← Chapters

မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(2)

Vol. 42 Ch. 418

မက်မွန်ပွင့်ကျိန်စာ(1): ဘိုးဘွားများ၏ ကောင်းချီးမင်္ဂလာ + ပီယအဆောင်(2)

Vol. 42 Ch. 418

ကုကျစ်စုန့်၏ ဂုဏ်သတင်း၊ ကျော်ကြားမှုများ ‌ပြောင်းပြန်လှန်သွားခြင်းသည်က ‘ဝိဉာဉ်ရေးရာ’မှ စတင်ခဲ့ခြင်းဖြစ်သည်။

သူမ ပါဝင်လာသောကြောင့်သာ ‘ဝိဉာဉ်ရေးရာ’၏ တတိယရာသီသည်လည်း အင်တာနက်တစ်ခုလုံး၏ ဝိုင်းဝန်းရှုံ့ချခံရသော စိတ်ဝင်စားစရာမရှိ၊ ညံ့ဖျင်းသည့် တီဗီအစီအစဉ်မှ လူတိုင်း စောင့်ကြည့်နေကြသည့် တီဗီအစီအစဉ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့သည်။

အင်တာနက်ပေါ်တွင်လည်း သဘာဝလွန်ပညာနှင့် ပတ်သတ်၍ အောင်မြင်လာအောင် လုပ်ဆောင်ပေးနိုင်ခဲ့သည်။

ယနေ့ပရိုဂရမ်၏ ဒေတာများအရ ယခုအပိုင်းသည်လည်း အောင်မြင်မည့်အပိုင်းတစ်ပိုင်းပင် ဖြစ်လိမ့်မည်။

နောင်ဆယ်နှစ်ခန့်ထိ သူတို့၏ စံချိန်အား ချိုးဖြတ်နိုင်မည့် တီဗီအစီအစဉ်၊ ဇာတ်လမ်းတွဲမျိုး ရှိနိုင်မည်လည်းမဟုတ်ပေ။

အဖွဲ့သားများ၏ စကားကို နားထောင်ပြီးနောက် လီချန်ဟဲတစ်ယောက် စိတ်ပျော်ရွှင်နေခဲ့ပြီး မျက်နှာတွက်အပြုံးရိပ်ပြည့်နေခဲ့သည်။

ခေါင်းဆောင်ဒါရိုက်တာတစ်ဦးအနေဖြင့် ‘ဝိဉာဉ်ရေးရာ’အစီအစဉ်၏ တတိယရာသီက မည်မျှ အောင်မြင်မှု ရရှိနေကြောင်းကို သူ သိသည်။

ထိုမီးတောက်သည်ပင် သူ့အား လူမသိ၊သူမသိ ဒါရိုက်တာဘဝမှ ‘နာမည်ကြီးဒါရိုက်တာ’တစ်ဦးအဖြစ် ပြောင်းလဲပေးခဲ့သည်။

သို့သော် တတိယရာသီတစ်ခုလုံး၏ အောင်မြင်မှု (၈၀)ရာခိုင်နှုန်းကျော်ခန့်သည်က ကုကျစ်စုန့်၏ ဖန်တီးမှုများသာ ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။

လီချန်ဟဲအနေဖြင့် ကုကျစ်စုန့်၏ စွမ်းအင်ကို မြင်သိထားသူဖြစ်သောကြောင့် သူ၏ ပရိုဂရမ်အကူအညီမပါလျှင်ပင် သူမက အင်တာနက်၏ အထင်အမြင်များအား ပြောင်းပြန်လှန်ပစ်နိုင်မည်ဖြစ်ကြောင်းကို သဘောပေါက်ထားသည်။

သို့သော် ‘ကုကျစ်စုန့်’မရှိပါက ‘ဝိဉာဉ်ရေးရာ’အစီအစဉ်သည်က အလွန်ဆုံးအဆင့် အနည်းငယ် လူသိများပြီး အနည်းငယ် ဂုဏ်သတင်းပျံ့သည့် အဆင့်မျှသာ ရှိပေလိမ့်မည်ဖြစ်သည်။

ယခုကဲ့သို့ လူအများ အံ့အားသင့်၍ နှုတ်ဖျားတွင် ရေပန်းစားနေသော၊ အသက်အရွယ်မျိုးစုံ စောင့်ကြည့်နေကြသော အစီအစဉ်တစ်ခု ဖြစ်လာလိမ့်မည်မဟုတ်ပေ။

