။
ယန်ဟွိုင်ရှန်းမှာ အင်မတန် ဖြူစင်၍ ကြင်နာတတ်လွန်းသည်။ ခေတ်သစ်ဘဝတွင်တော့ သူက ချမ်းသာကာ ရိုးသားသော လူတစ်ဦးဖြစ်နေခဲ့ပေပြီ။
သူ တောင်ပေါ်သို့ ပထမဆုံးရောက်လာချိန်တွင် အသက် (၁၂)နှစ်၊ (၁၃)နှစ်ခန့်သာ ရှိသေးပြီး နှင်းကဲ့သို့ဆွတ်ဆွတ်ဖြူသော သားမွှေးအင်္ကျီတစ်ထည် ဝတ်ဆင်ထားလေသည်။
သူ နန်းတော်မှ ယူဆောင်လာသည့် ပစ္စည်းများအား ကုကျစ်စုန့်နှင့် ကျွင်းဟုန်တို့အား အကုန်ပေးချင်ခဲ့သည်။
ကုကျစ်စုန့်အနေဖြင့် တစ်ပါးသူများ၏ မျက်နှာသာပေးချင်း၊ လက်ဆောင်တံစိုးများအား ရရှိခြင်းအား နေသားမကျပေ။
ပထမတွင်တော့ သူမက မျက်နှာကို တင်းထားပြီးနောက် တစ်ဖက်လူ ပေးသည့် ပစ္စည်းများအား ပြန်ပေးပစ်တတ်သည်။
‘နောက်ကို ဒါမျိုးတွေ မပို့ပါနဲ့၊ မလိုဘူး’
သူမ စကားဆုံး၍ လှည့်ထွက်ရန် ပြင်လိုက်တိုင်း ကောင်ငယ်လေး၏ ဝမ်းနည်းသွားသော မျက်နှာက အဖော်မဲ့၍ ဝမ်းနည်းနေသော ခွေးပေါက်လေးကဲ့သို့ ညိုးငယ်သွားတတ်သည်ကို မျက်လုံးထောင့်မှ အမြဲမြင်ခဲ့ရတတ်သည်။
နောက်ပိုင်းတွင် မင်းသားငယ်လေးင မျက်နှာပေါ်တွင် အပြုံးတို့ကို ပြန်လည်ဆင်မြန်းလိုက်ပြီးနောက် သူမနှင့် ကျွင်းဟုန်တို့အား ဆရာဟုခေါ်ကာ နောက်မှ တကောက်ကောက် လိုက်နေခဲ့တော့သည်။
ကုကျစ်စုန့် တောင်ပေါ်မှ ထွက်ခွာသည့်တစ်ကြိမ်တွင် သူမ၏ မျက်လုံးများက တောင်ဂိတ်တံခါးဝမှ မြင်ကွင်းတစ်ခုထံသို့ ရောက်ရှိသွားခဲ့သည်။
လူသူကင်းမဲ့သည့် တောင်ခြေတွင် ကြိမ်ခုံလေးတစ်လုံး ရှိနေခဲ့သည်။
ထိုနေရာတွင် ဝါးခမောက်ဆောင်းထားသော လူငယ်လေးတစ်ဦးက ရှေးစာအုပ်တစ်အုပ်အား တိတ်တဆိတ် ဖတ်ရှုနေခဲ့သည်။ သူ၏ ကြိမ်ခုံနောက်တွင် သမင်ငယ်လေးတစ်ကောင်က မြက်နုများအား စားမြုံ့နေခဲ့လေသည်။
တောင်တန်းအား ဖြတ်ကျော်လာသည့် လေညင်း၊ ကျေးငှက်များ၏ တေးဆိုသံတို့က သူ့နားသို့ တိုးဝှေ့သွားသော်လည်း သူ့အား အနှောင့်အယှက်မဖြစ်ခဲ့ပေ။
ထိုအချိန် ထိုတဒင်္ဂလေးတွင် သူမသည် ထိုလူငယ်လေးထံမှ အထီးကျန်မှုအား ခံစားလိုက်ရသည်။
ယန်ဟွိုင်ရှန်းသည်က မွေး ကတည်းက အားနည်းပြီး နာမကျန်းမဖြစ်နေခဲ့ပါက သူသည်လည်း ဤပျင်းရိဖွယ်ကောင်းသည့် တောင်ပေါ်သို့ အသက်ငယ်ငယ်ရွယ်ရွယ်ဖြင့် ပို့ခံရမည်မဟုတ်ပါချေ။