သူ့အတွက်လည်း အကျိုးအမြတ်များစွာ ယူဆောင်လာခဲ့သည်။

နိုင်ငံခြား ဝက်ဘ်ဆိုက်များမှာပင် ပရိတ်သတ်များ ဘာသာပြန်ပေးထားသည့် ဗားရှင်းများက အင်မတန် နာမည်ကျော်ကြားနေခဲ့သည်။

ပွင့်ပွင့်လင်းလင်း ဆိုရလျှင် လီချန်ဟဲအနေဖြင့် ကုကျစ်စုန့်အား အင်မတန် ကျေးဇူးတင်မိသည်။

အတွင်းသိတစ်ဦးအနေဖြင့် ကုကျစ်စုန့်၏ လက်ရှိအောင်မြင်မှု၊ ကျော်ကြားမှုမျိုးသည် ဤနယ်ပယ်တွင် ပထမဆုံးဖြစ်ပေသည်။

သူမအား ထိပ်တန်း တိုက်ရိုက်ထုတ်လွှင့်သူတစ်ဦးဟု ခေါ်ဆိုလျှင် လွန်နိုင်မည်မဟုတ်ချေ။

သူမနှင့် စာချုပ်တစ်ခု ချုပ်ဆိုနိုင်ရန်အတွက် ရိုက်ကူးရေးအဖွဲ့များ၊ ရသအစီအစဉ်များ၊ ကြေငြာရိုက်လိုသူများ စောင့်ဆိုင်းနေသူ မည်မျှ ရှိသည်ကို သူမသိပေ။

သူမ၏နောက်ကွယ်မှ သူမအား ဆွဲချနေသည့် ကုမ္မဏီကြောင့် မဟုတ်ပါလျှင်၊ သူမကိုယ်တိုင်သည်လည်း ထိုအရင်းအမြစ်များတွင် စိတ်ဝင်စားပုံမပြ၊ အင်တာဗျူးများမှာပင် မပါတတ်ခြင်းတို့ကြောင့်သာ မဟုတ်ပါက သူမ၏ အောင်မြင်ကျော်ကြားမှုများ၊ ကြေငြာများသည် တရုတ်နိုင်ငံတစ်ခုလုံး ပြည့်နှက်နေမည်မှာ မြေကြီးလက်ခတ်၍ မလွဲနိုင်ပေ။

သူ တွေးနေစဉ်မှာပင် ရှေ့တွင် ကြည့်နေသော မျက်နှာပြင်မှ ကုကျစ်စုန့်၏ အသံထွက်ပေါ်လာခဲ့သည်။

အတွေးများကို ရုတ်သိမ်းလိုက်ပြီးနောက် သူ စကားဆိုလိုက်သည်။

“အိုကေ၊ အားလုံးပဲ အဆင်သင့်ပြင်ဆင်ထားပြီးတော့ ဆာဗာကို စောင့်ကြည့်ထားကြ.. နောက်ဆုံးအပိုင်းမှာ ဘာမှ အလွဲအမှား မဖြစ်ပါစေနဲ့!”

“စိတ်မပူပါနဲ့ ဒါရိုက်တာလီ”

တိုက်ရိုက်ထုတ်လွှင့်ခန်းတွင်လည်း မှတ်ချက်ဧရိယာတို့က အသက်ဝင်နေခဲ့သည်။

[အော်ဖစ်ရှယ်ဘလော့က နောက်ဆုံးအပိုင်းကို ရိုက်ကူးတော့မယ်ဆိုတာ ဖတ်ပြီးတော့ ငါ စိတ်ညစ်နေခဲ့တာ

ဒါရိုက်တာလီက ဒီအဖွဲ့တွေနဲ့ပဲ နောက်ထပ် သဘာဝလွန်အစီအစဉ် ထပ်ရိုက်လို့ မရဘူးလားဟင်? ငါ အပိုင်း ၈၀၀ ဆိုရင်တောင် ကြည့်နိုင်တယ်

ငါ့ရဲ့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးတော့မယ်လို့! ဒီအပိုင်းကို ကြည့်ပြီး သေချာတန်ဖိုးထားကြပါ အမျိုးတို့ရေ]

[ဘယ်သူထင်ထားမှာလဲ? ရိုက်ကူးရေး ခဏရက်ရွှေ့သွားတဲ့ ရက်ပိုင်းမှာတင်ကို စုန့်စုန့်က နောက်ထပ် ‘တာဝန်သိပြည်သူ’ တစ်ခါပြန်ဖြစ်လာပြီး တကယ့် အမှုကြီးကို ဖြေရှင်းပေးလိုက်နိုင်လိမ့်မယ်လို့လေ

သူ့ကို ဖန်းချန်းပြည်သူ့ရဲက ကျေးဇူးတင်ထားတာ၊ ပရိတ်သတ်တစ်ယောက်အနေနဲ့တော့ ငါ့မှာ ဂုဏ်ယူတာနဲ့ ဝမ်းသာတာကလွဲလို့ အခြားပြောစရာကို မရှိတော့ပါဘူး~]

[စကားမစပ် ‘မျောလွင့်နေသော ပင်လယ်ဒဏ္ဍာရီ’က ထွက်တောင် ထွက်တော့မယ် စုန့်စုန့်က ဒါနဲ့ ပတ်သတ်တဲ့ အကြောင်းအရာကို ဘာဆိုဘာမှ မတင်ထားသေးဘူး ကြည့်ရတာ သူက ဒီအလုပ်မှာ သိပ် စိတ်မဝင်စားဘူးထင်တယ်…]

[ကုမ္ပဏီကလည်း နောက်ဆက်လာမယ့် အစီအစဉ်တွေ၊ အလုပ်အကိုင်တွေနဲ့ ပတ်သတ်ပြီး ဘာမှတင်မထားဘူး ငါရွေးချယ်ထားတဲ့ အိုင်ဒေါလေးက အနုပညာအလုပ်ကနေ အနားယူပြီး သဘာဝလွန်ပညာကိုပဲ တစ်စိုက်မတ်မတ် လုပ်တော့မှာများလား?]

[တိုက်ရိုက်ထုတ်လွှင့်တာကို စောင့်နေခဲ့တာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ!]

[လောင်ဖော စုန့်စုန့်ကို အာဘွား~ အရင်ဆုံး အပြန်အလှန် စကားပြောဆွေးနွေးတဲ့ အစီအစဉ်ကိုပဲ အာရုံစိုက်ကြရအောင်၊ တခြားအရာတွေကို မပြောကြသေးပါနဲ့ဦး]

*

ဆက်တိုက် တက်လာနေပြီးနောက် တချို့ စိတ်မချမ်းသာဖြစ်နေကြသည့် မက်ဆေ့ချ်များကို ကြည့်ရင်း ကုကျစ်စုန့် မျက်ခုံးတစ်ချက် ပင့်မိသည်။

မှတ်ချက်ဧရိယာမှလူများ မည်သည်ကို စိတ်ညစ်နေကြောင်းကိုလည်း သူမ အနည်းငယ် သဘောပေါက်သည်။

အင်တာနက်တွင် ပျံ့နှံ့နေသည့် သတင်းတစ်ခုရှိပေ၏။

သူမသည်က ‘ဝိဉာဉ်ရေးရာ’အစီအစဉ် ပြီးဆုံးလျှင် အနားယူတော့မည်ဆိုသော သတင်းပင်။ ထိုသတင်းပင် မည်သည့်နေရာမှ စတင်သည်ကို မသိရသော်လည်း တစ်ရက်၊နှစ်ရက်အတွင်းမှာပင် အင်မတန် ကျယ်ပြန့်သွားခဲ့သည်။

သူမ၏ လက်ထောက်ဖြစ်သူ ရှောင်ကျိုးပင်လျှင် သူမအား အကြိမ်ပေါင်းများစွာ မေးမြန်းအတည်ပြုနေခဲ့သည်။

ထိုကောလဟာလ စတင်ရသည့် အကြောင်းအရင်းမှာ ‘မျောလွင့်နေသော ပင်လယ်ဒဏ္ဍာရီ’သည် နောက်ဆုံးတွင် ရိုက်ကူးရေး ပြီးဆုံးကာ မကြာမီ ထုတ်လွှင့်တော့မည့် အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။

အတော်ဆုံး မင်းသား၊မင်းသမီးများဖြင့် ရိုက်ကူးထားသည့် ထုတ်လုပ်ရေးဖြစ်သည့်အလျောက် ပရိတ်သတ်များ၏ စိတ်ဝင်စားမှုလည်း မြင့်မားပြီး ရိုက်ကူးနေချိန်မှာပင် မကြာခဏ ထိပ်တန်းရှာဖွေမှုသို့ ရောက်ရှိလာတတ်သည်။

ထို့အပြင် ရိုက်ကူးရေးအဖွဲ့သည်က လူသိများစေရန် ပိုမိုလုပ်ဆောင်လာကြသောကြောင့် အောင်မြင်မှုနှင့် ကျော်ကြားမှုမှာလည်း ပို၍ မြင့်တက်လာခဲ့သည်။