နန်းတော်ထဲတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ကာ စားကောင်းသောက်ဖွယ်များဖြင့် သာယာပျော်မွေ့နေရမည်ဖြစ်သည်။
ကောင်းကင်ဘုံ၏ ချီးမြှောက်ခြင်းခံရသော ကလေးငယ်ဘဝနှင့် ကစားဖော်၊ကစားဖက်မရှိ၊ အခြားသူတစ်ဦးတစ်ယောက်၏ နေရာတွင် နေထိုင်နေရသော သနားစရာကလေးငယ်ဘဝတို့ကြားတွင် ကြီးမားသော ကွာခြားချက်တစ်ခု ရှိနေခဲ့သည်။
တောင်ပေါ်မှ ဆင်းလာသော ကုကျစ်စုန့်၏ စူးရှသော မျက်ဝန်းများကြောင့် ကြိမ်ခုံနောက်တွင် အေးဆေးတည်ငြိမ်စွာ မြက်စားနေခဲ့သော သမင်ငယ်လေး ထိတ်လန့်ကာ တောင်ခြေသို့ ကဆုန်ပေါက်ပြေးထွက်သွားခဲ့သည်။
မင်းသားငယ်လေးလညား ထိုလှုပ်ရှားမှုအား သတိထားမိသွားသောကြောင့် ခေါင်းမော့ကြည့်လိုက်ချိန်တွင် တောင်ဂိတ်တံခါးဝတွင် ရပ်နေသော ကုကျစ်စုန့်အား မြင်တွေ့သွားခဲ့လေသည်။
မူလက တည်ငြိမ်နေသည့် မျက်ခုံးလေးများက လှုပ်ရှားသွားခဲ့ပြီးနောက် သူ၏မျက်ဝန်းလေးထဲတွင် အပြုံးရိပ်သန်းလာကာ လက်ကိုမြှောက်၍ နှုတ်ဆက်လိုက်သည်။
‘ကုတောက်ကျန့်၊ ဒီနေ့ တောင်ပေါ်ကနေ ဆင်းလာတာပဲ’
အကြည့်တစ်ချက်မှာပင် မြင်တွေ့နိုင်သော သပ်ရပ်ကြော့ရှင်းသည့် ပုံစံကြောင့် ကုကျစ်စုန့်၏ စိတ်နှလုံးတို့က ပထမဆုံးအကြိမ် အနည်းငယ် ယိမ်းယိုင်သွားခဲ့ပြီး သူမ၏စိတ်ထဲတွင်လည်း အနည်းငယ်သနားစိတ်ပေါ်လာခဲ့သည်။
သူမ တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားခဲ့သည်။ လူငယ်လေးင သူ၏ ခြေထောက်နားတွင် တိုးဝှေ့ပွတ်သပ်နေသော ခွေးပေါက်လေးအား ပွေ့ချီလိုက်ပြီးနောက် အရောင်လင်းလက်တောက်ပနေသည့် မျက်ဝန်းအစုံဖြင့် နောက်မှ လိုက်ပါလာခဲ့သည်။
‘ကုတောက်ကျန့်၊ ကျွန်တော် အရင်အပတ်က နန်းတော်ကို ပြန်သွားတော့ ပုံပြင်ဇာတ်လမ်းတွေ အများကြီး နားထောင်ခဲ့ရတယ်၊ ရေနွေးကြမ်းဆိုင်မှာလညား ကုတောက်ကျန့်ရဲ့ ရဲရင့်မှုတွေ၊ မကောင်းဆိုးဝါး ဝိဉာဉ်တွေကို သုတ်သင်တဲ့ပုံတွေ ပြောနေကြတာ…’
နောက်ပိုင်းတွင်တော့ သူမပင် မသိလိုက်မီ ယန်ဟွိုင်ရှန်းက ပို၍ ထူးချွန်ထက်မြက်လာခဲ့သည်။
ထို့အပြင် သူမအား ကျွင်းဟုန်ထက်ပင် ပို၍ စိတ်ပူတတ်ပြီး တောက်ဓမ္မဘုန်းကြီးကျောင်းကိုလည်း သူ့အိမ်၊သူ့ယာဟု သဘောထားလာခဲ့သည်။
သူမ၏ ဆရာ ကျွင်းဟုန်မှာ လောဘကြီးကာ အရက်စွဲနေသော လူအိုလေးဖြစ်သည့်အလျောက် သောက်စရာ ဝိုင်ရှိနေသရွေ့ နေ့စဉ် ပျော်ရွှင်နေတတ်သူဖြစ်သည်။