ယွီထုန်လျှို့နှင့် တခြားသော ဇာတ်ဆောင်၊ ဇာတ်ပို့ သရုပ်ဆောင်များသည်လည်း ကြေငြာခြင်းလုပ်ငန်းများ စတင်နေပြီဖြစ်သော်ငြား ကုကျစ်စုန့်က အသံတိတ်နေခဲ့လေသည်။

ဇာတ်လမ်းမိတ်ဆက်သည့် နေ့မှာပင် သူမက ဖန်းချန်းတွင်သာ ရှိနေသေးပြီး ထျန်ယွင်ကျေးရွာပြဿနာ၊ သေဆုံးခြင်းမှတ်စု ပြဿနာတို့ဖြင့် လုံးထွေးနေဆဲဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းမှတဆင့် ဇာတ်ကားနှင့် ပတ်သတ်သည့် ပို့စ်များ၊ အကြောင်းအရာများအား မျှဝေခြင်း မပြုလုပ်နိုင်ခဲ့ပေ။

ထိုသို့သော အပြုအမူမျိုးသည်က မားကတ်တင်းအကောင့်များ၊ မကောင်းသည့် အတွေးအကြံမျိုး ရှိသည့် လူများအကြားတွင် ပြောစရာလုပ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။

သူမက ယခု နာမည်ကြီးနေပြီဖြစ်သောကြောင့် ကြီးကြီးကျယ်ကျယ်လုပ်ရပ်များ လုပ်နေသည်ဟု စွပ်စွဲပြောဆိုလာကြသည်။

သူမအနေဖြင့် ရိုက်ကူးရေးတွင် အာရုံမရ၊ စိတ်နှစ်ထားခြင်းမရှိကြောင်း၊ လက်ရှိရိုက်ကူးနေသည့် ရသအစီအစဉ်များပြီးလျှင် အနုပညာလောကမှ အနားယူတော့မည်ဟု ထင်ရကြောင်း ပြောဆိုနေကြသူများလည်း ရှိသည်။

ကောလဟာလများသည်က အင်မတန် ယုံကြည်ချင်စရာကောင်းနေခဲ့ပြီး ကုကျစ်စုန့်၏ အကောင့်မှာလည်း သုံးရက်မှ ငါးရက်ခြားတစ်ခါခန့်သာ active ဖြစ်သောကြောင့် အမှန်တရားဟုပင် ထင်ရစေလေသည်။

‘ပိုးစာရွက်’ပရိတ်သတ်အများအပြားက ထိုကောလဟာလအား ငြင်းဆန်ခဲ့ကြသော်လည်း လူအများအတွက်တော့ အနည်းငယ်စိတ်ပူစရာ ဖြစ်သွားခဲ့ရသည်။

ထို့ကြောင့် သူမ အနားယူသွားမည်ကို စိုးရိမ်ကြသော ‘ပိုးစာရွက်’ပရိတ်သတ်တချို့က သူမ၏ တိုက်ရိုက်ထုတ်လွှင့်ခန်းသို့ လာရောက်ကာ မေးမြန်းနေကြခြင်းပင်ဖြစ်ပေသည်။

သို့သော် ကုကျစ်စုန့်ပင် မည်သည်ကို မပြောရသေးခင် ရင်းနှီးနေသော နာမည်ပြောင်နှင့် ဝါရင့်ပရိတ်သတ်တစ်ဦးက သူမအား ကူညီ၍ တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းမှ လူများအား စိတ်တည်ငြိမ်စေခဲ့သောကြောင့် သူမကိုယ်တိုင်လည်း ထိုကိစ္စနှင့် ပတ်သတ်၍ ခေတ္တ နှုတ်ဆိတ်နေလိုက်သည်။

ကုကျစ်စုန့် တည်ငြိမ်စွာ ပြောလိုက်သည်။

“အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် ပထမဆုံး တစ်ဦးချင်းဆွေးနွေးမှုမွာ ပါဝင်ချင်တဲ့ ပရိတ်သတ်တွေက ‘ပါဝင်မည်’ဆိုတဲ့ နေရာလေးကို နှိပ်ပေးကြပါ”

နှစ်မိနစ်ခန့်အကြာတွင် system မှတဆင့် ရွေးချယ်ခံရသည့် ကြည့်ရှုသူအား တိုက်ရိုက်ထုတ်လွှင့်မှု၏ အဓိက မျက်နှာပြင်တွင် ဖော်ပြပေးလာခဲ့သည်။

သူမ တစ်ချက်ကြည့်လိုက်ပြီးနောက် စကားဆက်သည်။

“ဒီမှာ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ ဆိုတဲ့ ကြည့်ရှုသူ ရှိလား? ပထမဆုံး တစ်ဦးချင်းဆွေးနွေးမှုအတွက် ရွေးချယ်ခံထားရပါတယ်”

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’: [ကျွန်မ ဒီမှာရှိတယ်!]