နောက်ပိုင်းတွင်တော့ အမြဲလိုလို နူးညံ့သိမ်မွေ့၍ တည်ငြိမ်သော ယန်ဟွိုင်ရှန်းက သူ့ထံမှ နည်းလမ်း တစ်ခု တက်မြောက်လာခဲ့သည်။
ကုကျစ်စုန့် ငြင်းဆိုသည့် အချိန်တိုင်း သူ၏ မျက်နှာက ဇီးရွက်မျှ ငယ်သွားတတ်သည်။
‘တောက်ကျန့်ကျွင်းဟုန်နဲ့ ကုတောက်ကျန့်တို့က ကျွန်တော့်ကို သေမင်းဂိတ်တံခါးဝကနေ အကြိမ်ကြိမ် ပြန်ဆွဲထုတ်ပြီး အသက်ကို ကယ်ပေးထားခဲ့တာလေ၊ကျွန်တော်က သေမျိုးတစ်ယောက်ပါပဲ၊ တောက်ကျန့်တို့ကို ကူပြီးတော့ မကောင်းဆိုးဝါးတွေလည်း မနှင်ပေးနိုင်ဘူး၊ ပြဿနာတွေလည်း ကူညီဖြေရှင်းမပေးနိုင်ဘူးလေ
ကျင့်ကြံမှုမှာ ခက်ခဲတာတွေကို ကျော်ဖြတ်နိုင်အောင်လည်း လုပ်မပေးနိုင်ဘူးလေ…
ကျွန်တော့်မှာရှိတာဆိုလို့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေပဲရှိတာ.. တောက်ကျန့်သာ လက်မခံဘူးဆိုရင် ကျွန်တော် အကြွေးတင်နေသလိုခံစားရပြီး ဘယ်လိုမှ ပြန်ဆပ်နိုင်မယ်မထင်ဘူး..’
‘……’
ယခု ပြန်စဉ်းစားကြည့်ချိန်တွင် ယန်ချန်၏ စကားကို ကြားလိုက်ရပြီးနောက် သူမ ခံစားလိုက်ရသည့် ခံစားချက်သည်က ယန်ဟွိုင်ရှန်းစကားအား ကြားလိုက်ရစဉ်ကနှင့် ထပ်တူနေခဲ့သည်။
ကုကျစ်စုန့် သူမ၏ ခန့်မှန်းချက်က မလွဲနိုင်ကြောင်း သေချာပေါက်သိထားခဲ့သည်။
သူမ ယန်ချန်အား နောက်တစ်ခေါက်ပြန်ကြည့်လိုက်ချိန်၌ သူမ၏ မျက်ဝန်းများတွင် စစ်ဆေးခြင်းများ၊ အတွေးများဖြင့် ပြည့်နေခဲ့သည်။
သူမအနေဖြင့် ယန်ချန်၏ ဖြစ်တည်မှုအား အနည်းငယ် သံသယဝင်မိသွားသည်။
ကုကျစ်စုန့် သံသယစိတ်များအား မြိုသိပ်ထားလိုက်ပြီးနောက် မေးလိုက်လေသည်။
“ကျွန်မ ပြန်တော့မယ်၊ ပရိုဂရမ်အဖွဲ့က ကျွန်မကို အဌမမြောက်အပိုင်းသစ်အတွက် ဇာတ်ညွှန်းပို့လိုက်ပြီ ၊ ပရိုဂရမ်အဖွဲ့ရဲ့ ရိုက်ကူးရေးနေရာကို တစ်ခါတည်း တန်းသွားမလို့၊ ရှင်ရော?”
ယန်ချန် ခေတ္တမျှ ကြက်သေ,သေသွားပြီးနောက် သူတို့အနေဖြင့် တစ်ယောက်တစ်လမ်းစီ ခွဲရတော့မည်ဖြစ်ကြောင်း သဘောပေါက်သွားရသည်။
သူက စိတ်ပျော်ရွှင်မှုမရှိစွာ နှုတ်ခမ်းပါးများကို စေ့လိုက်ပြီးနောက် ပြန်ဖြေလိုက်လေသည်။
“ကျွန်တော်လည်း ပြန်သင့်ပြီ”
သူ့ကို ချန်ချင်းဂိုဏ်း၏ ဒုဂိုဏ်းချုပ်မှ ပြန်ပေးဆွဲသွားသည့် ကိစ္စအား မိဘများကို အသိပေးထားပြီးဖြစ်ပေသည်။