“ဘယ်လိုမျိုး ဆွေးနွေးချင်လဲ?”

တစ်ဖက်လူက ခေတ္တမျှ တွေဝေနေခဲ့ပုံပေါ်ပြီး စကားပြန်ဖြေရန် တစ်မိနစ်ကျော်ခန့် စဉ်းစားနေခဲ့သည်။

[အသံနဲ့ပဲ ဆွေးနွေးလို့ အဆင်ပြေမလား၊ ကျွန်မရဲ့ နေ့စဉ်ဘဝမှာ သက်ရောက်မှာစိုးလို့ မျက်နှာကိုတော့ မပြချင်လို့ပါ၊ ဓာတ်ပုံ‌တွေ မွေးနေ့တွေကို ကုတောက်ကျန့်ဆီ တစ်ခါတည်း တိုက်ရိုက် ပို့ပေးလိုက်ပါ့မယ်]

ကုကျစ်စုန့် အသာခေါင်းငြိမ့်လိုက်သည်။

“ရပါတယ်”

ထို့နောက် သူမက အသံချိတ်ဆက်ရန် တောင်းဆိုခြင်းအား အတည်ပြုပေးလိုက်သည်။ အသံချိတ်ဆက်သွားသည်နှင့် တစ်ဖက်မှ မိန်းမငယ်လေးတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့သည်။

“ကုတောက်ကျန့် ကျွန်မအသံကို ကြားရလားဟင်?”

“ကြားရပါတယ်”

‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’: “ကောင်းပါပြီ ဒါဆိုရင် လိုအပ်တဲ့ အချက်အလက်တွေကို ပို့ပေးလိုက်တော့မယ်နော်”

စက္ကန့်အနည်းငယ်ကြာပြီးနောက် တစ်ဦးချင်း မက်ဆေ့ချ်ပို့သည့် နေရာတွင် အနီရောင်အစက်လေးတစ်ခု ပေါ်လာပြီး ကုကျစ်စုန့် ဖွင့်ကြည့်လိုက်သည်။

သူမ၏ မျက်စိထဲသို့ ဝင်လာသည်မှာ တစ်ယောက်တည်း ရိုက်ကူးထားသည့် ဓာတ်ပုံများပင် ဖြစ်သည်။

ဓာတ်ပုံတိုင်းသည်လည်း အမျိုးသမီးငယ်လေးတစ်ဦး၏ ဓာတ်ပုံများပင်ဖြစ်သည်။

တစ်ပုံက နောက်ခံအပြာ၊ အင်္ကျီအဖြူဖြင့် ရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံဖြစ်ပြီး ကျန်ပုံများမှာတော့ အလှဓာတ်ပုံများဖြစ်သည်။

ဓာတ်ပုံများအရ မြင်တွေ့နိုင်သည်မှာ ‘ရှောင်ကျူးက ချစ်ဖို့အကောင်းဆုံး’ သည်က အသက် ၂၀ ဝန်းကျင်ခန့် ရှိသည့် လှပသောအပြုံးဖြင့် အမျိုးသမီးငယ်တစ်ဦးဖြစ်ချေသည်။

မြင်သူတိုင်း ချစ်ခင်ရင်းနှီးစေသည့် အပြုံးမျိုးဖြစ်သည်။

ကုကျစ်စုန့် ဓာတ်ပုံများအား သေသေချာချာစိုက်ကြည့်လိုက်ပြီးနောက် ခေါင်းမော့၍ ကင်မရာကို ကြည့်ရင်း ပြောလိုက်သည်။

“ကျွန်မကို ဒီအတိုင်း အနာဂတ်ပဲ ဟောပေးရမှာလား? ဒါမှမဟုတ် အခြားလုပ်ချင်တာ တစ်ခုခုများ ရှိတာလား? ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုရော ထုတ်ပြောဖို့ လိုလာမယ်ဆိုရင် ပြောလို့ အဆင်ပြေနိုင်မလား?”

All Chapters